Tuesday, December 30, 2008

စောရဗိုလ်ပါနှင့် မျောက်ငါးကောင်



ပြင်သစ်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခုမှ ရှားပါးတဲ့မျောက် (၅)ကောင်ကို နေ့ခင်းကြောင်တောင်ကြီး ခိုးထုတ်သွားတဲ့သတင်းတစ်ပုဒ်ကို AFP သတင်းမှာ ဖတ်လိုက်ရပါတယ်။ အော် ခိုးစရာရှားလို့၊ သူခိုးနှယ်၊ မျောက်မှ ရွေးပြီး ခိုးရတယ်လို့။ ဒါကတော့ ကျနော်တွေးတာပေါ့လေ။ သူတို့အတွက်တော့ အမြတ်ထွက်လို့နေမှာပေါ့။

သတင်းအရသိရတာကတော့ သူခိုးတွေဟာ မျောက်နဲ့ပတ်သက်ပြီး အတော်အတွေ့အကြုံရှိကြပုံရပြီး မျောက်လှောင်အိမ်ထဲဖောက်ထွင်းဝင်ရောက်ဖို့ လက်နက်တွေနဲ့ မျောက်ဖမ်းတဲ့အခါ အသုံးပြုတဲ့ကိရိယာတွေကိုပါ ယူလာခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်မတန်ဖန်းရဆီးရခက်တဲ့ မျောက်သတ္တ၀ါတွေကို အချိန်တိုတိုအတွင်းမှာ ဖမ်းနိုင်တာဟာ တော်ရုံအတွေ့အကြုံနဲ့ မဖြစ်နိုင်ပါဘူး တဲ့။ သူတို့ မျောက်တွေကို ဖမ်းဆီးခိုးထုတ်သွားအချိန်ဟာ တိရစ္ဆာန်ရုံဝန်ထမ်းတွေ နေ့လည်စာစားချိန်လို့ သိရပါတယ်။

သူတို့နောက်ပါသွားတဲ့ မျောက်ငါးကောင်ကတော့ marmoset လို့ခေါ်တဲ့ အမြီးရှည်မျောက်သေးနှစ်ကောင်၊ capuchin လို့ခေါ်တဲ့ အမွှေးရှည်မျောက်နှစ်ကောင်နဲ့ cotton-top tamarin လို့ခေါ်တဲ့ မျောက်ဇီးကွက်တစ်ကောင် (ကျနော်ပေးထားတဲ့နာမည်ပါဗျား၊ ဇီးကွက်နဲ့တူလို့) ဖြစ်ကြတယ်လို့သိရပါတယ်။ အဲဒီမျောက်မျိုးစုအားလုံးဟာ မျိုးတုံးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် မျောက်သူခိုးတွေလက်ထဲမှာ အစပျောက်သွားမှာကို သက်ဆိုင်ရာက စိုးရိမ်မကင်းဖြစ်နေကြောင်း သတင်းရရှိပါတယ် ခင်ဗျား။

သတင်းပါ မီးနင်းများ
(၁) primates= မျောက်အပါအ၀င်နို့တိုက်သတ္တ၀ါများ
(၂) made off with= ခိုးထုတ်သွားခဲ့သည်
(၃) enclosures= ပိတ်ထားတဲ့နေရာ၊ (လှောင်အိမ်)

(http://uk.news.yahoo.com/18/20081230/tod-thieves-steal-five-rare-monkeys-from-7f81b96.html) ကို ကိုးကားဖေါ်ပြပါသည်။

ဘ၀ရဲ့တွန်းအား


Faith is the force of life.
Leo Tolstoy (1828-1910)

ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။
(လီယိုထော်လ်စ်တွိုင်း)

သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြားအကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။

ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီအရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြုပါထားပါတယ်။

ဒါဖြင့်ရင် ကျနော်တို့ရဲ့ ဘ၀မှာကော။ နေ့စဉ်ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ ဘာကို အခြေခံပြီးဖြစ်ပေါ်နေကြပါသလဲ။ ကျနော်တို့ရှေ့ဆက် အသက်ရှင်ရေးအတွက် တွန်းအားတစ်စုံတစ်ရာရှိပါသလား။ ရှိပါတယ် ဆိုတဲ့အဖြေဟာ အလွန်မှန်ကန်တဲ့အဖြေဖြစ်တယ်ဆိုတာ စာဖတ်သူလက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဖြင့်ရင် အဲဒီတွန်းအားဆိုတာ ဘာကိုပြောတာလဲ။ ဒီအတွက်တော့ အဖြေအမျိုးမျိုးပေးကြမယ် ထင်ပါရဲ့။ တစ်ချို့က မျှော်လင့်ချက်သည် ဘ၀ရဲ့တွန်းအား တဲ့။ ဒါကိုလဲ ကျနော်လက်ခံတာပဲ။ ဟုတ်တယ်လေ။ မျှော်လင့်ချက်မရှိပဲနဲ့ ဘာအတွက် ကျနော်တို့အသက်ရှင်နေကြမှာလဲ။ တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ ယုံကြည်ချက်အောက် တစ်ဆင့်နိပ်လျှောတဲ့ တွန်းအားတစ်မျိုးပါပဲ။

သူများတွေရဲ့အသက်ရှင်နေမှုကိုတော့ ကျနော်မဝေဘန်တတ်ပါ။ ကျနော်ကိုယ်တိုင်ရဲ့အသက်ရှင်မှုကတော့ အဲဒီမျှော်လင့်ချက်ဆိုတာကြီးကို မဏ္ဍိုင်ပြုထားတယ်လို့ခံစားရပါတယ်။ ပြောမယ်ဆိုရင် မျှော်လင့်ချက်နဲ့ ကျနော်အသက်ရှင်နေရတယ် ဆိုပါတော့။ ဘာကို ကျနော်မျှော်လင့်သလဲ။ လက်ရှိအခြေအနေထက် ကောင်းတဲ့အခြေအနေတစ်ခုခုလို့ပဲ ယေဘုယျဖြေပါရစေ။ သို့မဟုတ် ကျနော့်အနေနဲ့ တကယ့်ကို ဖြစ်ချင်တဲ့အခြေအနေတစ်ခုခုလို့ ဖြေရင်လဲ မှားမယ်မထင်ဘူး။

ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့အခြေအနေဟာ သူများအမြင်မှာ လက်ရှိအခြေအနေထက်ဆိုးချင်ဆိုးနေတတ်တာမျိုးကိုး။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအခြေအနေကို အိမ်မက်မက်မိနေတတ်ပါတယ်။ ဘ၀မှာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ အဲဒီလိုဖြစ်လာဖို့အတွက်၊ ဖြစ်ချင်တဲ့အတိုင်း တကယ်ဖြစ်လာဖို့အတွက် အရေးတကြီးလိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ချက်ပါပဲ။ ယုံကြည်ချက်ကို အခြေခံပြီးမှ ကျန်တဲ့ စိတ် (စေတသိက်) စွမ်းအားတွေဟာ သူ့နေရာနဲ့သူ အချိုးကျဝင်ရောက်လာတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်းရေးဂန္ထ၀င်ဝတ္ထုကြီးကို ဖန်တီးရေးသားခဲ့သူ လီယိုတော်လ်စ်တွိုင်းက “Faith is the force of life. ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ” လို့ဆိုခဲ့တာပါ။ ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ တွန်းအားတွေ အမြောက်အများရှိတဲ့အနက် ယုံကြည်မှုဆိုတဲ့ တွန်းအားဟာ အရေးကြီးဆုံးလို့ ဆိုရင်တောင် မှားမှာ မဟုတ်ပါဘူး။ စာဖတ်သူသဘောမကျရင် ကွဲလွဲခွင့်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအဆိုကို လက်ခံအတည်ပြုနိုင်ပါတယ်။

ဘာ့ကြောင့်ပါလဲ။ ကျနော်တို့ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလဲ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီးအမြောက်အများ ဟောကြားခဲ့တာရှိပါတယ်။ အဲဒီတရားဒေသနာတွေထဲက ကျနော်မှတ်ထားတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ “သဒ္ဓါယ တရတိ သြဃာ၊ ဟောဒီအစမထင်သံသရာဆိုတဲ့ ၀ဲသြဃကြီးကို ယုံကြည်မှုနဲ့ ကျော်ဖြတ်ရတယ်” လို့ အတည်အလင်းဟောကြားတော်မူခဲ့ပါတယ်။

ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင် ယုံကြည်မူဆိုတာ သံသရာမှာကျင်လည်နေရစဉ်အတွင်း (မျက်မှောက်)ဘ၀ရဲ့တွန်းအားသာမဟုတ်၊ သံသရာမှလွတ်မြောက်ဖို့ရာ ကြိုးပမ်းတဲ့လူတွေအတွက်ပါ တွန်းအားကြီးတစ်ခုဖြစ်ကြောင်း ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဘ၀ကို ရှင်သန်မှုလို့ ဖွင့်ဆိုချင်တဲ့လူတွေအတွက် ကိုယ့်ဘ၀ကို စွမ်းအင်ပြည့်ရှင်သန်စေချင်တယ်ဆိုရင် ကိုယ့်နှလုံးသားထဲမှာ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။

ယုံကြည်မှုဆိုတဲ့တွန်းအားခိုင်မာလာပြီဆိုရင် အဲဒီယုံကြည်မှုအတိုင်းလိုက်လုပ်တတ်တဲ့ ကြိုးစားမှုဆိုတဲ့တွန်းအားဟာလဲ အရှိန်ရလာတတ်ပါတယ်။ ကြိုးစားမှုတွန်းအား အရှိန်ရလာပြီဆိုရင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဟာ သူ့အလိုလို ကိုယ့်အနားရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုဆိုတဲ့ တွန်းအားနှစ်မျိုးကို ဒီအတိုင်းလွှတ်ထားလို့တော့ မရပါဘူး။ သူတို့နှစ်မျိုးစလုံးဟာ အောင်မြင်မှုဆီရှေးရှုနေကြတာမှန်ပေမဲ့ သတိနဲ့ပညာဆိုတဲ့ အထိန်းဂီယာနှစ်မျိုးတော့ လိုအပ်ပါသေးတယ်။

နောက်တစ်မျိးလိုအပ်ချက်ကတော့ ပန်းတိုင်ကိုတည့်တည့်စူးစိုက်ထားတဲ့ သမာဓိပါပဲ။ သူကတော့ လက်ကိုင် သို့မဟုတ် တက်မနဲ့တူပါတယ်။ ယုံကြည်မှု၊ ကြိုးစားမှု၊ သတိရှိမှု၊ စူးစမ်းမှုတွေနဲ့ ပြည့်စုံနေပေမဲ့ စူးစိုက်မှုမပါရင် ဒါမှမဟုတ် စူးစိုက်မှု အားနည်းနေရင် လမ်းကြောင်းလွဲသွားတတ်ပါတယ်။ အဲဒီဂီယာနှစ်မျိုးနဲ့ လက်ကိုင်မပါရင်တော့ တွန်းအားတွေအရှိန်လွန်ပြီး ပန်းတိုင်ကျော်သွားတတ်ပါတယ်။ သို့မဟုတ် ချော်သွားတတ်ပါတယ်။

ဒါကြောင့်--
(၁) Faith ဆိုတဲ့ သဒ္ဓါ သို့မဟုတ် ယုံကြည်မှုစွမ်းအား
(၂) Energy ဆိုတဲ့ ၀ီရိယ သို့မဟုတ် ကြိုးစားမှုစွမ်းအား
(၃) Carefulness ဆိုတဲ့ သတိ သို့မဟုတ် ဂရုစိုက်မှုစွမ်းအား
(၄) Concentration ဆိုတဲ့ သမာဓိ သို့မဟုတ် စူးစိုက်မှုစွမ်းအား
(၅) Knowledge ဆိုတဲ့ ပညာ သို့မဟုတ် ဂဂနနသိမှုစွမ်းအား

ဒီအားငါးမျိုးကို အချိုးကျထည့်ပြီးတော့ ကိုယ့်ဘ၀ကို ရှင်သန်စေနိုင်မယ်ဆိုရင် ဘ၀မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရကြမှာသေချာပါတယ်။ ငါးမျိုးစလုံးကို တစ်ပြိုင်နက်တည်း မထည့်နိုင်သေးဘူးဆိုရင်လဲ ပထမဆုံးတွန်းအားဖြစ်တဲ့ ယုံကြည်မှုကို အထပ်ထပ်အခါခါ မွေးမြူဖို့ အလွန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတဲ့ တွန်းအားကို မရမချင်း ကျန်တဲ့တွန်းအားတွေဟာ အလုပ်မလုပ်တတ်လို့ပါပဲ။ ယုံကြည်မှုနဲ့တွန်းကန်လိုက်ပြီးမှသာ ကြိုးစားမှုဟာ အရှိန်ရလာတတ်ပါတယ်။ ဒါကြောင့်လဲ ဆရာကြီးတော်လ်စ်တွိုင်းက ယုံကြည်မှုတစ်ခုတည်းကိုပဲ “ဘ၀ရဲ့တွန်းအား” လို့ဆိုခဲ့ဟန်တူပါတယ်။

ဒါဖြင့်ရင် ယုံကြည်မှုကို ဘယ်လို ထူထောင်မလဲ။ ယုံကြည်မှုကို ထူထောင်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါ့မယ်။ ကိုယ့်အရည်အချင်းကိုလဲ အမှန်အတိုင်းနားလည်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်ကို စိတ်ထဲမြင်အောင်ကြည့်တတ်ရပါ့မယ်။ အရေးကြီးဆုံးက ကိုယ်လိုချင်တဲ့ ပန်းတိုင်ဟာ ကိုယ့်အရည်အချင်းနဲ့ လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်မျိုးမဖြစ်စေရပါဘူး။ ကိုယ့်အရည်အချင်းနဲ့လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်ကို ရဖို့ကြိုးစားတဲ့လူဟာ ပင်ပန်းရကျိုးမနပ်တဲ့အပြင် တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုအားနည်းလာတတ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာပြီဆိုရင် ကျန်တဲ့တွန်းအားတွေလဲ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါကြောင့် တကယ်ယုံကြည်မှုကို ထူထောင်ချင်တဲ့လူဟာ ကိုယ်လက်လှမ်းမီတဲ့ ကိုယ်နဲ့နီးစပ်တဲ့ ပန်းတိုင်မျိုးကို အရင်ရအောင်ကြိုးပမ်းကြည့်ရပါတယ်။ အဲဒီကမှ တစ်ဆင့်တက်ပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေကို တက်လှမ်းဖို့ကြိုးစားရပါတယ်။ ဒီလိုဆိုရင် အဲဒီလူရဲ့ယုံကြည်မှုဟာ တဖြေးဖြေးနဲ့ ခိုင်မာသထက် ခိုင်မာလာပြီး ဘ၀မှာ ဘာမဆိုလောက်နီးပါး ရအောင်ကြိုးပမ်းနိုင်တဲ့ ယုံကြည်မှုမျိုးကို ရသွားတတ်ပါတယ်။ ဒါကြောင့် “ယုံကြည်မှုဟာ ဘ၀ရဲ့တွန်းအား” ဆိုတဲ့အဆိုဟာ အလွန်မှန်ကန်ကြောင်း ကောင်းစွာနားလည်နိုင်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် ခိုင်မာတဲ့ ယုံကြည်မှုမျိုးကို ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုလျှက်----။






Monday, December 29, 2008

2008 ခုနှစ်မှ ထူးဆန်းသော ဖြစ်ရပ် (၁၈) ခု


အောက်ပါဖြစ်ရပ် (၁၈) မျိုးကို သတင်းမီဒီယာများမှ ထူးဆန်းသောသတင်းများအဖြစ်ရွေးချယ်ကာ ၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်လိုက်ပါသည်။

(၁) ဗြိတိရှအမျိုးသမီးတစ်ယောက်သည် သူမ၏ယောက်ျားဟာ ဒုတိယဘ၀လို့အမည်ပေးထားတဲ့ အွန်လိုင်းဂိမ်းတစ်မျိုးကို စွဲစွဲလမ်းလမ်းဖြစ်နေကြောင်းသိရှိပြီးနောက် ကွာရှင်းဖို့အထိ လုပ်ခဲ့ကြောင်း။

(၂) တရုတ်နိုင်ငံမှာ ချစ်သူနှစ်ဦး ပြင်းပြင်းထန်ထန်နမ်းကြရာက မိန်းကလေးရဲ့ နားစည်ကွဲသွားကြောင်း။
(ကျနော်ရေးခဲ့ပြီး၊ စည်ကွဲအနမ်းမှာ ရှု)

(၃) အမေရိကန်သမ္မတရွေးကောက်ပွဲရက်များမတိုင်မီတစ်ရက်အလိုတွင် ရီပါ့ဘလင်ကန်ပါတီ ဒုတိယသမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဆာရာပိန်းလင်းထံ ပြင်သစ်ကနေဒါကပြား လူရွှင်တော်တစ်ယောက်က ပြင်သစ်သမ္မတနီကိုလပ်စ် ဆာကိုဇီဟန်ဆောင်ကာ ဖုန်းဆက်ခဲ့ကြောင်း၊ အတော်ကြာမှ နောက်ပြောင်ပြီး ဆက်မှန်းသိရသဖြင့် သူ့မပါတီဝင်ယှဉ်ပြိုင်ရေးအဖွဲ့သားများက ဆာရာဟာ အတော်ဟာသမြောက်တဲ့သူဖြစ်သည်ကို ၀န်ခံခဲ့ကြရကြောင်း။

(၄) စပိန်နိုင်ငံရှိ ဆေးရုံတစ်ခုမှာ အမွှာပူးမွေးလာတဲ့ မိန်းကလေးနှစ်ယောက်သည် ဆေးရုံဝန်းထမ်းများ အထားမှားပြီး ကွဲသွားကြရာ (၂၈)နှစ်ကြာပြီးမှ ကံအားလျော်စွာပြန်တွေ့ကြရကြောင်း၊ ဒါ့ကြောင့် အမွှာညီမတစ်ယောက်က သက်ဆိုင်ရာ စပိန်ဆေးရုံကို တရားစွဲထားသည်ဆိုကြောင်း။

(၅) ရုရှားလူမျိုးများသည် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အရက်ကို အလွန့်အကျွံသောက်တတ်ကြရာ လူတစ်ယောက်မှာ အရက်အလွန့်အကျွံသောက်ထားသဖြင့် သူ့ကျောပြင်ကို ဓားနဲ့ထိုးသွားသည်ကိုပင် မသိလိုက်ကြောင်း။

(၆) ချီလီနိုင်ငံရှိ Angol ခေါ်ရွာငယ်လေးတစ်ရွာမှ အသက် (၈၁)နှစ်အရွယ်အဘိုးအိုတစ်ယောက်ကို ဆွေမျိုးများက သေပြီထင်ပြီး ခေါင်းထဲထည့်ထားကြရာ အသက်ဝင်ပြီး သူ့အလိုလို ပြန်လည်နိုးထလာသဖြင့် သက်ဆိုင်ရာဆွေမျိုးများမှာ လွန်စွာထိတ်လန့်ခဲ့ကြရကြောင်း။

(၇) အသက် (၁၀၂)နှစ်အရွယ်ရှိ နယူးဇီလန်နိုင်၏ အသက်ကြီးဆုံးပြောင်းရွှေ့နေထိုင်သူတစ်ယောက်ဖြစ်သော Briton Eric King-Turner သည် ကမ္ဘာ့အခြားတစ်နေရာမှာ နေထိုင်မည်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နယူးဇီလန်မြို့တော် Wellington သို့ သင်္ဘောစီးနင်းလိုက်ပါသွားရာ သက်ဆိုင်ရာသတင်းလောကသားများအတွက် အုပ်အော်သောင်းနင်းဖြစ်ခဲ့ရကြောင်း။

(၈) တရုတ်နိုင်ငံ၊ ရှမ်ဟိုင်းမြို့က အရာရှိများသည် မြို့တော်အတွင်းနေထိုင်သူများကို ည၀တ်အင်္ကျီဖြင့် အပြင်ထွက်လမ်းလျှောက်ခြင်းကို မလုပ်ကြရန်ဖျောင်းဖျပြောကြားခဲ့ကြရကြောင်း၊ ယင်းသို့ည၀တ်အင်္ကျီဝတ်ဆင်ပြီးလမ်းထွက်လျှောက်တဲ့ အလေ့အကျင့်မှာ တရုတ်စီးပွါးရေးထိုးကျချိန်တွင် စတင်ဖြစ်ပေါ်လာသည်ဟုသိရကြောင်း၊ မြို့သူမြို့သားများ၏ရည်ရွယ်ချက်မှာ သူတို့သည် ည၀တ်အင်္ကျီလိုမျိုး ဇိမ်ခံပစ္စည်းများကို ပိုင်ဆိုင်ရလောက်အောင်တော့ ချမ်းသာကြသေးသည်ကို ပြသလိုခြင်းကြောင့်ဟု သိရကြောင်း။

(၉) မီးလောင်ကျွမ်းပြီးသော လူ့အကြွင်းအကျန်များကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ သယ်ဆောင်လွှင့်ပစ်ပေးတဲ့ အမေရိကန်သုဘရာဇာလုပ်ငန်းကြီးမှ သက်ဆိုင်ရာတာဝန်ရှိသူက ယင်းအကြွင်းအကျန်များကို လကမ္ဘာပေါ်သို့လဲ သယ်ယူသိမ်းဆည်းခြင်းလုပ်ငန်းကို စတင်ဆောက်ရွက်နေပြီဟု ဆိုကြောင်း။

(၁၀) သတင်းမီဒီယာလောကနဲ့ အကျွမ်းတ၀င်ရှိတဲ့ ဗြိတိရှလူငယ်တစ်ယောက်သည် အင်ဒိယနိုင်ငံသို့ ဘယ်လိုပုံစံမျိုးနဲ့မှ ပိုက်ဆံတစ်ကျပ်တပြားကိုတောင်အသုံးမပြုပဲ လမ်းလျှောက်သွားဖို့ ရည်ရွယ်ခဲ့ကြောင်း၊ သို့သော်လဲ Calais မြို့ရှိ French Channel ဆိပ်ကမ်းက အရာရှိတွေဟာ သူပြောတဲ့ အင်္ဂလိပ်စကားကို နားမလည်ကြတဲ့အတွက်ဟု အကြောင်းပြကာ တာအထွက်မှာပင် သူ့ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်သည် ဆိုကြောင်း။

(၁၁) အင်္ဂလန်နိုင်ငံ၊ Swansea မြို့အတွင်းရောက်လာကြတဲ့ ဆဲလ်တစ်ဘာသာစကားကိုပြောဆိုကြတဲ့ ဝေလနယ်သားတွေဟာ I am not in the office at the moment. “ကျနော်လောလောဆယ် ရုံးတွင်မရှိပါ” ဆိုတဲ့ဆိုင်းဘုတ်ကြောင့် အူကြောင်ကြောင်ဖြစ်သွားကြရကြောင်း၊ "No entry to heavy goods vehicles" “ကုန်တင်ကားကြီးများ မ၀င်ရ”လို့ဖတ်ရမည့်ဆိုင်းဘုတ်ကို နားမလည်လို့ လောလောဆယ်ရုံးမှာမရှိတဲ့ ဘာသာပြန်တစ်ယောက်ဆီ (ဘာသာပြန်ပေးဖို့) အီးမေးလ်ပို့လိုက်ရကြောင်း။

(၁၂) အသက် (၁၀၅)နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပတဲ့ ဗြိတိရှအဘွားအိုတစ်ယောက်သည် သူမ၏အသက်ရှည်ကြောင်းလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်ကြောင်း၊ လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ပါက အသက်ရှည်မည်ဖြစ်ပြီး လိင်ဆက်ဆံမှုကြောင့် ပြဿနာများစွာရှိနိုင်သည်ဟုပြောကြားလိုက်ကြောင်း။

(၁၃) ကမ္ဘောဒီးယားနိုင်ငံ၊ တောရွာလေးတစ်ရွာမှ လင်မယားနှစ်ယောက်သည် လင်မယားရန်ဖြစ်ပြီး ၄င်းတို့ပိုင်ဆိုင်တဲ့အိမ်ကို လွှဖြင့်နှစ်ပိုင်းအညီဖြတ်ကာ မိမိတို့သက်ဆိုင်ရာဝေစုကို ယူသွားကြကြောင်း။
(ကျနော် ရေးခဲ့ပြီး)

(၁၄) ကမ္ဘာ့ပထမဆုံး ဝှေးစေ့ချက်နည်း နိသျည်း စာအုပ်ကို ရေးသားသူ ဆားဗီးယားလူမျိုးစားဖိုမှူးက လူ့ဝှေးစေ့ကလွဲရင် ဝှေးစေ့မှန်သမျှ စားကောင်းသည် ဆိုကြောင်း။

(၁၅) ဆွင့်စ်လူမျိုးစွန့်စားသူတစ်ယောက်ဟာ လူငယ်လူရွယ်တွေရဲ့စိတ်ကူးယဉ်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ပြသခဲ့ကြောင်း၊ ဂျက်အင်ဂျင်တပ်တောင်ပံများကို တပ်ဆင်ကာ ငှက်တစ်ကောင်လို ကောင်းကင်တွင်ဝဲပျံခဲ့ကြောင်း၊ ဗြိတိန်နိုင်မှ ပြင်သစ်နိုင်အထိ ပျံသန်းပြခဲ့ပြီး ငှက်တစ်ကောင်အလား ခံစားရသည်ဆိုကြောင်း။

(၁၆) ဘူဂေရီးယားနိုင်ငံရှိ ဆေးခြောက်ဆန့်ကျင်ရေးလှုပ်ရှားသူများသည် မြို့တော်ဆိုဖီယာရှိ အစိုးရဌာနချုပ်အပြင်ဘက်ပန်းပင်များအကြားရောနှောပေါက်ရောက်နေတဲ့ ဆေးခြောက်ပင်များကို တွေ့ရှိပြီးနောက် ဌာနချုပ်သို့ ချီတက်လာကြကြောင်း။

(၁၇) ဆွီဒင်နိုင်ရှိ အဓိကလေဆိပ်ကြီးတစ်ခုတွင် အသက် (၇၈)နှစ်အရွယ်ရှိ အဘွားအိုတစ်ယောက်သည် လမ်းညွှန်ချက်များကို အဖတ်မှားကာ ရွေ့လျားနေသောပစ္စည်းစစ်ဆေးရေးစက်ပေါ်တွင် အိပ်ကိုတင်ရမည့်အစား လူကိုယ်တိုင်တက်ထိုင်လိုက်သဖြင့် သက်ဆိုင်ရာများက ကမန်းကတန်းဆွဲချလိုက်ရကြောင်း။

(၁၈) သြစထရေးလိယားနိုင်ငံတွင် ဂေါက်သီးလေးလုံးကို အဥဟုအမှတ်မှားပြီး မျိုချလိုက်သော စပါးကြီးမြွေကြီးတစ်ကောင်ကို ဆရာဝန်များက အရေးပေါ်ခွဲစိတ်ပြီး ကုသပေးလိုက်ရကြောင်း။

သတင်းပါ မီးနင်းများ
(၁) offbeat (adj)= ထင်ထားတာနဲ့ တခြားစီဖြစ်သော
(၂) weird (adj)= ထူးဆန်းသော
(၃) a prank phone call= နောက်ပြောင်ပြီးဖုန်းခေါ်ခြင်း
(၄) impersonating (v)= (တခြားလူ) ဟန်ဆောင်လျှက်
(၅) hoax (n)= လှည့်စားခြင်း
(၆) a media frenzy= သတင်းဂယက်ထမှု
(၇) dissuade (v)= (မလုပ်ဖို့) ဖျောင်းဖျသည်
(၈) bemused (adj)= အူကြောင်ကြောင်ဖြစ်သော
(၉) celibacy (n)= လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်သူ
(၁၀) hassle (n)= ပင်ပန်းမှု
(၁၁) convoluted (adj)=အလွန်ရှုပ်ထွေးလှသော
(၁၂) testicles (n)= ဝှေးစေ့များ
(၁၃) lived out (sth)= အကောင်အထည်ဖေါ်သည်
(၁၄) cannabis (n)= ဆေးခြောက်
(၁၅) marijuana (n)= ဆေးခြောက်
(၁၆) was whisked down= အောက်သို့ ကမန်းကတန်းဆွဲချလိုက်ရသည်



(http://uk.news.yahoo.com/18/20081229/tod-two-thousand-and-strange-offbeat-sto-7f81b96.html) ကို ကိုးကားဖေါ်ပြပါသည်။

Sunday, December 28, 2008

ခေတ်ကာလ

There is point beyond which even justice becomes unjust.

Sophocles (496 BC-406 BC)


အမှန်တရား (တရားမျှတမှု) သည်ပင် အမှား (မတရား) ဖြစ်လာရတဲ့ အခါမျိုးတွေ ရှိတတ်သေးတယ်။
(ဆိုဖကော်လ်စ်)

Friday, December 26, 2008

ဝေဒနာဖြစ်သွားသော ဆရာ့စေတနာ


လာလယေ ဗဟဝေါ ဒေါသာ၊
တာလယေ ဗဟဝေါ ဂုဏာ။
တသ္မာ ပုတ္တဉ္စ သိဿဉ္စ၊
တာလယေ န တု လာလယေ။
(စာဏ်နီတိ ဂါထာ ၁၂)

ချော့မော့ပြောဆို၍ ဆုံးမခြင်းကြောင့် အပြစ်များစွာ ဖြစ်တတ်၏။
ကြိမ်ဒုတ်ဖြင့် ရိုက်၍ ဆုံးမခြင်းကြောင့် အကျိုးများစွာ ဖြစ်တတ်၏။
ထို့ကြောင့် သားသမီးကိုဖြစ်စေ၊ တပည့်တပန်းကိုဖြစ်စေ၊
ဒုတ်ပြ၍ ဆုံးမလေရာ၏၊ ချော့မော့၍ မဆုံးမလေရာ။

ဘီဘီစီ သတင်းတစ်ပုဒ်ကို ဖတ်မိလို့ ကျနော်မှတ်ထားခဲ့ဘူးတဲ့ အထက်ပါ ဂါထာနဲ့ မြန်မာပြန်စာသားလေးကို ခေါင်းမီးတောက်အောင် ပြန်ရှာယူလိုက်ရတယ်။ ရှေးခေတ်အင်ဒိယနိုင်ငံရဲ့ စာဆိုပညာရှိ စာဏကျအမတ်ကြီး (BC 300 ခန့်) ရေးသားထားခဲ့တဲ့ ဆုံးမစာလေးတစ်ပုဒ်ပါ။ အမတ်ကြီးရဲ့ အဆိုအရဆိုရင် တပည့်သားမြေးကို ချော့မော့ဆုံးမတာထက် ရိုက်နှက်ဆုံးမတာက ပိုပြီးတော့အကျိုးများပါတယ်တဲ့။

ကျနော်တို့ မြန်မာပြည်မှာတော့ ဆရာမိဘတွေက တပည့်သားသမီးတွေကို ရိုက်ပြီးဆုံးမတဲ့စနစ် အခုထိ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြတုန်းပါပဲ။ အကျိုးရှိတယ်ဆိုတာထက် ကျနော့်အမြင်မှာတော့ တပည့်သားသမီးတွေရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ မုန်းတီးစိတ်၊ ရွံရှာစိတ်တွေ ၀င်သွားရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပိုမိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဆရာမိဘတွေရဲ့ ရိုက်နှက်ပြီးအဆုံးအမကို ခံခဲ့ရတဲ့တပည့် သို့မဟုတ် သားသမီးတွေဟာ သက်ဆိုင်ရာ ဆရာမိဘတွေရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်ကလေးလို ရိုးရိုးကုတ်ကုတ်နေတတ်ပြီး နောက်ကွယ်မှာဆိုရင် ဗရမ်းဗတာ နေတတ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ငယ်စဉ်က ဒီလိုပုံစံမျိုးနဲ့ ကြီးပျင်းခဲ့ရပါတယ်။ ဒါကြောင့် အခုကျနော်တအားဆိုးနေတာ နေမှာ။ (ကြော်ငြာ)။

နေရာတိုင်းမှာ (Advantages and Disadvantages) အကောင်းအဆိုးဆိုတာတွေကတော့ ဒွန်တွဲနေတတ်စမြဲပါပဲ။ ပုံသေကားချ ဒီနည်းဟာအကောင်းဆုံးပဲလို့ ပြောလို့တော့ မဖြစ်နိုင်ပါဘူး။ ဆရာမိဘတွေဟာ ကိုယ့်အဆုံးအမကို တပည့်သားသမီးတွေ နာခံစေချင်ရင် နာခံနိုင်လောက်အောင် သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီး ပြောတတ်ဖို့တော့လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။ မိဘအများစု၊ အထူးသဖြင့် ကျနော်တို့မြန်မာပြည်က မိဘအများစုဟာ သားသမီးတွေကို မိမိတို့လိုချင်တဲ့ပုံစံခွက်ထဲ မ၀င့်ဝင်အောင် နင်းကန်ပုံသွင်းတတ်ကြပါတယ်။ ဒါဟာ အင်မတန်ကြီးကျယ်တဲ့ အမှားပဲလို့ ကျနော်သုံးသပ်မိပါတယ်။

“မိဘက ကောင်းစေချင်လို့ပြောတာ၊ မင်းက စကားနားမထောင်ဘူး၊ ဘယ်တော့မှ ကြီးပွါးမည့်ကောင်မဟုတ်ဘူး” စတဲ့စကားမျိုးတွေလဲ ရံခါ ကြားရတတ်ပါတယ်။ သားသမီးကို ဆုံးမတဲ့နေရာမှာ ပေတံတစ်ခုခုကို ကိုင်ထားရင် အဲဒီမိဘတွေဟာ စိတ်ဆင်းရဲကြရဖို့ များပါတယ်။ ခေတ်ကြီးက ပြောင်းလဲနေပါပြီ။ ထို့အတူ စနစ်တွေလဲ ပြောင်းလဲကုန်ပါပြီ။ ထိုနည်းတူ လူသားတွေရဲ့ စိတ်ဖြစ်စဉ်ဟာလဲ ပြင်ပအာရုံအလိုက် စက္ကန့်မခြား ပြောင်းလဲနေကြပါပြီ။ ဒီတော့ မိဘဆရာလုပ်သူများက သားသမီး တပည့်တပန်းတွေကို ဆုံးမတဲ့နည်းကိုလဲ ပြောင်းလဲပစ်ကြဖို့ လိုနေပါပြီ။

အခုကျနော်ရောက်နေတဲ့ ဗြိတိန်မှာဆိုရင် ဆရာမိဘတွေက သားသမီးကို ရိုက်နှက်ဆုံးမခွင့်လုံးဝမရှိပါဘူး၊ ရိုက်နှက်ဖို့ မပြောနဲ့ စကားလုံးကြမ်းကြမ်းနဲ့တောင် အော်ငေါက်ခွင့်မရှိဘူး လို့သိရပါတယ်။ ဥပဒေနဲ့ကို ထိမ်းချုပ်ထားတာပါ။ ဒီမှာတော့ အားလုံးဥပဒေနဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒီလိုလုပ်လို့ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလဲ အမြောက်အများပါပဲ။ မိဘတွေဟာ သားသမီးကို မဆုံးမရဲသလို ဆရာတွေကလဲ တပည့်ကို ချော့ပေါင်းနေကြရပါတယ်။ ကျနော်သတိထားမိသလောက် ဆရာ၊ ဆရာမတွေဟာ အတော်လေးကို ကောင်းအောင်ကြိုးစားပြီး တပည့်တွေအပေါ် ဆက်ဆံကြပါတယ်။

ကျနော့်အနေနဲ့ကတော့ စာဏကျဆရာအမိန့်ရှိခဲ့တဲ့ “ချော့မော့ဆုံးမတာထက်၊ ရိုက်နှက်ပြီးဆုံးမတာက ပိုမိုထိရောက်တယ် ” ဆိုတဲ့စကားကို အတည်မမှတ်ယူနိုင်သလို ဗြိတိရှတွေရဲ့ “တပည့်သားသမီးတွေကို လုံးဝမရိုက်နှက်ရ” ဆိုတဲ့ ဥပဒေကိုလဲ တသမတ်တည်း ယူလို့မဖြစ်နိုင်ပါဘူး။ “မလျှော့မတင်း၊ စောင်းကြိုးညှင်းသို့” ဆိုသလို တပည့်သားသမီးတွေကို ချော့တစ်ခါ၊ ချောက်တစ်လှည့် ဆုံးမဖို့တော့လိုမယ်လို့ ကျနော်တင်ပြချင်ပါတယ်။ အဲလိုမလုပ်ပဲ ရိုက်နှက်ပြီးဆုံးမတဲ့အခါ စိတ်မထိမ်းနိုင်ပဲ ဒေါသအရှိန်တွေတက်လာရင် လက်လွန်ခြေလွန်ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လက်လွန်ခြေလွန်ဖြစ်သွားလို့ အီဂျစ်နိုင်ငံက ဆရာတစ်ယောက် ထောင်နန်းစံသွားရတဲ့အကြောင်းကို ဒီနေ့ ဘီဘီစီသတင်းမှာ ဖတ်လိုက်ရပါတယ်။

အီဂျစ်နိုင်ငံ၊ Alexandria မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ Saad Othman Primary School မူလတန်းကျောင်းမှာဖြစ်ခဲ့တဲ့ ဆရာလုပ်သူတွေ သတိမူစရာသတင်း သို့မဟုတ် အဖြစ်အပျက်လေးတစ်ခုပါ။ အသက် (၂၃)နှစ်အရွယ်ပဲရှိသေးတဲ့ သင်္ချာဆရာလေး Haitham Nabeel Abdelhamid ဟာ သူ့အတန်းက အသက် (၁၁)နှစ်အရွယ်ကျောင်းသားလေး Islam Amr Badr ကို အိမ်စာမလုပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းအပြင်ဘက်ခေါ်ထုတ်သွားပြီး ကလေးရဲ့ဗိုက်သားပြင်ကို နင်းကန်ရိုက်ပါသတဲ့။ အဲဒီရိုက်ချက်ကြောင့် ကျောင်းသားလေးဟာ အဲဒီနေရာမှာတင် မူးမေ့လဲကျသွားပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေလဲ အသက်မလုနိုင်ကြတော့ပါဘူး။ Islam Amr Badr လေးခမျှာ သူ့ဆရာလက်ချက်နဲ့ပဲ ဆေးရုံမှာ ကွယ်လွန်သွားရရှာပါတယ်။

Alexandria တရားရုံးရဲ့အဆိုအရ ကလေးမှာ အရိုးလေးချောင်း ကျိုးသွားတယ်လို့ သိရပါတယ်။ ကျောင်းဆရာကိုလဲ manslaughter လူသတ်ကောင်ဆိုပြီး ကင်ပွန်းတပ်ဆုံးဖြတ်လိုက်ပါတယ်။ ကျောင်းဆရာရဲ့ရှေ့နေကတော့ "Hitting [a child] is not banned in schools and my client did not break the law." “ကျောင်းတွေမှာ (ကျောင်းသားတွေကို) မရိုက်ရဆိုတဲ့ ဥပဒေ ပြဓာန်းမထားပါဘူး၊ (ဒါကြောင့်) ကျနော့်အမှုသည်ဟာ ဥပဒေကို မချိုးဖေါက်ခဲ့ပါဘူး” လို့ လျှောက်လဲခဲ့ပါသေးတယ်။

ဒါပေမဲ့လဲ တရားရုံးက ကျောင်းဆရာကို ထောင်ဒဏ် (၆)နှစ်ကျခံဖို့ အပြစ်ပေးလိုက်ပါတယ်။ ကျောင်းသားလေးရဲ့အဖေ Amr Badr Ibrahim ကတော့ ဒီပြဿနာဟာ သင်ပုံစနစ်နဲ့ ဆရာဆရာမတွေ အသုံးမကျလို့ဖြစ်ရတာ၊ မူရင်းတရားခံကတော့ ပညာရေးဝန်ကြီးပဲဆိုပြီး ၀န်ကြီးအထိ တရားစွဲသင့်ကြောင်း ပြောနေပါတယ်။ ဒီအဖြစ်အပျက်က ဆရာဆရာမလုပ်သူတွေဟာ ရှင့်လဲလျှောက်သာ၊ ပျားလဲစွဲသာအောင် ဆုံးမသွန်သင်တတ်ဖို့ အင်မတန်ကို လိုအပ်ကြောင်း သင်္ခန်းစာပေးလိုက်တာပါ။ မိမိဒေါသကို မထိမ်းနိုင်ရင် ဆုံးမတဲ့အခါ ဒုတ်မကိုင်မိပါစေနဲ့လို့ ကျနော်က ထပ်ဆင့်အသိပေးလိုက်ပါရစေ။

ဆရာအားလုံးကို အစဉ်ဂါရ၀ပြုလျှက်----------
(http://news.bbc.co.uk/1/hi/world/middle_east/7799777.stm) ကို ကိုးကားဖေါ်ပြပါသည်။

Thursday, December 25, 2008

Merry X'mas to You All!


As soon as I went outside of my hostel,
A light breeze came and kissed my body,
And greeted me "Merry Christmas to you",
A sudden reply came out of my mouth,
A happy day to you too, my friend.

My feet took me slowly to a skeleton tree,
Whose leaves were hiding from a UK winter,
My ears were hearing a bird there singing,
It made me understood that he's greeting,
I gave my response "Merry Christmas" smiling.

The feet of mine continued further steps,
My eyes were catching a bloom in blossom,
It was dancing by wobbling from left to right,
The implication occurred to me by looking at,
"Merry Christmas" it said to me as others did.

A walk I made was carried on,
A squirrel ran passed looking at me back,
I heard something it cried out,
It sounded to my ears like greeting,
I made my reply "Merry Christmas".

When I looked up the sky at night time,
I saw stars there with sparkling light,
They were twinkling one another with greeting,
My heart was happy by seeing them,
And I said "Merry Christmas" by smiling.

Wednesday, December 24, 2008

ဖိနပ်ပစ်တမ်း ကစားကြမယ်

ဒီ http://www.sockandawe.com/Website လေးကို click လိုက်ပါ။ သမ္မတဘုရှ်နဲ့ အီရတ်ဝန်ကြီးချုပ်တို့ပုံတွေ အမေရိကန်နဲ့ အီရတ်အလံတော်တွေ နောက်ခံထားပြီး ပေါ်လာပါလိမ့်မယ်။ အီရတ်ဝန်ကြီးချုပ်ကတော့ သူ့ထိုင်ခုံမှာ ခေါင်းလေးပုပြီး ထိုင်နေမြဲထိုင်နေမှာပါ။ ဒါပေမဲ့ သမ္မတဘုရှ်ကတော့ (Hurling) ပစ်လိုက်တဲ့ ဖိနပ်ကို (Ducking) ဟိုရှောင်ဒီရှောင် လုပ်နေပါလိမ့်မယ်။

စုစုပေါင်း (၂၅) စက္ကန့်အချိန်ပေးထားပါတယ်။ Mouse Pointer နဲ့ချိန်ပြီး Left Click နဲ့ပစ်ရပါတယ်။ ပစ်လိုက်တဲ့ဖိနပ်က သမ္မတဘုရှ်ကို သွားမှန်ရင် တစ်မှတ်ရပါတယ်။ စမ်းကြည့်ပါ။ (၂၅) စက္ကန့်အတွင်း ဘယ်နှစ်ချက်မှန်အောင်ပစ်နိုင်လဲလို့။ သင်ဘယ်နှစ်မှတ်ပဲ ရရ။ Congratulation! အလုပ်ခံရမှာတော့ သေချာတယ်။

တစ်ခုတော့ရှိတယ်နော်။ ကျနော်က သမ္မတဘုရှ်ကို အားကျတဲ့လူတစ်ယောက်ပါ။ ဒီကစားနည်းကို တီထွင်တဲ့လူကို အားပေးတဲ့အနေနဲ့ တင်ပေးလိုက်တာပါဗျာ။ ဖိနပ်နဲ့ အပစ်ခံချင်လို့တော့ မဟုတ်ပါဘူး။ ဒီကစားနည်းကို တီထွင်တဲ့ the BH Raja website ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါတဲ့။
"If you cannot do anything to politicians in real life, you can in the virtual world,"
“လက်တွေ့ဘ၀မှာ နိုင်ငံရေးသမားတွေကို သင်ဘာမှ မလုပ်နိုင်ဘူးဆိုရင် ကွန်ပျူတာလောကမှာတော့ သင် (လုပ်ချင်တာ) လုပ်နိုင်ပါတယ်”။

Tuesday, December 23, 2008

အနိုင်နဲ့ သိက္ခာ


I would prefer even to fail with honor than to win by cheating.

Sophocles (496 BC-406 BC)

ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)

The Mother Who Gives Us the Future


When the natural tides went calm,
The Cyclone Nagis settled down,
One of my hands lifted up,
And wiped something in my face down.

Everything I'd known was gone,
My parents too abandoned,
I was left all alone,
Where would I go I didn't know.

The tears were in my eyes,
But I didn't know how to cry,
I felt something touched on me,
It was I knew a deity.

The heaven sent one fairy,
who came to the world t'save me,
Many other children together,
Who were left by their ma.

The fairy consoled us all,
With her kindness much more,
I felt I got stronger,
Though I lost my mother.

We all call her our Ma,
She loves us forever,
She gives us the future,
We'll never lose the mother.

These poems are composed indicating my beloved sister who has fostered and adopted nine children who are the victims of the Cyclone Nagis in Burma.

Saturday, December 20, 2008

အနှစ်လေးဆယ်က အကြွေး ငါးကျပ်


"In this day and age promises are made and promises are broken and you lose your faith in human nature".

Jim Webb

“ဒီခေတ်၊ ဒီခါကြီးထဲမှာ ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ပဲ ချိုးဖျက်တတ်ကြတယ်၊ ဒါကြောင့် လူတွေအပေါ် ယုံကြည်မှု မဲ့လာရတာ”
(ဂျင်ဝက်ဘ်)


ချေးတော့ပြုံးပြုံး၊
တောင်းတော့မုန်း၊
မတောင်းလဲခက်၊
တောင်း မိတ်ပျက်။

သူများဆီမှာ ချေးငှါးပြီးရင် ဖြစ်တတ်တဲ့ သဘောလေးပါ။ အားလုံးသိပြီးသား အဆိုလေးတစ်ခုပေါ့။ ကိုယ့်မှာ သုံးဖို့စွဲဖို့ အခက်အခဲရှိလာရှင် အဆင်ပြေလောက်တဲ့ လူတွေ၊ ရင်းနှီးတဲ့ အပေါင်းအသင်းတွေဆီက ချေးကြရ၊ ငှါးကြရတာ သဘာဝပါပဲ။ ဒါဆန်းကြယ်တဲ့ အဖြစ်တော့မဟုတ်ပါဘူး။ ကိုယ့်မှာ အခက်အခဲ ရှိလို့ ချေးငှါးမိပြီးရင် ပြန်ပေးဖို့တော့ သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ အချို့လူတွေဟာ ချေးတဲ့အခါ မျက်နှာတစ်မျိုး၊ အတောင်းခံရတဲ့အခါ မျက်နှာတစ်မျိုးနဲ့ နောက်ဆုံးတစ်ယောက်တစ်ယောက်နဲ့ အခင်အမင်ပျက်သွားတဲ့ အထိ ဖြစ်ကြတာ မကြာခဏဆိုသလို တွေ့ကြရမှာပါ။ လူတိုင်းလောက်နီးပါး အနည်းနဲ့အများ ချေးငှါးဖူးကြမယ်ထင်ပါရဲ့။ ကျနော်လဲ ချေးဖူးငှါးဖူးတာပါပဲ။ ဒါပေမဲ့ သူမတောင်းခင် ကိုယ်က အလိုက်တသိပေးနိုင်တာကတော့ အကောင်းဆုံးပါ။ တောင်းမှ ပေးရတာမျိုးဆိုရင် စိတ်ကသိကအောင့် အင်မတန်နိုင်ပါတယ်။

“အခက်အခဲရှိနေလို့ သူ့ပိုက်ဆံလေး နည်းနည်းပါးပါး ချေးမိပါတယ်။ တောင်းလို့ကို မပြီးနိုင်တော့ဘူး။ တကယ်တည်းမှပဲ၊ သူ့ပိုက်ဆံ တစ်သက်လုံး ပြန်မပေးတော့မှာ ကျနေတာပဲ။ သူဟာကျတော့ မြင်တတ်လိုက်တာ လွန်ပါရော” ဆိုတဲ့လေသံမျိုးနဲ့တောင် တောင်းတဲ့အခါ အပြောခံရတတ်ပါသေးတယ်။ ဖြစ်နိုင်သမျှတော့ မချေးမိ၊ မငှါးမိတာ အကောင်းဆုံးပဲလို့ ကျနော် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းနည်းချေးထားရင် ဒီလောက်နည်းနည်းလေးနဲ့ သူ့အတွက်လဲ အရေးမကြီးပါဘူးလေဆိုပြီး မပေးဖြစ်ပဲ နေမိတတ်တယ်။ များများချေးထားမိပြန်တော့ ကိုယ်ချေးထားသလောက် တစ်ခါတည်း ပြန်မပေးနိုင်တာနဲ့ မနက်ဖန်ပေါင်းများစွာ ရွှေ့ဆိုင်းရင်း ကိုယ်ကတိပြုထားတဲ့ ရက်မှာ ပေးနိုင်ဖို့ အတော့်ကို ခက်သွားတတ်ပါတယ်။

အကြွေးယူထားသူ (မြီစား)မှာလဲ ဘယ်နေ့ပေးနိုင်နိုးနိုးနဲ့ စိတ်စနိုးစနောက်တွေဖြစ်၊ အကြွေးရှင် (မြီရှင်)မှာလဲ ဘယ်နေ့ပြန်ရနိုးနိုးနဲ့ စိတ်ကသိကအောင့်တွေဖြစ်ပြီး ခင်မင်ရင်းနှီးနေတဲ့ သူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ခပ်တမ်းတမ်းဖြစ်သွားကြရတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဗုဒ္ဓဘုရားကလဲ အကြွေးကင်းခြင်းကို ချမ်းသာခြင်းတစ်မျိုးအဖြစ် ဟောကြားတော်မူခဲ့တာ ထင်ပါရဲ့။ ကျနော်ဒီပို့စ်လေးကို ရေးဖြစ်တဲ့အကြောင်းလေးတစ်ခုရှိပါတယ်။ မနေ့က ဘီဘီစီသတင်းတစ်ပုဒ်ထဲမှာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ယူထားတဲ့ စတာလင် (၅)ပေါင်၊(ကျပ် ကိုးထောင်လောက်) ကို အခုမှ ပြန်ဆပ်ရတဲ့ လူတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရတယ်။

မစ္စတာ Jim Webb အပြင်ကပြန်ရောက်ရောက်ချင်း အိပ်ပေါက်ဝမှာ ရောက်နေတဲ့ စာအိပ်လေးတစ်ခုကို ကောက်ယူဖတ်လိုက်တယ်။ စာအိပ်လေးအပေါ်မှာ အောက်ပါအတိုင်း စာတိုလေး နှစ်ကြောင်းရေးထားတာ တွေ့လိုက်ရတယ်။

To
Jim Webb, a good man

From
Gary Fenton, a tardy payer of debts

သို့/
သူတော်ကောင်းကြီး မစ္စတာ ဂျင်မ်ဝက်ဘ်

မှ/
အကြွေးပေးနောက်ကျသူ မစ္စတာ ဂယ်ရီဖဲန်တန်

စာအိပ်ထဲဖွင့်ကြည့်လိုက်တော့ ကဒ်လေးတစ်ခုနဲ့ ပေါင် (၂၀၀) ထွက်လာပါတယ်။ အဲဒီကဒ်မှာ မစ္စတာ ဂယ်ရီက လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က (၁၉၆၉ နှစ်က) Belgium နိုင်ငံ Ostend မြို့၊ သင်္ဘောဆိပ်မှာတွေ့တုန်း မစ္စတာ ဂျင်မ်ဆီက စတာလင်ငါးပေါင် ချေးခဲ့တာကို ပြန်ဆပ်တဲ့အကြောင်း စာတိုလေး ရေးထားပါတယ်။ မစ္စတာဂျင်မ်နဲ့ သူ့သူငယ်ချင်းတို့နှစ်ယောက်ဟာ ၁၉၆၉ နှစ်မှာ ဥရောပတစ်ခွင် ခရီးထွက်တုန်း Ostend သင်္ဘောဆိပ်ရောက်တော့ အသက်နှစ်ဆယ်ခန့်ရှိ Australia လူမျိုးတစ်ယောက်ဟာ လမ်းစရိတ်ပြတ်သွားလို့ သင်္ဘောခပေးဖို့ပိုက်ဆံမရှိတော့တာနဲ့ မစ္စတာဂျင်မ်ဆီက ငါးပေါင်ချေးခဲ့ရရှာပါသတဲ့။

အဲဒီလူငယ်လေးရဲ့နာမည်က ဂယ်ရီဖဲန်တန်ပါ။ သူက ပစ္စတာဂျင်မ်ရဲ့ အိမ်လိပ်စာတွေယူသွားပြီးတော့ တတ်နိုင်တဲ့နေ့ ချက်ချင်းပြန်ဆပ်မယ်ပြောပြီး Australia ကိုပြန်သွားပါတယ်။ ဒါပေမဲ့ ချေးထားတဲ့ငွေပမာဏကလဲ နည်းနည်းလေးဆိုတော့ အရေးမကြီးလို့ မေ့သွားဟန်တူပါရဲ့။ ဒီလိုနဲ့ မေ့မေ့လျော့လျော့ နေလာလိုက်တာ နှစ်ပေါင်းလေးဆယ်လောက်ကြာပြီးမှ ဆစ်ဒနီမြို့ရှိ သူနေတဲ့ အိမ်ထဲ ဟိုရှိဒီရှာလုပ်ရင်းနဲ့ အမှတ်တမဲ့ ပြန်တွေ့ရတဲ့ လိပ်စာကို မြင်ရမှ အကြွေးပေးဖို့ သတိရလာပါသတဲ့။

အဲဒါကြောင့် အင်္ဂလန်ကို လူကိုယ်တိုင်ရောက်လာပြီး ချေးထားတဲ့ ငွေငါးပေါင်ကို အတိုးပါတွက်ပြီး တစ်နှစ် ငါးပေါင်နှုံးနဲ့ ပေါင် (၂၀၀) တိတိ ပေးခဲ့ပါတယ်။ သူပေးခဲ့တဲ့ ပေါင်ငွေ (၂၀၀)နဲ့ စာအိပ်ကလေးကို ကိုင်ပြီးတော့မစ္စတာဂျင်မ်ဟာ အတော်လေး ခံစားသွားရတဲ့အကြောင်းကို အောက်ပါအတိုင်းပြန်ပြောပါတယ်။
"I was quite emotional when I read it. In this day and age promises are made and promises are broken and you lose your faith in human nature".
“သူ့စာဖတ်လိုက်ရတော့ ကျနော်အရမ်းကို ခံစားသွားရတယ်ဗျာ၊ ဒီခေတ်ဒီခါကြီးထဲ လူတွေဟာ လွယ်လွယ်ပဲ ကတိပေးပြီး၊ လွယ်လွယ်ပဲ ဖျက်တတ်ကြတယ်၊ ဒါကြောင့်လဲ လူတွေအပေါ် အယုံအကြည်မဲ့လာရတာပေါ့” တဲ့။

မစ္စတာ ဂျင်မ်က အဲဒီပေါင် (၂၀၀)ကို သူကိုယ်တိုင်မသုံးပဲနဲ့ Charity တစ်ခုကို လှူဒါန်းလိုက်ပါတယ်။ အမှတ်တမဲ့တွေ့ပြီး အမှတ်တရဖြစ်အောင် လုပ်သွားတဲ့ သူ့မိတ်ဆွေအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ကောင်းကင်ဘုံမှာ ပြန်လည်ဆုံစည်းခွင့်ရပါစေ လို့။

အကြွေးကင်းကွာ၊ ဘေးကင်းပါစေသော်။

(http://news.bbc.co.uk/1/hi/england/south_yorkshire/7791427.stm) ကို ကိုးကားရေးပါသည်။

Friday, December 19, 2008

သုညကမ္ဘာက သူငယ်ချင်းတစ်ယောက်

သူငယ်ချင်း
ဒို့နှစ်ယောက် ဆုံခဲ့ပုံလေး ပြန်တွေးနေမိတယ်
ငါ့ရဲ့ Gtalk Box ထဲမှာ စတွေ့တဲ့အချိန်ကပေါ့
(မင်းနဲ့ငါလို့ပဲ သုံးပါရစေ သူငယ်ချင်း)
မနက်မိုးလင်းတိုင်း အင်တာနက်မဖွင့်လိုက်ရရင်
မပြည့်စုံဘူးလို့ ခံစားရတတ်တဲ့ ငါ့ရဲ့အကျင့်လေးတစ်ခုကြောင့်
ငါပိုင်တဲ့ သုံးဆယ့်ငါးပြားတန်ကွန်ပျူတာအစုတ်လေးနဲ့
စိတ်ကောက်မှ လိပ်လောက်သွားတဲ့ အင်တာနက်ကွန်နက်ရှင်ကို
စိတ်အားထက်သန်စွာနဲ့ဖွင့်ကြည့်လိုက်မိတယ်
စိတ်ဝင်စားစရာကောင်းတဲ့ နာမည်လေးတစ်ခု
သူ့ကိုလက်ခံဖို့အတွက် Yes or No မေးလာတယ်
လက်ခံသင့်/လက်မခံသင့်တစ်ခါမှ မစဉ်းစားခဲ့ဘူးတဲ့ငါ
ဒီတစ်ခါတော့ စဉ်းစားလိုက်မိတယ်
ဘာ့ကြောင့်လဲဆိုတော့
နာမည်လေးက စိတ်ဝင်စားစရာသိပ်ကောင်းနေလို့ပဲ

အဲဒီနာမည်လေးက
သာယာတဲ့ချိုတေးသံနဲ့အတူ
ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေတဲ့

မြစ်တစ်ခုကိုလဲ ကိုယ်စားပြုတယ်
သန့်ရှင်းစဉ်ကြယ်မှုနဲ့အတူ
အေးမြခြင်းသဘောကိုဆောင်တဲ့

နှင်းပွင့်လေးတွေကိုလဲ ကိုယ်စားပြုတယ်
နူးညံ့သိမ်မွေ့မှုနဲ့အတူ
အာရုံသင်းပျံ့ မွှေးရနံ့ရှိတဲ့
နံ့သာရည်စက်လေးတွေကိုလဲ ကိုယ်စားပြုတယ်
ဒီလောက်လှပပြီး ဒီလောက်အဓိပ္ပါယ်ပြည့်ဝတဲ့ နာမည်ပိုင်ရှင်ဟာ
ငါ့လို အညတြ
ဘာမဟုတ်တဲ့လူတစ်ယောက်ရဲ့Boxထဲ လက်ခံရမှာ

မ၀ံ့မရဲဖြစ်သွားမိသလိုပဲ
ဒါပေမဲ့
အဲဒီနာမည်လေးကို အတွေးများစွာနဲ့အတူ
ငါ Yes ပေးလိုက်တယ်


သူငယ်ချင်း
ပထမဆုံး မင်းမိတ်ဆက်တဲ့ စကားတစ်ခွန်း မှတ်မိသေးလား
Hello တဲ့
ပြီးတော့ ဘာပြောရမှန်းမသိဘူးတဲ့
နာမည်ကို စိတ်ဝင်စားနေတဲ့ ငါ့အတွက်
အဲဒီပုံစံမျိုးနဲ့ ၀င်လာတာလေးကလဲ
စိတ်ဝင်စားစရာဖြစ်လာတယ်

ဒီလိုနဲ့ ငါတို့နှစ်ယောက်
မမြင်ဖူးပဲ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်

အဲဒီအချိန်ထိတော့
သာမန်အွန်လိုင်းပေါ်မှာတွေ့နေကျသူငယ်ချင်းတွေပါပဲ

ဒါပေမဲ့
ငါ့တို့နှစ်ယောက်ရဲ့ အတားဆီးမဲ့ ရင်းနှီးမှုကို
ဖြစ်စေတဲ့ အကြောင်းလေးတစ်ခုပေါ်လာတယ်

မင်းဟာ ငါရေးတဲ့ စာတွေကို အမြဲဖတ်ပြီး အမြဲအားပေးတယ်
သူများတွေ ဥပေက္ခာပြုထားတဲ့ ငါ့စာတွေကိုတောင်
တကူးတကဖတ်ပြီး ငါ့ကို မင်းအားပေးခဲ့တယ်
မင်းဟာ ငါ့ကို စိတ်ဓာတ်ရေးရာအရ
ဖြည့်ဆည်းပေးတတ်တဲ့ သူတစ်ယောက်လို့
ငါ့ရင်ထဲက မှတ်ယူလိုက်တယ်

အမြဲတန်းမချီးကြူးတတ်တာလဲ
မင်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ပါပဲ

ငါ့ရဲ့အားနည်းချက်တွေကို မြင်တတ်ကြည့်တတ်ပြီး
ငါ့ကို ပြုပြင်စေခဲ့တယ်

ငါ့ဘ၀ရဲ့ တစ်နေရာမှာ
မင်းရှိနေလို့ ငါတကယ်အားရှိတယ်ဆိုတာ ယုံပါ


သူငယ်ချင်း
ငါတို့နှစ်ယောက်ဟာ ဆုံမှတ်မရှိတဲ့ သုညဇုန်မှာ
မထင်မှတ်ပဲတွေ့ခဲ့ကြတယ်

ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ဂဏန်းချပြီးရေတွက်လို့ မရနိုင်ဘူး
အသင်္ချေဆိုတဲ့ ကိန်းဂဏန်းတွေဟာ
ဒို့နှစ်ယောက်ရဲ့ ဆုံမှတ်အောက်မှာ
တန်ဘိုးမရှိတဲ့ အရေအတွက်တွေဖြစ်သွားခဲ့ပြီ

ဒို့နှစ်ယောက်ရဲ့ခင်မင်မှုဟာ
မောင်နှမတို့ရဲ့ ချစ်ခြင်းနဲ့လဲ ကွဲပြားတယ်
ချစ်သူနှစ်ဦးရဲ့သံယောဇဉ်မျိုးနဲ့လဲ နှိုင်းယှဉ်လို့မရနိုင်ဘူး
ဇနီးမောင်နှံတို့ရဲ့မေတ္တာနဲ့လဲ ယှဉ်ပြလို့ မဖြစ်ဘူး
ငါတို့နှစ်ယောက်ရဲ့ခင်မင်မှုဟာ
အချစ်ဆိုတဲ့ ရောင်စုံခံစားချက်တစ်မျိုးလဲ မဟုတ်ဘူး
မေတ္တာဆိုတဲ့ သီးခြားအရောင်တစ်မျိုးလဲ မဟုတ်ဘူး
သံယောဇဉ်ဆိုတဲ့ နှောင်ဖွဲ့မှုမျိုးလဲမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့
ငါတို့နှစ်ယောက်ရဲ့ နှလုံးသားတွေဟာ
တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့အခါတွေမှာ
အေးမြနေသလို
တွေ့နေရတဲ့အခါမှာလဲ ဘာပူလောင်မှုမရှိဘူး
သုညကို အခြေခံပြီး ခင်မင်လာတဲ့အတွက်
သုညပြန်ဖြစ်သွားလဲ ခင်မင်မြဲ ခင်မင်နေဦးမှာပဲ
အရောင်မရှိတဲ့ ဟင်းလင်းပြင်မှာ ခင်မင်လာတဲ့အတွက်
အရောင်တွေ ပျက်ပျယ်သွားလဲ ခင်မင်မှုက တည်ရှိနေဆဲပဲ
ဂုဏ်မရှိတဲ့ဒြဗ်နဲ့ ခင်မင်လာတဲ့အတွက်
ဂုဏ်မဲ့သွားတဲ့ အချိန်မှာလဲ
ဒို့ရဲ့ခင်မင်မှုဟာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး
ဘာမှ မသိပဲနဲ့ ခင်မင်လာတဲ့ ဒို့နှစ်ယောက်ဟာ
ဘာကိုမှလဲ ထပ်ပြီး သိစရာမလိုတော့သလို
ဘာမှမရှိပဲနဲ့ ခင်မင်လာတဲ့ ဒို့နှစ်ယောက်အတွက်
ဘာများထပ်ပြီး ရှိဖို့လိုသေးလဲ
ရှိခြင်းသဘောကို အခြေပြုပြီး
ခင်မင်လာတဲ့ သူတွေအတွက်တော့

ရှိခြင်းသဘောတရားဆိုတာ
ခင်မင်မှုအတွက် လိုအပ်တဲ့ အထောက်အပံ့တစ်ခုပေါ့
ဒါပေမဲ့
ဒို့နှစ်ယောက်အတွက်တော့
ရှိခြင်းသဘောတရားဟာ မရှိမဖြစ်အရာမဟုတ်ခဲ့ဘူး

မရှိခြင်းဆိုတဲ့ ကမ္ဘာထဲမှာတောင်
ခင်မင်မှုကို ထူထောင်နိုင်သေးတဲ့ ဒို့နှစ်ယောက်ဟာ
ရှိခြင်းဆိုတဲ့ ကမ္ဘာထဲမှာ ဘာများပြောစရာလိုဦးမှာလဲ
ဒါပေမဲ့
ငါစိုးရိမ်မိတာ တစ်ခုရှိတယ်

အဲဒါကတော့ ငါတို့နှစ်ယောက်စလုံးရဲ့စိတ်ဟာ
ရှိခြင်းသဘော ဟန်ဆောင်ထားတဲ့
မရှိခြင်းသဘောတွေကို

အဟုတ်ထင်သွားမှာကိုပါပဲ
မင်းဆီမှာ ဘာပဲရှိရှိ
ငါ့ဆီမှာလဲ ဘာပဲရှိရှိ
အဲဒီရှိခြင်းသဘောတွေကို မျက်ကွယ်ပြုပြီး
အရောင်မရှိတဲ့ခင်မင်မှု
ဂုဏ်မရှိတဲ့ခင်မှု
သုညကို အခြေခံတဲ့ ခင်မှုမျိုးတွေနဲ့သာ
ရှေ့ဆက်နိုင်မယ်ဆိုရင်

ငါတို့ရဲ့ အနာဂတ်ဟာ
ငါယုံတယ်လေ
အမြဲတမ်းလှပနေမှာပဲလို့။


(ကျနော့်သူငယ်ချင်း နဒီအတွက် ဒီကဗျာကို ရေးပါသည်။)

Wednesday, December 17, 2008

အားကျမိကြောင်းပါခင်ဗျား


အမေရိကန်မုန်းတဲ့လူတွေ ကျနော့်ဘလော့ကို ဖတ်မိရင် ဆဲချင်သလောက် ဆဲနိုင်ပါတယ်ခင်ဗျား။ ကြိုတင်ပြီး အကြောင်းကြားထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်စကားလေးတစ်ခွန်းပြောချင်လို့။ အဲဒါကဘာလဲဆိုတော့ ကျနော်ဟာ အမေရိကန်သမ္မတဖြစ်ရတဲ့ဘ၀ကို စားရ၀မခန်းကို အားကျသွားမိလို့ပါ။ တကယ်အားကျတာပါဗျာ။ ဘုရားစူးရစေရဲ့။ အထူးသဖြင့် ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ၀င်တိုက်ပြီး လူမိုက်လုပ်ခဲ့ရတဲ့ သမ္မတာဘုရှ်ကြီးကို အားကျသွားမိကြောင်းပါခင်ဗျား။

စဉ်းစားကြည့်လေ။ အားကျတဲ့အကြောင်းကတော့ အများကြီးပါပဲ။ အဲဒီထဲက နှစ်ခုကို ပြောချင်လို့။ တစ်ခုက ဆိုင်ပေါ်မှာ ဒေါ်လာ (၂၀)လောက်ပဲ တန်တဲ့ဖိနပ်တစ်ရံဟာ သမ္မတဘုရှ်ကို ပစ်လိုက်ပြီးတဲ့နောက်မှာ ဒေါ်လာ (၁၀) သန်းတန်တဲ့ဖိနပ်ဖြစ်သွားပါတယ်။ နောက်တစ်ခုကတော့ သမ္မတကို စော်ကားတဲ့ သတင်းထောက်ဇိုင်ဒီကို ကန်မုန်းတဲ့ အသိုင်းအ၀ိုင်းက ချက်ချင်းလက်ငင်းသူရဲကောင်းအဖြစ် အသိအမှတ်ပြုယုံမကဘူး၊ အီဂျစ်နိုင်ငံသား တစ်ယောက်ကဆို သူ့သမီးကို ပေးဖို့အထိ ကမ်းလှမ်းထားလိုက်ပါပြီ။

အသက် (၂၀) အရွယ်ပဲရှိသေးတဲ့ အီဂျစ်သူလေး Amal Saad Gumaa က သူ့အဖေရဲ့စီမံချက်ကို သဘောတူရုံမကဘူး။ သူ့ဆန္ဒကိုပါ ဖွင့်ဟလိုက်သေးတယ်။ “ဒါဟာ ကျမကို အဖေက ဂုဏ်ပြုလိုက်တာပါပဲ၊ ဒီလိုသူရဲကောင်းမျိုးနဲ့သာ ပေါင်းသင်းခွင့်ရမယ်ဆိုရင် ကျမအီရတ်နိုင်ငံမှာလဲ နေရဲပါတယ်“ တဲ့။ ကောင်မလေးရဲ့အဖေ Saad Gumaa ကလဲ ဇိုင်ဒီ့အကို Dergham ဆီ တယ်လီဖုန်းနဲ့ အခုလို လှမ်းပြောလိုက်တယ်။ “ဒီသူရဲကောင်းကို ဂုဏ်ပြုဖို့ရာ ကျုပ်မှာ ကျုပ်သမီးထက်ပိုမိုတန်ဖိုးရှိတဲ့အရာမရှိပါဘူး၊ ကျုပ်သမီးရဲ့ မင်္ဂလာကိစ္စအတွက် ဘာမဆိုဖြည့်ဆည်းပေးဖို့ ကျုပ်စီမံထားပါတယ်” တဲ့။

မထူးဆန်းဘူးလား။ မထူးဆန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်သမ္မတဖြစ်နေလို့ပါပဲ။ သူတို့ဘက်က ဒီလိုလုပ်တာဟာ သတင်းထောက် ဇိုင်ဒီကို ဂုဏ်ပြုတာထက် ကျနော့်အမြင်မှာတော့ အမေရိကန်သမ္မတဆိုတဲ့ ဘ၀ကို ပိုမိုဂုဏ်တင့်စေတယ်၊ ကြီးကျယ်ခန်းနားသွားစေတယ် လို့မြင်ပါတယ်။ သတင်းထောက်ဇိုင်ဒီကို သူရဲကောင်းအဖြစ်ချီးကြူးလေလေ အမေရိကန်သမ္မတဆိုတဲ့ ဂုဏ်ဟာ မြင့်မားလေလေပါပဲ။ ဒါကြောင့် ကျနော် အမေရိကန်သမ္မတဘ၀ကို အားကျတယ်လို့ပြောတာ။ မှားလားဗျာ။

(http://uk.news.yahoo.com/22/20081217/tod-uk-iraq-bush-bride-odd-b7e5c6f.html) ကိုအခြေခံရေးပါသည်။

စာဂျပိုးလေး

ကိုယ်ရေးတဲ့စာ ကိုယ့်ကဗျာကို
တစ်ယောက်ယောက်က ချီးမွမ်းလိုက်တိုင်း
တစ်ခေါက်ခေါက်တော့ ပြန်ဖတ်ဖြစ်တယ်။
တစ်ယောက်ယောက်က ကဲ့ရဲ့တိုင်းလဲ
တစ်ခေါက်လောက်တော့ ပြန်ဖတ်ဖြစ်မြဲ။
ချီးမွမ်းကဲ့ရဲ့ မရှိတဲ့အခါ
ကိုယ့်ကဗျာတို၊ ကိုယ့်စာကိုယ်ပဲ
ထပ်ထပ်ပြန်ကြည့်၊ ပြန်ဖတ်မိတယ်။
ရင်မှာနစ်ဆူ၊ ကိုယ့်ချစ်သူကို
ပြစ်ယူမရှိ၊ ချစ်နိုင်ဘိသို့
လက်ထပ်ပြီးစ၊ ဇနီးလှကို
ကြည့်လို့မ၀၊ ချစ်မ၀သို့
ကိုယ်ရေးတဲ့စာ၊ ကိုယ့်ကဗျာလဲ
ဖတ်လို့မ၀၊ ကြည့်မ၀ဘူး
တစ်နေ့တစ်နေ့၊ ရေးဖို့တွေးရင်း
အချိန်ကုန်ခိုက်၊ မသိလိုက်ဘူး
ရေးပြီးတော့လဲ၊ ပြန်ဖတ်မြဲမို့
ကုန်ခဲအချိန်၊ မလောက်ပေဘူး
ဖတ်ရင်းတွေ့မိ၊ အမှားရှိက
ပြန်တည့်အောင်ပြင်၊ စိတ်ပျော်ရွှင်ခဲ့
ငွေဝင်လမ်းပေါက်၊ မရှိပျောက်လဲ
စိတ်နှောက်မယှက်၊ စိတ်မပျက်ဘူး
ချစ်တဲ့သူများ၊ စွန့်ခွါသွားလဲ
စိတ်အားပျက်ပျက်၊ မချိခဲ့ဘူး
စာနဲ့ပဲနေ၊ စာနဲ့သေမယ်
ငါလေ စာဂျပိုးလေးမို့။

ဒီနေ့စားတဲ့ ထမင်းပွဲ

ကိုကြီး ကိုကြီး
အပျိုချောမမတွေ သိပ်သိပ်ချစ်တဲ့ ဒို့ကိုကြီး၊
ဒီနေ့လယ် ဘာနဲ့ စားလဲ တဲ့
ညီမငယ် ၀ါဝါထက်က
သိချင်လို့ မေး။

အိုဘယ့်ဘယ် ချစ်နှမ
ဒီနေ့လယ် စားတဲ့ဟင်း
တစ်သက်မှာ တစ်ခါမို့
ထူးပါဗျာ့ လေး။

နဒီကို နုတ်နုတ်စင်း
ဂျင်းတက်နဲ့ကြော်
နှင်းပွင့်ကို လှော်
ကြက်သွန်နဲ့ အတူထောင်း။

ပွင့်နံ့သာ ရေဖျော်လုပ်လို့၊
ငရုပ်ကို နိုင်နိုင်ထည့်
ဒီနေ့လယ် အမောင်လွှေးရတယ်၊
ကောင်းဆိုမှ ကောင်း။

Tuesday, December 16, 2008

ကိုယ်ဘာကြိုက်သလဲ သိအောင်လုပ်


To know what you prefer, instead of humbly saying Amen to what the world tells you you ought to prefer, is to have kept your soul alive.

Robert Louis Stevenson (1850-1894)

သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုးမဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင် ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။
(ရောဘတ်လူးဝစ်စတီဗင်ဆန်)

အဖြေမရှိတဲ့ ပုစ္ဆာများ သို့မဟုတ် မရှိခြင်းဆိုတဲ့ အမှန်တရား

ကမ္ဘာ့အခြားတစ်နေရာမှာရှိတဲ့ သူတစ်ယောက်အတွက်
ငါခံစားနေရတဲ့ အချိန်မှာ
ကမ္ဘာ့အခြားတစ်နေမှာရှိတဲ့ သူတစ်ယောက်က
ငါ့ရဲ့ ဝေဒနာသားကောင် ဖြစ်နေရရှာတယ်။
ကမ္ဘာ့အခြားတစ်နေရာမှာရှိတဲ့ သူတစ်ယောက်ရဲ့အချစ်ကို
ရယူဖို့ ငါကြိုးစားနေတဲ့ အချိန်မှာ
ကမ္ဘာ့အခြားတစ်နေရာမှာရှိတဲ့ သူတစ်ယောက်က
ငါ့အချစ်ကို ရယူဖို့ အားထုတ်နေတယ်။
ကမ္ဘာ့အခြားတစ်နေရာက သူတစ်ယောက်က
ငါ့အတွက် မျက်ရည်တွေ စွေနေတဲ့အချိန်မှာ
ကမ္ဘာ့အခြားတစ်နေရာက သူတစ်ယောက်အတွက်
ငါ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝေနေမိတယ်။
ကမ္ဘာ့အခြားတစ်နေရာမှာရှိတဲ့ သူတစ်ယောက်က
ငါ့အလာကို စောင့်မျှော်နေတဲ့အချိန်မှာ
ကမ္ဘာ့အခြားတစ်နေရာက သူတစ်ယောက်ဆီ
ငါသွားဖို့ ကြိုးစားနေတယ်။
လူတစ်ယောက်က
သူ့အချစ်ကို ရယူဖို့ အပြင်းအထန် ကြိုးစားနေရတဲ့အချိန်မှာ
ငါက
သူ့အချစ်ကို လွယ်လင့်တကူနဲ့ ရခဲ့တယ်။
လူတစ်ချို့က
သူ့အချစ်အတွက် ရူးသွပ်နေရတဲ့ အချိန်မှာ
ငါက
သူမချစ်အောင် ရူးချင်ယောင်ဆောင်နေရတယ်။
သူများတွေက
သူ့အချစ်ကို ဆုလာဘ်အဖြစ် မှတ်ယူနေတဲ့အချိန်မှာ
ငါက
သူ့အချစ်ကို ဒဏ်ခန့်ခြင်းလို့ ခံစားနေရတယ်။
ဒီလိုဖြစ်နေရတာကို
ငါကိုယ်တိုင် စိတ်ပျက်မိတယ်။
ငါ့လုပ်ရပ်ကို အမှန်လို့ မယူဆပေမဲ့
အမှားလို့လဲ ငါဝန်မခံလို။
ဒါဖြင့်ရင်
အမှန်နဲ့ အမှား
ဘယ်လို ခွဲခြားမလဲ။
ငါဟာ အတ္တဆန်တဲ့ လူသားတစ်ယောက်ဖြစ်နေပီလား
သို့မဟုတ်
အတ္တဆန်တဲ့ လူသားတစ်ယောက်ဟာ ငါဖြစ်နေပီလား
ဘယ်သူ့လုပ်ရပ်က အမှန်ဖြစ်ပြီး
ဘယ်သူ့လုပ်ရပ်က အမှားဖြစ်နေသလဲ။
အချစ်တစ်ခုကို ရှောင်ကွင်းပြီး
အချစ်တစ်ခုနောက်လိုက်နေရတဲ့ အဖြစ်ဟာ
တကယ်တော့ သစ္စာတရားရဲ့ ဒဏ်ခန့်ခြင်း တစ်မျိုးလား၊
ရတာမလို၊ လိုတာမရခြင်းသည်ပင်
ဘ၀ရဲ့ အမှန်တရားလား။
အချစ်တစ်ခုကို
အချစ်တစ်ခုနဲ့ တုန့်ပြန်ရမယ့်အခါမျိုးမှာ
မချစ်နိုင်တဲ့ လူတစ်ယောက်ရဲ့ဖြေရှင်းချက်က ဘာလဲ၊
ငါချစ်တဲ့ သူတစ်ယောက်က
ငါ့ကို မျက်နှာလွှဲသွားတဲ့အချိန်မှာ
ငါကလဲ
ငါ့ကို ချစ်တဲ့သူတစ်ယောက်ကို
ရှောင်ပြေးဖို့ ကြိုးစားနေမိတယ်။
အချစ်မှာ ညီမျှခြင်းဆိုတာ တကယ်ကော ရှိရဲ့လား။
သက်ရောက်မှုတိုင်းမှာ တူညီတဲ့သက်ရောက်မှုရှိတယ်ဆိုတဲ့ သီအိုရီထဲမှာ
အချစ်ဆိုတဲ့ သက်ရောက်မှုကော ပါရဲ့လား။
လူတစ်ယောက်ကို သနားပြီး
ကိုယ့်ချစ်သူကို ပေးစွန့်လိုက်တဲ့ လူတွေကို
သူရဲကောင်းလို့ခေါ်မှာလား
အတ္တသမားလို့ ယိုးစွပ်မှာလား။
ကိုယ့်ချစ်သူမျက်လုံးနှစ်ဘက်က စီးကျလာတဲ့ မျက်ရည်စက်တွေကို ဥပေက္ခာပြုပြီး
ဘ၀တက်လမ်းကို ရှာနေတဲ့သူတွေကရော
တကယ့်သူရဲကောင်းတွေ ဟုတ်လို့လား။
တကယ်တော့ အားလုံးဟာ အတ္တရဲ့ သားကောင်တွေချည်းပဲလား
ချစ်တယ်ဆိုလဲ အတ္တကြောင့်
မုန်းတယ်ဆိုလဲ အတ္တကြောင့်
မချစ်/မမုန်းဘူးဆိုလဲ အတ္တကြောင့်
ကိုယ့်ဆန္ဒနဲ့ ကိုက်ညီရင် ကောင်းတယ်ပြောမယ်
ကိုယ့်အသိနဲ့ ထပ်တူကျရင် ထောက်ခံလိုက်မယ်
ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာဆို ချစ်လိုက်မယ်
ကိုယ့်ကို စိတ်မချမ်းသာအောင်လုပ်ရင် မုန်းလိုက်မယ်
ငါဆိုတဲ့ အတ္တကြောင့်
အမှန်ဆိုတာလဲ မရှိတော့၊
အမှားဆိုတာလဲ မရှိတော့၊
အမှန်အမှားကို ဆုံးဖြတ်ပေးနိုင်တဲ့ အသိဉာဏ်ဆိုတာလဲ မရှိတော့။
အတ္တဆိုတာ မရှိဘူးလို့ လက်ခံတဲ့ ငါ့အတွက်
မရှိခြင်းကိုပဲ အမှန်တရား
မရှိခြင်းကိုပဲ သစ္စာတရားအဖြစ်မှတ်ယူလိုက်တဲ့အခါ
အချစ်ဆိုတာလဲ မရှိ
အမုန်းဆိုတာလဲ နတ္ထိ၊
ချစ်ခြင်း/မုန်းခြင်းကြောင့် ဖြစ်လာတဲ့ ခံစားချက်ဆိုတာ ဝေလာဝေး
ဒါပေမဲ့ ခက်တာက
အဲဒီမရှိခြင်းသဘောတရားတွေကိုပဲ
တွယ်တာ၊ စွဲလမ်း၊ နှစ်သက်၊ မြတ်နိုး
တန်းဖိုးထားပြီး
ကောင်းကင်မှာ ငှက်ခြေရာ
ရေပြင်မှာ ဒုတ်ခြစ်ရာရှာမှီးသလို
အိမ်မက်ကမ္ဘာထဲမှာ
မရှိတာရှာရင်းနဲ့ ငါအသက်ရှင်နေရတယ်။

ဒေါ်လာ ဆယ်သန်းတန် ဖိနပ်တစ်ရံ


ပြီးခဲ့တဲ့ တနင်္လာနေ့က အီရတ်မြို့တော်ဘဂ္ဂဒတ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်တပ်များ ပြန်လည်ရုတ်သိမ်းရေး စာချုပ်ချုပ်ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရတ်သတင်းထောက် ဇိုင်ဒီဟာ မစ္စတာဘုရှ်ကို သူစီးတဲ့ ဖိနပ်ချွတ်ပြီး ပစ်ပေါက်ခဲ့ပါတယ်။ နံပါတ် (၁၀)အရွယ်အစားရှိ အဲဒီဖိနပ်ဟာ သူ့သခင်ဇိုင်ဒီနဲ့အတူ အီရတ်နိုင်ငံရေးလောကမှာသာမက အာရပ်ကမ္ဘာကြီးတစ်ခုလုံးမှာပါ သမိုင်းတွင်သွားခဲ့ပါပြီ။

ဇိုင်ဒီဟာ မစ္စတာဘုရှ်ကို အခုလိုစော်ကားဖို့အတွက် အကွက်ချစီစဉ်ခဲ့တဲ့နေရာမှာ ဒီဖိနပ်ဟာ အဓိကအခန်းက ပါဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းဖြစ် ဖိနပ်တစ်ရံကို တမင်တကာရွေးချယ်ခဲ့တယ် လို့ သတင်းများက ဆိုပါတယ်။ အခုတော့ အဲဒီဖိနပ်ဟာ ရိုးရိုးဖိနပ်မဟုတ်တော့ပါဘူး။ သမိုင်းတွင်စေတဲ့ သမိုင်းဝင်ဖိနပ်တစ်ရံဖြစ်ခဲ့ပါပြီ။

သမိုင်းဝင်ဖြစ်သွားတဲ့အတွက် သမိုင်းကို မြတ်နိုးတဲ့လူတွေ၊ သို့မဟုတ် သမိုင်းကို ဖန်တီးချင်တဲ့လူတွေက အဲဒီဖိနပ်ကို လေလံပွဲမရောက်ခင်ပဲ အလုအယက်ဈေးကြီးပေးပြီး လိုက်ဝယ်နေကြပါပြီ။ အဲဒီလူတွေအနက် အီရတ်အမျိုးသားဘောလုံးအသင်းမန်နေဂျာဟောင်း Adnan Hamad က အမေရိကန်ဒေါ် တစ်သိန်းပေးပြီး ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆော်ဒီနိုင်ငံသား သူဌေးတစ်ယောက်ကတော့ ဖိနပ်ကို ကန်ဒေါ်လာ ဆယ်သန်း အထိပေးပြီး ကမ်းလှမ်းထားပါတယ်။ နောက်ထပ်လဲ အဘယ်သူဌေးတွေက ဒေါ်လာသန်းပေါင်းများစွာပေးပြီး ကမ်းလှမ်းကြဦးမယ် မသိဘူး။

သူ့တို့လုပ်တာကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်။ ငါ ကန်ဒေါ်လာ ဆယ်သန်း တန်ရဲ့လား လို့။ မတန်ဘူးဆိုရင်တော့ ကျနော်ဆိုတဲ့ကောင်ဟာ အဲဒီဖိနပ်လောက်တောင် တန်ဖိုးမရှိတဲ့ကောင်ဖြစ်သွားပြီ။ သနားလိုက်တာနော်၊ ကိုယ့်ကိုယ်ကို ပြောပါတယ်ဗျာ။

သတင်းပါမီးနင်းများ
(၁) ransom= ပြန်ပေးဆွဲ/ညှစ်ငွေ၊
(၂) blindfold= မမြင်အောင်မျက်စိကို အ၀တ်ဖြင့်စီးနှောင်သည်၊
(၃) abducted= ပြန်ပေးဆွဲခံရသည်။

(http://news.bbc.co.uk/1/hi/world/middle_east/7785338.stm) ကို ကိုးကားပါသည်။

Monday, December 15, 2008

ဟီးရိုးလော၊ ဇီးရိုးလော


"It doesn't bother me. If you want the facts, it was a size 10 shoe that he threw."
“ဒီအပြုအမူဟာ ကျုပ်ကို အနှောက်အယှက်မပေးပါဘူး၊ ခင်ဗျားတို့ အမှန်တရားကို လိုချင်သပဆိုရင် အဲဒါကတော့ ကျုပ်ဆီသူပစ်လိုက် နံပတ် (၁၀) ဖိနပ်ပါပဲ”

သမ္မတဘုရှ် ဖိနပ်နဲ့ အပစ်ခံလိုက်ရပြီးတဲ့နောက် ခြွေလိုက်တဲ့ မိန့်ခွန်းပါ။ လာမည့် (၂၀၁၁)ခုနှစ်မှာ အမေရိကန်စစ်သားတွေကို အီရတ်ကနေ ပြန်လည်ထွက်ခွါစေဖို့အတွက် စာချုပ်ချုပ်ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဟာ အခုလို ဖိနပ်နဲ့အပစ်ခံရပြီး အစော်ကားခံလိုက်ရပါတယ်။

သမ္မတကို ဖိနပ်နဲ့ ပစ်လိုက်တဲ့သူကတော့ အသက် (၂၉)နှစ်အရွယ်ရှိ Muntader al-Zaidi လို့ခေါ်တဲ့ အိရတ်နိုင်ငံသား ဂျာနယ်လစ်တစ်ယောက်၊ လွတ်လပ်တဲ့ အီရတ်သတင်းဌာနက သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဖိနပ်နဲ့ ပစ်တဲ့အပြင် သမ္မတကို ခွေးကောင်ကြီး လို့လဲလှမ်းဆဲလိုက်ပါသေးတယ်။ နောက်ပြီး ဒါဟာ အီရတ်ရဲ့ Farewell-kiss - နှုတ်ဆက်အနမ်းပါတဲ့။ မထင်မှတ်တဲ့ သူရဲ့အပြုအမူကြောင့် အစည်းအဝေးခန်းမကြီးတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ သူ့ကိုလဲ ခန်းမထဲရှိ လုံခြုံရေးအဖွဲ့သားတွေက (frogmarched) ခပ်ကြမ်းကြမ်းဖမ်းဆီးဆွဲထုတ်သွားကြတာ တွေ့လိုက်ရပါတယ်။

ဒါပေမဲ့ ဒီအပြုအမူက သူ့ကို အမေရိကန်မုန်းတဲ့ အာရပ်ကမ္ဘာမှာ သူရဲကောင်းအဖြစ် အသိအမှတ်ပြုစေလိုက်ပါတယ်။ ချက်ချင်းဆိုသလို နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်လဲ ဖြစ်သွားပါတယ်။ သူတို့ဘက်က ကြည့်ရင်တော့ သူဟာတကယ့်သူရဲကောင်းကြီးပါပဲ။ သူ့ကို သူရဲကောင်းအဖြစ် အသိအမှတ်ပြုတဲ့အာရတ်နိုင်ငံတွေထဲမှာ ဆီးရီးယား၊ လက်ဘနွန်နဲ့ လစ်ဗျားနိုင်ငံတွေဟာ ထိပ်တန်းက ပါဝင်လာပါတယ်။
ဆီးရီးယားတီဗွီသတင်းဌာနတွေက Muntader al-Zaidi ရဲ့ပုံကို တစ်နေကုန် ထုတ်လွှင့်ပြသခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံသားတွေ၊ အထူးသဖြင့် ဟက်ဇ်ဗိုလာတွေကတော့ Muntader al-Zaidi ဟာ သူ့တို့ကိုယ်စား ဆောင်ရွက်လိုက်တယ် လို့မှတ်ယူကြောင်း ပြောဆိုနေကြပါတယ်။ လစ်ဗျားနိုင်ငံမှာတော့ လစ်ဗျားခေါင်းဆောင် Muammar el-Qaddafi ( ကဒါဖီ) ရဲ့သမီးဦးစီးတဲ့ Wa Attassimou လို့ခေါ်တဲ့ လူမူရေးအဖွဲ့အစည်းကြီးတစ်ခုက သူ့ကို သူရဲကောင်းဆု ချီးမြင့်လိုက်ပါတယ်။ အဲဒီအဖွဲ့က ထုတ်ပြန်တဲ့စာတမ်းထဲမှာ “သူ့ရဲ့အပြုအမူဟာ ကမ္ဘာတစ်ဝှန်းရှိ လူ့အခွင့်အရေးအောင်မြင်မှုကို ကိုယ်စားပြုတယ်” လို့ခေါ်ပြထားပါတယ်။

တစ်ဘက်က ဒီလိုချီးကြူးဂုဏ်ပြုမှုတွေကို လုပ်နေကြပေမဲ့ ဂုဏ်သရေရှိတဲ့ သက်ဆိုင်ရာနိုင်ငံများအသိုင်းအ၀ိုင်းမှာတော့ ဒါကို မဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကြပါတယ်။ ၀န်ကြီးချုပ် Nuri Kamal al-Maliki ဦးဆောင်တဲ့ လက်ရှိအီရတ်အစိုးရအတွက်တော့ ဒါဟာ အတော့်ကို ရှက်စရာကောင်းတဲ့အပြုအမူပါပဲ။ ဒါကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင်က လူသိရှင်ကြားတောင်းပန်စကား ဆိုလိုက်ပြီး ဒါဟာ အီရတ်သတင်းစာဆရာတွေနဲ့ အီရတ်သတင်းလောကရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်ကြောင်း ၀န်ခံလိုက်ပါတယ်။

ဒါပေမဲ့ အဲဒီ တနင်္လာနေ့ညမှာ ထုတ်လွှင့်တဲ့ အီရတ်တီဗွီသတင်းတွေကတော့ လူသိရှင်ကြားတောင်းပန်မယ့်အစား မစ္စတာဇိုင်ဒီရဲ့ပုံကို တီဗွီဖန်သားပြင် အောက်ဘက်အစွန်းမှာ ပုံသေဖေါ်ပြထားပြီး လူထုရဲ့ ရင်ဖွင့်သံကို တောင်းခံခဲ့ပါတယ်။ အီရတ်ပြည်သူအများစုကတော့ ဇိုင်ဒီကိုထောက်ခံတဲ့ ဝေဘန်ချက်မျိုးကိုပဲ ပေးကြကြောင်း သိရပါတယ်။ အသက် (၅၇) နှစ်အရွယ်ရှိ ဆေးဆရာဝန် Dr. Qutaiba Rajaa ကလဲ “ဒီလိုအပြုအမူဟာ လူ့ယဉ်ကျေးအသိုင်းအ၀ိုင်းမှာ မတွေ့ရတတ်ပေမဲ့ အမေရိကန်တွေ ၀င်ရောက်ဖက်စွက်နေမှုကို ဆန့်ကျင်တဲ့ အီရတ်ပြည်သူတွေရဲ့ ခံစားချက်ကို ဖေါ်ပြပါတယ်”လို့ သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒါကို မနှစ်မြို့တဲ့ လူ့ယဉ်ကျေးတွေကလဲ အများကြီးပါ။ ရန်သူပင်ဖြစ်ပေမဲ့ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို ဒီလိုနည်းနဲ့ ကြိုဆိုတာဟာ အင်မတန်ကို ရိုင်းစိုင်းရာကျတယ်လို့ မြင်တဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒါဟာ တကဲ့ကို သံရေးတမန်ရေးနားလည်တဲ့ လူတွေရဲ့အမြင်ပါ။ ရန်သူဆိုတာ ဒီလိုစော်ကားဖို့မဟုတ်ပါဘူး။ သူတစ်ပြန်ကိုယ်တစ်ပြန် သတ္တိရှိရှိတိုက်ခိုက်ဖို့ပါ။

Anhar ပြည်နယ်က Awakening Council ခေါင်းဆောင် Ahmad Abu Risha ကတော့ အမေရိကန်သမ္မတဟာ အီရတ်နိုင်ငံရဲ့ ဧည့်သည်တော်ဖြစ်တဲ့အတွက် ဒီနည်းနဲ့တုန့်ပြန်တာဟာ လုံးဝမသင့်တော်ကြောင်း၊ အီရတ်အစိုးရဟာ ဒီလိုသတင်းစာရှင်းလင်းပွဲမျိုးမှာ ကောင်းမွန်တဲ့ သတင်းစာဆရာတွေကိုသာ ရွေးချယ်ထားသင့်ကြောင်း ဝေဘန်ပြောကြားလိုက်ပါတယ်။ Sulaimaniya ပြည်နယ်၊ Kurdish မြို့သား အသက် (၄၉)နှစ်အရွယ်ရှိ အင်ဂျင်နီယာကြီး Kamal Wahbi ကလဲ “အီရတ်သတင်းစာဆရာတစ်ယောက်အနေနဲ့ ဒါဟာ မလုပ်သင့်တဲ့ ကိစ္စကြီးပါ၊ သူ့အပြုအမူဟာ အကြမ်းဖက်ဝါဒဆန်သလို အစွန်းရောက်အမျိုးသားရေးဝါဒလဲ လုံးဝကို ဆန်ပါတယ်၊ သူလုပ်ချင်တယ်ဆိုရင် သမ္မတကို အရှက်ရစေမယ့် မေးခွန်းမျိုးတွေ မေးလို့ရနေတာပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မစ္စတာ ဇိုင်ဒီဟာ သမ္မတဘုရှ်ကို (၁) ဖိနပ်နဲ့ပစ်ခြင်း၊ (၂) ခွေးကောင်ကြီးလို့ဆဲခြင်း ဆိုတဲ့ စော်ကားမှု နှစ်မျိုးကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ရုတ်တရက်ဖြစ်လာတဲ့ ခံစားချက်ကြောင့်မဟုတ်၊ နှစ်ရှည်လများ ကြံစည်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။ သူဒီလိုလုပ်မယ်ဆိုတာကို ၂၀၀၇ ခုနှစ်ကတည်းက ဘဂ္ဂဒတ်ရုပ်သံက အယ်ဒီတာ Saif al-Deen ကို ကိုင်ရိုမှာရောက်ခိုက် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီစော်ကားမှုနှစ်မျိုးလုံးကို အာရပ်ကမ္ဘာသားတွေက အောက်တန်းအကျဆုံး စော်ကားမှုလို့ ယူဆကြောင်းလဲ သိရပါတယ်။ ဒါကြောင့် သူက ဒီနှစ်မျိုးကို ရွေးချယ်ခဲ့တာပါ။

ဘာပဲပြောပြော ကျနော့်အနေနဲ့ကတော့ ဒီလိုအပြုအမူကို အမှတ်မပေးလိုပါဘူး၊ တကယ်သတ္တိရှိသူတွေ ရှောင်ကြဉ်သင့်တဲ့ လုပ်ရပ်၊ သူရဲဘောကြောင်တဲ့လူတွေရဲ့လုပ်ရပ်လို့ပဲ မှတ်ယူပါတယ်။ အထူးသဖြင့် သံတမန်လောကမှာ ဒါဟာ အင်မတန်ကြီးမားတဲ့ မှားယွင်းမှုကြီးပါ။ ရန်သူပင်ဖြစ်ပေမဲ့ ကိုယ့်ဆီလာတဲ့လူကို ဧည့်ဝတ်ကျေပွန်စွာ မကြိုဆိုနိုင်ရင်တောင် ဒီလိုနည်းနဲ့ ကြိုဆိုတာဟာ သံခင်းတမန်ခင်းကို လုံးဝပျက်ပြားသွားစေပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ကျနော်ကတော့ အင်ဂျင်နီယာကြီးပြောတာကို သဘောကျတယ်။ သမ္မတကို ဘေးကြပ်နံကြပ်တွေ့စေမယ့် မေးခွန်းမျိုးတွေ များများမေးခြင်းဖြင့် အရှက်ခွဲနိုင်ပါတယ်။ ဒီသဘောဟာ ပညာရှိလဲဆန်တယ်လို့ နားလည်မိပါတယ်။ စာဖတ်သူကကော ဘယ်လို ယူဆပါသလဲ။

(http://www.nytimes.com/2008/12/16/world/middleeast/16shoe.html?pagewanted=2&_r=1&em) ကို ကိုးကားရေးသားပါသည်။

အကောင်းဆုံးသော စိတ်ဝင်စားစရာ


Every man has his follies - and often they are the most interesting thing he has got.
(Josh Billings)

လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊ အဲဒီမိုက်မဲမှုလေးတွေဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။
(ဂျိုရှ် ဘင်လင်းစ်)

စာ စကား


Reading makes a full man;
conference a ready man;
and writing an exact man.
(Francis Bacon (1561-1626))

စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူဖြစ်ရသည်၊
ဆွေးနွေးခြင်းကြောင့် အဆင်သင့်ဆောင်ရွက်နိုင်သူဖြစ်ရသည်၊
စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူဖြစ်ရသည်။
(ဖရန့်စစ် ဘေကွန်)


Sunday, December 14, 2008

စဉ်းစားခန်း




ဘ၀ပန်းတိုင်ဆိုတဲ့ အရာတစ်ခုအတွက်၊
မေတ္တာချွေးသိမ့်၊
ခိုနားအိပ်စက်၊
အမေ့ရဲ့အရိပ်ကိုလဲ ခွါခဲ့ဖူးပြီ။

ငယ်စဉ်ပြေးလွှား၊
ဆော့ကစားဖက်၊
ပေါင်းသင်းခဲ့သူတွေကိုလဲ စွန့်ခဲ့ဖူးပြီ။

ဘ၀တစ်သက်၊
မမေ့ရာမြေ၊
မွေးဌာနေကိုလဲ ထားခဲ့ဖူးပြီ။

ဇာတိစကား၊
သီးခြားဆိုကြ၊
ကိုယ့်ဒေသကိုလဲ ကြဉ်ခဲ့ဖူးပြီ။

အလံတလူလူ၊
လွှင့်ထူဝေစည်၊
ကိုယ့်တိုင်းပြည်ကိုလဲ ဖဲခဲ့ဖူးပြီ။

ဒါပေမဲ့၊
မျက်နှာညှိုးမဲ့၊ မျက်ရည်စက်တို့၊
အထွက် ဘယ်ခါမရှိခဲ့။
ရင်မှာခိုနား၊ နှလုံးသားလဲ၊
အလွမ်း ဘယ်ခါမရှိခဲ့။

အော်---အခုတော့----၊
တစ်ယောက်သောသူ၏၊
နောက်ပြန်မငဲ့၊ ရက်စက်ထွက်ခွါ၊
စွန့်ခဲ့ခြင်းခံရလေသောအခါ၊
ရင်မှာပူအိုင့်၊ မောလှိုက်လှိုက်နှင့်၊
အမိုက်ကမ္ဘာမှာ နေရသလို၊
အိပ်နေတော့လဲ ခပ်မှေးမှေး၊
ထိုင်နေတော့လဲ ခပ်တွေးတွေး၊
ရပ်နေတော့လဲ ခပ်ငေးငေး၊
သွားနေတော့လဲ ခပ်နှေးနှေး၊
အိပ်လဲ မပျော်၊ ထိုင်သော်လဲ တွေး၊
ရပ်လဲငေးပြီး၊
ခပ်နှေးနှေးသွားနေရတဲ့အတွက်ကြောင့်၊
အဖြစ်ဆန်းကျယ်ပါဘိ၊
အချစ်ခန်းဆိုတာ၊ ဒါလားလို့ စဉ်းစားနေမိတယ်။

သက်တမ်းကုန်ချိန်


ရန်သူကိုမလေး၊
အထင်သေးမိသောအခါ၊
စွမ်းအားရှိတောင်း၊ သူရဲကောင်းသော်တည့်၊
ရှုံးတတ်၏။

သူမပေးနိုင်ဘိ၊
တောင်းရမ်းမိသောအခါ၊
မေတ္တာကြီးလှ၊ မိနှင့်ဘသော်တည့်၊
မုန်းတတ်၏။

ကြမ္မာကံစက်ဝန်း၊
လည်ပတ်လွန်းသောအခါ၊
ကရုဏာကြီးမား၊ မြတ်ဘုရားသော်တည့်၊
ပြုံးတတ်၏။

ရင်ခွင်လမ်းတစ်လျှောက်၊
ကဗျာပန်းခြောက်သောအခါ၊
ချစ်ခြင်းကြည်လင်၊ ခရီးစဉ်သော်တည့်၊
ဆုံးတတ်၏။

အခုတော့------၊

ချစ်သူကိုမလေး၊
အထင်သေးမိသော ငါသည်၊
စွမ်းအင်မဲ့ငြား၊ ချစ်သက်ထားကိုတည့်၊
ရှုံးဘိ၏။

မဖြစ်နိုင်ဘိ၊
တောင်းရမ်းမိသော ငါ့ကို၊
မေတ္တာဝေဖြာ၊ ချစ်သစ္စာပင်တည့်၊
မုန်းဘိ၏။

ကြမ္မာဖြစ်ဆိုး၊
အချစ်ရှုံးသော ငါ့ကို၊
သက်ထားရန်သူ၊ ချစ်ခဲ့သူပင်တည့်၊
ပြုံးဘိ၏။

ရင်ခွင်တစ်လျှောက်၊
ကဗျာပျောက်သော ငါသည်၊
ထူးထွေဆန်းပြား၊ ချစ်ခြင်းတရားကိုတည့်၊
သိဘိ၏၊
“ငါတို့ချစ်သက်၊ ရှေ့မဆက်၊ ဒီပဲဆုံးပါပြီ” လို့။

Wednesday, December 10, 2008

ကျနော်နဲ့ နောက်တစ်နှစ် အင်္ဂလန်


နေ့လည်ထမင်းစားပြီးတော့ ကျနော်တို့နေတဲ့ အဆောင်အပေါ်ထပ်တက်ပြီး အွန်လိုင်းမှာ ဟိုဟိုဒီဒီလျှောက်ကလိနေမိတယ်။ အဲဒီအချိန်မှာ အဆောင်အောက်ထပ်က ဘဲလ်နှိပ်သံကြားလိုက်ရတယ်။ ကိုယ့်ဆီလာတဲ့လူတွေလဲ သိပ်မရှိတော့ ခါတိုင်းလိုပဲ အောက်ထပ်က သူငယ်ချင်းတွေဖွင့်ပေးလိမ့်မယ်လေ ဆိုပြီးနေလိုက်တယ်။ ခဏနေတော့ သူငယ်ချင်းတစ်ယောက်က စာအိပ်ထူထူကြီး တစ်ခုကိုင်ပြီးလာပြောတယ်။ ကိုယ့်လူဆီလာတဲ့ စာတွေဟ တဲ့။

ကျနော်လဲ ၀မ်းသာအားရနဲ့ကြည့်လိုက်တော့ Home Office က ပြန်ပို့တဲ့စာတွေ၊ ပြီးခဲ့တဲ့ နှစ်လလောက်က ဗီဇာသက်တမ်းတိုးဖို့ပို့ထားတဲ့ စာရွက်စာတမ်းတွေ ပြန်ရောက်လာတာ။ ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလိုဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖြေက ဖွင့်ကြည့်မှ သိမှာကိုး။ ဗီဇာသက်တမ်းတိုးပေးလိုက်သလား၊ ဒါမှမဟုတ် ပယ်လိုက်သလား၊ အဖြေက စာအိပ်ထဲမှာလေ။ ဘယ်လိုပဲနေနေ၊ ကိုယ့်ဆီရောက်လာတဲ့ စာကိုတော့ ကောင်းကောင်းဆိုးဆိုး၊ ဖေါက်တော့ ကြည့်ရမှာပဲ မဟုတ်လား။ ကျနော်ဖေါက်ကြည့်တယ်။

Passport စာအုပ်လေး ဖုတ်ကနဲ ထွက်ကျလာတယ်။ အာ--ပါး--ပါး၊ အသည်းယားလိုက်တာ။ တကယ်လို့များ ဗီဇာသက်တမ်းတိုးမပေးလို့ကတော့ အခုချက်ချင်း ကိုယ့်နိုင်ငံထပြန်ရပြီ၊ ပေးလိုက်ရင်တော့လဲ တစ်နှစ်ထပ်နေရဖို့သေချာသွားပြီပေါ့။ သူများနိုင်ငံမှာ ဗီဇာနဲ့နေတဲ့လူတွေတိုင်းလိုလို Home Office က အခုလိုစာတွေပြန်လာရင် သည်းတုန် ရင်တုန် ဖြစ်ကြတာ ထုံးစံပါ။ သည်းတုန် ရင်တုန်ပေါ့။ ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး ရောက်လာမှတော့ တစ်ခုခုတော့ ယူသွားချင်ကြတာချည်းပဲပေါ့။ ငွေဖြစ်ချင်လဲ ဖြစ်မယ်၊ ပညာဖြစ်ချင်လဲ ဖြစ်မယ်။ ဒါမှ မဟုတ်၊ ကြင်ယာဖြစ်ချင်လဲ ဖြစ်မယ်။

ကျနော်ကတော့ နဂိုကတည်းကမှ ဒီမှာနေရတာ သိပ်မပျော်တဲ့ကောင်ဆိုတော့ မရရင်လဲ ပြန်ရုံပဲ ဆိုပြီး ခပ်အေးအေးပဲ တွေးထားလိုက်တယ်။ တစ်ဘက်ကလဲ ရချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာတစ်နှစ်လောက်နေပြီး ဘာမှမရပဲ ပြန်သွားရင် ငွေကုန်လူပန်းဖြစ်ရုံပဲ အဖတ်တင်မယ်။ ကိုယ့်နိုင်ငံပြန်ရောက်ရင် ဘာသွားလုပ်မလဲ။ တွေးမိတာပေါ့။ တစ်ဘက်ကကျပြန်တော့ မရလဲ နေဟာ၊ ပြန်မယ် ဆိုတဲ့စိတ်က ရှိနေတယ်။ ပိုက်ဆံအလွန်ကုန်ပြီး အနာဂတ်မဲ့သလိုလို ခံစားရတဲ့ဘ၀နဲ့ မရှင်သန်ချင်တော့ဘူး။ ပြဿနာက ကျောင်းတက်ဖို့ပိုက်ဆံ မလုံလောက်မှု။ ရှိတဲ့ ပိုက်ဆံနဲ့ ဘာမှလုပ်လို့မရဘူး။ ကျနော်က တက္ကသိုလ်တက်ရင် နိုင်ငံခြားသားကြေးနဲ့ ပေးရမှာ။ တစ်နှစ်ကို ဒေါ်လာ သုံးသောင်းကျော်။

အောက်ထွက်ကျလာတဲ့ ပတ်စ်ပို့စာအုပ်လေးကို ကောက်ယူပြီး ဗီဇာထုတဲ့နေရာကို မရဲတရဲကြည့်လိုက်တယ်။ သေချာပါပြီ၊ ဗီဇာတစ်နှစ်တိုးပေးလိုက်ပါတယ်။ ၂၀၀၉၊ နိုဝင်ဘာလအကုန်ထိ။ နေရပေဦးတော့မှာပေါ့ နောက်တစ်နှစ်။

ရာသီဥတုက ချမ်းချမ်း၊
နှလုံးသားက လွမ်းလွမ်း၊
နေရတဲ့ အဆောင်က ကျဉ်းကျဉ်း၊
ပေါင်းရတဲ့ လူတွေက မရှင်းတရှင်း၊
သင်ရတဲ့ ပညာရေးက အမှားမှား၊
ပေးရတဲ့ ပိုက်ဆံက မဟားဒယား၊
စားရတာက အမှိုက်ပွေ၊
သောက်ရတာက ပိုက်ရေ၊

ဒါကတော့ မကောင်းတဲ့ဘက်က ကြည့်ပြောတာပါ။ ကောင်းတာတွေလဲ အများကြီး အများကြီးပါပဲ။ ကျနော်တို့ နိုင်ငံနဲ့ ဘာမှ မဆိုင်အောင်ကို ကောင်းတဲ့ အကောင်းတွေ ယူလို့မကုန်ပါဘူး။

ပန်းခြံထဲသွား အလကား၊
မြေအောက်ရထား များမှများ၊
ဘတ်စကားစီး အချောင်ကြီး၊
လက်ကိုင်ဖုန်းဆို လူတိုင်းလို၊
လူတိုင်းလောက်နီး ကားဝယ်စီး၊
လျှပ်စစ်မီးမှာ အမြဲလာ၊
အင်တာနက်လဲ အမြဲပဲ၊
လိုချင်သမျှ အကုန်ရ၊
မကျေနပ်က ဆန္ဒပြ၊
ရေးချင်တာရေး လွတ်လပ်သေး၊
ပြောချင်တာပြော ကိုယ့်သဘော၊
ဗဟုသုတ ပေါသဗျာ့၊

အဲလိုကောင်းတာတွေလဲ ရေးလို့မကုန်ဘူး။ အဲဒါ ကျနော်နေတဲ့ အင်္ဂလန်ဆိုတဲ့ တိုင်းပြည်လေးပေါ့ဗျာ။ ကျနော်တို့နိုင်ငံထက်သေးတယ်နော်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးရဲ့ ဦးမော့်ရာဖြစ်နေတယ်။ အဲဒီနိုင်ငံငယ်လေးမှာ ကျနော် အနည်းဆုံးနောက်ထပ် တစ်နှစ်တော့ နေရဖို့ သေချာသွားပါပြီ။ အခုကျနော် တစ်နှစ်တိတိ နေခဲ့ပြီးပါပြီ။ ကျနော်ဘာရခဲ့သလဲ လို့ ပြန်ဆန်းစစ်ကြည့်တော့ ဘာမှကို မယ်မယ်ရရမရသေးဘူး။ Southall School of Language and Orientation ဆိုတဲ့ အင်္ဂလိပ်စာသင်ကျောင်းကို သွားလိုက်ပြန်လိုက်လုပ်ရင်း တစ်နှစ်ကုန်ခဲ့ပါပြီ၊ အောင်လက်မှတ်တစ်ချပ်တော့ရခဲ့ပါရဲ့။ ဒါပေမဲ့ ကျနော့်ရဲ့တိုးတက်မှုတော့ မဟုတ်သေးဘူး။

ဒါပေမဲ့ ဒီကျောင်းက ကျနော့်အတွက် ကျေးဇူးရှိပါတယ်။ အဲဒီကျောင်းကပေးတဲ့ ဗီဇာနဲ့ ကျနော် အင်္ဂလန်ရောက်ခဲ့ရတယ်။ အဲဒီကျောင်းရဲ့ထောက်ခံစာနဲ့ သက်တမ်းတစ်နှစ် ထပ်တိုးထားရတယ်။ ဘာပဲဖြစ်ဖြစ်လေ၊ ၂၀၀၉မှာ ကျနော်ဖြစ်ချင်တာတွေ၊ ဖြစ်တာမဖြစ်တာ နောက်ထား၊ ကြိုးစားပြီး နေရပေဦးမှာပေါ့။ နေပြီးတော့လဲ ကြိုးစားရပေဦးမှာပေါ့။

အချမ်းကမ္ဘာမှာ၊
လွမ်းစရာ ရင်မှာဆို့ကာနဲ့၊
ဝေဒနာ ဖြေရာမဲ့ချေပေါ့၊
ခက်ပွေတဲ့ငါ။
အနာဂတ်မျှော်ရီ၊
ကိုယ့်တိုင်းပြည် ပညာဝစေဖို့၊
ကြင်နာသူ မျက်ရည်စတောင်မှ၊
မမြင်ဟန် မျက်ကွယ်ပြုပါလို့၊
ပြည်တစ်ရွာ ခရီးသို့နှင်နှင်၊
ဝေးဖို့ပြင်ပြင်၊
ဆွေးဖို့ပင် အချိန်ရယ်၊
ဒီမောင်နှယ် မရဘူးကွဲ့လေး။

သူတို့ဆီမှာတော့ ဒီလိုပဲ

We not only saved the world= ကျနော်တို့ဟာ ကမ္ဘာကြီးကိုသာ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ရဲ့စကားကြောင့် အောက်လွှတ်တော် ခန်းမကြီးတစ်ခုလုံး ၀ါးလုံးကွဲမျှ ရယ်သံတွေလွှမ်းသွားခဲ့တယ်။ အထူးသဖြင့် မစ္စတာဘရောင်းရဲ့ အမှားကို ချောင်းနေတဲ့ အတိုက်အခံ Conservative Party အဖွဲ့ဝင်တွေအတွက် ဟားဖို့ အကွက်ဝင်သွားခဲ့ရပါတယ်။ ဟားရုံတင်မကပါဘူး၊ တစ်ယောက်တစ်ပေါက်နဲ့ ၀န်ကြီးချုပ်ကို ၀ိုင်းတွယ်လိုက်ကြတာ ၀န်ကြီးချုပ်ခမျှာ မျက်နှာငယ်လေးနဲ့ သနားစရာပင် ကောင်းသေးတော့တယ်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ရတာကလဲ အတော်မသက်တဲ့ ဘ၀ထင်ပါရဲ့။ တော်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်သလို တင်္ခဏုပ္ပတ္တိဉာဏ်လဲ ကောင်းဖို့အတော်လိုအပ်ကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့အတိုက်အခံပါတီဘက်က အရည်အချင်းရှိပြီး သိပ်တော်နေတဲ့ခါ အပြောအဆိုကအစ အတော့်ကို ထိမ်းထိမ်းသိမ်းသိမ်းပြောရမယ့် အနေအထားပါ။ အခုပဲကြည့်လေ၊ လက်ရှိအင်္ဂလန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဘဏ်တွေရဲ့ အကြပ်အတည်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရတဲ့ အစည်းအဝေးမှာ ၀န်ကြီးချုပ်ခမျှာ ရှင်းပြချင်ဇောအားကြီးပြီး ကျနော်တို့ဟာ “ကမ္ဘာကြီးကိုသာ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး” တဲ့။

ဒီစကားကြောင့် နဂိုကမှ စကားကသွက်သွက်၊ ဉာဏ်ကထက်ထက်နဲ့ အကွက်ချောင်းနေတဲ့ အတိုက်အခံခေါင်းဆောင် David Cameron အတွက် ဟားစရာတင်မကဘူး၊ ထောက်ပြဝေဘန်စရာတွေ အများကြီးဖြစ်ခဲ့ရပါတယ်။ ကင်မရွန်းက "He's so busy talking about saving the world, he's forgotten about the businesses in the country that he's supposed to be governing." “၀န်ကြီးချုပ်ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အရေး အပူတပြင်းဆွေးနွေးနေရလို့ သူအုပ်ချုပ်နေရပါတယ်ဆိုတဲ့ တိုင်းပြည်အတွင်း စီးပွါးရေးကိစ္စကိုတောင် မေ့သွားရှာတယ်” လို့ချက်ချင်းပြန်တွယ်လိုက်တယ်။ Torry လို့ခေါ်တဲ့ Conservative အဖွဲ့သားတွေကတော့ တ၀ါးဝါးပေါ့။

ဘယ်လောက်ဟားကြသလဲဆိုရင် The Speaker သဘာပတိကြီးက အပေါ်ကနေပြီး Order--Order လို့အကြိမ်ကြိမ် လှမ်းအော်နေတာကိုတောင် ဂရုမစိုက်နိုင်ကြတော့ဘူး။ နောက်ဆုံးသဘာပတိကတောင် လက်လျှော့ပြီး ၀န်ကြီးချုပ်ကို ဆက်ပြောခိုင်းလိုက်ရတဲ့ အဖြစ်။ တကယ်တော့ ၀န်ကြီးချုပ်ပြောချင်တဲ့စကားက "We saved the banks and led the world" ကျုပ်တို့ဟာ ဘဏ်တွေကို ကယ်တင်ခဲ့ပြီး ကမ္ဘာကို ဦးဆောင်ဦးရွက် ပြုခဲ့ကြတယ်” လို့ဆိုချင်တာပါ။

ဝန်ကြီးချုပ်က သူ့စကားကိုဖာထေးရင်း ဆက်ပြောပါတယ် "The opposition may not like the fact that we led the world in saving the banking system, but we did." “အတိုက်အခံတွေကတော့ ကျုပ်တို့လေဘာအစိုးရဟာ ဘဏ်စနစ်ကို ကယ်တင်ပြီး ကမ္ဘာကို ဦးဆောင်ခဲ့တယ်ဆိုတဲ့အချက်ကို ကြိုက်ချင်မှ ကြိုက်မယ်၊ ဒါပေမဲ့ ကျုပ်တို့ကတော့ ကြိုက်တယ်ဗျာ” တဲ့။ ဒီလိုနဲ့ အတိုက်အခံဘက်က ဝေဘန်လိုက်၊ အစိုးရဘက်က ချေပလိုက်နဲ့ နိုင်ငံအတွက် အဖြေရှာကြပါတယ်။

အဲဒီလိုအစည်းအဝေးမျိုးကို အတိုက်အခံပါတီတွေနဲ့ လက်ရှိအာဏာရပါတီဟာ တစ်ပတ်မှာ တစ်ကြိမ်၊ တစ်လလေးကြိမ် ပုံမှန်လုပ်ပါတယ်။ လုပ်တဲ့အခါလဲ လူမသိ၊ သူမသိမဟုတ်ပါဘူး။ အတိုက်အခံဘက်က ပြောသမျှ၊ အစိုးရဘက်ကပြောသမျှတွေကို ချက်ချင်းထုတ်လွှင့်ပေးပါတယ်။ ပြည်သူလူထုတွေဟာ အုပ်ချုပ်သူတွေ ဘာတွေပြောဆိုဆွေးနွေးနေကြသလဲဆိုတာ နောက်နေ့သတင်းစာစောင့်ဖတ်စရာမလိုပါဘူး။ ချက်ချင်းကြည့်၊ ချက်ချင်းသိရပါတယ်။ ပြီးတော့ ဘယ်သူက ဘယ်သူ့ထက်ပိုတော်ပြီး၊ ဘယ်သူက ဘယ်သူထက်ပိုပြီး နိုင်ငံအတွက် အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ ဝေဘန်နိုင်ကြပါတယ်။

ကျနော်အကြိုက်ဆုံးကတော့ အစိုးရခေါင်းဆောင်နဲ့ အတိုက်အခံခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်ဆွေးနွေးပြီး မကြိုက်တာတွေ့ရင်လဲ အတိုက်ခံဘက်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောတာကို အစိုးရခေါင်းဆောင်က ပြုံးပြုံးလေးလုပ်ပြီး ပြန်ချေပတာတွေကိုပါပဲ။ တစ်ခါတစ်လေ အတိုက်အခံခေါင်းဆောင် ဒေးဗစ်ကင်မရွန်းပြောတဲ့စကားတွေဟာ ရစ်သီးလွန်းတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုအပြောခံရတဲ့အခါတိုင်း ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းရဲ့မျက်နှာဟာ ပြုံးနေတတ်ပါတယ်။

ကျနော်တစ်ခါတစ်လေ စိတ်ကူးယဉ်အိပ်မက်မက်မိတယ်။ “ဒီလို အစိုးရမျိုး ငါတို့နိုင်ငံမှာရှိရင်၊ သို့မဟုတ် ငါကိုယ်တိုင် ဒီလိုအစိုးရမျိုးအုပ်ချုပ်တဲ့ နိုင်ငံမှာ တင်းပြည့်ကျပ်ပြည့်နိုင်ငံသားတစ်ယောက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ” လို့။ တစ်နေ့နေ့တော့ ဖြစ်မှာပေါ့လေ။ ဟုတ်ဘူးလား။ လာမည်ကြာမည်၊ မျှော်-----။

သတင်းပါ မီးနင်းများ
(၁) gaffe = လူသိရှင်ကြား ချွတ်ချော်မှု၊
(၂) howls of laughter = ကျယ်လောင်ဆူညံတဲ့ ရယ်သံများ၊
(၃) verbal faux pas = စကားချော်လွဲမှု၊
(၄) The Speaker = သဘာပတိကြီး၊
(၅) jeered = ဟားတိုက်လှောင်ပြောင်သည်၊
(၆) detractors = တစ်ဘက်သားသိက္ခာကျအောင် အပြစ်ဝေဘန်သူများ၊

(http://news.bbc.co.uk/1/hi/uk_politics/7724210.stm) ကို ကိုးကားဖေါ်ပြပါသည်။



Tuesday, December 9, 2008

စကားစစ်ပွဲ



Lady Astor: "Winston, if you were my husband I would flavour your coffee with poison"
လေဒီ အက်စ်တာ=“ဟေ့ ၀င်စတန်၊ မင်းသာ ငါ့ယောက်ျားဆိုရင်တော့ မင်းသောက်မယ့်ကော်ဖီထဲ အဆိပ်ကို ခပ်ဦးမှာ”။

Churchill: "Madam, if I were your husband, I should drink it"
ချာချီ=“ဒီမှာအမ၊ ခင်ဗျားသာ ကျနော့်မိန်းမဆိုရင်လေ အဲဒီကော်ဖီကို သောက်ကို သောက်ဦးမှာ”။

တိုင်းပြည်အတွက်


"Ask not what your country can do for you - Ask what you can do for your country."
(John F. Kennedy)

“သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ လို့မမေးပါနဲ့၊ သင်က သင့်တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ မေးပါ”
(သမ္မတ ကနေဒီ)


စည်ကွဲအနမ်း


ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇) တုန်းက “အနမ်း (၁၀)ပါး” ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်လေးတစ်ခုကို ကျနော်ရေးခဲ့တာ ဖတ်မိတဲ့သူတွေ မှတ်မိကြမယ်ထင်ပါတယ်။ အခု ကျနော်နောက်ထပ် အနမ်းတစ်မျိုးကို ထပ်တွေ့ရပြန်ပြီဗျာ။ ဒါပေမဲ့ ကြိုတင်သတိပေးထားပါရစေ။ ဒီနည်းနဲ့တော့ မနမ်းကြပါနဲ့ လို့။ ဒီနည်းနဲ့ နမ်းမိလို့ တရုတ်မလေးတစ်ယောက် နားစည်ကွဲပြီး နားပင်းသွားခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုနမ်းနည်းမျိုးကို သက်ဆိုင်ရာ သတင်းစာတွေက “Kiss of Deaf = အပင်းနမ်း” လို့ နာမည်တပ်ခဲ့ကြပါတယ်။ ကျနော်ကတော့ “စည်ကွဲအနမ်း”လို့ပဲ ခေါ်ချင်ပါတယ်။

တရုတ်ပြည်တောင်ပိုင်း၊ Guangdong ပြည်နယ်၊ Zhuhai မြို့က အသက် (၂၀) ၀န်းကျင်ရှိ ကောင်မလေးတစ်ယောက်ဟာ သူ့ချစ်သူရဲ့ ကြမ်းတမ်းတဲ့ အနမ်းဒဏ်ကို ခံလိုက်ရပြီး နားစည်ကွဲသွားခဲ့ရပါတယ်။ China Daily သတင်းစာကြီးရဲ့သတင်းအရဆိုရင် ကောင်မလေးဟာ လုံးဝနားပင်းသွားခဲ့တယ်လို့ သိရပါတယ်။ သူ့မရဲ့ဝေဒနာကို ကုသရတဲ့ သက်ဆိုင်ရာဆရာဝန် မစ္စတာလီ ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့ အလွန်ပြင်းထမ်းထန်တဲ့ အနမ်းကြောင့် ပါးစပ်ထဲမှာ လေဖိအားနည်းလာပြီး နားစည်ကို ဆွဲထုတ်လိုက်သလိုဖြစ်သွားကြောင်း၊ အဲဒါကြောင့် နားစည်ကွဲသွားကြောင်း သတင်းစာက တင်ပြပါတယ်။

ဒါပေမဲ့ လုံးလုံးမျှော်လင့်ချက်ကုန်သွားလောင်အောင် နားပင်းသွားတာမျိုးတော့ မဟုတ်သေးပါဘူး တဲ့။ ဆရာဝန်လီရဲ့အဆိုအရ နောက်နှစ်လလောက်ကြာပြီးရင် ကောင်းသွားနိုင်တဲ့ အလားအလာရှိကြောင်းသိရပါတယ်။ ဒီသတင်းထွက်လာပြီးနောက်ပိုင်းမှာ တရုတ်ပြည်တစ်ဝှန်းရှိ သတင်းစာတွေက မိမိချစ်သူကို အန္တရာယ်မဖြစ်အောင်နမ်းဖို့နဲ့၊ ဘယ်လိုနမ်းရင် အန္တရာယ်ကင်းရှင်းနိုင်ကြောင်း နည်းလမ်းကောင်းတွေ တင်ပြခဲ့ကြပါ သတဲ့။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Shanghai Daily သတင်းစာကြီးကလဲ “ပြင်းထန်တဲ့ အနမ်းကြောင့် အတွင်းပိုင်းက နားစည်နှစ်ခုအကြား လေဖိအား မညီမျှမှုတွေ ဖြစ်ပေါ်ပြီး နားစည်ကွဲရလောက်တဲ့အထိ အန္တရာယ်ရှိနိုင်ကြောင်း” ကို အကျယ်တ၀င့်ရေးသားဖေါ်ပြခဲ့တယ်လို့ သိရပါတယ်။ ဗဟုသုတရစေဖို့ တင်ပြပေးလိုက်တာပါ။ အန္တရာယ်ကင်းရှင်းစွာ နမ်းနိုင်ကြပါစေ။

သတင်းပါ မီးနင်းများ
(၁) ruptured (v) = ပေါက်ကွဲ (စေ) သည်။
(၂) dubbed (v) = နာမည်တပ်ခံရသည်။
(၃) dispense (v) = ပေးဝေသည်။

(http://uk.news.yahoo.com/18/20081208/tod-kiss-of-deaf-woman-loses-hearing-in-575248e.html) သတင်းကို ဘာသာပြန်ဖေါ်ပြပါသည်။

Monday, December 8, 2008

ကိုယ်ကျင့်တရား


It is a farce to call any being virtuous whose virtues do not result from the exercise of its own reason.
Mary Shelley (1797-1851)

ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကိုယ်ကျင့်တရားကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
(မေရီ ရှဲလီ)

မှုတ်ချင်ဦးဟ ဘိုလို


တန်းကျောင်းမှာ ဆရာ/ဆရာမသင်ပေးတဲ့ အင်္ဂလိပ်စာက စာမေးပွဲဖြေပြီးရင် တစ်လုံးမကျန်စာအုပ်ထဲ ပြန်ရောက်သွားလို့ သူများတွေ တိုးရစ်စ်တွေနဲ့ စကားပြောနေတာမြင်ရင် ပြောချင်ပေမဲ့ ဘယ်ကစနှုတ်ဆက်ရမှန်းတောင် မသိလို့ အင်္ဂလိပ်+မြန်မာ နှစ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်လေးတွေ ၀ယ်ဖတ်ဖြစ်တယ်။ သိပ်မထိရောက်ဘူး။ မထိရောက်ဘူးဆိုတာကလဲ စာအုပ်မကောင်းလို့မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကြိုးစားမှုအားနည်းတာကြောင့်ပါ။

ကျနော်တို့က ပိုက်ဆံကုန်ရမှ စာတတ်မယ်ထင်တာကိုး။ ဒါနဲ့ ကျနော်တို့ အရပ်ထဲမှာ ဖွင့်ထားတဲ့ Speaking သင်တန်းကို ကျနော့်သူငယ်ချင်း မင်းဇော်နဲ့အတူ ပိုက်ဆံကုန်ခံပြီး သွားတက်ကြတယ်။ သင်တန်းတက်ပြီး တစ်ပတ်လောက်လဲ ကြာရော ဆရာသင်ပေးတဲ့ ၀ါကျလေးတွေ အာပူတိုက်ပြီး တွေ့သမျှလူတွေကို ဘိုလိုမှုတ်တော့တာပဲ။ တန်းထဲမှာ ကောင်မလေးတွေလဲပါတော့ ဘိုလိုမှုတ်ရတာ အာတွေ့နေတာ။ တွေ့သမျှလူကို အထူးသဖြင့် ကိုယ်နဲ့ သိတဲ့ အရပ်ထဲကောင်မလေးတွေကို အမြီးမတွေ့လိုက်နဲ့ Hello, how are you? လုပ်ပြီးသားပဲ။

ကြာတော့ အမြင်အကပ်ခံရလို့ လူမြင်ရင်ကို ဟိုဘက်လမ်းက ကွေ့သွားကြတော့တာကိုး။ ဖြစ်ရလေ မင်းထက်ရယ်။ ကျနော်ထက်ဆိုးတာက ကျနော့်သူငယ်ချင်း မင်းဇော်။ သူဆို သူ့ရပ်ကွက်ထဲက လူတွေ အမြင်ကပ်ခံရတာ အားမရလို့ သူ့အိမ်က အမကပါ အမြင်ကပ်အောင် မှုတ်တဲ့ကောင်။ မှုတ်အားကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ အဲဒီဘိုလိုမှုတ်ချင်တဲ့ ရောဂါကို စရတာက မြန်မာခရီးသွားနှစ် ၁၉၉၆။ သူများတွေ မှုတ်တာမြင်တော့ ကိုယ်လဲ မှုတ်ချင်လာတာပေါ့။

ဒါပေမဲ့ ၁၉၉၆ သာကုန်သွားတယ်။ ဘယ်တိုးရစ်ကိုမှ ဘိုလိုမမှုတ်လိုက်ရဘူး။ နာတယ်ကွာ။ ဒါပေမဲ့ ကျနော့်သူငယ်ချင်းနဲ့ ကျနော်နဲ့က ဘယ်လက်လျှော့လိမ့်မတုန်း။ ၁၉၉၆ မှာ မမှုတ်ရရင် ၁၉၉၇ မှာမှုတ်မယ်ဆိုပြီး တိုင်ပင်ထားကြတာ။ တွေ့လို့ကတော့လား။ ဒီလိုနဲ့ တစ်ညနေမှာ ကျနော်တို့ နှစ်ယောက်တိုင်ပင်ပြီးတော့ မန္တလေးတောင်ခြေကို တိုးရစ်စ်ရှာထွက်လာခဲ့ကြတယ်။ တွေ့တဲ့တိုးရစ်ကတော့ မသက်သာဘူးသာမှတ်ပေတော့။ စိတ်ထဲမှာလေ။

တောင်ခြေရောက်တော့ ဆိုင်တစ်ဆိုင် ၀င်ပြီး အအေးသောက်ကြတယ်။ ရင်ပူတာကိုး။ မမှုတ်ရသေးဘူး။ ရင်က အရင်ပူနေပြီ။ ကျနော်တို့ထိုင်တဲ့ ဆိုင်ထဲကနေ လှမ်းကြည့်လိုက်ရင် ခြင်္သေ့ကြီးနှစ်ကောင်ကို အတိုင်းသားမြင်နေရတဲ့အပြင် အဲဒီခြင်္သေ့ကြီးနှစ်ကောင်ကြားက တောင်ပေါ်တက်တဲ့ လူတွေကိုလဲ ကောင်းကောင်းမြင်နေရတယ်။ နေရာယူမှန်ပုံပြောပါတယ်။ ကျနော်တို့လဲ ကျီးကန်းတောင်းမှောက်လုပ်ပြီး အအေးသောက်နေရတယ်။ တိုးရစ်စ်လာရင် လွတ်သွားမှာစိုး။ အဲလောက်မှုတ်ချင်တာ၊ စဉ်းစားသာကြည့်ပေတော့။

တွေ့ပါပြီဗျား။ နှစ်ယောက်တောင်။ အထီးတစ်ယောက်၊ အမတစ်ယောက်။ တိုးရစ်မှ တိုးရစ်အစစ်။ ကျောပိုးအိပ်တစ်လုံးစီနဲ့။ ဘောင်းဘီရှည်ကိုယ်စီနဲ့။ ယောက်ျားက လည်စီးတောင်ပါလိုက်သေးတယ်။ ဒီထက်သေချာတာ ဘာရှိသေးတုန်း။ ရုပ်ကတော့ အာရှရုပ်မျိုးပဲ။ ထိုင်ဝမ်ကလား၊ ဂျပန်ကလား။ စင်ကာပူကလား။ တရုတ်ကလား။ မျက်လုံးသိပ်မမှေးကြတော့ တစ်ရုတ်ဖြစ်ဟန်တော့ မတူဘူး။ ထိုင်ဝမ် သို့မဟုတ် ဂျပန်ဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ်။ နှုတ်ဆက်လိုက်ရတယ်ဆိုရင်ပဲ နည်းလား။ ပွဲဦးထွက်ပဲ ဥစ္စာ။ ဂျေးများနေလို့မဖြစ်ဘူး။ ဒီလိုဂျေးများနေခဲ့လို့ ၁၉၉၆ ကို လွတ်ခဲ့ရပြီ။

ကျနော့်သူငယ်ချင်းက ထပြေးချင်နေပြီ။ သွားပြောရအောင်လို့။ ကျနော်တားထားရတယ်။ နေဦး၊ ကိုယ့်လူ။ ပိုက်ဆံအရင်ရှင်းကြဦးစို့။ ကမန်းကတမ်း အိပ်ထဲက ပိုက်ဆံထုတ်ပြီး ဆိုင်ရောင်းတဲ့ အမကို လှမ်းအော်လိုက်တယ်။ အမရေ ဟောဒီမှာဗျို့၊ အအေးဖိုး။ လစ်ပီနော်။ ပြီးတော့မှ ခွဲတမ်းချလိုက်တယ်။ ကိုယ့်လူက တိုးရစ်အထီးကို ပြောကွာ။ ကိုယ်က တိုးရစ်အမကို ပြောမယ် လို့။ အဲဒီမှာတင် ချက်ချင်းပြေလည်မသွားသေးဘူး။ ကျနော့်သူငယ်ချင်းကလဲ သူပဲ တိုးရစ်အမကို ပြောမယ်တဲ့။ ကျနော်က အထီးကို ပြောရမယ် တဲ့။ မတရားလိုက်တာ။ အော် အမဆိုရင်ပဲ ကျနော်တို့ အထီးတွေက အလိုလို ကပ်ချင်နေလား မသိဘူး။

အရေးထဲ ပြောရမည့် ၀ါကျမေ့နေလို့ စာအုပ်ထဲ ပြန်လှန်ကြည့်လိုက်ရသေးတယ်။ ဟုတ်ပြီ။ Hello, how are you? လို့အရင်မေးမယ်။ ပြီးမှ အချိန်ကြည့်ပြီးတော့ Good morning စသည် နှုတ်ဆက်ရမယ်။ အဲဒီနောက်မှ Where are you from? စသဖြင့် ကိုယ်မေးချင်တာတွေ မေးရမယ်။ အစဉ်ပြောင်းပြန်ဖြစ်နေမှာ စိုးလို့ သေသေချာချာ အာပူတိုက်လိုက်ရသေးတယ်။ အမလေး ရင်ခုန်လိုက်တာ။ ရည်းစားနဲ့ ချိန်းတွေ့တုန်းကတောင် ဒီလောက်ရင်ခုန်တယ် မထင်ခဲ့မိဘူး။ အခုတော့ အီး-------ဟီး-----------။ ခုန်တယ်။ ခုန်တယ်။ ဒုန်း---ဒုန်း--နဲ့ကို နေတာပဲ။ အခုမှ နဖူးတွေ့ ဒူးတွေ့ပြောရတော့မှာကိုး။ အရပ်ထဲက ပူစူးမကို မှုတ်ခဲ့ရတာတွေ အခုမှ သေသေချာချာ ပြန်အသုံးချရမှာ။ ပူစူးမရေ့ သိုင်းကြူးနော်။

သူတို့အနားရောက်တော့ ခန့်တည်တည်နဲ့ နှစ်ယောက်သား ကိုယ်ရှိန်သတ်လိုက်တယ်။ အသက်မှန်မှန်ရှူလိုက်တယ်။ ပြီးတော့ ကျနော့်သူငယ်ချင်းက ကျနော့်ထက် အာသွက်တဲ့ကောင်ဆိုတော့
စပြီး နှုတ်ဆက်လိုက်တယ်။ စာအုပ်ထဲမှာ ရေးထားတဲ့ အစဉ်အတိုင်းပေါ့။ Hello, how are you? လို့ သူငယ်ချင်းပါးစပ်က နှုတ်ဆက်လိုက်တော့ ကျနော်တို့နှစ်ယောက်စလုံး နည်းနည်းလေးမှ မျှော်လင့်မထားတဲ့ ဘာသာစကားတစ်မျိုးနဲ့ ပြန်ဖြေလိုက်တယ်။ ဖြေလိုက်သူက အမျိုးသား။ “ကိုယ်တို့ ရန်ကုန်ကပါ ညီလေးရ” တဲ့။

သွားပါပြီ။ ကတွတ်ပီတို့။ ဒီနေ့ကတွတ်ပီနဲ့ ဗိုက်ကလေးတို့ နှစ်ယောက် အရင်က ကံမကောင်းတာတွေ အကုန်ပေါင်းတောင် ဒီနေ့ကံမကောင်းတာကို မှီမယ်မထင်ဘူး။ အားတင်းထားသမျှ၊ မောင်းတင်ထားသမျှ၊ ကျက်ထားသမျှ အားလုံး သဲထဲရေသွန်။ သွားပါပြီဗျာ။ ဒီတစ်သက် တိုးရစ်စစ်စစ်နဲ့ ပြောခွင့်ရပါ့ဦးမလား မသိဘူး။ ဘယ့်နှယ်။ စစချင်းချင်း အင်္ဂလိပ်လို ပြောမယ်လို့ ကြိုးစားပန်းစားလုပ်ကာမှ ရန်ကုန်က ကိုရွှေမြန်မာတွေနဲ့ လာတွေ့နေတာ။

အင်း--။ ပြောသာပြောရတယ်။ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပဲ။ ပြောချင်လောအားကြီးပြီး မြန်မာကို မြန်မာလို့မမြင်ပဲ နိုင်ငံခြားသားလို့ သွားထင်တာကိုး။ ဖြစ်ရလေ မင်းထက်ရယ်။ အဲဒီကတည်းကစပြီး နောက်ဆို အာရှရုပ်ပေါက်နေလို့ကတော့ ဘယ်တိုးရစ်ဆီမှ မချင်းကပ်တော့ဘူး။ အနည်းဆုံးကတော့ သေချာအောင် နှာခေါင်းကို အရင်စူးစမ်းလိုက်တယ်။ ချွန်/မချွန်။ အဲဒါပြီးတော့မှ အသားအရောင် ကြည့်လိုက်တယ်။ ဖြူ/မဖြူ။ ကုလားနဲ့ လွဲမှာစိုးလို့။ ကုလားဆိုရင်လဲ စိတ်ထဲ မသိုးမသန့်ဖြစ်ပြန်တယ်။ ဥရောပ သို့မဟုတ် အမေရိကားကလို့သေချာမှ သွားပြောဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ ကိုယ့်လူတို့လဲ လူကြည့်ပြောနော်။ တော်ကြာနေ “ကိုယ်တို့ ရန်ကုန်ကပါ ညီလေးရ” လို့ အပြောခံနေရဦးမယ်။ ဟဲ ဟဲ။

Sunday, December 7, 2008

သူငယ်ချင်းသို့ (၁၀)


“စာမလာ၊ သတင်းမကြား၊ မင်းတစ်ယောက်နေမှ ကောင်းရဲ့လား” လို့မေးချင်နေပြီလား သူငယ်ချင်း။ အခြားပို့စ်တွေ လျှောက်ရေးနေတာရယ်၊ ကျောင်းနဲ့အဆောင်ကူးနေရတာရယ်၊ ထူးထူးထွေထွေပြောပြစရာလဲ သိပ်မရှိတာရယ်ကြောင့် ကိုယ့်လူဆီတောင် စာမရေးဖြစ်တာ ကြာပေါ့။ အခုလဲ သိပ်အထူးအထွေ ပြောစရာရှိလို့ရယ်တော့ မဟုတ်ပါဘူး။ သတိရတာ သက်သက်ရယ်ကြောင့် ရေးလိုက်တယ်ပဲ ဆိုပါတော့။

သတိရဆို လန်ဒန်ရဲ့ ဒီဇင်ဘာဆောင်းနှိပ်စက်လို့ စိတ်ပျက်ရတဲ့အကြောင်းလေးတော့ ပြောပြချင်သဗျား။ စောင်ရှိလို့ချမ်းတာပါလို့ ပြောလဲ ခံရမှာပဲ။ ချမ်းချက်ကတော့ ရှိတဲ့စောင်နဲ့တောင် မလုံလောက်ဘူးဗျို့။ ဘာလိုသလဲတော့ မမေးနဲ့၊ ဟဲ ဟဲ၊ သိတယ်မို့လား။ ချမ်းတဲ့ အခါ ကိုယ်တို့ဘာလုပ်သလဲ။ မန္တလေးမှာတုန်းက ချမ်းတဲ့အခါ စိတ်တိုလွန်းလို့ နံရံကိုတောင် လက်သီးနဲ့ထိုးမိတယ်။ အခုတော့ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့ ကိန်းဆိုင်နေပြီဆရာရေ့။

အအေးဒီဂရီကတော့ အခုတလော ရေခဲမှတ်အောက် ရောက်ရောက်နေလို့ မန္တလေးမှာ ချမ်းခဲ့တဲ့အချမ်းလေးကိုပဲ ပြန်လွမ်းနေမိတယ်။ ဟိုသီချင်းလေး သွားသတိရတယ်ဗျာ။ “အလွန်ချမ်းတဲ့ ရာသီ၊ အလွန်အေးတဲ့ ရာသီ---၊ မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လဲ---မဖြစ်နိုင်ပါပြီ” ဆိုတာလေ။ တကယ်ပါ သူငယ်ချင်းရာ။ ချမ်းလဲ ချမ်းတယ်၊ လွမ်းလဲလွမ်းတယ် ကွာ။ ဘာကို လွမ်းသလဲတော့ မမေးနဲ့။ လွမ်းစရာရှိတာ အကုန်လွမ်းတယ်ကွာ။

(၁) မန်းတောင်ကိုလဲ လွမ်းတယ်၊
(၂) ဟိုးတောင်ထိပ်က မြွေကြီးနှစ်ကောင်ကိုလဲ လွမ်းတယ်၊
(၃) တောင်ခြေက ဖုန်တင်နေတဲ့ ခြေင်္သေ့ကြီးနှစ်ကောင်ကိုလဲ လွမ်းတယ်၊
(၄) တောင်ခြေက ဆိုင်တန်းတွေကိုလဲ လွမ်းတယ်၊
(၅) ကုသိုလ်တော်ကျောက်စာတိုက်ထဲက အကြိုအကြားတွေကိုလဲ လွမ်းတယ်၊
(၆) ကုသိုလ်တော်ဝင်းထဲက ခရေပင်ကြီးတွေကိုလဲ လွမ်းတယ်၊
(၇) ကျောက်တော်ကြီးဘုရားကိုလဲ လွမ်းတယ်၊
(၈) ၀င်မရတဲ့ နန်းတော်ကြီးကိုလဲ လွမ်းတယ်၊
(၉) ကျုံးပတ်ပတ်လည်ကိုလဲ လွမ်းတယ်၊
(၁၀) ကျုံးပတ်ပတ်လည်က တရုတ်တည်ပင်တွေကိုလဲ လွမ်းတယ်၊
(၁၁) အလွမ်းဆုံးကတော့ အနှီပတ်ဝန်းကျင်မှာ အတူသွားအတူစားခဲ့စဉ်က ကိုယ့်ဘေးမှာအမြဲရှိနေတဲ့ သူ့ကိုပေါ့။

လွမ်းတာတွေ အကုန်လျှောက်ပြောနေရရင်တော့ ကုန်နိုင်ဘွယ်မရှိပါဘူး သူငယ်ချင်းရာ။ အခုကျတော့လဲ တကွဲစီပေါ့။ ဘာလို့လွမ်းသလဲ ဆိုရင်တော့ ချမ်းလို့ပါ လို့ဖြေမယ်ဗျာ။ တစ်ယောက်တည်းဖြစ်နေပြီကိုး။ လွမ်းသင့်တာပေါ့၊ ဟုတ်တယ်မို့လား။ ကိုယ်ချင်းစာစမ်းပါ ကိုယ့်လူရာ။ မောင်တစ်ရွာ၊ မယ်တစ်မြို့ဖြစ်နေပြီလေ။ ဒါပေမဲ့ “ငါ့မြေး ပျော်ရာမှာ မနေနဲ့၊ တော်ရာမှာ နေရမယ်” ဆိုတဲ့ အဘရဲ့ မဟာ့မဟာ သြ၀ါဒတော်ကြောင့်--

အချမ်းကို အန်တု၊
အလွမ်းကို ကံဟု မှတ်ပါတော့၊
အဝေးမြေမှာ။

ပညာသာ ရအောင်ရှာကွဲ့၊
ကြင်ယာဟာ ဖူးစာဆက်လိမ့်မယ်၊
ထူးပါတဲ့ မင့်ထံ။

ချစ်ကံကို မယုံနဲ့၊
ဆုံမယ့်သူ ဆုံမှာပဲ ရယ်လို့၊
ပုံပမာကွဲ့ မှတ်ယူ။

ပျိုတကာလျှောက် လှည့်ပတ်သူ၊
မင့်လိုလူ ငနဲ၊
အကွဲ အခါခါနှင့်၊
အသဲ နာနာနှင့်၊
ပျော်ရာမှာ မနေရတယ်၊
ငရဲကောင်ပဲ။

ဟူသော ဘာအဓိပ္ပါယ်မှန်းမသိလောက်အောင်ကို လေးနက်လွန်းတဲ့ ကိုယ်ကိုယ်တိုင် ကျိုးစားပန်းစား နှစ်မိနစ်ခန့် အချိန်ယူ သီကုံးထားရတဲ့ ကဗျာတော်ကြီးကို အကြိမ်ကြိမ်ကျူးရစ်ပြီးသကာလ ဖြေဆည်ရာ ရှာနေရတာလဲ အမောပါပဲ သူငယ်ချင်း။

အချမ်းကို နွေးစေတဲ့ စောင်ရှိပေမဲ့
အလွမ်းကို ငြိမ်းစေမယ့် သူမရှိတဲ့ ဘ၀မှာ
နတ္ထိရဲ့ အဓိပ္ပါယ်ဟာလဲ၊
အရပ်သိတဲ့ စကားနဲ့ပြောရရင်တော့၊
လောကအမြင် ဘယ်လိုရယ် မသိ၊
ယောင်ချာချာ ဖြစ်ပါဘိတော့။

ဒါပေမဲ့ ဒါပေမဲ့၊
ညောင်နာနာဘ၀တော့ အရောက်မခံ၊
ထက်သန်တဲ့ ဇွဲစိတ်နဲ့၊
ချမ်းချင်သလောက် ချမ်းစမ်း၊
လွမ်းချင်သလောက် လွမ်းစမ်း၊
အချမ်းကိုလဲ မမှုအား၊
အလွမ်းကိုလဲ ဂရုမထားပဲ၊
ငါလိုရာပန်းတိုင် အရောက်လှမ်းမယ်၊
ဘာရ မလဲ၊
ငါဟဲ့ မောင်းမကန်သား။
(အလကားကောင်)

ကဲ၊ ကိုယ့်လူရေ့၊ မနက်ဖန်လဲ စာဖြေစရာရှိသေးတယ်။ နောက်အပတ်စာဖြေပြီးရင်တော့ ကျောင်း သုံးပတ်ပိတ်ပြီ။ ဘယ်ဆီ၊ ဘယ်ဝယ်သွားလည်ရမလဲ၊ အခုထိ ဇယားမချရသေးဘူး။ သိတယ်မို့လား။ သွားမယ် ဆိုရင် ဘုရင်မကြီးက ထွက်ပြီလေ။ ရှိတဲ့ ဘုရင်မတွေ အိပ်ကပ်ထဲက ထွက်မသွားအောင် မနည်းကြီး ထိမ်းသိမ်းနေရတာ ကလား။ ပြောသာပြောရတယ်။ စာမေးပွဲတွေပြီးသွားပေမဲ့ ကိုယ်ကတော့ မအားလပ်နိုင်သေးဘူး။

မအားသေးဆို၊ ဘယ်တော့မှလဲ အားမှာမဟုတ်ဘူး ထင်ပါရဲ့။ အခုစာမေးပွဲပြီးတာနဲ့ လန်ဒန်တက္ကသိုလ်က ကိုယ့်စူပါဗိုက်ဆာဆီတင်ရမယ့် စာတွေ ပြန်ပြင်စရာရှိသေးတယ်။ အဲဒါကလဲ စိတ်ထဲမှာ ရည်းစားပူမိသလို ဖြစ်နေတာဗျို့။ အရေးကြီးတယ်၊ ကိုယ်ဒီလာတဲ့ရည်ရွယ်ချက်ကလဲ တက္ကသိုလ်တက်ဖို့၊ ဒေါက်တာဘွဲ့ယူဖို့ဆိုပြီးတော့လာခဲ့တာ။ အခုတော့ Southall ကျောင်းမှာ အင်္ဂလိပ်စာသွားသင်နေရတာနဲ့တင် တစ်နှစ်ကုန်သွားပြီ။ ဒီနိုင်ငံရဲ့ Standard ဖြစ်အောင် ကျိုးစားရတာကလဲ အတော်မသက်သာတဲ့ ကိစ္စ၊ မသက်သာဆုံးကတော့ ပိုက်ဆံပဲ ဆရာရေ့။ ခဏခဏ ငြီးပြရတာလဲ ကြာတော့ ရှက်တောင်လာပြီ။ ကိုယ့်လူကလဲ ကိုယ်ဒီလောက်ငြီးပြနေတာ သဘောကို မပေါက်နိုင်ဘူး။ အဲဒီတော့ မငြီးတော့ဘူး။ နောင်ကြုံတော့မှပဲ။ ဟဲဟဲ။

Saturday, December 6, 2008

မဟာအာလူး


“အာလူးလာမပေးနဲ့၊ လေကိုနည်းနည်းလျှော့” လို့ပြောလဲ လျှော့လို့မရဘူး ဆရာ။ ဘာလို့လဲဆိုတော့ အခုပုံထဲတွေ့ရတဲ့အတိုင်းပဲ။ ဧရာမအာလူးကြီး။ တွေ့တယ်ဟုတ်။ အဲဒီအားလူးကြီးက ပေါင်ချိန် ၁၁.၃ ကီလို၊ (၂၄.၉ ပေါင်) အလေးချိန်ရှိတာ။ လက်ဘနွန်နိုင်ငံက လယ်သမားကြီး Khalil Semhat ရဲ့အာလူးစိုက်ခင်းထဲမှာ ရခဲ့တာပါ။ လယ်သမားကြီး Khalil Semhat သူ့ရဲ့ ဧရာမအာလူးကြီးနဲ့ ပတ်သက်ပြီးတော့--

“ကျနော့်စိုက်ခင်းထဲက အာလူးတွေကို ဘာဓာတုဗေဒမှ သုံးပြီး မစိုက်ခဲ့ပါဘူး၊ ဒီအာလူးကြီးတွေ့တော့ မြေကြီးပေါ်တူးတင်ဖို့ ကျနော့်မိတ်ဆွေတွေဆီတောင် အကူအညီတောင်းခဲ့ရသေးတယ်။ ကျနော်က ဟိုးကလေးပေါက်စကတည်းက လယ်ထဲမှာ ကျင်လည်လာခဲ့တာ။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကြီးတဲ့ အာလူးမျိုး တစ်ခါမှ မတွေ့ခဲ့ရဖူးဘူး” လို့ ပြောခဲ့ပါတယ်။

သူအာလူးစိုက်တဲ့ မြေနေရာဟာ ၂၀၀၆နှစ်မှာ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံရှိ Shiite Hezbollah လို့ခေါ်တဲ့ ရှီးယားမူစလင်အုပ်စုတွေအကြား ဖြစ်ပွါးခဲ့တဲ့ စစ်မက်ကာလအတွင်း ဗုန်းဒဏ်သင့်ခဲ့ရတယ် လို့ဆိုပါတယ်။
ဒီအာလူးကြီးကို Guinness World Records လို့ခေါ်တဲ့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာ ထူးဆန်းတဲ့ မျိုးစိတ် တစ်ခုအဖြစ် ဖေါ်ပြမယ်လို့လဲ သိရပါတယ်။

သတင်းပါမီးနင်းများ
(၁) spud = အာလူး၊
(၂) specimen = မျိုးစိတ်၊
(၃) pounding = ၀ုန်းဝုန်းဒိုင်းဒိုင်းပေါက်ကွဲသံ၊

(http://uk.news.yahoo.com/18/20081206/twl-lebanon-farmer-grows-super-sized-spu-3cd7efd.html) ကို ကိုးကားတင်ပြပါသည်။