တီး တီ--တီး တီ--တီး တီ---
အောက်ထပ် တံခါးပေါက်မှာတပ်ထားတဲ့ ဘဲလ် မြည်သံတွေ ကျယ်လောင်စွာ ကြားလိုက်ရတယ်။ ညကိုးနာရီလောက်ကြီး၊ ဘယ်သူများပါလိမ့်။ အင်္ဂလန်မှာ အောက်တိုဘာလဆို စောစောနေ၀င်လေ့ရှိတယ်။ ညနေလေးနာရီလောက်ဆိုရင်ပဲ နေရောင်ကွယ်လို့ မှောင်စပြုနေပြီ။ ဒါကြောင့် လူတွေ စောစောအိမ်ပြန်ပြီး အနားယူရတဲ့လပါ။ ကျနော်ရောက်ကာစတုန်းက ကျနော်နေတဲ့ အဆောင်ရဲ့အောက်ထပ်မှာ ဘယ်သူမှမရှိဘူး။ အဲဒါကြောင့် အောက်ထပ်အတွင်းအပြင်တံခါးတွေ အကုန်ပိတ်ပြီး အပေါ်ထပ် အခန်းထဲမှာ အိပ်ကြတယ်။
ကျနော်လဲ အပေါ်ထပ်မှာပဲ အွန်လိုင်းက သူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်လုပ်နေတုန်း အောက်ထပ် ဘဲလ်မြည်သံကြားလို့ ခဏဆင်းလိုက်တယ်။ အောက်ထပ်လှေခါးရင်းမှာ ရှိတဲ့မီးကို မဖွင့်မိပဲနဲ့ အပြင်က လူကိုတံခါးဖွင့်ပေးလိုက်တယ်။ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျနော့်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့အမွေးမှန်သမျှ အကုန်ထောင်မတ်သွားတယ်လို့ ခံစားလိုက်ရတယ်။ အပြင်ဘက် ညအမှောင်ထဲမှာ အရိပ်သုံးခုညိမ်ပြီး ရပ်နေတယ်။ သူတို့လက်တွေထဲကြည့်လိုက်တော့ တစ်ယောက်က ဓားကောက်ကြီး၊ တစ်ယောက်က လှံရှည်၊ တစ်ယောက်က မှိန်းလိုလို ခရင်းခွကြီး အသီးအသီး ကိုင်ထားကြတယ်။
သူတို့မျက်နှာတွေကြည့်လိုက်ပြန်တော့ သရဲရုပ်ရှင်ကားတွေထဲကလို အလွန်ကြောက်စရာကောင်းတဲ့မျက်နှာမျိုးတွေ။ ကျနော်ဘယ်သူ့ကို အော်ခေါ်ရမှန်းတောင်မသိတော့ဘူး။ ကျနော့်နှလုံးဟာလဲ တဒိတ်ဒိတ်နဲ့ သတိမဲ့သလိုဖြစ်နေပြီ။ ခဏနေတော့မှ သတိပြန်ဝင်လာတယ်။ ဟာ ငါတံခါးပေါက်အမြန်ပိတ်မှပဲ ဆိုတဲ့အသိ။ ကျနော် တံခါးကို ပြန်ပိတ်ဖို့လုပ်လိုက်တယ်။ အဲဒီအချိန် ရုတ်တရက် ကျနော့်နားထဲမှာ အသံတစ်သံကြားလိုက်ရတယ်။ ချော့ကလက်-----တဲ့။
ဟင်---ဘာပါလိမ့်။ ကျနော်တွေဝေသွားတယ်။ နောက်ထပ်အသံတစ်ခု ထပ်ပေါ်လာပြန်တယ်။ ချော့ကလက် တောင်းတာပါရှင်---တဲ့။ အသံက မိန်းကလေး အသံဆိုတော့ ကျနော် နည်းနည်းအားတက်သွားတယ်။ ပြီးကျမှ သိလိုက်တယ်။ သရဲအတုတွေ လို့။ မိန်းကလေးဆိုရင်တော့ သရဲလဲ မကြောက်ဘူးဆိုတဲ့ သဘော။ သတ္တိက အဲလို မျိုးလိုက်ရိုးလိုက်ကောင်းတာ။ အဲဒီအသံနဲ့အတူ တစ်ယောက်သောသူရဲ့လက်ထဲက ခွက်တစ်ခွက် ကျနော့်ရှေ့ထွက်လာတယ်။ ကျနော်လဲ ဘုမသိဘမသိနဲ့ အိမ်ထဲဝင်ပြီး အဆင်သင့်ရှိနေတဲ့ ချော့ကလက်တွေယူပြီး သရဲမသုံးကောင်ကို တစ်ယောက် နှစ်ခုစီပေးလိုက်တယ်။ ပြီးတော့ တံခါးပြန်ပိတ်ပြီး အပေါ်ထပ်ပြန်တက်လာတော့တယ်။
အပေါ်ထပ်ရောက်တော့ အင်္ဂလန်ရောက်တာ သုံးလေးနှစ်ရှိနေပြီဖြစ်တဲ့ အကိုတစ်ယောက်ကို မေးကြည့်တယ်။ အကို ခုနက အောက်ထပ်မှာ ကောင်မလေးတွေ သရဲလုပ်ပြီး ချော့ကလက်လာတောင်းလို့ ကျနော်ပေးလိုက်တယ်၊ ဘာဖြစ်လို့ အဲလိုလုပ်ကြတာလဲ လို့။ သူက ရှင်းပြတယ်။ ဒီနေ့က အောက်တိုဘာ (၃၁) ဆိုတော့ Halloween (ဟလိုဝီးန်) လို့ခေါ်တဲ့ သရဲများနေ့လေ။ အဲဒါကြောင့် ကလေးတွေ သရဲလုပ်ပြီး ချော့ကလက်တို့၊ ပိုက်ဆံတို့ လိုက်တောင်းကြတာ။ အော် ဂလိုလား။ ကျနော်လဲ အဲဒီကျမှ သိရတော့တယ်။
အဲဒါကျတော် လန်ဒန်ရောက်စက ကြုံရတာလေးပါ။ ကျနော် အင်္ဂလန်ရောက်တာက ၂၀၀၇၊ စက်တင်ဘာလ ၁၃ရက်နေ့ဆိုတော တစ်နှစ်ပြည့်လို့ လတောင်စွန်းထွက်နေပြီ။ အခုကျနော် ဒီစာကို ရေးနေတဲ့အချိန်ဟာ အောက်တိုဘာ (၃၁)ရက် ညဘက်ပေါ့။ ဒီနေ့တော့ သရဲမတွေတစ်ကောင်မှ ပေါ်လာတာမတွေ့ရသေးဘူး။ လာရင်ပေးဖို့ ညနေကမှ ချော့ကလက်တွေ ရှာထားရသေးတယ်။ ကျနော် ဘာ့ကြောင့်သရဲများနေ့ကို ကျင်းပရတာလဲ သိချင်တာနဲ့ စာလေးဘာလေး လိုက်ဖတ်ဖြစ်တယ်။ ကျနော်စပ်စုထားတာလေးကို မသိသေးတဲ့ ညီ/ညီမတွေဆီ ဝေမျှလိုက်ပါတယ်။
Halloween လို့ခေါ်တဲ့ သရဲများနေ့ကို နိုင်ငံတကာမှာလဲ ကျင်းပတဲ့အတွက် နိုင်ငံတကာရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။ နှစ်စဉ်အောက်တိုဘာလ (၃၁)ရက် ညနေဘက်မှာ ကျင်းပလေ့ရှိပါတယ်။ အချို့မနက်ခင်းမှာလဲ ကျင်းပကြောင်းသိရပါတယ်။ အဲဒီနေ့မှာ ကလေးတွေဟာ သရဲလိုဝတ်စားပြီးတော့ အိမ်တွေမှာ ချို့ချဉ်၊ ချော့ကလက်စတာတွေ လိုက်တောင်းတာတို့၊ လူအရိုးတွေကို မီးပုံရှို့တဲ့အနေနဲ့ အိမ့်အပြင်ဘက်မှာ ထင်းတုံးတွေစုပြီး မီးပုံတာတို့၊ ထူးထူးဆန်းဆန်းဝတ်စားဆင်ရင်ပွဲကျင်းပတာတို့၊ သရဲအိမ်အလည်သွားတာတို့ လုပ်ကြပါတယ်။
အိုင်းရစ်စကားနဲ့
Samhain လို့ခေါ်တဲ့ ရှေးခေတ်
Celtic (ခက်လ်ထစ်ခ်) ပွဲတော်ကို အစပြုတယ်လို့ ဆိုပါတယ်။ အိုင်းရစ်လူမျိုးတွေဟာ သူတို့ရဲ့ Gealic ယဉ်ကျေးမှုအရ ကောက်ရိပ်ရာသီအကုန်မှာ အဲဒီပွဲတော်ကို ကျင်းပကြပါတယ်။ ဒါကြောင့် ပွဲတော်ကျင်းပတဲ့ရက်ကို ခက်လ်ထစ်ခ်လူမျိုးတွေရဲ့ နှစ်သစ်လို့လဲ မှတ်ယူကြပါတယ်။ အစဉ်အလာအရကတော့ ရှေးခေတ် ဘာသာမဲ့ ခက်လ်ထစ်ခ်တွေဟာ အင်မတန်ချမ်းအေးလှတဲ့ ဆောင်းရာသီအတွက် အသားစုဆောင်းသိုလှောင်ဖို့ မွေးမြူထားတဲ့သားကောင်တွေကို သတ်တဲ့ပွဲပါပဲ။ အဲဒီလူမျိုးတွေဟာ အောက်တိုဘာ (၃၁)ရက်နေ့ကို လူသေတွေနဲ့ လူရှင်တွေရောနှောနေမှုကို စည်းခြားပေးတဲ့နေ့လို့ ယုံကြည့်ကြပါတယ်။ သေဆုံးပြီးသူတွေဟာ အသက်ရှင်နေဆဲလူတွေကို မနာမကျမ်းဖြစ်အောင်လုပ်တာတို့၊ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးတာတို့ လုပ်တတ်ပါသတဲ့။
ဒီပွဲတော်ကို အနောက်ဥရောပနိုင်အများစုမှာ ကျင်းပပါတယ်။ အာရှထဲကဆိုရင် ဂျပန်မှာလဲ ကျင်းပတယ်လို့ သိရပါတယ်။ ကျနော်တို့ မြန်မာမှာတော့ မကြားဖူးပါဘူး။ ကျနော်တို့ဆီမှာတော့ အထူးသဖြင့် အညာတွေမှာ တန်ဆောင်မုန်းလပြည့်နေ့ရောက်ရင် အိမ်တကာလည်ပြီး ပိုက်ဆံလိုက်တောင်းကြတာတွေ့ရတယ်။ ကျနော်တို့ကာလသားတွေကတော့ ငတက်ပြားပွဲကျင်းပဖို့ပဲ မျှော်နေကြတယ်။ သူကြီးခြံထဲက ကြက်နှစ်ကောင်လောက်သွားခိုးပြီးတော့ ညတွင်းချင်း ကာလသားချက် ချက်။ ပြီးရင် ကိုဘသောင်းဆိုင်က ညနေက အလကားသွားဆွဲထားတဲ့ ဘီအီးနှစ်လုံးကို ရေအသကုန်ရောပြီး မကုန်မချင်း ၀ိုင်းသောက်။ ပျော်စရာကောင်းသလား မမေးနဲ့။ အညာလွမ်းပါဘိတော့။
No comments:
Post a Comment