It is the nature of truth to struggle to the light.
Wilkie Collins (1824-1889)
(အလင်းရောင်) အသိဉာဏ်ရဖို့ ကြိုးပန်းခြင်းဟာ အမှန်တရားရဲ့ သဘာဝပဲ။
(၀င့်ကီကောလင်းစ်)
မွေးဖွါးခြင်း၊ နေထိုင်ခြင်း၊ သေဆုံးခြင်း ဆိုတဲ့ ဖြစ်စဉ်သုံးမျိုးဟာ ဘ၀တစ်ခုကို သရုပ်ဖေါ်ပေးတဲ့ အမှတ်လက္ခဏာတွေရယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြပါတယ်။ လူတစ်ယောက်လို့ ခေါ်တွင်နိုင်ဖို့အတွက် လူသားမိခင်ဝမ်းဗိုက်မှာဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ မွေးဖွါးကြရတယ်။ ပြီးတော့ ရှင်သန်ကြီးပြင်း နေထိုင်ကြရတယ်။ နောက်ဆုံးတော့ သေခြင်းတရားနဲ့ နိဂုံးချုပ်လိုက်ကြရတယ်။ အဲဒီဖြစ်စဉ်ကြီး သုံးခုအပေါင်းကို ဘ၀တစ်ခုလို့ ခေါ်လိုက်ကြတယ်။
ဘ၀ရဲ့အစနဲ့ အဆုံးဖြစ်တဲ့ မွေဖွါးမှု နဲ့ သေဆုံးမှုဟာ ဘ၀ဆိုတဲ့ဖြစ်စဉ်ထဲမှာ ထည့်ပြီးရေတွက်ရပေမဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတွေတော့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီဖြစ်စဉ်တွေဟာ အသိဉာဏ်တစ်ခုခုရအောင် အားထုတ်နိုင်လောက်တဲ့အချိန်တွေ မဟုတ်လို့ပါပဲ။ မွေးဖွါးခြင်း၊ သေဆုံးခြင်းတွေဟာ အင်မတန်တိုတောင်းတဲ့ အချိန်ကာလလေးတွေပဲ ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘယ်အစိတ်ပိုင်းက အရေးကြီးသလဲ။
ရှင်သန်ခြင်း သို့မဟုတ် နေထိုင်ခြင်းဆိုတဲ့ အလယ်အစိတ်အပိုင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအပိုင်းဟာ ရှည်ကြာတဲ့အပိုင်း၊ တကယ့်ဘ၀ကို သရုပ်ဖေါ်ပေးတဲ့ အပိုင်း၊ သမိုင်းကို ရေးထိုးတဲ့အပိုင်း၊ ဘ၀စာမျက်နှာရဲ့အဓိကကျတဲ့အပိုင်း၊ အသိဉာဏ်ရှာမှီးရေးမှာ မရှိမဖြစ်လိုအပ်တဲ့အပိုင်း၊ ဘ၀အတွေ့အကြုံတွေကို ရှာပေးတဲ့အပိုင်းဖြစ်နေလို့ပါပဲ။ ဒါကြောင့်---
ဘ၀ဆိုတာ အတိအကျပြောရရင် ရှင်သန်နေထိုင်စဉ်ကာလကြီးတစ်ခု(a period of living)ပါပဲ လို့ ကျနော်ကတော့ ဖွင့်ဆိုချင်ပါတယ်။ ဘ၀ရယ်လို့ ရလာလိုက်တာနဲ့ (give and take) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရစမြဲဖြစ်တဲ့ သဘာဝလောကကြီးရဲ့ ဥပဒေအရ ရုန်းကန်ကြိုးပန်းမှုတွေ အစပြုရတော့တာပါပဲ။ ဘာမှမရုန်းကန်၊ မကြိုးပန်းဘူးဆိုတဲ့လူတောင် အနည်းဆုံးတော့ သူ့ဘ၀ရှင်သန်ရေးအတွက်ရုန်းကန် ကြိုးပန်းရပါသေးတယ်။ ဒါ့ကြောင့် Life is a struggle ဘ၀ဆိုတာ ရုန်းကန်မှု တစ်ခုပဲ ရယ်လို့ ဆိုခဲ့ကြတာပေါ့။
အဲဒီလိုရုန်းကန်ကြိုးပန်းတဲ့နေရာမှာ လူသားတွေဟာ မိမိတို့ဝါသနာအလိုက်ဖြစ်စေ၊ ဘ၀ပေးအခြေအနေအလိုက်ဖြစ်စေ၊ ပတ်ဝန်းကျင်အလိုက်ဖြစ်စေ၊ မိမိတို့အားသန်ရာ သို့မဟုတ် စွမ်းနိုင်ရာကဏ္ဍမှာဝင်ရောက်လှုပ်ရှားကြတယ်။ တစ်ခုခုရဖို့ ရုန်းကန်ကြတယ်။ အချို့က ဥစ္စာရဖို့၊ အချို့က အာဏာရဖို့၊ အချို့က ပညာရဖို့၊ အချို့က အသိဉာဏ်ရဖို့ ဆိုတဲ့ ရည်ရွယ်ရင်းကိုယ်စီရှိကြပါတယ်။
ဥစ္စာ၊ အာဏာနဲ့ ပညာတစ်မျိုးမျိုးရဖို့ ကြိုးပန်းမှုတွေဆိုတာကတော့ ဒီဘ၀မှာပဲ လက်တွေ့အကျိုးခံစားခွင့်ပေးတဲ့ ကြိုးပန်းမှုမျိုးတွေရယ်လို့ ကျနော်သုံးသပ်မိပါတယ်။ အသိဉာဏ်ရဖို့အရေးတွက် ကြိုးပန်းမှုကတော့ ဒီဘ၀မှာရော၊ နောက်နောင်ဘ၀မှာပါ အကျိုးရှိတဲ့ ကြိုးပန်းမှုမျိုးလို့ ကျနော်မြင်ပါတယ်။ ဒါ့ကြောင့် အသိဉာဏ်ရရှိရေးအတွက် ကြိုးပန်းခြင်းဟာ ဘ၀အဓိပ္ပါယ်ကို ပိုမိုပြည့်ဝစေတယ် လို့ပညာရှိတွေနားလည်ကြပါတယ်။
ဒါဆိုရင် အသိဉာဏ်ရရှိအောင် ဘယ်လိုအားထုတ်လုပ်ဆောင်မလဲ။ အသိဉာဏ်ကို ရရှိအောင် အားထုတ်တဲ့နေရာမှာ အောက်ပါအတိုင်း အဆင့်သုံးဆင့် ခွဲခြားကြပါတယ်။
(၁) သင်ယူလေ့လာခြင်း၊
(၂) တွေးတောကြံစည်ခြင်း နှင့်
(၃) အတွေ့အကြုံ။
သင်ယူလေ့လာမှုက ရတဲ့အသိဉာဏ်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို လုံးဝမပြောင်းလဲပစ်နိုင်ပါဘူး။ အဲဒီအသိဉာဏ်မျိုးရှိတဲ့လူတွေဟာ သိတာတခြား၊ လုပ်တာတခြားပါပဲ။ ဒါကြောင့် ဒီိအသိဉာဏ်မျိုးကို အင်မတန်အားနည်းတဲ့ အသိတစ်မျိုးအနေနဲ့ပဲ မှတ်ယူရပါတယ်။ အမှန်တရားကို ရှာဖွေရေးမှာ အားကိုးလို့မရပါဘူး။ လောကမှာ ပညာတတ်ပြီး မိုက်မဲနေတဲ့လူတွေအများစုဟာ ဒီအသိဉာဏ်အဆင့်ကို မလွန်မြောက်နိုင်ကြလို့ဖြစ်ပါတယ်။
အကြောင်းအကျိုးကို တွေးတောကြံစည်ပြီး ရလာတဲ့ အသိကတော့ နည်းနည်းပိုအဆင့်မြင့်ပါတယ်။ အမှန်တရားကို ရှာဖွေရေးမှာ ငါးဆယ်ရာခိုင်နှုံးလောက် အားကိုးနိုင်ပါတယ်။ အလောင်းတော်သုမေဓာတို့၊ အလောင်းတော်သိဒ္ဓတ္ထတို့ ရခဲ့တဲ့အသိဉာဏ်မျိုးပါ။ ဒီအသိဉာဏ် သို့မဟုတ် စဉ်းစားဉာဏ်ကို အခြေခံပြီး သူတို့ဟာ အမှန်တရားကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆင့်ဟာ ပြည့်စုံတဲ့အသိဉာဏ်အဆင့် မဟုတ်တဲ့အတွက် သူတို့လိုချင်တဲ့ အမှန်တရားကို အပြည့်အ၀မရခဲ့ကြပါဘူး။
နောက်ဆုံးဖြစ်တဲ့ အသိဉာဏ်အဆင့်ကတော့ ရပြီးရင် ဘယ်တော့မှ ပြန်ပျောက်မသွားတော့တဲ့ အသိဉာဏ်အဆင့်ပါ။ ဘ၀ရဲ့ အတွေ့အကြုံတွေထဲက ယူတတ်သူတွေမှ ရတတ်တဲ့အသိဉာဏ်မျိုးပါ။ အလောင်းတော် မင်းသိဒ္ဓတ် နောက်ဆုံးရလိုက်တဲ့ အသိဉာဏ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ စဉ်းစားဉာဏ်ကြောင့် လူသာမန်တွေ လွန်စွာကျင့်နိုင်ခဲတဲ့ ဒုက္ကရစရိယလို့ခေါ်တဲ့ အကျင့်ကို ခြောက်နှစ်လုံးလုံး မှားယွင်းစွာကျင့်ခဲ့ရပါတယ်။ ပင်ပန်းဆင်းရဲရုံကလွဲပြီး သူလိုချင်တာ ဘာမှ မရလိုက်ပါဘူး။ ဒါပေမဲ့ အဲဒီထဲက အတွေ့အကြုံရလိုက်ပါတယ်။ တစ်နည်းပြောရရင်တော့ အတွေ့အကြုံထဲက အသိဉာဏ်ကို ယူလိုက်ပါတယ်။ အဲဒီအသိဉာဏ်ကြောင့် ကျင့်စဉ်ပြောင်းလဲပြီး ကျင့်သုံးနိုင်ခဲ့လို့ နောက်ဆုံး သူရှာဖွေနေတဲ့ အမှန်တရားကို တွေ့သွားပါတယ်။
ဒါကြောင့်တကယ့်အမှန်တရားကို ရှာဖွေလိုသူတွေဟာ ခိုင်မြဲပြီး မပြောင်းလဲနိုင်တော့တဲ့ အသိဉာဏ်မျိုးရှိမှ ဖြစ်ပါတယ်။ အဲဒီအသိဉာဏ်ဆိုတာလဲ ဘ၀အတွေ့အကြုံတွေထဲကပဲ ရနိုင်ပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးရလိုက်တဲ့ အသိ၊ အကြောင်းအကျိုးတွေးတောကြံစည်ပြီး ရလိုက်တဲ့အသိတွေဟာ ကိုးစားလို့မရပါဘူး။ အခြေအနေအရ ပြောင်းလဲတတ်ကြပါတယ်။ အဲဒါကြောင့် အသိဉာဏ်ရဖို့ ကြိုးပန်းခြင်းဟာ အမှန်တရားရဲ့ သဘာဝပဲ ဆိုတဲ့ ၀င့်ကီကောလင်းစ် ရဲ့အဆိုကို ဝေါဟာရအနေနဲ့ အပြန်အလှန်မှီတွယ်မှုရှိနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ အမှန်တရားရဲ့ သဘောကို ရှာမှီးတဲ့နေရာမှာ အသိဉာဏ်ဟာ အလွန်အရေးကြီးတဲ့အတွက်ကြောင့်ပါပဲ။ အမှန်တရားကို ရှာဖွေပေးနိုင်တဲ့ အသိဉာဏ်မျိုးကို ဘ၀အတွေ့အကြုံတွေထဲက တူးဆွယူငင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
No comments:
Post a Comment