ကျနော်တို့သူငယ်ချင်းတွေ မနေ့ညကမှ ဘာမင်ဂန်မြို့က ပြန်ရောက်ကြတယ်။ ဘာမင်ဂန်မြို့ဆိုတာ လန်ဒန်ကနေ မိုင်တစ်ရာလောက်ဝေးတဲ့နေရာမှာ တည်ရှိတဲ့ မြို့တစ်မြို့ပေါ့။ ရာသီဥတုက လန်ဒန်ထက်ပိုအေးပါတယ်။ လန်ဒန်မှာ အနွေးထည် တစ်ထည်လောက်နဲ့နေလို့ ရပေမဲ့ ဟိုရောက်တဲ့အခါကျတော့ နောက်ထပ်တစ်ထည့်လောက် ထပ်ဝတ်ရသေးတယ်။ အခုလိုဆောင်းတွင်းဆိုတော့ ပိုဆိုးပေါ့။ အဆောက်အဦးတွေကတော့ ကျနော့်အထင် တစ်နိုင်ငံလုံးတစ်ပုံစံတည်းလို ချည်းပါပဲ။ အထူးသဖြင့်လူနေအိမ်တွေဟာ ပုံစံတူတွေ များပါတယ်။ အရောင်းဆိုင်ကြီးတွေ၊ ပြခန်းကြီးတွေ နဲ့ ဟိုတယ်ကြီးတွေက လွဲရင် ကျန်တဲ့အဆောက်အဦးပုံစံတွေဟာ အတူတူပါပဲ။
ဘာမင်ဂန်ကို သွားရတဲ့အကြောင်းကတော့၊ ဘာမင်ဂန်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ ပွဲကထိန် နွှဲချိန်မို့ပါ။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုသလို ကျောင်းအားတဲ့ ရက်တွေမှာ မရောက်ဖူးသေးတဲ့အရပ်လဲ ရောက်ဖူးတယ်ရှိအောင်၊ ကျောင်းမှာ လုပ်စရာရှိတဲ့ ဝေယျာဝေစ္စတွေလဲ တတ်နိုင်သလောက်လုပ်ရအောင်ဆိုပြီးတော့ သွားကြတာ။ ကျနော်တို့အုပ်စု ဘာမင်ဂန်ကို ရထားနဲ့သွားကြတာပါ။ ရထားလက်မှတ်ကို ကြိုတင်မဖြတ်ပဲနဲ့ ဘူတာရောက်မှပဲ ချက်ချင်းဖြတ်ပြီးခဲ့ကြပါတယ်။
ကျနော်တို့အုပ်စုက အသွားငါးရောက်၊ အပြန်လေးရောက်ဆိုတော့ အုပ်စုလိုက်ဖြတ်တဲ့အတွက် ဈေးသက်သာသာနဲ့ အသွားအပြန်လက်မှတ်ကို တစ်ယောက် (၁၅)ပေါင်နှုံးနဲ့ရခဲ့ပါတယ်။ ဒေါ်လာ သုံးဆယ်လောက်ရှိပါတယ်။ လက်မှတ်နှုံးဟာ တစ်ချိန်နဲ့တစ်ချိန် ကွဲလွဲမှုရှိတယ်လို့ သိရပါတယ်။ နှစ်နာရီကျော်ကျော်လောက်ကြာအောင် မီးရထား စီးရပါတယ်။ ဘာမင်ဂန်ဘူတာရောက်တော့ ကျနော့်သူငယ်ချင်းတစ်ယောက်က သူ့အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး လာကြိုခိုင်းလို့ ဟိုမှာ အဆင်သင့် ကြိုမယ့်လူကားနဲ့ တက်စီးပြီး မြန်မာဘုန်းကြီးကျောင်းကို သွားရောက်ခဲ့ကြပါတယ်။
ကျောင်းပေါက်ဝကို ၀င်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲမှာ အေးကနဲ့၊ နွေးကနဲ့ ဖြစ်သွားလောက်အောင်ကို ပီတီဖြစ်သွားမိတယ်။ အ၀င်ဝ တည့်တည့်ကို မြင်ကွင်းယူပြီးတော့ တည်ထားတဲ့ ရွှေတိဂုံစေတီတော်ပုံစံငယ်လေးက ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ကို အမောအပန်းပြေစေပါတယ်။ ဘယ်လောက်ဝေးတဲ့အရပ်ကပဲလာလာ စေတီတော်ကို ဖူးလိုက်ရတာနဲ့ ပူသမျှတွေအေးပြီး၊ မောသမျှတွေလဲ မြောကြရတာချည်းပါပဲ။ အော် အေးမြသော ဘုရားရိပ်၊ တရားရိပ်ပေကိုး။
စေတီတော်ငယ်ကို ဘာမင်ဂန်မြန်မာကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ကြီးက ဦးစီးတည်ထားခဲ့တယ်လို့ဆိုပါတယ်။ ဆရာတော်ကြီးဘွဲ့တော်က ဒေါက်တာ ရေ၀တဓမ္မ ပါ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့နည်းနဲ့ တည်ထားခဲ့တဲ့ စေတီတော်လဲ ဖြစ်ပါတယ်။ အပြင်ကကြည့်ရင် ကြည်ညိုစရာ လွန်စွာတင့်တယ် သပ္ပါယ်ရုံမက အတွင်းဝင်ကြည့်တော့လည်း မာဘယ်လ် ကျောက်ဖြူသားကို ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ကြီးတစ်ဆူ ရွှေပလ္လင်တော်ထက် စံမြန်းနေပုံကို ဖူးတွေ့ရမှာဖြစ်ပါတယ်။
စေတီတော်ရဲ့အတွင်းပိုင်းကို လူတစ်ရာကျော်လောက်ထိုင်ပြီး တရားနာနိုင်တဲ့ ဟောခန်းကြီး အသွင်တည်ဆောက်ထားပါတယ်။ အထက်မျက်နှာကျက်ပတ်ပတ်လယ်မှာ ကျနော်တို့ ဂေါတမမြတ်စွာဘုရားအထိ ယခင်ပွင့်တော်မူခဲ့ပြီးသောဘုရားပေါင်း (၂၈)ဆူပုံတော်တွေကို သက်ဆိုင်ရာဗောဓိပင်အမျိုးအစားနဲ့ တွဲပြီးတော့ ပန်းချီ၊ ပန်းပုနှစ်မျိုးရောပြီး ရေးဆွဲထွင်းထုပူဇော်ထားတာ တွေ့ပါတယ်။ စေတီတော်က အ၀ိုင်းဖြစ်တဲ့အတွက် ဟောခန်းကြီးဟာလဲ အ၀ိုင်းပုံစံဖြစ်ပါတယ်။
အဲဒီစေတီတော်ထဲမှာ အရပ်ရပ်ကလာတဲ့ ဘာသာပေါင်းစုံက ကျောင်းသူကျောင်းသားတွေကို ဗုဒ္ဓဘာသာအကြောင်း မကြာခဏရှင်းပြ ဟောပြရကြောင်း လက်ရှိကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ဥတ္တရဉာဏ ကအမိန့်ရှိပါတယ်။ ကျနော်လဲ ဆရာတော်အမိန့်ရှိတဲ့စကားတွေကို နားထောင်ရင်း ငါတို့ဗုဒ္ဓဘာသာဟာ ဒီလိုနိုင်ငံမျိုးမှာ မကြာမီထွန်းလာတော့မှာပဲလို့ တွေးမိပြီး ၀မ်းသာပီတိဖြစ်ရပါတယ်။
နောက်တစ်ခုကျနော်တို့ ထပ်သိခဲ့ရတာက အဲဒီဘာမင်ဂန်မြန်မာကျောင်းဟာ သိပ်မကြာခင်သောကာလမှာ ဘာမင်ဂန်တက္ကသိုလ်ကြီးရဲ့လက်အောက်ခံ ဗုဒ္ဓစာပေကို သင်ကြားတဲ့ ဌာနခွဲတစ်ခုဖြစ်လာမယ်လို့သိရပါတယ်။ ဒီအကြောင်းကို ပြောပြတဲ့လူက အဲဒီကျောင်းရဲ့ ဂေါပကဥက္ကဌရာထူးယူထားတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ပါ။ ကျနော်တို့ မြန်မာကျောင်းဟာ အဲဒီလိုတက္ကသိုလ်ကြီးရဲ့လက်အောက်ခံဗုဒ္ဓစာပေဆိုင်ရာဌာနတစ်ခုဖြစ်လာရင် မြန်မာနိုင်ငံက ဗုဒ္ဓစာပေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့လာသင်ကြားလိုတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ရဟန်းတော်များအတွက် များစွာအားထားရတဲ့ နေရာကြီးတစ်ခုဖြစ်လာရုံမက ကျနော်တို့ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓစာပေဟာလဲ ကမ္ဘာ့အလယ်မှာ တင့်တယ်သထက် ပိုမိုတင့်တယ်လာလိမ့်မယ်လို့ ကျနော်ယုံကြည်ကြောင်း တင်ပြရင်း သတင်းကောင်းပါးလိုက်ပါတယ်။
1 comment:
ကျမတော့ ဘာမင်ဂန် ကျောင်းကို မကြာခဏ ရောက်တယ်။
ခုကျောင်းပိတ်ထားတုန်း ၂ ပတ် တခါလောက် သွားဖြစ်တယ်။ ရှေ့တပတ် တနင်္ဂနွေနေ့တောင် သွားရဦးမယ်။ အလှူတခု ဖိတ်ထားတာရှိလို့။
Post a Comment