ကျနော် ဒီသတင်း ဖတ်မိတော့ ငယ်ငယ်က အဖြစ်ကို ပြေးမြင်မိတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ကျောင်းသားလေး ဘ၀မှာ ခဏခဏကျောင်းပြေးတယ်။ ကျောင်းပြေးပြီး ဘာသွားလုပ်တယ်မှတ်လဲ၊ ရွာ့အပြင်ဘက်က ချောင်းထဲသွားပြီး ငါးဇာရိုင်းသွားမျှားကြတာ။ အဲဒီငါးဇာရိုင်းဆိုတဲ့ငါးမျိုးက ပုံစံ ငါးခူနဲ့ ခန့်ဆင်ဆင်။ ငါးခူအသေးစားလေးတွေလို့တောင် ဆိုနိုင်တယ်။ အုပ်စုလိုက် အုပ်စုလိုက်နေကြတယ်။ ရေချိုမှာလဲ နေတယ်။ ရေငံမှာလဲ နေတယ်။ လူကို အလွန်အဆိပ်တက်စေတဲ့ ဆူးတောင်သေးသေးလေးတွေပါတယ်။ အဲဒီတော့ ပင်လယ်ထဲမှာလဲ ရှိတယ်။ ချောင်းတွေထဲမှာလဲ နေတယ်။
သူတို့အကြိုက်ဆုံးအစားအစာကတော့ လူတွေရဲ့ဝမ်းတွင်းစွန့်ပစ်ပစ္စည်းပဲ။ အဲဒါမျိုးလေး တစ်တုံးလောက်တွေ့ပြီဆိုတာနဲ့ ဒီကောင်တွေ အုပ်စုလိုက် အုပ်စုလိုက်ချီတက်လာကြပြီး သူဦးငါလျှင် လုတော့တာပဲ။ ကျနော့်မျက်စိထဲတော့ အတော့်ကို မြင်ယောင်နေမိတယ်။ ငါးပိလဲ သိပ်ကြိုက်တဲ့ကောင်တွေ။ ဒါကြောင့် ပင်လယ်ထဲမှာဆိုရင် အပေါက်ခန့်စိမ့်စိမ့် ခြင်းတောင်းတစ်လုံးထဲ ငါးပိ အတုံးကြီးကြီး တစ်တုံးလောက်ထည့်ပြီး ချထားလိုက်တာနဲ့ တစ်ခြင်းလုံးပြည့်အောင် အဲဒီငါးဇာရိုင်းတွေ ၀င်ကြတော့တာပဲ။ မျှားစရာမလိုဘူး။ အဲဒီခြင်းတောင်းကို အသာလေး ဆွဲတင်လိုက်တာနဲ့ ငါးဇာရိုင်းတွေ အကောင်ပေါင်း ရာထောင်ချီရနိုင်တယ်။
ချောင်းထဲ မြောင်းထဲမှာဆိုရင်တော့ မျှားရတယ်။ ငါးခုံးမလေးတွေနဲ့ နင်လားငါလား အစာလုဘက်တွေပေါ့ဗျား။ ကျနော်တို့လို ကျောင်းပြေးတဲ့ကလေးတွေကတော့ ပိန်းပင်အောက်မှာနေတဲ့ တီကောင်တွေလိုက်တူးကြပြီးတော့ အဲဒီတီကောင်တွေကိုပဲ ငါးဇာရိုင်းမျှားဖို့အတွက် အစာလုပ်ကြရတယ်။
ပြောရဦးမယ်။ တီကောင်ကို ဘာ့ကြောင့်ပိန်းပင်အောက်မှာပဲ တူးရသလဲ ဆိုတဲ့အကြောင်း။ တီကောင်ဆိုတာ သိတဲ့အတိုင်းပဲ။ မြေပွပွပျော့ပျော့မှာပဲ နေတာမို့လား။ ပိန်းပင်တွေဟာလဲ အဲဒီလိုမျိုး မြေပွပွပျော့ပျော့မှာပဲပေါက်ကြတယ်။ နောက်ပြီး အဲဒီပိန်းပင်ရဲ့အမြစ်က တီကောင်နဲ့လဲခန့်ဆင်ဆင်တူတယ်။ ဒါကြောင့် အကြောင်းနှစ်ချက်ကြောင့် နေတယ်လို့ယူဆရတယ်။ တစ်က တိုးလို့ကောင်းလို့။ နှစ်က ပုန်းလို့ကောင်းလို့။ မြေပျော့ပြီးပွတော့ မြေထဲတိုးလို့ကောင်းတာပေါ့။ ပိန်းမြစ်လေးတွေက တီကောင်နဲ့တူတော့ ပုံမှားရိုက်ပြီး ပုန်းလို့ကောင်းတာပေါ့။ ကျနော်စဉ်းစားကြည့်တာပါ။
ဒါပေမဲ့ ကျနော်တို့လိုလူသားတွေကိုတော့ လှည့်စားလို့မရဘူးလေ။ ပိန်းပင်ကို ဆွဲနှုတ်လိုက်တာနဲ့ တီကောင်တွေ အများကြီးရတာပဲ။ အဲဒီ တီကောင်တွေထဲက ကြီးပေ့ဆိုတဲ့အကောင်တွေကို ရွေး၊ နို့ဆီဗူးခွံထဲထည့်။ ငါးမျှားချိတ်သေးသေးလေးမှာ သီ။ ပြီးတာနဲ့ ငါးမျှားခြင်းလုပ်ငန်းကို စတော့တာပဲ။ တစ်ခါတော့ ကျနော့်မျှားချိတ်မှာ ပါလာတဲ့ ငါးဇာရိုင်းကြီးတစ်ကောင်ကို ၀မ်းသာအားရနဲ့ ပြေးဖြုတ်တာ၊ ဘယ်ပြောကောင်းမလဲ၊ စူးလိုက်တဲ့ ငါးဇာရိုင်းဆူးတောင်။ အဆိပ်ကလဲ တက်သလားမမေးနဲ့။ စူးတဲ့လက်ကို မြှောက်ပြီး အော်နေရတယ်။ ကျနော့်ဘေးက ကျောင်းပြေးဘက်ကျနော့်သူငယ်ချင်းက လှမ်းအော်တယ်။ ဟေ့ကောင် ငါးဇာရိုင်းဆူးစူးရင် သေးနဲ့ပန်းရတယ်ကွ တဲ့။
ကျနော်လဲ ဆီးသွားချင်နေတာနဲ့အတော်ဖြစ်ပြီး သူအကြံပေးတဲ့အတိုင်း လုပ်ရတော့တာပေါ့။ ဟာ့---စွမ်းလိုက်တဲ့ ရှူရှူးဗျာ။ ချက်ချင်းလောက်နီးပါးကို သက်သာသွားတယ်။ အဲဒါကျနော်တို့ငယ်ငယ်က ငါးဇာရိုင်းဆူးစူးရင် ပျောက်တဲ့ဆေးကတော့ ကျနော်တို့ကိုယ်တိုင် ပေါက်တဲ့သေး ပါပဲ လို့။
အခုသတင်းထဲမှာလဲ ရှူရှူးစွမ်းတဲ့အကြောင်းဖတ်လိုက်တယ်ဗျို့။ Vitali Klitschko လို့ခေါ်တဲ့ ယူကရိန်းနိုင်သား လက်ဝှေ့ကျော်တစ်ယောက်ဟာ WBC heavyweight တန်းမှာ သူ့ပြိုင်ဘက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက Samuel Peter ကို အနိုင်ရလိုက်တယ်။ ဒါပေမဲ့ သူ့လက်သီးဟာ အတော်လေး ယောင်ကိုင်းသွားသတဲ့။ အဲဒါနဲ့အိမ်ရောက်တော့ သုံးနှစ်အရွယ်သူ့သားလေးခါးမှာ ရှူရှူး (wee) တွေ စိုရွှဲနေတဲ့ နှီးပိုင်းလေး (nappy) ကို ဖြုတ်ပြီးတော့ သူ့လက်မှာပတ်ထားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ယောင်ကိုင်းနေတဲ့ သူ့လက်ဟာ အယောင်တွေဘာတွေကျပြီး နဂိုအတိုင်းပြန်ဖြစ်သွားဆိုပဲ။ စွမ်းလိုက်တဲ့ ရှူရှူး။
မိတ်ဆွေတို့လဲ အဲလိုအဖြစ်မျိုးတွေနဲ့ အမှတ်တမဲ့ကြုံရလို့ အနီးအနားမှာ မိဂသီတို့၊ ဦးစိုင်းတို့အလွယ်တကူမရနိုင်ဘူးဆိုရင်တော့ စိတ်ကူးမလွဲနဲ့နော်။ သဘာဝဆေးကို သုံး။ ကျနော်ပြောတာ သံသယဖြစ်ရင်တော့ အောက်ပါဝက်ဘ်ဆိုက်ထဲ ၀င်ကြည့်နိုင်ကြောင်းပါခင်ဗျာ။
(http://uk.news.yahoo.com/22/20081014/tod-uk-boxing-klitschko-nappies-1a5e080.html)
No comments:
Post a Comment