Wednesday, October 8, 2008

အင်္ဂလိပ်ပေါင်မုန့်နဲ့ ဗမာငါးပိကြော်


ကျနော်အင်္ဂလန်ရောက်စတုန်းက မနက်အိမ်ယာထတဲ့အခါ ညတုန်းကကျန်တဲ့ ထမင်းချမ်းလေးနဲ့ ရှိတဲ့ဟင်းလေးတွေ နွေးစားပြီး ကျောင်းပြေးရတယ်။ ပြောမယ်ဆိုရင် ဗမာထမင်းဟင်းကို ဗမာလိုစားပြီး အင်္ဂလိပ်ကျောင်းသွားတက်ရတယ်။ နောက်ပိုင်းတော့ အဲလို ချန်ထား၊ ပြန်စားလုပ်ရတာကို ပျင်းသလိုလို၊ ညီးငွေ့သလိုလိုဖြစ်လာလို့ ဒိရှေ့တော့ အင်္ဂလိပ်နဲ့တူအောင် အင်္ဂလိပ်လိုပဲ စားတော့မယ်ဆိုပြီး ပေါင်မုန့်တွေ၊ မာဂျရင်းတွေ အဆင်သင့်ဝယ်ထားလိုက်တယ်။ မနက်အိပ်ယာကနိုး၊ မျက်နှာသစ်ပြီးတာနဲ့ ပေါင်မုန့်နှစ်ချပ်ကို မီးကင်၊ မာဂျရင်း ထူထူသုပ်ပြီး ကော်ဖီပူပူတစ်ခွက်နဲ့ အားရပါးရလွှေးတော့တာပဲ။ အဲဒါနေ့စဉ်မနက်စာ ဖြစ်သွားတယ်။

ဒါနဲ့ အင်္ဂလိပ်စာစားပြီး အင်္ဂလိပ်ကျောင်းတက်တဲ့ ကျောင်းသားဖြစ်သွားပြန်ရော။ အဲဒါမှပဲ အဆင်ပြေသွားတော့တယ်။ ဘာလို့လဲဆိုတော့ ကျောင်းရောက်တဲ့အခါ အတန်းဖေါ်တွေကဖြစ်စေ၊ ဆရာကဖြစ်စေ မေးတတ်တယ်။ မင်းထက် ဒီမနက်ဘာတွေစားလာခဲ့လဲပေါ့။ နဂိုကတော့ အဲလိုမေးရင် ဖြေရသိပ်ခက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်စားခဲ့တာတွေက ထမင်းချမ်း၊ ငါးပိကြော်။ လက်ဘက်သုတ် စတဲ့ ဗမာအစားအစာတွေ။ သူတို့နားလည်အောင် ဘယ်လိုပြောရမှန်းမသိဘူး။ ကြိုးစားရှင်းပြတော့လဲ သိပ်နားမလည်ကြဘူး။ နားမလည်ဘူးဆိုတာထက် ကျနော်ပြောတဲ့စကားလုံးတွေဟာ သူတို့မျက်စိထဲမှာ ပုံစံအနေနဲ့ ပေါ်မလာကြဘူး။ သူတို့ရဲ့ မနက်စာမှ မဟုတ်ပဲကိုး။ အခုတော့ လာခဲ့။ ရှင်းရှင်းလေးပဲ။ ပေါင်မုန်နဲ့ ကော်ဖီ။ ပီးပီ။ သိပ်လွယ်ပါ့။

ဒီလိုနဲ့တက်လာလိုက်တာ ကျနော်အင်္ဂလိပ်စာတတ်/မတတ်တော့မသိဘူး။ အချိန်အားဖြင့် တစ်နှစ်တိတိကုန်သွားတယ်။ ငွေကတော့ မပြောနဲ့တော့။ မာဂျရင်းသုပ်ထားတဲ့ပေါင်မုန့်မီးကင် နှစ်ချပ်နဲ့ ကော်ဖီတစ်ခွက်ကတော့ အစဉ်အလာမပျက်၊ မင်္ဂလာမနက်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့မနက်တုန်းကတော့ ကျနော့်ရဲ့ဘလောဂ်စာမျက်နှာကို တိုးစေမယ့် အဖြစ်အပျက်ကလေးတစ်ခု မှတ်မှတ်သားသား ရလိုက်တယ်။ ပေါင်မုန့်နှစ်ချပ်ကို မီးကင်ပြီးတော့ မာဂျရင်းသုပ်မယ်လဲ လုပ်ရော၊ ဗူးထဲပြောင်တလင်းခါနေတာပဲ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးတွေ လာချီးမြှောက်သွားတယ် ထင်ပါရဲ့။

ဒါနဲ့ ဘာနဲ့စားရရင်ကောင်းမလဲ စဉ်းစားကြည့်တော့ သူငယ်ချင်းတစ်ယောက်ဆီကို သူ့အိမ်ကပို့လိုက်တဲ့ ငါးပိကြော်ဗူးကြီး မျက်စိထဲမြင်ယောင်လာတာကိုး။ ဟာ ဟုတ်ပြီ။ ဒီတစ်ခါတော့ ကိုတွတ်ပီတို့အပွပဲဆိုပြီး ငါးပိကြော်ဗူးကို ဖွင့်။ ပေါင်မုန့်တစ်ချပ်ကို ပန်းကန်ပြားပေါ်တင်၊ ဗူးထဲကငါးပိကြော်ကို ဟင်းစားဇွန်းနဲ့ ကလော်ပြီး ပေါင်မုန့်ပေါ်မှာ ခန့်ပါးပါး အုပ်ခင်းလေးခင်း။ နောက်ထပ်ပေါင်မုန့်တစ်ချပ်ကို အပေါ်ကအုပ်။ ဆန်းဒွင့်ခ်ျ ဖြစ်သွားရော့။ အင်္ဂလိပ်စာဖြစ်အောင်လုပ်ရတာ။ လွယ်မှတ်နေ။ ပြီးမှ ကော်ဖီတစ်ခွက်ဖျော်ပြီး ဘေးမှာ အသာထား။ ငါးပိကြော်နဲ့ဆန်းဒွင့်ခ်ျလုပ်ထားတဲ့ ပေါင်မုန့်ကို လက်နှစ်ဘက်နဲ့ အသာကိုင်ပြီး (အသာမကိုင်ရင် ငါးပိကြော်တွေ အ၀တ်အစားပေါ်ကျလာနိုင်တယ်။)ပါးစပ်ထဲ သွပ်ရတာ။

ဟာ့---။ ကောင်းလိုက်တဲ့အရသာဗျား။ အင်္ဂလိပ်ပေါင်မုန့်နဲ့ ဗမာငါးပိကြော်က အတော်လိုက်တဲ့ အတွဲပါလားဆိုတာ အခုမှပဲ နဖူးတွေ့ဒူးတွေ့ သိရတော့သကိုးဗျာ့။ မိတ်ဆွေတို့လဲ ကြုံရင် အဲလိုငါးပိကြော်ဆန်းဒွင့်ခ်ျလုပ်စားကြည့်၊ သိပ်ကောင်းပဲဗျို့။ အဲဒီကျမှပဲ ကျနော်ငယ်ငယ်တုန်းက ကျနော်တို့ရွာက ဘကြီးဘုန်းကြီးပြောတာ သွားသတိရတော့တယ်။

ကျနော်တို့ဘကြီးဘုန်းကြီး နေမကောင်းဖြစ်လို့ ရန်ကုန်လာပြီးဆေးကုတာ။ ဆေးရုံမှာတစ်ပတ်လောက်နေပြီး ပြန်ဆင်းလာတယ်။ ရွှေတိဂုံဘုရားနားမှာရှိတဲ့ ကျနော်တို့မောင်းမကန်ရွာက ကျောင်းတစ်ကျောင်းမှာ အနားယူနေတယ်။ ကျနော်လဲဘကြီးဘုန်းကြီးလိုအပ်တာလေးတွေ လုပ်ပေးကိုင်ပေးရင်း အနားမှာပဲနေနေတယ်။ တစ်ရက်တော့ နေ့လည်စာစားခါနီး ကြောင်အိပ်ထဲက ပန်းသီးတွေယူပြီးခွဲခိုင်းတယ်။ ပြီးတော့ဗျာ ဆွမ်းပွဲပေါ်မှာရှိတဲ့ ငါးပိထောင်းနဲ့ အဲဒီပန်းသီးတွေကို မြှုတ်မြှုတ်ပြီး ဘုန်းပေးလိုက်တာ၊ အားရပါးရပဲ။ ပြီးတော့ အမိန့်ရှိလိုက်သေးတယ်။ မင်းလဲ စားကြည့်တဲ့။ အရသာသိပ်ကောင်းတယ် တဲ့။ ကျနော်ကတော့ တွေးလိုက်ပါတယ်။ အော် နလံထမို့ထင်ပါရဲ့လို့။

တစ်ခါတလေတော့လဲ အဲဒီလို့ အစပ်မတည့်ဘူးထင်ပြီး ခွဲထားခံရတဲ့ အစားအသောက်တွေဟာ မိဘသဘောမတူလို့ ကွဲနေရတဲ့ လင်မယားနှစ်ယောက်လိုပဲ မတွေ့လိုက်နဲ့၊ တွေ့လိုက်ပြီဆိုတာနဲ့----။ အရသာရှိပုံကို ပြောပါတယ်။ မိတ်ဆွေတို့လဲ မယုံရင် စားကြည့်။

1 comment:

Unknown said...

har
bro ka lae
pout tet ka ya a yan yae tar bae byar