Friday, May 29, 2009

အလိုအပ်ဆုံးသော အရာ


It is justice, not charity, that is wanting in the world.

Mary Shelley (1797-1851)

ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့အရာကတော့ တရားမျှတမှုပဲ၊ အလှူအတန်းမဟုတ်ဘူး။

(မေရီရှဲလ်လေး)


မှန်သည်။ တရားမျှတမှုသည် ကမ္ဘာပေါ်မှာလိုအပ်နေသောအရာဖြစ်သည်။ ထို့ထက်ပိုမိုပြောရပါမူ အလိုအပ်ဆုံးသော အရာဖြစ်သည်။ တရားမျှတမှုမရှိသောကြောင့် လူတန်းစားမညီမျှမှုတွေ၊ ချမ်းသာဆင်းရဲကွာဟမှုတွေ၊ နိုင်ရာစားအကျင့်စရိုက်တွေ သိသိသာသာဖြစ်နေရသည်။ တရားမျှတမှုရှိသောတိုင်းပြည်နှင့် တရားမျှတမှုမရှိသောတိုင်းပြည်နှစ်ပြည်ကို နှိုင်းယှဉ်ကြည့်ပါက ယင်းသဘောတရားကို သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။ သိနိုင်သည်။ ထို့ကြောင့် တရားမျှတမှုသည် အလိုအပ်နေသောအရာများအနက် အလိုအပ်ဆုံးသော အရာဖြစ်သည်။

သို့ဆိုသော် ယင်းတရားမျှတမှုဟူသည် အဘယ်က လာသနည်း? တရားရုံးက လာသလော? ဥပဒေစာအုပ်တွေထဲ လာသလော? ထိုမေးခွန်းများအတွက် ကျနော့်အဖြေကား-----

“တရားမျှတမှုဟူသည် တရားရုံးကလည်းမလာပါ၊ ဥပဒေစာအုပ်ပုံတွေကြားထဲကလဲ မလာပါ။ တရားမျှတမှုသည် အင်အားကြီးသူထံမှ လာခြင်းဖြစ်သည်”။

ပြည်သူပြည်သားတွေအင်အားကြီးသော နိုင်ငံများ၌ တရားမျှတမှုသည် ပြည်သူလူထုထံမှလာသည်။ အစိုးရအင်အားကြီးသောနိုင်ငံများ၌မှု တရားမျှတမှုသည် အုပ်ချုပ်သူများထံမှ လာခြင်းဖြစ်သည်။ ပြည်သူလူထုသည် အများစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားမျှတမှုကိုသာလုပ်သည်။ မတရားသည်ကို မလုပ်ကြ။ အစိုးရသည် အနည်းစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုလည်းပြုလုပ်နိုင်သည်၊ မတရားသည်ကိုလည်း ပြုလုပ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထုသည် လက်နက်မဲ့ဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုသာလုပ်သည်။ အစိုးရသည် လက်နက်ရှိသောကြောင့် အင်အားကြီးသောအခါ မတရားသည်ကိုလဲ ပြုလုပ်နိုင်သည်။

တရားမျှတမှုသည် နိုင်ငံတစ်နိုင်ငံတွင်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသက်ဖြစ်သည်။ တရားမျှတမှုမရှိသောနိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဂိုဒေါင်တစ်ခုအတွင်း သိုလှောင်ထားသော စွန့်ပစ်ပစ္စည်းများနှင့်တူသည်။ ဥပဒေထုတ်ဆင့်မှုမှန်သမျှ၏ ပင်မရည်ရွယ်ချက်သည် တရားမျှတမှုသို့သာ ဦးတည်ရသည်။ ဥပဒေသည် တရားမျှတမှုကို မဖြစ်စေပါက စစ်မှန်သော ဥပဒေ၏ အဓိပ္ပါယ်ကို သရုပ်မဖေါ်နိုင်ပေ။ ဥပဒေဟူသော ယင်းစကားလုံးသည် “ဥပဒေသ”ဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “အနီးကပ်သွန်သင်ညွှန်ကြားမှု” ဟု အဓိပ္ပါယ်ရသည်။ အများစုလိုက်နာနိုင်အောင်၊ လိုက်နာလျှင်အကျိုးရှိအောင် ညွှန်ကြားလွှာများထုတ်ဆင့်ခြင်းကို ဥပဒေပြဓာန်းသည်ဟု ခေါ်သည်။ ထို့ကြောင့် ယင်းညွှန်ကြားလွှာသည် တရားမျှတမှုဧကန်ရှိရပေမည်။ တရားမျှတမှုမရှိက ဥပဒေဟုမခေါ်ဆိုနိုင်ချေ။

သို့ဖြစ်လျှင် တရားမျှတမှုရှိအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း? ယင်းအတွက် အဖြေကို အရွယ်ရောက်ပြီးသူ လူတိုင်းလောက်နီးပါး နားလည်နေကြပါပြီ။ အထူးရှင်းပြဘွယ်မလိုချေ။ သို့သော် အရိုးဆုံးနှင့် အရှင်းဆုံးသော အဖြေတစ်ခုရှိသည်။ ၎င်းအဖြေမှာ “မတရားတာမလုပ်နဲ့” ဟူသောအဖြေပင်ဖြစ်သည်။ မတရားမှုပြုလုပ်သည်ဟူရာ၌----

(၁) ဥပဒေစာအုပ်အတွင်းရေးဆွဲပြဓာန်းထားသော စည်းကမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်လည်းရှိမည်။ ယင်းကို
Offence=ဥပဒေကို ကျူးလွန်မှုဟု၎င်း၊ Crime= ရာဇ၀တ်မှုဟု၎င်း အမည်တပ်သည်။

(၂) ဥပဒေတိုက်ရိုက်ပြဓာန်းမှုမရှိသော်လဲ သူတစ်ပါးနစ်နစ်နာအောင် တမင်လုပ်ကြံဖန်တည်းယူသည်လည်း ရှိမည်။ ယင်းကို Charade (ရှရားဒ်)=(သရုပ်ဆောင်) လီဆယ်မှုဟု၎င်း၊ Ploy=ကြံစည်မှုဟု၎င်း၊ Trumped-up Charge=လုပ်ကြံမှုဟု၎င်းခေါ်သည်။

(၃) ဥပဒေပြဓာန်းထားသော်လဲ “၀ိနည်းတတ်၊ ကြက်သတ်”ဟူရာ၌ကဲ့သို့ ဥပဒေကို ကျွမ်းကျင်သောကြောင့် တိုက်ရိုက်ဥပဒေဖြင့် မညိစွန်းစေပဲ ပြစ်မှုကျူးလွန်သည်လည်း ရှိမည်။ ယင်းသို့သောလွန်ကျူးခြင်းမျိုးကို Evasion=ဥပဒေလက်တစ်လုံးခြားလုပ်သည် ခေါ်ဆိုနိုင်သည်။

မည်သို့ဆိုစေ၊ ဥပဒေပြဓာန်းထားသည်ဖြစ်စေ၊ ပြဓာန်းမထားသည်ဖြစ်စေ သူတစ်ပါးအကျိုးနစ်နာအောင် လုပ်ဆောင်မှုမှန်သမျှကို မတရားပြုလုပ်သည်ဟု ယေဘုယျ သတ်မှတ်နိုင်သည်။ မတရားပြုလုပ်မှုမှန်သမျှ၌ တစ်စုံတစ်ယောက်မှာ နစ်နာရစမြဲဖြစ်သည်။ မိမိက အာဏာအားဖြင့်ဖြစ်စေ၊ ရာထူးအားဖြင့်ဖြစ်စေ၊ ဥစ္စာဓနအားဖြင့်ဖြစ် အင်းအားရှိသောကြောင့် သူတစ်ပါးကို နစ်နာအောင်လုပ်လျှင် ယင်းသို့သောပြုလုပ်မှု၌ မတရားမှုသည် အနည်းနှင့်အများ ပါဝင်လာရသည်။ အစိုးရကလုပ်လျှင် ပြည်သူလူထုမှာ နစ်နာရသည်။ လုပ်ငန်းရှင်ကလုပ်လျှင် အလုပ်သမားမှာ နစ်နာရသည်။ အချင်းချင်းလုပ်လျှင် အလုပ်ခံရသူက နစ်နာရသည်။ ထို့ကြောင့် တရားမျှတမှုရှိဖို့အရေး မိမိ၏လုပ်ရပ်ကို ဆန်းစစ်ဖို့လိုသည်။ ယင်းသို့ဆန်းစစ်ရာဝယ် ထားရမည့် Criteria ခေါ်စံမှာ “Honest=ရိုးသားမှု” ပင်ဖြစ်သည်။ ရိုးသားမှုကင်းလေလေ တရားမျှတမှု မရှိလေလေဖြစ်သည်။ ထို့ကြောင့် ရိုးသားမှုသည် တရားမှုတမှု၏ ပင်မအုဌ်မြစ်=Foundation အစစ်တည်း။

Justice=တရားမျှတမှုဟူသော စကားလုံးကိုကြားလျှင် ဥပဒေလမ်းကြောင်းပေါ်က ဝေါဟာရတစ်ခုအဖြစ် လူအများစိတ်ထဲမှာ မြင်ယောင်တတ်သည်။ အမှန်အားဖြင့် ယင်းစကားလုံးသည် အုပ်ချုပ်သူများကိုသာ ရည်ရွယ်ရင်းမဟုတ်။ လူတစ်ယောက်စီ၊ လူတစ်ယောက်စီသည်ပင် ယင်းတရားမျှတမှုဟူသောစကားလုံးနှင့် စပ်ဆိုင်သည်။ ဆိုလိုသည်မှာ လူတိုင်းတရားမျှတမှုရှိရမည်ဖြစ်သည်။ ယင်းသို့တစ်ဦးချင်းစီ တရားမျှမှု ရှိပါက ကျနော်တို့ ကမ္ဘာကြီးသည် အလွန်အေးချမ်းသာယာသော ကမ္ဘာကြီးဖြစ်မည်မှာ မလွဲတည်း။ ထို့ကြောင့် ကျနော့်တို့ကမ္ဘာသူကမ္ဘာသားအများစု တောင့်တနေသော ဆုလာဒ်တစ်ခုသည် တစ်ပါးသူ၏ ပေးကမ်းစွန့်ကျဲခြင်းမျိုးမဟုတ်။ တရားမျှတမှုပင် ဖြစ်ပါသတည်း။


Thursday, May 28, 2009

ဒုက္ခသစ္စာ


“ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ”
ကြီးမေ မကြာခဏပြောပြောနေတဲ့ စကားတစ်ခွန်း။ ကြီးမေဆိုတာ အိမ်ခြေတစ်ထောင်ကျော်ကျော်ရှိတဲ့ ကျနော်တို့ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ရွာက တစ်ရွာလုံးသိ၊ တစ်ရွာလုံးချစ်တဲ့ အရူးမကြီးတစ်ယောက်ပေါ့။ အရူးဆိုပေမဲ့ သွက်သွယ်ခါအောင် ရူးနေတဲ့ ပိတ္တုမ္မတ္တကခေါ် သည်းခြေပျက်အရူးမျိုးတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့ရွာမှာ ကျနော်ခပ်ငယ်ငယ်တုန်းက အရူး (၃) ယောက်ရှိပါတယ်။ တစ်ယောက်က မေမြင့်အရူး၊ နောက်တစ်ယောက်က မဲထူးရွှေ(မယ်ထူးရွှေ)အရူး၊ အခြားတစ်ယောက်က ကိုဖိုးကြည်အရူး။ အဲဒီထဲက နှစ်ယောက်က အမျိုးသမီးတွေ။ ဒါပေမဲ့ မေမြင့်အရူးနဲ့ ကိုဖိုးကြည်အရူးတို့က ကျနော်အထက်မှာပြောခဲ့သလို ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ ဘုရားသွား ကျောင်းတက်အလွန်မြဲတဲ့ အကောင်းစားအရူးတွေပါ။ မဲထူးရွှေဆိုတာကတော့ သွက်သွယ်ခါအောင် ရူးတဲ့ သည်းခြေပျက်အရူးပေါ့။ အခုတော့ မဲထူးရွှေအရူးမ ရှိတော့မယ်မထင်ပါ။ ကျနော်ရွာကထွက်လာပြီးကတည်းက သူနဲ့ပတ်သက်ပြီး နောက်ထပ်ဘာအသံမှ မကြားရတော့တာ ကြာပါပြီ။

“ပြီးခဲ့တဲ့ ၂၀၀၇-ခုနှစ်တုန်းက ကျမနဲ့ ကျမယောက်ျားအိမ်ထောင်ရေး ပြတ်စဲခဲ့ပါတယ်။ ကျမမှာ အလုပ်ကလဲ မယ်မယ်ရမရှိ၊ ကလေးကလဲ နှစ်ယောက်နဲ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူးရှင်၊ Mortgage (အိမ်ချေးငွေ) ကြေးတွေလဲ ဒီတစ်သက်ဆပ်လို့ကုန်ပါဦးမလား မသိဘူး။ ဒီကြားထဲ ပြီးခဲ့တဲ့သတင်းပတ်က စိတ်ညစ်ညစ်နဲ့ အရက်သောက်ပြီး ကားမောင်းမိတာ ပုလိပ်နဲ့တွေ့လို့ အဖမ်းခံလိုက်ရတယ်။ အခုသူတို့ ကျမကားကို သိမ်းထားကြပြီ၊ ကျမမှာ ကားစီးစရာလဲ မရှိတော့ဘူး၊ ဟီး---ဟီး---ဟီး----၊ ကယ်လို့ရရင် ကယ်ပါဦးရှင်---”

ကျနော်သူပြောသမျှ နားထောင်ရင်း ကျနော်ကိုယ်တိုင်လဲ သူပြောသလို ပြန်ပြောရရင် ဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး။ သူက ငိုကြီးချက်မ ချနေတာကိုး။ သူဆိုတာ အင်္ဂလိပ်အမျိုးသမီးလေးတစ်ယောက်ပါ။ အင်္ဂလိပ်စစ်စစ်တော့ ဟုတ်ဟန်မတူဘူး၊ အင်္ဂလိပ်နဲ့ အင်ဒီယန်းစပ်စပ်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးတယ်လို့ သိရပါတယ်။ အသားဖြူဖြူ၊ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ အပျိုဘ၀က အတော်လှမည့်ကောင်မလေးတစ်ယောက်လို့ ခန့်မှန်းရပါတယ်။ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ကို သူ့ယောက်ျားက ပစ်သွားတယ်ဆိုတော့ ကျနော်စဉ်းစားလို့မရဘူး။ အကြောင်းတော့ ရှိမယ်ပေါ့ဗျာ။

သူနဲ့စတွေ့ခဲ့တာက ကျနော်မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်းတစ်ယောက်ပါ။ ကျနော့်သူငယ်ချင်း အလုပ်ကအပြန် လမ်းမှာ အဲဒီအမျိုးသမီးနဲ့ တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အာရှသားမှန်းသိတော့ ဘယ်နိုင်ငံကလဲ? ဘာလူမျိုးလဲ? ဘယ်ဘာသာဝင်လဲ? စုံစေ့အောင်မေးပြီး သူ့ဒုက္ခကို ပြောပြရှာသတဲ့။ ဒါနဲ့ ကျနော့်သူငယ်ချင်းလဲ လမ်းမှာ ကြာကြာစကားမပြောချင်လို့ ကျနော်တို့နေတဲ့အဆောင်လိပ်စာပေးပြီး လာခဲ့ဖို့ မှာခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်လောက်ကြာတော့ အဲဒီအမျိုးသမီးရောက်လာတယ်။ သူရောက်လာတဲ့အချိန်က ညနေ(၃)နာရီလောက်ရှိပါပြီ။ ကျနော်တစ်ယောက်တည်းထိုင်ပြီး အပြင်ဘက်အဆောင်မှာ စာဖတ်နေပါတယ်။ ကျနော်က ဖီလိုဆိုဖီနဲ့ကျောင်းပြီးထားပြီး လောလောဆယ်မှာလဲ အရှေ့တိုင်းဒဿနတွေကို အင်္ဂလိပ်မလေးတစ်ယောက်ကို သင်ပေးနေတာဆိုတော့ ကျနော့်သူငယ်ချင်းက အဲဒီအမျိုးသမီးကို ကြည့်ကျက်ပြီး နှစ်သိမ့်လိုက်ဖို့ ကျနော့်ကို ပြောလိုက်ပါတယ်။

“ကယ်လို့ရရင် ကယ်ပါဦးရှင်” တဲ့။ ဒုက္ခရောက်လာပြီကိုး။ ကျနော်ကိုယ်တိုင်တောင် လောလောဆယ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိအောင် ဖြစ်နေရတဲ့အထဲ “ကယ်ပါဦး” ဆိုတော့ ကျနော်ဘာပြောရမှန်းမသိအောင်ဖြစ်သွားတာအမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တစ်ခုခုတော့ ပြောသင့်တယ်၊ ပြောရမယ်ဆိုတာကိုတော့ နားလည်လိုက်ပါတယ်။ အနည်းဆုံးတော့ နှစ်သိမ့်မှုတစ်ခုခုပေါ့။ လူဆိုတဲ့ သတ္တ၀ါဟာ ဒုက္ခနဲ့ ဒဲ့တိုးတွေ့လာရရင် ကိုယ်တိုင်ဖြေရှင်းလို့ရရင် ဖြေရှင်းလိုက်ကြပြီး ဖြေရှင်းလို့မရတဲ့အခါ အားကိုးရာရှာတတ်ကြစမြဲပဲမို့လား။ အားကိုးထိုက်သော/မထိုက်သော၊ အကူအညီပေးနိုင်သော/မပေးနိုင်သော ထည့်မတွက်တော့ပဲ ကိုယ့်မှာရင်ဆိုင်နေရတဲ့ ပြဿနာကိုပဲ ဒုက္ခကြီးထင်ပြီး အားကိုးတကြီး အကူအညီတောင်းတတ်ရှာတာ သဘာဝပဲပေါ့။

ဒါနဲ့ ကျနော် သူ့ကို မေးခွန်းတစ်ခု မေးလိုက်တယ်။ ခင်ဗျားက ဘယ်ဘာသာဝင်လဲ? လို့။ ဟုတ်တယ်လေ။ ကျနော်ဒီလိုမေးရမယ်လို့ ယုံကြည်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့ဒုက္ခက ဆေးဆရာနဲ့လဲ မရဘူး၊ နတ်ကတော်နဲ့လဲ အံမ၀င်၊ သက်ဆိုင်ရာအစိုးရကလဲ မကူညီ၊ ဆွေးမျိုးတွေကလဲ မပေးကမ်း၊ ကျနော်ကိုယ်တိုင်လဲ တခြားဘာမှမလုပ်ပေးနိုင်ဆိုတော့ ဘာသာရေးစကားလုံးတွေနဲ့ပဲ ဖြေသိမ့်ရတော့မှာပေါ့။ ကျနော်ယုံကြည်လိုက်တာ ပြောပါတယ်။ တကယ်တော့ ဘာသာတရားတွေဆိုတာ ဒီလိုကိစ္စမျိုးတွေကို ဖြေရှင်းပေးဖို့ ပေါ်လာကြတာပဲမဟုတ်လား။ သူဖြေတဲ့ အဖြေလဲ ကြည့်ဦး။ “ကျမက ခရစ်ယန်တွေရဲ့God ကိုလဲယုံကြည်တယ်၊ မူစလင်တွေရဲ့ Allah ကိုလဲ ကိုးစားတယ်၊ ဟိန္ဒူတွေရဲ့ ဗြဟ္မာကိုလဲ လက်ခံတယ်၊ ဒါပေမဲ့ ကျမရဲ့ မူရင်းဘာသာကတော့ Sikh ပါ” တဲ့။ ကောင်းရော။ အခုသူဒုက္ခရောက်လို့ လာပြီးအကူအညီ (အကြံအဉာဏ်) တောင်းတာကျတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ လူဆီမှာ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီးတွေကို စုံသွားတာပဲ။

ကျနော်ကပြောလိုက်တယ်။ “ဒါဖြစ်ရင် ကောင်းပြီ၊ ခင်ဗျားဘာကိုပဲ ယုံကြည်ကြည်၊ လက်ခံခံ အရေးမကြီးပါဘူး။ အခုခင်ဗျားသိပြီမို့လား၊ တကယ်ဒုက္ခရောက်ရင် ဘယ်ဘုရားမှ လာမကယ်ဘူးဆိုတာ၊ ကျနော်တို့ဘုရားလဲ မကယ်နိုင်ဘူး၊ ဒါပေမဲ့ ကျနော်တို့ ဘုရားဖြစ်တဲ့ ဗုဒ္ဓကတော့ အဲဒီလိုဒုက္ခတွေနဲ့ တွေ့လာတဲ့အခါ စိတ်ထားတတ်အောင် သင်ပေးခဲ့ပါတယ်၊ ညွှန်ပြပေးခဲ့ပါတယ်” လို့ ကျနော်လဲ တတ်သလောက်မှတ်လောက်အသိလေးကို ကျနော့်ရှိတဲ့ ကျိုးတိုးကျဲတဲအင်္ဂလိပ်စကားလုံးတွေနဲ့ အဆင်ပြေအောင်ပြောပြရတာပေါ့။ ဒါနဲ့ သူကမေးတယ် “ဘယ်လိုစိတ်ထားရမှာလဲ” တဲ့။

သူအဲလိုမေးတော့ ကြီးမေအရူးမ ပြောနေကျ စကားတွေကို ပြေးသတိရမိလိုက်တယ်။ “ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ” ဆိုတဲ့ စကား။ ကျနော်ပြောလိုက်တယ်။ “ခင်ဗျားတစ်ယောက်တည်း ဒီဒုက္ခမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့များ ထင်သလား၊ ဝေးဝေးမကြည့်နဲ့၊ ခင်ဗျားနေတဲ့ ပတ်ဝန်းကျင်ပဲ ကြည့်လိုက်ပါ။ ခင်ဗျားလဲ နေ့တိုင်း မြင်နေ၊ ကြားနေရမှာပါ။ လူတွေဘယ်လောက်ငြီးတွားနေကြရတယ် ဆိုတာ။ သတင်းတွေကြည့်လိုက်၊ နားထောင်လိုက်ရင်လဲ တစ်ကမ္ဘာလုံးဒုက္ခရောက်နေတဲ့ သတင်းတွေပဲ အများဆုံး နေ့စဉ်လောက်နီးပါ ကြားနေကြရတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့။ အဲဒီလူတွေရဲ့ ဒုက္ခဟာ ခင်ဗျားအခုရင်ဆိုင်နေရတာထက် အများကြီးပိုကြီးကျယ်မယ်၊ သူတို့မျက်ဝန်းကထွက်လာတဲ့ မျက်ရည်စက်တွေဟာ အခုခင်ဗျားထွက်ကျနေတဲ့ မျက်ရည်စက်တွေထက် အရေအတွက် ပိုများလိမ့်မယ်” လို့။

သူက ၀န်ခံတယ်၊ “အဲဒါတော့ ဟုတ်ပါတယ်” တဲ့။ ဒါဆို ကျနော်ရှေ့ဆက်လို့ ရသွားပြီဆိုတာ နားလည်လိုက်တယ်။ သူနည်းနည်း ငြိမ်သွားတယ်။ သူ့ဒုက္ခဟာ သူများဒုက္ခလောက် မကြီးကျယ်သေးဘူးဆိုတာ မသိမသာနှိုင်းယှဉ်ရင်း သဘောပေါက်လိုက်ပုံရတယ်။ ကျနော်ဆက်ပြောလိုက်တယ်။ “ကျနော်တို့ဗုဒ္ဓက ဟောကြားထားတာ ရှိပါတယ်၊ အရာတိုင်းဟာ မမြဲဘူး၊ ဆင်းရဲတယ်၊ အစိုးမရဘူး” လို့။ ဒီသဘောတရားကို နားလည်ထားရင် ဒုက္ခရောက်တဲ့အခါ အကြီးအကျယ် မျက်ရည်ဝဲနေစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဟာ သိပ်မကြာခင်မှာ ပြန်လည်ကောင်းသွားပါလိမ့်မယ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်နေတာမဟုတ်ပါဘူး။ လူ့ဘ၀ဆိုတာ ဒုက္ခတစ်လှည့်၊ သုခတစ်လှည့်ပါပဲ။ ကျနော်တို့ လူသားတွေက သုခကိုသာမျှော်လင့်ပြီး ဒုက္ခကိုမမျှော်လင့်ထားလို့ အခုလို ဒုက္ခနဲ့ ပက်ပင်းတွေ့တဲ့အခါ ရင်မဆိုင်နိုင်ပဲ အကြီးအကျယ်စိတ်သောကရောက်ကြရတာပါ။ တကယ်တော့ သုခကို မျှော်လင့်ချက်အားကြီးလေလေ၊ ကိုယ်မျှော်လင့်သလိုဖြစ်မလာပဲ ဒုက္ခဖြစ်လာတဲ့အခါ ပိုပြီး စိတ်ဆင်းရလေလေပါပဲ၊ ဒီတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဆိုတာလဲ မမြဲတဲ့အတွက် မကြာမီပျောက်ကွယ်သွားမှာပါ။ သိပ်ပြီးလဲ စိတ်သောကဖြစ်မနေပါနဲ့” လို့ ပြောလိုက်တယ်။

ဒီတော့မှ သူလဲ ၀ဲနေတဲ့ မျက်ရည်စလေးတွေကို သူ့လက်ဖမိုးနဲ့ သိမ်းဆည်းရင်း တဖြေးဖြေးနဲ့ အငိုတိတ်သွားတယ်။ သူ့ရင်ထဲမှာ ဒုက္ခဆိုတာလဲ မမြဲဘူး၊ မကြာမီ ဒီဒုက္ခက လွတ်သွားလိမ့်မယ် ဆိုတဲ့အတွေးတွေ ၀င်သွားလို့ထင်ပါရဲ့။ “'ဒါဆို ကျမဒုက္ခတွေလဲ မမြဲဘူးပေါ့နော်၊ မကြာမီပျောက်သွားမှာပဲပေါ့။ အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်လဲ ကြုံတဲ့အခါ ၀င်ခဲ့ပါ့မယ်” လို့ ပြောပြီး ထိုင်နေတဲ့ ကုလားထိုင်ပေါ်က ထလိုက်တယ်။ ကျနော်လဲ “လာပါဗျာ၊ ကြိုဆိုပါတယ်၊ အစစအရာရာ အဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်” လို့ပြောပြီး တံခါးဖွင့်ပေးလိုက်တယ်။ အပြင်ဘက်ရောက်တော့ သမင်လည်ပြန် နောက်တစ်ချက်လှည့်ကြည့်ပြီး ပြောသွားသေးတယ်။
“ငါ့မှာလဲ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာဆိုတော့ ပေးစရာပိုက်ဆံတောင် တစ်ပြားမှ ပါမလာဘူး၊ ပါလာရင် နင့်ကို ငါပေးခဲ့ဦးမယ်” တဲ့။ ဂလု---ဖြစ်ရလေဗျာ။ အဲဒါလဲ ဒုက္ခတစ်မျိုးပဲ။

Wednesday, May 20, 2009

သီးခံခြင်းသဘောတရားနှင့် လေ့ကျင့်နည်းများ


“ခန္တျာ ဘိယျော န ၀ိဇ္ဇတိ= သီးခံခြင်းထက် သာလွန်သော တရားမရှိ”
(ဗုဒ္ဓ)

Nobody can be exactly like me. Sometimes even I have trouble doing it.
(Tallulah Bankhead)

ဘယ်သူမှ ကျုပ်နဲ့ တစ်ပုံစံတည်း မဖြစ်နိုင်ဘူး။ တစ်ခါတရံ ကျုပ်ကိုယ်တိုင်တောင် အဲလိုဖြစ်ဖို့ ခက်ခဲတယ်။
(တယ်လူလာဘန်းခ်ဟက်ထ်)


တစ်ခါက ရွာတစ်ရွာတွင် ဘုရားတရား အလွန်လုပ်သော အဘိုးကြီးတစ်ယောက်ရှိသည်။ ရွာဦးကျောင်းသို့သွား၍ ကျောင်းထိုင်ဆရာတော်နှင့် တရားစကားဆွေးနွေးခြင်း၊ တရားထိုင်ခြင်းများကိုလဲ အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။ ဘုရားရိပ် တရားရိပ် ကျောင်းရိပ် ကန်ရိပ်ခိုပါများသော အဆိုပါ အဘိုးကြီးသည် အရာရာကို သီးခံခြင်းဖြင့် အနိုင်ရနိုင်ကြောင်း ကောင်းစွာသဘောပေါက်လာခဲ့သည်။ တရားအထုံပါနေသော အဘိုးကြီးသည် သူကဲ့သို့ဘုရားတရားအလုပ် ကောင်းစွာမလုပ်နိုင်ရှာပဲ ၀မ်းစာရေးအတွက် ရတက်မအေး လုပ်ရှားနေကြရသော ရွာသူရွာသားများကို သနားလျှက်ရှိလေသည်။

ထို့ကြောင့် တွေ့သမျှလူတွေကို ဘုရားတရားအလုပ် လုပ်ဖို့ ဟောပြောဆုမ္မ သွန်သင်လေတော့သည်။ သို့သော် ရွာသူရွာသားများမှာ နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရသောကြောင့် သူကဲ့သို့ တရားအလုပ်ကို ကောင်းစွာမလုပ်နိုင်ကြပဲရှိကြသည်။ အချို့အချို့သော ရွာသူရွာသားများက အဘိုးကြီးကို အူကြောင်ကြောင်လူကြီးတစ်ယောက်အဖြစ်မြင်လာခဲ့ကြသည်။ ကာလသားများကလဲ အဘိုးကြီးကိုမြင်လျှင် ခပ်ဝေးဝေးမှ ရှောင်ကာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကြနောက်ကြ ဖြစ်လာကြတော့သည်။ အဘိုးကြီးသည် မိမိရင်ထဲမှာရှိသော တရားစိတ်ကို အပျောက်မခံဘဲ ပတ်ဝန်းကျင် ပြောသမျှကို သီးခံရှာသည်။

တစ်နေ့တွင် အိမ်ရှေ့ဝရန်တာမှာ ထိုင်ရင်း လမ်းသွားလမ်းလာများကို ကြည့်ကာ အကြံတစ်ခုပေါ်လာသည်။ ယင်းအကြံမှာ လူတွေကို လိုက်လံဟောပြောမနေတော့ပဲ သူ့အိမ်ရှေ့အများမြင်သာသော နေရာတွင် ဆိုင်းဘုတ်တစ်ခုရေးပြီး ချိတ်ဆွဲထားဖို့ ဖြစ်သည်။ အဘိုးကြီးသည် သူရေးလိုသော ဆိုင်းဘုတ်ကို တိုကျဉ်းလိုရင်းမိအောင် အခေါက်ခေါက်အခါခါ စဉ်းစားလေတော့သည်။ နောက်ဆုံးမှာ ကာလသားများက သူ့အပေါ် နောက်ပြောင်ကျီစယ်ကြသည်ကို သူကိုယ်တိုင်မည်ကဲ့သို့ သီးခံခဲ့ရသည်ကို သတိရပြီး “သီးခံလျှင် နိဗ္ဗာန်ရောက်သည်” ဟူသော စာကြောင်းလေးကို သဘောကျခဲ့သည်။ ထို့ကြောင့် သစ်သားပြားကြီးကြီးတစ်ခုတွင် ယင်းစာတမ်းကို ရှင်းလင်းပီသစွာရေးသားပြီး အိမ်ရှေ့လူမြင်ကွင်းမှာ ချိန်ဆွဲထားလေတော့သည်။

သူ့အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်သူများသည် ယင်းဆိုင်းဘုတ်ကို မြင်တိုင်း ပြုံး၍ ပြုံး၍သွားကြသည်။ အစအနောက်သန်သော ကာလသားအုပ်စုမှာမူ ဆိုင်းဘုတ်တပ်ပြီးနောက်တွင် ပိုမိုဆိုးဝါးစွာ စခန်းထလာကြတော့သည်။ အဘိုးကြီးတွင် သမီးတစ်ယောက်ရှိရာ ထိုသမီးနာမည်ကို ထည့်၍ ကာလသားများက နောက်ပြောင်ကျီစယ်ကြသည်။ အဘိုးကြီးခမျှာ သူ့သမီးကိုပါ ထိပါးလာသောအခါ ဒေါသလွန်စွာဖြစ်ရသော်လဲ သူရေးထားသောဆိုင်းဘုတ်ကြောင့် “ကိုယ့်ရှူးကိုယ့်ပက်” ဖြစ်ပြီး မည်သို့မျှ ပြန်လည်မတုန့်ပြန်သာအောင် ဖြစ်ရတော့သည်။ ထို့ကြောင့်နောက်တစ်နေ့တွင် အောက်ပါအတိုင်း နောက်ထပ်စာတစ်ကြောင်းတိုးပြီး ဆိုင်းဘုတ်ကို ပြင်ရေးလိုက်သည်။
“သီးခံလျှင် နိဗ္ဗာန်ရောက်သည်၊ သို့သော် ခံသင့်မှခံမည်” ဟူသတည်း။

ပုထုဇဉ်မျှသာဖြစ်ကြသော ကျနော်တို့သည် တရားကို သိသော်လဲ သိသည့်အတိုင်း လိုက်နာဖို့ရန်မှာ အလွန်မလွယ်ကူသော အလုပ်ဖြစ်ကြောင်း လုပ်ကြည့်ဖူးသူတိုင်း နားလည်ကြသည်။ ကျနော်တို့ကဲ့သော အန္ဓပုထုဇဉ်များကို မဆိုထားနှင့်၊ ပါရမီတော်အရင့်အမာကြီးဖြစ်၍ ကလျာဏပုထုဇဉ်ဖြစ်နေပြီဖြစ်သော ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးသည်ပင် သူ့ရှေ့တော်မှောက်တွင် သူ၏သားတော်သမီးတော်လေးနှစ်ပါး (ဇာလီနှင့် ကဏှာဇိန်)ကို ရိုက်နှက်ခေါ်ယူသွားသော ဇူဇကာပုဏ္ဏားကို လက်တော်က သံလျှက်ဖြင့် အပိုင်းပိုင်းခုတ်ပစ်ချင်စိတ်ပေါက်ရလောက်အောင် ဒေါသဖြစ်ခဲ့ရကြောင်း စာပေများကဆိုသည်။ ထွက်လာသော ဒေါသကို ခန္တီပါရမီတော်အဟုန်ဖြင့် ပြန်လည် ငြိမ်သက်စေခဲ့ရသည်။

ထို့ကြောင့် သီးခံခြင်းသည် လွယ်ကူသော အလုပ်ကားမဟုတ်။ သို့သော် ကျနော်တို့သည် သည်းမခံပဲနေလို့လဲ မဖြစ်ပြန်ချေ။ လူတစ်ယောက်အကြိုက်တစ်မျိုးစီရှိကြသော ကျနော်တို့သည် မိမိအလိုနှင့် မသင့်သည်ကို တွေ့ရလျှင် စိတ်ဆိုးဒေါသထွက်ဖို့ အဆင်သင့်ဖြစ်နေတတ်သည်။ ဒေါသမထွက်မိအောင် သည်းခံစိတ်ကို မဖြစ်မနေမွေးကြရသည်။ မိမိ၏ အပြောအဆို အပြုအမူသည်လည်း ရံခါမှာ တစ်ဘက်လူအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်နေတတ်သည်။ ယင်းသဘောကို နားလည်ပါက တစ်ဘက်သားက မိမိအပေါ် စိတ်ဆိုးဒေါသဖြစ်ရသည်များရှိခဲ့လျှင် သူဘာ့ကြောင့် ဒီလိုဖြစ်ရသည်ကို ကိုယ်ချင်းစာစိတ်မွေးရင်း ပြန်လည်မတုန့်ပြန်မိအောင် သတိထားဖို့ အလွန်ပင်အရေးကြီးလှသည်။

မျိုးစေ့တစ်စေ့တွင် အပင်ပေါက်နိုင်သော သတ္တိရှိသည်မှန်သော်လဲ ယင်းမျိုးစေ့ကို မြေချစိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ သင့်တော်သော အလင်းဓာတ်စသည်ရစေခြင်း-စသည်မလုပ်ပါက ယင်းမျိုးစေ့သည် အပင်တစ်ပင်အဖြစ်သို့ ရောက်မလာနိုင်ချေ။ ထို့အတူပင် လူသားတို့၏သန္တာန်ဝယ် ပဋိသန္ဓေစတင်တည်ရာ ကာလကတည်းက သီးခံခြင်းဟူသော မျိုးစေ့တစ်ခု ပါလာခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းမျိုးစေ့သည် သာမန်လူသားတို့စိတ်သန္တာန်မှာ သင့်တော်သောလေ့ကျင့်မှုကို မပြုလုပ်ပါက သူ့အလိုအလျောက် ရှင်သန်ကြီးထွားလာခြင်းမရှိနိုင်ချေ။ သီးခံခြင်းမျိုးစေ့ အပင်ဖြစ်လာဖို့အတွက် တဖြေးဖြေးချင်း လေ့ကျင့်ယူရမည်ဖြစ်သည်။

လူသည် ရုပ်နှင့် စိတ်ဟူသော အင်အားနှစ်မျိုးကို အချိုးကျပေါင်းစပ်ပေးထားသော ဒြဗ်တစ်ခုဖြစ်သည်။ ရုပ်ခန္ဓာသည် လေ့ကျင့်ယူ၍ရသော အရာဖြစ်သည်။ ပျော့အိအိ၊ ပျင်းတွဲတွဲဖြစ်နေသော ကြွက်သားများကို နေ့စဉ်ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် မာကျောအောင် ပြုလုပ်နိုင်သည်။ တုံ့ဆိုင်း ခက်မာနေသော အကြောများကို နေ့စဉ်ပုံလေ့ကျင့်ပေးခြင်းဖြင့် နူးညံ့ပျော့ပြောင်းအောင် လုပ်နိုင်သည်။ ထို့အတူပင် စိတ်သည်လည်း လေ့ကျင့်၍ ရသော အရာတစ်ခုဖြစ်သည်။ စိတ်သည် ရုပ်ထက်လေ့ကျင့်ရခက်သော အရာဖြစ်သည်ကား အမှန်တည်း။ သို့သော် လေ့ကျင့်၍ မရသော အရာကားမဟုတ်။ စိတ်သည် ရုပ်ထက် လေ့ကျင့်ရခက်သောကြောင့် လေ့ကျင့်ထားပြီးသောစိတ်သည် လေ့ကျင့်ထားပြီးသော ရုပ်ထက် အဆများစွာ အင်အားပိုကြီးသည်ကို တွေ့မြင်သိရှိနားလည်နိုင်သည်။

သီးခံခြင်းသည် စိတ်တစ်မျိုးဖြစ်၍ လေ့ကျင့်ယူမှ ရတတ်သော စိတ်တန်ခိုးတည်း။ လူတိုင်းလေ့ကျင့်၍ရသော တရားတစ်မျိုးလည်းဖြစ်သည်။ ယင်းသို့လေ့ကျင့်ရာဝယ် ဘ၀ါဘ၀က အထုံပါလာသူများအတွက် လွယ်ကူသော အကျင့်ဖြစ်၍ အထုံမပါသူများအတွက်မှာမူ လွန်စွာခက်ခဲနေတတ်သည်။ အဘယ်သို့လေ့ကျင့်ယူရသနည်း? ရှေးဦးစွာ နားလည်ထားရမည့်အချက်မှာ တစ်ဘက်သားအပေါ် မနိုင်၍ အရှုံးပေးလိုက်ရခြင်းမျိုးကို သီးခံခြင်းဟု မှားယွင်းစွာ မမှတ်ယူဖို့ အရေးကြီးသည်။ သီးခံခြင်းတန်ခိုးရအောင် လေ့ကျင့်ယူရာ၌ အောက်ပါအချက်နှစ်ချက်ကို သတိထားရမည်။
(၁) သူတစ်ပါးကို သီးခံခြင်း၊ တစ်နည်းအားဖြင့် ရုပ်ကို သီးခံခြင်း၊
(၂) ကိုယ့်ကိုယ်ကို သီးခံခြင်း၊ တစ်နည်းအားဖြင့် စိတ်ကို သီးခံခြင်း တို့ဖြစ်သည်။

ခန္တီ ခေါ် သီးခံခြင်းစွမ်းအင်ကို လေ့ကျင့်နေသောသူသည် မိမိနှင့်ထိတွေ့ဆက်ဆံနေရသော သက်ရှိသက်မဲ့အရာဝတ္ထုမှန်သမျှအပေါ် သူ့သဘောသဘာဝအတိုင်း နားလည်အောင် ကြိုးစားရမည်။ ဥပမာ=မိမိနှင့်အတူနေသူတစ်ယောက်သည် မိမိနှင့်ဆန့်ကျင်သော၊ မိမိမနှစ်မျို့နိုင်သော အပြောအဆို၊ အပြုအမူရှိနေသည်ဆိုလျှင် ယင်းအမူအရာများသည် မိမိမကြိုက်သော်လဲ သူ၏ ကိုယ်ပိုင်အမူအယာများဖြစ်၍ သူ့သဘောသူဆောင်နေကြောင်း နားလည်အောင် ကျိုးစားရမည်။ သူ့အပေါ်နားလည်ပေးနိုင်ရမည်။ အကယ်၍ တစ်ဘက်လူ၏ အမူအယာများသည် သီးမခံနိုင်လောက်အောင် လွန်ကဲလာပါက သီးခံခြင်းကို အားဖြည့်ပေးသောတရားတစ်မျိုးရှိသေးသည်။ ယင်းမှာ “ဥပေက္ခာ”ခေါ် လျစ်လျူရှုခြင်းတည်း။

သူလုပ်ချင်တာလုပ်ပါစေ၊ ပြောချင်တာပြောပါစေ၊ မမြင်သလို၊ မကြားသလို၊ သို့မဟုတ် သူ့ကို မမြင်လောက်ရာ၊ သူ့စကားမကြားလောက်ရာမှာ နေပြီး မိမိလုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းသို့ တဖြေးဖြေးချင်း လေ့ကျင့်ယူပါက တစ်နံပါတ်အဆင့်ဖြစ်သော ရုပ်ကို သီးခံခြင်းသဘောတရားသည် တဖြေးဖြေးချင်း အင်းအားကြီးလာပြီး မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး အလှအပဆုံးမြင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်သည်။ အမှန်အားဖြင့် ပတ်ဝန်းကျင်ကို အကောင်းမြင်ခြင်းသည် ပတ်ဝန်းကျင်ကို အမြင်ကောင်းအောင် ပြုပြင်ထားခြင်းနှင့် မသက်ဆိုင်ပါ။ မိမိစိတ်ကို အကောင်းမြင်တတ်အောင် ပြုပြင်ထားခြင်းနှင့်သာ သက်ဆိုင်သည်။

နှစ်နံပါတ်ဖြစ်သောစိတ်ကို သီးခံခြင်းသည် အထက်ပါ ရုပ်ကိုသီးခံခြင်းထက် များစွာခက်ခဲလှသည်။ အမှန်အားဖြင့် ရုပ်ကို သီးခံသည်ဟု ဆိုသော်လဲ မိမိစိတ်ကို သင့်တော်အောင် ဆုံးမသွန်သင်ခြင်းမျှသာတည်း။ ထို့ကြောင့် ရုပ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ သီးခံသည်ဆိုရာ၌ အခြေခံအားဖြင့် မိမိစိတ်ကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ သို့သော် ဒီနေရာမှာ ပိုမိုရှင်းစေလို၍ နှစ်မျိုးခွဲပြောခြင်းဖြစ်သည်။ စိတ်သည် အလုပ်တစ်ခုခုထဲမှာ နှစ်မထားလျှင် နဂိုရဖူးယူဖူးပြီးသော အာရုံများကို ပြန်ယူလေ့ရှိသည်။ တစ်နည်းအားဖြင့် ပြန်စဉ်းစားလေ့ရှိသည်။ ယင်းသို့အာရုံအဟောင်းကို ပြန်ယူရာ၌ မိမိကြိုက်သောအာရုံဖြစ်လျှင် တပ်မက်မှုဖြစ်ပွါးလာပြီး မိမိမကြိုက်သော အာရုံဖြစ်လျှင် စိတ်ဆိုးလာတတ်သည်။ ယင်းသို့ဖြစ်ခြင်းကို လောဘဖြစ်သည်ဟူ၍၎င်း၊ ဒေါသဖြစ်သည်ဟူ၍၎င်း ဆိုသည်။ လောသ ဒေါသတို့သည် သီးခံခြင်း၏ ဆန့်ကျင်ဘက်တရားများတည်း။

အာရုံအဟောင်းကို ပြန်လည်ယူမိသဖြင့်ဖြစ်စေ၊ ယူဖူးပြီးသော အာရုံအဟောင်းနှင့်နှီးနွယ်ပြီး အာရုံအသစ်တစ်မျိုးကို မိမိဘာသာဖန်တည်းယူမိသဖြင့်ဖြစ်စေ လိုချင်တပ်မက်မှု သို့မဟုတ် စိတ်ဆိုးမှုဖြစ်ပေါ်လာလျှင် ချက်ချင်းသတိထားပြီး ယူဆဲအာရုံကို ပြောင်းပစ်ဖို့လိုသည်။ စာအုပ်တစ်အုပ်ကို ဖတ်လိုက်ခြင်း၊ အလုပ်တစ်ခုခုကို ထလုပ်လိုက်ခြင်း စသောလွယ်ကူသော လေ့ကျင့်မှုများကို ပြုလုပ်နိုင်သလို အိပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ အသက်ကို ခပ်ပျင်းပျင်းရှူရှိုက်လိုက်ပြီး မိမိစိတ်ကို ယင်းအသက်ပျင်းပျင်းရှူရှိုက်မှုအပေါ် အာရုံပြုထားရမည်။ တစ်ယောက်တည်းနေရင်း ထိုင်ရင်း တွေးမိတွေးရာ အာရုံအလိုက် လွန်ကဲသောလိုချင်မှုနှင့် စိတ်ဆိုးမှုများဖြစ်ပေါ်သည့်အခါတိုင်း အထက်ပါတိုင်း လေ့ကျင့်သွားပါက စိတ်ပိုင်းဆိုင်ရာ သီးခံမှုသည် တဖြေးဖြေးချင်း အားကောင်းလာပြီး ကိုယ့်ကိုယ်ကို ကျေနပ်သူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ယင်းသို့ဖြစ်လာသောအခါ ဘ၀မှာအနေပျော်ပြီး မည်သည့်လောကဓံမျိုးကိုမဆို သူတစ်ပါးထက် ပိုမိုခံနိုင်ရည်ရှိလာလေတော့သည်။ စာဖတ်သူသည် အထက်ပါနည်းများကို မိမိဘ၀အတွက် အသုံးတည့်အောင် အသုံးပြုကြည့်ပါ။ လွယ်ကူသောအလုပ်ကို ပြီးစီးအောင်လုပ်နိုင်ခြင်းကို အောင်မြင်ခြင်းဟုမခေါ်၊ ခက်ခဲသောအလုပ်ကို ပြီးစီးအောင်လုပ်ခြင်းကိုသာ အောင်မြင်ခြင်းဟုခေါ်သည်။ သီးခံနိုင်ခြင်းသည် အကောင်းဆုံးသော အောင်မြင်ခြင်းတစ်မျိုးဖြစ်ပါသတည်း။

Tuesday, May 19, 2009

နားယောင်ခြင်းနှင့် နားထောင်ခြင်း


ယနေ့ သတင်းလောက သတင်းစာမျက်နှာတွေမှာ ကြည့်လိုက်ရင် အများဆုံး တွေ့နေ မြင်နေရတဲ့ အကြောင်းအရာတွေဟာ---
(၁) သီရိလင်္ကာကျားသူပုန်များကို (၂၆)နှစ်ကြာပြည်တွင်းစစ်ဖြစ်ပွါးပြီးနောက် အစိုးရက အနိုင်ရလိုက်တဲ့သတင်း
(၂) အင်ဒိယနိုင်ငံလက်ရှိအာဏာရပါတီကြီးတစ်ခုဖြစ်တဲ့ Congress party က ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရလိုက်တဲ့သတင်း
(၃) ဗြိတိရှအောက်လွှတ်တော်ပါလီမန်အမတ်များ ခွင့်ပြုချက်ငွေကျေးသုံးစွဲမှုနဲ့ပတ်သက်တဲ့ အရှုပ်တော်ပုံသတင်း
(၄) အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်ပြီး ထောင်ထဲထည့်ဖို့ တရားဝင်လုပ်ကြံနေတဲ့သတင်း စသည်စသည်တွေပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျနော့်အတွက်တော့ အခြားအခြားသော သတင်းတွေက သိပ်စိတ်ဝင်စားစရာမကောင်းလှပေမဲ့ ဒီမိုကရေစီမိခင်ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့ပတ်သက်လို့ကတော့ အမြဲတန်းလဲ နားစွင့်နေကျဖြစ်တဲ့အတွက် အလွန်ပဲစိတ်ဝင်စားမိသလို အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ ဗြိတိန်နဲ့ နိုင်ငံတကာသတင်းတွေကလဲ ဒီသတင်းကို စိတ်ဝင်တစား ဦးစားပေးဖေါ်ပြနေကြပါပြီ။ မီဒီယာလောကရဲ့ အင်အားကို မသိကျိုးကျွံလုပ် မျက်ကွယ်ပြုပြီး လုပ်ချင်ရာလုပ်နေတဲ့ စစ်တပ်ဟာ သူတို့ထုံးစံအတိုင်း ဒေါ်စုကို (trumped-up charge) မတရားအမှုဆင်ပြီး ထောင်သွင်းအကျဉ်းချဖို့အထိ ကြိုးပန်းနေကြကြောင်း သတင်းတွေက ဆိုပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံသမိုင်းကို ၁၉၈၈-ကစပြီး ပြန်ကြည့်လိုက်မယ်ဆိုရင်--
(၁) ၁၉၈၈-ခုမှာ အများသိကြတဲ့အတိုင်း (၈) လေးလုံးအရေးတော်ပုံကြီး နိုင်ငံအနှံ့အပြား ဖြစ်ပွါးခဲ့ပါတယ်။
(၂) ၁၉၈၉-ခုနှစ်မှာတော့ စစ်တပ်က အာဏာသိမ်း၊ Marshal Law အမိန့်ထုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်နဲ့ စတင်ထားပါတယ်။
(၃) ၁၉၉၀-ခုနှစ်ရောက်တဲ့အခါကျတော့ ပြည်သူ့ဆန္ဒကို လိုက်လျောဟန်ပြပြီး အထွေထွေရွေးကောက်ပွဲကြီးကို စစ်တပ်ကဦးစီးကျင်းပပေးခဲ့ပါတယ်။ ဒါပေမဲ့ ရလာဒ်က သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ရွေးကောက်ပွဲရလာဒ်ကို ပယ်ချခဲ့ပြန်ပါတယ်။
(၄) ၁၉၉၅-ခုနှစ်မှာ ဒေါ်စုကို နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးပြီး ကပ်သပ်ချက်တွေနဲ့ လှုပ်ရှားခွင့်ပြုခဲ့ပါသေးတယ်။
(၅) ၂၀၀၀-ခုနှစ်ကျတော့ ဒေါ်စုက သူ့မ၏ ကန့်သက်ချက်တွေနဲ့ခရီးသွားလာရခြင်းအပေါ်ငြင်းဆိုတဲ့အတွက် စစ်တပ်က ဒေါ်စုကို နေအိမ်အကျယ်ချုပ်နဲ့ ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
(၆) ၂၀၀၂-ခုနှစ်မှာ စစ်တပ်က ဒေါ်စုကို လွတ်လွတ်ကျွတ်ကျွတ်လွှတ်ပေးလိုက်ပြန်ပါတယ်။
(၇) ၂၀၀၃-ခုနှစ်မှာတော့ စစ်တပ်အင်အားစုတွေနဲ့ ဒီချုပ်အဖွဲ့ဝင်တွေအကြား အဓိကရုဏ်းအကြီးအကျယ်ဖြစ်ပွါးပြီး ဒေါ်စုကို ထပ်မံထိန်းသိမ်းလိုက်ပြန်ပါတယ်။
(၈) အဲဒီ ၂၀၀၃-ခုကတည်းက ယနေ့အထိ စစ်တပ်ဟာ နှစ်စဉ်နှစ်စဉ်အကြောင်းအမျိုးမျိုးပြပြီး ဒေါ်စုကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
(၉) ၂၀၀၇၊ စက်တင်ဘာမှာ Saffron Revolution ခေါ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကြီးပေါ်ပေါက်တဲ့အခါ စစ်တပ်က သံဃာတော်များအပြားကို သတ်ဖြတ်ဖမ်းဆီး၊ အကျဉ်းချနှိပ်ကွတ်ခဲ့ပါတယ်။
(၁၀) ၂၀၀၈၊ မေလမှာတော့ ဧရာဝတီကို မျက်ရည်ရောစေတဲ့ နာဂစ်မုန်ဒိုင်းကြီးနှိပ်စက်ခံရလို့ ပြည်သူအများ ဒုက္ခပွါးနေတဲ့ကာလမှာ ပြည်သူ့ဆန္ဒခံယူပွဲကို တစ်ဘက်သတ်ကျင်းပပြုလုပ်ပြီး ထောက်ခံမဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရှက်မရှိ ကမ္ဘာသိအောင် ကျေညာခဲ့ပါတယ်။
(၁၁) ၂၀၀၉-ခုဖြစ်တဲ့ ဒီနှစ်မှာတော့ အကျဉ်းစံခေါင်းဆောင်ရဲ့ လွတ်ရက်ဖြစ်တဲ့ လာမည့် မေလ (၂၇) မရောက်ခင် အကြောင်းမရှိ၊ အကြောင်းရှာ၊ လုပ်ဇာတ်ခင်း(ploy)ပြီး လူထုခေါင်းဆောင်ကို ဖမ်းဆီးအကျဉ်းချဖို့ အထိ လုပ်လာကြပြန်ပါပြီ။

ကဲ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ? ဒီလောက်ကြာညောင်းလာတဲ့ နှစ်ကာလတွေအတွင်း ကျနော်တို့ပြည်သူအများတောင်းတလာတဲ့ ဒီမိုကရေစီ ဘယ်မလဲ? မတရားဖိနှိပ်ချုပ်ချယ်မှုတွေရဲ့အောက်မှာ နိုင်ငံရေးသမား ဟုတ်သူရော မဟုတ်သူပါ ရောယောင်ပြီး မတရားဖမ်းဆီးနှိပ်စက်ခံကြရ၊ ဘ၀ပျက်ကြရ၊ သေကျေပျက်စီးကြရဖြစ်နေရတဲ့အချိန် တစ်ဖက်မှာတော့ စစ်တပ်မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စစ်တပ်နဲ့ နံသင့်အောင်ပေါင်းတတ်တဲ့လူတွေက အဓမ္မစီးပွါးရှာပြီး ချမ်းသာကြီးပွါးနေကြလေပြီ။

တိုင်းပြည်အုပ်ချုပ်သူဆိုတာ ပြည်သူတွေရဲ့ဘ၀ကို ရွေးချယ်ပေးရတဲ့သူပါ။ ဒါပေမဲ့ သူတို့တတွေဟာ ပြည်သူတွေရဲ့ဘ၀ကို မရွေးချယ်ကြဘဲ သူတို့ဘ၀နဲ့ သူတို့ဆိုင်ရာ မိသားစုဝင်တွေရဲ့ဘ၀ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ဘ၀မှာ ရွေးချယ်ပေးမည့်သူမရှိတော့ပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ ဒီအတွက်ကျနော်တို့ ဆက်လက်နားယောင်နေလို့ မဖြစ်တော့ပါဘူး။ နားထောင်မှကို ဖြစ်ပါတော့မယ်။ ပြည်သူတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေ နားယောင်ဖို့အချိန်မဟုတ်တော့ပါဘူး၊ နားထောင်ဖို့အချိန်ရောက်နေပါပြီ။ မတရားတဲ့အမိန့်ကို လိုက်နာခြင်းဟာ နားယောင်ခြင်းဖြစ်ပြီး တရားတဲ့အမိန့်ကို လိုက်နာခြင်းဟာ နားထောင်ခြင်းဖြစ်ပါတယ်။ ကျနော်တို့၊ ခင်ဗျားတို့ ဆက်ပြီး နားယောင်ကြမလား၊ ဒါမှမဟုတ် နားထောင်ကြမလား ဆိုတာ စဉ်းစာကြပါ။ ကိုယ့်ဘ၀အတွက် ကိုယ့်ဖာသာရွေးချယ်ကြရပါတော့မယ်။ အားလုံးလွတ်မြောက်ရေးသို့ ရှေးရှူကြစို့-----

Monday, May 18, 2009

ဖအေကွဲ အမွှာပူး


"Out of all people in America and of all people in the world, it had to happen to me. I'm very shocked."
“ဟောဒီအမေရိကမှာရော၊ တစ်ကမ္ဘာလုံးမှာရော လူတွေဒီလောက်များတဲ့အထဲ ကျမတစ်ယောက်တည်းမှ ရွေးပြီး ဒီလိုဖြစ်ရတယ်လို့၊ အရမ်းကို အံ့သြတုန်လှုပ်မိတာပါပဲရှင်”

Mia Washington လို့ခေါ်တဲ့ အမေရိကန်သူလေး ပြောသွားတဲ့စကားပါ။ သူ့အဖြစ်ကလဲ တကယ့်အံ့သြစရာပါပဲ။ ဒီလိုအဖြစ်မျိုးဟာ အတော့်ကိုရှားပါးတဲ့ အဖြစ်အပျက်တစ်ခုလို့ သိရပါတယ်။ Texas ပြည်နယ်၊ Dallas မြို့ရှိ DNA (deoxyribonucleic acid) Lab က ဆရာဝန်တွေတောင် ဒီလို Result မျိုးကို အရင်က တစ်ခါမှ မတွေ့ခဲ့ရဖူးဘူးလို့ ဆိုပါတယ်။ သူ့အဖြစ်က ဒီလိုတဲ့။

မမီယာဟာ ကိုယ်ဝန်ရပြီး အမွှာပူးသားယောက်ျားလေးနှစ်ယောက်ကို မွေးပါတယ်။ အဲဒီကလေးလေးတွေကို Justin နဲ့ Jordan လို့ နာမည်ပေးထားပါတယ်။ အမွှာပူးကလေးတွေဟာ များသောအားဖြင့် မျက်နှာပေါက်ကအစ အတော်များများ တူတတ်ပါတယ်။ အချို့အမွှာပူးတွေဆို တူလွန်းလို့ မိခင်ကိုယ်တိုင်ကတောင် ကောင်းကောင်းမခွဲခြားနိုင်လို့ အမှတ်အသားလေးတွေ လုပ်ထားရတဲ့အထိပါပဲ။ ဒီကလေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မျက်နှာပေါက် သိပ်မတူကြပါဘူး တဲ့။ ဒါပေမဲ့ တစ်ဝမ်းတည်းက မွေးတဲ့ အမွှာပူးလေးတွေမို့ မိခင်ရော၊ ဖခင်ရော (လက်မထပ်ရသေး) နှစ်ဦးလုံးမှာ၊ အထူးသဖြင့် ဖခင်လုပ်သူမှာ ဘာသံသယမှ မရှိခဲ့ပါဘူး။

ကလေးလေးတွေ အသက် (၁၁) လပိုင်းလောက်ရောက်လာလို့ ဆေးစစ်မှုပြုလိုက်တဲ့အခါကျမှ ထူးခြားမှုတစ်စုံတစ်ရာတွေ့ရပြီး DNA ကိုပါ စစ်ဆေးကြည့်ပါတယ်။ အဲလို စစ်လိုက်တော့ ကလေးတွေဟာ တစ်ဦးတည်းသော မိခင်ဝမ်းဗိုက်က အမွှာပူးမွေးဖွါးလာကြပေမဲ့ သူတို့ရဲ့ဖခင်ကတော့ တစ်ဦးစီဖြစ်ကြောင်း သိလာရပါတယ်။ ဖခင်လောင်းနှစ်ယောက်တို့ရဲ့ ဖိုမျိုးဥနှစ်ခုဟာ မိခင်လောင်းတစ်ယောက်တည်းရဲ့ မမျိုးဥနဲ့ပေါင်းဆုံမိပြီး မမီယာလေး ကိုယ်ဝန်ရလာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို DNA စစ်တမ်းအရ အဖြေထုတ်လိုက်တော့မှ မမီယာလေးခမျှာ ၀န်ခံရှာပါတယ်။ အဲဒီနေ့က သူအမျိုးသားနှစ်ယောက်နဲ့ မရှေးမနှောင်း အတူအိပ်ခဲ့ပါတယ် တဲ့။ အဲဒီနှစ်ယောက်အနက် တစ်ယောက်က သူနဲ့လက်ထပ်ဖို့ စေ့စပ်ထားတဲ့ သူတို့သားလောင်း James Harrison ပါ။

James Harrison ကတော့ သူနဲ့စေ့စပ်ထားတဲ့ မမီယာတစ်ယောက် ဒီလိုကိစ္စမျိုးဖြစ်ရခြင်းအပေါ် ခွင့်လွှတ်တယ်လို့ဆိုပါတယ်။ ကလေးနှစ်ယောက်လုံးကိုလဲ သူ့ကလေးတွေအဖြစ် ဆက်လက်မွေးမြူသွားမှာပါတဲ့။ ဒါပေမဲ့ သူနဲ့ သူ့ချစ်သူနှစ်ယောက်တို့အကြား ထားရှိခဲ့တဲ့ ယုံကြည်မှုကိုတော့ အချိန်အတော်ကြာကြာယူပြီး ပြန်လည်တည်ဆောက်ရဦးမယ် လို့ စိတ်မသက်မသာစွာနဲ့ ပြောခဲ့ရှာပါတယ်။ ဒီလိုအမှန်တရားမျိုးကို မသိခဲ့ရရင် သိပ်ကောင်းမှာပဲလို့လဲ ငြီးညူနေရှာလေရဲ့။

Sky အင်တာနက်သတင်းက ကျမ်းမာရေး သတင်းထောက် Thomas Moore ကတော့ “Ovaries ခေါ် မမျိုးဥအိမ်ဟာ မမျိုးဥနှစ်ခုကို ထုတ်ပေးနိုင်ပြီး အဲဒီလိုထုတ်ပေးပြီးနောက် မမျိုးဥတွေဟာ (၂၄) နာရီကြာကြာ ရှင်သန်ကြီးထွားနေနိုင်တယ်” လို့ဆိုပါတယ်။ သူ့အဆိုအရ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့ အိပ်ပြီး (၂၄) နာရီအတွင်း အခြားအမျိုးသားတစ်ယောက်နဲ့ ထပ်အိပ်တဲ့အခါ အမျိုးသားနှစ်ယောက်တို့ရဲ့ ဖိုမျိုးဥနှစ်ခုလုံးဟာ သက်ဆိုင်ရာ အမျိုးသမီးရဲ့ သားအိမ်အတွင်း အောင်မြင်တဲ့ ဗီဇတွေကို ဖြစ်စေနိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကို အမျိုးသမီးများ သတိထားသင့်ကြောင်း စေတနာထား ပြောကြားလိုပါတယ်။

ဒါ့အပြင် Sperm လို့ခေါ်တဲ့ အမျိုးသားတွေရဲ့ သုတ်သွေးဟာ သက်ဆိုင်သူအမျိုးသမီးရဲ့ ကိုယ်ခန္ဓာအတွင်းမှာ (၅)ရက်အထိ ရှင်သန်နိုင်တဲ့အတွက် အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့အိပ်ပြီး ရက်အတော်ကြာမှ အခြားအမျိုးသားတစ်ယောက်နဲ့ ထပ်အိပ်ရင်လဲ နောက်အိပ်တဲ့လူရဲ့ မျိုးစေ့ကိုပါ ဆောင်ယူနိုင်တယ် လို့သိရပါတယ်။ ဒီလိုနည်းနဲ့ အမျိုးသမီးတစ်ယောက်တည်းရဲ့ ၀မ်းဗိုက်ထဲမှာ မျိုးကွဲသန္ဓေသားနှစ်ယောက်ဟာ အမွှာပူးအဖြစ်မွေးဖွါးလာနိုင်ပါသတဲ့။ ဒီလိုဖြစ်ရပ်မျိုးကို အတော်ရှားပါးတဲ့ ကိစ္စကြီးတစ်ခုလို့ ဆေးသိပံ္ပပညာရှင်များက သတ်မှတ်ထားဆဲပါ။ ဒါပေမဲ့ မကြာသေးမီကပြုလုပ်တဲ့ သုတေသနတွေ့ရှိချက်အရကတော့ အသွင်မတူတဲ့ အမွှာပူး (၁၂) စုံအနက် တစ်စုံဟာ bi-paternal ခေါ် ဖခင်လောင်းနှစ်ယောက်ကြောင့် ဖြစ်ရတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ဖို့အရေးမှာ မိခင်လောင်းရဲ့ မမျိုးဗီဇ အားကောင်းဖို့လဲ လိုအပ်တယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ယခုလို DNA Lab တွေပေါ်လာတဲ့ခေတ်ကာလကြီးမှာ ဓာတ်ခွဲခန်းထဲ ထည့်ပြီး စစ်ဆေးလိုက်ရင် ရုပ်ပိုင်းဆိုင်ရာအဖြေမှန်သမျှဟာ ပြေးမလွတ်၊ ရှောင်မသာအောင်ကို ဘွင်းဘွင်းကြီးပေါ်လာတတ်တာကြောင့် မိမိတို့ရဲ့စိတ်ထဲဖြစ်ပေါ်လာတဲ့ ဖေါက်ပြားလိုစိတ်တွေကို ချုပ်တည်းနိုင်တာကတော့ အကောင်းဆုံးပဲ လို့ဆိုချင်ပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ကြရင်တော့ ပုတ်သင်ညိုလေးတွေ အများကြီးမွေးထားဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။

သိမ်ငယ်စိတ်


Inferiority Complex ခေါ် သိမ်ငယ်စိတ်သည် လူအတော်များများမှာရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်ခုဖြစ်သည်။ လူသည် သဘာဝအားဖြင့် အားငယ်တတ်သော သတ္တ၀ါတစ်မျိုးဟု ဆိုကြသည်။ ထို့ကြောင့်ပင် စိတ်သက်သာရာ ရလိုရငြား အားကိုးရာရှာသောအားဖြင့် ကိုးကွယ်ဆည်းကပ်မှုတွေကို နီးစပ်ရာပြုကြသည်။ သို့သော် ထိုသိမ်ငယ်စိတ်သည် လူသားမျိုးနွယ်စုကြီး တစ်ခုလုံးနှင့်ဆိုင်သော ပြဿနာကြီးတည်။ ဒီနေရာမှာ ကျနော် ယင်းပြဿနာကြီးကို ဆွေးနွေးမည်မဟုတ်ပါ။ ကျနော်အပါအ၀င် ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်ကြားသိနေရသော သိမ်ငယ်စိတ်ရှိသူများနှင့် ၎င်းတို့၏တုန့်ပြန်မှုများကို ကျနော်နားလည်မိသလို ခံစားမိသလို ရေးသားတင်ပြခြင်းမျှကိုသာ ပြုချင်ပါသည်။

လူသားတိုင်းမှာဟု မဆိုသာသည့်တိုင် လူတိုင်းလောက်နီးနီးမှာ ရှိတတ်သောယင်းသိမ်ငယ်စိတ်သည် အကြောင်းမဲ့သက်သက် ပေါ်လာသည်ကားမဟုတ်။ သိမ်ငယ်စိတ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်း တစ်ခုရှိသည်။ ယင်းမှာ Comparison ခေါ် နှိုင်းယှဉ်မှုပင်တည်း။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ်၊ Superiority Complex ခေါ် ဘွင်မြင့်စိတ်လဲ ဖြစ်ပေါ်တတ်သည်။ သိမ်ငယ်စိတ်၊ ဘွင်မြင့်စိတ် နှစ်မျိုးလုံးသည် နှိုင်းယှဉ်မှုကို အခြေပြု၍ ဖြစ်ပေါ်လာတတ်ကြောင်း အနောက်တိုင်းစိတ်ပညာရှင်များက ဆိုကြသည်။ ဗုဒ္ဓစာပေများ၌မူ ယင်းစိတ်မျိုးကို မာနဟုခေါ်သည်။ မာနသည် နှိုင်းယှဉ်မှုကို ပြုတတ်သော သဘောတရားတစ်မျိုးတည်း။

အမှန်အားဖြင့် လူဟူသော သတ္တ၀ါသည်၊ အထူးသဖြင့် ပုထုဇဉ်ဟုခေါ်သော သာမန်လူသား (နတ်၊ ဗြဟ္မာလည်းပါဝင်သည်) များသည် မာနကို အခြေပြုကာ ဘ၀ကို တည်ဆောက်ကြကြောင်း ပါဠိစာပေများက ဆိုသည်။ ထို့ကြောင့်မာနခေါ် နှိုင်းယှဉ်ကြောင်းတရားတစ်မျိုးသည် ပုထုဇဉ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ လူသည် နှိုင်းယှဉ်မှုတစ်စုံတစ်ရာကို ပြုသောအခါ သူကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကို သိစေ၍ဖြစ်စေ၊ မသိစေပဲဖြစ်စေ ပြုတတ်သည်။ သူကိုယ်တိုင်သိခြင်း၊ မသိခြင်း၊ သူ့ပတ်ဝန်းကျင်ကို မသိစေခြင်းတို့ကြောင့် ဖြစ်ပေါ်သောမာနသည် ပြဿနာမဖြစ်တတ်သေး။ မိမိသန္တာန်မှာ ဖြစ်ပေါ်လာသော မာနကို သူ့ပတ်ဝန်းကျင်ကို သိစေသောအခါ ပြဿနာဖြစ်တတ်ကြောင်း တွေ့ရ၊ တွေ့နိုင်သည်။

စာပေများ၌ မာနအမျိုးအစားကို အောက်ပါအတိုင်းခွဲခြားသည်။
(၁) သေယျမာန = Superiority Complex (ဘွင်မြင့်စိတ်)
(၂) သဒိသမာန = Equality Complex (တန်းတူပြုစိတ်)
(၃) ဟီနမာန = Inferiority Complex (သိမ်ငယ်စိတ်) တို့ဖြစ်သည်။

“ဇာတိ ပုည၊ ဂုဏ်မာန”ဟူသော စကားအတိုင်း လူသည် အမျိုးဇာတ်ကြီးကျယ်မှုကြောင့်ဖြစ်စေ၊ ဘုန်းတန်ခိုးအာဏာပါဝါကြီးထွားမှုကြောင့်ဖြစ်စေ၊ ရာထူးဌာန္တရနှင့် ဥစ္စာ၊ ပညာဂုဏ်တို့များပြားမှုကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကို ကိုယ့်အောက်နိပ်ကျသူများနှင့် နှိုင်းယှဉ်ကာ ဘွင်မြင့်စိတ်ဖြစ်ပေါ်တတ်သည်။ ထိုဘွင်မြင့်စိတ်ကြောင့် သူတပါးအပေါ်အထင်သေး၊ အမြင်သေးမှုများဖြစ်ပေါ်လာသည်။ တစ်ဘက်သားအပေါ်အထင်သေးခြင်းသည် အထက်ပါအချင်းအရာတို့ဖြင့် နှိုင်းယှဉ်မှုတစ်စုံတစ်ရာ မပြုမချင်း မဖြစ်ပေါ်တတ်သေး။ နှိုင်းယှဉ်မှုကို ပြုလိုက်သည်နှင့် တပြိုင်နက် အထင်သေးစိတ်ဖြစ်ပေါ်သည်။ ယင်းအထင်သေးစိတ်သည် မာနကို အခြေခံ၍ဖြစ်ပေါ်သော လောဘတစ်မျိုးတည်း။

အဘယ်သို့လျှင် အထင်သေးစိတ်သည် လောဘဖြစ်ရသနည်း?
သူတစ်ပါးကို အထင်သေးခြင်းသည် မိမိမှာရှိသော ဂုဏ်တစ်မျိုးမျိုးကို မှားမှားယွင်းယွင်းမြတ်နိုးတန်ဖိုးထားခြင်းဟူသော လိုချင်မှုပင်ဖြစ်သည်။ ထိုလိုချင်မှုသည် သူတစ်ပါးထက် မိမိက သာသည်ဟူသော အထင်ကိုရောက်စေရကား ယင်းထင်မြင်ချက်နှင့်အတူ အထင်သေးစိတ်လဲ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် အထင်သေးစိတ်သည် လောဘတစ်မျိုးဖြစ်ကြောင်း နားလည်အပ်သည်။ တစ်နည်းအားဖြင့်မူ အထင်သေးစိတ်သည် ဘွင်မြင့်စိတ်တစ်မျိုးပင် ဖြစ်တော့သည်။

အချို့အချို့သော ပုဂ္ဂိုလ်များသည် မိမိမှာရှိသော/မရှိသော ဂုဏ်များကို ထိုနည်းတူ ဂုဏ်ရှိသော/မရှိသောပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်မှုပြုကြသည်။ ဂုဏ်ရှိသူများသည် “ငါ့မှာလဲ ဒီဂုဏ်ရှိတယ်၊ သူ့မှာလဲ ဒီဂုဏ်ရှိတယ်၊ ဘာ ဂရုစိုက်ဖို့လိုသလဲ” ဟု၎င်း၊ ပြောပလောက်အောင် ဂုဏ်မရှိသူများကမူ ကြံကြံဖန်ဖန် “လူလူချင်းပဲ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ သူလဲ ထမင်းစားပြီး အသက်ရှင်တယ်၊ ငါလဲထမင်းစားပြီး အသက်ရှင်တယ်”ဟု၎င်း၊ မိမိ၏ မြင့်သော/နိပ်သောအဆင့်အတန်းကို သူတစ်ပါး၏ မြင့်သော/နိပ်သောအဆင့်အတန်းနှင့် တန်းတူပြုကာ နှိုင်းယှဉ်သည်။ ယင်းနှိုင်းယှဉ်မှုသည် တစ်ဘက်သားအပေါ် အထင်သေးခြင်းကို၎င်း၊ အထင်ကြီးခြင်းကို၎င်း မဖြစ်စေသည်ကားမှန်၏။ သို့သော် ယင်းသို့သော နှိုင်းယှဉ်မှုကြောင့် အချင်းချင်းမလေးစားမှုခေါ် (အညမညအဂါရ၀) Mutual Disrespect ကို ဖြစ်ပေါ်လာစေသည်။

ဂုဏ်မရှိသူများ၊ ဂုဏ်ငယ်သူများသည်ကား ဂုဏ်ရှိသူများ၊ ဂုဏ်ကြီးသူများကို မိမိတို့မှာ ရှိသော/မရှိသော ဂုဏ်များဖြင့် နှိုင်းယှဉ်ကာ “သူက အဲဒီလို ရာထူး၊ ဂုဏ်သိက်၊ စည်းစိမ်ရှိတော့ရော ငါက ဘာဂရုစိုက်ဖို့သလဲ၊ ငါက သူ့ထမင်း တောင်းစားနေတာမှ မဟုတ်ပဲ၊ ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်နေတာ၊ ဒီလိုတော့ လာမကြောနဲ့” စသည်ဖြင့် မာန၀င်တတ်ကြသည်။ ယင်းမာနကြောင့် ထိုသူ၏သန္တာန်၌ လေးစားသင့် လေးစားထိုက်သောဂုဏ်ရှိသူများ၊ အသက်သိက္ခာကြီးသူများအပေါ် မရိုမသေပြုမှုများ၊ ဆက်ဆံမှုများ ဖြစ်ပေါ်လာရတော့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသန္တာန်မှာ ဖြစ်ပေါ်လာသော မာနသည် နိပ်ကျနေသော မိမိ၏အခြေအနေကို မှားယွင်းစွာသုံးသပ်ခြင်းကြောင့် ဟီနမာနဖြစ်ပေါ်ရသတည်း။

လူတစ်ယောက်၏ သန္တာန်၌ ဟီနမာနဖြစ်ပေါ်လာရုံနှင့် သိမ်ငယ်စိတ်ကား မဖြစ်ပေါ်တတ်သေး။ သိပ်ငယ်စိတ်သည် အထင်သေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်တစ်မျိုးဖြစ်သည်။ မိမိ၏ အားနည်းချက်၊ သူတစ်ပါး၏ အားသာချက်များကို ပြိုင်တူနှိုင်းယှဉ်မိရာမှ ပေါ်လာတတ်သည်။ လူသည် ယင်းသိမ်ငယ်စိတ်ကို အကြောင်းပြုပြီး အချင်းချင်းမလေးစားမှုများနှင့် အသက်ဂုဏ်ဝါကြီးသူများကို မလေးစားမှုများကိုကား တိုက်ရိုက်အားဖြင့် ပြုလုပ်လေ့မရှိ။ မသိမသာ သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေခြင်းမျိုးသာတည်း။ ယင်းသိမ်ငယ်စိတ်သည် လောဘ+ဒေါသရောနှောပါဝင်နေသော စိတ်ဖြစ်သည်။ မိမိ၏အားနည်းချက်အပေါ်မကျေမနပ်ဖြစ်သောအခါ ဒေါသဖြစ်၍ သူများမှာရှိသောဂုဏ်တစ်မျိုးမျိုးကို “ငါ့မှာလဲ သူ့လိုဂုဏ်ရှိရင် ကောင်းမှာပဲ”ဟု တောင်းတမိသောအခါ လောဘဖြစ်သည်။

အမှန်အားဖြင့် သိမ်ငယ်စိတ်ဟူသည် မိမိမှာမရှိသော ဂုဏ်တစ်ခုခုကို တောင်းတပြီး မိမိ၏အားနည်းချက်ကို မုန်းတီးနေခြင်းမျိုးသာတည်း။ သို့သော် သူတစ်ပါးက သူမုန်းတီးနေသော၊ သူမလိုလားပဲ သူ့မှာရှိနေသော အားနည်းချက်တစ်ခုခုကို ဖေါ်၍ဖြစ်စေ၊ ထိပါး၍ဖြစ်စေ ကိုယ်အမူအယာဖြင့်သော်၎င်း၊ နှုတ်အမူအယာဖြင့်သော်၎င်း ပြုမိ၊ ပြောမိသောအခါ သိမ်ငယ်စိတ်သည် ဒေါသအဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားတတ်သည်။

ယင်းသို့ သိမ်ငယ်စိတ်သည် ဒေါသစိတ်အဖြစ်သို့ပြောင်းလဲ သွားသောအခါ ဟီနမာနခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုတစ်မျိုးသည် ချက်ချင်းကပ်ပါလာတတ်ပြီး “န ဟိ ဒုဋ္ဌော ကိဥ္စိ ဂရုံ ကရောတိ=ဒေါသထွက်နေသူသည် အဘယ်အရာကိုမှ ဂရုမစိုက်” ဟူသောစကားအတိုင်း သင့်၏/မသင့်၏ နှိုင်းချိန် စဉ်းစားမှုမပြုနိုင်တော့ပဲ မိမိစိတ်ထဲပေါ်လာရာကို ပြောဆို၊ ပြုမူမိတတ်သည်။ ဒေါသနှင့်တုန့်ပြန်သောကြောင့် မှန်သည်ဟူ၍ကားမရှိ။ ကောင်းကျိုးတစ်စုံတစ်ခုကိုလဲ မဖြစ်ပေါ်စေ။ မိတ်ပျက်ခြင်း-စသော မကောင်းကျိုးတစ်မျိုးမျိုးကိုသာ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိမိသန္တာန်မှာ သိမ်ငယ်စိတ် အတတ်နိုင်ဆုံးမရှိအောင် ကြိုးစားသင့်သည်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေသော သိမ်ငယ်စိတ်ခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုကို ဖယ်ရှားလိုပါလျှင် အရေးကြီးဆုံး မွေးမြူရမည့် စိတ်ထားတစ်မျိုးမှာ “ယောနိသောမနသီကာရ” ခေါ် နှလုံးသွင်းကောင်းအောင်ထားခြင်းပင်တည်း။ ထို့နောက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ဂုဏ်ကို အခြားမည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်မိစေဖို့ အရေးကြီးသည်။ မိမိပတ်ဝန်းကျင်တွင် မည်သည့်အခြေအနေမျိုးနှင့်ပင် တွေ့ကြုံဆုံစည်းရစေကာမူ သင့်အောင်တော်အောင် နှလုံးသွင်းပြီး တစ်နည်းအားဖြင့် အကောင်းဘက်က ကြည့်ရှုပြီး ယင်းအခြေအနေနှင့် ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါက သိမ်ငယ်စိတ်မဖြစ်ပေါ်ရုံမျှမက ဖြစ်ပေါ်နေပြီးဖြစ်သော သိမ်ငယ်စိတ်သည်လည်း ပြန်လည်ပျောက်ကွယ်သွားနိုင်ကြောင်း တင်ပြလိုက်ပါသည်။

Sunday, May 17, 2009

၂၀၀၉ ဥရောပနိုင်ငံများ ဆိုကြမယ်ပျော်ကြမယ်

“Eurovision 2009” လို့ အမည်ပေးထားတဲ့ ၂၀၀၉ ဥရောပနိုင်ငံများဆိုကြမယ်ပျော်ကြမယ် သီဆိုတီးမှုတ်ပြိုင်ပွဲကြီး မနေ့ညက ပြီးဆုံးသွားခဲ့ပါပြီ။ ဥရောပနိုင်ငံပေါင်း (၄၀)မှ အဆိုကျော်တွေ ၀င်ရောက်သီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံပေါင်းလေးဆယ်ထဲက နော်ဝေနိုင်ငံမှ အဆိုတော် Alexander Rybak က Fairy Tale ဆိုတဲ့ သီချင်းလေးကို တယောတစ်လက်နဲ့ မြူးမြူးကြွကြွလေးသီဆိုပြီး ပြိုင်ဖက်နိုင်ငံတွေကို ဒီပြိုင်ပွဲသမိုင်းမှာ အများဆုံးရမှတ်ဖြစ်တဲ့ အမှတ်ပေါင်း (၃၈၇)နဲ့ အပြတ်အသတ်အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ မကြည့်ရ၊ နားမထောင်ရသေးသူများအတွက် ဝေငှလိုက်ပါကြောင်း။ ခံစားကြည့်။



ကောင်းတယ်နော်။ (မကြိုက်ရင်လဲ ကိုယ့်အကြိုက်နဲ့ မကိုက်ဘူးလို့ပဲမှတ်လိုက်ပေါ့ဗျာ၊ ဟုတ်ဘူးလား)

Wednesday, May 13, 2009

လူ့ဘ၀ရဲ့ ဆည်းဆာတစ်ခု


အခုတလော ကျနော် ကျနော့်ဘလော့ဂ်မှာ စိတ်အကြောင်းတွေဦးစားပေး ရေးနေမိတယ်။ ငယ်ရွယ်တဲ့စာဖတ်သူတစ်ယောက်က ပြောတယ်။ “ကိုမင်းထက်ကြီး ရေးတာတွေ သိပ်နားမလည်ဘူး၊ ကျနော်ကပဲ လိုက်မမီတာလား၊ ခင်ဗျားကပဲ ဂေါက်သွားတာလား မသိဘူး” တဲ့။ “ဂလု” အားရှိပါပေ့။ ကျနော်အဖြေပေးလိုက်တယ်။ နှစ်မျိုးလုံးပဲ လို့။ ဒီနေ့တော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် စိတ်အကြောင်းရေးတာ ခဏရပ်ထားပြီး လူ့အကြောင်း ပြောလိုက်ဦးမယ်။ လူ့အကြောင်းဆိုတော့ သူများအကြောင်းပေါ့။ (ကိုယ့်အကြောင်းပြောလို့ ဘယ်ဖြစ်မလဲဗျာ၊ ဟုတ်ဘူးလား) သူများအကြောင်းဆိုလို့ အတင်းတော့ မဟုတ်ပါဘူးဗျာ့။ အခုလောလောဆယ် ကျနော့်မျက်စိရှေ့မှာ တွေ့နေ၊ ကြုံနေရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ကျနော့်စာဖတ်ရောင်းရင်းတွေကို မျှဝေပေးချင်လို့ပါ။

အခုတစ်ရက် နှစ်ရက်၊ ကျနော်တို့နေတဲ့အဆောင်မှာ မလေးရှားက ဧည့်သည်ကြီးတစ်ယောက် ရောက်နေလေရဲ့။ လာရောက်တည်းခိုနေတယ် ဆိုပါတော့။ ဘယ်နှစ်ရက် နေမယ်တော့မသိဘူး။ ကျနော်တို့အိမ်ပိုင်ရှင် အဖိုးကြီးက သူ့မိတ်ဆွေမို့ဆိုပြီး လာထားထားတာ။ ပြီးခဲ့တဲ့ နှစ်တုန်းကလဲ လာတယ်။ ကြည့်ရတာ တစ်နှစ်တစ်ခေါက်လောက်တော့ လာပုံရတယ်။ ဒါပေမဲ့ ဒီနှစ်ရောက်လာပုံက နည်းနည်းတော့ သနားစရာကောင်းတယ် လို့ဆိုနိုင်တယ်။ သူ့ချွေးမက အိမ်ပေါ်အတက်မခံလို့ ကျနော်တို့ဆောင်မှာ လာတည်းနေရတာ တဲ့။ ဖြစ်ရလေတယ် မသိမ်းကြွယ်။

အဘိုးကြီးက အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးပါးရှိပြီ။ သားနှစ်ယောက်ရှိတယ် လို့သိရတယ်။ အကြီးကောင်က ဟောင်ကောင်တရုတ်မလေးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာ အခြေကျနေပြီ။ အဘိုးကြီးက သူ့သားနဲ့ သူ့ချွေးမရှိတဲ့ဆီ တစ်နှစ် တစ်ခေါက်လောက်တော့ ရောက်ဖြစ်တယ်နဲ့ တူပါရဲ့။ မြေးလေးတွေကို ကြည့်ချင်လို့နေမှာ။ “သားအချစ်၊ မြေးအနှစ်”လို့ ဆိုကိုးဗျာ့။ မြေးလေးတွေကို ချစ်ရှာပေမပေါ့။ အဘိုးကြီး အဖွါးကြီးတွေများ အသက်ကြီးလာလို့ အလုပ်ကမရှိ၊ တစ်ယောက်တည်းနေရတာကိုလဲ ညီးငွေ့။ အဲဒီတော့ သားတွေသမီးတွေဆီအလည်သွား၊ မြေးလေးတွေကို ထိမ်း။ ဒီလိုနဲ့ပဲ ပြင်းစရာအလွန်ကောင်းတဲ့ လူ့သက်တမ်းရဲ့အဆုံးနေ့ကို စောင့်နေကြရရှာတယ်။ (သိပ်မပြောနဲ့၊ မင်းကြီးလာရင်လဲ ဒီလိုပဲဖြစ်မှာ)။

ကျနော်တို့အိမ်က အဖိုးကြီးဆိုလဲ ဒီလိုပဲ။ အသက်က (၈၃)နှစ်ရှိနေပြီ။ သူ့အိမ်မှာ နေတယ်လို့ကို မရှိဘူး။ သူ့သမီးအိမ်သွားသွားပြီး ကလေးထိန်းနေတာပဲ။ သူ့သမီးအငယ်ဆုံးက မွေးတဲ့ကလေးနှစ်ယောက်ရှိတယ်။ အဲဒါလေးတွေဆီ သွားသွားပြီးတော့ အချိန်ဖြုန်းနေရရှာတယ်။ သမီးနဲ့သားမက်က အလုပ်ကိုယ်စီရှိကြတော့ အဘိုးကြီးယူချင်နေတဲ့ ကလေးထိမ်းတာဝန်က အစဉ်ချောသွားတာပေါ့။ ကျနော်စဉ်းစားကြည့်တယ်။ “ဒီဖြစ်စဉ်တွေဟာ ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ ရလာတတ်တဲ့ ပျော်ရွှင်မှုတစ်မျိုးပေလော” ဟု။ အထက်မှာ ကျနော်ပြောခဲ့တဲ့ မလေးရှားက အဘိုးကြီးက ကျနော်တို့အိမ်က အဖိုးကြီးနဲ့ ရင်းနှီးတယ်။ သူလန်ဒန်ရောက်လာရင် သူ့မိတ်ဆွေကြီးရှိရာ ကျနော်တို့အိမ်ရောက်လာမြဲပါပဲ။ တည်းတော့ မတည်းဘူး။ ထမင်းတွေဘာတွေလာစားပြီး ပြန်ပြန်သွားတယ်။ ခါတိုင်းနှစ်တွေကပေါ့။

ဒီနှစ်တော့ ခါတိုင်းနှစ်နဲ့မတူဘူး။ မတူဆို ၀က်တုန့်ကွေးက ၀င်မွှေလိုက်တာကိုး။ အဲဒီဝက်တုန့်ကွေးလုပ်တာနဲ့ အားလုံးကမောက်ကမတွေဖြစ်ကုန်တာ ထင်ပါရဲ့။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတအိုဗားမား တလောက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တဲ့ ဟာသလေးတစ်ခုကို သတိရမိသေးတော့။ သတင်းထောက်ကမေးလိုက်တယ်။
“သမ္မတကြီးခင်ဗျား၊ သမ္မတကြီးနဲ့ ယခင်သမ္မတကြီးရဲ့ ပြိုင်ဘက် (ယခု နိုင်ငံခြားရေးဝန်ကြီး) ဟီလာရီကလင်တန်တို့ရဲ့ ဆက်ဆံရေးအခြေအနေ ကောင်းမွန်ပါရဲ့လား” တဲ့။
အိုဗားမားက ဖြေလိုက်တယ်။
“ကောင်းမွန်သလားတော့ မမေးနဲ့ ဆရာရေ့၊ သူ (၀က်တုန့်ကွေးအကြီးအကျယ်ဖြစ်နေတဲ့) မက္ကစီကိုနိုင်ငံက ပြန်ရောက်ရောက်ချင်း ကျနော့်ကို ဖက်လဲဖက်တယ်၊ မွှေးမွှေးလဲ ပေးတယ်” ဟူ၏။

ဝက်တုန့်ကွေးက အဲသလို အဲသလို နေရာယူနေတာကိုးဗျာ့။ ကျနော်ပြောမည့်စကား ပြန်ဆက်ကြဦးစို့။ မလေးရှားကအဘိုးကြီး သူ့သားနဲ့ ချွေးမရှိရာ လန်ဒန်လာမည်ဆိုတော့ သားဖြစ်သူက သူ့ချစ်ဇနီးတရုတ်မလေးခေါ်ပြီး လေဆိပ်မှာ သွားကြိုရှာတယ်။ အဘိုးကြီးလေယာဉ်ပေါ်က ဆင်းတော့ သူတို့အတွက် စားဖို့သောက်ဖို့နဲ့ ကလေးတွေအတွက် လက်ဆောင်လေးတွေထည့်ထားတဲ့ အိပ်တွေဘာတွေပါ ပါလာတယ်။ အဘိုးကြီး လေဆိပ်ရောက်တော့ သူ့သားနဲ့ချွေးမတို့၊ သူ့မြေးလေးတို့အတွက် စားစရာသောက်စရာနဲ့ လက်ဆောင်တွေထည့်ထားတဲ့အိပ်တွေကို ကားပေါ်တင်ပြီး လူတက်မယ်လဲလုပ်ရော ချွေးမလုပ်သူက အဏုမြူဗုန်းပေါက်ခါနီး ကြောက်လန့်တဲ့ ဟန်မျိုးနဲ့---
“အိုး---မတက်နဲ့၊ မတက်နဲ့။ ကားပေါ်လူတက်လို့ ဘယ်ဖြစ်မလဲ။ အိမ်မှာက ကလေးတွေနဲ့။ တော်ကြာ လေယာဉ်ပေါ်ကသူ့ကပ်ပါလာတဲ့ ၀က်တုန့်ကွေးပိုးတွေ ကလေးတွေကူးကုန်ရင် ခက်ကုန်လိမ့်မယ်၊ ကားပေါ်တက်လို့ မဖြစ်ဘူး။ အိမ်လဲ လာအိပ်လို့မရဘူး။ တခြားသွားအိပ်။ ရှင့်မိတ်ဆွေ မြန်မာအဘိုးကြီးရှိနေတာပဲ၊ အဲဒီမှာသွားအိပ်။ ကျမတို့ဆီ လိုက်အိပ်လို့တော့ ဘယ်နည်းနဲ့မှကို လက်ခံလို့မရဘူး” ဆိုပြီး အတင်းရော အဓမ္မပါ ငြင်းလွှတ်တော့ အဘိုးကြီးခမျှာ အူကြောင်ကြောင်ဖြစ်ပြီး လေဆိပ်မှာ တစ်ယောက်တည်း ကျန်ရစ်ရှာတယ်။

သားလုပ်သူကလဲ သူ့မိန်းမကို သူ့အဖေထက် ပိုချစ်လေတော့ တစ်ခွန်းမှ ၀င်မပြောရဲရှာပဲ ခေါင်းငုံ့နေရတဲ့ အဖြစ်။ “မဘက်လိုက်လို့ အမိုက်ဘက်ပါ” ဖြစ်နေလေရော့ထင့်။ အဘိုးကြီးလဲ သူ့ရှေ့က “ဝေါ”ကနဲ့ မည်သံပြုမောင်းထွက်သွားတဲ့ သားတော်မောင်နဲ့ ချွေးမလေးတို့ကို ကြည့်ပြီး ငေးငေးငိုင်ငိုင်နဲ့ ဘာလုပ်ရမှန်းမသိ။ ”ရက်စက်တယ်” ဆိုတဲ့စကားကို သုံးရအောင်ကလဲ ဘယ်သူ့လက်ညှိုးထိုးရပါ့။ ချွေးမကိုလား၊ သားကိုလား၊ ၀က်တုန့်ကွေးကိုလား၊ ဒါမှမဟုတ် ဒီလိုအချိန်မျိုး လာလည်မိတဲ့ သူ့ကိုယ်သူလား။ နောက်ဆုံးကြံရာမရဖြစ်ပြီး သူ့မိတ်ဆွေ ကျနော်တို့အိမ်ရှင်အဘိုးကြီးကို ဖုန်းလှမ်းဆက်ပြီး လာခေါ်ခိုင်းလိုက်ရရှာတယ်။

ကျနော်တို့အိမ်ရှင်အဘိုးကြီးလဲ မလေးအဘိုးကြီးကို လေဆိပ်က ခေါ်လာပြီး သူ့သမီးအိမ်မှာ တစ်ညသိပ်၊ နောက်တစ်နေ့မှာ ကျနော်တို့ဆီ လာပို့ထားရှာတယ်။ ကျနော်တို့ဆီမှာကလဲ အခန်းတိုင်းမှာ လူတွေပြွတ်သိပ်နေတဲ့အတွက် အခန်းတစ်ခုခုထဲ ထားဖို့ရာမဖြစ်လေတော့ ဆောင်အပြင်ဘက်ဆွယ်ထုတ်ထားတဲ့ အိမ်နောက်ဘက်က ပစ္စည်းသိုတဲ့ အခန်းထဲမှာပဲ နေရာပေးနိုင်တယ်။ အဲဒီမှာပဲ သူ့ခမျှာ ချမ်းချမ်းနဲ့နေရရှာတယ်။ ဒါပေမဲ့ ညအိပ်ရင်တော့ အနွေးဓာတ်လေးဘာလေးရအောင် ကျနော်တို့ထမင်းစားတဲ့ အခန်းထဲမှာ အိပ်ခိုင်းရတယ်။

“လူလေး၊ အဘိုးအတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလားကွယ်”
စာအုပ်တစ်အုပ်ကို သဲသဲမဲမဲ (ဟန်လုပ်) ဖတ်နေတဲ့ ကျနော်၊ မော်ကြည့်လိုက်တော့ မလေးအဖိုးကြီး ချမ်းချမ်းတုန်တုန်နဲ့ ကျနော့်အနားလာပြီး ကော်ဖီလေးတစ်ခွက်လောက် သောက်ချင်ကြောင်းပြောရှာတယ်။ ကျနော့်ရင်ထဲ နင့်နင့်ကြီးခံစားလိုက်ရတယ်။ ကျနော်လဲ ဖတ်လက်စ စာအုပ်ကို ခဏချ၊ရေနွေးအိုးရေဖြည့်၊ ခလုပ်နှိပ်ပြီး ခဏစောင့်၊ ရေနွေးကျက်တော့ ကော်ဖီမှုန့်နှစ်ဇွန်း၊ ကော်ဖီမိတ်သုံးဇွန်းနဲ့ သကြားတစ်ဇွန်းထည့်ပြီး ကျနော်သောက်နေကျအရသာအတိုင်း ကော်ဖီခါးဆိမ့်လေးတစ်ခွက်ဖျော်ပေးလိုက်တယ်။ ကျေးဇူးတင်ကြောင်း ဆယ်ခါလောက်ပြောပြီး ကော်ဖီခွက်လေးကိုင်ထွက်သွားတယ်။ သူ့အတွက်ပေးထားတဲ့ နေရာမှာ အချမ်းဒဏ်သက်သာလို သက်သာညား၊ တဖူးဖူးမှုတ်ရင်း သောက်နေရှာတယ်။

ဖတ်လက်စ စာအုပ်ထဲက မှတ်ထားတဲ့ စာမျက်နှာကို ပြန်လှန်လိုက်မိတယ်။ ဖတ်မယ်လို့ ကြိုးစားပြီး စာကြောင်းတွေအပေါ် ကျနော့်မျက်လုံးနှစ်လုံးကို ရွှေ့လိုက်တယ်။ ကျနော်ဖတ်နေဆဲ စာအုပ်ထဲက ဇာတ်ကြောင်းကလေးဟာ ကျနော့်စိတ်ကို မဆွဲဆောင်နိုင်တော့ပါ။ ကျနော်လက်ရှိတွေ့နေရတဲ့ လက်တွေ့ဘ၀ရဲ့ တကယ်ဖြစ်ရပ်တစ်ခုက ကျနော့်စိတ်ကို ဖမ်းစားလိုက်လေပြီ။ ကျနော့်မျက်စိထဲမှာ ယောက်ခမကို အိမ်ပေါ်တင်ရမှာ သေမလောက်ကြောက်နေတဲ့ ချွေးမရဲ့ ပုံရိပ်တွေကို မြင်နေရပြီး ကျနော့်နားထဲမှာ ကြားနေရတာတွေကတော့ ယောက်ခမကို အိမ်ပေါ်မထင်ချင်လို့ ပေးနေတဲ့ ချွေးမလေးရဲ့ ဆင်ခြေများ။ ကျနော်တွေးမိတယ်။ “ဒါသည်ပင် သံသရာလား၊ ဒါဆိုရင် ဟောဒီချွေးမလေး အဖွါးအိုကြီးဖြစ်လို့ သူ့မြေးလေးတွေဆီ သွားလည်တဲ့အခါ ဘယ်လို အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ရမှာလဲ”။

Tuesday, May 12, 2009

နှလုံးသွင်းကောင်းခြင်း


စိတ်ကောင်းရှိခြင်းကို အဓိကဖြစ်စေသော တရားတစ်မျိုးရှိသည်။ စိတ်ကောင်းရှိသူဟု အသိအမှတ်ပြုအပ်သူမှန်သမျှကို လေ့လာကြည့်ပါက ယင်းသဘောတရားကို လက်ကိုင်အသုံးပြုတတ်သူများဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အမှန်စင်စစ် ယင်းသဘောတရားသည် ကျနော်တို့သန္တာန် (စိတ်အစဉ်)မှာ အသစ်ဖြစ်ပေါ်လာသောတရားကား မဟုတ်။ မိခင်၏၀မ်းဗိုက်ဝယ် ကိုယ်ဝန်တည်စကတည်းက အတူဖြစ်တည်လာခဲ့သော တရားတစ်မျိုးဖြစ်ကြောင်း အရှေ့တိုင်းစိတ်ပညာရှင်များနှင့် ဘာသာရေးဆရာများက ဆိုသည်။ ယင်းတရားကို “မနသီကာရ” ဟုခေါ်သည်။ “စိတ်ကို လမ်းကြောင်းတည့်ပေးသောတရား”ဟု ဘာသာပြန်ဆိုနိုင်သည်။ “နှလုံးသွင်းမှု” ဟု တိုက်ရိုက်နားလည်ကြသည်။

မည်သည့်သတ္တ၀ါတို့၏ ကိုယ်သန္တာန် (ကိုယ်သဏ္ဌာန်-ဟူသောစကားလုံးနှင့် အဓိပ္ပါယ်မတူညီသည်ကို သတိပြုပါ၊ သဏ္ဌာန်ဟူသည် ရုပ်ပုံကိုပြောခြင်းဖြစ်၍ သန္တာန်ဟူသည် စိတ်စသော ဖြစ်စဉ်တစ်ခုခုကို ပြောခြင်းဖြစ်သည်၊ ရုပ်ပုံကို ပြောခြင်းမဟုတ်၊ ထို့ကြောင့် ကိုယ်+သန္တာန်ဟူသော စကားသည် ရုပ်+နာမ် နှစ်မျိုးလုံးကို ရည်ရွယ်သည်။ သဏ္ဌာန်သည် Appearance ဖြစ်၍ သန္တာန်သည် process ဖြစ်သည်) ၌မဆို အာရုံတစ်ခုခုကို အကြောင်းပြုပြီး စိတ်အစဉ်တစ်မျိုးမျိုးဖြစ်ပေါ်တိုင်း မနသီကာရခေါ် တွဲဘက်တရားတစ်မျိုးသည် အတူလိုက်ပါမြဲဖြစ်သည်။ အပြင်ပအာရုံကောင်းလျှင် စိတ်ကောင်းဖြစ်ပေါ်၍ အပြင်ပအာရုံဆိုးလျှင် စိတ်ဆိုးဖြစ်ပေါ်တတ်ရကား မနသီကာရ-ခေါ် နှလုံးသွင်းမှုသည်လည်း ယင်းစိတ်ကောင်း/စိတ်ဆိုးတို့နှင့် အတူတွဲဘက် ဖြစ်ရမြဲဖြစ်သောကြောင့် အကောင်း/အဆိုး နှစ်မျိုးအားဖြင့် ကွဲပြားရသည်။

ထို့ကြောင့် မနသီကာရခေါ် နှလုံးသွင်းမူသည်---
(၁) ယောနိသောမနသီကာရ=သင့်တော်အောင်နှလုံးသွင်းမှု၊ (ယင်းကို Positive Attention ဟုခေါ်သည်)
(၂) အယောနိသောမနသီကာရ=မသင့်မတင့်နှလုံးသွင်းမှု၊ (ယင်းကို Negative Attention ဟုခေါ်သည်) အားဖြင့် နှစ်မျိုးဖြစ်ကွဲပြားသည်။ စိတ်ကောင်းစိတ်မြတ်တို့၏ စတင်ဖြစ်တည်ရာဟု ဆိုနိုင်သော ယောနိသောမနသိကာရသည် သက်ရှိသတ္တ၀ါတို့သန္တာန်မှာ အစကတည်းက ရှိနှင့်ပြီးဖြစ်သော်လဲ ရာခိုင်းနှုံးလွန်စွာနည်းပါလှသော လူတို့သာလျှင် ယင်းတရားကို ထုတ်ယူစားသုံးနိုင်ကြသည်။ ထိုသူတို့သည် ကံကောင်းသော သူများပေတည်း။ ဆန့်ကျင်ဘက်ရာခိုင်းနှုံးရှိသူတို့ကား မိမိတို့ဘ၀၀ယ် နေ့စဉ်တွေ့နေကြုံနေကြရသော အာရုံတို့၏ ဖြားယောင်းသွေးဆောင်မှုအောက်မှာ မလူးသာမလွတ်သာဖြစ်ပြီး စိတ်ကောင်းစိတ်မြတ်များကို မထားနိုင်ပဲ ရှိကြရရှာသည်။

မည်သည့်စိတ်အစဉ်မဆို စိတ်အစဉ်တစ်ခုဖြစ်ပေါ်ဖို့အတွက် လိုအပ်ချက်မှာ object ခေါ် အာရုံဖြစ်သည်။ ယင်းအာရုံသည်---
(၁) Internal Object=အတွင်းစိတ်မှာ နဂိုရှိပြီးသား သို့မဟုတ် နဂိုရဖူး ယူဖူးပြီးသားအာရုံနှင့်
(၂) External Object=အပြင်ပက အသစ်ရလာသောအာရုံ အားဖြင့် နှစ်မျိုးရှိသည်။
မည်သည့်အာရုံဖြစ်စေ စိတ်အစဉ်တစ်ခုမဖြစ်ပေါ်မီရှေးဦးစွာ သက်ဆိုင်ရာစိတ်၏ တံခါးဝကို ရောက်လာရမြဲဖြစ်သည်။ သက်ဆိုင်ရာအာရုံကို ရပြီးသောအခါ ၎င်းအာရုံသည် မိမိလိုချင်သော အာရုံမျိုးဖြစ်ပါက စိတ်သည် လိုချင်မှုလွန်ကဲ(လောဘ) လာတတ်ပြီး မလိုချင်သောအာရုံဖြစ်ပါက ကသိကအောင့်(ဒေါသ) ဖြစ်ရတတ်မြဲတည်း။

လိုချင်မှုလွန်ကဲခြင်းသည် မကောင်းစိတ်တစ်မျိုးဖြစ်သည်။ ထိုမကောင်းစိတ်သည် မလိုချင်သောအာရုံကို ယူမိရုံနှင့်ကား မဖြစ်ပေါ်နိုင်သေး။ ယင်းစိတ်ဖြစ်ပေါ်ဖို့အတွက် အခြေခံအကြောင်းတရားနှစ်မျိုးလိုအပ်သည်။ ယင်းတို့မှာ---
(၁) Desirable Object=မိမိစိတ်ကို အကြိုက်တွေ့စေနိုင်သော အာရုံဖြစ်ခြင်းနှင့်
(၂) Negative Attention=မသင့်မတင့်နှလုံးသွင်းမိခြင်း တို့တည်း။
ဥပမာ=အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိ၏ဆန့်ကျင်ဘက်လိင်ကို တွေ့သောအခါ ထိုဆန့်ကျင်ဘက်လိင်သည် မိမိစိတ်ကို ဆွဲဆောင်နိုင်လောက်အောင် ရုပ်ရည်ရူပကာယမျိုးရှိသူဖြစ်ပါက ယင်းအာရုံကို အကြောင်းပြု၍ မသင့်မတင့်တွေးမိတတ်သည်။ ယင်းသို့တွေးမိသောနေရာဝယ် တွေးပုံတွေးနည်းမှာ နှစ်မျိုးနှစ်စားရှိပြန်သည်။
ယင်းတိှု့မှာ---
(၁) “မျက်လုံးလေးက သိပ်လှတာပဲ၊ မျက်ခုံးလေးကသိပ်လှတာပဲ၊ နှာတံလေးက ကော့ပျံလို့၊ နှုတ်ခမ်းလေးကလဲ နှင်းဆီဖူးလေးလို အနီရောင်လေးသန်းပြီး လှနေလိုက်တာ ညှို့တင်ထားတဲ့ လေးကိုင်းသဏ္ဌာန်ပဲ” စသည်ဖြင့် ကိုယ်အင်္ဂါတစ်ခုချင်းစီကို အသေးစိမ့်အာရုံပြုခြင်း (အနုဗျဉ္ဇနဂ္ဂါဟ=detailed attachment) နဲ့
(၂)“ကိုယ်လုံးကိုယ်ပေါက်က လှလိုက်တာ၊ သွားပုံလာပုံက သိပ်ကြည့်ကောင်းတာပဲ” စသည်ဖြင့် ခြုံ၍အာရုံပြုခြင်း (နိမိတ္တဂ္ဂါဟ=comprehensive attachment) တို့ပင်တည်း။

လိုချင်ဘွယ်အာရုံနှင့်တွေ့သော်လဲ နှလုံးသွင်းကောင်းကောင်းထားပြီး အာရုံယူတတ်ပါမူ စိတ်သည် ညစ်နွမ်းခြင်းသို့ မရောက်ပဲ ဖြူစင်မြဲဖြူစင်လျက်ရှိသည်။ မည်သည့်အာရုံမျိုးနှင့်တွေ့တွေ့ ကောင်းသောစိတ်ဓာတ် သို့မဟုတ် ကုသိုလ်စိတ်ဖြစ်ပေါ်စေလိုလျှင် ယောနိသောမနသိကာရခေါ် Positive Attention ရှိဖို့အရေးကြီးဆုံးဖြစ်သည်။ ယင်းသဘောတရားကို “အတ္တသမ္မာပဏိဓိ”ဟုလဲ ခေါ်ရသည်။ ယောနိသောမနသီကာရသည် (အဘိဓမ္မာဝေါဟာရ) Psychological Term ဖြစ်၍ အတ္တသမ္မာပဏိဓိသည် (သုတ္တန်ဝေါဟာရ) Discourse Term ဖြစ်သည်။ (ယင်းဝေါဟာရများနှင့် ရင်းနှီးမှုမရှိသေးသူများအတွက် ယင်းပါဠိစကားလုံးများသည် Jargon ခေါ် နားလည်ရခက်မည်မှန်သော်လဲ စိတ်ပညာကို လိုက်စားသူများအတွက်မူ ထိုသို့ပြောလိုက်မှသာ ပိုမိုလေးနက်စွာ သဘောပေါက်သွားတတ်ကြသောကြောင့် ကျနော့်ပို့စ်မှာ အချို့ပါဠိဝေါဟာရများကို ထည့်သုံးရေးသားရခြင်းဖြစ်ပါကြောင်း)။

အောင်မြင်သောမျိုးစေ့တစ်ခုတွင် သက်ဆိုင်ရာသစ်ပင်ကို ပေါက်ပွါးစေနိုင်သော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် ခွက်တစ်ခုထဲတွင် ထည့်ထားပါက အပင်အဖြစ်သို့ မရောက်နိုင်။ လေဓာတ်၊ အလင်းဓာတ်နှင့် ရေဓာတ်အလုံအလောက်ရသော မြေတွင်စိုက်ပျိုးပြီး စိုက်ပျိုးသူက ဂရုစိုက်ပေးမှသာလျှင် အပင်ဖြစ်ထွန်းနိုင်သည်။ ထို့အတူပင် ယောနိသောမနသီကာရဟူသော မျိုးစေ့တွင် စိတ်ကောင်းစိတ်မြတ်တို့ကို ဖြစ်ပေါ်စေသော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် သတ္တ၀ါတို့သန္တာန်ဝယ် အလိုအလျောက်ဖြစ်ပေါ်လာသည်ကားမဟုတ်။ ယင်းမျိုးစေ့ကို အပင်ပေါက်ပွါးစေနိုင်သည့် အခြေခံအကြောင်းတရားများရှိဖို့ လိုအပ်သည်။ ယင်းတို့မှာ---
(၁) ဆရာကောင်းများကို မှီခိုဆည်းကပ်ခွင့်ရခြင်း
(၂) မိမိကိုယ်တိုင်က ဆိုဆုမ္မကို နာယူလွယ်သူဖြစ်ခြင်း
(၃) စာကောင်းပေကောင်းများကို ဖတ်ရှုမှတ်သားတတ်ခြင်း
(၄) အရာရာကို သဘာဝကျကျ ရှုမြင်သုံးသတ်တတ်ခြင်း
(၅) အတိတ်ကဆည်းပူးခဲ့ဖူးသော ကုသိုလ်ကောင်းမှုအရှိန်အ၀ါရှိခြင်း စသည်တို့ဖြစ်သည်။

ကျနော်စဉ်းစားမိသည်မှာ လူတစ်ယောက်သည် နှလုံးသွင်းကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် အထက်ပါ အချက်အလက်အားလုံးနှင့်ပြည့်စုံဖို့မလို၊ အချက်အလက်တစ်ခုနှင့်ပြည့်စုံလျှင်ပင် ထိုသူ့သန္တာန်မှာ ယောနိသောမနသီကာရခေါ် နှလုံးသွင်းကောင်းမှုမျိုးဖြစ်ပေါ်နိုင်သည်။ ယင်းကို အခြေခံ၍ စိတ်ကောင်းစိတ်မြတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။

တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော်ပွါးခြင်း စသော ကောင်းမှုများသည် ယင်းတို့ကို ပြုလုပ်နေဆဲအခိုက်မှာ သက်ဆိုင်သူကာယကံရှင်၏ စိတ်ကို ကြည်လင်စေသည်မှန်သော်လဲ အမြဲမပြတ်ပြုလုပ်နေခြင်းမျိုးမဟုတ်ပါက ယာယီအခိုက်အတန့်အားဖြင့်သာ စိတ်ကောင်းများကို ဖြစ်ပေါ်စေသည်။ အချို့ အချို့ ကျနော်တွေ့ဖူးသောပုဂ္ဂိုလ်များသည် တရားအလွန်ထိုင်၏၊ ပုတီးအလွန်စိပ်၏၊ ဂုဏ်တော်အလွန်ရွတ်၏။ သို့သော် ယင်းတို့ကို မပြုလုပ်ဘဲနေသောအခါဝယ် အတင်းအလွန်ပြော၏။ တစ်ဘက်သားကို အကောင်းမြင်သည်ဟု မရှိ။ သူတို့ကဲ့သို့ ဘုရားတရားမလုပ်သူများကို သေလျှင်ငရဲကျတော့မည့်အလား ဝေဘန်၏။ ထိုသူတို့သန္တာန်ဝယ် ယောနိသောမနသီကာရတရား ဆိတ်သုံးနေကြောင်း အလွန်သိသာလှသည်။ ထို့ကြောင့် ထိုသူတို့၏ ဘုရားတရားအလုပ်သည် “ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ”ဟူသကဲ့သို့ ဖြစ်ရတော့သည်။ ထိုသူတို့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်ခွင့်မရှိတော့။ သနားစရာ အလွန်ကောင်းသူများပင်တည်း။

မိမိနှင့် အကြိုက်မတူ၊ စရိုက်မတူသူများအပေါ် မကောင်းမြင်ခြင်းကိုလည်း ယောနိသောမနသီကာရခေါ် အတ္တသမ္မာပဏိဓိစက် ချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း နားလည်အပ်သည်။ မှန်သည်။ လူတစ်ယောက် အကြိုက်တစ်မျိုးဖြစ်သည်။ ယင်းသို့နားလည်ထားလျှင် မည်သူ့ကိုမဆို “ငါနှင့်မတူ ငါ့ရန်သူ” အဖြစ် သဘောထားစရာမရှိတော့ချေ။ ယင်းသို့သဘောမထားတော့သည်နှင့်တပြိုင်နက် လူသည် သူ့ပတ်ဝန်းကျင်တွင် သူမှတစ်ပါးသောသူများနှင့်၎င်း သူ့ကိုယ်သူနှင့်၎င်း ရင်းနှီးကျွမ်းဝင်လာပြီးလျှင် စိတ်ကောင်းနှလုံးကောင်းများ ဖြစ်ပေါ်ခွင့်ကိုလည်း အမြောက်အများ ရရှိလာမည်ဖြစ်ပါသတည်း။

Monday, May 11, 2009

စိတ်ကောင်းထားခြင်းနှင့် စိတ်ထားကောင်းခြင်း



စိတ်ကောင်းထားခြင်းသည် စိတ်ထားကောင်းခြင်းနှင့် သဘောသဘာဝအားဖြင့် ကွဲလွဲကြောင်း နားလည်အပ်သည်။ အပေါ်ယံအားဖြင့် ရုတ်တရက်စဉ်းစားကြည့်ပါက ယင်းဝေါဟာရနှစ်ခုသည် အဓိပ္ပါယ်တူသယောင်ရှိသည်။ သို့သော် မတူ။ အလွန်မကွဲသော်တည့်၊ အနည်းငယ်မျှလောက်ကား ကွဲလွဲမှုရှိသတည်း။ အဘယ်သို့ ကွဲလွဲသနည်း? မည်သူမဆို အတန်အသင့် စဉ်းစားမိသူများ ကောင်းစွာနားလည်နိုင်သော အဖြေတစ်ခုကို ပေးလိုသည်။ ယင်းအဖြေကို စာဖတ်သူစဉ်းစားမိပြီး ဖြစ်ကောင်းဖြစ်ပေမည်။

စိတ်ကောင်းထားခြင်းဟူသည် “ပါပသိံ္မ ရမတိ မနော=စိတ်သည် မကောင်းမူ၌ မွေ့လျော်၏” ဟူသော ဘုရားစကားတော်အတိုင်း မိမိ၏ မကောင်းဘက်တိမ်းညွန့်လုလုဖြစ်နေသောစိတ်၊ တစ်နည်းအားဖြင့် အကောင်းအဆိုး အာရုံအလိုက် လိုချင်မှုလွန်ကဲသော(လောဘ)စိတ်၊ ညှင်းပန်းနှိပ်စက်လိုသော(ဒေါသ)စိတ်နှင့် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဘန်နိုင်စွမ်းမရှိသော(မောဟ)စိတ်တည်းဟူသော မကောင်းစိတ်တစ်မျိုးမျိုး ဖြစ်ပေါ်လာပါက ထိုစိတ်မဖြစ်ပေါ်အောင် သတိ၊ ပညာတို့ဖြင့် ထိမ်းသိမ်းခြင်းကို ဆိုလိုသည်။ ယင်းကို ဗုဒ္ဓစာပေများ၌ “အတ္တသမ္မာပဏိဓိ (အတ္တ-မိမိစိတ်ကို၊ သမ္မာ-ကောင်းစွာ၊ ပဏိဓိ-ထားခြင်း)” ဟုဆိုသည်။ “မိမိစိတ်ကို ကောင်းစွာထားခြင်း”ဟု အကျဉ်းအားဖြင့်နားလည်နိုင်သည်။ နေ့စဉ် မြန်မာတို့ လူ့အသိုင်းအ၀ိုင်းမှာမူ အရပ်သုံးစကားအနေအားဖြင့် “နှလုံးသွင်းကောင်းခြင်း”ဟု ပြောဆိုသုံးနှုံးကြသည်။

စိတ်ကောင်းထားခြင်း သို့မဟုတ် နှလုံးသွင်းကောင်းခြင်းသည် “အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ” ဟူသော မင်္ဂလသုတ်တော်အရ မင်္ဂလာတစ်ပါးဖြစ်သည်။ နေ့စဉ်ဘ၀မှာ တွေ့ရကြုံရသော အကောင်းအဆိုးအမျိုးမျိုးသော အာရုံတို့၏ လာရောက်နှောက်ယှက်မှုကြောင့်၊ သို့မဟုတ် မိမိကိုယ်တိုင်က ထိုအာရုံတို့၏လာရောက်နှောက်ယှက်မှုကို ခံယူမိသောကြောင့် လောဘဖြစ်စရာအာရုံအတွက် လောဘဖြစ်ရသည်။ ဒေါသဖြစ်စရာအာရုံအတွက် ဒေါသဖြစ်ရသည်။ ထို့နည်းတူ မောဟဖြစ်စရာအာရုံအတွက် မောဟဖြစ်ရသည်။ အမှန်အားဖြင့် မောဟဖြစ်စရာအာရုံဟူ၍ကား သီးခြားရှိသည်တော့မဟုတ်။ လောဘ၊ ဒေါသတို့၏အာရုံသည်ပင် သတိပညာဖြင့် ထိမ်းချုပ်နိုင်ခြင်းမရှိသူအတွက် မောဟဖြစ်စရာအာရုံဖြစ်သည်။ အဘယ့်ကြောင့်နည်း? လောဘ၊ ဒေါသဟူသော တရားဆိုး၊ တရားညစ်များသည် မောဟတည်းဟူသော အကုသိုလ်အချုပ်တရားတစ်မျိုးနှင့်ကင်း၍ မဖြစ်ပေါ်နိုင်သောကြောင့်တည်း။

မိမိသန္တာန်မှာ အပြင်ပကရောက်လာသော ဣဋ္ဌ/အနိဋ္ဌ (လိုလားအပ်သော/မလိုလားအပ်သော) အာရုံအလိုက် လိုချင်မှုလွန်ကဲလာခြင်းနှင့် ကိုယ့်ကိုယ်ကို သို့မဟုတ် သူတစ်ပါးကို ညှင်းပန်းလိုခြင်း တစ်မျိုးမျိုးဖြစ်လာသောအခါ ယင်းသို့ဖြစ်ခြင်းကို မကောင်းသောစိတ်ဖြစ်ပေါ်မှုဟု နားလည်သဘောပေါက်ကာ သတိထားပြီး ထပ်မံလွန်ကဲမှုမျိုးဖြစ်မလာအောင် စောင့်ကြည့်ရမည်။ ယင်းသို့စောင့်ကြည့်ခြင်းကို “စိတ်ကောင်းထားခြင်း”ဟုဆိုလိုသည်။ မကောင်းဘက်သို့ တိမ်းညွန့်လုလုဖြစ်နေသောစိတ်ကို သတိပညာတို့ဖြင့် စောင့်ကြပ်ခြင်းတည်းဟူသော အားစိုက်မှုပါသောကြောင့် စိတ်ကောင်းထားခြင်းဟူသော ဝေါဟာရတွင် “ဗျာပါရ”ခေါ် လုံ့လတစ်မျိုးပါဝင်နေကြောင်း နားလည်အပ်သည်။ ထို့ကြောင့် စိတ်ကောင်းထားခြင်းသည် သတိပညာမရှိသူများ၊ ယင်းတရားတို့နည်းပါးသူများအတွက် တစ်နည်းအားဖြင့် ရင့်ကျက်မှုမရှိသေးသူများအတွက် ခက်ခဲသော အလုပ်တစ်မျိုးဖြစ်နိုင်သည်။

အသို့ဆိုသော် အဘယ်သည် စိတ်ထားကောင်းခြင်း ဖြစ်ပါသနည်း? ဥပမာတစ်ခုကို ထုတ်ကြည့်ကြစို့။ “ဒီကလေးဟာ တော်တော်စိတ်ထားကောင်းတဲ့ ကလေးပဲ” ဟု ရံခါဆိုတတ်ကြသည်။ အချို့မွေးဖွါးလာပြီး အရွယ်မရောက်သေးသောကလေးငယ်များသည် မည်သူမှသင်မပေးရပါပဲလျှက် စိတ်နှလုံးသိမ်မွေ့နူးညံ့နေကြသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် သက်ဆိုင်ရာမိဘများ၏ ဗီဇကောင်းမှုကြောင့်ဖြစ်နိုင်သလို ကလေးငယ်အတိတ်ဘ၀၏ အငွေ့အသက်ပါလာမှုကြောင့်လဲဖြစ်နိုင်သည်။ ထို့သိုဖြစ်ခြင်းသည် ချမ်းသာမှု၊ ဆင်းရဲမှုများနှင့်လည်း မသက်ဆိုင်သလို သူ့ကျင်လည်ရာပတ်ဝန်းကျင်နှင့်လည်း သက်ဆိုင်ခြင်းမရှိသေးခြေ။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်၏ စိတ်ထဲတွင် ဆင်းရဲ၊ ချမ်းသာနှင့်ပတ်ဝန်းကျင်တို့၏ အရှိန်သြဇာသည် စိတ်ကို ပြောင်းလဲစေနိုင်လောက်အောင် မကျရောက်သေးသောကြောင့်တည်း။

ကလေးငယ်၏ စိတ်ထားကောင်းခြင်းသည် စိတ်ကို ကောင်းစွာထားရမည် ဟူသောအသိကြောင့်ကားမဟုတ်။ ဓာတ်ခံဟုခေါ်သော အတိတ်ဘ၀က ကောင်းစွာနေထိုင်ခဲ့ဖူးသော အရှိန်အ၀ါတစ်မျိုး လွှမ်းမိုးနေခြင်းသာဖြစ်သည်။ ထို့ကြောင့် စိတ်ထားကောင်းခြင်းသည် အထက်ပါ “ဗျာပါရ”ခေါ် သတိပညာတို့ဖြင့် ချုပ်တည်းမှုမရှိ။ ကလေးငယ်၏ ပဋိသန္ဓေ(ကိုယ်ဝန်တည်)စိတ်နှင့် တွဲပါလာသော အတိတ်ကောင်းမှု၏ ရောင်ပြန်ဟတ်ခြင်းသာဖြစ်သည်။ ယင်းကို “အဗျာပါရ”ဟုခေါ်သည်။ လုံ့လမပြုရပါပဲ အလိုလိုကောင်းနေသောစိတ်ဟု ဆိုလိုသည်။ သို့ဖြစ်ရကား စိတ်ထားကောင်းခြင်းဟူသောဂုဏ်တစ်မျိုးသည် ယခုမျက်မှောက်ဘ၀မှာ ကျင့်ယူ၍ ရစကောင်းသော ဂုဏ်မဟုတ်ကြောင်း ထပ်မံနားလည်နိုင်သည်။

သို့သော် လူသားတိုင်းသည် စိတ်ထားကောင်းခြင်းဂုဏ်ကို မရရှိနိုင်သော်လဲ စိတ်ကောင်းထားခြင်းဂုဏ်နှင့်ကား ပြည့်စုံအောင် ကျင့်သုံးနေထိုင်နိုင်ကြသည်။ မိမိသန္တာန်မှာ လိုချင်မှုလွန်ကဲစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ စိတ်ဆိုးဒေါသထွက်မှုတည်းဟူသော ညှင်းပန်းစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ အထက်ပါ “အတ္တသမ္မာပဏိဓိ”ခေါ် နှလုံးသွင်းကောင်းခြင်းကို ကျင့်သုံးလျှက် ဖယ်ရှားပစ်နိုင်သည်။ (အတ္တသမ္မာပဏိဓိ နှင့်ပတ်သက်ပြီး ပို့စ်တစ်ခုသီးခြားရေးရန်ရှိပါသည်)။ လူသားအားလုံး စိတ်ကောင်း နှလုံးကောင်း မွေးမြူနိုင်ကြပါစေသတည်း။

စေတနာမပါသော ထိခိုက်စေမှုများ


စိတ်ကောင်းထားခြင်းနှင့်ပတ်သက်၍ ကျနော်ရေးခဲ့သောပို့စ်အပေါ် စာဖတ်သူများ၏ တုန့်ပြန်မှုများအနက် “တစ်ဘက်သားအပေါ် ဘယ်နည်းနှင့်မှ အထိအခိုက်မဖြစ်ပါစေနှင့်” ဟူသော ကျနော့်အဆိုကို အကောင်းမြင်ဘက်က ဆွေးနွေးလာသူ ကြယ်ပြာ ၏ “စေတနာမပါသော ထိခိုက်စေမှုသည် စိတ်ကောင်းမထားခြင်းဖြစ်လေသလော” ဟူသော မေးခွန်းအတွက် ကျနော်ဆက်လက်ရေးသားရန် တာဝန်ရှိသည်ဟု ခံစားမိသည်။ ယင်းခံစားချက်အရ ကျနော်တစ်စုံတစ်ခုကို ပြောလိုသည်။ ကျနော်ပြောဆိုလိုသော အကြောင်းအရာသည် မေးခွန်းရှင်လိုလားသော အဖြေမျိုးဖြစ်ကောင်းမှ ဖြစ်မည်။

ကျနော့်ဆိုလိုချက်ဟုဆိုသော်လဲ ကျနော့်ကိုယ်ပိုင်ဆိုလိုချက်ကားမဟုတ်။ ကျနော်ဖတ်ခဲ့ဖူးသော ဘုရားစာပေများမှ ကောက်နှုတ်တင်ပြခြင်းများသာ များပေမည်။ အဘယ့်ကြောင့် ဘုရားစာများကို ကိုးကားဖြေဆိုရသနည်း? ကျနော်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ ဘုရားစာပေများကို လေ့လာဆည်းပူး၊ ဖတ်ရှုမှတ်သားမှုများကို အတော်အသင့်ပြုခဲ့ဖူးသည်။ ယခုလည်း ဖတ်ဆဲ၊ မှတ်သားဆဲပင်ဖြစ်သည်။ ဘုရားစာပေများသည် “စိတ်”ဆိုသော ဝေါဟာရနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသေးစိမ့်ဆွေးနွေးထားသော စာပေတစ်မျိုးဖြစ်သည်ဟု ကျနော်မြင်သည်။ အရှေ့တိုင်းစိတ်ပညာကို လေ့လာလိုက်စားသူများသည် မြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို အကိုးအကားမပြုနိုင်ပါက စိတ်ပညာနှင့်သက်၍ ပြည့်စုံသောလေ့လာမှုတစ်ခုအဖြစ်သို့ ရောက်ရန်ခဲရင်းပါဘိ။

ကျနော်တို့ မြန်မာစာပေမှာ “စိတ်ကောင်းရှိခြင်း” ဟူသောဂုဏ်ကို ဘယ်အရာနှင့် တွဲဘက်မြင်တတ်ပါသနည်း? ယင်းမေးခွန်းအတွက် ကျနော့်အဖြေသည် “စေတနာကောင်း” ပင်ဖြစ်သည်။ မှန်သည်။ စိတ်ဟူသည် စေတနာကောင်းနှင့် တွဲဘက်၍ မဖြစ်ပါက “ကောင်းခြင်း” ဂုဏ်သို့ မရောက်ရှိနိုင်။ စေတနာကောင်းလျှင် စိတ်ကောင်းသည်၊ စေတနာဆိုးလျှင် စိတ်ကောင်းမဟုတ်၊ စိတ်ဆိုးပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ကောင်းရှိဖို့အတွက် စေတနာကောင်းရှိဖို့ လိုအပ်သည်။ အသို့ဆိုသော် အဘယ်တရားသည် စေတနာကောင်းဖြစ်သနည်း? ယင်းအတွက်အဖြေသည် ကြက်ဥနှင့်ကြက်မကဲ့သို့ပင်ဖြစ်ချေ၏။ ကောင်းသောစိတ်နှင့် တွဲဘက်နေသော စေတနာကို စေတနာကောင်းဟု စာပေများက သတ်မှတ်သည်။ အမှန်အားဖြင့် စိတ်ဟူသောတရားသည် စေတနာဟူသောတရားတစ်မျိုးနှင့် ကင်းလွတ်၍ ဖြစ်ပေါ်လေ့မရှိ။ အမြဲမပြတ်တွဲဖက်နေသော တရားများပင်ဖြစ်သည်။ (နောက်နောင်ပို့စ်များတွင် ကျနော် အကျယ်ရေးပါမည်)

အကယ်၍ တစ်စုံတစ်ယောက်သည် အခြားတစ်စုံတစ်ယောက်အပေါ် စေတနာဆိုးနှင့်တုန့်ပြန်ပါက မကောင်းသောစိတ်ထားဖြင့် တုန့်ပြန်သည်ဟု မှတ်ယူနိုင်သည်။ စေတနာကောင်းနှင့်တုန့်ပြန်ပါမူ စိတ်ကောင်းနှင့်တုန့်ပြန်သည် မည်ပေသည်။ ဒီနေရာမှာ စေတနာ၏ သဘောသဘာဝကို အနည်းငယ်တင်ပြ သင့်သည်ဟု ထင်သည်။ အဘယ်သဘောသည် စေတနာဖြစ်ပါသနည်း? ယင်းစကားလုံးကို “စေ့ဆော်ခြင်းသဘောဟု၎င်း၊ စေ့ဆော်ကြောင်းသဘောဟု၎င်း၊ စေ့ဆော်တတ်သောသဘောဟု၎င်း” ဖွင့်ဆိုကြသည်။ ဘာကိုစေ့ဆော်သနည်း? ယင်းစေတနာနှင့် အတူဖြစ်ဖေါ်ဖြစ်ဘက် ကောင်းကောင်းဆိုးဆိုးတရားမှန်သမျှကို စေ့ဆော်သည်။ စေ့ဆော်သည်ဟူသည် တိုက်တွန်းခြင်းကို ဆိုလိုသည်။

မည်သည့်တရားမဆို စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် ယင်းတို့၏ မူလသဘာဝများ ဘွင်းဘွင်းကြီးပေါ်လာကြရသည်။ ဥပမာ---လောဘ၏ သဘောသည် လိုချင်မှုဖြစ်သော်လဲ လောဘသက်သက်၏ လိုချင်မှုသည် အားမကောင်းလှ။ သူနှင့်တွဲဘက်နေသော စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် လောဘသည် အမြင်ကပ်စရာကောင်းလောက်အောင် ယင်း၏သတ္တိကို ပြတော့သည်။ အခြားတရားများ၏ သတ္တိဖြစ်ပေါ်ပုံလည်း ထိုနည်းတူပင်တည်း။ အမှန်အားဖြင့် စေတနာသည် ယင်းနှင့်အတူဖြစ်ဘက် တရားအားလုံး၏ အကြီးအချုပ်ပင်ဖြစ်ပေတော့သည်။ (ဗုဒ္ဓစာပေလာ စိတ်ပညာအကြောင်းကို အလျှင်းသင့်သလို နောက်နောင်ပို့စ်များတွင် ရေးသားတင်ပြသွားမည်)

စေတနာအကြောင်းကို အနည်းငယ်မျှ နားလည်ပြီးနောက် စေတနာမပါပဲဖြစ်သွားရသော ထိခိုက်မှုအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကို စိတ်ထားမကောင်းသူများဟု သတ်မှတ်နိုင်ပါသလော? ကျနော့်အဖြေသည် မသတ်မှတ်နိုင်ပါ။ ယင်းသို့မသတ်မှတ်နိုင်ကြောင်းကို ဘုရားစာပေများ၌ ခိုင်မာသော သာဓကအကိုးအကားများစွာရှိသည့်အနက် အနည်းငယ်မျှ ထုတ်နှုတ်တင်ပြပါမည်။

ရှင်တော်ဗုဒ္ဓလက်ထက်တော်အခါက စက္ခုပါလခေါ် မျက်စိကွယ်နေရှာသော ရဟန္တာအရှင်မြတ်ကြီးတစ်ပါးရှိခဲ့ဖူးသည်။ မိုးရွာပြီးကာစဖြစ်သော နေ့တစ်နေ့တည်း။ ထိုနေ့တွင် မိုးရွာပြီးကာစဖြစ်သောကြောင့် ပလူကောင်များ ကျောင်းဝင်းအတွင်း နေရာအနှံ့ သွားလာနေကြသည်။ ရဟန်းတော်များ လမ်းလျှောက်သော စင်္ကြံပေါ်တွင်လည်း ခြေချစရာမရှိလောက်အောင် အုပ်အုပ်ကျင်းကျင်း လှည့်လည်နေကြသည်။ ရဟန္တာမထေရ်ကြီးသည် မိုးသားတိမ်လိပ်များ ကင်းစင်သဖြင့် ကျောင်းအပြင်ဘက်ရှိ စင်္ကြံပေါ်တွင် ခေါက်တုံ့ ခေါက်ပြန် လမ်းထွက်လျှောက်တော်မူသည်။ စင်္ကြံလမ်းအပေါ် ပလူကောင်များ သွားလာနေသည်ကို မြင်တော်မမူချေ။ ထို့ကြောင့် များစွာသော ပိုးကောင်များ၊ ပလူကောင်များ အရှင်မြတ်၏ခြေဖ၀ါးအောက်တွင် အသက်ဆုံးရှုံးခဲ့ကြရသည်။

ယင်းအဖြစ်အပျက်ကို အခြားရဟန်းတော်များမြင်ကြသောအခါ ရဟန္တာမထေရ်ကြီးကို တိရိစ္ဆာန်များကို သတ်ဖြတ်နေသည်ဟုကဲ့ရဲ့ကြပြီး ဘုရားမြတ်ထံပါး လျှောက်ထားကြသည်။ မြတ်ဘုရားရှင်လည်း ရဟန်းတော်များ၏ လျှောက်ထားချက်အရ မထေရ်ကြီးကိုခေါ်ကာ “တမင်တကာနင်းသလော၊ သို့မဟုတ် မမြင်သဖြင့် နင်းမိခြင်းလော” ဟုမေးတော်မူရာ “မမြင်သဖြင့်နင်းမိခြင်းဖြစ်ကြောင်း၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲလိုသောစေတနာ အနည်းငယ်မျှပင်မရှိကြောင်း”မထေရ်မြတ်က ဖြေကြားတော်မူသည်။ မြတ်စွာဘုရားရှင်ကလဲ “ယင်းသို့စေတနာမပါပဲ အမှတ်တမဲ့ပြုမိသောအပြုအမူများအတွက် အပြစ်မရှိကြောင်း” မိန့်ကြားကာ ရဟန်းတော်များကို ဆက်လက်တရား ဟောကြားတော်မူသည်။ (စက္ခုပါလထေရ၀တ္ထု၊ ယမက၀ဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ၊)

ထို့ပြင် ရဟန်းတော်များ လိုက်နာကျင့်သုံးရသော (၂၂၇-သွယ်သော) သိက္ခာပုဒ်ခေါ် ဥပဒေစည်းကမ်းများစွာအနက် သူတစ်ပါးအသက်သတ်ခြင်းနှင့်ပတ်သက်ပြီး (၁) လူ့အသက်သတ်ခြင်း (၂) တိရစ္ဆာန်အသက်သတ်ခြင်း များအပေါ် ကွဲပြားစွာချမှတ်ထားသော စည်းကမ်းများရှိသည်။ လူ့အသက်ကို သတ်မိပါက ယခုပစ္စုပ္ပန်မျက်မှောက်ဘ၀တွင် အဘယ်နည်းနှင့်မှ ရဟန်းဖြစ်ခွင့်မရနိုင်တော့လောက်အောင် အပြစ်ကြီးမားပြီး တိရစ္ဆာန်အသက်သတ်မိပါက အာပတ်ဖြေခြင်းဖြင့် ကုသပျောက်ကင်းနိုင်ကြောင်း ဟောကြားထားသည်များ မှတ်သားခဲ့ရဖူးသည်။ သို့သော် ယင်းသတ်ဖြတ်မှုသည် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ သေစေလိုသောစေတနာမပါရှိလျှင် သက်ဆိုင်ရာအပြစ် မဖြစ်ကြောင်းသိရသည်။

သတ်သည်ဆိုရာ၌ သေစေလိုသောစေတနာနှင့်သတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ယင်းစေတနာမျိုးမပါပဲ အမှတ်တမဲ့ ထိမိခိုက်မိပြီး သေဆုံးရခြင်းမျိုးဖြစ်ပါက တစ်ဘက်သားမှာ နစ်နာမှုဖြစ်ရသော်လည်း စေတနာဆိုးမပါသောကြောင့် ပြုလုပ်သူကို စိတ်ထားမကောင်းသောသူဟု မသတ်မှတ်နိုင်ကြောင်း အထက်ပါ ဗုဒ္ဓစာပေလာ သာဓကများက သက်သေခံလျှက်ရှိသည်။ အထက်ပါ ကျနော်တင်ပြခဲ့သော အကြောင်းအရာများသည် ကျနော်မှတ်သားဖူးသော ဘုရားစာပေလာဝတ္ထုနှင့် စည်းကမ်းဥပဒေများကို အကိုးအကားပြုခြင်းမျှသာတည်း။ ယင်းအဖြစ်အပျက်မျိုးများကို မျက်မှောက်မှာလည်း နေရာအနှံ့တွေ့မြင်၊ ကြားသိနိုင်သည်။ လွန်ခဲ့သော သတင်းသုံးပတ်လောက်က AFP သတင်းတစ်ပုဒ်တွင် ဖခင်ဖြစ်သူ၏ နမော်နမဲ့နိုင်မှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဖတ်လိုက်ရသည်။ ယင်းအတွက် ဖခင်ဖြစ်သူသည် ဥပဒေကြောင်းအရ မည်သည့်အပြင်ဒဏ်ကိုမှ မခံရ။ သို့သော် သူ့ရင်ထဲတွင် သေဆုံးသူသားကလေးအတွက်ဖြစ်ရသော ပူဆွေးမှု၊ ယူကြုံးမရဖြစ်မှု၊ သူ့ကိုယ်သူခွင့်မလွှတ်နိုင်မှုစသော အတ္တာနုဝါဒ-ခေါ် ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းကား အသက်ဆုံးသည့်တိုင် ပြေပျောက်တော့အံ့မထင်။ ထိုဖခင်မျိုးကို (သူ့သားအပေါ်) စိတ်ကောင်းမထားသောသူ ဟု ခေါ်နိုင်အံ့လော။ ထို့ကြောင့် အမှတ်တမဲ့သည် စေတနာ၏ သားကောင်မဟုတ်ကြောင်း နားလည်အပ်သတည်း။

Sunday, May 10, 2009

စိတ်ကောင်းထားခြင်း


ကျနော်အခုတလော စာမရေးဖြစ်။ ဘာရေးရမှန်းမသိ။ သို့သော် ကျနော် စာဖတ်ဖြစ်သည်။ သတင်းစာနှင့် မြန်မာလိုရေးထားသော ၀တ္ထုအနည်းငယ်ဖတ်ဖြစ်သည်။ ကျနော့်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအနည်းငယ်လုပ်ဖြစ်သည်။ ရွတ်နေကျဘုရားစာအနည်းအကျဉ်း ရွတ်ဖြစ်သည်။ သို့သော် ကျနော့်ခေါင်းထဲမှာ စဉ်းစားနေသော အကြောင်းအရာတစ်ခုကားရှိသည်။ ကျနော်လုပ်နေသော အလုပ်၊ ဖတ်နေသော စာ၊ ရွတ်နေသော ဘုရားစာတွေနှင့်တော့ ပတ်သက်မှုမရှိ။ ကျနော်စဉ်းစားနေသော အကြောင်းအရာမှာ “စိတ်ကောင်းထားခြင်း” ဟူသော အကြောင်းအရာဖြစ်သည်။

တကယ်တော့ ဒီအကြောင်းအရာကို အခုမှ ကျနော်စဉ်းစားနေမိသည်တော့ မဟုတ်ပါ။ ကြာခဲ့ပါပြီ။ နှစ်ပေါင်းအတော်ကြာကြာကတည်းက ကျနော်စဉ်းစားလာမိသော အကြောင်းတစ်ခုဖြစ်သည်။ ယင်းအကြောင်းနှင့်ပတ်သက်ပြီး စာမျိုးစုံလဲ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်။ လက်တွေ့ဘ၀မှာ ကျနော့်ကိုယ် ကျနော်ရော၊ ကျနော့်ပတ်ဝန်းကျင်ကိုပါ ကျနော်ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသောစာတိုပေစတွေနှင့် တိုင်းတာသတ်မှတ်ခြင်းမျိုးတွေကိုလဲ ပြုခဲ့ဖူးသည်။ သို့သော် တိကျသော အဖြေကို ကျနော်မရခဲ့၊ စိတ်ကောင်းထားခြင်းဟူသည် အဘယ်နည်း? ကျနော် ဒီမေးခွန်းကို မေးနေဆဲ။

ဘုရားတရားအလုပ်ကို နင်းကန်လုပ်နေသော၊ တစ်နေကုန်ဘုရားစာချည်းရွတ်နေသော၊ တစ်နေကုန် ပုတီးစိမ့်နေသော၊ ဒါမှမဟုတ် ရိပ်သာဝင်ပြီး တစ်နေကုန်တရားထိုင်နေကြသော လူများသည် စိတ်ကောင်းရှိသူများပေလော? ဒီမေးခွန်းကိုလဲ ကျနော်အဖြေမပေးရဲ။ ကျနော့်မှာ ဖြေစရာအတိအကျမရှိသေး။ သို့သော် စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ခံစားချက်ကို တင်ပြချင်သည်။ မေးခွန်းအဖြေမှန်ကို ကျနော်တင်ပြနေသည်တော့မဟုတ်ပါ။ ကျနော့်ခံစားချက် သို့မဟုတ် ခံယူချက်ကို တင်ပြနေခြင်းမျှသာ ဖြစ်သည်။

ဘုရားစာပေများရှိ ဟောကြားချက်များဖြစ်သော ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဆိုသည်များကိုလဲ ကျနော့်အနေနဲ့ ကောင်းသောစိတ်၊ မကောင်းသောစိတ်ဟူ၍သာ မှတ်ချက်ပြုနိုင်သည်။ သို့သော် စိတ်ကောင်းဟူ၍၎င်း၊ စိတ်မကောင်းဟူ၍၎င်း မှတ်ချက်မပြုရဲ။ စိတ်ကောင်းရှိသူဟု သက်ဆိုင်ရာသူ့ပတ်ဝန်းကျင်၏ သတ်မှတ်ခြင်းကို ခံရသော သူများကိုလဲ ကျနော်တွေ့ဖူးသည်။ ဘာ့ကြောင့် သူတို့ကို စိတ်ကောင်းရှိသူများဟု သတ်မှတ်ကြသနည်း ကျနော် တတ်နိုင်သလောက် စူးစမ်းကြည့်မိသည်။

သို့သော် ထိုသူတို့ကို သေသေချာချာလေ့လာမိသောအခါ ကျနော့်စိတ်ကို ဘ၀င်မကျစေပါ။ ကျနော့်ခေါင်းထဲမှာ စိတ်ကောင်းထားခြင်းနှင့် ပတ်သက်ပြီး “စံ” ရှိနေပြီလော? သို့မဟုတ် ကျနော့်ပုဂ္ဂလိကဆန္ဒနှင့် မကိုက်ညီသောကြောင့် ထိုသူတို့၏ စိတ်ကောင်းရှိခြင်းဟူသောအဖြစ်ကို လက်မခံနိုင်ခြင်းဖြစ်လေသလော? အကယ်၍ ကျနော်၏ ဘ၀င်မကျမှုသည် ကျနော့်ခေါင်းထဲ မသိမသာဝင်နေသော“စံ”နှင့် မကိုက်ညီသောကြောင့်ဟု အဖြေပေးမိပါက ကျနော်သည် ကျနော့်ပတ်ဝန်းကျင်၏ လွမ်းမိုးမှုကို အနည်းအများ ခံနေရရှာသူတစ်ယောက်ဖြစ်ပေမည်။ ကျနော့်ဆန္ဒနှင့်မကိုက်ညီသောကြောင့် ဘ၀င်မကျပါဟု ကျနော်ဖြေဆိုခဲ့သော် ကျနော်၏စိတ်ကောင်းထားခြင်းနှင့် ပတ်သက်သောအမြင်သည် ကျနော့်၏ အတ္တဆန်မှုပင် ဖြစ်ချေတော့မည်။

အသို့ဆိုသော် ကျနော်သည် စိတ်ကောင်းထားခြင်းကို အဘယ်သို့ ဖြေဆိုသတ်မှတ်နိုင်တော့မည်နည်း? ကျနော့်အဖြေသည် ကျနော့်ခေါင်းထဲဝင်နေသော “စံ”နှင့်၎င်း၊ ကျနော့်ပုဂ္ဂလိကဆန္ဒနှင့်၎င်း လွတ်ကင်းသောအဖြေမျိုးမဖြစ်နိုင်ပါ။ ထို့ကြောင့် ကျနော့်အဖြေတွင် ဘက်လိုက်မှုပါဝင်နိုင်သည်။ သို့သော် ကျနော်ဖြေဆိုချင်သည်။ တင်ပြချင်သည်။ အမှန်နှင့်အမှားကို တကယ်စိတ်ကောင်းရှိသည်ဟု ကိုယ့်ကိုယ်ကို (ကိုယ်တိုင်) မသိသူများက သတ်မှတ်ကြလိမ့်မည်။ (ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူဟု (ကိုယ်တိုင်) ခံယူထားသောသူများသည် စိတ်ကောင်းမရှိသူက များကြောင်း ကျနော် လေ့လာမိသည်။)

စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ဘ၀အတွေ့အကြုံနှင့် ကျနော့်ပတ်ဝန်းကျင်ကပေးလိုက်သော အဖြေသည် “တစ်ဘက်သားကို မည်သည့်နည်းနှင့်မှ အထိအခိုက် မဖြစ်ပါစေနဲ့” ဟူသတည်း။

Wednesday, May 6, 2009

ယနေ့ စိတ်ဝင်စားဘွယ် သတင်းများ

မင်္ဂလာပါ ခင်ဗျား။ ယနေ့ ခရစ်နှစ် ၂၀၀၉-ခု၊ မေလ (၆)-ရက်၊ ဗြိတိရှစံတော်ချိန် နံနက် (၉)-နာရီ၊ ဗုဒ္ဓဟူးနေ့။ ကမ္ဘာ့သတင်းနဲ့ အတင်းအဖျင်းများကို တတ်နိုင်သလောက် ရှာဖွေတင်ဆက်ဖို့ အချိန်ကျရောက်လို့ လာပါပြီ။ သတင်းနဲ့ အတင်းအကျဉ်းချုပ်ကို ရှေးဦးစွာ အစီအရင်ခံပါ့မယ်။
(၁) Australia နိုင်ငံ၊ Queensland မြို့ ခရီးသွားလာရေးမှ ကြီးမှူးကျဉ်းပသော “ကမ္ဘာ့အကောင်းဆုံး အလုပ်” ပြိုင်ပွဲတွင် ဗြိတိန်နိုင်သားတစ်ယောက်က အောင်ပန်းဆွတ်ခူးသွားခြင်း။
(၂) မန်ချက်စတာယူနိုင်တက်အသင်းမန်နေဂျာ Sir Alex Ferguson ရဲ့ချွေးမနဲ့မြေးကလေးတို့နှစ်ယောက်သည် ယာဉ်တိုက်မှုဖြစ်ပွါးရာမှ အကြီးအကျယ်ဒဏ်ရာရပြီး ဆေးရုံတင်ထားရခြင်း။
(၃) အင်္ဂလန်နိုင်ငံ၊ စန္ဒားလန်းမြို့သူ အမျိုးသမီးကြီးတစ်ယောက်သည် သူ့အမျိုးသားနှင့် လိင်ဆက်ဆံတဲ့အခါ ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်လောက်အောင် ၀ုန်းဝုန်းဒိုင်းဒိုင်းအသံထွက်စေတဲ့အတွက် တရားစွဲဆိုခံထားရခြင်း။

သတင်းအစုံအလင်မှာ---

(၁) ပြီးခဲ့တဲ့ ဇန္န၀ါရီလမှ စတင်ကာ သြစ်ထရေးလိယနိုင်ငံ၊ ကွီးစ်လန်းမြို့ခရီးသွားလာရေးမှ နိုင်ငံပိုင် Hamilton အမည်ရှိသန္တာကျွန်းတစ်ကျွန်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့နဲ့ ခရီးသွားလာရေးအရှိန်မြှင့်တင်ဖို့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာအရပ်ရပ်မှ စိတ်ဝင်စားသူများကို ဖိတ်ခေါ်ကာ ပြိုင်ပွဲတစ်ခုကို ကျင်းပပေးခဲ့ပါသည်။ ခြောက်လကြာ ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ ကျွန်းဆိုင်ရာသတင်းအချက်အလက်များကို အင်တက်နက်ပေါ်လွှင့်ထုတ်ပေးရေး အပါအ၀င် ကျွန်းအပေါ်လုပ်ရမည့် အသေးစားလုပ်ငန်းကလေးများအတွက် လစာသြစ်ထရေးလိယဒေါ်လာ တစ်သိန်းခွဲတန် ယင်းလုပ်ငန်းအတွက် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၂၀၀) ကျော်မှ စိတ်ဝင်စားသူ ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း (၃၄၀၀၀) နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောတတ်ရမည်ဖြစ်ပြီး၊ အင်္ဂလိပ်လိုသတင်းရေးနိုင်ခြင်း၊ ဘလော့ဂ်ဖန်တီးနိုင်ခြင်း၊ သတင်းထောက်များမေးမြန်းသည်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ဖြေကြားပေးနိုင်ခြင်း၊ ဗီဒိယိုကင်မရာရှေ့တွင် မကြောက်မရွံ့သတင်းလွှင်ထုတ်ပေးနိုင်ခြင်းအပါအ၀င် ရေကူးကျွမ်းကျင်မှု၊ သဘာဝကို ချစ်မြတ်နိုးမှု၊ ဓာတ်ပုံဝါသနာပါမှု၊ ကိုယ့်ကိုယ်ကိုအားကိုးမှု၊ စွန့်စားချင်စိတ်ရှိမှု၊ ပင်လယ်ဒေသများနှင့် ရင်းနှီးကျွမ်းဝင်မှု စတဲ့အရည်အချင်းတွေ ရှိရမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်မြောက်များစွဲထဲမှ အထက်ပါအရည်အချင်းများနှင့်ပြည့်စုံသူ အသက် (၃၄)နှစ်အရွယ်ရှိ ဗြိတိန်နိုင်သား Ben Southall ဆိုသူကို ယင်းလုပ်ငန်းအတွက် အသင့်တော်ဆုံးအဖြစ်ရွေးချယ်သတ်မှတ်ပြီး ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါပြီ။ မစ္စတာဘင်းဆောက်ဟောသည် လာမည့် July (1)-ရက်နေ့မှာ စတင်ကာ ခြောက်လတိုင်တိုင် အလုပ်ဆင်းရမည်ဖြစ်ပြီး ယင်းအတွက် လစာမှာ စတာလင်ပေါင် (၇၀၀၀၀) နှင့်ညီမျှသော သြစ်ထရေးလိယဒေါ်လာ တစ်သိန်းခွဲရရှိမည်ဟု သတင်းရရှိပါသည်။ (၀င်မပြိုင်လိုက်မိတာ နာသကွာ)။


(၂) မန်ချက်စတာယူနိုင်တက် အသင်းမန်နေဂျာ ဆာဖာဂူဆန်၏ အသက် (၃၀) အရွယ်ရှိ ချွေးမ Nadine Ferguson နှင့် (၁၀)နှစ်အရွယ် သားကြီး Charlie Ferguson၊ (၆)နှစ်အရွယ် သမီးငယ်လေး Grace Ferguson တို့ကို ကားတိုက်မှုဖြစ်ပွါးရာမှ အနာတရပြင်းထန်သဖြင့် မန်ချက်စတာမြို့ဆေးရုံသို့ အရေးပေါ် လေယာဉ်ဖြင့်တင်ခေါ်သွားခဲ့ရသည်။ ချွေးမ နာဒင်းမှာ ဆာဖာဂူဆန်၏ သားဖြစ်သူ Darren နှင့် အိမ်ထောင်ရေးပဋိပက္ခများကြောင့် ကွဲကွာနေရပြီး သားကြီးနှင့်သမီးငယ်တို့ကို စောင့်ရှောက်လျှက်ရှိသည်။ ယာဉ်တိုက်မှုဖြစ်ပွါးရာမှ မည်သည့်ဒဏ်ရာဒဏ်ချက်ကြောင့် ဆေးရုံတင်ရသည်ကို သက်ဆိုင်ရာပုလိပ်က ထုတ်ဖေါ်ပြောဆိုခြင်းမရှိဟု သတင်းများကဆိုပါသည်။ မိခင်နှင့် သားကြီးတို့မှာဒဏ်ရာပြင်းထန်သော်လဲ သမီးငယ် ဂရေ့စ်မှာမူ စိုးရိမ်ဖွယ်မရှိဟု သိရသည်။

ဘောလုံးရာသီအစမှာ ဖလားငါးလုံးကို မျှော်မှန်းခဲ့သော ယူနိုင်တက်အသင်းမန်နေဂျာသည် အယ်ဗာတန်ကို ရှုံးနိပ်ပြီး ဖလားတစ်လုံးလက်လွှတ်လိုက်ရတဲ့အတွက် လက်ကျန်ဖလားများကို ရယူပိုင်ဆိုင်ဖို့ ကျိုးစားနေရသောကြောင့် ယခုဖြစ်ခဲ့သော ချွေးမနှင့် မြေးကလေးများကိစ္စအပေါ် စိုးရိမ်သောက များစွာမဖြစ်ဟု သိရသည်။ ချိန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းမှာ (၁-၀)၊ အဝေးကွင်းမှာ (၃-၁)၊ စုစုပေါင်း (၄-၁) ဖြင့် ပြိုင်ဘက်အာဆင်နယ်လ်အသင်းကို အနိုင်ရလိုက်တဲ့အတွက် နောက်ထပ် ဖလားတစ်လုံးရဖို့ လက်တစ်ကမ်းရောက်နေသော မန်နေဂျာအတွက် ဘောလုံးမှတစ်ပါး အခြားမဲစရာ ဘာမှမရှိဟု သတင်းများက ဝေဘန်လျှက်ရှိပါသည်။ (မန်ယူအသင်း လက်ကျန်ဖလား အားလုံးရပါစေဗျာ။ ကျနော်က မန်ယူပရိတ်သတ်လေ)။


(၃) အသက် (၄၈)နှစ်အရွယ်ရှိ Caroline Cartwright ခေါ်အမျိုးသမီးကြီးတစ်ဦးကို ၀ုန်းဝုန်းဒိုင်းဒိုင်းအသံမည်အောင် လိင်ဆက်ဆံမှုကြောင့် စန္ဒားလန်းတရားရုံးက အပြစ်ပေးလိုက်သည်။ ယင်းအပြစ်မှာ “ပြီးခဲ့တဲ့ ဧပြီး (၁၇) မှစတင်ကာ နောက်လေးနှစ်တိုင်တိုင် အင်္ဂလန်နိုင်ငံအတွင်း မည်သည့်နေရာမှာမှ ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်လောက်တဲ့ အသံမျိုးဖြစ်စေလျှက် လိင်ဆက်ဆံမှုမပြုရ” ဟူသတည်း။

သို့သော်လဲ ဒေါ်ကြီးကာရိုလိုင်းမှာ ယင်းတားမြစ်ချက်အထုတ်ခံရပြီး နောက်တစ်ရက်ဖြစ်သော ဧပြီ (၁၈)နဲ့ (၂၂၊ ၂၆) ရက်တွေမှာလဲ ယောက်ျားဖြစ်သူ Steve ၏ အကူအညီဖြင့် ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ယခင်အတိုင်း လိင်ပိုင်းဆိုင်ရာ ဆူပူသောင်းကြမ်းမှုများကို ပြုနေဆဲဖြစ်သဖြင့် သက်ဆိုင်ရာရဲများက ၀င်ရောက်ဖမ်းဆီးရသည်အထိ ဖြစ်ခဲ့ပြီး ၄င်း၏အမှုကို တရားရုံးက ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။ (ဆိုးလိုက်တဲ့ မိန်းမကြီးဗျာ၊ သူ့လို ဆိုးကြနဲ့နော်၊ ဟီး။)

Monday, May 4, 2009

သူတောင်းစားသင်တန်းကျောင်း


အင်္ဂလိပ်စကားပြောကမ္ဘာမှာ ရှေးအကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ Oxford တက္ကသိုလ်ကြီးကို (၁၂)ရာစုလောက်မှာ (စတင်တည်ထောင်တဲ့ခုနှစ်ကို မည်သူမှ ဂဂနနမသိသေးဘူးလို့ သိရပါတယ်။) စတင်တည်ထောင်ခဲ့ပြီး၊ အောက်စ်ဖို့ဒ်ဒေသခံတွေနဲ့ အဆင်မသင့်ဖြစ်မှုကြောင့် Cambridge တက္ကသိုလ်ကြီးကို (၁၂၀၉)နှစ်ခုမှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက်ပညာရှင်တွေက တည်ထောင်ခဲ့ပြန်ပါတယ်။ ယနေ့ ပညာရေးလောကမှာ ဒီတက္ကသိုလ်ကြီးတွေဟာ အမြဲတန်း ကမ္ဘာ့အဆင့် (၁) မှ (၄) အတွင်းရှိနေပါတယ်။

ကမ္ဘာ့တက္ကသိုလ်များသမိုင်းမှာ ရှေးအကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ အင်ဒိယနိုင်ငံရှိ နာလန္ဒဗုဒ္ဓတက္ကသိုလ်ကြီးကိုတော့ ခရစ်နှစ် (၄)ရာစုလောက်မှာ၊ အတိအကျပြောရရင် ခရစ်နှစ်(၄၂၇)မှာ စတင်တည်ထောင်ပြီး တက္ကသိုလ်ကြီးဟာ (၁၁၉၇)ခုနှစ်အထိ နှစ်ပေါင်း (၇၇၀)လောက် ရှင်သန်ခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ နာလန္ဒတက္ကသိုလ်ကြီးဟာ နာဂဇုန၊ ၀သုဗန္ဓုစတဲ့ ဗုဒ္ဓဘာသာစာပေ ပညာရှင်ရဟန်းတော် အမြောက်အများကို မွေးဖွါးပေးခဲ့ရာဌာနကြီးတစ်ခုလဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ပျက်စီးသွားပြီဖြစ်တဲ့ နာလန္ဒတက္ကသိုလ်အဟောင်းကြီးနဲ့ မလှမ်းမကမ်းမှာ တက္ကသိုလ်အသစ်ကလေးတစ်ခု တည်ဆောက်ပြီး ဗုဒ္ဓစာပေများကို ဆက်လက်ဖြန့်ချီလျှက်ရှိနေပါတယ်။

ပညာရေးလောကမှာ တစ်စုံတစ်ခုသော အတတ်ပညာကို သင်ယူ၊ ပို့ချဖို့အတွက် တက္ကသိုလ်ကြီးများကို ခေတ်အဆက်ဆက်ထူထောင်ခဲ့ကြရပါတယ်။ ယနေ့ခေတ်မှာလဲ သက်ဆိုင်ရာပညာရပ်တွေအတွက် တက္ကသိုလ်ကြီးတွေ အလျှိုအလျှိုပေါ်လာနေကြတာ တွေ့မြင်ကြရမှာပါ။ ရှေးဟောင်းတက္ကသိုလ်ကြီးတွေရဲ့ သမိုင်းကြောင်းအစကို လိုက်ကြည့်ရင် စစချင်း တက္ကသိုလ်အဆင့်အနေနဲ့ ထူထောင်တာမျိုးမဟုတ်ပဲ သာမန်ပညာသင်ကျောင်းကလေးများသာဖြစ်ခဲ့ကြတာ တွေ့နိုင်ပါတယ်။ နောက်ပိုင်းမှ ငွေကျေးအင်အားနဲ့ ဆရာအင်အားစသည်စုဆောင်းပြီး တဖြေးဖြေးချင်း မြှင့်တင်လာရာကနေ နောက်ဆုံး ပညာရပ်ပေါင်းစုံသင်ကြားရာ တက္ကသိုလ်ကြီးတွေအဆင့်ထိ ဖြစ်လာခဲ့ကြပါတယ်။

ကျနော်ကျောင်းတက်ခဲ့ဖူးတဲ့ အင်ဒိယနိုင်ငံမှာဆို တက္ကသိုလ်တွေအများကြီးပါပဲ။ တစ်ရာကျော်အထက်မှာရှိပါတယ်။ အဲဒီထဲမှာ ဗဟိုအစိုးရက တိုက်ရိုက်ထိမ်းချုပ်ကွတ်ကဲတဲ့တက္ကသိုလ်ကြီးတွေက ဆယ်ခုလောက်ရှိပါတယ်။ ကျန်တာတွေကတော့ ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိကထောက်ပံ့ခံတက္ကသိုလ်တွေများပါတယ်။ ကျနော်တက်ခဲ့တဲ့တက္ကသိုလ်ကတော့ ဗဟိုကတိုက်ရိုက်ကိုင်တဲ့ University of Hyderabad ဖြစ်ပါတယ်။ ပညာရပ်ပေါင်းစုံကို သင်ကြားပို့ချပေးပြီး အင်ဒိယနိုင်ငံရဲ့ ထိတ်တန်းတက္ကသိုလ်ကြီး ငါးခုထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ကြီးများအပြင် အင်ဒိယနိုင်ငံအတွင်း ကောလိပ်တွေ၊ အင်စတီကျုခေါ်သင်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေကတော့ သောင်းသိန်းချီရှိပါတယ်။ လူဦးရေများတဲ့အတွက် ကျောင်းတွေလဲ များပြားလာရတယ်လို့ ယူဆနိုင်ပါတယ်။ စာတကယ်မသင်ပဲနဲ့ အစိုးရဆီက ပိုက်ဆံထုတ်စားနေကြတဲ့ အမည်ခံကျောင်းတွေလဲ ရှိပါသေးတယ်။ အဲသလောက်များပြားလှတဲ့ စာသင်ကျောင်းတွေ ရှိနေပါလျှက်နဲ့ ပညာရေးလိုအပ်ချက်မှာ ဟာကွက်တွေရှိနေဆဲပါတဲ့။ ဒါကြောင့် အဲဒီဟာကွက်ကို ဖြည့်ဖို့အတွက် နောက်ထပ်ကျောင်းတစ်ကျောင်းကိုလဲ ထူထောင်ထားကြပါသေးတယ်။ အဲဒီကျောင်းကတော့---

“I am an orphan= ကျနော်/ကျမက မိဘမဲ့ကလေးတစ်ယောက်ပါခင်ဗျား/ရှင်။
I have not eaten for days=ထမင်းမစားရတာလဲ ရက်အတော်ကြာပါပြီ။
I am ill, have no money for medicine, please help me in the name of God=ကျနော်/ကျမနေမကောင်းဖြစ်နေပါတယ်၊ ဆေးဖိုးဝါးခလဲ မရှိပါဘူး၊ ဘုရားသခင်မျက်နှာတော်ထောက်ထားပြီး မစခဲ့ကြပါခင်ဗျား/ရှင်။”
အထက်ပါ ၀ါကျမျိုးတွေလို တောင်းတဲ့ရမ်းတဲ့အခါ လျှောလျှောရှူရှူဖြစ်အောင် သူတို့ဘာသာစကားမဟုတ်တဲ့ ဘာသာစကားတွေကို သင်ကြားပေးဖို့ ထူတောင်တာလို့ သိရပါတယ်။

အင်ဒိနိုင်ငံ၊ မြို့တော်နယူးဒေလီမှာ ခရစ်နှစ် (၂၀၁၀)ခု၊ အောက်တိုဘာလမှာ ကျင်းပမည့် ဓနသဟာယပွဲတော်ရာသီအတွင်း နိုင်ငံခြားသားဧည့်သည်ပေါင်း တစ်သိန်းကျော်ကျော်လာမည်လို့ ခန့်မှန်းထားပါတယ်။ နယူးဒေလီရှိသူတောင်းစားတွေဟာ နိုင်ငံခြားသားတွေဆီမှာ တောင်းရမ်းတဲ့အခါ အဆင်ပြေအောင် အင်္ဂလိပ်ဘာသာစကားအပါအ၀င် ပြင်သစ်၊ စပိန်စတဲ့ ဘာသာစကားတွေကိုလဲ သင်ယူကြရမှာဖြစ်ပါတယ်။ အဲဒီကျောင်းကလေးဟာ ဘာသာစကားကို သင်ပေးတဲ့အခါ သက်ဆိုင်ရာနိုင်ငံသုံးအကြွေစေ့တွေကိုလဲ စံနမူအဖြစ်မြင်ဖူးတယ်ရှိအောင် ကြိုတင်ပြပေးထားတယ် လို့သိရပါတယ်။

အချို့ကျောင်းသူလေးများဆိုရင် အင်္ဂလိပ်လိုရော ပြင်သစ်၊ စပိန်လိုတွေပါ တောင်းနည်းရမ်းနည်းတွေကို သွက်သွက်လက်လက်ပြောနိုင်ဆိုနိုင်နေကြပြီဖြစ်ကြောင်း အင်ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာကြီးကဆိုပါတယ်။ နိုင်ငံအတွင်း သူတောင်းစားတစ်ယောက်ရဲ့ နေ့စဉ်ပျန်းမျှတောင်းရငွေဟာ Rupee (၁၅၀)မှ (၂၀၀)ပဲရှိပါသတဲ့။ (၄-၅ ဒေါ်လာခန့်ရှိပါတယ်၊ ဆယ်ရူပီးဖိုးလောက်ဆိုရင် မနက်စာကောင်းကောင်းစားလောက်ပါတယ်။ ကျနော်နေစဉ်တုန်းက မနက်စာဖိုး (၇-၈) ရူပီးဖိုးလောက်ပဲ ကုန်တယ်။) သူတောင်းစားတစ်ယောက်အတွက် ဒီလောက်ငွေပမာဏဟာ စားလောက်သောက်လောက်တဲ့အနေအထားမှာရှိပါတယ်။

ဒါပေမဲ့ လာမည့် ဓနသဟာယပွဲတော်ကာလအတွင်း ဘာသာစကားကျွမ်းကျင်မှုတွေ၊ လိမ်မာပါးနပ်မှုတွေနဲ့ပေါင်းပြီး တောင်းရမ်းလိုက်မယ်ဆိုရင် ယခုလက်ရှိဝင်ငွေထက် အဆများစွာရရှိနိုင်ကြောင်း သူတောင်းစားမိသားစုပေါင်း (၁၂၀၀)တို့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Mr Vijay Babli က ဟင်ဒူစတန်နီတိုင်းသတင်းစာမှာ ပြောပြထားပါတယ်။ သူတို့ရဲ့ ကြိုးပန်းမှုတွေ ဘယ်လောက်ထိ ပေါက်ရောက်အောင်မြင်မယ်ဆိုတာကိုတော့ ပွဲတော်ကာလပြီးတဲ့အထိ စောင့်ကြည့်ကြရမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်တစ်ခုအတွက် ကျောင်းတစ်ကျောင်းကိုတော့ ထူထောင်ခဲ့ကြပါပြီ။ တကယ်လို့သာ အဲဒီကျောင်းဟာ သူတို့ရည်ရွယ်သလို အောင်မြင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ခဲ့ရင် နောင်အနာဂတ်မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော သူတောင်းစားတက္ကသိုလ်ကြီးတစ်ခုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာတဲ့လဲ။

“ပညာမဲ့သူသည် တောင်းရမ်းစားသောက်ရတတ်၏” လို့ အဆိုရှိပေမဲ့ တောင်းရမ်းစားသောက်သူတွေထဲမှာလဲ ပညာနည်းနည်းရှိတဲ့သူက သူများထက်ပိုရအောင် တောင်းနိုင်ကြောင်းသက်သေပြဖို့ အင်ဒိယက သူတောင်းစားအဖွဲ့သားတွေ ကြိုးပန်းလှုပ်ရှားနေကြပါပြီ။ ဒါကြောင့် ကျနော့်ထက် ငယ်သော၊ ကြီးသော ကျောင်းသူကျောင်းသားတွေကို ကျောင်းတက်နေရစဉ်ကာလမှာ ပညာကို ကြိုးစားသင်ကြဖို့ တိုက်တွန်းနှိုးဆောင်လိုက်ရပါတယ်။ သူတောင်းစားလုပ်ဖို့မဟုတ်ဘူးနော်။ တိုင်းပြည်အုပ်ချုပ်ဖို့၊ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် ထူထောင်ဖို့။ အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ကို သင်ကြရမှာ။ မဟုတ်ရင်တော့---။

မှော်စွမ်းအားရှင်များ


Patience and perseverance have a magical effect before which difficulties disappear and obstacles vanish.

John Quincy Adams (1767-1848)

သီးခံခြင်း၊ ဇွဲကောင်းခြင်းတွေမှာ မှော်ဆန်တဲ့စွမ်းအားတွေရှိတယ်၊ အတားအဆီးအခက်အခဲတွေဟာ သူတို့ရှေ့ရောက်ရင် ပျောက်ကွယ်သွားကြရတယ်။

(ဂျွန်ကွင်းစီအဒမ်စ်၊ ခြောက်ယောက်မြောက် အမေရိကန်သမ္မတ)

သူငယ်ချင်းသို့ (၁၃)

သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာလဲ ကြာပေါ့။ နေကောင်းတယ်မို့လား။ အလုပ်သိပ်များတဲ့လူမို့ အလုပ်ရှုပ်နေလားလို့ မမေးတော့ပါဘူး။ ကိုယ်တော့ အခုတလော စိတ်ဂနာမငြိမ်ဖြစ်နေမိတယ်။ အကြောင်းကြောင်းကြောင့်ဆိုရမှာပေါ့။ ဒီမနက်တော့ မနက်စာစားပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် အနားရှိတဲ့ ဆရာတော်ဦးဇောတိကရဲ့ Snow In The Summer ဆိုတဲ့စာအုပ်လေး ဖတ်နေမိတယ်။ ကိုယ့်လူလဲအတော်အသင့်ဖတ်ပီးလောက်ရော့ပေါ့။

အရင်တုန်းက၊ အတော်ကြာပါပြီ။ ထွက်ခါစလောက်မှာထင်တယ်။ အဲဒီတုန်းကလဲ ဖတ်တော့ ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသိပ်နားမလည်တာရယ်၊ အနာနဲ့ဆေး မသင့်သေးတာရယ်ကြောင့်ထင်ပါရဲ့၊ ဒီစာအုပ်ရဲ့ ဆိုလိုချက်ကို ဒီလောက်မသိခဲ့ဘူး။ အခုလို စိတ်ညစ်ညစ်ရှိတဲ့အခါမှာ ဖတ်လိုက်ရတော့မှ အနာနဲ့ဆေးသင့်သွားလို့နဲ့တူတယ်။ စာအုပ်ရဲ့အရသာကို ပိုခံစားတတ်လာသလိုပဲ။ အကောင်းချည်းပဲ မဟုတ်ပေမဲ့ အကောင်းတွေ အတော်များများရေးထား၊ အကြံပြုထားတာ တွေ့ရတယ်။

အဲဒီစာအုပ်ဖတ်ပီးတော့ ငါဘာကြောင့် စိတ်ညစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ အဖြေတစ်ခုရလာသလိုပဲ။ တစ်နည်းပြောရရင်တော့ အဖြေတစ်ခုရှာတွေ့လိုက်သလိုပဲ။ “လက်ခံလိုက်မိလို့”။ ဟုတ်တယ်၊ လက်ခံလိုက်မိလို့ဖြစ်ရတာ။ လက်မခံရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ ကိုယ့်အနီးအဝေးကနေ ကိုယ့်ဆီ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရောက်လာကြတဲ့ ကောင်းကောင်းဆိုးဆိုး အာရုံတွေကို စိတ်လိုလက်ရ လက်ခံမိတာအကြောင်းပြုပြီး စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုတွေ ဖြစ်ရတယ်ဆိုတဲ့ အသိတစ်ခုရလာမိတယ်။

လူရယ်လို့ ဖြစ်လာပြီ၊ သိတတ်စအရွယ်ရောက်လာပြီဆိုကတည်းက စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲ့မှုဆိုတာတွေလဲ တွဲပါလာတော့တာပဲ။ ကိုယ်နားလည်သလိုပြောကြည့်တာပါ။ သူငယ်ချင်းကရော ဘယ်လိုထင်လဲ။ ဘာမှမသိသေးတဲ့ ကလေးပေါက်စတစ်ယောက်အဖို့ ဗိုက်ဆာတဲ့အခါ၊ သူလိုချင်တာမရတဲ့အခါနဲ့ နာကျင်မှုတစ်ခုခုဖြစ်တဲ့အခါ ငိုကြွေးလိုက်ရတာကလွဲပြီး သူ့အတွက်စိတ်ညစ်စရာရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ထိုနည်းတူ စိတ်ချမ်းသာစရာရယ်လို့လဲ ထူးထူးထွေထွေ ရှိဟန်မတူဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အပြင်ကလာတဲ့ အာရုံတွေကို ခံယူတတ်၊ ခံယူနိုင်တဲ့ အသိရယ်လို့ ခိုင်ခိုင်မာမာမရှိသေးဘူးလေ။ ကိုယ်တော့ ဒီအတိုင်းပဲ ယူဆမိတယ်။

ကလေးလေးတစ်ယောက်ရဲ့စိတ်ဟာ အနောက်တိုင်းဒဿနဆရာကြီး John Lockeရဲ့ ဝေါဟာရနဲ့ ပြောရရင် Tabula Rasa (Latin) လို့ခေါ်တဲ့ (Blank Slate) ဘာမှရေးမထားရသေးတဲ့ကျောက်သင်ပုန်းတစ်ချပ်နဲ့ တူသတဲ့။ ဒါကြောင့် အဲဒီကလေးငယ်လေးရဲ့စိတ်ဟာ အပြင်ပအာရုံကိုအကြောင်းပြုပြီး ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ သိပ်မဖြစ်သေးဘူးလို့ဆိုတယ်။ သူ့အဆိုဟာ ကိုယ်တို့အရှေ့တိုင်း ဖီလိုဆိုဖီ၊ အထူးသဖြင့် ကိုယ်တို့ ဗုဒ္ဓမြတ်စွာသခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဟောကြားချက်တွေနဲ့ တစ်ထပ်တည်းမတူသည့်တိုင်း အတော်အတန်နီးနီးစပ်စပ်ရှိတယ်လို့တော့ ကိုယ်မြင်မိတယ်။

ဘုရားစကားလေးနည်းနည်းလောက်ရေးလိုက်မယ် သူငယ်ချင်းရာ။ ကိုယ်မှတ်ထားတာလေးတွေပေါ့။ ကိုယ့်လူလဲ ကြားဖူးပြီးသားဖြစ်ချင်ဖြစ်မှာပါ။ ဘုရားမြတ်စွာက အင်္ဂုတ္တရနိကာယ်၊ ဧကကနိပါတ်ပါဠိတော်မှာ စိတ်ရဲ့ မူရင်းသဘောသဘာဝနဲ့ပတ်သက်ပြီးတော့----
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္ဒ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ” စိတ်ရဲ့မူရင်းသဘာဝဟာ တလက်လက် အရောင်ထွက်လောက်အောင်ကို သန့်ရှင်းတယ်။ ဒါပေမဲ့ အပြင်ပကရောက်လာတဲ့ အာရုံအညစ်အကြေးတွေကို အကြောင်းပြုပြီး ညစ်ထေးသွားရရှာတယ်” လို့ ဟောတော်မူခဲ့ပါတယ်။ သူငယ်ချင်း ဖတ်ဖူးတယ်မို့လား။

ဒဿနဆရာကြီး ဂျွန်လော့ခ်ရဲ့ ကျောက်သင်ပုန်း သီအိုရီဟာ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်နဲ့ ခန့်ဆင်ဆင်တူတယ် လို့ မထင်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်စိတ်ညစ်နေတယ်။ ဘာကြောင့်ညစ်ရသလဲဆိုတာတော့ အထက်မှာပြောခဲ့သလိုပေါ့။ လက်ခံလိုက်လို့။ အပြင်က၀င်ရောက်လာတဲ့ ကိုယ်မလိုလားတဲ့အာရုံတွေကို လက်ခံလိုက်မိလို့။ လက်မခံပဲ မသိယောင်ဆောင်နေလိုက်ရင် ဒီလောက်စိတ်ညစ်ချင်မှ ညစ်မှာ။ အခုတော့ သိပြီ။ ကိုယ်မလိုချင်တဲ့ အာရုံကြမ်းတွေကို လက်ခံမိရင် စိတ်ညစ်ရတတ်တယ် ဆိုတာကို။ ဒါဖြစ်ရင် အဲဒီအာရုံတွေကို လက်မခံပဲ နေလို့ကော ရလို့လား? ဒီမေးခွန်းကို အဖြေပေးချင်ရင် နောက်ထပ်ပို့စ်တစ်ခုတော့ ရေးရလိမ့်မယ် သူငယ်ချင်း။ ကိုယ်ပြောတာတွေက လက်ချာပေးသလိုဖြစ်နေပြီထင်တယ်။ ကိုယ့်လူနဲ့ ဆွေးနွေးနေတာပါ။ ကိုယ် အမှားရေးမိရင်လဲ ပြန်ပြောနော်။

ကိုယ့်အယူအဆကို ပြောချင်တယ်။ ကိုယ်ကတော့ အပြင်ပက ရောက်လာတဲ့အာရုံတွေကို လက်မခံပဲ နေလို့ရတယ်လို့ ဖြေချင်တယ်။ ဘယ်လိုနေမလဲ၊ အရင်ဆုံး ဒီလိုစဉ်းစားကြည့်ရအောင်။ အဲဒီအာရုံတွေဟာ ဘယ်အပေါက်က ၀င်လာကြတာလဲ? အများသိကြတဲ့အတိုင်းပြောရရင်တော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ သိသာထင်ရှားတဲ့တံခါးငါးပေါက်နဲ့ စိတ်ဆိုတဲ့ အမြင်အားဖြင့်မထင်ရှားတဲ့ တံခါးပေါက်ကြီးတစ်ခု၊ စုစုပေါင်း တံခါးပေါက်ခြောက်မျိုး။ အဲဒီခြောက်မျိုးကနေ ၀င်လာတာပဲ မဟုတ်လား။

အဲဒီခြောက်မျိုးအနက် အမြင်အာရုံကို မမြင်မိအောင် မျက်စိကိုမှိတ်ထားမယ်၊ အကြားအာရုံကို မကြားမိအောင် နားကိုပိတ်ထားမယ်၊ မကောင်းတဲ့အနံ့ မနံအောင် ဝေးဝေးနေမယ်၊ မကောင်းတဲ့အရသာကို မစားပဲနေမယ်၊ မကြိုက်တဲ့အထိအတွေ့မျိုးနဲ့ မထိမိအောင် ရှောင်နေမယ် ဆိုရင် အဲဒီတံခါးပေါက်ငါးခုက ၀င်လာမည့် ကိုယ်မလိုလားတဲ့ ပြင်ပအာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်စရာမရှိတော့ဘူးပေါ့။ ဒါကို သူငယ်ချင်း လက်ခံနိုင်လား။ လက်မခံနိုင်ရင် ပြန်ပြောနော်။ ကိုယ်နားလည်သလို ပြောကြည့်တာပါ။ ခက်နေတာက စိတ်ဆိုတဲ့ ၀င်ပေါက်ပဲ။ ပိတ်လို့မရဘူး။ ပိတ်လို့မရဘူး ဆိုတာထက် ပိတ်ဖို့သိပ်ခက်တယ် ဆိုရင် ပိုမှန်မယ်ထင်တယ်။

ဘာလို့ခက်နေလဲဆိုရင် သူက ကိုယ့်ခန္ဓာကိုယ်ထဲ ရောက်နှင့်နေပြီကိုး။ ဘယ်နည်းနဲ့ရောက်နေတာလဲဆိုရင် ခုနကပြောခဲ့တဲ့ တံခါးပေါက်ငါးခုကို သတိမထားပဲ ဖွင့်ထားမိတဲ့အတွက် သက်ဆိုင်ရာအာရုံတွေဟာ သက်ဆိုင်ရာတံခါးဝမှာတင် ရပ်မနေကြပဲနဲ့ စိတ်ရဲ့တည်ရာဖြစ်တဲ့ ဟဒယ၀တ္ထုခေါ် နှလုံးသားထဲအထိ ကျူးကျော်ဝင်ရောက်သွားခဲ့ကြတယ်။ ဒီအထိ ဘာပြဿနာမှ မရှိသေးဘူး။ ဒါပေမဲ့ အဲဒီအာရုံတွေဟာ၊ တစ်နည်းအားဖြင့် အဲဒီအာရုံတွေထဲက အချို့အချို့သော အာရုံတွေဟာ တစ်ခါတရံမှာ အလိုလိုနေရင်း အတွေးအာရုံမှာ ပြန်ပြန်ပေါ်လာတတ်ကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ စိတ်ညစ်စရာအာရုံဖြစ်ရင် စိတ်ညစ်ရရော။ ကိုယ်လဲ အဲဒီ မသိလိုက်မသိဖာသာလက်ခံထားမိတဲ့ အာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်နေရတာ သူငယ်ချင်းရေ့။

အဲဒါကြောင့် စိတ်ပြေလိုပြေငြား ဆရာတော်ရဲ့ “နွေနှင်းဖြူဖြူ” စာအုပ်ကို ဖတ်နေမိတာ။ ကောင်းတယ်ဗျို့။ ကောင်းတယ်ဆိုတာ အတော်အတန်စိတ်သက်သာရာရသွားတယ်လို့ ဆိုလိုပါတယ်။ စာအုပ်ကို ဖတ်လိုက်ရရုံနဲ့ ဘာ့ကြောင့် စိတ်သက်သာရာ ရသလဲ လို့မေးစရာရှိတယ်။ အဖြေကတော့ ရှင်းရှင်းလေးရယ်။ ကိုယ်ဖတ်မိတဲ့အကြောင်းအရာတွေဟာ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကို ရှင်းလင်းပေးတဲ့ အသုံးအနှုံးတွေ၊ အဓိပ္ပါယ်တွေဖြစ်နေလို့ပဲ။ ကိုယ့်ရောဂါကို ကုသပေးနိုင်တဲ့ဆေးတွေဖြစ်နေလို့ပဲ။ တကယ်တော့ ဆူးစူးရင် ဆူးနဲ့ထွင်၊ ရေကြောင့်ညစ်ပတ်သွားရင် ရေနဲ့ဆေးရသလို စိတ်ထဲဖြစ်နေတဲ့ ညစ်ညူးမှုတွေကို စိတ်ပိုင်းဆိုင်ရာ ဝေါဟာရတွေကပဲ ကုစားပေးနိုင်တယ်မဟုတ်လား။ အဲဒီတော့ သူငယ်ချင်းရေ့ ရံခါအခန့်မသင့်လို့ အပြင်ကရောက်လာတဲ့အာရုံကြမ်းတွေကြောင့် စိတ်ညစ်သွားတာမျိုးရှိခဲ့ရင် အနားမှာအဆင်သင့်ဖတ်စရာ စာကောင်းပေကောင်းလေးတွေ ဆောင်ထားဖို့တော့ မမေ့နဲ့နော်။ တော်ပြီ သူငယ်ချင်း။ ကိုယ်ကျမ်းမာ၊ စိတ်ချမ်းသာပါစေ။

Friday, May 1, 2009

ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား



ဒီမနက် စောစောစီးစီး အိပ်ယာကနိုးပြီး ထုံးစံအတိုင်း မနက်စာပေါင်မုန့်မီးကင် နှစ်ချပ်နဲ့ ကော်ဖီပြင်းပြင်းတစ်ခွက် မော့လိုက်တယ်။
အဲဒီနောက် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက အရိုးကြေကြေ အရေခန်းခန်း၊ ကောင်းတူဆိုးဘက် ကျနော့်အပါးတော်မြဲ လက်ပတော့ပ်အစုတ်ကလေး (တစ်ခုတည်းသော ကျနော်ပိုင်ဆိုင်မှုပါဗျား၊ ဆင်းရဲမှန်းသိအောင် ကြိုတင်ပြောထားမှ။) ကို ဖွင့်ပြီး စိတ်ကောက်မှ လိပ်လောက်သွားတဲ့ အင်တာနက်ပေါ်တက်လိုက်ပါတယ်။

ထုံးစံအတိုင်း ကျနော်သွားလည်နေကျ ဘလော့ဂ်တွေထဲက စာအရေးအသားကောင်းတဲ့ ကိုမြစ်ကျိုးအင်း (သူ့နာမည်အရင်းကို မသိပါ) နဲ့ အမေရိကမှာ သတင်းသုံးတော်မူတဲ့ ဆရာတော် မနက်ဖန် တို့ရဲ့ အသစ်တင်ထားတာတဲ့ ပို့စ်လေးတွေကို ဖတ်ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီး ကျနော့်ရင်ကို ဒိုင်းကနဲ လာမှန်တဲ့ ကိုမြစ်ကျိုးအင်းရဲ့စကားလုံးတွေနဲ့ မနက်ဖန်ရဲ့ ရသမြောက်တဲ့ ထောက်ကွက်လေးတွေကို ဖတ်မိပြီး ကျနော်အသိတစ်ခု ခိုင်ခိုင်မာမာ ရလာခဲ့တယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား” တို့ရဲ့ ခြားနားချက်။

ဒီနေ့ မေလ (၁) ရက်။ ကျနော်တို့တိုင်းပြည်ကို သမိုင်းစာမျက်နှာအသစ်တစ်ခုဖွင့်ပေးခဲ့တဲ့ အကြိုရက်တစ်ရက်။ နောင်လာနောင်သားတွေ ယုံကောင်းမှယုံကြည်နိုင်မည့် အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပေါ်ဖို့ တာထွက်လာတဲ့ နေ့တစ်နေ့။ မနက်ဖန်၊ သန်ဘက်ခါ နဲ့ ဖင့်နွဲ့ခါ ဆိုတဲ့ ရက်တွေကို ဧရာဝတီစာမျက်နှာမှာ အကျီးတန်အရုပ်ဆိုးစေတဲ့ ပုံရိပ်တွေအဖြစ် ဖန်တီးပေးခဲ့တဲ့ အဖွင့်နိဒါန်း။ ပြီးခဲ့တဲ့ အဖြစ်ဆိုးတွေကို ပြန်ပြောရတာဟာ ကျနော့်စိတ်ထဲမှာ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခုကို ပြန်မက်မိသလိုပါပဲ။ ပြန်မပြောချင်တော့ပါ။ ဖြစ်နိုင်ရင် မေ့ပစ်လိုက်ချင်ပါပြီ။

ဒါပေမဲ့ သမိုင်းကို သစ္စာဖေါက်သူအဖြစ်တော့ စာအတင်မခံနိုင်ပါ။ အသိအမှတ်အပြုမခံရရင်တောင် လူသူမသိတဲ့ အညတြဘ၀နဲ့ အဖြစ်မှန်ကို အမှန်တိုင်းသိပြီး ကိုယ့်သမိုင်းအပေါ်သစ္စာရှိသူတစ်ယောက်အဖြစ်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာလုံချင်ပါတယ်။ ဒါကြောင့် ကျနော် ဒီစာကို ရေးဖို့စိတ်ကူးခဲ့တာပါ။ ရင်ထဲပေါ်လာတဲ့ခံစားချက်ကို အများမဖတ်မိတောင်မှ ကျနော့်အတွက်သီးခြားမှတ်တမ်းလေးတစ်ခုအဖြစ် ကျနော့်ဒိုင်ယာရီထဲ မှင်တို့ထားခဲ့ချင်ပါတယ်။ ဒီအတွက် ကျနော်ရမည့်ရလာဘ်ဟာ ဆုလား၊ ဒဏ်လား၊ ကျနော်မတွေး။

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်၊ ကျနော်တို့သိတတ်စအရွယ်လောက်ကတည်းက တိုင်းပြည်တစ်ခုလုံးက အဖွဲ့ချုပ်အပေါ် အပ်နှင်းထားတဲ့အာဏာကို မတရားသိပ်ပိုက်ယူငင်ပြီး တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနဲ့ မလုံခြုံဆုံးနိုင်ငံတွေစာရင်းထဲ သွပ်သွင်းခဲ့တဲ့ လက်ရှိစစ်တပ်ကို ကျနော်နာမည်တစ်ခုတပ်ချင်ပါတယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမား” လို့။ မြန်မာပြည်က တစ်ဘက်သတ်ထုတ်ဝေတဲ့ ရုပ်သေးသတင်းစာ တွေရဲ့ စာမျက်နှာတွေပေါ်မှာ ဘုရားသွားကျောင်းတက်၊ တံတားဖွင့်ဆိုတဲ့အလုပ်မျိုးတွေကို ဟန်ပြလုပ် ဖေါ်ပြရတာလောက်ကိုပဲ အဟုတ်ထင်ပြီး တကယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေကိုတော့ သူတို့နဲ့မဆိုင်သည့်အလား ဥပေက္ခာပြုထားနိုင်လောက်အောင် ရဲဝံ့စွန့်စားကြသူတွေလို့ ကျနော်ပြောချင်ပါတယ်။

နာဂစ်ဆိုတဲ့ စကားလုံးအသစ်တစ်လုံး မြန်မာပြည်သူတွေနားထဲ ချင်းနင်းဝင်ရောက်လာတာနဲ့ တစ်ပြိုင်နဲ့ သူ့နောက်ကကပ်ပါလာတဲ့ အန္တရာယ်ဆိုးကြီးကို ကာကွယ်ဖို့ သိပ်နောက်ကျခဲ့သွားပါပြီ။ ကြိုတင် အကြောင်းမကြားပဲ ရောက်လာတဲ့ ဧည့်သည်ဆိုးဟာ ကျနော်တို့လူမျိုးတွေရဲ့ ရင်တွင်းခံစားချက်ကို ကြောက်လန့်တကြား ခါးသီးစေခဲ့ပါတယ်။ သားသမီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်း ရင်းနှီးသူတွေ ကိုယ့်မျက်စိရှေ့မှာ နာဂစ်ဝါးမျိုးသွားတာကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီး ရင့်နစ်ခါးသီးဖြစ်နေရတဲ့အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့စွာ ဥပေက္ခာပြု လျှစ်လျှူရှုခြင်းကိုပါ ခံလိုက်ရပြန်တော့ ခါးသီးမှုဟာ နာကျည်းမှုအသွင်ဆောင်လာခဲ့ရပါတော့တယ်။

ကလေးငယ်များစွာ မိဘမဲ့ဖြစ်လို့ဖြစ်၊ မိဘများစွာ သားသေရင်ကျိုးအဖြစ်ဆိုးနဲ့ ကြုံလို့ကြုံ၊ မိန်းမများစွာတို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုမုဆိုးမဘ၀ရောက်လို့ ရောက်မှန်းမသိဖြစ်နေရတဲ့အချိန်မှာ မုန်တိုင်းဒဏ်မခံလိုက်ရတဲ့ တတ်နိုင်သူပြည်သူတွေရဲ့ ကရုဏာတရားဟာ အမြင့်မားဆုံးအဆင့်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီထောက်ပံ့ရင်း ဒုက္ခရောက်သူတွေရဲ့ မစဲနိုင်တဲ့မျက်ရည်စက်တွေကို နည်းပါးစေခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တာဝန်ရှိသူတွေဟာ ဒီအချိန်မှာ အရေးမပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကြီးကို မစားရ၀ခမန်း အဓမ္မလုံးပန်းရင်း နာဂစ်ထောက်ပံ့ကူညီရေးအဖွဲ့တွေနဲ့ အဖွဲ့သားတွေ အမြောက်အများကို တားဆီးပိတ်ပင်နှောက်ယှက်ခဲ့ကြပါတယ်။ သူတို့ ဘာကိုကြောက်ကြတာလဲ။

အာဏာယူ စတက်လာပြီးကတည်းက ပြုလုပ်ခဲ့သမျှ အပြောင်းအလဲတွေဆိုတာလဲ သူတို့သက်ဆိုင်ရာမိသားစုဝင်တွေ ချမ်းသာကြီးပွါးရေးကို ရှေးရှုခဲ့ကြတာချည်းပဲ ဖြစ်ပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေကို တန်းလုံးကျွတ်အောင်မြင်ရေး ဆိုတဲ့ကျွေးကြော်သံနဲ့ အကြီးအကျယ်ဖိအားပေးခဲ့တယ်။ သက်ဆိုင်ရာကျောင်းအသီးသီးက ဆရာ/ဆရာမတွေဟာ ကိုယ့်အတန်းက ကျောင်းသူ/ကျောင်းသားတစ်ယောက်ယောက် အရည်အချင်းမမီလို့ ကျရှုံးတာရှိရင် သက်ဆိုင်ရာက စစ်လားဆေးလားလုပ်လွန်းလို့ ခေါင်းအရှုပ်မခံကြတော့ပဲ တန်းလုံးကျွတ်အောင်ပေးလိုက်ကြရတယ်။ ဒီမှာတင် သူတို့ပြုပြင်ထားတယ်ဆိုတဲ့ ပညာရေးစနစ်ကြီးဟာ ပျက်စီးခြင်းမက ပျက်စီးရတော့တာပါပဲ။ စာမကျက်လဲ အောင်မှာပဲလို့ အတွေးဝင်သွားကြတဲ့ ကျောင်းသားငယ်လေးတွေရဲ့ အနာဂတ်ကို သူတို့ပြောင်းလဲထားတဲ့ ပညာရေးစနစ်ဆိုးကြီးက ဖျက်ဆီးပစ်လိုက်ပါပြီ။

စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး ဦးပိုင်စနစ်ထူထောင်၊ စီးပွါးရေးအကြောင်းဘာမှနားမလည်တဲ့ လူတွေက အထက်မှာနေရာယူပြီး လက်ဝါးကြီးအုပ်ထားလို့ အောက်ကလူတွေ အသက်ရှုကြပ်ပြီး အရင်းပြုတ်ခဲ့ကြရတယ်။ ကုန်ဈေးနှုံးတွေအဆမတန်တက်လာပြီး တစ်နိုင်ငံလုံးရှိ သာမန်ပြည်သူအများစုနဲ့ လက်လုပ်လက်စားတွေဟာ ထမင်းနပ်မှန်ဖို့အရေး ရရာအလုပ်ကို အရဲစွန့်လုပ်ကိုင်နေကြရရှာတယ်။ သူတို့နဲ့ ပုလင်းတူဗူးဆို့ပေါင်းသင်းနိုင်တဲ့ လူတွေကတော့ ကားတစ်စီးမှ နှစ်စီး၊ တိုက်တစ်လုံးမှ နှစ်လုံး စသည် ကြီးပွါးလာပြီး လမ်းပေါ်လျှောက်နေကြတဲ့ သာမန်ပြည်သူတွေကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်နေနိုင်ကြတယ်။ “မင်းတို့ မပေါင်းတတ်လို့ ငတ်နေတာ” ဆိုတဲ့ အပြောမျိုးတွေလဲ တိုင်းချစ်ပြည်ချစ်လူထုရဲ့နားထဲမှာ မကြားချင်ဆုံးကြားနေကြရရှာတယ်။ နောက်ဆုံးတော့ ငါ့ဝမ်းပူဆာမနေသာအဖြစ်မျိုးနဲ့ ကြုံလာရတဲ့အခါ မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို ရှေ့မျက်နှာနောက်ထားပြီး ပေါင်းကြ သင်းကြရတော့တယ်။ ဒီမှာတင် တိုင်းပြည်ရဲ့စီးပွါးရေးဟာ အဖတ်ဆယ်မရအောင် ထိုးကျလာရပြီး ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမူတွေဟာ ကြီးထွားသထက် ကြီးထွားလာရတာပါပဲ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကိုတော့ အများသိကြတဲ့အတိုင်း သူတို့ဖင်မြဲရေးရှေးရှုတဲ့ စည်းကမ်းဥပဒေတွေကိုပဲ ထုတ်ပြန်ခဲ့ကြတယ်။ ထမင်းငတ်မှာကြောက်ကြတဲ့ ဥပဒေပညာရှင်တွေကို သေနတ်ပြောင်းဝမှာ ဘောလ်ပင်တပ်ရေးခိုင်းပြီး ပြည်သူချစ်ခင်လေးစားတဲ့ အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချလုပ်ရင်း လုံးဝအာဏာရှင်ဆန်တဲ့ စနစ်ကို မွေးမြူခဲ့ကြတယ်။ ကြပ်ဖွံ့နဲ့ စွမ်းအားရှင်ဆိုတဲ့ ပြည်သူ့နှိမ်နှင်းရေး အဖွဲ့ကြီးနှစ်ဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံရေးလမ်းကြောင်းပေါ်က ပြည်သူ့ဘက်တော်သားတွေနဲ့ ရဟန်းသံဃာတော်များကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့ကြတယ်။ ပြည်ပနဲ့ တတ်နိုင်သမျှ အဆက်အသွယ်ဖြတ်ပြီး သူတို့ကို အားပေးထောက်ခံလောက်တဲ့ တရုတ်တို့လိုအာဏာရှင်နိုင်ငံတွေနဲ့ပဲ အပေါင်းအသင်းလုပ်ရင်း တိုင်းပြည်တစ်ခုလုံးကို ကမ္ဘာ့အလယ်မှာ အထီးကျန်ဆန်၊ အောက်တန်းကျအောင် ဖန်းတီးခဲ့ကြတယ်။

လူမှုရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဗိုလ်ကတော်တွေစုပြီး အမျိုးသမီးရေးရာအဖွဲ့ကို တစ်နိုင်ငံလုံးဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က တိုင်းပြည်အတွက်ဘာလုပ်ပေးခဲ့သလဲ။ အမျိုးသမီးတွေရဲ့ ဘ၀အထွေထွေကို ဘယ်အထိမြှင့်တင်ပေးနိုင်ခဲ့သလဲ။ ငါ့ယောက်ျားကဘာရာထူး၊ နင့်ယောက်ျားကဘာရာထူးစသဖြင့် သူတို့ယောက်ျားတွေရဲ့ ရာထူးအာဏာကို လူသိရှင်ကြားလုပ်ဖို့ အစည်းအဝေးတွေထိုင်၊ အတင်းပြောဖို့လောက်ပဲ တတ်နိုင်ကြတဲ့အဖွဲ့လို့ ဆိုချင်တယ်။ သူတို့လက်ထက်မှာ မြန်မာပြည်တစ်ဝှန်း စားစရာမရှိလို့၊ ကျောင်းစရိပ်မတတ်နိုင်လို့ ကိုယ့်ကိုယ်ကို ရရာဈေးနဲ့ ရောင်းစားလိုက်ရတဲ့ အမျိုးကောင်းသမီးလေးတွေနဲ့ ကျောင်းသူလေးတွေရဲ့ အရေအတွက် ဘယ်လောက်တိုးလာတယ်ဆိုတာ သူတို့သိကြပါရဲ့လား။ ဘားခန်းတွေ၊ အနှိပ်ခန်းတွေ၊ နိုက်ကလပ်တွေနဲ့ ဟိုတယ်တွေမှာ သူတို့ယောက်ျားတွေရဲ့ ခြေတော်အတင်ခံခဲ့ကြရရှာတဲ့ အမျိုးသမီးပျိုလေးတွေ ဘယ်လောက်ထိ များနေတယ်ဆိုတာကိုရော အဲဒီအမျိုးသမီးရေးရာအဖွဲ့ဝင် ဗိုလ်ကတော်တို့ သိကြပါရဲ့လား။ အဲဒီအမျိုးသမီးလေးတွေရဲ့ ဘ၀အခြေအနေတွေကို အမျိုးသမီးရေးရာအဖွဲ့ကြီးက ဘာလုပ်ပေးခဲ့သလဲ။

စစ်အာဏာရှင်တွေက ဗားမားဆိုတဲ့ ပြုပြင်ပြောင်းလဲဖို့အလွန့်ကို လိုအပ်နေတဲ့ မြန်မာပြည်ကြီးကို အိုနေဟောင်းနေတဲ့ဘ၀ထဲက မလွတ်မြောက်အောင် အထက်ပါအရေးအမျိုးမျိုးနဲ့ ထိမ်းချုပ်နှိပ်ကွတ်ရင်း အိုဗားမားဇာတ်သွင်းနေချိန်မှာ “ပြုပြင်ပြောင်းလဲမှု လုပ်စရာမရှိလောက်အောင်ကို တိုးတက်နေတဲ့ အမေရိကနိုင်ငံ” မှာ “ပြုပြင်ပြောင်းလဲရေး” ကြွေးကြော်သံနဲ့ အောင်ပွဲခံပြီး သမ္မတဖြစ်လာသူကတော့ အိုဗားမားပါပဲ။ အများသိပြီးကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ရက်တစ်ရာပြည့် သမ္မတသက်တမ်းတောက်လျှောက် သူ့တိုင်းပြည်နဲ့ သူ့လူမျိုးတွေအတွက် သူဆောင်ရွက်ခဲ့တာတွေကို သတင်းစာအသီးသီးက စိတ်ဝင်တစား ရေးသားတင်ပြလာခဲ့ကြပါတယ်။

သတင်းသမားအချို့အမြင်အရ “အားရလောက်တဲ့အခြေအနေမဟုတ်သေးဘူး” လို့ ဝေဖန်တဲ့သူတွေက ဝေဖန်ခဲ့ကြပေမဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာ စီးပွါးရေးကပ်ဆိုက်ပြီး ထမင်းငတ်လုလုဖြစ်နေတဲ့ သူ့ပြည်သူပြည်သားတွေရဲ့ အိုးအိမ်စည်းစိမ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ပါပဲ။ ပြည်သူလူထုတွေ ဒုက္ခနဲ့ရင်ဆိုင်ရတော့မည့်အချိန်မှာ မင်းဖြစ်လာတဲ့အိုဗားမားဟာ တခြားသမ္မတတွေထက် ပိုပြီး ရုန်းကန်နေရတယ်ဆိုတာတော့ သေချာပါတယ်။ အခုလောလောဆယ်ဖြစ်နေတဲ့ Swine Flu ဘေးရန်ကို ကာကွယ်တားဆီးဖို့အရေးလဲ သူကိုယ်တိုင်အားသွန်ခွန်စိုက်ပါဝင် ကြိုးပန်းနေတာ တွေ့မြင်နိုင်ပါတယ်။ ဒါတောင် သူတို့နိုင်ငံမှာ ဘာမှဖြစ်သေးတာမဟုတ်ပါဘူး။ အသေအပျောက်တောင် တစ်ယောက်စ၊ နှစ်ယောက်စပဲရှိပါသေးတယ်။ လူသိန်းချီသေဆုံးခဲ့ရတဲ့ မြန်မာပြည်က နာဂစ်ဘေးအပေါ် စစ်အာဏာရှင်တွေ တုန့်ပြန်ပုံမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် အသည်းရှိသူတိုင်း နာကျင်စရာကြီးပါ။

နာဂစ်မွှေတဲ့ မေလထဲရောက်လာလို့ သွားလေသူတွေကို သတိရတမ်းတမိရင်း ထိခိုက်လာတဲ့နာကျင်မှုကို မခံစားနိုင်တဲ့အတွက် ကျနော်ရေးလိုက်တာ နိုင်ငံရေးဆန်ဆန်တောင်ဖြစ်သွားပြီလား မသိတော့ပါဘူး။ ဖြစ်သွားရင်လဲ စာဖတ်သူက ဒီစာကို နိုင်ငံရေးစာလို့ပဲ အောင့်မေ့ပါတော့ဗျာ။ တကယ်တော့ ကျနော်တို့အားလုံးဟာ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်စကားနဲ့ပြောရရင် “နိုင်ငံရေးသတ္တ၀ါတွေချည်းပါပဲ” 'Man is a political animal" လို့ သူပြောခဲ့တာရှိပါတယ်။ အပြောင်းအလဲကို လိုလားကြတဲ့ ကျနော်တို့ဟာ အပြောင်းအလဲမဖြစ်သေးလို့ အားမလိုအားမရနဲ့ အပြောင်းအလဲဖြစ်ဖို့အရေး မျှော်တွေးရင်း ဒီစာကို ကျနော်ရေးကြောင်းပါ။ နောင်လဲ အလျှင်းသင့်သလို ရေးနေရဦးမှာပါပဲ။ ကျနော်တို့တတွေအားလုံးဟာ ပြောင်းလဲချင်ကြပြီလေ။

http://news.bbc.co.uk/1/hi/world/asia-pacific/8026834.stm