အခုကျနော် ဒီစာကို ရေးနေတဲ့အချိန်မှာ ကျနော်နေတဲ့အဆောင်ရဲ့ သုံးအိပ်ကျော်ကျော်လောက်က ကုလားလေးတွေ ၀ုန်းဒိုင်း၊ ၀ုန်းဒိုင်း နဲ့ ဗျောက်အိုးဖေါက်နေလိုက်ကြတာ နားကို ညီးနေတာပဲဗျာ။ ကျနော်အင်ဒိယမှာလဲ နှစ်နှစ်ကျော်သုံးနှစ်လောက်နေခဲ့ဘူးသေးတယ်။ ဒီရာသီရောက်တာနဲ့ တစ်နိုင်ငံလုံး အိမ်တိုင်းလောက်နီးပါး မီးတွေထွန်း၊ ဗျောက်တွေဖေါက်နဲ့ အတော်ပျော်စရာကောင်းတဲ့ ရာသီကြီးပေါ့ဗျာ။ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ သတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့မှာ မီးထွန်း၊ ဗျောက်ဖေါက်သလိုမျိုးပေါ့။ ဒါပေမဲ့ ပုံစံချင်းတော့တူတယ်။ အခြေခံချင်းတော့ ကွဲပြားပါတယ်။
ကျနော်တို့မြန်မာလူမျိုးတွေနှုတ်ကျိုးနေတဲ့ ဒေ၀ါလီဆိုတဲ့စကားဟာ တကယ်တော့ ဟင်ဒီဘာသာအသံနဲ့ဆိုရင် ဒီဝလိ (Diwali) သို့မဟုတ် ဒီပါဝလိ (Deepavali) လို့အသံထွက်ပြီး ခေါ်ရပါတယ်။ အစမှာတော့ ဒီပါဝလိ လို့ပဲခေါ်ပါတယ်။ နောက်ပိုင်းကျမှ စကားလုံးရွေ့လျောမှုသဘောအရ ဒီဝလိ ဆိုတဲ့ ဟင်ဒီဘာသာစကားစစ်စစ်ဖြစ်လာဟန်ရှိပါတယ်။ ဒါပေမဲ့ အင်ဒီယနိုင်ငံတောင်ပိုင်းတွေမှာတော့ အခုထိတိုင် ဒီပါဝလိလို့ပဲ အစဉ်အလာအတိုင်း ခေါ်ဝေါ်သုံးစွဲနေတုန်းပါ။
ဒီပါဝလိ ဆိုတာ သက္ကဋဘာသာစကား၊ ပါဠိဘာသာစကားဖြစ်ပါတယ်။ ဒီပ နဲ့ အာဝလိ ဆိုတဲ့ပါဠိနှစ်လုံးကို သဒ္ဒါနည်းအရ ပေါင်းထားတာပါ။ ဒီပဆိုတာက ဆီမီးလို့ အဓိပ္ပါယ်ရပြီး အာဝလိဆိုတာကတော့ အစဉ်အတန်း လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီပါဝလိဆိုတာ ဆီမီးတိုင်လေးတွေ တန်းစီပြီးထွန်းညှိတဲ့ပွဲတော်ရယ်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ အချုပ်ကတော့ မီးထွန်းပွဲတော် ပေါ့။
ဒီမီးထွန်းပွဲတော်ကို ရှေးခေတ်အင်ဒိယနိုင်ငံမှာ ဟင်ဒူဘာသာဝင်တွေသာမက၊ ဆစ်ခ်ဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေပါ ကျင်းပဆင်နွဲကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဝင်တွေက အဲဒီပွဲမှာ ဘာသာရေးအရ မပါဝင်ကြတော့ဘူးလို့ သိရပါတယ်။ ပျော်ပွဲရွှင်ပွဲတစ်ခုအနေနဲ့တော့ ဘယ်ဘာသာဝင်မဆို ပါဝင်မယ်လို့ ယူဆရပါတယ်။
ဒီပွဲတော်ကို ကျင်းပခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ရာမမင်းသားပြည်တော်ဝင်ခန်းကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတယ်လို့ ရာဇ၀င်က ဆိုပါတယ်။ ဟင်ဒီလို Ram လို့ခေါ်တဲ့ ရာမမင်းသားဟာ Ravan လို့ခေါ်တဲ့ ရာဝဏမင်း သို့မဟုတ် ဒဿဂိရိမင်းကို အနိုင်တိုက်ခိုက်ပြီးတော့ ချက်ချင်းပြည်တော်မ၀င်သေးပဲ တောထဲမှာပဲ (၁၄) နှစ်တိုင်တိုင်တရားကျင့်နေတယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။ (၁၄)ကြာပြီးမှ မြို့တော် အယုဒ္ဓယသို့ပြန်ဝင်လာတဲ့ မင်းရာမကို မြို့သူမြို့သားတွေက ဆီမီးတိုင်တွေ ထွန်းညှိပြီး ကြိုဆိုရာကနေ ဒီပွဲတော် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ရက်ကိုလဲ ကျတ္တိကာနက္ခတ်နဲ့စမ်းယှဉ်တဲ့ သတင်းကျွတ်လပြည့်ကျော် (၁)ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိကို သတ်မှတ်ပါတယ်။ သူတို့အသုံးနဲ့ပြောရရင် ကျတ္တိကာလပြည့်နေ့ဖြစ်ပါတယ်။ ဒါကတော့ ဟင်ဒူဘာသာဝင်တွေ မီးထွန်းပွဲကျင်းပခြင်းအကြောင်းပါ။
ဒီပွဲကို ဂျိန်းဘာသာဝင်တွေလဲ ကျင်းပကြတယ်လို့ အထက်မှာ ကျနော်ပြောခဲ့ပါတယ်။ သူတို့ကျင်းပရခြင်းအကြောင်းကတော့ ဟင်ဒူသာသာဝင်တွေနဲ့မတူပါဘူး။ ဂျိန်းဘာသာဝင်တွေကတော့ သူတို့ဂျိန်းဘာသာရဲ့ (၂၄)ဆူမြောက်ဖြစ်တဲ့ ဘုရားမဟာဝီရကြီး နိဗ္ဗာန်ပြု (သေ)တဲ့နေ့ ဆိုတဲ့ယုံကြည်ချက်နဲ့ မီးပူဇော်ကြတာပါ။ BC ခုနှစ် (၅၂၇)၊ အောက်တိုဘာလ (၁၅) မှာ သူတို့ဘုရား နိဗ္ဗာန်ပြုတယ်လို့ အဍ္ဎမာဂဓီခေါ် ဂျိန်းဘာသာရေးစာပေမှတ်တမ်းများက ဆိုပါတယ်။ ဒါကြောင့်သူတို့လဲ ဒီအောက်တိုဘာလထဲမှာပဲ သူတို့ဘာသာရေးပွဲတော်ကို ကျင်းပကြတယ်လို့ နားလည်ရပါတယ်။ ကျနော်တို့မြတ်စွာဘုရားကတော့ BC ခုနှစ် (၅၄၃) မှာ မဟာပရိနိဗ္ဗာန်ဝင်စံတော်မူကြောင်း ထေရ၀ါဒစာပေမှတ်တမ်းများအရ သိရပါတယ်။
ဟင်ဒူဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေလုပ်သလို့ ဆစ်ခ်ဘာသာဝင်တွေလဲ မီးထွန်းပွဲကျင်းပကြပါတယ်။ သူတို့ကျင်းပရခြင်းအကြောင်းကတော့ သူတို့ကိုးကွယ်တဲ့ ဆစ်ခ်ဘာသာရဲ့ ခြောက်ဆက်မြောက် ဂုရုကြီး ဟာဂိုဘင်ဒ် Hargobind (1595-1644) ထောင်က လွတ်လာတဲ့အထိမ်းအမှတ်နဲ့ ကျင်းပတယ်လို့ ဆိုပါတယ်။ ဂုရုကြီး ဟာဂိုဘင်ဒ်ကို ဟင်ဒူဘုရင် (၅၃) ဦးနဲ့အတူ မူဃောဧကရာဇ် ဂျဟန်ဂိရ် (ဇဟံဂိရိ) Mughal emperor, Jahangir (1570-1627) က နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒါပေမဲ့ ဂုရုကြီးကို ဆစ်ခ်ဘာသာရဲ့ ခြောက်ဆက်မြောက် ဆရာကြီးမှန်းလဲသိရော ပြန်လွှတ်ပေးလိုက်ပါသတဲ့။ ဂုရုကြီးဟာ သူလွတ်မြောက်သလို သူနဲ့အတူအဖမ်းခံထားရတဲ့ ဟင်ဒူဘုရင်တွေကိုလဲ လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် အားလုံးကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဂုရုကြီးဟာ သူလွတ်မြောက်လာပြီးတဲ့နောက်မှာ အင်ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ထဲက ဆစ်ခ်ဘာသာရေးမြို့တော် (Amritsar) အမ်ရစ်ဆာ မှာရှိတဲ့ (Darbar Sahib) ဒါဘာဆာဟစ်ဘ် လို့ခေါ်တဲ့ ရွှေကျောင်းတော်ကို လာခဲ့ပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ ၀မ်းသာလွန်းလို့ ဖယောင်းတိုင်မီးတွေ၊ မီးတိုင်လေးတွေ ညှိထွန်းပြီးတော့ ဂုရုကြီးကို ကြိုဆိုကြပါတယ်။ အဲဒီကြိုဆိုတဲ့နေ့ကိုလဲ သူတို့ဘာသာအလိုအရ (Bandi Chhorh Divas) အကျဉ်းသားလွတ်မြောက်တဲ့နေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် မီးထွန်းပွဲပြုလုပ်ကျင်းပလေ့ရှိကြောင်း သိရပါတယ်။
ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီမီးထွန်းပွဲကို သတင်းကျွတ်လပြည့်နေ့မှာ ကျင်းပကြပါတယ်။ ဗုဒ္ဓမြတ်စွာ ၀ါတွင်းသုံးလပတ်လုံး တာဝတိံသာမှာဝါဆိုရင်း မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုသိတနတ်သားကို အဘိဓမ္မာတရားဟောတော်မူပြီးလို့ သင်္ကဿမြို့တံခါးမှာ ကြွဆင်းလာစဉ် မြို့သူမြို့သားတွေဟာ အုပ်အုပ်ကျက်ကျက်နဲ့ ဆီမီးညှိထွန်းပူဇော်ကြကြောင်း စာပေမှတ်တမ်းများအရ သိရပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်းလိုလိုက အဲဒီနေ့ (သီတင်းကျွတ်လပြည့်) မှာ မီးထွန်းပွဲကျင်းပကြပါတယ်။
အခုကျနော်တင်ပြခဲ့တဲ့ မီးထွန်းပွဲတော်အားလုံးကို ဒီအောက်တိုဘာလအတွင်းမှာပဲ ကျင်းပကြပါတယ်။ မိမိတို့ဘာသာရေးအလိုက် ရက်အနည်းစီပဲ ကွဲပြားပါတယ်။ ဒီပွဲတော်အားလုံး ရှေးက မဇ္ဈိမဒေသလို့ခေါ်တဲ့ အင်ဒိယနိုင်ငံတစ်ခုတည်းမှာပဲ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် ရှေးခေတ်အင်ဒိယလူမျိုးတွေဟာ ဘယ်ဘာသာဝင်ဖြစ်ဖြစ် သူတို့ရဲ့ဘာသာရေးပွဲတော်တွေကို မီးထွန်းပူဇော်တဲ့နည်းနဲ့ ပူဇော်ရတာကို ခုံမင်ကြတယ်လို့ ယေဘုယျ မှတ်ယူနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
(http://en.wikipedia.org/wiki/Diwali) ၀က်ဘ်ဆိုဒ်ကို ကိုးကားဖေါ်ပြပါသည်။
Rabindranath Tagore – Gītañjalī 35 (ပါဠိ)
-
Gītañjalī 35Rabindranath Tagoreပါဠိဘာသာပြန် – နတ္ထိ Ref: Tagore,
Rabindranath. (2012). Gitanjali, Song Offerings, A Collection of Prose
Translations. New D...
2 months ago
No comments:
Post a Comment