Thursday, October 23, 2008

ဒုတိယပါမြူဒါ တြိဂံ (သို့) လျှို့ဝှက်ကြောင်သင်္ချိုင်း


ကျနော် ငယ်ငယ်လေးတုန်းက ကြောင်ကလေးတစ်ကောင်ကို ကျနော်တို့အိမ်မှာ မွေးခဲ့ဖူးတယ်။ အဒေါ့်အိမ်မှာ မွေးတဲ့ကြောင်ကလေး ငါးကောင်ထဲက အ၀ါရောင်ကြောင်ထီးလေး တစ်ကောင်တောင်းပြီးတော့ အိမ်မှာမွေးထားတာ။ ကျနော် သိပ်ချစ်တဲ့ကြောင်လေးပေါ့။ ကျောင်းကပြန်ရောက်တိုင်း ကျနော့်ကြောင်လေးကို အရင်ဆုံးလိုက်ကြည့်တယ်။ ဒီကောင် ဘယ်ချောင် ရောက်လို့ ဘယ်ဆီသွားပုန်းနေလဲပေါ့။ ကြာလာတော့လဲ တစ်ဦးပေါ်တစ်ဦးသံယော်ဇဉ်ဖြစ်ရတယ် လို့ပြောရတဲ့အထိပါပဲ။

ကြောင်ကလေးဟာ ဟိုပြေးလိုက်၊ ဒီလွှားလိုက်၊ ကြွက်ဖမ်းလိုက်၊ ကျနော်ကျောင်းက ပြန်လာရင် ကျနော်နဲ့ဆော့လိုက်နဲ့ အိမ်မှာ သိပ်ပျော်နေပုံရပါတယ်။ ကျနော့်ညီမလေးတွေလဲ သူ့ကိုသိပ်ချစ်ကြတယ်။ အဲဒီတုန်းက ကျနော့်အသက် မှတ်မှတ်ရရ ဆယ့်တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ တစ်ညနေ ကျနော်ကျောင်းက ပြန်ရောက်တဲ့အချိန် ထုံးစံအတိုင်း ကျနော့်ကြောင်လေးကို လိုက်ရှာတာပေါ့။ ဘယ်ဆီဘယ်ဝယ်ရောက်နေတယ် မသိပါဘူး။ ဘယ်မှာမှ လိုက်ရှာလို့မတွေ့ဘူး။ နောက်ဆုံးတော့ လက်မြှောက်လိုက်ရတယ်။ စိတ်ထဲမှာတော့ အတော့်ကို မကောင်းဖြစ်နေမိတယ်။ ကျနော်က နုနယ်တဲ့နှလုံးသားနဲ့ ကလေးလေးပဲရှိသေးတယ်မို့လား။

ကျနော်အိမ်နဲ့ကပ်ရက်မှာ အိမ်တစ်ဆောင်ရှိတယ်။ အိမ်နီးနားချင်းပေါ့။ ကျနော့်မိဘတွေနဲ့ ဆွေမျိုးတွေလို ခင်မင်ရင်းနှီးကြတဲ့ သူတွေပါ။ အဲဒီအိမ်မှာ ညီအကို သုံးယောက်ရှိတယ်။ ကျနော့်ကိုလဲ သူတို့ညီလေး တစ်ယောက်လို ခင်မင်ကြပါတယ်။ ညဘက်ရောက်တော့၊ ကျနော်မှတ်မိသေးတယ်၊ ည ရှစ်နာရီခွဲလောက်ရှိမယ်။ အဲဒီအိမ်က ကြောင်အော်သံကြားရတယ်။ အော်တာမှ စူးစူးရှရှ နာနာကျင်ကျင် အော်သံကြီး။ ကျနော်လဲ ဒီအသံဟာ ငါ့ကြောင်လေးအော်တဲ့ အသံများလားဆိုပြီးတော့ ဘာဖြစ်နေလဲ သိရအောင် အဲဒီအိမ်ပေါ်တက်ပြေးသွားတယ်။

မြင်ရတဲ့မြင်ကွင်းကြောင့် ကျနော့်အသဲကြွေလုမတတ် ခံစားလိုက်ရတယ်။ ရက်စက်လိုက်ပါဘိ။ ကျနော်သိပ်ချစ်တဲ့ ကျနော့်ကြောင်လေးကို ဂုန်နီအိပ်ထဲထည့်၊ အ၀ကို ကြိုးနဲ့စည်းပြီးတော့ ပိတ်ထားတယ်။ ပြီးတော့ သူတို့အိမ်က ဒေါ်ညွှန့်ဆိုတဲ့အဘွားကြီးသနပ်ခါးသွေးလိမ်းတဲ့ ကျောက်ပြင်ကြီးနဲ့ အသကုန် ထုသတ်နေတာ။ ထုသတ်တဲ့လူက အဲဒီအိမ်က ညီအကိုသုံးယောက်ထဲက ၀င်းဖေဆိုတဲ့ အလတ်ကောင်။ ကြောင်ဆိုတာ တော်တော်သတ်ရခက်တဲ့ကောင်မို့လား။ ကျနော်ရောက်သွားတဲ့အထိ ကြောင်က မသေသေးဘူး။ ကျနော်လဲ ကျနော့်ကြောင်မှန်းသိတော့ ဟာ--အကို မလုပ်ပါနဲ့ အဲဒါကျနော့်ကြောင်လေးပါ ဆိုတော့ မောင်မင်းကြီးသားလဲ ဆက်မထုတော့ဘူး။

ဂုန်နီအိပ်ကြိုးစကို ဖြေပေးလိုက်တယ်။ ပြောလို့မကောင်းပါဘူးဗျာ။ ကျနော့်ကြောင်လေးခမြာ ခြေထောက်တစ်ဘက်လုံးဝကျိုးနေပြီ။ တစ်ကိုယ်လုံးလဲ သွေးတွေ ရွှဲရွှဲစိုလို့။ ကျနော်လဲ အဲဒီမှာတင်၊ ဘာမှမမြင်တော့ဘူး။ ကလေးပီပီ အတင်းငိုတော့တာပေါ့။ တွေးမိရင် ကျနော့်အတွက်တော့ အခုထိ စိတ်ထိခိုက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကျနော်လဲ မသန်မစွမ်းဖြစ်သွားရှာတဲ့ ကြောင်လေးကို အိမ်မှာပဲ ဆက်ပြီးစောင့်ရှောက်ထားလိုက်တယ်။ သိပ်မကြာပါဘူး။ နောက်တစ်လလောက်ကြာတော့ တရှောင်ရှောင်နဲ့ သေသွားရှာတယ်။ အဲဒီကတဲက ကျနော် ဘယ်တော့မှ ကြောင်မမွေးတော့ဘူး။ နောက်တစ်ခါ အဲဒါမျိုးကြုံရင် မခံစားနိုင်လို့။

ဒီနေ့အင်တာနက်မှာ သတင်းလိုက်ဖတ်ရင်းနဲ့ AFP သတင်းတစ်ပုဒ်မှာ ရေးထားတာကို သွားဖတ်မိတယ်။ သတင်းထဲမှာ ကျနော့်လို ခံစားနေရတဲ့ ကြောင်ပိုင်ရှင်တွေရဲ့ ရင်ဖွင့်သံတွေ ကြားသိလိုက်ရတယ်။ ဖြစ်ပုံက ဒီလိုတဲ့---

အင်္ဂလန်နိုင်ငံထဲက Stourbridge စတာ့ဘရစ်ခ်ျလို့ခေါ်တဲ့ မြို့ငယ်လေးတစ်မြို့မှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က စပြီး အိမ်မှာ အချစ်တော်မွေးထားတဲ့ ကြောင်ဦးရေ အကောင် (၄၀)လောက်ဟာ အခုထိ သဲလွန်စ တစ်စုံတစ်ရာ ရှာမရပဲနဲ့ ပျောက်ဆုံးနေပါ သတဲ့။ The Royal Society for the Prevention of Cruelty to Animals (RSPCA) လို့ခေါ်တဲ့ တိရစ္ဆာန်တွေအပေါ်ရက်စက်မှုတားဆီးရေး တော်ဝင်အသင်းကြီးကလဲ အဲဒီကိစ္စကို ဒေသခံပုလိပ်တွေနဲ့ ပူးပေါင်းပြီး ဖေါ်ထုတ်ဖို့ ကြိုးစားနေတယ် လို့ဆိုပါတယ်။ သတင်းစာတွေကတော့ အဲဒီဒေသကို (Purr-muda Triangle) ပါမြူဒါ တြိဂံလို့ မှည့်ထားကြလေရဲ့။

ကြောင်ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းမှုတွေမှန်သမျှကို စစ်ဆေးကြည့်တော့လဲ ဘာကြောင့်ဘယ်လိုပျောက်ဆုံးရတယ်ဆိုတဲ့ အထောက်အထားတစ်စုံတရာမရပဲ ဖြစ်နေလို့ ဒီအမှုဟာ စုံစမ်းဖေါ်ထုတ်ဖို့ အတော်လေး ခက်ရာခဲဆစ်ဖြစ်နေတယ် လို့ သက်ဆိုင်ရာပုလိပ်အရာရှိက ပြောပါတယ်။ ဒေသထဲမှာ အဲဒီအမှုမျိုး နောက်ထပ်အသစ်တစ်ခုထပ်ဖြစ်ခဲ့ရင်တော့ သဲလွန်စ မရရအောင်လိုက်ရှာဖို့ကိုလဲ ဆုံးဖြတ်ထားကြပါပြီ တဲ့။

အဲဒီ စတာ့ဘရစ်ခ်ျ မှာနေတဲ့ (Julie Wootton) ဂျူလီ ၀ုတန် ဆိုတဲ့ အမျိုးသမီးကြီးကတော့ မနှစ်က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ အသက် (၁၅)နှစ် အရွယ်ရှိ သူ့ကြောင်ကြီး (Norman) နော်မန်ကို လိုက်ရှာဖို့ အဖွဲ့လေးတစ်ခု ဖွဲ့စည်းထား ဆိုပဲ။ ကျမတို့ဆီမှာ ကြောင်တွေတစ်ကောင်ပြီးတစ်ကောင် ပျောက်ခြင်းမလှပျောက်ပျောက်နေလို့ ဆက်မွေးဖို့တောင် မရဲတော့ပါဘူး။ အစားလဲ မထိုးချင်ဘူးလေ။ နောက်ထပ်တွေ့ရမယ့် နှလုံးနာကျင်မှု ဒဏ်ကို မခံစားနိုင်တော့လို့ပါ လို့ သူမက ဆက်ပြောပါတယ်။

ကျနော်လဲ အဲဒီသတင်းဖတ်ပြီး ငယ်ငယ်တုန်းက ချစ်ခဲ့ဖူးတဲ့ ကျနော့် ကြောင်လေးကို သတိရလိုက်မိတယ်။ အော် သံယောက်ဇဉ်ဆိုတာ လူလူချင်းတင်မကဘူး၊ တိရစ္ဆာန်လေးတွေအပေါ်မှာလဲ ထားမိရင် ရင်ပူရတဲ့အထိ ခံစားရတယ်ဆိုတာကို ကျနော် မှတ်မှတ်သားသား နားလည်လိုက်မိပါတယ်။
(http://uk.news.yahoo.com/18/20081023/tuk-charity-concerned-over-mystery-of-va-a7ad41d.html) သတင်းကို အခြေခံ တင်ပြပါသည်။

No comments: