Friday, October 24, 2008

ပစ်မှတ်


To be sure of hitting the target, shoot first, and call whatever you hit the target

Ashleigh Brilliant

ပစ်မှတ်ကို မလွဲတမ်းထိစေချင်ရင်တော့ အရင်ပစ်လိုက်၊ ထိတဲ့အရာကိုပဲ ပစ်မှတ်လို့ မှတ်လိုက်ပေတော့။
(အာရှ်လိမ်း ဘရင်းလီယန်တ်)

ဒီအဆိုလေးက ရယ်စရာလိုလိုမို့ ကျနော် စိတ်ဝင်စားသွားတယ်။ ကျနော်ဖတ်ခဲ့ဘူးတဲ့ ဆွေမင်း (ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီ ကိုလဲ စိတ်ထဲမှာ သတိရလိုက်မိသေးတယ်။ မုတ်ဆိုးကျော်ကိုတွတ်ပီ သေသေချာချာ ချိန်ပြီးပစ်လိုက်ရင် လွဲတာက ခပ်များများမို့လား။၊ ဒါကြောင့် သားကောင်လေးတွေလောကမှာ စကားတစ်ခွန်းတွင်သွားတယ်။ မရှောင်ရင် လွတ်တယ် တဲ့။

အဲဒီထက်ကို ပိုသတိရလိုက်တဲ့ အရာကတော့ ကျနော့်ဘ၀ရဲ့ စာမျက်နှာအိုလေးတစ်ခုဖြစ်တဲ့ ငယ်စဉ်ကအကြောင်းလေး။ ကျနော့်ဇာတိဖြစ်တဲ့ မောင်းမကန်ရွာက ကျနော်တို့အိမ်ဘေးမှာ ကပ်ရက် ပေါက်နေတဲ့ မချစ်စုသရက်ပင်ကြီး တစ်ပင်ရှိတယ်။ သူ့ရာသီရောက်တာနဲ့ သရက်ဖူးတွေ ဝေနေအောင် ဖူးတော့တာပဲ။ သရက်ဖူးတွေ မြိုင်မြိုင်ဖူးတဲ့ရာသီရောက်ရင် သရက်ပျားလေးတွေကလဲ တ၀ီဝီနဲ့ ပွင့်အာစ သရက်ပန်းလေးတွေကို သူဦးငါအလျှင် အချစ်ရေးလိုက်ဆိုကြတယ်။ အချို့ပန်းပွင့်လေးတွေလဲ အချစ်ရေးအဆိုကြမ်းတဲ့ ပျားကောင်တွေနဲ့တွေ့ပြီး ကံဆိုးစွာနဲ့ ကြွေကျရရှာတယ်။ အချို့လဲ နုနယ်လွန်းတဲ့အတွက် လေအဝှေ့မှာ မြေပြင်ကြွေကျ ဘ၀ပျက်ရရှာကြတယ်။

အဆိုးဆုံးကတော့ သရက်ဖျက်မိုး။ သရက်ဖူးတွေ ဝေေ၀ပွင့်တဲ့ ရာသီကိုမှ ချောင်းမြောင်းပြီး အကြမ်းဖက်ဖို့လုပ်နေတဲ့ မိုးသက်မိုးခါး။ သရက်ပင်လေးတွေ အဖူးတွေဝေပြီး လှပတင့်တယ် ချစ်စဘွယ်ဖြစ်နေတဲ့အချိန်ဆို ရွာချပြီ။ အဲဒီမှာတင် အကုန်ပျက်တော့တာပဲ။ ဖူးနေတဲ့ဖူးတွေလဲ မပွင့်နိုင်တော့ဘူး၊ ပွင့်နေတဲ့ အပွင့်တွေလဲ ကြွေတဲ့အပွင့်ကကြွေ။ မကြွေပဲ ကျန်နေတဲ့ အပွင့်တွေလဲ မိုးကြိုးအပစ်ခံထားရတဲ့လူလို မဲမဲတူးတူးတွေဖြစ်ပြီးတော့ အကျီးတန် အရုပ်ဆိုးလို့ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတော့တာပဲ။

အဲဒီလိုအခြေအနေမျိုးမှာမှ နဂိုက မလှရှာလို့ လူအမြင်မခံရဲပဲ ရွက်ကြိုရွက်ကြားမှာ ပုန်းကွယ်နေကြရတဲ့ သရက်ဖူးလေးတွေဟာ မိုးစက်အမှန်မခံရတဲ့အတွက် ထိခိုက်မှုတစ်စုံတရာမရှိပဲ နံနက်ခင်း နေအပွင့်မှာ အနွေးဓာတ်လေးတွေနဲ့အတူ ပွင့်အာလာနိုင်ကြတယ်။ နောက်ဆုံးတော့ သရက်ပင်တစ်ပင်ရဲ့ ရာသီဂုဏ်ကို သူတို့ကပဲ ဦးဆောင်သွားကြတယ်။ မိုးစက်မိုးပေါက် အထိမခံရပဲ ရွက်ကြိုရွက်ကြား အသီးအသီးကနေ ပွဲလန့်တုန်းဖျာခင်းလုပ်ပြီး ဖူးလာကြတဲ့ အဖူးလေးတွေဟာ ဖူးရာမှပွင့်၊ ပွင့်ရာမှ ကင်း၊ ကင်းရာမှနု၊ နုရာမှရစ် အဆင့်ဆင့် အခြေတင့်လာတဲ့အချိန်ကျတော့မှ တစ်နှစ်လုံးလုံး မချစ်စုပင်ကြီးကို တမော်မော်ကြည့်လာရတဲ့ ကျနော့်လည်ပင်းလည်း အညောင်းသက်သာတော့တယ်။

ညနေဘက် ကျနော်ကျောင်းက ပြန်ရောက်တာနဲ့ ပုခုံးမှာ လွယ်ထားတဲ့လွယ်အိပ်ကို ရောက်ချင်တဲ့ဆီရောက်၊ အိပ်အပေါ် ၀ုန်းကနဲ ပစ်တင်လိုက်တယ်။ ပြီးတော့ အမေ့အချေအနေလဲ ကြည့်ရသေးတယ်။ အမေဘယ်ဆီရောက်နေလဲပေါ့။ အမေ အိမ်မှာမရှိလို့ကတော့ အဲဒီနေ့ သိပ်ပျော်ပေါ့။ မချစ်စုလေးကို အားရပါးရ နှိပ်စက်ရတော့မယ် ဆိုတဲ့ စိတ်နဲ့။ အမေတွေ့လို့ကတော့ မသက်သာဘူး။ မချစ်စုသရက်သီးထုချမှုနဲ့ အနည်းဆုံး နှစ်ချက်လောက်တော့ အတွယ်ခံရတယ်။

ပြီးတာနဲ့ အိမ်အောက်မှာ ပုံထားတဲ့ ထင်းပုံဆီသွား၊ လက်ဆလို့ကောင်းတဲ့ ထင်းချောင်း သုံးလေးချောင်းလောက်ကောက်ယူ၊ ခန့်တည်တည်နဲ့ သရက်သီးများများရှိတဲ့ကိုင်းကို လိုက်ရှာ။ တွေ့ပြီဆိုတာနဲ့ လက်ထဲပါတဲ့ ထင်းချောင်းတွေကို တစ်ချောင်းပြီး တစ်ချောင်း ပစ်တော့တာပဲ့။ မှန်ချင်တဲ့ အလုံးမှန်။ ဘယ်အလုံးပစ်မယ်လို့ မသတ်မှတ်ဘူး။ လက်ထဲရှိတဲ့ ထင်းချောင်း သုံးလေးချောင်းကုန်ရင် အနည်းဆုံး မချစ်စုသရက်သီး နှစ်လုံးလောက်တော့ မြေပေါ်ရောက်တယ်။ မြေပေါ်ကျလာတဲ့လုံးကတော့ ကိုယ်ပစ်လို့မှန်တဲ့လုံးပဲလေ။ ပစ်မှတ်က အဲလိုကိုးဗျာ့။

ကျလာတဲ့ မချစ်စုသရက်သီးအစိမ်းတွေကို ရေပြောင်ပြောင်ဆေး၊ ကြောင်အိမ်ထဲ အမေ၀ှက်ထားတဲ့ ငါးပိထောင်းခွက်ကို အသာလေးသွားယူပြီးတော့ မချစ်စုလေးကို ငါးပိထောင်းနဲ့ အားရပါးရ ၀ါးတော့တာပဲ။ ကျနော် ပြောရင်းတောင် သရေကျမိသဗျား။ အဲဒါ ကျနော် ငယ်ငယ်က သရက်သီးပစ်တဲ့အခါသုံးတဲ့ ပစ်မှတ်ထားနည်း။ ကလေးကလား ဆန်တဲ့ ပစ်မှတ်ထားနည်းပေါ့။ အာရှ်လိမ်း ဘရင်းလီယန်တ်ရဲ့ အဆိုနဲ့တော့ ကွက်တိပဲ။

ကျနော်စဉ်းစားကြည့်တယ်။ ဘာ့ကြောင့်များ သူက အဲဒီလိုမျိုး ကပ်သီးကပ်သတ် ပြောရသလဲ လို့။ သူ့အကြောင်းကို လိုက်ရှာကြည့်တော့ အဖြေတွေ့တယ်။ သူဟာ စာရေးဆရာတစ်ယောက်။ ဒိထက် သူ့ဘ၀ကို ထင်ရှားစေတဲ့ အလုပ်ကတော့ ရုပ်ပြောင်ကာတွန်း ရေးတဲ့အလုပ်။ ရုပ်ပြောင်ကာတွန်းကို ရေးတဲ့နေရာမှာလဲ Pot-Shots လို့ခေါ်တဲ့ လက်တန်းရေးဆွဲတဲ့နေရာမှာ အတော်နာမည်ကြီးတဲ့လူ။ ဒီတော့ သူ့ပစ်မှတ်တွေဟာလဲ လက်တန်းပစ်မှတ်တွေချည်းဖြစ်တော့တာပေါ့။ ဒီနေရာမှာ အတွေးအခေါ်တစ်ခုဟာ မိမိကျွမ်းကျင်လိမ်မာရာကို အကြောင်းပြုပြီးတော့လဲ ထွက်ပေါ်လာတတ်တယ် ဆိုတာကို ကျနော်တို့ နားလည်ရပါတယ်။

ဒါပေမဲ့ သူ့အဆိုဟာ တကယ့်ဘ၀ကို ထူထောင်လိုသူတွေအတွက်တော့ ရယ်စရာကောင်းတဲ့ ပျက်လုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူကိုယ်တိုင်က ကာတွန်းဆရာဆိုတော့ အဲဒါကိုပဲ ရည်ရွယ်ပြီး တမင်ပြောတာလဲ ဖြစ်နိုင်တာပေါ့။ ကျနော်တို့ဘ၀ဟာ ပစ်မှတ်ကို ချိန်မထားရင် ဖြစ်ချင်တာ ဖြစ်ဖို့မလွယ်ပါဘူ။ အဲဒီတော့ မိမိဖြစ်ချင်တာကို သေသေချာချာ ချိန်ရွယ်ပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားဖို့ သိပ်အရေးကြီးပါတယ်။ နောက်ဆုံးကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိပေါ့။

ကျနော်ပြောရဲတာ တစ်ခုတော့ရှိတယ်ဗျာ့။ အဲဒါက ဘာလဲဆိုရင်၊ လူတစ်ရာမှာ (၈၅%) ရာခိုင်နှုံးလောက်ရှိတဲ့ လူတွေဟာ ဖြစ်ချင်တာ မဖြစ်ရလို့ ဖြစ်သလိုနဲ့ ကျေနပ်နေရတဲ့ လူတွေချည်းပဲ။ ကျနော်လဲ အဲဒီထဲမှာပါတယ်။ ကျနော်ဖြစ်ချင်တာက တခြား။ ဖြစ်နေတာက တခြား။ မှန်းတဲ့နေရာမထိလို့ ထိတဲ့နေရာကိုပဲ မှန်းတဲ့နေရာလုပ်ပြီး ကျေနပ်လိုက်ရတယ်ဆိုပါတော့။ အဲဒီတော့ သူ့အဆိုဟာ ကျနော်တို့လိုလူတွေ အတွက်တော့ သိပ်မှန်တဲ့ အဆိုပေါ့။ ဘ၀ကို စောစောကတည်းက နောင်တစ်ချိန် ဘာဖြစ်အောင်လုပ်မယ် ဆိုပြီး ကြိုးစားခဲ့လို့ ကြိုးစားတဲ့အတိုင်း ဖြစ်လာတဲ့လူတွေကတော့ လက်ခံမယ် မထင်ဘူး။

ဘာပဲပြောပြောပေါ့။ ကျနော်တို့မြန်မာစကားပုံရှိတယ်မို့လား။ ရင်လောက်မှန်းမှ ခါးလောက်ကျန်၊ ခါးလောက်မှန်းမှ ဒူးလောက်ကျန် ဆိုတာလေ။ အဲဒီတော့ ပစ်မှတ်ကို ထိတာမထိတာနောက်ထား။ ချိန်ပြီးပစ်တာကတော့ မချိန်ပဲ ပစ်တာနဲ့စာရင် ထိဖို့ ပိုနီးစပ်တာပေါ့။ အဲဒီလိုပဲ ဖြစ်ချင်သလို ဖြစ်တာမဖြစ်တာ နောက်ထား၊ ရည်မှန်းချက်ထားပြီး ကျိုးစားတာကတော့ ဗရမ်းဗတာ နေတာထက် ပိုပြီးတော့ ကောင်းပါတယ် လို့ ကျနော် မြင်မိကြောင်း တင်ပြလိုက်ရပါတယ်။ ရည်မှန်းချက် ပစ်မှတ်ကို မှန်အောင် ပစ်နိုင်ကြပါစေ။

No comments: