Monday, October 13, 2008

တစ်ခါတုန်းက သီတင်းကျွတ်လပြည့်ည


တစ်ခုသော သီတင်းကျွတ်လပြည့်ည။
ကျနော့်ရင်ထဲမှာ အမြဲရှိနေမယ့် သီတင်းကျွတ်လပြည့်ည။
တွေးလိုက်မိတိုင်း အသစ်အသစ်ပြန်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်ည။
သီတင်းကျွတ်လပြည့်ညပေါင်းများစွာနဲ့ လဲလှယ်လို့မရတဲ့ သီတင်းကျွတ်လပြည့်ည။
အဲဒီညမှာ---

စိမ့် ဘာလုပ်နေတာလဲ။
သူဘာလုပ်နေတယ်ဆိုတာ မြင်နေရ၊ သိနေရပါလျှက်နဲ့ စကားမရှိ၊ စကားစရှာပြီး အထက်ကအတိုင်း ကျနော်သူ့ကို မေးလိုက်မိတယ်။

အော်---ဟုတ် အကို၊ ကျမ ဘုရားမီးပူဇော်မလို့၊ ဟို---ဖယောင်းတိုင်လေးတွေ မီးထွန်းနေတာ။ လာလေ အကို။ ၀ိုင်းထွန်းပေးပါဦး။
ကျနော့်မျက်နှာကို တစ်ချက်မော်ကြည့်ပြီး ဖယောင်းတိုင်လေးတွေကို သူ ဆက်လက်မီးညှိနေလိုက်တယ်။
သူ့သူငယ်ချင်းတွေအပေါ် ဖေါ်ရွေတတ်သလို ကျနော့်အပေါ်လဲ ဖေါ်ဖေါ်ရွေရွေပဲ သူဆက်ဆံတတ်စမြဲပါ။ သူ့ရဲ့တုန့်ပြန်မှုနဲ့ ဖိတ်ဖေါ်မှုက တဒင်္ဂလေးရယ်လေ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ နှစ်နှစ်လလက တောင်းတ လာခဲ့တဲ့ ဆုလာဒ်တစ်မျိုးကို ရရှိလိုက်သလို ခံစားလိုက်ရတာအမှန်ပဲ။ ကျနော် သူခေါ်တဲ့အတိုင်း ချက်ချင်းလိုက် မလုပ်ဖြစ်သေး။

စေတီတော်အရှေ့ ဆီမီးခုံလေးနဘေး ပုဆစ်ကလေးတုပ်၊ ခေါင်းကလေးငုံ့ပြီး ဘုရားမီးပူဇော်နေတဲ့ သူ့မျက်နှာလေးက ခါတိုင်းထက်ကို ပိုပြီးလှပနေတယ်လို့ မြင်ယောင်မိတယ်။ နဂိုကမှ ဖြူနုဝင်းအိနေတဲ့အသားရောင်ရှိတဲ့ သူ့မျက်နှာလေးဟာ ဖယောင်းတိုင်က လာဟတ်တဲ့မီးအလင်းရောင်ကြောင့် တာဝတိံသာ၊ နတ်တို့ရွာက၊ သူဇာလှကြွယ်၊ မိုးနတ်မယ်သို့ လို့ စာဖွဲ့ရလောက်အောင်ကို လှပလွန်းနေတယ်။

သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျနော့်စိတ်တွေ ဟိုးအဝေးက အချိန်ကာလတစ်ခုဆီသို့ ပြေးထွက်သွားခဲ့တယ်။

အဲဒီတုန်းက သူက တတိယနှစ်ကျောင်းသူဘ၀။ ကျနော်က ကျောင်းပြီးလို့ တက္ကသိုလ်မှာဆရာပေါက်စလေးတောင်ပြန်လုပ်နေပြီ။ သူနဲ့ကျနော်က အိမ်နီးနားချင်းတွေပါ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မေးပြောခေါ်ထူးအဆင့်လောက်နဲ့ပဲ နေ့စဉ်တွေ့မြင်နေကြရတာ။ ကျနော်သင်တဲ့ subject နဲ့ သူ့ major ကလဲ တူတာမဟုတ်တော့ စာနဲ့ပတ်သက်ပြီးတော့လဲ ပြောစရာစကားကမရှိ။ အဲလို နေလာကြရင်း တစ်နေ့တော့ သူ ကျနော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပေါက်ချလာခဲ့တယ်။

ကျနော်လဲ မြင်မြင်ချင်းတော့ တအံ့တသြပေါ့။ ကျနော့်ကို မြင်မြင်ချင်း သူက --- ဆရာ၊ ကျမ ဆရာ့ဆီမှာ အင်္ဂလိပ်စာသင်ချင်လို့၊ သင်ပေးပါနော်--တဲ့။ ကျနော်လဲ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်နေမိတာပါ။ ခဏနေတော့မှ၊ အင်း--ဟုတ်။ ကျနော် ဘာကို ဘယ်လို သင်ပေးရမှာလဲ ဆိုတော့၊ သူကဆက်ပြီး၊ စာမေးပွဲနီးနေလို့တဲ့။ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ ခန့်မှန်းမေးခွန်းတွေကို ကောင်းကောင်းနားမလည်လို့ ရှင်းပြပေးပါ တဲ့။

ကျနော်လဲ ၀မ်းမြောက်ဝမ်းသာပါပဲ။ နှစ်ခါမပြောရဘူး။ ဟုတ်ကဲ့ လို့ အလိုလိုအဖြေပေးလိုက်မိရက်သားဖြစ်သွားတယ်။ အဲဒီနေ့က စပြီး ကျနော်ထင်တယ်။ ကျနော့်ဆီမှာ သူအင်္ဂလိပ်စာသင်တာ ပျက်ရက်၊ တက်ရက် အားလုံးပေါင်း တစ်နှစ်နီးပါးလောက်ရှိမှာပါ။ သူ့စာမေးပွဲပြီးသွားတော့လဲ အချိန်ရတိုင်း ကျနော့်ဆီမှာ အင်္ဂလိပ်စာ လာသင်နေသေးတယ်။ တစ်ခုပဲ ကျနော် အလိုမကျဖြစ်မိတာ။ သူလာရင် သူ့နောက်က သူ့အဒေါ်အပျိုကြီးပါ လိုက်လာတတ်တယ်။ စိတ်မချလို့ ထင်ပါရဲ့။ တစ်ခါတလေတော့လဲ သူ့တစ်ယောက်တည်းပဲ။ အဲလိုနေ့တွေဆို ကျနော် စာသင်ရတာ သိပ်စိတ်ပါတာပဲ။ ဒါပေမဲ့ ဆရာသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်သိက္ခာကို ထိပါးစေ့မယ် အပြုအမူမျိုးကိုတော့ ကျနော် တတ်နိုင်သလောက်ရှောင်နိုင်ခဲ့ပါတယ်။

ရင်ထဲမှာတော့ မောင်စိတ်ဝင်း (ပုတီးကုန်း) ရဲ့တိတ်တခိုး ကဗျာလေးထဲကလို၊
သူမမြင်၊ သူမကြည့်ပေမဲ့၊
သူသိရင် ကျေနပ်ပါရဲ့၊
ရွက်ချပ်စို၊ အကြိုကြားမှာ၊
ပွင့်သွားမှာပဲ။
ဆိုတဲ့အတိုင်း တိတ်တခိုးချစ်နေမိတာတော့ အမှန်ပါပဲ။

အကို၊ လာလေ၊ ဘာလို့ ရပ်ကြည့်နေတာလဲ။
ကျနော့်ကို ဒုတိယအကြိမ် သူခေါ်လိုက်တယ်။ အဲဒီကျမှပဲ ကျနော်လဲ အိပ်ပျော်နေတဲ့လူရဲ့မျက်နှာကို ရေနဲ့ပက်လိုက်သလို သတိပြန်ဝင်လာမိတော့တယ်။

အော်--ဟုတ်။

သူအနား အသာသွားထိုင်ပြီး ကျနော်က ဖယောင်းတိုင်လေးတွေကို တစ်တိုင်ချင်းစီ လိုက်စိုက်ပေးလိုက်တယ်။ သူကလဲ ကျနော်စိုက်ထားတဲ့ ဖယောင်းတိုင်လေးတွေကို နောက်ကနေ မီးလိုက်ညှိနေတယ်။ သူ့ရင်ထဲမှာတော့ ဘုရားကို မီးပူဇော်ရတဲ့ ကောင်းမှုနဲ့အေးမြနေမယ် ထင်ပါရဲ့၊ ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ သူညှိထွန်းလိုက်တဲ့ မီးတွေနဲ့အပြိုင် ပူလောင်နေတော့တာပေါ့။

မီးအရှိန်ကြောင့် မာကြောနေတဲ့ ဖယောင်းသားလေးတွေ ပျော့ပျောင်းအိခွေပြီး ပျော်ကျကုန်သလို ကျနော့်ရင်ထဲက နှလုံးသားဟာလဲ အချစ်စိတ်ကြောင့် အရေပျော်ကုန်ပြီလားတောင် ထင်နေရတော့တာပါ။ ရင်ထဲမှာ ရှိတဲ့စကားတစ်ခုခုကို အားယူပြီး ပြောမယ် ကြံတိုင်း အလကားစာသင်ပေးတာကို အခွင့်အရေးယူတယ် ထင်မှာစိုးပြီး မပြောဖြစ်ခဲ့။ မပြောရဲခဲ့။ ဖယောင်းတိုင်လေးတွေ အားလုံးထွန်းပြီးတော့ သူဘုရားကန်တော့တယ်။ ကျနော်လဲ သူ့ဘေးနား အသာဝင်ထိုင်ပြီး ကန်တော့လိုက်တယ်။

ကျနော့်စိတ်ထဲမှာတော့ အရမ်းကြည့်နူးနေမိတယ်။ ဘုရားလဲ ကန်တော့ပြီးတော့၊
အကို ကျမပြန်တော့မယ်နော်။ မိုးချုပ်နေပြီ တဲ့။
ကျနော်လဲ မေ့ဆေးအထိုးခံထားရတဲ့လူအလိုဖြစ်ပြီး၊ အင်း၊ ဟုတ်ကဲ့၊ လို့ပဲ အဖြေပေးပြီး၊ ခေါင်းညိတ်လိုက်မိတယ်။ နောက်ပြီး ကျနော့်ရှေ့က ဆင်မယဉ်သာခြေလှမ်းလေးနဲ့ ထွက်ခွါသွားတဲ့ သူ့ကြောပြင်လေးကို မျက်စိတစ်ဆုံးကြည့်ပြီး ရင်ထဲမှာ အမည်ဖေါ်ရခက်သော ဝေဒနာတစ်မျိုးထပ်တိုးလာသလို ခံစားလိုက်ရတယ်။

ဒီလိုနဲ့ သူလဲ ကျောင်းပြီးလို့ အလုပ်တွေပါတွေရ၊ ကျနော်လဲ နေမြဲနေရာမှာ အတည်မနေရပဲ ဟိုသွားရ ဒီသွားရနဲ့ ဝေးသထက် ဝေးဝေးသွားရတဲ့ အဖြစ်နဲ့ပဲ ဆက်တိုက်ကြုံခဲ့ရတယ်။ အခုတော့လဲ မလိုအပ်ပဲ ဆရာ့ဣနြေ္ဒကို နင်းကန်ထိမ်းခဲ့ရတဲ့ကျနော့်ဟာ သတင်းကျွတ်လပြည့်နေ့ရောက်တိုင်း အဝေးကမ္ဘာမှာ အထီးကျန်စွာနဲ့ပဲ လွမ်းမောနေရပေတော့တယ်။ (ကျနော့် သူငယ်ချင်းအတွက် ရေးပါသည်။)