- Thou shouldst eat to live; not live to eat.
- Socrates
(ဆော့ခရတ္တိ)
အနောက်တိုင်း ဖီလိုဆိုဖီ သမိုင်းကို အကြမ်းဖျဉ်းလေ့လာကြည့်လိုက်မယ်ဆိုရင်
(၁) Pre-Socrates ဆော့ခရတ္တိမတိုင်မီခေတ် ကိုတစ်ပိုင်း၊
(၂) Socrates, Plato, and Aristotle ဆော့ခရတ္တိ၊ ပလေတို နှင့် အရစ္စတိုတယ် ခေတ် ကိုတစ်ပိုင်း၊
(၃) Ancient Philosophy after Aristotle အရစ္စတိုတယ်နောက်ကို တစ်ပိုင်း၊
(၄) Catholic Philosophy ကသလစ်ဝါဒ ထွန်းကားလာတဲ့ချိန်ကို တစ်ပိုင်း၊
(၅) Modern Philosophy ခေတ်ပညာရေးရေစီးကြောင်းကြီးတစ်ခုဖြစ်တဲ့ ခရစ်နှစ် ၁၄ ရာစုခန့် ထွန်းကားတဲ့ ရီနေးဆန်းခေတ်နဲ့ David Hume ဒေးဗစ် ဟူးမ် အထိကို တစ်ပိုင်း၊
(၆) The Romantic Movement (၁၈) ရာစုလောက်မှာစတင်ပေါ်လာတဲ့ ရိုမန်လှုပ်ရှားမှုမှသည် ယနေ့တိုင်အောင်အထိကို တစ်ပိုင်း ဆိုပြီးတော့ အပိုင်းခြောက်ပိုင်းလောက်အထိ ရှိတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီကာလတွေအတွင်း ဖီလိုဆိုဖီဆရာကြီးတွေ များစွာများစွား ပေါ်ပေါက်ခဲ့ပါတယ်။ အချို့လဲထင်ရှားတယ်။ အချို့လဲ ခန့်မှိန်မှိန်ပါပဲ။
ဒါပေမဲ့ ဖီလိုဆိုဖီဘာသာရပ်ကို အထူးပြုလေ့လာခဲ့တဲ့ကျောင်းသားမဟုတ်ရင်၊ သို့မဟုတ် ၀ါသနာအရ ဖီလိုဆိုဖီကို လေ့လာထားသူမဟုတ်ရင် ဒဿနိကဘေဒပညာရှင်ကြီးတွေရဲ့ နာမည်ကို ဂဂနနသိတဲ့လူ ရှားပါတယ်။ ဒါပေမဲ့ ချွင်းချက်တော့ ရှိနေဆဲပါ။ တခြားဆရာကြီးတွေရဲ့နာမည်ကို မသိရင်သာရှိရမယ်။ တစ်ဦးသောဆရာကြီးရဲ့နာမည်ကိုတော့ အားလုံးလောက်နည်းပါး ကြားဖူးကြမယ် ထင်ပါတယ်။ သူကတော့ ဗုဒ္ဓခေတ်နောက်ပိုင်း အနှစ်၁၅၀ နှင့် ၂၀၀အကြား BC ၄၃၀ လောက်မှာ ပေါ်ခဲ့တဲ့ ဂရိခ်နိုင်ငံ၊ အေသင်မြို့သား ဆော့ခရတ္တိ ပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် သူ့အကြောင်းကို အကျယ်မရေးလိုပါဘူး။ ဆရာ့ဆရာကြီးတွေ ရေးထားတဲ့ စာတွေအပြည့်ရှိနှင့်ပြီးသားပါ။ ကျနော်အဓိကပြောချင်တာက ဘာကြောင့် သူ့အတွေးအခေါ်တွေဟာ တခြားဆရာကြီးတွေရဲ့အတွေးအခေါ်တွေထက် ရေပန်းစားသလဲ ဆိုတာပါပဲ။ အကြောင်းအရင်းကတော့ လက်တွေ့ကျလို့ပဲ ကျနော်သုံးသပ်မိပါတယ်။ သူနဲ့ခေတ်ပြိုင်ပေါ်ခဲ့တဲ့ Sophist တွေကို အမြင်ကပ်ပြီးတော့ သူတို့နဲ့ဆန့်ကျင်တဲ့ အပြုအမူအပြောအဆိုတွေကို အများကြီး လုပ်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒီတော့ လက်တွေ့မဆန်တဲ့ ဆိုဖစ်စ်တွေရဲ့ အယူအဆတွေကြောင့် သူတို့ကိုဆန့်ကျင်လိုတဲ့ ဆော့ခရတ္တိရဲ့ အတွေးအခေါ်တွေဟာ လက်တွေ့ကျပြီး အလုပ်သမားလူတန်းစားအလယ်မှာ ပိုမိုရေပန်းစားလာပါတယ်။ သို့သော်လဲ အထက်တန်းလွှာတွေထဲ သူ့ကို သဘောကျတဲ့ လူတစ်ယောက်ကတော့ ရှိပါတယ်။ သူကတော့ သူ့နောက်ပိုင်း ဖီလိုဆိုဖီသမိုင်းကို ထွန်းပြောင်စေခဲ့တဲ့ Plato ပလေတိုပါပဲ။
ပလေတိုဟာ သူ့ဆရာဆော့ခရတ္တိရဲ့ အတွေးအခေါ်တွေကို မှတ်တမ်းတင်ပြီး သူ့ဆရာကို ဂရိနိုင်ငံနဲ့ အနောက်တိုင်း ဖီလိုဆိုဖီလောကရဲ့ ဖခင်ကြီးဖြစ်အောင် လုပ်ခဲ့တယ်ဆိုရင် မမှားပါဘူး။ ပလေတိုမှတ်တမ်းတင်ခဲ့တဲ့ ဆောခရတ္တိရဲ့အယူအဆတွေဟာ လက်တွေ့လဲကျ၊ အဓိပ္ပါယ်လဲ ပြည့်ဝတဲ့အတွက် လူသားဆန်တဲ့လူတွေရဲ့အလယ်မှာ မျက်နှာပွင့်လှပါတယ်။ သူပြောခဲ့တဲ့စကားတွေဟာ အများကြီးပါ။ အဲဒီထဲက တစ်ခုကို ဒီနေရာမှာ ကျနော် ဆွေးနွေးချင်ပါတယ်။
သူက အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။ စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး၊ လို့ဆိုခဲ့ပါတယ်။ သိပ်အဓိပ္ပါယ်ပြည့်ဝတဲ့စကားတစ်ခွန်းဖြစ်ကြောင်း လူ့အသိဉာဏ်ရှိတဲ့ လူသားတိုင်းနားလည်နိုင်မယ် ထင်ပါရဲ့။ လူအတော်များများဟာ စားဖို့အသက်ရှင်နေကြတာပါ။ ပြောမယ်ဆိုရင်တော့ စားဖို့အသက်ရှင်ရင်း သေမယ့်နေ့စောင့်နေကြတာနဲ့ အတူတူပါပဲ။ ဒီလိုလူမျိုးတွေရဲ့အသက်ရှင်မှုဟာ သူတို့ကိုယ်တိုင်အတွက်လဲ အကျိုးမရှိ၊ သူ့အသိုင်းအ၀ိုင်း၊ သူ့ပတ်ဝန်းကျင်အတွက်လဲ ဘာမှအကျိုးမရှိပါဘူး။ ကျနော်တို့မြန်မာစကားပုံနဲ့ ပြောရရင်တော့ ဆန်ကုန်မြေလေး လို့ဆိုရတဲ့ လူစားမျိုးတွေပါ။ ဒီလိုလူတွေကို ဆော့ခရတ္တိ က စားဖို့ အသက်ရှင်နေတဲ့ လူတွေလို့ ကဲ့ရဲ့ပါတယ်။
အချို့လူတွေရဲ့ အသက်ရှင်မှုကျပြန်တော့ သူတို့ကိုယ်တိုင်အတွက်အကျိုးရှိကြောင်းမပြောနဲ့၊ လောကအတွက်ပါ အင်မတန်အကျိုးရှိတဲ့ အသက်ရှင်မှုမျိုးပါ။ သူတို့ဟာ အများနည်းတူစားကြပါတယ်။ ဒါပေမဲ့ အသက်ရှင်ဖို့ပဲ စားကြတာပါ။ အသက်ရှင်ခြင်းကြောင့် အများအကျိုးကို ဆောင်ရွက်နိုင်ကြပါတယ်။ ကျနော်တို့ မြန်မာမျိုးတွေရဲ့ လူ့လောကမှာ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို လူရဲ့ အသက်ရှင်မှုမျိုး။ သူ လူ့လောကမှာ နေသွားတဲ့အချိန်ဟာ သိပ်တိုပါတယ်။ ဒါပေမဲ့ အဲဒီတိုတောင်းလှတဲ့ သူ့ရဲ့အသက်ရှင်မှုဟာ သူ့လူမျိုးတွေအတွက် သိပ်တန်ဖိုးရှိပါတယ်။ တသသလွမ်းဆွတ်နေရလောက်တဲ့ အသက်ရှင်မှုမျိုးနဲ့ နေထိုင်သွားတဲ့လူတစ်ယောက်ပါ။
ဂျာနယ်ကျော် ဦးချစ်မောင်ရေးတဲ့စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ နာမယ်တော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ အဲဒီထဲမှာ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်းကို စားသောက်ဆိုင်ကောင်းကောင်းမှာ ကောင်းနိုးရာရာတွေ သွားစားဖို့ခေါ်ရင် ဘယ်တော့မှ မလိုက်ဘူး တဲ့၊ သူ့အတွက် ဈေးသက်သာသာနဲ့ ၀၀လင်လင်စားရတဲ့ အစားအစာမျိုးတွေပဲ ၀ယ်ခဲ့ဖို့ မှာလိုက်တတ်သတဲ့။ မြန်မြန်စားပြီး များများ အလုပ်လုပ်နိုင်ဖို့ပဲ ဗိုလ်ချုပ်က စားတာပါ တဲ့။
ဒါကြောင့် ဆောခရတ္တိရဲ့ အဆိုအမိန့်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကြီးတွေအတွက် တမင်ရည်ညွှန်းပြီး ဆိုခဲ့သလားတောင် အောင့်မေ့ရပါတယ်။ ကျနော်တို့ချစ်တဲ့၊ ကျနော်တို့လေးစားတဲ့၊ ကျနော်တို့ရဲ့ မီးရှူးတန်ဆောင်ကြီးဖြစ်တဲ့၊ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုတောင်းလှတဲ့ သူ့ဘ၀တစ်လျှောက်လုံး တိုင်းပြည်လွတ်လပ်ရေးအတွက်ကြိုးပန်းရင်း အလုပ်လုပ်နိုင်ဖို့အတွက်ပဲ အသက်ရှင်နိုင်ယုံ စားသောက်ခဲ့တာပါ။ ဒီလိုလူမျိုးတွေကို ဆောခရတ္တိတို့လို ဒဿနိကဘေဒပညာရှင်ကြီးတွေက အသက်ရှင်ဖို့အတွက် စားသူတွေ လို့ ချီးကြူးဂုဏ်ပြုကြပါတယ်။
ကိုယ့်လူကရော ဘယ်လိုစားခြင်းမျိုးနဲ့ စားပါသလဲ၊ အသက်ရှင်ဖို့စားတာလား၊ စားဖို့အသက်ရှင်နေတာလား၊ ကျနော့်ကို မေးရင်တော့ ဗိုက်ဆာတဲ့ အခါ စားလိုက်တာပါပဲ လို့ဖြေမိမှာပဲဗျာ။
No comments:
Post a Comment