အလင်းတန်း

Monday, August 24, 2015

အင်း ကိုယ့်အလင်းတန်းရွာလေးလည်း ရေကြီးတဲ့အထဲ ပါသွားလိုက်တာ လူသူအရောက်အပေါက်တောင် မရှိတော့ပါကလား
သူကြီးလည်း  ရွာပြန်မလာနိုင်တော့ အထီးကျန်လှချည့်
ဆရာလေးမောင်သောကြာတစ်ယောက်တော့ ပြန်လာနိုင်ကောင်းပါရဲ့

Monday, January 20, 2014

သားကျောင်းခြင်း

ခွေးကျောင်းနွားကျောင်း
ဆိတ်ကျွဲကျောင်းနှင့်
သားကျောင်းတဖြာ
ကျောင်းများစွာတွင်
သားမှာခဲဆစ်
ခဲယာဖြစ်၏
ဟိုပြေးဒီဝင်
ဆွဲကာငင်လျှက်
ငိုလျှင်ချော့ရာ
ရှူရှူးမှာလည်း
မကြာခဏ
ပေါက်ကာချသေး
မုန့်ဆိုင်ပြေးမူ
နောက်လိုက်ပူလော့
မုန့်ဟူသမျှ
လက်ညှိုးဝတွင်
သူမြင်တိုင်းထိုး
စားမရိုးတည့်
သွားကျိုးလျှင်ခက်
စားမပျက်ဘူး
စားလျှက်ဆော့ကာ
သူမောပါမူ
သူ့မှာချိုချို
အငတ်ပို၏
သူ့လိုကိုလိုက်
သူ့ကြိုက်ဆောင်လည်း
မကြိုက်ခါခါ
ရှိသည်သာကြောင့်
သားတစ်ယောက်မွေး
အိမ်ထောင်ရေးတွင်
အတွေးလည်းပူ
အရေးပူရာ
များစွာသားမွေး
အိမ်ထောင်ရေးတို့
မတွေးမ၀ံ့
ရွံ့တွံ့တွံ့ရှင့်။

Saturday, January 18, 2014

အမေ


မရှိတော့တဲ့အမေ
 ..........................
ငယ်စဉ်တောင်ကျေး
ကလေးဘ၀မှာ
အမေ့မျက်နှာ
ငေးကာမော်ကြည့်
ငါပျော်မိခဲ့။
ဒုက္ခဟူသမျှ
အမေကသာ
ရှေ့မှာရပ်တည့်
ငါမသိအောင်
ဖုန်းဖိကွယ်ကာ
နေပေးရှာခဲ့။
သူ့သားသမီး
ခရီးရှေ့ရေး
အစဉ်တွေးကာ
မဆွေးသောချစ်
မအေးသောရင်
စဉ်ပူပင်လျှက်
နေ့စဉ်လုပ်ငန်း
သူမပန်းခဲ့။
အော်...အခုတော့
ဒီမြေမှာ ဒီမေမနေတော့ပြီ
ဒီရေကို ဒီမေမသောက်တော့ပြီ
အမေဘယ်ပျောက်
မျက်စိအောက်မှာ
မေပျောက်ရှာသူ
ငါ့တူညီမ
ဒို့ဘ၀တွေ
ဘယ်လိုနေလဲ
အမေ သိချင်နေမှာပဲ။
 ============================
ရှိနေဆဲအမေ
...................................
တစ်ပုဒ်တည်းသောတေးသွား
ညီးတွားရင်းအိပ်ယာဝင်
အမေ့ရင်ခွင်ထဲ
တိုးဝင်အိပ်စက်
ဆောင်းအိပ်မက်လည်း မမက်ခဲ့ဖူး။
တစ်ထည်တည်းသောခြုံစောင်
လုံအောင်မနွေးစေနိုင်လင့်
အမေ့ရင်ကအနွေးဓာတ်
 မပြတ်ရတဲ့ငါ
ဆောင်းမှာလည်းနွေးမပျယ်
ခေါင်းမှာလည်း တွေးမကြယ်
အိပ်ယာထဲကွေးလို့ကောင်းခဲ့။
အမေ့ရဲ့အသံ
အမေ့ရုပ်ရည်
ငါကြားငါမြင်
ငါ့ရင်ကဘယ်မပျောက်
အမေဘယ်ရောက်ရောက်ပေါ့
အမေဟာ ငါ့အတွက်
ထာဝရပါပဲ။

(သူငယ်ချင်းနတ္ထိအတွက် အမှတ်တရ)


 
 


Sunday, January 12, 2014

သားလေး

သားတို့ရုပ်ရည်
သီတာမည်သား
ရေကြည်ချမ်းမြ
တစ်ပေါက်ကျက
မိဘတို့ဝမ်း
ငြိမ်းစတမ်းဟု
ရှေးရတုရှင်
စာဆိုခင်တို့
အစဉ်ဟစ်ကြွေး
ဆိုခဲ့ပေးသည်
ဘယ်အေးဘယ်မှာ 
မီပါအံ့

Thursday, February 10, 2011

ရင်ကြားစေ့ခြင်းသဘော


Let us never negotiate out of fear. But let us never fear to negotiate.

John F. Kennedy (1917-1963)

ကြောက်လို့ စေ့စပ်ဆွေးနွေးရတာမျိုး မဖြစ်စေနဲ့။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးဖို့ ကြောက်နေတာမျိုးလည်း မဖြစ်စေနဲ့။

(ဂျွန်အက်ဖ် ကနေဒီ)




Wednesday, February 9, 2011

ရှောင်ရန် ဆောင်ရန် သမီးများ


ဒီကနေ့ အလန်းတန်းရွာက ကျောင်းဆရာလေးမောင်သောကြာတစ်ယောက် ပျင်းပျင်းရှိသည်နှင့် အဖိုးနှစ်ဖေါ်ရှိရာ ရွာဦးကျောင်းတောင်ပေါ်ဘုရားသို့ ရောက်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း အဖိုးနှစ်ယောက်မှာ လောကရေး ဓမ္မရေး ဆွေးနွေးငြင်းခုံရင်း သူတို့၏လက်ကျန်ဘ၀သက်တမ်းကို ဘုရားရိပ်တရားရိပ်မှာပင် ကုန်လွန်စေနေကြသည်။ အဖိုးနှစ်ဦးနှင့်စကားပြောရသောအခါမှာဖြစ်စေ၊ ယင်းတို့ဆွေးနွေးသည်ကို နားထောင်ရသောအခါမှာဖြစ်စေ ကျောင်းဆရာလေး မောင်သောကြာအတွက် ဗဟုဿုတရဖွယ်အလီလီပင် ဖြစ်နေတော့ရကား အိမ်မှုကိစ္စ၊ ကျောင်းကိစ္စတွေပစ်ပယ်ကာ အဘိုးတို့နှင့်သာ အတူလာနေလိုက်ချင်တော့သည်ဟု မောင်သောကြာမကြာခဏအတွေးပေါက်နေမိသည်။

သို့သော်လည်း ငယ်ရွယ်သေးသော ကျောင်းဆရာလေးခမျာမှာ လူငယ်တို့ဘာသာဘာဝ ဖြစ်ပေါ်တတ်သော လောကီသားတို့၏ ယိုးတိုးရွတစိတ်ကိုလည်း ထိမ်းသိမ်းနိုင်စွမ်းနည်းပါးနေသေးလေရာ စိတ်နောက်ကိုယ်ပါ ပျိုကညာထိုထို၏ အပိုအလိုမရှိ အလှတွေကိုမူးရစ်မိသဖြင့် စိတ်ညစ်ညစ်နှင့် တောင်ပေါ်ဘုရားသို့ ရောက်လာရပေတော့သည်။ ဘုရားရိပ်တရားရိပ်ကို နင်းမိလင့်ကစား အရင်းထိနေတဲ့ချစ်စိတ်ကို မတွန်းလှန်နိုင်သဖြင့် ငိုင်တိုင်တိုင်အပူရုပ်ကို အမူလုပ်ဟန်ဆောင်ကာသွားပေမင့် သမုဒယကုန်သဖြင့် သုတစုံဝင့်ထည်နေတဲ့ အဖိုးနှစ်ယောက်တို့ရှေ့ ရောက်သောအခါ အကင်းပါးလှသော အဖိုးတို့၏အကဲခတ်မှုကိုမူ မကျော်လွှားနိုင်ခဲ့တော့ချေ။

ဦးတင်။ ဟေး မောင်သောကြာ မင်းလည်းမလာတာ အတော်ကြာနေပေါ့လကွာ၊ ဘယ်နှယ်လည်း ကိစ္စ၀ိစ္စတွေ တော်တော်များနေတယ်ပေါ့ ဟုတ်လား။ နို့ ဒါနဲ့ မင်းကြည့်ရတာ ငိုင်တိုင်တိုင်နဲ့ ဧကန္တတော့ မင်းထိနေပြီထင်တယ်နော်။

ဦးရှင်။ အေးဟေ့ ငါလည်း မင်းမြင်ကတည်းက သတိထားမိတယ်။ ရွှင်ရွှင်ပြပြမရှိလှတဲ့မင်းရုပ်က ဧကန္တတော့ ကြင်ကြင်နှမနဲ့ လွဲလွဲနေတာများလား ငါ့မြေးရ။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဘမျိုး ဘိုးမတူဖြစ်တဲ့ ကျနော့်ကိုယ် ကျနော်ပဲ အပြစ်တင်ရတော့မှာပေါ့ အဘိုးတို့ရာ၊ ချိန်လိုက်ရင်း လွဲရင်း လွဲရင်းနဲ့ ကျနော်လည်း ကြာတော့တွတ်ပီသေနတ်လို ဖြစ်နေပြီဗျာ့။

ဦးတင်။ ဟားဟားဟား...........ထင်တော့ထင်သား၊ ငါ့မြေးတော့ တစ်ခုခုတော့ ဖြစ်နေပြီလို့။ နို့ နေစမ်းပါဦး၊ မင်းအဖြစ်အပျက်လေးလည်း ပြောပါဦးကွာ့။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဇာတ်လမ်းကရှည်ပါတယ် အဘိုးရာ၊ တိုတိုပြောရရင်တော့ ကျနော်ကြိုက်တဲ့ကောင်မလေးက သိပ်မရှင်းချင်ဘူး။

ဦးရှင်။ မင်းကလုပ်ပြီ၊ ဘယ်လိုမရှင်းတာလဲ၊ ရှင်းစမ်းပါဦး။

သောကြာ။ မရှင်းတာကို ရှင်းရရင်တော့ ပြီးမှာမဟုတ်ပါဘူး အဘိုးရာ၊ သူက ရှုပ်တယ်ဗျာ့။

ဦးတင်။ ဟာ့ ငါ့မြေးရ...မရှင်းဘူးဆိုမှတော့ ရှုပ်တယ်ဆိုတာ ငါ့တို့လည်း သိပါတယ်ကွာ့။ မင်းစကားကလည်း ပြောလေ ရှုပ်လေပါလား။

ဦးရှင်။ ရှုပ်လို့မရှင်းတာပေါ့ မောင်တင်ရ၊ ကဲ မောင်သောကြာ မင်းစကားက လိုရင်းမရောက်ဘူး။ အဲဒီမရှင်းပဲ ရှုပ်တဲ့ မင်းကောင်မလေးအကြောင်း ပြောစမ်းပါဦး။

သောကြာ။ ဒီလိုပါအဘိုး၊ သူက ကျနော့်ကိုလည်း လက်မလွှတ်ချင်ဘူး၊ ပြီးတော့ တခြားတစ်ယောက်နဲ့လည်း မကင်းမကင်း လုပ်နေတယ်။ အဲဒါကို ကျနော်စိတ်ပျက်တာပါ။

ဦးတင်။ ဟားဟားဟား...........ဖြစ်ရမယ်၊ ဖြစ်ရမယ်။ မင်းက ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေကို ကြိုတင်မှ သိမထားပဲကိုးကွာ့။ မင်းကောင်မလေးက ရှောင်ရမည့်သမီး အမျိုးအစားထဲ ပါနေတာဖြစ်မှာပေါ့ ကောင်လေးရ။

ဦးရှင်။ ဒီနေရာမှာတော့ မောင်တင်ပြောတာကို ငါလည်း မသိဘူးဟေ့။ လင်းစမ်းပါဦး၊ ဘယ်လိုသမီးကို ရှောင်လို့ ဘယ်လိုသမီးကို ဆောင်ရမလဲ ဆိုတာလေး။

သောကြာ။ ကျနော့်အနေနဲ့ပြောရရင်တော့ သူကကျောင်းမှာကျနော်နဲ့အတူတူ လုပ်ဖေါ်ကိုင်ဖက်မို့ သံယောဇဉ်ဖြစ်သွားတာပါ။ နောက်ဆုံး သူ့ကို ယူဖို့အထိ ကျနော်စိတ်ထဲ ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ဇဝေဇ၀ါတွေ ဖြစ်ကုန်ပြီ။

ဦးတင်။ ဖြစ်စရာရှိတော့လည်း ဖြစ်ရမှာပဲပေါ့။ ဒီလိုကွာ့။ ငါတို့လူ့လောကဆိုတာ အစကတည်းက ရှုပ်ပြီးသားပါ။ ကတယ်တော့လည်း လောကက မရှုပ်ပါဘူး။ လောကမှာ ကျင်လည်နေတဲ့ လူတွေကသာ ရှုပ်နေတာပါ။ သူတို့ရှုပ်တာနဲ့ လောကကိုပဲ အပြစ်တင်ပြီး လောကက ရှုပ်တယ်လို့ ပြောနေကြတာ။

ဦးရှင်။ ကဲပါလေ၊ မင်းကလည်းတစ်မျိုး၊ ပြောရမည့်ဟာကို ဒဲ့မပြောချင်ဘူး။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးဆိုတာ ဘယ်ဟာတွေကို ပြောတာလဲ၊ အဲဒါ ပြောလေကွာ။

ဦးတင်။ ပြောမှာပေါ့ အကိုကြီးရာ။ စကားပြောတဲ့အခါ နိဒါန်းမပါရင် ခေါင်းမပါတဲ့လူလို ဘယ်ကြည့်ကောင်းပါ့မလဲ၊ နိဒါန်းလေးတော့ ပျိုးပါရစေဗျာ။

ဦးရှင်။ ဟုတ်ပါပြီ၊ အခု မင်း နိဒါန်းပျိုးပြီးပြီမို့လား။ စာကိုယ်လုပ်တော့လေကွာ။

သောကြာ။ အဘိုးနိဒါန်းကလည်း နေ၀င်တော့မယ်။ အဆုံးသတ်ဖို့ ကောင်းပါပြီ။

ဦးတင်။ ဒီလိုကွာ့၊ မောင်သောကြာရ။ လောကမှာ ရှောင်ရမည့်သမီးက (၃) မျိုးရှိတယ်။ ဆောင်ရမည်သမီးကတော့ (၁) တစ်မျိုးတည်းပဲ။ ရှောင်ရမည့် သမီးကို ဆောင်ပြီး ဆောင်ရမည့် သမီးကို ရှောင်ရင်တော့ မင်းဘ၀ ကံခေပြီသာ မှတ်တော့။

ဦးရှင်။ လိုရင်းလုပ်ပါ ငါ့ညီရာ၊ မင်းမလည်း ဝေ့လည်ကြောင်ပတ်နဲ့။ သိချင်တဲ့လူကို စိတ်ဒုက္ခတော်တော်ပေးတာပဲ။

ဦးတင်။ အကိုကြီးကလည်း ခက်လိုက်ပါဘိ၊ ဆွေးနွေးတယ်ဆိုတာ ပြောသင့်တာတွေ အကုန်ပြောရမှာပေါ့။ ခေါင်းစဉ်တစ်ခုတပ်ထားရင် အဲဒီခေါင်းစဉ်ထဲမှာ အဓိပ္ပါယ်တွေ အလိုလိုပါဝင်နေပြီးသားပဲလေ။ ဘာရှင်းပြနေစရာလိုတော့မလဲ။ ဒါပေမဲ့ စပ်ရာစပ်ရာ နွယ်ရာနွယ်ရာတွေကို ထည့်မပြောရင် ရေချည်းသက်သက်နဲ့ ဟင်းချက်သလို ဖြစ်သွားမှာပေါ့။ ရေချည်းသက်သက် ဟင်းချက်ရင် ရေနွေးပဲဖြစ်မှာပေါ့။ ဘယ်လိုလုပ်ပြီး ဟင်းလို့ ခေါ်နိုင်မတုန်း။

ဦးရှင်။ ကဲပါကွာ၊ အခုမင်းဘာဟင်းချက်မလဲ ပြော၊ ငါပဲ ဟင်းမယ်တွေ ရှာပေးမယ်။ ဟင်းဖြစ်အောင်သာ မြန်မြန်ချက်တော့၊ ဆာတဲ့လူက ဆာနေပြီ။

ဦးတင်။ မောင်သောကြာရေ့ အဲဒါပဲ ကြည့်တော့ကွာ့၊ မင်းအဘိုးက စိတ်မရှည်ဘူး။ ဒါကြောင့်လည်း သူ့တစ်သက်မိန်းမမရခဲ့တာ။ မိန်းမရဖို့လုပ်ရတဲ့ အရည်အချင်းတွေထဲမှာ စိတ်ရှည်တာလည်း ပါတယ်နော်။ အဲဒါတော့ မင်းမှတ်ထားဖို့မမေ့နဲ့ဦး။

သောကြာ။ ဟုတ်ကဲ့ ကျနော် မှတ်ထားလိုက်ပါပြီ အဘိုးလေ။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေက ဘာတွေလဲ ဆိုတာကိုသာ အမြန်ပြောပါတော့။

ဦးတင်။ ဟားဟားဟား.........ဒီနေရာမှာတော့ မင်းလည်း ဘမျိုးဘိုးတူဖြစ်နေပြီ။ ငါနဲ့တော့ မတူဘူး၊ အကိုကြီးနဲ့တူတာ၊ မင်း ဒီလိုသာ စိတ်မရှည်ရင် မိန်းမယူဖို့ စိတ်ကူး မထည့်နဲ့။ မိန်းမဆိုတာ စိတ်ရှည်တဲ့ ယောက်ျားမှ ကြိုက်တာကွာ့။ ဘာဖြစ်လို့လည်း သိလား၊ သူတို့ကိုယ်တိုင်က စိတ်မရှည်တတ်ကြလို့ပဲ။ မိန်းမနဲ့ ကြာကြာပေါင်းချင်ရင် ဥပဒေ များများ မရှိဘူး၊ နှစ်ခုပဲ။ တစ် စိတ်ရှည်ရမယ်၊ နှစ် မသိယောင်ဆောင်နိုင်ရမည်၊ ဒါပဲ။

ဦးရှင်။ မင်းဆိုတဲ့ကောင်က စာတတ်ပေတတ်တော့ ပီသပါတယ်။ လေရှည်တာတစ်ခုကိုတော့ ငါသည်းမခံနိုင်တာအမှန်ပဲဟေ့။ မင်း ဒီနေ့ မပြောတော့ဘူးဆိုရင်လည်း ငါတို့ အိမ်ပဲ ပြန်ကြစို့ကွာ။ နေ၀င်လို့ မှောင်တောင် မှောင်နေပြီ။

ဦးတင်။ အကိုကြီးကလည်း စကားပြောတာပဲဟာ၊ အလင်းအမှောင် မလိုပါဘူး။ လင်မယားဖြစ်ရင် အမှောင်ထဲပြောတာ ပိုတောင်ကောင်းသေးတယ်။ အကိုကြီးက လူပျိုကြီးဆိုတော့ ဒီသဘောတရားကို ပြောလည်း နားလည်မယ်မထင်ပါဘူးဗျာ။ ကျနော်ဆို အိမ်ကအဖွါးကြီး စိတ်ဆိုးတဲ့အခါတိုင်း လင်းနေတဲ့ မီးတွေ အကုန်ပိတ်ပြီးမှ ချော့ရတာ။ ခဏပဲ။ အဲဒီအထာကို ကျနော်သိနေတော့ အဖွါးကြီးက သူအရင်ဦးအောင် မီးပိတ်တာကလား။

သောကြာ။ အဘိုးကလည်းဗျာ၊ ပြောရင်းပြောရင်း ကုတင်ပေါ်ရောက်သွားပြန်ပြီ။ အဲဒါနောက်ကြုံမှပဲ ပြောပါဗျာ။ လောလောဆယ် ကျနော်ရှောင်ရမည့်၊ ဆောင်ရမည့် သမီးစာရင်းပဲ ပြောပါတော့။

ဦးတင်။ ဒီလိုကွာ့ မောင်သောကြာရ၊ ငါတို့ယောက်ျားတွေအတွက် လောကမှာ ရှိတဲ့ သမီးတွေကို အုပ်စုခွဲပြီး စစ်တမ်းကောက်လိုက်ရင် ရှောင်ရမည့် သမီးနဲ့ ဆောင်ရမည့်သမီးဆိုပြီး (၂)မျိုးပဲ ရှိတာပေါ့။ ရှောင်ရမည့် သမီးတွေကတော့...
(၁) နှပ်သမီး၊
(၂) နန့်သမီး၊
(၃) နပ်သမီး၊
အဲဒီသမီးသုံးပါးတော့ ရှောင်ပေတော့၊ မရှောင်နိုင်ရင်တော့ မင်းဘ၀ ဒီတစ်ပတ် သောကြာကနေ နောက်တစ်ပတ်သောကြာရောက်လည်း ကောင်းစားဖို့ မရှိဘူး။

ဦးရှင်။ ဟားဟားဟား.........ငါလည်း ဒီအရွယ်အထိရှိနေပြီ။ မင်းပြောတဲ့သမီးသုံးပါးတော့ မကြားဖူးပေါင်ဗျာ။ ဘယ်ကျမ်း ဘယ်စာပေကလာလို့ ဒီသမီးစာရင်းကို မင်းက တင်ပြနေရတာလဲ၊ လင်းစမ်းပါဦး။

ဦးတင်။ အကိုကြီးက မိန်းမအကြောင်း မသိလို့ ဒီစကားပြောတာပါ။ အကိုကြီး လူပျိုကြီးဖြစ်နေတာကိုက ဒီသဘောတွေကို နားမလည်ခဲ့တာကြောင့်ပဲ။ စာပေကျမ်းဂန်တွေဆိုတာ အတွေ့အကြုံရှိတဲ့လူတွေက ရေးခဲ့တာချည်းပဲ မဟုတ်လား။ တကယ်လို့ အခုကျနော်ပြောတာတွေကို စာပေကျမ်းဂန်ထဲ မပါလို့ လက်မခံနိုင်ရင်တော့ အကိုကြီး မှားသွားပြီသာမှတ်တော့။ ရှေးကစာအုပ်စာပေထဲ မပါတဲ့အကြောင်းအရာကို အမှန်လို့ မယူဆနိုင်တဲ့လူဟာ ယနေ့ခေတ်မှာ တိုးတက်ထွန်းကားနေတဲ့ အခြေအနေတွေကို ဘယ်ပုံဘယ်နည်းနဲ့ လက်ခံမလဲ။ ဒါပေမဲ့ လက်မခံလို့မှ မရပဲ။ အကိုကြီးမျက်မြင်ပဲလေ။ ကျနော်ပြောတာတွေက ကျနော့်ဘ၀နဲ့ ကြုံရတာတွေကို ပြောပြနေတာပါဗျာ့။ လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ရှေးစာပေဆိုတဲ့ ပေတံနဲ့ လာမတိုင်းပါနဲ့။

ဦးရှင်။ ကဲပါကွာ၊ မင်းက ငါ့ထက်စာတတ်တာကို လက်ခံပါတယ်။ မင်းပြောစရာရှိတာသာ ဆက်ပြောပါ။ နေပါဦး၊ မင်းပြောတဲ့ နှပ်သမီး၊ နန့်သမီး၊ နပ်သမီး ဆိုတာတွေက ဘာတွေတုန်း။ ငါတော့ နတ်သမီးပဲ ကြားဖူးတယ်။ မင်းပြောတာတွေတော့ အခုမှပဲ အသစ်အဆန်းလုပ်ပြီး မှတ်ရတော့မှာပဲ။

ဦးတင်။ ဟဲဟဲ.......ဒီနေရာမှာတော့ “အသက်ကြီး တစ်နည်းသာ” ဆိုတဲ့ဆိုရိုးစကား မှားသွားပြီ။ အကိုကြီးက ကျနော့်ထက် အသက်ကြီးပေမဲ့ ဒါတွေကို အခုမှ သိရတော့မယ် မဟုတ်လား။ အဲဒါပြောတာပေါ့၊ အတွေ့အကြုံပါလို့။ အသက်ဘယ်လောက်ကြီးကြီး၊ အတွေ့အကြုံ နုရင် ကလေးသာသာပဲ အကိုကြီးရ။ ကျနော်ပြောတာ စာပေအတိုင်းပြောတာနော်။

ဦးရှင်။ အဲဒါတော့ မင်းလိုရာဆွဲပြောတာ ငါသိပါတယ်ငတင်ရာ။ ဟိုးအင်္ဂုတ္တရာနိကာယ်၊ ဒုကနိပါတ်ထဲက အရှင်နုရုဒ္ဓါနဲ့ ပုဏ္ဏားကြီးတစ်ယောက် ပြောတဲ့စကားကို ယူပြောတာ မဟုတ်လား။

ဦးတင်။ လိုရာဆွဲပြောတာ မဟုတ်ဘူး၊ လက်တွေ့အသုံးချလိုက်တာပါ။ ထားလိုက်ပါတော့။ ကျနော်ပြောတဲ့ သမီးတွေအနက်.......နှပ်သမီးဆိုတာက ကိုယ့်အသက်နဲ့စာရင် အလွန်ငယ်ရွယ်တဲ့ မိန်းမတွေကို ဆိုလိုတယ်။ ဒါက တင်စားပြောတာပါ။ နှပ်သမီးဆိုတာ ကိုယ့်နှာခေါင်းကထွက်ကျလာတဲ့ နှပ်ကိုတောင် နိုင်နိုင်နင်းနင်း မသုပ်နိုင်သေးတဲ့ အရွယ်ပေါ့။ ယောက်ျားတစ်ယောက်ဟာ သူ့ထက် အသက်အများကြီးငယ်တဲ့၊ ဥပမာဗျာ...၁၅ နှစ်၊ နှစ် ၂၀၊ ၃၀ လောက်ငယ်တဲ့မိန်းမကို ယူတယ်ဆိုပါစို့။ တစ်ချိန်လုံး စိတ်ပူပင်နေရတယ်။ တကယ်တော့ အဲလိုသက်ကျားအိုကို ယူတဲ့မိန်းမအနေနဲ့လည်း မလွှဲသာလို့ ယူရတာပဲ များပါတယ်။ တကယ့်တကယ်ကို ချစ်တဲ့စိတ်ရိုးရိုးနဲ့ယူတာ ခန့်ရှားရှားပဲလေ။ အဲဒီတော့ ယူမိတဲ့ ယောက်ျားဖက်မှာ စိတ်မချနိုင်မှုစတဲ့ သောကတွေများရသလို၊ မိန်းမဖက်မှာလည်း ဒီအဖိုးကြီးဘယ်တော့သေပြီး သူ့အမွေတွေကို ငါပိုင်ဆိုင်ပြီး နောက်လင်ငယ်ငယ်နဲ့ နေရမလဲ ဆိုတာတွေပဲ တွေးနေတာ။ အဲဒါကြောင့် ကျနော်က နှပ်သမီးကိုလည်း ရှောင်ရမယ်လို့ ပြောတာပါ။ ခင်ဗျားအတွက်မဟုတ်ပါဘူး။ မောင်သောကြာအတွက် ပြောတာပါ အကိုကြီးရာ။

သောကြာ။ ကျနော်ချစ်တဲ့ ကောင်မလေးက ကျနော်နဲ့ အသက်သိပ်မကွာပါဘူး အဘိုးရာ။ ကွာလှပါ။ ၃ ၄ နှစ်ပါပဲ။

ဦးတင်။ အဲဒါဆိုရင်တော့ နှပ်သမီးထဲတော့ မပါဘူးပေါ့။ ဒါပေမဲ့ နောက်နှစ်မျိုးဖြစ်တဲ့ နန့်သမီးတွေ၊ နပ်သမီးတွေဖြစ်နေရင်ကောကွာ။

သောကြာ။ အဲဒီအဓိပ္ပါယ်ကို ကျနော်မှ မသိသေးတာ၊ ရှင်းပြဦးလေ။

ဦးတင်။ နန့်သမီးဆိုတာက အရွယ်ရောက်ပေမဲ့၊ ဥပမာ......၁၈ ၁၉ စတဲ့အရွယ်တွေပေါ့ ငါ့မြေးရ။ ယောက်ျားအတွေ့အကြုံမရှိသေးပဲ အဖိုမြင်သမျှ လှုပ်လှုပ်ရွရွဖြစ်တတ်တဲ့ အရွယ်ပေါ့။ ပြောရရင်တော့ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ငါ့ကို စိတ်ဝင်စားတဲ့ ယောက်ျားတွေများလားလို့ လှည့်ကြည့်တတ်တဲ့ နန့်တန့်တန့် ပျန့်တန့်တန့် အရွယ်လေးတွေပေါ့။ သူတို့ရင်ထဲ နှလုံးသားထဲမှာ တစ်ယောက်ယောက်ကို ချစ်မယ်၊ ကြိုက်မယ်လို့ တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးကွာ့။ အဲဒီတော့ ဦးရာလူစနစ်ပဲ။ ကိုယ်ဦးရင် ကိုယ့်ကိုချစ်မယ်၊ သူဦးရင် သူ့ကို ချစ်မယ်ဆိုတဲ့ ဟာမျိုးလေးတွေပေါ့။ အဲဒါမျိုးကို ယူမိရင်လည်း ဒုက္ခပဲ ငါ့မြေးရေ့။ ဘာလို့လည်းဆိုတော့ သူတို့ရင်ထဲမှာ စမ်းသပ်ချင်တာပဲ ရှိတယ်၊ တကယ်ချစ်တဲ့စိတ်ဆိုတာ အဲဒီအချိန်မရှိသေးဘူး။ ကိုယ်နဲ့ ညားပြီးတဲ့အခါကျမှ ကိုယ့်ထက်သူ့အပေါ် ပြုစုနိုင်မယ်လို့ သူတို့စိတ်ထဲထင်မိတဲ့ယောက်ျားမျိုးကို တွေ့ရင် အဲဒီနောက် ကောက်ကောက်ပါသွားတတ်တယ်။ အဒါလည်း မင်းသတိပြုရမယ်။

ဦးရှင်။ မင်းပြောတာတွေ နားထောင်ပြီး ငါငယ်ငယ်က မိန်းမမယူခဲ့တာကိုတောင် ပြန်ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ဒါနဲ့ နောက်တစ်မျိုးကရောကွာ။

ဦးတင်။ လာမှာပေါ့ ကိုကြီးရ။ နောက်ဆုံးတစ်မျိုးကတော့ နပ်သမီးပေါ့။ ယောက်ျားအတွေ့အကြုံများပြီး တွေ့သမျှယောက်ျားတွေကို အချဉ်လိုသဘောထားတတ်တဲ့ မိန်းမတွေပေါ့။ သူတို့က ယောက်ျားကျမ်းကျေသလို ယောက်ျားအထာလည်း နပ်နေကြပြီလေ။ ဘယ်လို သဘောရှိတဲ့ယောက်ျားကို ဘယ်နည်းနဲ့ ဖမ်းရမလဲ ဆိုတာ သူတို့ သိနေပြီ။ အချဉ်ကြိုက်တဲ့ ယောက်ျားကို အချဉ်ကျွေးဖို့ ၀န်မလေးသလို အချိုကြိုက်တဲ့ယောက်ျားကိုလည်း အချိုကျွေးလိုက်မှာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ယောက်ျားတစ်ယောက်ကို အချဉ် သို့မဟုတ် အချိုလို့ပဲ သဘောထားတာဆိုတော့ တကယ်မေတ္တာအစစ်၊ မေတ္တာမှန်ဆိုတာ အတော်ရှားသားကလား။ သူတို့ဘ၀အတွက် အဆင်ပြေမယ်ထင်ရတဲ့ ယောက်ျားတစ်ယောက်ကိုတွေ့ရင် အဲဒီလူအကြိုက်လိုက်ပြီး ပေါင်းလိုက်မှာပဲ။ ပြောရရင်တော့ သူ့ဘ၀ကောင်းစားရေးအတွက် ကိုယ့်ကိုအသုံးချလိုက်တာပဲပေါ့။ အဒီရည်ရွယ်ချက်အရင်းခံနေတဲ့အတွက်ကြောင့် နောက်ဆုံးတစ်နေ့ ကိုယ်ဟာ သူ့အတွက် အသုံးမ၀င်တော့ဘူးလို့ ယူဆတဲ့အခါ ကိုယ့်ကို စွန့်ပစ်သွားဖို့လည်း သူတို့က ၀န်မလေးတော့ဘူး။ အဲလိုဖြစ်တဲ့အခါမှာ တကယ့်မေတ္တာအစစ်နဲ့ ချစ်မိ ပေါင်းသင်းမိတဲ့ယောက်ျားအတွက်တော့ အသည်းကွဲကိန်းပေါ့ ငါ့မြေးရ။ အဲဒီတော့ ဒီလို နပ်တဲ့မိန်းမမျိုးကိုလည်း မင်းကြပ်ကြပ်သတိထားပြီး ရှောင်ပေတော့ဟေ့။

ဦးရှင်။ မင်းပြောတာနဲ့ ငါ့မြေးလေး ဒီတစ်သက် ယူစရာမိန်းမရှာမတွေ့ပဲ ဖြစ်နေပါဦးမယ်ကွာ၊ ကြည့်လည်း လုပ်ပါဦး ပညာရှိကြီးရယ်။ မင်းက အင်ဒိယနိုင်ငံ မဟာဘာရတခေတ်က ပညာရှိကြီး ကာလီဒါသထက်တောင် မိန်းမကျမ်းကြေနေပါရောလား။

ဦးတင်။ ဟားဟားဟား........အဲဒီ ကာလီဒါသဆိုတဲ့ ပညာရှင်ကြီးက ဘယ်မှာမိန်းမကျမ်းကြေလို့တုန်း။ မိန်းမကျမ်းမကြေလို့ပဲ ရေကန်ထဲက ကြာဖူးလှုပ်တဲ့ ပြဿနာကို သူ့မိန်းမကို ပြောမိလို့ အသတ်ခံလိုက်ရတာ မဟုတ်လား။ သူက နပ်တဲ့ မိန်းမနဲ့တွေ့ခဲ့တဲ့လူလေ အကိုကြီးရ။ သူ့မိန်းမက သူ့ကို အသုံးချပြီး အိမ်ရှေ့မင်းရဲ့ မိဖုရားရာထူးရလိုက်တာ မဟုတ်လား။ ကာလီဒါသ ပညာရှိတာ ကျနော်လက်ခံပါတယ်။ မိန်းမကျမ်းနဲ့ ပတ်သက်လို့ကတော့ ကျနော့်ဆီက သင်ယူရလိမ့်ဦးမယ်။

သောကြာ။ အင်း.......အဘိုးလေးပြောပုံအရဆိုရင်တော့ ကျနော့်ကောင်မလေးက အဲဒီသုံးမျိုးထဲက နောက်ဆုံးဖြစ်တဲ့ နပ်တဲ့အထဲတော့ ပါချင်ချင်ပဲဗျာ့။ ဒီအတိုင်းဆို ကျနော် သူ့ကို ရှောင်ရတော့မလို ဖြစ်နေပြီ။

ဦးရှင်။ မင်းအဘိုးပြောတဲ့အတိုင်းသာ ရှောင်နေရင်တော့ ဒီလောကမှာ ယူစရာမိန်းမတောင် ရှိတော့မယ် မထင်ဘူး။ တစ်ချို့မိန်းမတွေဟာ သူပြောသလို နန့်ချင်လည်း နန့်မယ်၊ နပ်ချင်လည်း နပ်မယ်ပေါ့ကွာ။ ဒါပေမဲ့ ကိုယ်နဲ့ ညားပြီးတဲ့အခါ ကိုယ်လိမ်မာရင် လိမ်မာသလို သူ့ကို ပြုပြင်သွားရင်လည်း ကိုယ်လိုချင်တဲ့ အမျိုးသမီးကောင်းတစ်ယောက် ဖြစ်လာနိုင်တာပဲလေကွာ။ အရာရာတိုင်းဟာ နုရာက ရင့်လာရတာချည်းပဲလေ။ လူတစ်ယောက်ကို ပုံသေတွက်လို့ ဘယ်ရမလဲ။ ဒီအရွယ် ဒီအခြေအနေမှာ သူဒီလိုဖြစ်နေပေမဲ့ နောင်တစ်ချိန်မှာ ပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။ မင့် အဘိုးလေးပြောတာ ခေါင်းထဲ ထည့်မနေနဲ့။

ဦးတင်။ အကိုကြီးပြောတာ မှန်ပါတယ်။ အရာရာတိုင်းဟာ နုရာက ရင့်လာတာပါပဲ။ ရင့်ယုံမကဘူး မှည့်တောင်လာပါသေးတယ်။ သရက်သီးဟာ နုရာက ရင့်လာတယ်။ နောက်ဆုံးမှည့်လာတယ်။ ဒါပေမဲ့ နုတုန်းကလည်း သရက်သီးပဲခေါ်သလို ရင့်လာ မှည့်လာပြန်တော့လည်း သရက်သီးလို့ပဲ ခေါ်တာမဟုတ်လား။ နုတုန်းက နာမည်တစ်မျိုး ရင့်တော့ တစ်မျိုး၊ မှည့်တော့ တစ်မျိုး နာမည်ရတဲ့ အသီးဆိုတာ ဒီလောကမှာ မရှိပါဘူး။ ဒါဟာ ဗီဇနိယာမသဘောပဲလေ။ လူဟာလည်း ဒီဗီဇနိယာမသဘောထဲ ပါတယ်လို့ ကျတော်ယူဆတယ်။ ဒီသဘောအရ နန့်တဲ့သဘောရှိတဲ့သူဟာ အရွယ်ရလာလည်း နန့်မှာပဲ။ နပ်တဲ့သူလည်း အတူတူပဲ။ ချွင်းချက်အနေနဲ့ ပြုပြင်ပြောင်းလဲ သွားနိုင်တဲ့သူဆိုတာ ရှိကောင်းရှိမှာပါ။ မရှိဘူး မဆိုလိုပါဘူး။ ဒါပေမဲ့ သိပ်ရှားတယ် အကိုကြီး။ ရွာနောက်က မတင်သိန်းကို ကြည့်ပါလား။ အကိုကြီးတို့ ကျနော်တို့ လူပျိုဘ၀ကတည်းက နန့်ကျောဆွဲတာ အခုထိ ပျောက်လို့လား။

ဦးရှင်။ အဲဒါကတော့ကွာ နည်းနည်းပါးပါးရှိမှာပေါ့။ အရာရာကို ပုံသေတွက်မရဘူးဆိုတာတော့ ငါ့ဒဿနပဲ။ မင်းပြောသလို ချွင်းချက်တော့ ရှိတယ်ဆိုရင် အဲဒီချွင်းချက်ဆိုတာလည်း လူကပဲ လုပ်ယူရတာ မဟုတ်လား။ လူဆိုတာ ပြုပြင်ပြောင်းလဲတဲ့ သဘာဝလောကကြီးထဲမှာ စံပြပဲလေ။ သက်ရှိလူသားကို သက်မဲ့အရာဝတ္ထုနဲ့ ခိုင်းနှိုင်းတာကိုတော့ မှန်ကန်တဲ့ ခိုင်းနှိုင်းမှုလို့ ငါတော့ တကယ်မယူဆနိုင်ဘူး။ ဒါနဲ့ မင်း မောင်သောကြာ အသက်ရှုချောင်အောင်တော့ လုပ်ပေးလိုက်ဦး။ အခုရှောင်ရမည့်သမီးတွေကိုတော့ သိရပြီ။ ဆောင်ရမည့်သမီးကကော ဘာတဲ့တုန်းကွာ။

ဦးတင်။ နတ်သမီးပေါ့ အကိုကြီးရ။ နတ်သမီးကို ဆောင်ရမှာပေါ့။

ဦးရှင်။ မင်း မဖြစ်နိုင်တာ မပြောနဲ့။ လူလူချင်းတောင် ဆောင်ဖို့ ဒီလောက်ခက်နေရတဲ့အထဲ၊ ဘယ်ကလာ နတ်သမီးကို ဆောင်လို့ရမှာတုန်း။

သောကြာ။ ဟုတ်ပါ့ အဘိုးရာ၊ ကျနော့်အနေနဲ့ နပ်တဲ့သမီးကိုတောင် မရမက လိုက်နေရတာ နတ်သမီးဆိုရင်တော့ ဝေလာဝေးရော့ပေါ့။ အဘိုးပြောလိုက်မှ စိတ်ဓာတ်တောင် ကျမိတယ်ဗျာ။ ကျနော်လည်း ဒီပုံအတိုင်းဆိုရင်တော့ အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မယ်ထင်ပါရဲ့။

ဦးတင်။ ဟေ့ကောင် မောင်သောကြာရ၊ ငါက ဘုရားဟောတဲ့အတိုင်းပြောနေတာကွာ့။ မင်းအဘိုးကြီးဦးရှင်က ဘုရားစာထဲပါမှ လက်ခံတဲ့လူမဟုတ်လား။ ငါ့အတွေ့အကြုံတွေချည်းပြောရင် သူက သိပ်လက်မခံချင်ဘူး။ ဘုရားက ဟောထားပြီးသာလေ။ နတ်သမီးဆိုတာ ဟိုးလက်လှမ်းမမီနိုင်တဲ့၊ ရှိမှန်း မရှိမှန်း မသေချာတဲ့ တာဝတိံသာတို့ ယာမာတို့လို နတ်ရွာက ဟာတွေ မဟုတ်ဘူး။ အဲဒါတွေတော့ မင်းသေမှပဲ ကောင်းမှုကုသိုလ်ပါရင် ရနိုင်မယ်။ ဒီအတိုင်းတော့ မင်းမစဉ်းစားနဲ့။ နန္ဒမင်းသားတောင် ဘုရားခေါ်သွားလို့ နတ်သမီးမြင်ဖူးတာ။ ဒါလည်း စာကပြောလို့ သိရတာလေ။ ငါတို့ မြန်မာရာဇ၀င်မှာတော့ တရားဖျားမင်းဟာ အောင်ပင်လယ်မှာ နတ်သမီးကို မြင်ပြီး အရူးအမူးဖြစ်သွားတယ်ဆိုပဲ။ ငါ့အထင်တော့ နတ်သမီး မဟုတ်လောက်ပါဘူး။ အတော်အတန်လှပတဲ့ ကျေးတောသူတစ်ယောက်ဖြစ်မှာပါ။ အဲဒီဘုရင်က တောလိုက်ရင်း မောမောပန်းပန်းနဲ့ ကယောင်ကတန်းဖြစ်ပြီး ကျေးတောသူကို မြင်ပြီး တပ်မက်စိတ်ကြောင့် ရူးကြောင်ကြောင်ဖြစ်သွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့နန်းတွင်းက မူးမတ်တွေနဲ့ တွေ့တဲ့အခါ အထင်သေးမှာစိုးလို့ နတ်သမီးကို မြင်ပြီး ဒီလိုဖြစ်သွားတာလို့ အကြောင်းပြတာ ဖြစ်မှာပေါ့။ ရာဇ၀င်ဆိုတိုင်း၊ စာအုပ်ထဲ ရေးထားတိုင်း အမှန်လို့ မှတ်မနေနဲ့။ မင်းတို့လို ကျောင်းဆရာလုပ်တဲ့လူတွေ အဲဒီလို မမှတ်ယူဖို့ ပိုအရေးကြီးတယ်။ မဟုတ်ရင် နောင်လာနောင်သားတွေ အသိမှား အမှတ်မှားတွေ ဖြစ်သွားနိုင်တယ်။

ဦးရှင်။ ဒါဖြစ်ရင် မင်းပြောချင်တဲ့ နတ်သမီးဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ၊ လင်းပါဦး ငတင်ရယ်။ မင်းစကားနားထောင်ရတာလည်း မှောင်ကမှောင်၊ ခြင်ကကိုက်နဲ့၊ ဆာနေတဲ့ဗိုက်တောင် ဘယ်ပျောက်နေပြီးလည်း မသိတော့ဘူး။

ဦးတင်။ နတ်သမီးဆိုတာ ကိုယ့်အပေါ်သစ္စာရှိရှိပေါင်းသင်းနိုင်မည့် မိန်းမကို ပြောတာပေါ့ အကိုကြီးရ။ ကိုယ်နဲ့ စိတ်သဘောထားချင်တူတဲ့ မိန်းမမျိုး။ စိတ်သဘောထားချင်း မတူရင်တောင် ကိုယ့်ကို နားလည်ပေးနိုင်ပြီး ကိုယ့်သဘောနဲ့ အနီးစပ်ဆုံး နေထိုင်တတ်တဲ့ မိန်းမပေါ့။ စာထဲပါတဲ့အတိုင်းပြောရင်တော့ သဒ္ဓါ ဆိုတဲ့ ယုံကြည်မှုချင်းလည်းတူ၊ သီလ ဆိုတဲ့ ကိုယ်ကျင့်တရားချင်းလည်းတူ၊ စာဂ ဆိုတဲ့ လှူရေးတန်းရေးမှာလည်းသဘောတူ၊ ပညာဆိုတဲ့ ဝေဘန်ပိုင်းခြားမှုမှာလည်း သဘောတူရင် အဲဒီမိန်းမကို ဘုရားက နတ်သမီးလို့ ပြောခဲ့တာမဟုတ်လား။ အကိုကြီး ဒီလောက်ဘုရားစာတွေ ဖတ်နေတာ သိမှာပေါ့။ စာထဲပါတဲ့အတိုင်း အဲဒီလေးမျိုးလုံး မတူရင်တောင်မှ ကျနော်ကတော့ ကိုယ့်အပေါ် သစ္စာရှိရှိပေါင်းသင်းနိုင်တဲ့မိန်းမမျိုးကို နတ်သမီးလို့ ခေါ်မယ်ဗျာ။ ကဲ မောင်သောကြာရေ.......မင်းအဲဒီမိန်းမမျိုးကို တွေ့ရင်တော့ ရအောင်ကျိုးစားပြီး ယူပေတော့။ ခုလည်းကောင်း၊ နောင်သံသရာရှိရင်လည်း ကောင်းစားမည့် ဘ၀လက်တွဲဖေါ်၊ သံသရာလက်တွဲဖေါ်ပေါ့ကွာ။

သောကြာ။ ရှာလို့တွေ့ရင်တော့ ဟုတ်တာပေါ့ အဘိုးရာ။ မတွေ့ရင် အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မှာလား။

ဦးတင်။ မင်းအဘိုးကြီးကို အားကျမနေနဲ့။ သူက ရှာမတွေ့လို့ မရတာမဟုတ်ဘူး။ မစွံလို့ မရတာ။ ညံ့လို့မရတာ။ ငါပြောမယ်။ မင်းချစ်တဲ့ ကောင်မလေးကို နတ်သမီးဖြစ်စေချင်ရင်လေ.....မှတ်ထား။ စိတ်ရှည်နိုင်ရမယ်၊ မသိယောင်ဆောင်နိုင်ရမယ်။ လူတိုင်းလူတိုင်းမှာ သူ့ချို့ယွင်းချက်နဲ့ သူရှိတယ်။ အဲဒီချို့ယွင်းချက်ကို ဘယ်တော့မှ၊ အထူးသဖြင့် လူရှေ့သူရှေ့မှာ မပြောမိအောင် စောင့်ထိမ်းနိုင်ရမယ်။ ဒီလိုနေပြလိုက်ရင် မင်းအပေါ် သူနားလည်ပေးလာလိမ့်မယ်။ နောက်ဆုံးရလာဒ်ကတော့ မင်းလောက်ကောင်းတဲ့၊ ကောင်းနိုင်တဲ့ယောက်ျားကို သူ့စိတ်ထဲ၊ သူ့မျက်စိထဲ ရှာမတွေ့နိုင်တော့ဘူး။ ဒါဆို မင်းအပေါ်သူသစ္စာရှိဖို့ ရာခိုင်နှုံးများသွားပြီး။ အဲဒီတော့ မင်းကောင်မလေးက မင်းအတွက် နတ်သမီးဖြစ်ပြီသာမှတ်လိုက်တော့။

ယင်းနောက် အလင်းတန်းရွာနောက်ဘက်ကမ်းခြေရှိ နေနီဝန်းကြီးလည်း အနောက်ဂေါယာသို့ ယွန်းလေပြီဖြစ်ရာ အဘိုးနှစ်ယောက်နဲ့ မောင်သောကြာတို့ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။ မောင်သောကြာ၏ရင်ထဲမှာမူ နပ်သမီးဖြစ်သော သူ့ကောင်မလေးကို အဘိုးပြောတဲ့အတိုင်း နတ်သမီးဖြစ်အောင် ပြောင်းလဲပေးဖို့နည်းလမ်းကို စဉ်းစားရင်း စိတ်မရှည်တတ်သော ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ အရင်တွေးတောမိသဖြင့် သက်ပြင်းအခါခါချနေရပေတော့သတည်း။

Wednesday, February 2, 2011

ဤဟာဤ ကျွဲဟာကျွဲပါပဲ


Whenever you find yourself on the side of the majority, it is time to pause and reflect.

Mark Twain (1835-1910)

ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါဝင်နေတာကို တွေ့ရတဲ့အခါတိုင်း ခဏတဖြုတ်နားပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။

(မာ့ခ်တွိန်း)

မြန်မာစကာပုံတွေမှာ သူ့ဖက်ကိုယ့်ဖက် လိုရာဆွဲပြီး ပြောနိုင်တဲ့ စကားပုံတွေ အတော်များများ ရှိနေတာကို မြန်မာစာဖတ်သူများ သိကြပြီးဖြစ်ပါတယ်။

ဥပမာ---

“သူတော်သွားလမ်း မိုဃ်းကြီးဖျန်း” ဆိုတဲ့စကားပုံနဲ့ “ကံဆိုးမသွားလေရာ မိုဃ်းလိုက်လို့ရွာ” ဆိုတဲ့ ဆန့်ကျင်ဘက် သဘောရှိတဲ့ စကားပုံတွေမျိုး။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့စကားပုံမျိုး။

နောက်ပြီးတော့ “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတဲ့စကားပုံနဲ့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့” ဆိုတဲ့စကားပုံမျိုးတွေပါ။

ဒီစကားပုံတွေအရ လူတွေဟာ ကိုယ်ဖြစ်စေချင်တဲ့ဘက်ကို ဆွဲယူပြီးပြောရိုးပြုလေ့ရှိခဲ့တာ သိနိုင်တာပေါ့။ ဒီလိုပြောရိုးပြုခဲ့ကြတဲ့အတွက် စကားပုံတစ်ခုဟာ လူတစ်ဦးတစ်ယောက်အတွက် ပုံသေသာဓကတစ်ခုမဟုတ်တော့သလို လူတစ်ဦးတစ်ယောက်ဟာလည်း စကားပုံတစ်ခုရဲ့ နောက်လိုက်ကျေးကျွန် မဟုတ်တော့ဘူးဆိုတာ သိနိုင်ပြီပေါ့။ ဒီလိုပြောလို့ စကားပုံတွေဟာ ဘာမှအသုံးမ၀င်ဘူးလို့တော့ မဆိုလိုပါဘူး။ သူ့နေရာနဲ့သူ အသုံးတည့်နေလို့သာ ယနေ့ခေတ်ကာလအထိ စကားပုံအဖြစ် ဆက်လက်ရှင်သန်နေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ကြီးပါ။

အထက်ပါ စကားပုံတွေအနက် ဒီနေရာမှာ ပြောချင်တာက “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတာလေးပါ။ လူအများအစုက အမှတ်မှားပြီး ဤ-အက္ခရာကို ကျွဲလို့ ဖတ်ရင် ကျန်တဲ့လူတွေကလည်း ဤ-အက္ခရာမှန်း သိသိကြီးနဲ့ ကျွဲလို့ လိုက်ဖတ်ရမယ် ဆိုတဲ့ စကားပါ။ ဒါမျိုးကို ယနေ့ခေတ်မှာ လက်ခံရမည့် ကိစ္စမဟုတ်တော့ပါဘူး။ တကယ်တော့ ယနေ့ခေတ်မှာမှ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းကိုက ပညာရှိတွေ အသိုင်းအ၀ိုင်းမှာ လက်မခံခဲ့တဲ့ ကိစ္စကြီးပါ။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါတုန်းက အနာထပိဏ်သူဌေးဆိုတာ လူတိုင်းသိတဲ့ ဇေတ၀န်ကျောင်းတကာကြီးပေါ့။ ချမ်းသာလိုက်တာလည်း မပြောနဲ့တော့၊ အလွန်ကျယ်ဝန်းတဲ့ ဇေတမင်းသားပိုင် ဥယျာဉ်ကြီးကို အဲဒီဥယျာဉ်အပြည့် ငွေတွေခင်းပြီးတော့ ၀ယ်၊ ကျောင်းဆောက်ပြီး မြတ်စွာဘုရားကို လှူဒါန်းခဲ့တယ်။ နောက်ပြီးတော့လည်း နေ့တိုင်းနေ့တိုင်း ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးတယ်။ ကြာလာတော့ ရှိတဲ့ပစ္စည်းတွေ လုံးပါးပါးပြီး ဆံပြုတ်တောင် အနိုင်နိုင်ဆက်ကပ်ရတဲ့အထိ မွဲသွားရှာတယ်။

ဒါကို အခွင့်ကောင်းယူပြီး သူဌေးခြံတံခါးစောင့်တဲ့ နတ်က “ခင်ဗျား ဒီလို မွဲသွားရတာဟာ ခင်ဗျားကြည်ညိုလှပါတယ်ဆိုတဲ့ ဦးပြည်းတွေကို နေ့တိုင်းထမင်းကျွေးနေလို့ ဖြစ်တာ၊ ဒီအချိန်က စပြီး အဲလို ကျွေးတာမွေးတာတွေ မလုပ်နဲ့တော့” လို့ လာပြောသတဲ့။ သူဌေးကြီးက သောတာပန်ဖြစ်နေပြီဆိုတော့ သူ့စကားကို နားမယောင်ခဲ့တဲ့အပြင် အဲဒီမိစ္ဆာဒိဋ္ဌိနတ်ကိုပဲ သူ့အိမ်က နှင်ထုတ်ပစ်ခဲ့တယ်။ တိုတိုပဲ ဆိုကြပါစို့၊ အဲဒီနောက်ပိုင်းမှာ သူဌေးလည်း ပြန်ပြီး ချမ်းသာလာလို့ အရင်အတိုင်း ဆွမ်းစသည် ပြန်လည် လှူဒါန်းနိုင်ခဲ့တယ်။

တစ်နေ့တော့ ဆွမ်းကပ်အပြီးမှာ သူဌေးကြီးက ဘုရားကို အထက်ပါအဖြစ်အပျက်ကို လျှောက်ပြတယ်။ ဒီနေရာမှာ ဘုရားစကားတော်က တော်တော်မှတ်သားဖို့ကောင်းတယ်။ စာဖတ်သူတွေ ကျက်ချင်ကျက်ထားနိုင်အောင် ပါဠိဂါထာလေးကိုပါ ရှာပြီးရေးပေးလိုက်ပါတယ်။ တကယ်အလုပ်လုပ်တဲ့လူတွေ သူများစကားကြောင့် ကိုယ့်လမ်းကြောင်း မပြောင်းအောင် ဒီဂါထာလေးကို အဓိပ္ပါယ်နဲ့တကွ ဆောင်ထားဖို့ကောင်းတယ်။

န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။

အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကာတာနိ စ။

(ဓမၼပဒ)

သူများတွေရဲ့ မလိုမုန်းထားစကားတွေကိုလည်း အရေးစိုက်ပြီး နားထောင်မနေနဲ့။

သူများတွေ လုပ်တဲ့အလုပ်တွေကိုလည်း ဟုတ်၏ မဟုတ်၏ ပြောမနေနဲ့။

ကိုယ့်ရဲ့ အလုပ်တွေကိုသာ တကယ်ဟုတ်သလား မဟုတ်သလား ဂရုတစိုက်ကြည့်ရှုပါ။

ဒီဘုရားစကားတော်ကို ကြည့်ရင် အလုပ်တကယ်လုပ်နေတဲ့လူတစ်ယောက်မှာ အတိုက်အခိုက်ဆိုတာတွေ ကတော့ အမြဲရှိနေမှာပဲဆိုတာ သိနိုင်တယ်။ ဒါပေမဲ့ ဘုရားက “အဲဒါတွေကို ဂရုမစိုက်နဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်” လို့ မိန့်တော်မူခဲ့တယ်။ တစ်နည်းပြောရရင်တော့ ဘုရားက “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး” တဲ့။

ယနေ့ခေတ်မှာ အင်တာနက်တွေ ဘာတွေပေါ်လာတော့ လူတစ်ယောက်ဟာ သူမကျေနပ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ဖျက်ဆီးပစ်ဖို့ တော်တော့်ကို လွယ်ကူတယ်။ ရေးချင်တာတွေ အကုန်ရေးပြီး ကလစ်လိုက်တာနဲ့ အဲဒီလူရဲ့ သတင်းလွှင့်ချက်ဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတော့တာပဲပေါ့။ အဲလို လုပ်နေတဲ့လူတွေလည်း အများကြီး ရှိနေတာတွေ့နေရတယ်။ သူတို့လုပ်တာ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ ဒါပေမဲ့ ခံရတဲ့လူမှာတော့ တော်တော်လေးကို ဒုက္ခရောက်သွားနိုင်တယ်။ အရေးကြီးဆုံးကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူဘာရည်ရွယ်ချက်နဲ့ ရေးသလဲ? ဆိုတဲ့ သူ့နောက်ကွယ်မှာတကယ်ရှိတဲ့ ရည်ရွယ်ချက်ကို မြင်အောင်ကြည့်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ကိုယ်ကိုယ်တိုင်လည်း ဤကို ကျွဲ ဖတ်တဲ့ လူအုပ်စုထဲ ပါသွားနိုင်တယ်။

တကယ်တော့ အင်တာနက်ပေါ်ရောက်လာတဲ့ သူများအကြောင်း မကောင်းရေးထားတဲ့ စာမှန်သမျှကို ကြည့်ရင် ဘယ်သူဘယ်ဝါက ရေးတယ်လို့ မသိရတာပဲ များပါတယ်။ အဲဒီလိုကိုယ့်နာမည်ကိုတော့ ဖျောက်ထားပြီး သူများနာမည်ကိုကျပြန်တော့ ရစရာမရှိအောင် သွားပုတ်လေလွင့်လုပ်ကတည်းကိုက အဲဒီရေးတဲ့လူဟာ ဘယ်လိုလူစားလည်း ဆိုတာကိုတော့ စာဖတ်သူတိုင်း ရိပ်မိကြပါလိမ့်မယ်။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မသိရှိရရင်တောင်မှ အဲဒီလူရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်ကြမှာပါ။ သတင်းတစ်ပုဒ်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများစုက လက်ခံပြီ ဆိုတာနဲ့ပဲ အတည်ပြုလို့မရသေးပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားနိုင်ဖို့တော့ လိုပါတယ်။

ဒီလို ဝေဘန်ပိုင်းခြားနိုင်ဖို့အတွက် အချိန်အများကြီးပေးနေဖို့ မလိုပါဘူး။ စာရေးဆရာကြီး မာ့ခ်တွိန်းပြောတဲ့အတိုင်း ပြောရရင်---

“ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါနေတာကိုတွေ့ရတဲ့အခါတိုင်း ခဏနားပြီး ပြန်စားကြည့်လိုက်ပါ”။

ဒီလိုဆိုရင် ဤကို ဤလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ ကျွဲကိုလည်း ကျွဲလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ လူညီနေရုံနဲ့ ဤကို ကျွဲ ဖတ်နေရင်တော့ အမှန်တရားနဲ့ ဘယ်သောအခါမှ မနီးစပ်နိုင်ဘူးဆိုတာကို လေးနက်စွာ ပြောချင်ပါတယ်။ စာဖတ်သူများ ဝေဘန်ပိုင်းခြားနိုင်ကြပါစေ။