If you don't know where you are going, any road will take you there.
Lewis Carroll (1832-1898)
ဘယ်သွားရမှန်းမသိရင်၊ ရောက်ချင်တဲ့ဆီရောက်သွားလိမ့်မယ်။
(လူးဝစ် ကာရိုးလ်)
ငယ်ငယ်က ကျနော်နဲ့အတူကျောင်းတက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို အုပ်စုခွဲလိုက်ရင်--
(၁) ဦးတည်ချက်ထားပြီး ကြိုးစားသူ၊
(၂) ဦးတည်ချက်သာရှိပြီး မကြိုးစားသူ၊
(၃) ဦးတည်ချက်အတိအကျမရှိပဲ ကြိုးစားသူ၊
(၄) ဦးတည်ချက်လဲမရှိ၊ ကြိုးလဲ မကြိုးစားသူ၊
ဆိုပြီးအုပ်စုလေးမျိုးခွဲလို့ရပါတယ်။ ကလေးတုန်းကတော့ ဘာရယ်လို့ဦးတည်ချက်မထားပါဘူး။ လူကြီးတွေ လုပ်ခိုင်းတာကိုပဲ လိုက်လုပ်လိုက်တာများပါတယ်။ မှားတယ်/မှန်တယ်လို့တောင် မဆုံးဖြတ်နိုင်သေးတဲ့ ဘ၀တွေမို့လား။ အသက်နည်းနည်းကြီးလာ၊ အတန်းလေးနည်းနည်းကြီးလာလို့ ဟိုစာဒီစာတွေ လိုက်ဖတ်မိတော့မှ ဘ၀ဆိုတာ ရည်မှန်းချက်ထားပြီး ကြိုးစားမှ အောင်မြင်နိုင်တဲ့အရာလို့ တဖြေးဖြေးချင်းနားလည်လာတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလဲ သတိထားကြည့်တတ်လာတယ်။
ဘယ်သူတွေက အောင်မြင်နေတယ်။ ဘယ်သူတွေက ကျဆင်းနေတယ်။ ဘာကြောင့်ဒီလို့ဖြစ်နေကြရတယ် ဆိုတဲ့အသိတွေဟာ ကျနော်ခန့်ငယ်ငယ်ကတည်းက ကျနော့်ရင်ထဲမှာ နေရာယူနေကြတဲ့ အသိတွေပါပဲ။ အဲဒီအသိတွေကို ရနေပေမဲ့ ကျနော့်ကိုယ် ကျနော်ရော၊ ကျနော့်သူငယ်ချင်းတွေကိုပါ အဲဒီပေတံနဲ့ တစ်ခါမှ လိုက်မတိုင်းကြည့်ဖြစ်ဘူး။ ဒီလိုပဲ လူငယ်ဘာသာဘာဝ လူကြီးတွေ လမ်းကြောင်းတည့်ပေးတဲ့အတိုင်း လျှောက်လှမ်းခဲ့တယ်။
အခုကျနော် ဘ၀မှာရသင့်ရထိုက်တဲ့ အောင်မြင်မှုလေးတွေ အနည်းအကျဉ်းရလာပြီး၊ ရှိသင့်ရှိထိုက်တဲ့ အသိကလေးတွေ ရှိလာတဲ့အချိန်ကျမှ ပြန်ဆန်းစစ်ကြည့်မိတယ်။ ငါဘယ်လိုလာခဲ့သလဲ ဆိုတာရယ်၊ ငါ့သူငယ်ချင်းတွေ ဘယ်လို သွားနေကြသလဲ ဆိုတာရယ်ပေါ့။ အဲလိုဆန်းစစ်ကြည့်တော့မှ ကျနော့်သူငယ်ချင်းတွေကို အုပ်လေးစုလောက်ခွဲပြီး မြင်မိတယ်။ ကျနော်ကိုယ်တိုင်လဲ ဘယ်အုပ်စုထဲမှာ ပါတယ်ဆိုတာကို သတိထားလိုက်မိတယ်။
အတော်များများကတော့ ကျနော့်လိုပဲ ထင်ပါတယ်။ ကိုယ့်ရှိတဲ့ပေတံနဲ့တိုင်းကြည့်တာပေါ့။ ငယ်ငယ်ကတော့ လူကြီးမိဘတွေ တည့်ပေးတဲ့လမ်းပေါ်ပဲ လျှောက်ခဲ့ကြရတာပါ။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်တဲ့အချိန်ကျတော့ ကိုယ့်အသိ၊ ကိုယ့်အမြင်ကို ရှေ့တန်းတင်ပြီး ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ကိုယ့်လှေကိုယ်ထိုး ပဂိုး (ပဲခူး)ရောက်ရောက် ဆိုတဲ့အတိုင်း ရောက်ချင်ရာရောက် စိုင်းပြင်းလှော်ခတ်ခဲ့ကြတယ်။
အဲဒီလို ကိုယ့်အသိနဲ့ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ကိုယ့်ကိုယ်ကို မောင်းနှင်နေကြတဲ့ ကျနော်တို့သူငယ်ချင်းတွေထဲမှာ တစ်ချို့လဲ သူတို့ဖြစ်ချင်တဲ့ဘ၀မျိုးကို ပိုင်ဆိုင်နေကြပြီ၊ တစ်ချို့လဲ ဖြစ်ချင်တာတခြား၊ ဖြစ်နေတာတခြားဆိုတဲ့ ဘ၀မျိုးနဲ့ ရှင်သန်နေကြဆဲ၊ တစ်ချို့လဲ တန်ဘိုးရှိတဲ့အချိန်တွေကို စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ မြှုတ်နှံထားရင်း လက်တွေ့ဘ၀ကို အကောင်အထည်မဖေါ်နိုင်ဖြစ်နေကြတုန်း၊ အဲ--အချို့ကျပြန်တော့ ဖြစ်ချင်ရာဖြစ်၊ ပျော်သလိုပဲနေမယ် ဆိုတဲ့စိတ်နဲ့ အေးဆေးပဲ။ ဘာမှလဲ ဖြစ်မလာသလို ဘာဖြစ်ဖို့မှလဲ မကြိုးစားကြဘူး။
ကျနော်တို့တတွေဟာ ကမ်းမမြင်၊ လမ်းမမြင် ဘ၀ပင်လယ်ထဲမောင်းနှင်နေတဲ့ သင်္ဘောတွေပါပဲ။ လမ်းပြမြေပုံလိုတယ်။ လမ်းပြအိမ်မြှောင်လိုတယ်။ အဲဒါတွေ မပါရင် ဘ၀ပင်လယ်ထဲ တ၀ဲလည်လည်ဖြစ်ပြီး နောက်ဆုံးနစ်မြုတ်သွားနိုင်တယ်။ ငယ်စဉ်က လူကြီးတွေ တည့်ပေးတဲ့လမ်းပေါ်လျှောက်ခဲ့ကြပြီ။ ကြီးလာလို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အချိန်ကျ ကိုယ့်ကိုယ်ကို ပုံဖေါ်နိုင်ရမယ်လို့ ကျနော်ယုံကြည်တယ်။ ကိုယ့်ကိုယ်ကို ပုံမဖေါ်နိုင်ရင် လူကြီးတွေတည့်ပေးတဲ့လမ်းပဲ ဆက်လျှောက်။ အဲလို မလုပ်နိုင်ရင်တော့ ဘ၀မှာ အောင်မြင်မှုရဖို့ အတော်ခက်မယ်။ သမိုင်းစာမျက်နှာမှာ အုဌ်တစ်ချပ်အနေနဲ့ မဆိုထားဘိ၊ သဲတစ်ပွင့်အနေနဲ့ နေရာရဖို့တောင် အတော်ကြိုးစားနေရတဲ့ခေတ်မှာ လူမသိသူမသိကပ်ပါသွားမယ့် မြေမှုန်လေးအဖြစ်နဲ့ နေရာရရင်ကိုပဲ ကျေနပ်ခွင့်ရှိအောင် ဦးတည်ချက်ထားပြီး ကြိုးစားသင့်တယ်လို့ ကျနော်မြင်မိပါတယ်။ အဲဒီလိုမှ မလုပ်နိုင်တော့ လူးဝစ် ကာရိုးလ် ပြောသလိုပဲ ဘယ်သွားရမှန်းမသိရင်၊ ရောက်ချင်တဲ့ဆီရောက်သွားလိမ့်မယ်။