အွန်လိုင်းပေါ်က သူငယ်ချင်းတစ်ယောက်နဲ့ ဟိုအကြောင်းဒီအကြောင်းဆွေးနွေး ချက်တင်လုပ်ရင်း ကျနော့်ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ရွှေနိုင်ငံလို့ခေါ်တဲ့ မြန်မာပြက္ခဒိန်ကို အမှတ်တမဲ့လှမ်းကြည့်လိုက်မိတယ်။ အခုအောက်တိုဘာလထဲရှိတဲ့ ရက်စွဲတွေအနက် ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေကို အနီရောင်စာလုံးကြီးကြီးနဲ့ ပုံနှိပ်ထားတယ်။ ဒီရက်တွေမှာ နားမယ်ဆိုတဲ့သဘော။ ကျနော်လဲ ပြက္ခဒိန်ထဲက အဲလိုအနီရောင်နဲ့ရေးထားတဲ့ ရက်စွဲတွေနဲ့ကြုံတဲ့နေ့ဆို သိပ်ပျော်တဲ့ကောင်ကိုး။ နားရတော့မယ် ဆိုပြီးတော့လေ။ သူများတွေက တစ်ပတ်လုံးလုံးအလုပ်ရှိလို့ နားချင်ကြတယ်။ ကျနော်ကတော့ ကျောင်းမသွားရလို့ ပျော်နေတာ။ ငယ်ငယ်ကအကျင့် မပျောက်နိုင်သေးဘူး။
ထူးထူးခြားခြားပဲ။ ဒီလထဲမှာ အဲဒီစနေ၊ တနင်္ဂနွေအပြင် ပြက္ခဒိန်စာမျက်နှာရဲ့အလယ်လောက်မှာ အနီရောင်နဲ့ပုံနှိပ်ထားတဲ့ ရက်စွဲတစ်ခုကိုလဲ သွားတွေ့လိုက်တယ်။ သေသေချာချာကြည့်လိုက်တော့
အောက်တိုဘာလ (၁၄)ရက်၊ အင်္ဂါနေ့။ သီတင်းကျွတ်လပြည့် (၁၅)ရက်၊ အဘိဓမ္မာနေ့ တဲ့။ နောက်ကပါလိုက်သေးတယ်။ ရက်ရာဇာ တဲ့။ ဟာ့----နားရတော့မယ်ဆိုပြီး ရုတ်တရက်ပျော်သွားတယ်။ နောက်ပြီးချက်ချင်းဆိုသလို ပြန်စိတ်ညစ်သွားတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရောက်နေတာက အင်္ဂလန်ကိုး။ ဒီမှာက သတင်းကျွတ်တယ်၊ သတင်းဝင်တယ်လို့မှမရှိပဲ။ ကျနော်တို့ဆီမှာပဲ ရှိတယ်။ အဲဒီနေ့ ကျနော် ကျောင်းသွားရမယ်။ ဘရာဇီးနိုင်ငံသူချောချောလေးကို ယူထားတဲ့ မျက်လုံးပြူးပြူး၊ အရပ်ရှည်ရှည်နဲ့ ကျနော်တို့ရဲ့ အင်္ဂလိပ်စာဆရာ မစ္စတာဂျရတ်ကြီးရဲ့ Don't worry about that ဆိုတဲ့ မပါမပီး လက်ချာကို အိပ်ချင်မူးတူးနဲ့ သွားနားထောင်ရ ပြန်ဦးမယ်။ အော် ကျောင်းသားဘ၀၊ ကျောင်းသားဘ၀။
ဒါပေမဲ့ အဲဒီသီတင်းကျွတ်လပြည့်နေ့ဆိုတဲ့အနီရောင်စာလုံးက ကျနော့်မျက်စိထဲက ပြန်ထွက်မသွားဘူး။ ပြန်ထွက်မသွားတဲ့အပြင် အဲဒီနေ့မှာ ပျော်ခဲ့ဘူးတဲ့ ငယ်ငယ်တုန်းက အချိန်လေးတွေကို ပြန်လည်သတိရလာစေတော့တာပဲ။
ကျနော်တို့ မောင်းမကန်ရွာဆိုတာ မြေပုံထဲမှာကြည့်ရင် မြန်မာပြည်တောင်ပိုင်းစူးစူးမှာရှိတဲ့ တနင်္သာရီတိုင်းထဲရှိ၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက အစက်ကလေးတစ်စက်အဖြစ်တွေ့ရမယ်။ အိပ်ခြေနှစ်ထောင်ကျော်လောက်ရှိတဲ့ ရွာကြီးတစ်ရွာပေါ့။ တနင်္သာရီကမ်းရိုးတမ်းရွာလေးတွေ မြောက်များစွာထဲက တစ်ခုပေါ့။ ကမ်းရိုးတမ်းရွာတွေရဲ့ ထုံးစံအတိုင်း အဓိက အသက်မွေးဝမ်းကျောင်းရတဲ့ အလုပ်ကတော့ ပင်လယ်ပါပဲ။ ရှင်းအောင်ပြောရင်တော့ တံငါပေါ့။ ကျနော်တို့ မိဘဆွေမျိုးတွေအများစုဟာလဲ ဒီအလုပ်ပဲ လုပ်ကြတာများပါတယ်။ စားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုန်းနိုင်အဆင့်ဆိုပါတော့။
ကျနော်တို့ရွာသားတွေဟာ တံငါအလုပ်ကို အခြေအနေအရ လုပ်ကြရပေမဲ့ ဘာသာရေးမှာတော့ မြို့ကလူတွေနဲ့ ပြိုင်ပြီး ကျဲနိုင်ကြတဲ့လူတွေပါ။ ဒါကြောင့်လဲ ရွာမှာ ဘုန်းကြီးကျောင်း (ရ)ကျောင်းရှိပေမဲ့ ဘယ်ကျောင်းမှ မဆင်းရဲကြပါဘူး။ အားလုံး တိုက်နဲ့တာနဲ့ချည်းပါပဲ။ အစားအသောက်ဆိုလဲပေါ။ ကျောင်းဆိုလဲ အကောင်းစားတိုက်ကြီးတွေနဲ့ ချည်းပါ။ ကျောင်းသားကိုရင်တွေဆိုလဲ အများကြီးပဲ။ ကျောင်းထိုင်ဆရာတော်ကြီးတွေဆိုလဲ စာတတ်ပေတတ်ကြီးတွေများပါတယ်။ ရွာကလူတွေကလဲ ကြည်ညိုလိုက်ကြတာ အလွန်ပါပဲ။
ကျနော်လဲ ငယ်ငယ်က ရွာကဘုန်းဘုန်းကျောင်းမှာ ကိုရင်ဘ၀နဲ့ နေခဲ့ဖူးသေးတယ်။ ကျနော်နေခဲ့တဲ့ကျောင်းနာမည်က ကံယုံလို့ခေါ်တယ်။ ၀ါတွင်းဝင်ပြီဆိုတာနဲ့ ကျောင်းမှာရှိတဲ့ ဘုန်းဘုန်းတွေအားလုံး ပိုက်ဆံစုပြီး ဘန်ကောက်ကထုတ်တဲ့ သတင်းစာတွေကို ကော့သောင်က တစ်ဆင့်မှာကြတာ။ မီးပုံးပျံလုပ်ဖို့။ ကျနော်တို့က ကလေးပေါက်စလေးတွေဆိုတော့ ဘာမှဟုတ်တိပတ်တိ မလုပ်တတ်ဘူး။ ကိုရင်ကြီးတွေ၊ ဦးဇင်းတွေလုပ်တာကို ဘေးကနေ စိတ်အားထက်သန်စွာနဲ့ ထိုင်ကြည့်။ သူတို့က လိုအပ်လို့ ခိုင်းလိုက်ရင် ချက်ချင်းကောက်ထပြေး၊ လိုတာတွေ လုပ်ပေး။ မောတယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။ မကြာမီ မီးပုံပျံကြည့်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေတာ။
အဲဒီမှာ တစ်ခါတည်း မီးပုံးပျံစပ်တဲ့အဖွဲ့က စပ်။ ပြောင်းဖူးမီးစာလုပ်တဲ့လူတွေကလုပ်။ ရေနံဆီကို ဖယောင်းနဲ့ချက်ပြီး သင်္ကန်းအစုတ်တွေစု၊ မီးစာကျစ်။ ဖယောင်းအိုးထဲမှာ စိမ်ထား။ ပြောင်းဖူးပုံကျစ်ထားတဲ့ မီးစာလုံးတွေ ဖယောင်းပြည့်မပြည့်စစ်ဆေး။ အဲဒီလို လုပ်ရတာ တစ်ရက်တည်းနဲ့ ဘယ်ပြီးမလဲဗျာ။ ၀ါဝင်ပြီဆိုတာနဲ့ စလုပ်တာ သတင်းကျွတ်လထဲ ရောက်တဲ့အထိပဲ။ ဒီကြားထဲမှာ ကျနော်တို့ထားဝယ်လို ကစ် လို့ခေါ်တဲ့ ထီးရိုးကို လုပ်ထားတဲ့ သံဗျောက်တွေလဲ ရှိသေးတယ်။ မလုပ်တတ်ရင် သိပ်အန္တရယ်ကြီးတယ်။ ကျနော်လဲလူစုံ။ ငယ်ငယ်က အဲဒီကစ်လုပ်တာ။ လက်ထဲထပေါက်ကွဲလို့ ဆေးရုံမှာ အရက် (၂၀)ကျော်လောက် တက်နေလိုက်ရသေးတယ်။ မသေခဲ့တာကံကောင်း။ အဲလောက်ဝါသနာကြီးတဲ့ကောင်။
အဲဒါတွေအကုန်ပြီးလို့ သတင်းကျွတ်လထဲရောက်တယ်ဆိုတာနဲ့ ကျနော်တို့အဖွဲ့သားတွေ ရွစိရွစီ ဖြစ်နေကြပြီ။ တစ်ဝါတွင်းလုံးလုံးလုပ်ထားတဲ့ မီးပုံးပျံတွေလွှတ်တာကြည့်ချင်လို့။ ကျနော်တို့ကျောင်းက အဲလို လုပ်သလို ကျန်တဲ့ဘုန်းကြီးကျောင်းတွေကလဲ အသကုန်လုပ်ကြတယ်။ အပြိုင်အဆိုင်ပဲ။ အဲတစ်ခုပြောဖို့ မေ့သွားတယ်။ အဲလိုလုပ်တဲ့အခါ၊ မီးပုံးပျံစပ်တဲ့အခါ ယိုးဒယားက လာတဲ့သတင်းစာတွေကိုပဲ ၀ယ်စပ်ကြတယ်။ သူတို့က အရွက်ဆိုက်ကြီးတယ်။ ကျစ်လစ်တယ်။ ပါးတယ်။ ကော်သုတ်တဲ့အခါ စက္ကူချောလို့ သုတ်လို့ကောင်းတယ်။ လွှတ်တဲ့အခါကျတော့လဲ ပိုပြီး တက်တယ်။ ကျနော်တို့ရွှေမြန်မာသတင်းစာတွေကတော့ သိတော်မူကြတဲ့အတိုင်းပဲ။ ရွက်ဆိုက်သေးတယ်။ ထူတယ်။ ပွတယ်။ ကော်သုတ်လို့မကောင်းဘူး။ ပြီးလို့ လွှတ်တင်တော့လဲ မြင့်မြင့်မပျံဘူး။ အဲဒီကစ ကွာတယ်ဆိုတော့ ကျန်တာစဉ်းစားသာကြည့်ပေတော့။
ဒီလိုနဲ့ လွှတ်မယ့်နေ့ရောက်တယ်ဆိုပါတော့။ ဘယ်နေ့ရယ်လို့ သတ်မှတ်မထားပါဘူး။ သတင်းကျွတ်လထဲ ရောက်ပြီဆိုတာနဲ့ ရွနေကြတာဆိုတော့ ဘယ်ဘုန်းကြီးကျောင်းက အရင်စလွှတ်မလဲ နားစွင့်နေကြတာ။ တစ်ကျောင်းကျောင်းက စလွှတ်လိုက်တာနဲ့ ကျန်တဲ့ကျောင်းတွေကလဲ အသကုန်ကျဲတော့တာပဲ။ မီးစာတွေပြင်။ မီးပုံးပျံတွေ လေပေါက်ရှိမရှိ ပြန်စစ်။ ချိတ်မယ့်ဗျောက်အိုးတွေကို မီးပုံးပျံအကြီးအသေးအလိုက် အလေးအပေါ့ရွေး။ အကုန်ပြီးပြီဆိုတာနဲ့ ကျောင်းဝင်းထဲက ကွင်းကျယ်ထဲသွားပြီးတော့ လွှတ်ကြတော့တာပဲ။
ကျနော်တို့ကလေးပေါက်စတွေကတော့ ကိုရင်ကြီးတွေလုပ်တာကြည့်ပြီး ကိုယ်ကိုယ်တိုင်လုပ်ရသလောက်နီးပါပျော်ကြရတယ်။ မီးပုံးပျံကြီး မှိုင်းတိုက်လို့ ဖေါင်းလာပြီဆိုတာနဲ့ ဝေး---၀ါး---ကနဲ အော်ကြ၊ ဟစ်ကြ။ အမိုးပေါ်ပျံတက်သွားရင်တော့ မပြောနဲ့တော့။ ဝေး--ကနဲ့ ရွာထိပ်ဘုန်းကြီးကျောင်းက အော်လိုက်တဲ့အသံဟာ ဟိုးအဝေးက ရွာထဲအရောက် ဆူညံ့သွားတော့တာပဲ။
ကျနော့်စိတ်ထဲ ပြောရင်းပြောရင်း ရွာလွမ်းလာလို့ မျက်လုံးမှာတောင် မျက်ရည်စတွေ စို့နေရော့သလား ယောင်ယမ်းပြီး စမ်းလိုက်မိသေးတယ်။ အော် ငယ်စဉ်ကအဖြစ်ရယ်---လွမ်းစရာကောင်းလိုက်ပါဘိတော့။ ကျနော့်ရဲ့ ဟိုတစ်ချိန်က သတင်းကျွတ်လပြည့်လေးပေါ့ဗျာ။ အခုတော့လဲ ကိုယ်နဲ့ မပတ်သက်တဲ့ ခရစ်မတ်နေ့ကိုပဲ သီတင်းကျွတ်လပြည့်အမှတ်နဲ့ နွှဲရပေးဦးတော့မယ်။ နေရာပြောင်းသွားပြီးကိုး။