Praying is like a rocking chair - it'll give you something to do, but it won't get you anywhere.
ဆုတောင်းတယ်ဆိုတာ ကျောက်ကုလားထိုင်တစ်လုံးလိုပါပဲ။ သင့်အတွက် လုပ်စရာတစ်ခုခုတော့ ပေးလိမ့်မယ်။ ဒါပေမဲ့ ဘယ်ဆီမှတော့ ပို့ပေးမှာမဟုတ်ဘူး။
ကျနော် သဘောပေါက်သလို မြန်မာအမှုးပြုကြည့်တာပါ။ အဓိပ္ပါယ်ပြန်ရင်တော့ ဘာမှမလုပ်ပဲ ဆုတောင်းနေရုံနဲ့ ဘာမှဖြစ်မလာဘူး လို့ထပ်ဆင့်နားလည်ခံစားမိပါတယ်။ ဘယ်မှရွှေ့မရလောက်အောင်ကို အင်မတန်လေးလွန်းတဲ့ ကျောက်ကုလားထိုင်ကြီး တစ်ခုပေါ်ထိုင်နေရုံနဲ့တော့ ကိုယ်ရောက်ချင်တဲ့နေရာ မရောက်နိုင်သလို မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ သက်ဆိုင်ရာဘုရားတွေရှေ့သွားပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး လို့ဆိုလိုပါတယ်။
သီချင်းတောင်ရှိတယ်မို့လား။ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး ဆိုတာလေ။ အဲဒီသီချင်းကို ပြောင်းဆိုကြည့်ပေါ့၊ ဆုတောင်းနေလို့တော့ ဘာမှဖြစ်မလာဘူး လို့။ ဒီဆုတောင်းတဲ့အလေ့ဟာ လူ့သမိုင်းအစကတည်းက လူသားတွေရဲ့သန္တာန်မှာ အကြောက်တရားကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ဓလေ့တစ်မျိုးလို့ ယူဆရတယ်။ ယနေ့ကမ္ဘာမှာလို သိပ္ပံပညာဆိုတာအသာထား၊ ၀ိဇ္ဇာပညာရပ်ထွန်းကားဖို့တောင် ထောင်စုနှစ်ပေါင်းများစွာ လိုသေးတဲ့ဟိုးရှေးရှေးတုန်းက လူသားတွေဟာ ရေကြည်ရာမြက်နုရာလှည့်လည်သွားလာရင်း တောမှာနေတဲ့လူက တောထဲကသားရဲအန္တရာယ်၊ တောမီးလောင်တဲ့အန္တရယ်၊ တောင်ပေါ်မှာနေတဲ့လူကလဲ တောင်ပြိုတဲ့အန္တရာယ်။ မြစ်ချောင်း၊ အင်းအိုင်အနားမှာနေတဲ့လူကလဲ ရေကြီးတဲ့အန္တရာယ် စတဲ့ ကိုယ့်နေရာပတ်ဝန်းကျင်အလိုက် တွေ့ရလေ့ရှိတဲ့အန္တရယ်တွေကို အကြောင်းပြုပြီးတော့ လူသားတွေရဲ့စိတ်ထဲမှာ အကြောက်တရားဟာ တဖြေးဖြေးနဲ့ နေရာယူလာတယ်။
အဲဒီအကြောက်တရားနေရာဝင်ယူလိုက်တာနဲ့ အကြောက်တရားကိုတော်လှန်တဲ့စိတ်ဟာလဲ ဆန့်ကျင်ဘက်သဘောတရားတစ်မျိုးအဖြစ်နဲ့ တွဲပြီးပါလာတယ်။ ဥပမာ။ အနက်ရောင်အဆင်းရှိတဲ့နံရံကို အဖြူရောင်ဆေးတစ်ချက်သုပ်လိုက်တာနဲ့ အရောင်နှစ်မျိုးရဲ့ဆန့်ကျင်မှုဟာ အလိုလိုပေါ်လာတယ်။ ဒါပေမဲ့ ဖီလိုဆိုဖီမှာတော့ အဖြူရောင်ရဲ့ဆန့်ကျင်ဘက်အရောင်ဟာ ဘာလဲလို့မေးတဲ့မေးခွန်းအတွက် အနက်ရောင်ပါ ဆိုတဲ့အဖြေဟာ မှန်တဲ့အဖြေမဟုတ်ဘူး တဲ့။ အဖြူမဟုတ်တဲ့အရောင်လို့ဖြေမှ မှန်တယ်ဆိုပဲ။ ကပ်တာ ကပ်တာ။ ကြိုက်ရင်လဲ အဲဒါယူပြီး ငြင်းပေါ့။ အဲဒီအကြောင်းကို နောက်အလျှင်းသင့်တဲ့အခါမှပဲ ဆွေးနွေးတာပေါ့။
အကြောက်တရားကို တော်လှန်ဖို့အတွက် လူသားတွေဟာ နည်းလမ်းမျိုးစုံကို သုံးခဲ့ကြတယ် ဆိုရင်ဘယ်သူမှ ငြင်းမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုမျက်မှောက်မှာလဲ ကိုယ့်ကိုယ်ကိုပဲ ပြန်ကြည့်လိုက်ပေါ့။ ကိုယ့်စိတ်ထဲမှာ အကြောက်တရားတစ်မျိုးမျိုးပေါ်လာတဲ့အခါ အဲဒီကလွတ်မြောက်ချင်တဲ့စိတ်ဟာလဲ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာတယ်။ ပြီးတော့ ကျော်လွှားနိုင်မယ့်နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ရှာတော့တာပဲ မဟုတ်လား။ ဒီသဘောတရားဟာ ဘယ်လိုသက်ရှိသတ္တ၀ါမှာမဆို ရှိတယ်လို့ ယူဆနိုင်တယ်။ ဘယ်ခေတ်ဘယ်အခါမှာမဆို အတူတူပဲလို့လဲ ယူဆနိုင်တယ်။ ဒါကြောင့် ဒီသဘောကို ultimate truth ထာဝရသစ္စာ လို့ခေါ်ရတယ်။
နည်းလမ်းကိုရှာတဲ့အခါမှာ ရှာတဲ့လူရဲ့ အသိဥာဏ်အနိပ်အမြင့်အလိုက်ကွာဟသွားနိုင်သလို၊ အကြောက်တရားအားကြီးမှု၊ အားသေးမှုအလိုက်လဲ ကွဲလွဲနိုင်တယ်။ အဲဒါကို အောက်ပါအတိုင်းစဉ်းစားကြစို့။
(၁) အကြောက်တရားအားကြီးပြီး အသိဥာဏ်အားနည်းသောသူ၊
(၂) အကြောက်တရားအားသေးပြီး အသိဥာဏ်အားနည်းသောသူ၊
(၃) အကြောက်တရားအားကြီးပြီး အသိဥာဏ်အားကြီးသောသူ၊
(၄) အကြောက်တရားအားသေးပြီး အသိဥာဏ်အားကြီးသောသူ၊ လေးမျိုးခွဲမှတ်ရအောင်။
တစ်နံပါတ်မှာပါတဲ့လူတွေကတော့ သနားစရာအကောင်းဆုံးလူတွေပေါ့ဗျာ။ အသိဥာဏ်ကလဲနည်း၊ အကြောက်ကလဲကြီးဆိုတော့ အဲလိုလူမျိုးတွေ ဘေးကြုံတဲ့အခါ အကြောက်တရားတအားလွှမ်းမိုးခံရပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုမရှိတဲ့အတွက် သူတို့မှာလုပ်စရာဆိုလို့တစ်ခုပဲ ရှိတော့တယ်။ ဆုတောင်းမှု။ ကိုယ်သန်ရာသန်ရာယုံကြည့်မှုအလိုက် ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ ဒေ၀ါ၊ သိကြား၊ ဗြဟ္မာများနှင့် ဘုရားအကုန် ဘိုးတော်စုံအောင် ပါးစပ်မြှုတ်ထွက်တဲ့အထိ ဆုတောင်းကြတော့တာပဲ။ အဲဒီလို သနားစရာကောင်းတဲ့ လူတွေကလဲအများကြီး။ စိတ်ဓာတ်ကြံခိုင်မှုအားနည်းတဲ့လူတွေဟာ ဒီအုပ်စုထဲမှာပါပြီး ဆုတောင်းတဲ့အလုပ်ကို လုပ်တတ်ကြတယ်။
နှစ်နံပါတ်အမျိုးအစားထဲက လူတွေကတော့ အကြောက်တရားအားသေးပေမဲ့ အသိဥာဏ်ကနည်းလေတော့ အန္တရာယ်ကြုံလာတဲ့အခါ သတ္တိရှိသလိုလိုဘာလိုလိုနဲ့ မဆင်မချင်လုပ်တတ်တယ်။ အန္တရာယ်ရဲ့အတိန်အနက်ကို မစူးစမ်းပဲ ဆင်ကန်းတောတိုးလုပ်မိတဲ့အတွက် ဆိုးကျိုးတွေဟာ အသက်ဆုံးရတဲ့အထိဖြစ်တတ်တယ်။ ဒီလိုလူမျိုးတွေကျတော့ ဆုတောင်းတာတွေ ဘာတွေသိပ်လုပ်မနေတော့ဘူး။ တုန်းတိုက်တိုက်၊ ကျားကိုက်ကိုက် ထလုပ်တတ်တဲ့လူတွေ။ သတ္တိရှိတယ်လို့ယူဆရပေမဲ့ အသိဥာဏ်မပါတဲ့အတွက် အကျိုးမရဖြစ်တတ်တယ်။
သုံးနံပါတ်ထဲပါတဲ့ လူတွေမှာတော့ အားကြီးမှုနှစ်ခုပြိုင်ပြီးဖြစ်နေတယ်။ ဒီလိုလူတွေ အန္တရာယ်ကြုံလာတဲ့အခါ အသိဥာဏ်အားကြီးပေမဲ့ အကြောက်တရားလွှမ်းမိုးနေလို့ ဆုံးဖြတ်ချက်မမှန် မကန်ဖြစ်တတ်တယ်။ ပိုဆိုးတာက အကြောက်တရားလွှမ်မိုးမှုကြောင့် ဆုတောင်းတာတွေကိုလဲ လက်မလွှတ်နိုင်ဘူး၊ အသိဥာဏ်ရှိတဲ့အတွက် ကိုယ်ပိုင်နည်းကိုလဲ သုံးလိုက်ချင်သေးတယ်။ အဲဒါနဲ့ ဟိုဟာလိုလို ဒီဟာလိုလိုဖြစ်ပြီး နောက်ဆုံး ဘာမှမဖြေရှင်းလိုက်နိုင်ပဲ ဆိုးကျိုးနဲ့ပဲ ရင်ဆိုင်ရတတ်တယ်။
နောက်ဆုံးလေးနံပါတ်ထဲပါတဲ့လူကတော့ အန္တရာယ်ကြုံရတဲ့အခါမှာ ခေါင်းအေးအေးထားပြီးတော့ စဉ်းစားနိုင်တယ်။ ဘာ့ကြောင်လဲဆိုတဲ့ အကြောင်းကိုလဲ ရှာတယ်။ ဘယ်လိုအန္တရာယ်မျိုးကို ဘယ်လိုနည်းနဲ့ရင်ဆိုင်ရင်တော့ လွတ်မြောက်နိုင်တယ် လို့နည်းလမ်းကိုလဲ ရှာတယ်။ ဒီလိုလူမျိုးတွေအတွက် ဆုတောင်းတယ်ဆိုတာ ရယ်စရာကောင်းတဲ့ ပျက်လုံးတစ်ခုသာသာပါပဲ။ ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မိမိအသိဥာဏ်ကို ချိန်ခွင်ညီအောင်သုံးတတ်တယ်။ သေချာတာကတော့ အဖြစ်အပျက်တစ်ခုခုတိုင်းမှာ နောက်ခံအကြောင်းရှိတယ် ဆိုတဲ့အယူအဆကြောင့် အဲဒီအကြောင်းကို မရမကရှာပြီးတော့ ရင်ဆိုင်တယ်။ ၉၉% ရာခိုင်နှုံးဟာ သူတို့အတွက် အကျိုးတရားတွေချည်းပါပဲ။
အဲဒီတော့ ကျနော်ပြောခဲ့တဲ့အတိုင်းပေါ့။ ဆုတောင်းတယ်ဆိုတာ ဘယ်လိုလူတွေလုပ်တဲ့အလုပ်လဲဆိုတာ နားလည်သဘောပေါက်လောက်ပါပြီနော်။ ကိုယ်ဘာလိုချင်လဲဆိုတာကို တိတိကျကျအဖြေရအောင် စဉ်းစားပြီးတော့
(၁) အချိန်ဘယ်လောက်ပေးရမလဲ၊
(၂) ဘယ်လောက်အထိ အားစိုက်ရမလဲ၊
(၃) ဘယ်သူ့အကူအညီကို ယူရမလဲ၊
(၄) ငါ့ရဲ့အစွမ်းက ဘယ်လောက်ရှိသလဲ၊ ဆိုတဲ့မေးခွန်းတွေကို တစ်ခုချင်းစီ အတိအကျ အဖြေရအောင်ဖြေနိုင်တဲ့အခါ
ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို သေချာပေါက်ရောက်နိုင်ပြီလို့ ကျနော်ပြောရဲပါတယ်။ ဆုတောင်းနေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဗျာ။ ကိုယ့်ကိုယ်ကိုဆန်းစစ်ကြည့်ပေါ့။ ငါ ဘယ်အုပ်စုထဲမှာ ပါသလဲ လို့။
2 comments:
ဆုတောင်းခြင်းရဲ့ အဓိပယ်ကိုသိခွင့် ရလို့...ကျေးဇူးတင်ပါတယ်..
ဆုတောင်းခြင်းရဲ့ အဓိပယ်ကိုသိခွင့် ရလို့...ကျေးဇူးတင်ပါတယ်..
Post a Comment