Monday, October 6, 2008

ကျနော်ဓမ္မဆရာ

To
Min Htet

We give you our thanks for your time and words. We pray for you for God to bless your life.

from
Miss Ashley and the students from Wales

ကျနော်ပြောတာ ဟောတာလဲ ပြီးရော အောက်ကနားထောင်တဲ့ ပရိတ်သတ်က လက်ခုတ်ဖျောင်းဖျောင်းတီးပြီး ချီးကြူးထောမနာပြုကြတာ အတော်နဲ့ကို မရပ်ဘူး။ ပြီးတော့ သစ်သီးချဉ်းတစ်ခုထဲမှာ စာအိပ်လေးတစ်အိပ်တွေ့တယ်။ ကျနော့်ကို ဂုဏ်ပြုတဲ့လက်ဆောင်ပေါ့။ စာအိပ်ထဲမှာ အထက်က စာကြောင်းလေး တစ်ကြောင်းရေးထားတာတွေ့ရတယ်။ ဒါဟာ အင်္ဂလန်နိုင်ငံကိုရောက်လို့ တစ်နှစ်ပြည့်ပြီးတဲ့နောက်တစ်ပတ်မှာ အင်္ဂလိပ်လူမျိုးတွေဆီက ကျနော်ရလိုက်တဲ့ ဆုတော်လာဒ်တော်ပေါ့။

ကျနော်အင်္ဂလိပ်စာသွားတက်ရတဲ့ကျောင်းက ခရစ်ယန်ဘုရားကျောင်းတစ်ခုကို စာသင်ကျောင်းအဖြစ်ပြောင်းထားတဲ့ ကျောင်းမျိုးပါ။ အင်္ဂလိပ်လူမျိုးတွေ သူတို့ဘာသာစကားကို ဈေးကြီးကြီးနဲ့ ရောင်းစားတဲ့ ဘာသာစကားအရောင်းဆိုင် တစ်ဆိုင်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ အဲဒီကျောင်းမှာ နိုင်ငံပေါင်းစုံက ကျောင်းသားတွေ၊ အထူးသဖြင့် အာရှနဲ့ အာဖရိကကကျောင်းသားတွေများတယ်။ အင်္ဂလိပ်စာသက်သက်သင်တဲ့ကျောင်းသားတွေလဲ ရှိတယ်။ BA. MA (Religion)အတန်းတွေတက်နေတဲ့ကျောင်းသားတွေလဲရှိတယ်။ သူတို့ကတော့ ဆိုင်ရာတက္ကသိုလ်ကြီးတွေနဲ့ ဆက်နွယ်ပြီးတက်ကြရတာ။

အဲဒီကျောင်းမှာ ဗမာပြည်ကကျောင်းသားတွေအတော်များတယ်။ အင်္ဂလိပ်စာသင်ချင်လို့သွားတာ၊ အားလပ်ချိန်ဆို ဗမာအချင်းချင်းတွေ့ပြီး စနုကာထိုးရင်း ဗမာလိုပဲ မှုတ်ကြတော့တာ။ ကချင်ပြည်နယ်ကများတယ်။ အားလုံးခရစ်ယန်တွေချည်းပဲ။ သူ့အဆက်နဲ့သူရောက်လာကြတာ။ ဗုဒ္ဓဘာသာဆိုလို့ ကျနော်ရယ်၊ ဘုန်ုးဘုန်း တစ်ပါးနှစ်ပါးရယ်၊ ဒါပဲရှိတယ်။ ဘုန်းဘုန်းတွေကတော့ အင်္ဂလိပ်စာအတန်းပဲတက်ကြတာပေါ့။ စကားတော့ သိပ်မပြောကြဘူး။ အေးအေးပဲနေကြတာများတယ်။ ကျနော်ကတော့ စကားလဲ နဲနဲပေါတယ်။ ဗုဒ္ဓဘာသာမှန်းလဲသိတော့ ကျောင်းမှာ ဘာသာရေးသင်တဲ့ ကိုးရီးယားအမျိုးသမီး ဆရာမက ကျနော့်ကို ဖိတ်တယ်။ မင်းဗုဒ္ဓဘာသာအကြောင်းပြောနိုင်မလား၊ ငါတို့ဖိတ်ချင်လို့ တဲ့။

ကျနော်လဲ စစချင်းတော့ ငြင်းမယ်လုပ်သေးတယ်။ နောက်ပြီးမှ ကျနော်က ဘာတွေပြောရမှာလဲလို့မေးတော့ ဗုဒ္ဓဘာသာအကြောင်းအနည်းအကျဉ်းပေါ့တဲ့။ သမိုင်းကြောင်းနည်းနည်းရယ်၊ အထူးသဖြင့် ဘုန်းဘုန်းတွေရဲ့ဘ၀နေထိုင်ပုံတွေ သိချင်ပါတယ် တဲ့။ ဘုရား ဘုရား။ ဘယ်နှယ်လုပ်ရပါ့။ ကျနော်လဲ မငြင်းချင်တာနဲ့ ရပါတယ်လို့ ပြောလိုက်တယ်။ ပြောသာပြောလိုက်ရတယ်၊ ဘယ်ကဘယ်လိုစပြောရမှန်း မသိဘူး။ ဒါနဲ့ အဆောင်ရောက်တော့ စာအုပ်တွေဘာတွေလိုက်ရှာ၊ အင်တာနက်မှာ ဟိုနှိုက်ဒီနှိုက်လုပ်ပြီး ပြောမည့်အကြောင်းအရာလေးတွေ မှတ်စုလေးလုပ်၊ ကျောင်းမှာ စာသင်နေတဲ့ ဘုန်းဘုန်းတွေဆီလဲ သိချင်တာလေးတွေမေးရတာပေါ့။

အောက်တို့ဘာလ (၂)ရက်နေ့၊ ညနေသုံးနာရီမှာ ခရစ်ယန်ဘုရားကျောင်းထဲမှာ ကျနော်သိထား၊ ဖတ်ထား၊ မှတ်ထားဖူးတဲ့ ဗုဒ္ဓဘုရားကြောင်း၊ တရားကြောင်းတွေ နင်းကန်ပြောတော့တာပဲ။ နားထောင်တဲ့ ပရိတ်သတ်က သုံးဆယ်ကျော်လောက်ပဲရှိတယ်။ စိတ်ဝင်တစားနားထောင်ကြတယ်ဗျာ။ ဒီအထဲ ရှေ့တန်းမှာထိုင်နေတဲ့ အင်္ဂလိပ်မချောချောလေးတစ်ယောက်က အိပ်ငိုက်နေသေးတယ်။ အော် ပြောရတာ အားရှိအောင်လို့ ထင်ပါရဲ့။ ကျက်ထားတာတွေ ကရားရေလွှတ်ပြောလိုက်တာ တစ်နာရီလောက်ကြာသွားတယ်။ မမေ့အောင်အတင်းပြောရတာဆိုတော့ ဇောချွေးတောင်ပြန်တယ်ဗျို့။

ပြီးလဲပြီးရော မေးခွန်းတွေးမေးချင်လို့ပါတဲ့။ ဗျာ။ မပြီးသေးဘူးလား။ ကျနော်လဲ ဗမာသတ္တိ ခဏခဏမွေးရတယ်။ အထင်သေးမှာစိုးလို့။ အင်မတိအင်မတန် ကြီးကျယ်ခန်းနား ထည်ဝါလှတဲ့ ကျနော်တို့ဗမာလူမျိုးတွေကို အထင်သေးမှာစိုးလို့။ အနော်ရထာ၊ ကျန်စစ်သား။ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို ဦးထိပ်ထားပြီး ဗမာကွ လို့ပြောချင်သေးတာကိုး။ ချွေးတော့ အတော်ထွက်နေပြီ။ ချမ်းအေးတဲ့ အောက်တိုဘာလကြီးနော်။ စဉ်းစားသာကြည့်ပေတော့။

မေးလိုက်တဲ့မေးခွန်းတွေဗျာ။ လူသုံးဆယ်ကျော်လောက်ရှိတာ ကျနော့်အထင် ရောက်စေ့ မေးတယ်ထင်တာပဲ။ အချို့ တစ်ယောက်တည်းနဲ့ နှစ်ခါသုံးခါမေးတယ်။ ဖြေလိုက်ရတာလဲ ဖတ်ဖတ်မော။ ကျနော့်ကို တစ်ခုကယ်လိုက်တာက ကျနော်သင်ထားတဲ့ ဒဿနိကဘေဒ၊ ကျနော်သင်ထားတဲ့ဖီလိုဆိုဖီ။ စာအုပ်ထဲမှာရေးထားတဲ့ ဘာသာရေးအသိမပြည့်ဝပေမဲ့ အကြောင်းယုတ္တိကိုလေ့လာတဲ့ စာပေတွေသင်ထားဖူးတော့ လက်လှမ်းမမီနိုင်တဲ့မေးခွန်းမျိုးကိုတောင် မေးတဲ့လူကျေနပ်လောက်တဲ့ အဖြေပေးနိုင်ခဲ့တယ်။

တစ်ခုကောင်းတာ ဥရောပသားတွေဟာ ဘယ်စာအုပ်က ဘယ်လိုဆိုတယ်ဆိုတာထက် သင်ဘယ်လိုမြင်သလဲ ဆိုတဲ့ သူ့အမြင်ကိုယ့်အမြင်ကို ပိုပြီး အလေးထားကြတယ်။ အဖြေက စာအုပ်ထဲကမဟုတ်တောင်မှ အကြောင်းညီညွတ်ရင် လက်ခံကြတယ်။ ကျနော်လဲ ဒဿနိကဘေဒကျောင်းသားပီပီ မေးသမျှကို ကျနော့်မှာရှိတဲ့ အင်္ဂလိပ်စကားလုံးတွေနဲ့ တတ်နိုင်သလောက်ကြိုးစားဖြေရတာပေါ့။ အတော်လေးကြာလို့ နာရီကြည့်လိုက်တော့ ညနေငါးနာရီကျော်နေပြီ။ ခေါင်းဆောင်လုပ်တဲ့ဆရာကမကြီး(မစ်စ် အာရှ်လေ)က ကိုင်း တော်ကြစို့ဆိုမှ အသက်ကောင်းကောင်းရှူရတော့တာပဲဗျို့။

ပြီးတော့ လက်ခုတ်တွေတီးလိုက်ကြတာ ဘုရားကျောင်းတစ်ခုလုံးဆူညံသွားရုံမကဘူး၊ ကျနော့်အထင် မိုးကောင်းကင်အထက်ကိုပါ ပျံ့လွင့်တက်သွားတယ်လို့ ခံစားလိုက်ရတယ်။ ကျေးဇူးတင်စကားတွေလဲ တစ်ယောက်ပြီးတစ်ယောက်လာပြောကြ၊ နှုတ်ဆက်ကြနဲ့။ ကျနော့်စိတ်ထဲမှာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ဗုဒ္ဓဘာသာတရားအတွက် ငါတစ်ခုခုလုပ်လိုက်နိုင်ပြီလို့ မှတ်ယူလိုက်တယ်။

1 comment:

မေဓာဝီ said...

တော်လိုက်တာ။
တကယ်ချီးကျူးပါတယ်။
အဲဒီတုန်းက ပြောခဲ့တာတွေရယ်၊ သူတို့ရဲ့ မေးခွန်းတွေနဲ့ ကိုမင်းထက်ပြန်ဖြေတာတွေရယ်ကို ရက်ကော့ဒ်လုပ်မထားဘူးလား။