Fortune is not on the side of the faint-hearted.
Sophocles (496 BC-406 BC)
အောင်မြင်မှုဆိုတာ သတ္တိနည်းတဲ့ လူတွေအတွက် မဟုတ်ဘူး။
(ဆိုဖကော်လ်)
လူရယ်လို့ဖြစ်လာပြီးတော့ လူ့အသိုင်းအ၀ိုင်းထဲမှာပဲ နေနေရသေးတယ်ဆိုရင် ဘယ်သူမဆို မိမိကျင်လည်ရာလောကမှာ ရှိသင့်ရှိထိုက်တဲ့ အောင်မြင်မှုမျိုး ရှိချင် ရချင်ကြမှာချည်းပဲ ထင်ပါရဲ့။ အောင်မြင်မှုရဖို့ကြိုးစားနေတဲ့လူကိုတော့ မပြောနဲ့၊ မကြိုးစားတဲ့ လူတောင်မှ ဒီအောင်မြင်မှုဆိုတာကြီးကို မက်မောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်မှုကို ပိုင်ဆိုင်လိုက်ခြင်းဟာ ကိုယ့်ဘ၀သမိုင်းစာမျက်နှာကို သိပ်လှပသွားစေလို့ပါပဲ။
ဒါဖြင့်ရင် အောင်မြင်မှုဆိုတာ ဘာလဲ၊ ဒီမေးခွန်းကို အဖြေအတိအကျ ပေးလို့မရတာကတော့ သေချာတယ်။ အကြောင်းကတော့ အောင်မြင်မှုကို ပေးတဲ့နယ်ပယ်ဟာ အမျိုးမျိုးရှိနေလို့ပါ။ စီးပွါးရေး၊ နိုင်ငံရေ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ စသဖြင့် နယ်ပယ်အသီးသီးမှာ ကိုယ့်အစွမ်းအစ၊ ကိုယ့်ဝါသနာနဲ့ဆီလျော်တဲ့ အခန်းကဏ္ဍတစ်ခုခုကို သူများထက်ချွန်အောင်၊ တော်အောင် ကြိုးစားပြီး အဲဒီလို ချွန်နေ၊ တော်နေတဲ့လူမျိုးကို ယေဘုယျသဘောအရ အောင်မြင်နေသူလို့ ဆိုရမှာပါ။
အောင်မြင်မှုဆိုတာ ဂုဏ်ပါ၊ ဂုဏ်ဆိုတာ အဲဒီဂုဏ်ရဲ့တည်ရာဖြစ်တဲ့ ဒြဗ်နဲ့ အမြဲတမ်းတွဲနေရပါတယ်။ ဒါကြောင့် ဂုဏ်ကို ဒြဗ်နဲ့ခွဲထုတ်လို့မရပါဘူး။ သီဝရီအရပဲ စိတ်ကူးနဲ့ခွဲလို့ရပါတယ်။ လက်တွေ့သဘောအရကတော့ ဂုဏ်ဟာ ဒြဗ်နဲ့ အမြဲတွဲနေကျပါ။ ဒါဖြင့်ရင် ဒြဗ်မရှိတော့တဲ့ နောက်မှာ ဂုဏ်သေသွားသလားဆိုတော့ ဂုဏ်ဟာ အဲလိုဒြဗ်မရှိတာနဲ့ သေးသွားတတ်တဲ့ အရာလဲ မဟုတ်ပြန်ပါဘူး။
ဥပမာ၊ နိုင်ငံရေးလောကမှာ အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ကို ပြောပါဆိုရင်၊ ကျနော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ မြင်ပါတယ်။ အခုသူမရှိတော့ပါဘူး။ ဒါပေမဲ့ သူ့အောင်မြင်မှုဟာ မြန်မာတည်သရွေ့ တည်နေမယ့် ဂုဏ်ပါ။ ဘယ်သူမှ ဖျောက်ဖျက်ပစ်လို့မရပါဘူး။ ဒီလိုလူမျိုးရဲ့ ဂုဏ်ကို ဖျောက်ဖျက်ပစ်ဖို့ကြိုးစားခြင်းဟာ ပတ္တမြားဂူကို ရွှံ့နဲ့ပွတ်သလိုပဲ ဖြစ်မှာပါ။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်တည်နေသရွေ့ သူ့ရဲ့နိုင်ငံရေးလောကမှာရခဲ့တဲ့ အောင်မြင်မှုဂုဏ်ဟာလဲ တည်နေမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အောင်မြင်မှုဟာ သူ့နာမည်နဲ့ခွဲမရလို့ပါ။ ဒါဖြင့်ရင် နာမည်ဆိုတာလဲ ဂုဏ်ရဲ့တည်ရာဒြဗ်တစ်မျိုးလို့ ထပ်ဆင့် နားလည်ရပါ့မယ်။
အဲဒီ မသေတဲ့ဂုဏ် သို့မဟုတ် အောင်မြင်မှု ဆိုတာ လိုချင်စရာကောင်းသလောက် ရဖို့ အင်မတန်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂုဏ်ဆိုတာ ရိုးသားမှုကို အခြေခံပြီးမှ ရတတ်လို့ပါပဲ။ ကျနော်ဒီစကားကို ထပ်ရှင်းဖို့လိုမယ်ထင်ပါတယ်။ ရိုးသားမှုကြောင့် အောင်မြင်မှုရနိုင်သလား ဆိုတဲ့မေးခွန်းကို ကျနော်ရှောင်လွှဲလို့မရပါဘူး။ လူတိုင်းပါးစပ်က ပြောပြောနေတဲ့ ရိုးသားမှုဆိုတာ အခုကျနော်ပြောမယ့် ရိုးသားမှုမျိုးနဲ့ တူချင်မှ တူမှာပါ။ ကျနော်ကတော့ ရိုးသားမှုဆိုတာ သတ္တိကောင်းတဲ့လူတွေမှာပဲရှိတယ် လို့ ယုံပါတယ်။ သတ္တိမရှိတဲ့လူတွေ၊ သတ္တိနည်းတဲ့လူတွေ၊ သူရဲဘောကြောင်တဲ့လူတွေဟာ ဘယ်တော့မှ မရိုးသားနိုင်ကြပါဘူး။ တကယ်လို့များ အဲလိုလူတွေမှာ ရိုးသားမှု ရှိတယ်ဆိုရင် အဲဒါဟာ ရိုးသားမှုအသွင်ဆောင်ထားတဲ့ နုံအမှု ပဲဖြစ်မှာပါ။ ရိုးသားတယ်ဆိုတာ သတ္တိရဲ့ အခြားနာမည်တစ်မျိုးပါ။
မိမိတို့သက်ဆိုင်ရာနယ်ပယ်အလိုက် အောင်မြင်မှုရအောင် ကြိုးစားတဲ့နေရာမှာ သတ္တိရှိတဲ့လူတွေ၊ ဇွဲရှိတဲ့လူတွေ၊ သည်းခံနိုင်စွမ်းရှိတဲ့လူတွေ၊ ရိုးသားတဲ့လူတွေဟာ ဂုဏ်လို့ခေါ်တဲ့ စစ်မှန်တဲ့အောင်မြင်မှုမျိုးကို ရတတ်ကြပါတယ်။ သူတို့ရတဲ့အောင်မြင်မှုတွေဟာ ဂုဏ်ဖြစ်သွားတဲ့အတွက် ဘယ်တော့မှ မသေနိုင်တော့ပါဘူး။ တစ်ချို့လူတွေလဲ မရိုးသားတဲ့နည်းနဲ့ အောင်မြင်မှုရတတ်ကြတာရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အောင်မြင်မှုဟာ ဂုဏ်မမြောက်တဲ့အတွက် မကြာခင်မှာပဲ သေဆုံးသွားတတ်ကြပါတယ်။ ဂုဏ်မမြောက်ခြင်းရဲ့အကြောင်းကတော့ သူတို့ရတဲ့အောင်မြင်မှုနဲ့ ထိုက်တန်တဲ့အရည်အချင်းမရှိလို့ပါပဲ။ ပြောမယ်ဆိုရင် ရှက်စရာတောင်ကောင်းပါသေးတယ်။ ဒါပေမဲ့ သူတို့ဟာ သတ္တိမရှိတဲ့အတွက် အောင်မြင်မှုကို မရိုးသားတဲ့နည်းနဲ့ ယူခဲ့ကြရရှာတယ်။
ကျနော်တို့တတွေဟာ ဂုဏ်မြောက်တဲ့ အောင်မြင်မှု၊ ဘယ်တော့မှ မသေတော့တဲ့အောင်မြင်မှုမျိုးကို လိုချင်တယ်ဆိုရင်တော့ မိမိတို့နယ်ပယ်အလိုက် ရိုးရိုးသားသားနဲ့ သတ္တိရှိရှိ ကြိုးစားဖို့အင်မတန်အရေးကြီးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆိုဖကော်လ် ရဲ့ အဆိုအမိန့်ဟာ အတော့်ကို မှတ်သားစရာကောင်းပါတယ်။ အဲဒါကြောင့် ကျနော်ချစ်တဲ့ ညီအကို မောင်နှမလေးတွေအတွက် မိမိအောင်မြင်မှုကို စံပြုနိုင်စေဖို့ သူ့ရဲ့အဆိုအမိန့်ကို ဝေငှလိုက်ပါတယ်။
အောင်မြင်မှုဆိုတာ သတ္တိနည်းတဲ့ လူတွေအတွက် မဟုတ်ဘူး။
No comments:
Post a Comment