Wednesday, October 8, 2008

မန္တလေးကျုံး သတိ


ကျနော်တို့နေ့စဉ်ဘ၀မှာ တစ်ခါတစ်ခါအတော်ရယ်စရာကောင်းတဲ့ အဖြစ်ကလေးတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါသည်ပင် ဘ၀ရဲ့စာမျက်နှာများစွာထဲက တစ်ခု၊ သို့မဟုတ် ဘ၀စာမျက်ထဲက စာကြောင်းတစ်ကြောင်းဖြစ်ချင်လဲ ဖြစ်သွားနိုင်တာပေါ့။ အမှတ်တမဲ့လုပ်လိုက်တဲ့ အပြုအမူတွေဟာ မထင်မှတ်ပဲနဲ့ အမှတ်တရလေးတွေဖြစ်သွားတတ်ကြတာလဲ ခဏခဏ။ အဖြစ်အပျက်ကတော့ အနှစ်သက်စရာဆိုတာထက် ရယ်စရာလို့ပြောရင် ပိုကောင်းမယ်ထင်တယ်။

ဂျပန်လူမျိုးတွေဟာ မင်းမျိုးမင်းနွယ်တွေကို အထူးသဖြင့် သူတို့ရဲ့ ဧကရာဇ်ဘုရင်ကြီးတွေကို လေးစားကြတဲ့နေရာမှာ တခြားနိုင်ငံသူနိုင်ငံသားတွေ သူတို့သက်ဆိုင်ရာဘုရင်ကို လေးစားကြတာထက်ပိုပါတယ်။ ဒါကြောင့်လဲ ဟုတ်သော်ရှိ/မဟုတ်သော်ရှိ သူတို့ဘုရင်ကို နေမင်းမျိုးနွယ်ရယ်လို့ ယုံကြည်ကြတာကိုးဗျာ့။ ဧကရာဇ်ဘုရင်စနစ်ကျဆုံးသွားပေမဲ့ ဂျပန်တော်ဝင်မိသားစုဟာ ဗြိတိရှတော်ဝင်မိသားစုတွေလိုပဲ လူထုအပေါ် သြဇာလွှမ်းမိုးမှု ရှိဆဲပါ။ ကမ္ဘာမှာ ဗြိတိရှတော်ဝင်မိသားစု၊ ထိုင်းတော်ဝင်မိသားစုနဲ့ ဂျပန်တော်ဝင်မိသားစုတွေဟာ စည်းမျဉ်းခံအဖြစ်နဲ့စံနေရပေမဲ့ အခိုးမသေသေးတဲ့ မီးပုံကြီးတွေအဖြစ်နဲ့ ဆက်လက်ရပ်တည်နေဆဲပါ။ သက်ဆိုင်ရာနိုင်ငံရဲ့ ၀န်ကြီးချုပ်တွေကို ပြည်သူလုထုက ရွေးချယ်တင်မြှောက်ကြရပေမဲ့ နောက်ဆုံးဘုရင်/မကြီးတွေဆီမှာ အသိအမှတ်အပြုခံဖို့ သွားရတဲ့အဖြစ်က သက်သေပါပဲ။

ဒါကြောင့်ပြည်သူအများကလဲ သူတို့ ဘုရင်တွေ၊ ဘုရင်မတွေကို လေးစားနေကြဆဲပါ။ သူတို့ကို မလေးမစားသွားလုပ်လို့လဲ တောင်သင့်တဲ့အရာမဟုတ်ပါဘူး။ လူ့ကျင့်ဝတ်တရားအရကိုပဲ လူအချင်းချင်းလေးစားဖို့ ဘာသာတရားတိုင်းက ဆုံးမပြီးသားပါ။ ဒါပေမဲ့ လူ့ကျင့်ဝတ်ကိုမလိုက်နာတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အဲဒီအထဲမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အဖြစ်အပျက်လဲ တစ်ခုအပါအ၀င်ပေါ့။

အသက်လေးဆယ်အရွယ်ရှိ၊ ထိပ်ပြောင်ပြောင်နဲ့အင်္ဂလိပ်လူမျိုးတစ်ယောက်ဟာ ဂျပန်ဧကရာဇ်နန်းတော်ကို ၀န်းရံထားတဲ့ ကျုံးထဲဆင်းပြီး ကိုယ်လုံးတီး ရေးကူးနေသတဲ့။ ရေကူးယုံတင်မဟုတ်ဘူး။ သူ့ကို ကြည့်ပြီးပြုံးသွားကြတဲ့ လမ်းသွားလမ်းလာတွေကိုလဲ အနားရှိတဲ့ခဲတွေကောက်ပြီး ပေါက်လိုက်သေးဆိုကိုး။ အဲဒါနဲ့ ကျုံးစောင့်ရဲတွေရောက်လာပြီး သူ့ကို ၀ိုင်းဖမ်းဖို့လုပ်တာ ကိုယ်တော်ချောက ချက်ချင်းအဖမ်းမခံပဲ ကျုံးပေါ်တက်ပြီး မွေးရာပါတွဲလဲနဲ့ ဟိုပြေးဒီပြေးလုပ်နေလို့ နှစ်နာရီလောက်ကြာသွားသေးတယ်။

ကြည့်နေတဲ့လူတွေကလဲ တစ်ဝါးဝါးနဲ့နေမှာပါပဲ။ မှန်းကြည့်ပေါ့။ ကျနော်ကတော့ အင်တာနက်မှာတင်ထားတဲ့ footage ရိုက်ကွက်အတိုလေး တစ်ခုကြည့်လိုက်ရတယ်။ ပြောလို့မကောင်းပါဘူးဗျာ။ ရဲတွေလက်ထဲမှာ ကိုင်ထားတာ ဘာတွေမှတ်လဲ၊ မြွေဖမ်းတဲ့အခါ သုံးတဲ့ ခရင်းခွတွေ။ ကျနော်စဉ်းစားကြည့်တယ်။ လူကိုလိုက်ဖမ်းတာ ဘာကြောင့်များ မြွေဖမ်းတဲ့ ခရင်းခွတွေ ကိုင်ထားကြပါလိမ့်လို့။ သေသေချာချာကြည့်တော့မှ သဘောပေါက်တယ်။ အော် ဒီလိုကိုးလို့။ အဲဒီအင်္ဂလိပ်ကြီးက ကိုယ်လုံးတီးဖြစ်နေတာ။

ခဏနေတော့ ပြေးရင်းလွှားရင် အဲဒီလူကြီးလဲပါလေရော။ အဲဒီကျမှပဲ ၀ိုင်းချုပ်ပြီး သက်ဆိုင်ရာခေါ်သွားကြရတယ်။ ဒါပေမဲ့ ဘာမှတော့ အရေးမယူလိုက်ပါဘူး။ စိတ်မနှံ့လို့ ဆိုတဲ့ယူဆချက်နဲ့ ပုလိပ်က ပြန်လွှတ်လိုက်သတဲ့။ အေးရာအေးကြောင်းတော့ ဖြစ်သွားတာပေါ့ဗျာ။ ဒါပေမဲ့ တကယ်စိတ်မနှံ့တာလား၊ တမင်လုပ်တာလားဆိုတာကတော့ စဉ်းစားစရာဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာပဲ ဂျပန်သတင်းဌာနတွေက သတင်းတစ်ခုထုတ်ပြန်လိုက်တယ်။ ဗြိတိရှတော်ဝင်မိသားစုရဲ့ စည်းမျဉ်းခံထီးမွေနန်းမွေကို ဆက်လက်ခံယူမယ့် အိမ်ရှေ့စံကိုယ်တော်ကြီး ချားလ်စ်မင်းသား ဒီလမကုန်ခင် ဂျပန်နိုင်ငံကို လာလည်မယ် ဆိုတဲ့သတင်းပါ။ မင်းသားကြီးရဲ့ခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလဲ ဆက်လက်ကြေညာပါတယ်။

မင်းသားကြီးရောက်လာရင်တော့ ဂျပန်သတင်းထောက်တွေက မေးပါလိမ့်မယ်။ ခင်ဗျားတို့အင်္ဂလိပ်တွေက ဒီလိုပဲ သူများနိုင်ငံက အလေးအမြတ်ထားတဲ့ ဧကရာဇ်ကျုံးထဲဆင်းပြီး လူမြင်ကွင်းမှာ ကိုယ်လုံးတီးနဲ့ မရှက်မကြောက် ရေးကူးရသလား ဘာလားနဲ့။ ဒါမေးခွင့်ရှိတယ်လေ။ ကျနော်တို့ ဗမာတွေသာ ဒီလိုမျိုးမမေးရဲပဲနေချင်နေမယ်။ သူတို့ကတော့ မေးကြမှာပဲ။ မင်းသားကြီးကလဲ ကျနော်အထင် ဟုတ်ကဲ့လို့ ဖြေမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့သူငယ်ချင်းတွေ ဘုရင်မကြီးနေတဲ့ နန်းတော်ဘေးက Hike Park တို့၊ Green Park တို့လို့ ပန်းခြံကြီးတွေထဲကို နေသာတဲ့အချိန်ရောက်သွားရင် အင်္ဂလိပ်တွေ အုပ်စုလိုက် အုပ်စုလိုက် လက်တစ်ဝါးစာလောက်ပဲ ဖုံးဖိပြိး နေပူစာလှုံနေကြတာတွေရတယ်။ အော် ဒါ သူတို့ရဲ့ကာလ်ချာပဲလို့ အောင့်မေ့ရတယ်။

အဲဒီတော့ ကျနော်တို့ရွှေမြန်မာပြည်က မန္တလေးရွှေနန်းတော်ကြီးကို ပတ်ထားတဲ့ကျုံးကိုလဲ ဂရုတစိုက်စောင့်ရှောက်ဖို့ သက်ဆိုင်ရာကို မှာချင်ပါတယ်ဗျာ။ တော်ကြာအဲလို သူများယဉ်ကျေးမှုကို မလေးမစား၊ ပြုမူစော်ကားတတ်တဲ့ နိုင်ငံခြားသားတွေပေါ်လာရင် ခက်ကုန်မယ်။ ဗမာတစ်ယောက်အနေနဲ့ ကိုယ့်ဗမာ့သမိုင်းကို ဂုဏ်ပြောင်စေခဲ့တဲ့ ဗမာဘုရင်တွေကို အထိုက်အလျှောက်လေးစားမှုတော့ ပေးသင့်တယ်လို့ ကျနော်မြင်မိလို့ပါ။ မိတ်ဆွေရဲ့အမြင်ကတော့ ကျနော်နဲ့ကွဲမယ်ထင်တယ်နော်။ ကွဲလား။

No comments: