Friday, October 31, 2008
သရဲများနေ့
တီး တီ--တီး တီ--တီး တီ---
အောက်ထပ် တံခါးပေါက်မှာတပ်ထားတဲ့ ဘဲလ် မြည်သံတွေ ကျယ်လောင်စွာ ကြားလိုက်ရတယ်။ ညကိုးနာရီလောက်ကြီး၊ ဘယ်သူများပါလိမ့်။ အင်္ဂလန်မှာ အောက်တိုဘာလဆို စောစောနေ၀င်လေ့ရှိတယ်။ ညနေလေးနာရီလောက်ဆိုရင်ပဲ နေရောင်ကွယ်လို့ မှောင်စပြုနေပြီ။ ဒါကြောင့် လူတွေ စောစောအိမ်ပြန်ပြီး အနားယူရတဲ့လပါ။ ကျနော်ရောက်ကာစတုန်းက ကျနော်နေတဲ့ အဆောင်ရဲ့အောက်ထပ်မှာ ဘယ်သူမှမရှိဘူး။ အဲဒါကြောင့် အောက်ထပ်အတွင်းအပြင်တံခါးတွေ အကုန်ပိတ်ပြီး အပေါ်ထပ် အခန်းထဲမှာ အိပ်ကြတယ်။
ကျနော်လဲ အပေါ်ထပ်မှာပဲ အွန်လိုင်းက သူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်လုပ်နေတုန်း အောက်ထပ် ဘဲလ်မြည်သံကြားလို့ ခဏဆင်းလိုက်တယ်။ အောက်ထပ်လှေခါးရင်းမှာ ရှိတဲ့မီးကို မဖွင့်မိပဲနဲ့ အပြင်က လူကိုတံခါးဖွင့်ပေးလိုက်တယ်။ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျနော့်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့အမွေးမှန်သမျှ အကုန်ထောင်မတ်သွားတယ်လို့ ခံစားလိုက်ရတယ်။ အပြင်ဘက် ညအမှောင်ထဲမှာ အရိပ်သုံးခုညိမ်ပြီး ရပ်နေတယ်။ သူတို့လက်တွေထဲကြည့်လိုက်တော့ တစ်ယောက်က ဓားကောက်ကြီး၊ တစ်ယောက်က လှံရှည်၊ တစ်ယောက်က မှိန်းလိုလို ခရင်းခွကြီး အသီးအသီး ကိုင်ထားကြတယ်။
သူတို့မျက်နှာတွေကြည့်လိုက်ပြန်တော့ သရဲရုပ်ရှင်ကားတွေထဲကလို အလွန်ကြောက်စရာကောင်းတဲ့မျက်နှာမျိုးတွေ။ ကျနော်ဘယ်သူ့ကို အော်ခေါ်ရမှန်းတောင်မသိတော့ဘူး။ ကျနော့်နှလုံးဟာလဲ တဒိတ်ဒိတ်နဲ့ သတိမဲ့သလိုဖြစ်နေပြီ။ ခဏနေတော့မှ သတိပြန်ဝင်လာတယ်။ ဟာ ငါတံခါးပေါက်အမြန်ပိတ်မှပဲ ဆိုတဲ့အသိ။ ကျနော် တံခါးကို ပြန်ပိတ်ဖို့လုပ်လိုက်တယ်။ အဲဒီအချိန် ရုတ်တရက် ကျနော့်နားထဲမှာ အသံတစ်သံကြားလိုက်ရတယ်။ ချော့ကလက်-----တဲ့။
ဟင်---ဘာပါလိမ့်။ ကျနော်တွေဝေသွားတယ်။ နောက်ထပ်အသံတစ်ခု ထပ်ပေါ်လာပြန်တယ်။ ချော့ကလက် တောင်းတာပါရှင်---တဲ့။ အသံက မိန်းကလေး အသံဆိုတော့ ကျနော် နည်းနည်းအားတက်သွားတယ်။ ပြီးကျမှ သိလိုက်တယ်။ သရဲအတုတွေ လို့။ မိန်းကလေးဆိုရင်တော့ သရဲလဲ မကြောက်ဘူးဆိုတဲ့ သဘော။ သတ္တိက အဲလို မျိုးလိုက်ရိုးလိုက်ကောင်းတာ။ အဲဒီအသံနဲ့အတူ တစ်ယောက်သောသူရဲ့လက်ထဲက ခွက်တစ်ခွက် ကျနော့်ရှေ့ထွက်လာတယ်။ ကျနော်လဲ ဘုမသိဘမသိနဲ့ အိမ်ထဲဝင်ပြီး အဆင်သင့်ရှိနေတဲ့ ချော့ကလက်တွေယူပြီး သရဲမသုံးကောင်ကို တစ်ယောက် နှစ်ခုစီပေးလိုက်တယ်။ ပြီးတော့ တံခါးပြန်ပိတ်ပြီး အပေါ်ထပ်ပြန်တက်လာတော့တယ်။
အပေါ်ထပ်ရောက်တော့ အင်္ဂလန်ရောက်တာ သုံးလေးနှစ်ရှိနေပြီဖြစ်တဲ့ အကိုတစ်ယောက်ကို မေးကြည့်တယ်။ အကို ခုနက အောက်ထပ်မှာ ကောင်မလေးတွေ သရဲလုပ်ပြီး ချော့ကလက်လာတောင်းလို့ ကျနော်ပေးလိုက်တယ်၊ ဘာဖြစ်လို့ အဲလိုလုပ်ကြတာလဲ လို့။ သူက ရှင်းပြတယ်။ ဒီနေ့က အောက်တိုဘာ (၃၁) ဆိုတော့ Halloween (ဟလိုဝီးန်) လို့ခေါ်တဲ့ သရဲများနေ့လေ။ အဲဒါကြောင့် ကလေးတွေ သရဲလုပ်ပြီး ချော့ကလက်တို့၊ ပိုက်ဆံတို့ လိုက်တောင်းကြတာ။ အော် ဂလိုလား။ ကျနော်လဲ အဲဒီကျမှ သိရတော့တယ်။
အဲဒါကျတော် လန်ဒန်ရောက်စက ကြုံရတာလေးပါ။ ကျနော် အင်္ဂလန်ရောက်တာက ၂၀၀၇၊ စက်တင်ဘာလ ၁၃ရက်နေ့ဆိုတော တစ်နှစ်ပြည့်လို့ လတောင်စွန်းထွက်နေပြီ။ အခုကျနော် ဒီစာကို ရေးနေတဲ့အချိန်ဟာ အောက်တိုဘာ (၃၁)ရက် ညဘက်ပေါ့။ ဒီနေ့တော့ သရဲမတွေတစ်ကောင်မှ ပေါ်လာတာမတွေ့ရသေးဘူး။ လာရင်ပေးဖို့ ညနေကမှ ချော့ကလက်တွေ ရှာထားရသေးတယ်။ ကျနော် ဘာ့ကြောင့်သရဲများနေ့ကို ကျင်းပရတာလဲ သိချင်တာနဲ့ စာလေးဘာလေး လိုက်ဖတ်ဖြစ်တယ်။ ကျနော်စပ်စုထားတာလေးကို မသိသေးတဲ့ ညီ/ညီမတွေဆီ ဝေမျှလိုက်ပါတယ်။
Halloween လို့ခေါ်တဲ့ သရဲများနေ့ကို နိုင်ငံတကာမှာလဲ ကျင်းပတဲ့အတွက် နိုင်ငံတကာရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။ နှစ်စဉ်အောက်တိုဘာလ (၃၁)ရက် ညနေဘက်မှာ ကျင်းပလေ့ရှိပါတယ်။ အချို့မနက်ခင်းမှာလဲ ကျင်းပကြောင်းသိရပါတယ်။ အဲဒီနေ့မှာ ကလေးတွေဟာ သရဲလိုဝတ်စားပြီးတော့ အိမ်တွေမှာ ချို့ချဉ်၊ ချော့ကလက်စတာတွေ လိုက်တောင်းတာတို့၊ လူအရိုးတွေကို မီးပုံရှို့တဲ့အနေနဲ့ အိမ့်အပြင်ဘက်မှာ ထင်းတုံးတွေစုပြီး မီးပုံတာတို့၊ ထူးထူးဆန်းဆန်းဝတ်စားဆင်ရင်ပွဲကျင်းပတာတို့၊ သရဲအိမ်အလည်သွားတာတို့ လုပ်ကြပါတယ်။
အိုင်းရစ်စကားနဲ့ Samhain လို့ခေါ်တဲ့ ရှေးခေတ် Celtic (ခက်လ်ထစ်ခ်) ပွဲတော်ကို အစပြုတယ်လို့ ဆိုပါတယ်။ အိုင်းရစ်လူမျိုးတွေဟာ သူတို့ရဲ့ Gealic ယဉ်ကျေးမှုအရ ကောက်ရိပ်ရာသီအကုန်မှာ အဲဒီပွဲတော်ကို ကျင်းပကြပါတယ်။ ဒါကြောင့် ပွဲတော်ကျင်းပတဲ့ရက်ကို ခက်လ်ထစ်ခ်လူမျိုးတွေရဲ့ နှစ်သစ်လို့လဲ မှတ်ယူကြပါတယ်။ အစဉ်အလာအရကတော့ ရှေးခေတ် ဘာသာမဲ့ ခက်လ်ထစ်ခ်တွေဟာ အင်မတန်ချမ်းအေးလှတဲ့ ဆောင်းရာသီအတွက် အသားစုဆောင်းသိုလှောင်ဖို့ မွေးမြူထားတဲ့သားကောင်တွေကို သတ်တဲ့ပွဲပါပဲ။ အဲဒီလူမျိုးတွေဟာ အောက်တိုဘာ (၃၁)ရက်နေ့ကို လူသေတွေနဲ့ လူရှင်တွေရောနှောနေမှုကို စည်းခြားပေးတဲ့နေ့လို့ ယုံကြည့်ကြပါတယ်။ သေဆုံးပြီးသူတွေဟာ အသက်ရှင်နေဆဲလူတွေကို မနာမကျမ်းဖြစ်အောင်လုပ်တာတို့၊ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးတာတို့ လုပ်တတ်ပါသတဲ့။
ဒီပွဲတော်ကို အနောက်ဥရောပနိုင်အများစုမှာ ကျင်းပပါတယ်။ အာရှထဲကဆိုရင် ဂျပန်မှာလဲ ကျင်းပတယ်လို့ သိရပါတယ်။ ကျနော်တို့ မြန်မာမှာတော့ မကြားဖူးပါဘူး။ ကျနော်တို့ဆီမှာတော့ အထူးသဖြင့် အညာတွေမှာ တန်ဆောင်မုန်းလပြည့်နေ့ရောက်ရင် အိမ်တကာလည်ပြီး ပိုက်ဆံလိုက်တောင်းကြတာတွေ့ရတယ်။ ကျနော်တို့ကာလသားတွေကတော့ ငတက်ပြားပွဲကျင်းပဖို့ပဲ မျှော်နေကြတယ်။ သူကြီးခြံထဲက ကြက်နှစ်ကောင်လောက်သွားခိုးပြီးတော့ ညတွင်းချင်း ကာလသားချက် ချက်။ ပြီးရင် ကိုဘသောင်းဆိုင်က ညနေက အလကားသွားဆွဲထားတဲ့ ဘီအီးနှစ်လုံးကို ရေအသကုန်ရောပြီး မကုန်မချင်း ၀ိုင်းသောက်။ ပျော်စရာကောင်းသလား မမေးနဲ့။ အညာလွမ်းပါဘိတော့။
ပန်းတိုင်
မိန်းမကြိုက်တဲ့ ယောက်ျားမျိုး
ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အရူးသီဝရီ
A casual stroll through the lunatic asylum shows that faith does not prove anything.
Friedrich Nietzsche (1844-1900)
အမှတ်တမဲ့နဲ့ အရူးထောင်နား လျှောက်သွားမိတာကိုက ယုံကြည်မှုဟာ ဘာကိုမှ သက်သေမထူနိုင်ဘူး ဆိုတာကို ပြလိုက်တာပဲ။
(ဖရီးဒ်ရစ်ခ်ျ နီရှေး)
နီရှေးပြောတဲ့စကားကို သူ့အကြောင်းမသိတဲ့လူ၊ မဖတ်ဖူးတဲ့လူဆို ရုတ်တရက်နားလည်ရခက်မယ်ထင်တယ်။ သူမသေခင် နှစ်နှစ်အလိုလောက်မှာ စိတ်ရောဂါ အတော်လေး ရလိုက်သေးတယ်။ သူ့အမေFranziska က နီရှေးကို Jena မြို့မှာ ရှိတဲ့ စိတ်ရောဂါကု ဆေးခန်းကို ခေါ်သွားပြီး ကုသစေပါတယ်။ မပျောက်ပါဘူး။ အထက်ပါစကားဟာ သူ့ကိုယ်သူပြောတဲ့ စကားလို့ ယူဆရပါတယ်။ ဒါပေမဲ့ ယုံကြည်မှုဆိုတာ သက်သေထူလို့ မရတာကတော့ အမှန်ပဲ။ (ဒီအကြောင်းကို ကျနော်ရေးခဲ့ပြီးပါပြီ။)
Thursday, October 30, 2008
ကျနော်နှင့် အဆောင်ဝါသနာ
ကျနော်ငယ်ငယ်က ၀ါသနာပါခဲ့ဖူးတဲ့ အရာနှစ်ခုအနက် တစ်ခုကို စနေသမီးသနပ်ခါး ဆိုပြီးတော့ ရေးခဲ့ပြီးပါပြီ။ နောက်တစ်ခု ကျနော်ရချင်တာကို ရေးပါဦးမယ်။ အဲဒါကတော့ ဒုတ်ပြီး ဓားပြီး သေနတ်ပြီးတယ်လို့ ကျနော်ယုံကြည်တဲ့ အမြူတေပါပဲ။ ငယ်ငယ်က ယုံခဲ့တာပါ၊ အဲဒီအဆောင်တွေဟာ အမျိုးမျိုးရှိပါတယ်။ ခါးလှဲ့၊ လက်ဖွဲ့၊ နှုတ်ငုံ၊ ကိုးသင်္ချိုင်းဓား၊ အမြူတေ စသည်အားဖြင့် အမျိုးမျိုးပါပဲ။
ငယ်ငယ်တုန်းက ကျနော့်မှာ နှုတ်ငုံကြေးပြားလေး တစ်ခုရှိခဲ့ဖူးတယ်။ ကြေးပြားလေးဆိုပေမဲ့ လိပ်ထားတဲ့ကြေးပြားလေးပါ။ ဖြန့်လိုက်ရင် တစ်လက်မလောက်ရှိတဲ့ အပြားလေးဖြစ်သွားတယ်။ အထဲမှာ အင်းလိုလို ဘာလိုလို ချထားတယ်။ ကျနော်က အဲဒီကြေးပြားလေးကို လိပ်၊ ပုလင်းသေးသေးလေးထဲထည့်ပြီး သွားလေရာယူသွားတတ်တယ်။ ကိုယ့်ယုံကြည့်ချက်နဲ့ ကိုယ်ကိုးဗျာ့။ စွမ်းလားမစွမ်းလားတော့ မသိဘူး။ လူချစ်လူခင်တော့ အတော်ပေါတယ်။ ကျနော့်ကို လူကြီးတွေက အတော်လေး ဦးစားပေးတာ ခံခဲ့ရတယ်။ အဲဒီ နှုတ်ငုံကြေးပြားလေးရဲ့ အစွမ်းကြောင့်လို့ ယူဆခဲ့ဖူးတယ်။ နောက်တော့ ပုလင်းသေးသေးလေးထဲ ထည့်သိမ်းထားတာ ဘယ်လိုက ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အပိုင်းပိုင်းပြတ်သွားတယ်။ ကျနော်လဲ လွှတ်ပစ်လိုက်ရတော့တယ်။ အဲဒီနောက်တော့ ဘာမှမရှိဘူး။
ဒါပေမဲ့ ၀ါသနာက ရှိတုန်းပဲ။ ကျနော်ဝါသနာအပါဆုံး၊ အရချင်ဆုံးကတော့ အမြူတေပဲ။ ကျနော်တို့ ထားဝယ်မှာတော့ မဓေ သို့မဟုတ် ဓေ လို့ခေါ်လေ့ရှိပါတယ်။ အဲဒီအဆောင်က သဘာဝအဆောင်။ အင်း၊ အိုင်၊ ခါးလှဲ့၊ လက်ဖွဲ့၊ နှုတ်ငုံ စတာတွေကတော့ ဂါထာတွေ ရွတ်၊ အင်းတွေချပြီး စီမံထားရတာ။ အမြူတေကတော့ ဘာမှ မလိုဘူး။ သဘာဝစွမ်းအားတွေရှိတယ်လို့ ကျနော်တို့က ယုံကြည်ကြတယ်။ အဲဒီအမြူတေဆိုတာ တကယ်တော့ အနှစ်တစ်မျိုးပဲ။ အရာရာတိုင်းလောက်နီးပါးမှာ အမြူတေရှိတယ်လို့ ယုံကြည်ကြတယ်။
သံပုရာသီး၊ မန်ကျီးသီး စတဲ့ အသီးတွေကအစ အမြူတေဖြစ်နိုင်တဲ့ သဘာဝရှိတယ်လို့ အဲဒီဘက်လိုက်စားတဲ့လူကြီးတွေ ပြောတာ ကြားဖူးတယ်။ ကျနော်တို့ကလေးတွေကတော့ အဲဒီလူကြီးတွေ ပြောစကားနဲ့တင် သံပုရာသီးကိုလဲ သတိနဲ့စားတယ်။ မန်ကျီးတောက်ကိုလဲ သတိနဲ့ ၀ါးတယ်။ ကံကောင်းရင် အမြူတေ တွေ့နိုင်တယ်ကိုးဗျာ့။ အမြူတေ တကယ်ရရင် ဘာဖြစ်လဲ၊ အမြူတေရှိတဲ့၊ ရတဲ့လူတွေ့ဖူးလားလို့ မေးလိမ့်မယ်။ ငယ်ငယ်တုန်းက ကျနော့်မှာ သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။
သိပ်ချစ်ဖို့ကောင်းတယ်ဆိုတာက သူ့ချစ်ဖို့ကောင်းတာကို ပြောတာမဟုတ်ဘူး၊ သူ့ညီမလေးတွေချစ်ဖို့ကောင်းတာကိုပြောတာ။ သူတို့က ဗမာနဲ့ တရုပ်အစပ်။ သူတို့အိမ်မှာ မွေးချင်း ခုနှစ်ယောက်ရှိတယ်။ ယောက်ျားလေး နှစ်ယောက်။ ကျန်တာက မိန်းကလေးတွေ။ သူ့အောက်မှာကိုပဲ မိန်းကလေး သုံးယောက်ရှိတယ်။ လှချက်ချောချက်ကတော့ ရက်စက်တယ်ဗျာ လိုပြောရမယ်ထင်တယ်။ သူတို့နေတဲ့ခြံလေးက သီးသန့်လေး။ ခြံထဲမှာ မင်းဂွတ်ပင်တွေ၊ ဒူးရင်းသီးပင်တွေ၊ သီဟိုဠ်သရက်ပင်၊ သရက်ပင်၊ ကွမ်းသီးပင်၊ အုန်းသီးပင် အစုံရှိတယ်။ အဲဒါကြောင့် သူတို့ခြံကို ကျနော်တို့ရွာသားတွေက မိန်းမလှကျွန်းလို့ ခေါ်ကြတယ်။
အဲဒီသိပ်ချစ်ဖို့ကောင်းတဲ့ ညီမလေးတွေရှိတဲ့ ကျနော့်သူငယ်ချင်းမှာ အမြူတေ တစ်လုံးရှိတယ်။ အိမ်မြှောင်အဥထက် နည်းနည်းလေးပဲ ကြီးတယ်။ သူ့ကို အဘိုးတော်တဲ့ ဆရာတော်ကြီးတစ်ပါးက စွန့်ထားခဲ့တာ။ နေထွက်တဲ့အချိန် အဲဒီအမြူတေလေးကို လက်ညှိုး လက်မကြားညှပ်ကိုင်ပြီး ထောင်ကြည့်လိုက်ရင် မြွေလေးနှစ်ကောင် ခေါင်းချင်ဆိုင်နေတဲ့ပုံလေးပေါ်နေတယ်။ ကျနော်တို့က နဂါးအမြူတေလို့ ခေါ်ကြတယ်။ ဘာနဲ့ပဲထုထု မကွဲဘူး။ အဲဒါတော့ ကျနော်အမြင်ပဲ။ အလွန်မာကျောတယ်။ သေနတ်တွေ ဘာတွေ ပြီးလားမပြီးလားတော့ မပြောတတ်ဘူး။ ကျနော်လဲ အဲဒါလေးကို စိတ်ဝင်စားလို့ သူ့ဆီခဏခဏသွားတယ်။ သူ့ညီမလေးတွေကိုလဲ နောက်ပိုးဆွဲရင်းပေါ့။ နောက်တော့ ကျနော်ရန်ကုန်ပြောင်းသွားကတည်းက တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြတယ်။
နောက်နှစ်အတော်ကြာလို့ ကျနော်ရန်ကုန်ကနေ ရွာပြန်တော့ သူနဲ့တွေ့တယ်။ မောင်းမကန်ရဲစန်းမှာ ရဲလုပ်နေ ဆိုပဲ။ ကျနော်က မေးရသေးတယ်။ အမြူတေ အားကိုးနဲ့ ရဲဝင်လုပ်တာလားလို့။ လုပ်စရာမရှိလို့ ရဲလုပ်စားနေတာပါ ကိုယ့်လူရာ တဲ့။ ကျနော်တို့ နိုင်ငံက ဒီခေတ်ရဲတွေရဲ့ အလွန်ကြီးမားတဲ့ ခံယူချက်ထင်ပါရဲ့။ ကျနော်ပိုးပန်းခဲ့တဲ့ သူ့ညီမလေး သုံးယောက်ထဲက နှစ်ယောက်က အိမ်ထောင်ကျနေပြီ။ မကျခံနိုင်ရိုးလားဗျာ။ ဒီလောက်လှနေတာ။ အငယ်ဆုံးကောင်မလေးတောင် ရွာမှာ ကျောင်းဆရာမပြန်လုပ်နေပြီ။ ကျနော့်အမကမွေးတဲ့ ကျနော့်တူမလေးကို အိပ်လာပြီး ၀ိုင်းကျူရှင်ပြနေတာတွေ့လေရဲ့။ ကျနော်လဲ ငယ်ငယ်က အကျင့်ပျောက်သွားလို့သာတော်တော့တယ်။ မဟုတ်ရင် ဇာတ်လမ်းက မသန်းဖြစ်နေဦးမယ်။
ကျနော့်မှာလဲ ငယ်ငယ်က ၀ါသနာအခံလေးက ရှိတော့ အဆောင်ရချင်တဲ့ စိတ်က မကုန်သေးဘူး။ ဘာအဆောင်ပဲဖြစ်ဖြစ်ရချင်တုန်း။ သိပ္ပံခေတ်ကြီး ဒီလောက်တိုးတက်လာပြီး IT တွေမီးကုန်ရမ်းကုန် ထွန်းကားနေတဲ့ခေတ်ကြီးမှာ ကျနော့်ကို ခေတ်နောက်ပြန်နေတယ်လို့ ပြောကြမှာပဲ။ ကျနော့်စိတ်ထဲမှာတော့ IT ကလဲ ITအစွမ်း၊ အမြူတေကလဲ အမြူတေအစွမ်းပဲ လို့မှတ်ယူနေလေရဲ့။ အဲဒါကြောင့် ကျနော် ဒီလာခါနီးမှာ အဖေ့ဘက်က ကျနော့်အဘိုးဆီမေးကြည့်တယ်။သူက အသက်ရှစ်ဆယ်ကျော်ပြီ။ မာတုန်းပဲ။ သန်တုန်းပဲ။
အဘိုးဆီမှာ ဆောင်လေး ဘာလေးရှိလားပေါ့။ ငါ့မြေးရာ မင်းတို့ခေတ်က အဆောင်မလိုပါဘူးကွ တဲ့။ ငါ့တို့ငယ်ငယ်တုန်းကသာ ဘာမှမရှိလို့ အဆောင်တွေဘာတွေရှာကြတာ။ ငါတို့က ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်မှာနေခဲ့ရတော့ စစ်အတွင်းကွ။ ဟိုပြေးဒီလွှားနဲ့။ ဒီတော့ ငါတို့ခေတ်ကလူတွေက အဆောင်တွေ ဘာတွေ သိပ်ယုံတာ။ မင်းတို့ကတော့ မလိုတော့ပါဘူးကွာ တဲ့။ ပညာပဲတတ်အောင် သင်စမ်းပါ ငါ့မြေးရာ တဲ့။ ကျနော်ကလဲ မရဘူး၊ အဘိုးမှာ တစ်ခုခုရှိတယ်လို့ ထင်နေတာ။ ဒါနဲ့ မရဘူး အဘိုးရာ အဆောင်တစ်ခုခုတော့ ပေးလိုက်ပါ ဆိုတော့၊ သူကပြောတယ်။ အခြားဆောင်တော့ မရှိဘူးကွ တဲ့။ ခါးနာပျောက်တဲ့ အဆောင်တော့ ရှိသတဲ့။
အာ--အဘိုးကလဲ ခါးနာပျောက်တဲ့ အဆောင်ဆိုတာ ရှိလို့လားဗျာ၊ ကျနော်ကလဲ တအံ့တသြမေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုကလိ၊ ဒီကလိလုပ်နေလေ့ရှိတော့ တစ်ခါတစ်ခါ ခါးနာတယ်ဗျာ့။ ကျနော့်အဘိုးကပြောတယ်။ မင်းတို့ခေတ်လူငယ်တွေက တယ်ခက်သကိုးကွ။ ပြောရင်လဲ ချက်ချင်းမယုံချင်ကြဘူး။ ရှိလို့ပြောနေတာပေါ့။ မယူချင်လဲနေ၊ မပေးဘူး တဲ့။ လုပ်ပြန်ရောဗျို့။ ကျနော်လဲ ဘာပဲရရ ယူမယ်ဆိုတဲ့စိတ်ကရှိတော့ အဘိုးရာ ခါးနာပျောက်တဲ့အဆောင်ဆိုလဲ ပိုကောင်းတာပေါ့၊ ကျနော်က တစ်ခါတစ်ခါ ခါးနာတယ် အဘိုးရ ဆိုတော့မှ သူ့အိပ်ကပ်လေးထဲက ထုတ်ပေးလိုက်တယ်။ ခါးနာပျောက်တဲ့အဆောင် တဲ့။
အဲဒါယူသွားကွာ၊ မပျောက်စေနဲ့ တဲ့။ ပြီးတော့ ပြောသေးတယ်။ ဒီအဆောင်ကို မင်းပေါ့သေးသေးမမှတ်နဲ့။ ကင်းမွန်ဆိုတဲ့ ငါးတွေဟာ ပင်လယ်ထဲမှာ ထောင်သောင်းချီအောင် အုပ်စုဖွဲ့ပြီးနေကြတာကွ၊ အဲဒီအထဲမှာ အထီးဆိုလို့တစ်ကောင်ပဲပါတယ်။ ကျန်တာ အမတွေချည်းပဲ။ အမတွေရဲ့အမြီးက အပြား။ အထီးကောင်ရဲ့အမြီးက အလုံး။ ပြီးတော့ သူတို့ကို ပိုက်နဲ့ဖမ်းရင် အခါတစ်ရာဖမ်းလို့ ဒီအထီးကောင်က တစ်ခါမိချင်မှ မိတာ။ ငါလဲ ရှားရှားပါးပါးရထားတာကွ။ သေသေချာချာ သိမ်းထားတဲ့။
ကျနော်ကလဲ ထပ်ပြီးစပ်စုလိုက်တယ်။ အဘိုးပြောတဲ့အတိုင်းဆို ဒီကောင်က ပိယဘက်လဲ စွမ်းမယ်ထင်တယ်၊ လို့။ ဟာ့-အမတွေထောင်သောင်းချီရှိတဲ့အထဲ တစ်ကောင်တည်းပါတယ်ဆိုတော့ စွမ်းလို့ပေါ့ကွ။ တစ်ခုတော့ရှိတယ်။ ဒီဥစ္စာကတော့ စွမ်း/မစွမ်း မသိဘူး။ ငါ့လက်ထဲ ရောက်လာပြီး သိပ်မကြာခင် မင်းအဖွါး ဆုံးတာပဲဟေ့၊ တဲ့။ ကျနော်လဲ သူပြောတာကို အဓိပ္ပါယ်မကောက်တတ်တာနဲ့ ဆက်မမေးတော့ဘူး။ ကျနော့်အဖွါးကလဲ အသက် ခုနှစ်ဆယ်ကျော်မှ ဆုံးတာဆိုတော့ လူကြီးရောဂါနဲ့ ဆုံးတာလို့ပဲ ကျနော်ထင်ပါတယ်။ ကျနော်လဲ အဘိုးပေးလိုက်တဲ့ ကင်းမွန်အထီးရဲ့ အမြီးနဲ့ကျစ်ထားတဲ့ ခါးလှဲ့ဆန်ဆန် အဆောင်လေးကို အိပ်ထဲထည့်ယူလာလိုက်တယ်။
အဘိုးကိုလဲ ကန်တော့ခဲတယ်။ အဘိုးက ငါ့မြေးလေး သွားလေရာမှာ ဘေးကင်းရန်ကွာလို့ ကျမ်းမာပါစေ အသက်ရှည်ပါစေ ပညာတတ်ကြီးဖြစ်လို့ အများအကျိုးဆောင်နိုင်ပါစေ ဘာညာနဲ့ ဆုတွေ တစ်သီကြီး ပေးလိုက်တယ်။ ပြီးတော့ မှာလိုက်သေးတယ်။ ငါမသေခင်တော့ တစ်ခေါက်လောက် မြန်မာပြည်ပြန်ခဲ့ပါဦးကွ၊ ငါ့မြေးလေးမျက်နှာကို အဘိုးမသေခင်မြင်သွားချင်သေးလို့ တဲ့။ ကျနော် ငိုချင်လိုက်တာဗျာ။ အဘိုးမသေနိုင်သေးပါဘူးဗျာလို့ ကျနော်လဲ ပြန်ပြောခဲ့ရတယ်။
ကျနော်ဒီရောက်လာပြီး သိပ်မကြာခင်တစ်ရက်မှာ တစ်နေကုန် အထိုင်များလို့ ခါးနည်းနည်းနာသွားတယ်။ အဘိုးပေးလိုက်တဲ့ ခါးနာပျောက်တယ် ဆိုတဲ့ အဆောင်လေးကို ထုတ်ပြီး ခါးမှာချည်ပြီး အိပ်လိုက်တယ်။ ညဘက်ကျတော့ အိပ်ရတာမဖျောက်ဘူးဗျို့၊ ခိုးလိုးခုလုနဲ့။ အဖုအဖုလေးတွေဖြစ်နေတော့ ဘယ်ဖျောက်မလဲဗျာ။ အဲဒါကြောင့် ပြန်ဖြုတ်ပြီး အိပ်လိုက်ရတယ်။ မနက်အိပ်ရာက နိုးတော့ ခါးနာတာ မသက်သာဘူး။ ဒါနဲ့ ကျနော့်ရဲ့ GP ကိုပြောလိုက်ရတယ်။ ဆရာရယ်၊ လုပ်ပါဦးဗျာ။ ကျနော်ခါးအရမ်းနာနေလို့ လို့။ သူကဆေးတစ်လုံးထိုးပေးလိုက်တယ်။ အဲဒါမှပဲ နည်းနည်းသက်သာသွားတယ်။ ဒါပေမဲ့ အဘိုးပေးလိုက်တဲ့ အဆောင်လေးကိုတော့ အမှတ်တရအဖြစ် အခုထိ ကျနော်သိမ်းထားဆဲပါ။ အဘိုးကပြောလိုက်တယ်လေ၊ မပျောက်စေနဲ့ တဲ့။
စနေသမီးသနပ်ခါး
ကျနော်ငယ်ငယ်တုန်းက အလွန်ဝါသနာပါပြီး၊ အလွန်ရချင်တဲ့အရာနှစ်ခုရှိတယ်။ အဲဒါတွေကတော့
တစ်ခုက ပီယဆေး၊
နောက်တစ်ခုက အမြူတေ (ကျနော်တို့ထားဝယ်အခေါ် ဓေ) တွေပဲဖြစ်ပါတယ်။
ပီယဆေးဆိုတာကတော့ အားလုံးသိကြမှာပါ၊ တစ်ဘက်သားက ကိုယ့်ကို ချစ်လာအောင် စားစရာတစ်ခုခုထဲထည့်ကျွေးတာမျိုး၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့ကောင်မလေး/ကောင်လေး အနီးအနားသွားပြီး မသိမသာ အမွှေးရနံ့တစ်ခုခုပေးလိုက်တာမျိုး။ အခြားနည်းတွေလဲ အများကြီးရှိပါတယ်။ စိတ်ဝင်စားဖို့အတော်ကောင်းတဲ့ ဘာသာရပ်တစ်ခုပဲ။ ကျနော်က ပီယဆေးသိပ်လိုချင်တဲ့ကောင်ဆိုတော့ ဘယ်သူ့မှာ ပီယဆေးရှိသတဲ့ မကြားလိုက်နဲ့။ သွားတောင်းပြီးသားပဲ။ တစ်ခါမှလဲ ရတယ်မရှိပါဘူး။ ကလေးမို့မပေးကြတာလားတော့ မသိဘူး။
ကျနော့်မှာ ၀မ်းကွဲအကိုတစ်ယောက်ရှိတယ်။ တော်တော်ကွဲတဲ့ဝမ်းလို့ပြောရမယ်။ ကျနော့်အဖေရဲ့အမေ ကျနော့်အဖွါး ဒေါ်အုန်းရှင်နဲ့ သူ့အမေ ဒေါ်အုန်းခင်က ညီအမအရင်းတွေ။ သူ့နာမယ်က ထိန်ဝင်းတဲ့။ ကျနော်ကတော့ နော်ထိန်ဝင်းလို့ခေါ်တယ်။ နော်ဆိုတာ ကျနော်တို့ ထားဝယ်လို အကိုလို့ အဓိပ္ပါယ်ရပါတယ်။ သူက အတော်စွံတဲ့လူဗျာ့။ ကျနော့်အသက် (၁၂)နှစ်သား အရွယ်လောက်ကဆိုတော့ အဲဒီတုန်းက သူ့အသက်က ၁၉/၂၀ လောက်ပဲရှိမယ်။ ရည်းစားတွေမှိုလိုပေါက်တယ်ဆိုတာ သူ့လိုလူမျိုးပြော ထင်ပါရဲ့။ တွဲနေပြန်ပြီ တော်ကြာတစ်ယောက်၊ တော်ကြာတစ်ယောက်။
ကျနော်တို့မောင်းမကန်ရွာကချည်းမဟုတ်ဘူး။ ကျနော်တို့ရွာတောင်ဘက်မှာ ကျောက်ဆင်ရွာ၊ သင်္ဘောဆိပ်ရွာ၊ ကင်းနီရွာ စတဲ့ရွာတွေ၊ မြောက်ဘက်မှာ ပန်းတင်အင်းရွာ၊ နဖူးလည်ရွာ စတဲ့ရွာတွေ၊ အရှေ့ဘက်မှာဆို ဖေါင်းတောရွာ၊ အဲဒီအရှေ့ဆို လောင်းလုံး၊ ထားဝယ်မြို့ပဲရှိတော့တယ်။ ရွာနောက်ဘက်မှာတော့ ဘင်္ဂလားပင်လယ်အော်ကြီးခံနေပေလို့သာ တော်တော့တယ်။ မဟုတ်ရင် ကုလားမတွေ သက်သာမယ်မထင်ဘူး။ အဲဒီရွာတွေအထိ သူ့ဆော်တွေ ရှိသဗျား။ ပြောရင် ယုံဖို့တောင် ခပ်ခက်ခက်။ ဒါပေမဲ့နော်၊ သူ့ဥပဓိက ကျနော်နဲ့ တခြားစီ (ဟဲဟဲ၊ ကြုံတုန်း ကြွားလိုက်ဦးမယ်)။ အရပ်က ပုပြတ်ပြတ်၊ အသံက စပ်စပ်၊ မေးရိုးကချွန်ချွန်၊ မျက်လုံးက မှေးမှေးနဲ့ မှန်းသာကြည့်ကြပေတော့။ (အမျိုးချင်း ချိုးချိုးဖဲ့ဖဲ့ပြောရတာတော့ မကောင်းဘူး။ ဟီး။)
အဲသလောက် တင့်တယ်တဲ့ ဥပဓိရုပ်မျိုးကို ပိုင်သတော်မူသော ကျနော့်နောင်တော်ကြီးကိုဗျား ကြိုက်လိုက်တဲ့ ဆော်တွေ။ ကျနော်စဉ်းစားလို့ကို မရဘူး။ သူနဲ့ကြိုက်ဖူးမှ ဆော်ဖြစ်ရကျိုးနပ်တယ်များ အောင့်မေ့ကြလေသလား မပြောတတ်ပါဘူး။ ဟုတ်ချင်လဲ ဟုတ်မယ်။ သူတို့အမျိုးတွေက မျက်လုံးပါတာမဟုတ်ဘူး။ နောက်ပိုင်း ကျနော့်ကို အကိုကြီးက ပြောပြတယ်။ သူ့မှာ ပီယဆေးရှိတယ် တဲ့။ အဲဒီဆေးကြောင့် သူ့မှာ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာ ဆိုပဲ။ ဒါနဲ့ ကျနော်က ဘယ်နေမလဲ၊ ဒါမျိုးလိုက်ရှာနေတဲ့ကောင်ပဲ။ ဟာ့--အကိုကြီး ဒါဆို ကျနော့်ပေးစမ်းပါဗျာ့၊ အတင်းတောင်းတော့တာပဲ။ ဘသားချောကြီးက မပေးပဲနဲ့ မင်းအသက်က ငယ်ငယ်လေးရှိသေးတယ်ကွာ။ ကြီးလာတဲ့အခါကျတော့ ပေးမယ် တဲ့။
သူ့ရှိတဲ့ ပီယဆေးက ဆရာကြီးတစ်ယောက်ဆီက ရခဲ့တဲ့ စနေသမီးသနပ်ခါး ဆိုပဲ။ အတော်ကြောက်စရာကောင်းတဲ့ လုပ်နည်းနဲ့ လုပ်ရတာ။ မလွယ်ဘူး။ သတ္တိနည်းရင်တော့ သေသွားနိုင်တယ်။ သေသွားနိုင်တယ်မဟုတ်ဘူး၊ သေမှာ သေချာတယ်။ စနေနေ့ ညသန်းခေါင်မှာ စနေနေ့ မွေးပြီး စနေနေ့ သေတဲ့ အပျိုတစ်ယောက်ရဲ့ အုပ်ဂူအနားသွား။ အဖေါ်ခေါ်သွားလို့မရဘူး။ ကျောက်ပျင်နဲ့ သနပ်ခါးတုံးအဆင်သင့်ယူသွား၊ အုပ်ဂူအနားရောက်တာနဲ့ ဂါထာမန္တန်တွေ၊ ဘာတွေမန်းမှုတ်ပြီးတော့ လူသေကောင်ကို နှိုး၊ နိုးလာတဲ့အခါ အဲဒီလူသေကောင်ကို ကျောက်ပျင်နဲ့ သနပ်ခါးတုံးပေးလိုက်၊ သူ့ဖာသာသွေးပြီးတော့ သူ့မျက်နှာမှာလိမ်းဖို့ အမိန့်ပေးရတယ်။
အဲလို လုပ်နေတဲ့အချိန်မှာ အခြားတစ္ဆေတွေ လာပြီးမနှောက်ယှက်အောင် စည်းတားထားရသေးတယ်။ မသာမ (ဒါမျိုးမှ မသာမ အစစ်) သနပ်ခါးလိမ်းပြီးတဲ့ အခါ မြန်မြန်ချောက်အောင် ယပ်တောင်နဲ့ ခတ်ပေးရတယ်။ သနပ်ခါးချောက်ပီဆိုတာနဲ့ အဲဒီမသာမရဲ့မျက်နှာပေါ်က သနပ်ခါးတွေကို ပါလာတဲ့ခွက်လေးထဲ ခြစ်ထည့်၊ ခွက်ထဲ သနပ်ခါး အတော်များများ ရောက်လာပြီဆိုရင် ခွက်ကို အသာလေး ဘေးမှာချ၊ မှောက်မကျအောင်လဲ အတော်ဂရုစိုက်ရတယ်။ မဟုတ်လို့ကတော့ သဲထဲရေသွန်ပဲ။ ပြီးတာနဲ့ ဂါထာတွေဘာတွေ ရွတ်ပြီးတော့ မသာမကို သူ့နေရာသူ ပြန်ဝင်အောင် အမိန့်ပေးရတယ်။ တစ်ချို့မသာမတွေလဲ ပြန်မ၀င်ပဲနဲ့ ပေကပ်ကပ်လုပ်နေတတ်သေးသတဲ့။ ကြက်သီးထ တယ်ဗျာ။
အားလုံးပြီးတာနဲ့ ဘေးချထားတဲ့ သနပ်ခါးခွက်ကို ယူပြီးတော့ နောက်လုံးဝပြန်လှည့်မကြည့်ပဲ သင်္ချိုင်းကုန်းအပြင်ဘက်ရောက်တဲ့အထိ ဖနောက်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးပေတော့။ ပြေးနိုင်မှ လွတ်မယ်။ ခုနက စည်းချထားလို့ ရစ်သီရစ်သီလုပ်နေတဲ့ တစ္ဆေတွေက ဘေးမှာ အများကြီး လာစုနေကြတာ။ သူတို့ဘယ်လောက်ခြောက်ခြောက်၊ ဘာမှမကြည့်နဲ့ အပြင်ဘက်ရောက်ဖို့သာအဓိက။ အပြင်ရောက်ရင် ဒီမသာတွေ ဆက်မလိုက်တော့ဘူး။
အိမ်ရောက်တာနဲ့ အဲဒီသနပ်ခါးခွက်ကို အိမ်ခြေနင်းခုံအောက်မှာထားခဲ့ရတယ်။ အိမ်အပေါ်ယူမသွားရဘူး။ ခြေနင်းခုံမရှိတဲ့အိမ်ဆိုရင်လဲ အဲဒီအနီးအနာမှာပဲထားခဲ့ရတယ်။ အိမ်ပေါ်ခဏတစ်ဖြုတ်တက်၊ ရေလေးဘာလေးသောက်၊ ပြီးတာနဲ့ အာရုံမတက်ခင် အဲဒီသနပ်ခါးတွေကို ရေနဲ့ အသာဆွတ်၊ အလုံးကလေးဖြစ်အောင် လုံး၊ အချစ်မန္တာန်နဲ့ (၃၇)ခေါက်တိတိ ဥုံခံပြီးမန်း။ အဲဒီမန်းနေတုန်းမှာလဲ အနှောက်အယှက်က ပေါ်လာနိုင်သေးတယ်။ သတိအများကြီး ထားရတယ်။ မန်းရင်းနဲ့ အာရုံတက်သွားရင်လဲ အာနိသင်ပျယ်သွားတတ်တယ်။ အားလုံးပြီးတာနဲ့ အဲဒီသနပ်ခါးလုံးလေးကို သွားလေရာဆောင်သွား၊ ကြိုက်လိုက်တဲ့မိန်းမတွေ။ တံမျက်စည်းနဲ့ ခါချတောင် မကုန်နိုင်ဘူး ဆိုပဲ။ (ကြားဖူးတာ ပြောပါတယ်ဗျာ။)
ကျနော့်အကိုကြီးမှာ ရှိတဲ့ ပီယဆေးက အဲဒီနည်းနဲ့ လုပ်ပြီးရထားတဲ့ ပီယဆေး ဆိုကိုးဗျာ့။ ဆရာကြီးတစ်ယောက်က ပေးခဲ့သတဲ့။ ကျနော်လဲ အဲဒါကြီးလိုချင်တာအရမ်းပဲဗျား။ တစ်ခါမှ တောင်းလို့မရဘူး။ ကျနော် ရန်ကုန်မှာ နှစ်အတော်ကြာကြာနေပြီး ရွာခဏပြန်တဲ့အချိန်၊ သူက ရွာမှာ မရှိဘူး။ အခု ကျနော်အင်္ဂလန်လာခါနီး ခဏပြန်သေးတယ်။ သူနဲ့ တွေ့တယ်။ ကျနော်လဲ နဂိုတောင်းလက်စ ရှိဘူးတော့ အကိုကြီး ကျနော့်ကို ပေးတော့ဗျာ လို့တောင်းကြည့်တယ်။ ညီလေးရာတဲ့ မင်းက ပညာသင်သွားမယ့်ကောင်ဆိုတော့ ဒါတွေ မလိုအပ်ပါဘူး တဲ့၊ ရှိနေရင် မင်းအတွက် အထောက်အကူမဖြစ်ပဲ၊ အနှောက်အယှက်ပဲ ဖြစ်ဖို့များပါတယ် တဲ့။ အဲဒါနဲ့ မပေးလိုက်ပြန်ဘူး။
ကျနော်လဲ သူတကယ်ပေးရင်တောင် ယူဖို့စိတ်ကူးမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်သိသွားပြီလေ။ သူများရင်ထဲက အချစ်ကို အဲလိုနည်းနဲ့ မယူသင့်ဘူး လို့ ကျနော်နားလည်သွားပါပြီ။ ဖြူစင်တဲ့ အချစ်ပဲ ရချင်တယ်။ ဆေးပျယ်သွားတဲ့အချိန် အချစ်ပျက်သွားမှာ သိပ်ကြောက်တယ်။ ကျနော်က တစ်သက်စာ ချစ်ချင်တဲ့လူ။ တစ်ခဏလေးအတွက် ကြုံတွဲလေးမချစ်ချင်ဘူး။ ကိုယ့်နှလုံးသားကိုလဲ အနာမခံနိုင်ဘူး။ တစ်ဘက်သားရဲ့ ရင်ကိုလဲ မထိခိုက်စေချင်ဘူး။ ကျနော်အချစ်ကို တန်ဖိုးထားချင်တယ်။ အဲဒါကြောင့် ဆေးမလိုတဲ့ တကယ့်အချစ်ကို ရဖို့ ကျနော် မျှော်လင့်ထားပါတယ်။ ( သိပ် မသဒ္ဓါလိုက်ကြနဲ့နော်။)
ရန်ညှိုး
Malice is of the boomerang character, and is apt to turn upon the projector.
William Makepeace Thackeray (1811-1863)
ရန်ညှိုးဆိုတာ လက်နက်ပျံတစ်ခုလိုပဲ၊ ပစ်တဲ့ကာယကရှင်ဆီပြန်လည်လာတတ်တဲ့ သဘောရှိတယ်။
(၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)
Wednesday, October 29, 2008
ရေခဲမုန့်ကြိုက်သူများ သတိ
ဟိုးရှေးရှေးတုန်းက ဘောဂ၀တီလို့ခေါ်တဲ့ မြို့ကြီးတစ်မြို့ကို အုပ်ချုပ်ရတဲ့ မြို့စားကြီးတစ်ယောက်မှာ အင်မတန်ချောမောလှပတဲ့ သမီးတော်လေး တစ်ပါးရှိတယ်။ သမီးတော်လေး အရွယ်ရောက်လာတဲ့အချိန်ကျတော့ သူမရဲ့အလှသတင်းဟာ အနီးအဝေးရှိ အတိုင်းတိုင်း အပြည်ပြည်ထိအောင် ပျံ့နှံ့ကျော်ကြားသွားသတဲ့။ တိုင်းပြည်အသီးသီးက မင်းညီမင်းသားတွေနဲ့ သူဌေးသားတွေဟာ မင်းသမီးလေးရဲ့ အလှသတင်းကြီးမှုကြောင့် သူဦးငါလျှင် လက်ဆက်နိုင်ဖို့ ကြိုးပန်းကြတော့တာပေါ့။
ဘောဂ၀တီမြို့စားကြီးလဲ ဘယ်သူ့ကိုပေးပြီး သားမက်ဖမ်းရမှန်းမသိအောင်ကို ခေါင်းခြောက်နေရတော့တယ်။ တစ်နေ့တော့ ညအခါလသာဆောင်အပြင်ဘက်မှာ တစ်ယောက်တည်းတွေးနေတုန်း ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ အဲဒီအကြံရလိုက်တာနဲ့ မြို့စားကြီးဟာ တအားကိုပျော်သွားတယ်။ ပြီးတော့ စက်ရာခန်းထဲဝင်ပြီး စိတ်အေးလက်အေး အိပ်ပစ်လိုက်တယ်။ မိုးလင်းတဲ့အခါကျတော့ ဘောဂ၀တီမြို့ရဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေမှာ အောက်ပါကြော်ငြာတွေကို လိုက်ကပ်စေလိုက်တယ်။
မစင်၏အရသာကို ကောင်းစွာသိရှိပြောပြနိုင်သူအား ချစ်လှစွာသော ငါ့သမီးတော်လေးကို ပေးသနားမည်။ ပြိုင်ပွဲဝင်သူမှန်သမျှကို တစ်ယောက်ချင်းစီ ပညာရှိအမတ်မင်းများရှေ့တွင် လူတွေ့စစ်ဆေးမေးမြန်းမည်။ ပြိုင်ပွဲဝင်လိုသူများ ကြိုတင်စာရင်းပေးသွင်းစရာမလိုပါ။ (၇) ရက်တိုင်တိုင်ကျင်းပမည်ဖြစ်သည်။ ဤကြေညာသည့်နေမှ နောက်တစ်လတင်းတင်း ပြည့်သောနေ့တွင် ပြိုင်ပွဲကို စတင်ကျင်းပမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဲဒီကြေညာချက်လဲ ထွက်လာရော ဘောဂ၀တီမြို့သူမြို့သားတွေတင်မကဘူး၊ တခြားတိုင်းပြည်အသီးသီးက လူတွေကြားမှာလဲ သတင်းမျိုးမျိုးပြောဆိုနေကြတော့တယ်။ အထူးသဖြင့် သမီးတော်လေးနဲ့လက်ဆက်ချင်တဲ့ ကာလသားတွေဟာ အဲဒီသတင်းကြားပြီးကတည်းက တခြားဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြတော့ပဲနဲ့ အချိန်ရှိတိုင်း မစင်ရဲ့အရသာကိုပဲ သုတေသနလုပ်နေကြတော့တာပေါ့။ ကိုယ်သိတဲ့အကြောင်းကိုလဲ တခြားလူသိသွားမှာစိုးလို့ လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်နေကြရပြန်တယ်။
ပြိုင်ပွဲကျင်းပမည့်ရက် နီးကပ်လာလေလေ ကာလသားတွေဟာ ရိုးတိုးရွတဖြစ်ပြီးတော့ နေမထိ ထိုင်မသာဖြစ်နေကြရတယ်။ အချို့လဲ အဖြေရလို့ လေလေးတချွန်ချွန်နဲ့။ အချို့လဲ ရပြီးသားအဖြေကို သေချာသထက်သေချာအောင် ထပ်ခါတလဲလဲ ပြန်လည် စမ်းသပ်နေကြတယ်။ အင်တာဗျူးအောင်ရင်တော့ သမီးတော်လေးလဲရမယ်၊ မြို့စားမင်းရဲ့ သားမက်လဲ ဖြစ်မယ်။ ကိုယ့်တွက်ကိန်းနဲ့ကိုယ် တွေးပြီး ပျော်နေကြတယ်။
ဒီလိုနဲ့ ပြိုင်ပွဲကျင်းပတဲ့ ရက်ရောက်လာပါတော့တယ်။ ပထမရက်ပြိုင်ပွဲမှာ တခြားတိုင်းပြည်က ကာလသားတွေကို ယှဉ်ပြိုင်စေပါတယ်။ ပြိုင်ပွဲကို မြို့စားမင်းကိုယ်တိုင် ဦးစီးကျင်းပတယ်။ ပညာရှိအမတ်တွေ ဘေးမှာ ထိုင်စေပြီးတော့ မေးခွန်းတွေကို သူကိုယ်တိုင်ပဲ မေးပါတယ်။ ပြိုင်ပွဲကို မြို့စားကြီးနေတဲ့ ရဲတိုက်အောက်ထပ်ရှိ ခန်းမဆောင်ကြီးထဲမှာ ကျင်းပပါတယ်။ ခန်းမဆောင်ကြီးရဲ့အပေါက်ဝမှာ အစောင့်ရက်မက်တွေကို ထူထပ်စွာချထားရတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် လူခေါ်တဲ့ အမတ်တစ်ယောက်ကိုလဲ ချထားတယ်။
အစောင့်အမတ်က တစ်ယောက်ဝင်စေ ဆိုပြီးအော်လိုက်တဲ့အခါ စမတ်ကျကျ ၀တ်စားထားတဲ့ မင်းသားတစ်ယောက် ခန်းမဆောင်ကြီးထဲကို ၀င်လာတယ်။ မြို့စားမင်းကို ဂါရ၀ပြုပြီး ချထားတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်ပြီးတဲ့အခါ မြို့စားမင်းနဲ့ ပြိုင်ပွဲဝင်သူဟာ အောက်ပါအတိုင်း အမေးအဖြေလုပ်ကြတယ်။
မောင်မင်း မစင်ရဲ့အရသာကို ပြောပြနိုင်သလား။
ဟုတ်ကဲ့၊ ပြောပြနိုင်ပါတယ် မြို့စားမင်း ခင်ဗျား။
ဘယ်လိုအရသာရှိပါသလဲ။
ချိုတဲ့အရသာရှိပါတယ် ခင်ဗျား။
ဘယ်လိုလုပ်ပြီး သိပါသလဲ။
ကျနော်ကိုယ်တိုင် ပါးစပ်နဲ့ စားကြည့်ပြီးသေသေချာချာ လေ့လာထားတာပါ ခင်ဗျား။
ကောင်းပြီ။ မောင်မင်း ပြန်နိုင်ပြီ။
အဲဒီလိုနဲ့ ချို့ ချဉ်တဲ့အရသာ၊ အချို့လဲ ခါးတဲ့အရသာ စသည်ရှိကြောင်း အသီးသီးဖြေကြပါတယ်။ ပြိုင်ပွဲဝင်သူတွေအားလုံးဟာ စားကြည့်ပြီးမှ အရသာကို သိကြရတဲ့ လူတွေချည်းဖြစ်နေပါသတဲ့။ ပြိုင်ပွဲကျင်းပတာလဲ (၇)ရက်ပြည့်တော့မယ်။ ခုနှစ်ရက်မြောက်နေ့မှာ ဘောဂ၀တီမြို့ခံ ကာလသားတွေကို ယှဉ်ပြိုင်စေပါတယ်။ သူတို့လဲ အထက်က လူတွေလိုပဲ ဖြေကြတယ်။ မြို့စားကြီးက သူလိုချင်တဲ့ လူမျိုးမရသေးလို့ စိတ်တော်တော်ညစ်နေရှာတယ်။
နောက်ဆုံးတော့ ခန်းမဆောင်ကြီးထဲကို လူရွယ်လေးတစ်ယောက်ဝင်လာတယ်။ ဆင်းရဲ့တဲ့အသွင်ရှိပြီး သားသားနားနားလဲ ၀တ်စားထားနိုင်ခြင်းမရှိရှာဘူးပေါ့။ မြို့စားမင်းလဲ စိတ်ပျက်ပျက်နဲ့ သူ့ကို မေးခွန်းမေးလိုက်တယ်။
မောင်မင်းက ဒီမြို့ဇာတိ ဟုတ်စ။
အစစ်ပါပဲ ခင်ဗျား။
နာမည်ပြောပါဦးကွယ်။
မောင်သုတပါ မြို့စားမင်း ခင်ဗျား။
မောင်မင်းက ဘာဖြစ်လို့ ဒီပြိုင်ပွဲကို ၀င်ပြိုင်ရတာလဲ။
ကြေညာထားတဲ့အကြောင်းအရာကို စိတ်ဝင်စားလို့ပါ။
ဟုတ်ပြီ။ ဒါဆိုမေးမယ်။ မစင်အရသာ ဘယ်လိုရှိလဲ ပြောပါဦး။
ဟုတ်ကဲ့ခင်ဗျား။ ချိုဆိမ့်တဲ့အရသာလဲရှိပါတယ်။ ချဉ်တဲ့အရသာလဲ ရှိပါတယ်။ ခါးတဲ့အရသာလဲ ရှိပါတယ် မြို့စားမင်း။
မောင်မင်း ဘယ်လိုများ လေ့လာခဲ့ရလဲ ကွယ့်။
ဒါ မခက်ပါဘူး ခင်ဗျား။ မစင်ဟာ ယိုပြီးကာစ လတ်လတ်ဆတ်ဆတ်အချိန်မှာ ချိုဆိမ့်တဲ့အရသာရှိပါတယ်။ ဘာ့ကြောင့် ဒီလိုသိနိုင်သလဲဆိုရင် ချိုဆိမ့်တဲ့အရသာကို ကြိုက်နှစ်သက်တဲ့ ခွေးသတ္တ၀ါတွေ လာစားတတ်လို့ပါပဲ။ ယိုပြီး တစ်ရက်နှစ်ရက်လောက်ကြာလို့ အပြင်ဘက်မှာ အ၀ါရောင်ပျောက်ပြီး အညိုရောင်သန်းလာလို့ ချောက်သွေ့ဟန်ရှိပြီး အတွင်းသားပျော့ဖတ်ဖတ်ဖြစ်နေတဲ့အချိန်မှာတော့ ချဉ်တဲ့အရသာရှိပါတယ်။ အဲဒီအချိန်မှာ အချဉ်ကြိုက်တဲ့ ဖြုတ်ကောင်လေးတွေ အုံခဲပြီး စုတ်ယူစားသောက်နေတာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ လုံးဝချောက်သွားရင်တော့ ခါးတဲ့အရသာရှိပါတယ်။ အခါးကြိုက်တဲ့ ကင်းလိပ်ရှောတွေဟာ အဲဒီအချိန်မှာမှ လာရောက်စားသောက်တတ်ကြပါတယ် မြို့စားမင်းခင်ဗျား။
မြို့စားမင်းလဲ မောင်သုတဖြေတာ သဘောကျပြီး ဆင်းရဲပေမဲ့ ပညာဗဟုသုတနဲ့ပြည့်စုံတဲ့သူ့ကို သမီးတော်လေးနဲ့ အကြင်လင်မယားအဖြစ် လက်ဆက်ခွင့်ပြုပြီး မြို့စားမင်းသားမက်အရာထားလိုက်တော့သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျား။ ကျနော်ဒီပုံကို ပြောပြရတာ အကြောင်းတိုက်ဆိုင်လို့ပါဗျာ။ ချီးအကြောင်းပြောရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ ဒီနေ့ထွက် ရိုက်တာအင်တာနက် ၀က်ဘ်ဆိုဒ်ထဲမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။
Steve Whyte နဲ့ သူ့ဇနီး Jessica တို့နှစ်ယောက်ဟာ ဆစ်ဒနီမြို့က လူစည်ကားတဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို နားနားနေနေ စားသောက်ဖို့ရောက်လာကြတယ်။ ဒါပေမဲ့ သူတို့ရောက်တဲ့အချိန်ဟာ ဘောလုံးပွဲလာနေတဲ့အချိန်ဖြစ်လေတော့ ဆိုင်ထဲမှာ ရှိတဲ့လူတွေဟာ ဘောလုံးပွဲကြည့်ရင်းနဲ့ ဆူညံနေကြတယ်။ အေးအေးဆေးဆေး စားသောက်ချင်တဲ့ လင်မယားနှစ်ယောက်ဟာ လူတွေဆူညံနေတဲ့အတွက် ကောင်းကောင်းမစားနိုင်ကြတော့ဘူး။
ဒါနဲ့ သက်ဆိုင်ရာဆိုင်မန်နေဂျာကို သွားပြောပါတယ်။ မဆူညံစေဖို့ပေါ့။ မန်နေဂျာကလဲ လူအများကြီးကို မပြောရဲလို့ထင်ပါရဲ့၊ မပြောတော့ပဲနဲ့ သူတို့လင်မယားနှစ်ယောက်ကိုပဲ နှစ်သိမ့်တဲ့အနေနဲ့ Gelato (ဂျလာ့တို) လို့ခေါ်တဲ့ အီတလီချော့ကလက်ရေခဲမုန့်တစ်ခွက်စီ အလကားစားဖို့ ပို့စေလိုက်ပါတယ်။ Mrs Jessica ဟာ ရေခဲမုန့်တစ်ဇွန်းလောက် ပါးစပ်ထဲထည့်လိုက်တဲ့အချိန်မှာ သူ့နှာခေါင်းထဲ စူးရှတဲ့အနံ့ဆိုးကြီးတစ်ခုရပြီး အော့အံချင်သလိုဖြစ်လာလို့ ချက်ချင်းပြန်ထွေးထုတ်ပစ်ရပါတယ်။
အဲဒီကနေစပြီးတော့ သူတို့မိသားစုတွေဟာ အဲဒီဆိုင်ကြီးနဲ့ ပြဿနာတက်ကြတော့တာပါပဲ။ အချို့လူတွေကတော့ ဒါသက်သက် ငွေညှစ်ချင်လို့လုပ်တာလို့ ဝေဘန်နေကြသတဲ့။ ပြည့်နယ်အစိုးရဖွဲ့က ကျမ်းမာရေးနဲ့ အာဟာရ၀န်ကြီး Ian Macdonald အိုင်ယန် မက်ခ်ဒေါ်နယ်လ်ဒ်ကတော့ စစ်ဆေးချက်အရ အဲဒီရေခဲမုန့်ထဲမှာ အေးခဲနေတဲ့ မစင်တုန်းလေးတွေ တွေ့ရတယ် လို့ အတည်ပြုပြောဆိုကြောင်း သတင်းစာတွေက ရေးပါတယ်။ ဆက်လက်ပြီး စုံစမ်းဖေါ်ထုတ်သွားဖို့လဲ ပြောသွားပါတယ်။ အမှုကို ဆက်လက်စစ်ဆေးဆဲပါ။
ကျနော်အဲဒီသတင်းဖတ်ပြီး ရေခဲမုန့်စားချင်စိတ် တော်တော်ကုန်သွားတယ်။ တစ်ဆက်တည်းမှာပဲ မစင်ရဲ့အရသာဘယ်လိုရှိမှာပါလိမ့်ဆိုပြီးအတွေးလဲ ၀င်လာတယ်။ ဒါနဲ့ ကျနော် အရင်တုန်းက ကြားဖူးတဲ့ မစင်ဋီကာပုံပြင်လေးကို ဗဟုသုတအဖြစ် ရေးသားဖေါ်ပြလိုက်ပါတယ်။
(http://uk.news.yahoo.com/22/20081029/tod-uk-australia-icecream-b7e5c6f.html) သတင်းကို ကိုးကားရေးပါသည်။
အရက်သမားဆင်ခြေ
ယုတ္တိနှင့် ခံစားချက်
Better to be without logic than without feeling.
Charlotte Bronte (1816-1855)
ခံစားချက်မရှိခြင်းထက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသေးတယ်။
(ရှားလက်တ် ဘရွန့်တီ)
အထက်ပါစကားကို သင်ဘယ်လိုနားလည်ပါသလဲ။
(၁) ခံစားချက်ထက် ယုတ္တိကို ဦးစားပေးရမယ်။
(၂) ယုတ္တိထက် ခံစားချက်ကို ဦးစားပေးရမယ်။
(၃) နှစ်မျိုးစလုံးကို လက်မခံပါ။
(၄) နှစ်မျိုးစလုံးကို လက်ခံပါသည်။
(၅) ခံစားချက်သည် ယုတ္တိထက် ပိုကောင်းပါသည်။
(၆) ယုတ္တိသည် ခံစားချက်လောက်မကောင်းပါ။
(၇) မရှိခြင်းနှစ်မျိုးအနက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသည်။
(၈) ခံစားချက်မရှိခြင်းသည် ယုတ္တိမရှိခြင်းလောက်မကောင်းပါ။
(၉) ခံစားချက်ရှိခြင်းသည် ယုတ္တိရှိခြင်းထက် ပိုကောင်းပါသည်။
(၁၀) ခံစားချက်မရှိခြင်းသည် ယုတ္တိရှိခြင်းနှင့် အတူတူဖြစ်သည်။
သင့်အယူအဆကို ဆွေးနွေးကြည့်ပါ။
Tuesday, October 28, 2008
လူနာတွေ သတိ
ဒေ၀ါလီပွဲတော်
ကျနော်တို့မြန်မာလူမျိုးတွေနှုတ်ကျိုးနေတဲ့ ဒေ၀ါလီဆိုတဲ့စကားဟာ တကယ်တော့ ဟင်ဒီဘာသာအသံနဲ့ဆိုရင် ဒီဝလိ (Diwali) သို့မဟုတ် ဒီပါဝလိ (Deepavali) လို့အသံထွက်ပြီး ခေါ်ရပါတယ်။ အစမှာတော့ ဒီပါဝလိ လို့ပဲခေါ်ပါတယ်။ နောက်ပိုင်းကျမှ စကားလုံးရွေ့လျောမှုသဘောအရ ဒီဝလိ ဆိုတဲ့ ဟင်ဒီဘာသာစကားစစ်စစ်ဖြစ်လာဟန်ရှိပါတယ်။ ဒါပေမဲ့ အင်ဒီယနိုင်ငံတောင်ပိုင်းတွေမှာတော့ အခုထိတိုင် ဒီပါဝလိလို့ပဲ အစဉ်အလာအတိုင်း ခေါ်ဝေါ်သုံးစွဲနေတုန်းပါ။
ဒီပါဝလိ ဆိုတာ သက္ကဋဘာသာစကား၊ ပါဠိဘာသာစကားဖြစ်ပါတယ်။ ဒီပ နဲ့ အာဝလိ ဆိုတဲ့ပါဠိနှစ်လုံးကို သဒ္ဒါနည်းအရ ပေါင်းထားတာပါ။ ဒီပဆိုတာက ဆီမီးလို့ အဓိပ္ပါယ်ရပြီး အာဝလိဆိုတာကတော့ အစဉ်အတန်း လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီပါဝလိဆိုတာ ဆီမီးတိုင်လေးတွေ တန်းစီပြီးထွန်းညှိတဲ့ပွဲတော်ရယ်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ အချုပ်ကတော့ မီးထွန်းပွဲတော် ပေါ့။
ဒီမီးထွန်းပွဲတော်ကို ရှေးခေတ်အင်ဒိယနိုင်ငံမှာ ဟင်ဒူဘာသာဝင်တွေသာမက၊ ဆစ်ခ်ဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေပါ ကျင်းပဆင်နွဲကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဝင်တွေက အဲဒီပွဲမှာ ဘာသာရေးအရ မပါဝင်ကြတော့ဘူးလို့ သိရပါတယ်။ ပျော်ပွဲရွှင်ပွဲတစ်ခုအနေနဲ့တော့ ဘယ်ဘာသာဝင်မဆို ပါဝင်မယ်လို့ ယူဆရပါတယ်။
ဒီပွဲတော်ကို ကျင်းပခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ရာမမင်းသားပြည်တော်ဝင်ခန်းကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတယ်လို့ ရာဇ၀င်က ဆိုပါတယ်။ ဟင်ဒီလို Ram လို့ခေါ်တဲ့ ရာမမင်းသားဟာ Ravan လို့ခေါ်တဲ့ ရာဝဏမင်း သို့မဟုတ် ဒဿဂိရိမင်းကို အနိုင်တိုက်ခိုက်ပြီးတော့ ချက်ချင်းပြည်တော်မ၀င်သေးပဲ တောထဲမှာပဲ (၁၄) နှစ်တိုင်တိုင်တရားကျင့်နေတယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။ (၁၄)ကြာပြီးမှ မြို့တော် အယုဒ္ဓယသို့ပြန်ဝင်လာတဲ့ မင်းရာမကို မြို့သူမြို့သားတွေက ဆီမီးတိုင်တွေ ထွန်းညှိပြီး ကြိုဆိုရာကနေ ဒီပွဲတော် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ရက်ကိုလဲ ကျတ္တိကာနက္ခတ်နဲ့စမ်းယှဉ်တဲ့ သတင်းကျွတ်လပြည့်ကျော် (၁)ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိကို သတ်မှတ်ပါတယ်။ သူတို့အသုံးနဲ့ပြောရရင် ကျတ္တိကာလပြည့်နေ့ဖြစ်ပါတယ်။ ဒါကတော့ ဟင်ဒူဘာသာဝင်တွေ မီးထွန်းပွဲကျင်းပခြင်းအကြောင်းပါ။
ဒီပွဲကို ဂျိန်းဘာသာဝင်တွေလဲ ကျင်းပကြတယ်လို့ အထက်မှာ ကျနော်ပြောခဲ့ပါတယ်။ သူတို့ကျင်းပရခြင်းအကြောင်းကတော့ ဟင်ဒူသာသာဝင်တွေနဲ့မတူပါဘူး။ ဂျိန်းဘာသာဝင်တွေကတော့ သူတို့ဂျိန်းဘာသာရဲ့ (၂၄)ဆူမြောက်ဖြစ်တဲ့ ဘုရားမဟာဝီရကြီး နိဗ္ဗာန်ပြု (သေ)တဲ့နေ့ ဆိုတဲ့ယုံကြည်ချက်နဲ့ မီးပူဇော်ကြတာပါ။ BC ခုနှစ် (၅၂၇)၊ အောက်တိုဘာလ (၁၅) မှာ သူတို့ဘုရား နိဗ္ဗာန်ပြုတယ်လို့ အဍ္ဎမာဂဓီခေါ် ဂျိန်းဘာသာရေးစာပေမှတ်တမ်းများက ဆိုပါတယ်။ ဒါကြောင့်သူတို့လဲ ဒီအောက်တိုဘာလထဲမှာပဲ သူတို့ဘာသာရေးပွဲတော်ကို ကျင်းပကြတယ်လို့ နားလည်ရပါတယ်။ ကျနော်တို့မြတ်စွာဘုရားကတော့ BC ခုနှစ် (၅၄၃) မှာ မဟာပရိနိဗ္ဗာန်ဝင်စံတော်မူကြောင်း ထေရ၀ါဒစာပေမှတ်တမ်းများအရ သိရပါတယ်။
ဟင်ဒူဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေလုပ်သလို့ ဆစ်ခ်ဘာသာဝင်တွေလဲ မီးထွန်းပွဲကျင်းပကြပါတယ်။ သူတို့ကျင်းပရခြင်းအကြောင်းကတော့ သူတို့ကိုးကွယ်တဲ့ ဆစ်ခ်ဘာသာရဲ့ ခြောက်ဆက်မြောက် ဂုရုကြီး ဟာဂိုဘင်ဒ် Hargobind (1595-1644) ထောင်က လွတ်လာတဲ့အထိမ်းအမှတ်နဲ့ ကျင်းပတယ်လို့ ဆိုပါတယ်။ ဂုရုကြီး ဟာဂိုဘင်ဒ်ကို ဟင်ဒူဘုရင် (၅၃) ဦးနဲ့အတူ မူဃောဧကရာဇ် ဂျဟန်ဂိရ် (ဇဟံဂိရိ) Mughal emperor, Jahangir (1570-1627) က နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒါပေမဲ့ ဂုရုကြီးကို ဆစ်ခ်ဘာသာရဲ့ ခြောက်ဆက်မြောက် ဆရာကြီးမှန်းလဲသိရော ပြန်လွှတ်ပေးလိုက်ပါသတဲ့။ ဂုရုကြီးဟာ သူလွတ်မြောက်သလို သူနဲ့အတူအဖမ်းခံထားရတဲ့ ဟင်ဒူဘုရင်တွေကိုလဲ လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် အားလုံးကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဂုရုကြီးဟာ သူလွတ်မြောက်လာပြီးတဲ့နောက်မှာ အင်ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ထဲက ဆစ်ခ်ဘာသာရေးမြို့တော် (Amritsar) အမ်ရစ်ဆာ မှာရှိတဲ့ (Darbar Sahib) ဒါဘာဆာဟစ်ဘ် လို့ခေါ်တဲ့ ရွှေကျောင်းတော်ကို လာခဲ့ပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ ၀မ်းသာလွန်းလို့ ဖယောင်းတိုင်မီးတွေ၊ မီးတိုင်လေးတွေ ညှိထွန်းပြီးတော့ ဂုရုကြီးကို ကြိုဆိုကြပါတယ်။ အဲဒီကြိုဆိုတဲ့နေ့ကိုလဲ သူတို့ဘာသာအလိုအရ (Bandi Chhorh Divas) အကျဉ်းသားလွတ်မြောက်တဲ့နေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် မီးထွန်းပွဲပြုလုပ်ကျင်းပလေ့ရှိကြောင်း သိရပါတယ်။
ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီမီးထွန်းပွဲကို သတင်းကျွတ်လပြည့်နေ့မှာ ကျင်းပကြပါတယ်။ ဗုဒ္ဓမြတ်စွာ ၀ါတွင်းသုံးလပတ်လုံး တာဝတိံသာမှာဝါဆိုရင်း မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုသိတနတ်သားကို အဘိဓမ္မာတရားဟောတော်မူပြီးလို့ သင်္ကဿမြို့တံခါးမှာ ကြွဆင်းလာစဉ် မြို့သူမြို့သားတွေဟာ အုပ်အုပ်ကျက်ကျက်နဲ့ ဆီမီးညှိထွန်းပူဇော်ကြကြောင်း စာပေမှတ်တမ်းများအရ သိရပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်းလိုလိုက အဲဒီနေ့ (သီတင်းကျွတ်လပြည့်) မှာ မီးထွန်းပွဲကျင်းပကြပါတယ်။
အခုကျနော်တင်ပြခဲ့တဲ့ မီးထွန်းပွဲတော်အားလုံးကို ဒီအောက်တိုဘာလအတွင်းမှာပဲ ကျင်းပကြပါတယ်။ မိမိတို့ဘာသာရေးအလိုက် ရက်အနည်းစီပဲ ကွဲပြားပါတယ်။ ဒီပွဲတော်အားလုံး ရှေးက မဇ္ဈိမဒေသလို့ခေါ်တဲ့ အင်ဒိယနိုင်ငံတစ်ခုတည်းမှာပဲ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် ရှေးခေတ်အင်ဒိယလူမျိုးတွေဟာ ဘယ်ဘာသာဝင်ဖြစ်ဖြစ် သူတို့ရဲ့ဘာသာရေးပွဲတော်တွေကို မီးထွန်းပူဇော်တဲ့နည်းနဲ့ ပူဇော်ရတာကို ခုံမင်ကြတယ်လို့ ယေဘုယျ မှတ်ယူနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
(http://en.wikipedia.org/wiki/Diwali) ၀က်ဘ်ဆိုဒ်ကို ကိုးကားဖေါ်ပြပါသည်။
အချစ်နှင့် ရူးသွပ်ခြင်း
(Pedro Calderon De la Barca)
ရူးသွပ်မှုမဟုတ်သောအချစ်သည် အချစ်မဟုတ်။
(ပက်ဒ်ရိုခေါဒရွန်ဒေလာဘာကာ)
de: ကျွန်မ............ရက်နေ့ ဆွမ်းကပ်ဖြစ်မယ်။ .............ကျောင်းမှာ။
ကျနော်တို့မြန်မာလူမျိုးအတော်များများ သိနေတဲ့ ပါဠိဝါကျလေးတစ်ခု မှတ်သားဖူးတယ်။ ပါဠိစာပေနဲ့ ရင်းနှီးမှုမရှိတဲ့လူတွေတောင် သိနေတဲ့ ၀ါကျလေးပါ။ စာဖတ်သူလဲ သိမယ်ထင်ပါတယ်။ အနည်းဆုံးတော့ ကြားဖူးမှာပါ။ ပုထုဇ္ဇနော ဥမ္မတ္တကော၊ တဲ့။ ပုထုဇဉ်လူသားတွေဟာ အရူးချည်းပဲလို့ ကျနော်နားလည်ခံစားမိပါတယ်။ ကျနော်တို့ ပုထုဇဉ်လူသားတွေရဲ့နေ့စဉ်ဘ၀ရှင်သန်မှုဟာ ယုတ္တိကို အခြေမခံဘူးလေ။ ခံစားချက်ကိုပဲ အခြေခံတာပါ။
ဒါကြောင့်လဲ ရှားလက်တ် ဘရွန့်တီ Charlotte Bronte (1816-1855)က Better to be without logic than without feeling ခံစားချက်မရှိတာထက် အကြောင်းယုတ္တိမရှိတာက ပိုကောင်းတယ် လို့ဆိုခဲ့တယ် ထင်ပါရဲ့။ သူ့အတွေးဟာ လူသားဆန်တဲ့အတွေးပါ။ ခံစားချက်ဟာ အကြောင်းယုတ္တိထက် ပိုကောင်းတယ် လို့ ကျနော်နားလည်မိပါတယ်။ ကျနော်တို့နှလုံးသားတွေဟာ (01 01 01) data တွေနဲ့ Run နေတဲ့ Computer Software တစ်ခုမဟုတ်ပါဘူး။ ချစ်ခြင်း/မုန်းခြင်းစတဲ့ factor တွေနဲ့ ခုတ်မောင်းနေတဲ့ ဝေဒနာစက်လေးတစ်လုံးပါ။ ဒါကြောင့် တစ်စုံတရာကို ဆုံးဖြတ်ရမယ့် အချိန်မျိုးမှာတောင် ခံစားချက်ဟာ နေရာယူတတ်ပါတယ်။ နှလုံးသားနဲ့ ပတ်သက်လာရင်တော့ ခံစားချက်ဟာ အလိုလိုရှေ့တန်းရောက်တတ်စမြဲပါ။ အဲဒီခံစားချက်ကြောင့်လဲ ပုံစံအမျိုးမျိုးနဲ့ ရူးသွပ်နေကြတာပေါ့။
မရှိသေးတဲ့လူကလဲ ရှိဖို့ရူးသွပ်တယ်။ ရှိပြီးသားလူကလဲ ကြွားဖို့ရူးသွပ်တယ်။ လိုချင်မှုကြောင့်လဲ ရူးသွပ်တယ်။ စိတ်ဆိုးမှုကြောင့်လဲ ရူးသွပ်တယ်။ မသိမှုကြောင့်လဲ ရူးသွပ်တယ်။ ဒါပေမဲ့ ကျနော်တို့အားလုံးဟာ ကိုယ့်ကိုယ်တော့ ဘယ်သူမှ ရူးတယ်မထင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးဟာလဲ ကိုယ်လိုပဲ အကြောင်းတစ်မျိုးမျိုးနဲ့ ရူးသွပ်နေကြတာပဲကိုး။ အဲဒီတော့ ကျနော်တို့က အရူးဆိုတဲ့ ဝေါဟာရကို သည်းခြေပျက်သွားတဲ့လူတစ်ယောက်နဲ့ပဲ သက်ဆိုင်တယ်လို့ မှတ်ထင်လိုက်ကြတော့တယ်။
အွန်လိုင်းပေါ်က ကျနော့်မိတ်ဆွေတစ်ယောက်နဲ့ ချက်တင်လုပ်ရင်း သူပြောတဲ့စကားတစ်ခွန်းကို စိတ်ဝင်စားသွားတယ်။ ဒါပေမယ့် သူမသိလည်း သိပ်ဂရုမစိုက်ပါဘူး။ ကျွန်မစိတ်ကျေနပ်တာပဲ။ သူ့အတွက် ကုသိုလ်လုပ်ပေးလိုက်တယ်ဆိုတာလေးကို ကျေနပ်နေတာ။ ရူးနေပြီလားမသိ၊း) ၊ တဲ့။ သူခင်တဲ့သူငယ်ချင်းတစ်ယောက်၊ သူသံယောက်ဇဉ်ရှိတဲ့ သူငယ်ချင်းတစ်ယောက်၊ သို့မဟုတ် သူချစ်နေရတဲ့ သူတစ်ယောက်ရဲ့မွေးနေ့မှာ ကောင်းမှုတစ်ခုပြုပေးမယ်ဆိုတာတော့ ရိုးရာအတိုင်းပဲ ကျနော်နားလည်ပါတယ်။
ဒါပေမဲ့ ကျနော့်ကို စိတ်ဝင်စားသွားစေတဲ့အကြောင်းကတော့ သူမသိလဲ အရေးမကြီးဘူး။ သူ့အတွက်လုပ်ပေးလိုက်ရရင်ပဲ ကျမကျေနပ်ပါပြီ၊ လို့အဓိပ္ပါယ်ပါတဲ့ သူ့စကား။ သူ့အချစ်ကို မတောင်းဆိုပဲနဲ့ ကိုယ့်အချစ် ပေးဆပ်မှုကို သရုပ်ပေါ်စေတဲ့ စကား။ မမြင်ကွယ်ရာကနေ သူ့ကိုချစ်နေရရင်၊ သို့မဟုတ် သူ့အတွက် တစ်ခုခုလုပ်ပေးနေရရင် ကျေနပ်နေနိုင်လောက်အောင် အားကြီးတဲ့ အချစ်ကို ဖေါ်ညွှန်းတဲ့စကား။ တစ်ဘက်သတ်အချစ်၊ သို့မဟုတ် တိတ်တခိုးအချစ်ရဲ့ သရုပ်မှန်ကို ပြောပြတဲ့ စကား၊ အဲဒီစကားလေးကို ကျနော်သဘောကျသွားတာပါ။ လေးစားတယ်ဗျာ။
ဒါတင်လားဆိုတော့၊ ဘယ်ကဦးမလဲ။ အဲဒီစကားထက်ကို ပိုပြီး စိတ်ဝင်စားစေတဲ့ အကြောင်းတစ်ခုကလဲ ရှိသေးတယ်။ အဲဒါကတော့ ကျနော့်မိတ်ဆွေဟာ ကျနော်တို့လို ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်မဟုတ်ပါပဲနဲ့ ချစ်သူကိုးကွယ်တဲ့ဘာသာရေးကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသွားပြီးတော့ သူချစ်တဲ့ချစ်သူအတွက်ရည်မှန်းပြီး ဆွမ်းကပ်မှုစတဲ့ ကုသိုလ်လုပ်ရဲတဲ့ သတ္တိ၊ ကျနော် သူ့ရင်ထဲကအချစ်ကို လေးစားလွန်းလို့ အဲဒီသတ္တိကို ဒီလိုပဲ ခေါ်ချင်တယ်ဗျာ။ ရူးသွပ်ရဲတဲ့ သတ္တိ။ ကျနော့်အတွက်တော့ စဉ်းစားလို့မရတဲ့ သတ္တိမျိုး။ အဲဒီသတ္တိကြောင့် ကျနော့်သူငယ်ချင်းကို အံ့လဲအံ့သြတယ်။ ထပ်ပြီးလဲ လေးစားပါတယ် လို့ဆိုပါရစေ။ အော် အချစ်ရဲ့အင်အားကြီးမားလွန်းတဲ့ စွမ်းအားတစ်မျိုးလို့ ကျနော်နားလည် အသိအမှတ်ပြုလိုက်ပါတယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ တိတ်တခိုး ကဗျာလေးကို ကျနော်သတိရလိုက်တယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့အပိုဒ်လေးကို စိတ်ထဲကနေ ရွတ်လိုက်မိတယ်။
သူမမြင် သူမကြည့်ပေမဲ့၊
သူသိရင်ကျေနပ်ပါရဲ့၊
ရွက်ချပ်စို အကြိုကြားမှာ၊
ပွင့်သွားမှာပဲ။
အဲဒီကဗျာကမှ သူချစ်တဲ့ချစ်သူသိဖို့ မျှော်လင့်မှုရှိသေးတယ်။ အခုကျနော့်မိတ်ဆွေကတော့ သူချစ်တဲ့လူသိဖို့တောင် မမျှော်လင့်ရှာဘူး။ မမြင်ကွယ်ရာမှာ သူ့ချစ်သူအတွက် တစ်ခုခုလုပ်ပေးလိုက်နိုင်ရင်ကိုပဲ ကျေနပ်နေရှာသူ။ ကျနော် မလေးစားပဲ နေနိုင်ရိုးလားဗျာ။ သူပြောလိုက်တဲ့ နောက်ဆုံးစကားလေးက ရူးနေပြီလား မသိ တဲ့။ ပြီးတော့ မလုံမလဲနဲ့ အပြုံးသင်္ကေတး) လေးတစ်ခုလဲ ပေးလိုက်သေးတယ်။ ဟုတ်တယ်၊ ကျနော်တို့ဟာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ရူးလို့ရူးမှန်း မသိနိုင်လောက်အောင်ကို ရူးကြတယ်။
ကျနော်တို့လူသားတွေဟာ အချစ်ကိုအကြောင်းပြုပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ရူးသွပ်နေကြတယ်။ အတူနေတဲ့လူကလဲ မျက်စိအောက်က အပျောက်မခံချင်ဘူး။ အနီးအနားရှိတဲ့လူကလဲ မကြခဏချိန်းတွေ့ချင်တယ်။ အဝေးရောက်နေပြန်တော့လဲ စာတစ်တန်၊ ဖုန်းတစ်တန်နဲ့။ ဒီခေတ်မှာတော့ သိပ်ကောင်း။ အင်နက်ကျေးဇူးကြောင့် ဘယ်လောက်ဝေးဝေး တွေ့နိုင်ကြတယ်။ ကျေးဇူးပါ အင်တာနက်ကြီးရယ်။ (ပိုက်ဆံမပေးရရင် ပိုတောင် ကျေးဇူးတင်ဦးမယ်။) အဲလိုတွေ့နိုင်တဲ့အတိုင်းလဲ နေ့တိုင်းတွေ့ချင်ကြတယ်။
တစ်နေ့မတွေ့လိုက်ရရင် မနေ့က နေမကောင်းလို့လားဟင် တဲ့။ ဟင်က ပါလိုက်သေးတယ်။ ဒါပေမဲ့ အဲဒီ ဟင် ဟာအရေးကြီးတယ်။ ဂရုစိုက်မှုကိုလဲပြတယ်။ အချစ်ရဲ့ နူးညံ့သိပ်မွေ့မှုသဘောကိုလဲ ဖေါ်ဆောင်တယ်။ အကြင်နာအင်အားကိုလဲ ပေါ်လွင်စေတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးအတွက် ဟင် ဆိုတဲ့စကားလုံးဟာ လိုအပ်တဲ့စကားလုံးတစ်ခု။ ပြောဖို့မမေ့ကြနဲ့နော်။ အချစ်သက်ကို ရှည်စေတဲ့ ဝေါဟာရလေး တစ်ခုလို့တောင် ဆိုနိုင်တယ်။ အဲဒီလိုနဲ့ အချစ်ကို ရူးသွပ်မှုအမျိုးမျိုးနဲ့ ပုံဖေါ်ကြတယ်။ တကယ်တော့ ရူးသွပ်မှုဆိုတာ အချစ်ကို ပုံဖေါ်ပေးတဲ့ အင်ဂျင်တစ်မျိုးပဲ။
အထက်မှာ ကျနော်ပြောခဲ့သလို ရူးသွပ်ခြင်းရဲ့အကြောင်းတွေ အမျိုးမျိုးရှိတဲ့အနက် အခုကျနော့်သူငယ်ချင်းရဲ့ ရူးသွပ်မှုကတော့ ထူးဆန်းတယ်၊ လိုချင်မှုကြောင့်လဲမဟုတ်၊ စိတ်ဆိုးမှုကြောင့်လဲမဟုတ်၊ မသိခြင်းဆိုတဲ့အရာကြောင့်လဲ မဟုတ်။ သူက ပေးဆပ်မှုနဲ့ ရူးသွပ်ချင်တာ။ ချစ်သူမမြင်ကွယ်ရာကနေ ချစ်သူအတွက် တိတ်တခိုး ရူးသွပ်နေချင်တာ။ ကျနော်ပြောရဲပါတယ်။ အချစ်စစ်ဆိုတာ သူ့လိုလူတွေရဲ့ ရင်ထဲမှာပဲ ရှာတွေ့နိုင်တယ် လို့။ ဒါကြောင့် စပိန်လူမျိုးပြဇာတ်ဆရာကြီး Pedro Calderon De la Barca ပြောခဲ့တဲ့ ရူးသွပ်မှုမဟုတ်သောအချစ်သည် အချစ်မဟုတ်၊ ဆိုတဲ့စကားဟာ သူ့လိုလူမျိုးရဲ့ရင်ထဲက အချစ်ကို ရည်ညွှန်းခဲ့တာလို့ ကျနော် မှတ်ယူလိုက်မိပါတယ်။
ဒီစာတမ်းလေးနဲ့ အွန်လိုင်းပေါ်က ကျနော့်မိတ်ဆွေလေးကို ဂုဏ်ပြုလိုက်ပါတယ်။
သတ္တိ
Fortitude is the marshal of thought, the armor of the will, and the fort of reason.
Francis Bacon (1561-1626)
သတ္တိဆိုတာ တွေးတောကြံစည်မှုရဲ့ အကြီးအချုပ်၊ စိတ်ဆန္ဒရဲ့ ချပ်ဝတ်မိန်ညို၊ ဆင်ခြင်ဉာဏ်ရဲ့ ခံတပ် ပါပဲ။
(ဖရန့်ဆစ်စ် ဘေကွန်)
Monday, October 27, 2008
ယုံကြည်မှုနှင့် သိမှု
(Thomas Alva Edison)
ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ အမှားဖြစ်ဖို့ နီးစပ်တယ်။
(ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)
ကျနော်တို့နေ့စဉ်ဘ၀မှာ ပြောနေတဲ့စကားတွေကို ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် အချို့စကားတွေဟာ သိမှုဆိုတဲ့ အုပ်စုထဲမှာပါမယ်။ အချို့စကားတွေကတော့ ယုံကြည်မှုဆိုတဲ့ အုပ်စုထဲမှာပါသွားမယ်။ တစ်နည်းအားဖြင့် ကျနော်တို့ပြောတဲ့စကားအများစုဟာ ယုံကြည်မှုကို အခြေခံပြီး သို့မဟုတ် ယုံပြီးပြောတဲ့စကားတွေနဲ့ သိမှုကိုအခြေခံပြီး သို့မဟုတ် သိပြီးပြောတဲ့စကားရယ်လို့ ယေဘုယျအုပ်စု နှစ်မျိုး ကျနော်ခွဲခြားပါတယ်။
လူအတော်များများဟာ ဒီဝေါဟာရ နှစ်မျိုးကို အဓိပ္ပါယ် တူသယောင်ယောင် နားလည်နေကြပါတယ်။ ဘာသာရေးစာပေတွေမှာ ဒီစကားနှစ်လုံးဟာ အတော်လေးကို အဓိကကျပါတယ်။ သိပ်အရေးကြီးပါတယ်။ ဘာသာရေးအားလုံးကို ဆိုလိုပါတယ်။ ကျနော်တို့ဗုဒ္ဓဘာသာမှာ ဒီစကားနှစ်လုံးကို သဒ္ဓါ နဲ့ ပညာ လို့ဆိုပါတယ်။ သဒ္ဓါ ဆိုတာ (မှတ်ချက်၊ ဒဒွေးနဲ့ သဒ္ဒါ ဆိုတာ Grammar ကိုပြောပါတယ်။ ကွဲပြားချက်ကို သတိပြုပါ။) ယုံကြည်မှုပါ။ အဓိကအားဖြင့် ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်မှုမျိုးကို ခေါ်ပါတယ်။
နောက်ပိုင်းမှာတော့ ကျနော်တို့ မြန်မာစကားအဖြစ်အမွေးစားခံလိုက်ရပြီး အချင်းချင်းကြည်ဖြူတဲ့နေရာမှာလဲ အဓိပ္ပါယ်တစ်မျိုးနဲ့ သုံးစွဲလာတာ တွေ့ရပါတယ်။ ဒါကြောင့် (သဒ္ဓါ) သဒါလို့ပေးတာ/ကျွေးတာ။ အချစ်(သဒ္ဓါ) သဒါ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးစွဲလာကြပါတယ်။ မှားတယ်လို့မဆိုချင်ပေမဲ့ မူရင်းအဓိပ္ပါယ်မဟုတ်တာကိုတော့ နားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ မှားတယ်လို့ မဆိုချင်သလဲ ဆိုရင် ရှေးခေတ်သဒ္ဒါဆရာကြီးတွေ ကိုယ်တိုင်ကိုက သဒ္ဒါ (grammar) ဆိုတာ လူတွေသတ်မှတ်တဲ့အတိုင်းပဲ ပြီးစီးရတယ် လို့ မိန့်ဆိုခဲ့ကြလို့ပါပဲ။
နောက်တစ်မျိုးက ပညာ။ ဒီစကားလုံးကိုလဲ ကျနော်တို့ဗမာစကားအဖြစ်မွေးစားလိုက်ပါပြီ။ သူ့ရဲ့မူရင်းအဓိပ္ပါယ်က အကြောင်းအရာ တစ်ခုခုကို အသေးစိမ့်သိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သို့သော်လဲ တော်ရုံကိစ္စတွေမှာ သိခြင်း/မသိခြင်းတွေကိုလဲ ဝေါဟာရကျဉ်းအောင်ဆိုပြီး ပညာဆိုတဲ့စကားနဲ့ပဲ ပြောလိုက်ရပါတယ်။ ဒါကြောင့် ဘွဲ့ရပညာတတ် ဆိုတဲ့ဗမာစကားစုတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ တကယ်တော့ ဘွဲ့ရတာဟာ ပညာတတ်တာနဲ့ တခြားစီပါပဲ။ ဒါပေမဲ့ နားထောင်တဲ့လူက ပြောတဲ့လူရဲ့ဆိုလိုရင်းကို နားလည်ရေးသာအဓိကဖြစ်တဲ့အတွက် စကားလုံးရဲ့ မူရင်းအဓိပ္ပါယ်နဲ့ လိုက်တွက်ကပ်ပြီး အမှား/အမှန် ငြင်းခုန်နေစရာ မလိုဘူးဆိုတာကို ကျနော်ပြောချင်ပါတယ်။
အဲဒီလို ဘာသာရေးစာပေရှုထောင့်နဲ့ ကြည့်ရင်တော့ ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ဟာ တစ်ခုနဲ့တစ်ခု အတော်ကြီးကွဲပြားခြားနားမှု ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ နေ့စဉ်သုံးစကားအဖြစ်ပြောင်းသုံးလိုက်တဲ့ အခါကျတော့ အဓိပ္ပါယ် တူသယောင်ယောင်ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် Belief and Knowledge သို့မဟုတ် ယုံကြည်မှု နဲ့ သိမှု ဆိုတဲ့စကားလုံးတွေကို အဓိပ္ပါယ်တူသယောင်ယောင်သုံးမိတတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော့်ဆရာပြောပြတဲ့ တီထွင်ပါရဂူကြီး Thomas Alva Edison (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ရဲ့ အယူအဆလေးတစ်ခုကို တင်ပြလိုက်ပါတယ်။
တစ်ခါတုန်းက (ဗမာခေါ် သောမတ်အယ်ဒီဆင်) ထော်မတ်စ်အယ်လ်ဗာအဲဒိဆန်ကို ရင်းနှီးတဲ့ သူ့သူငယ်ချင်းတစ်ယောက်က မေးသတဲ့။ ကိုယ့်လူကြီး ယုံကြည့်မှုနဲ့ သိမှု ဘယ်လိုများကွာခြားပါသလဲ ပေါ့။ အဲဒီမေးခွန်းကို အဲဒိဆန်က ချက်ချင်းမဖြေဘူး။ မေးခွန်းပြန်ထုတ်လိုက်တယ်။
အဲဒိဆန်။ ကိုယ့်လူမှာ ဇနီးရှိတယ်နော်။
သူငယ်ချင်း။ ရှိပါ့ဗျာ။
အဲဒိဆန်။ ကလေးရောဗျာ။
သူငယ်ချင်း။ ရှိပါသော်ကော။
အဲဒိဆန်။ ဒါဆို ကိုယ်ထပ်မေးမယ်။ ကလေးတွေအပေါ်မှာ ကိုယ့်လူရဲ့အမြင်နဲ့ ကိုယ့်လူမိန်းမရဲ့အမြင်လေးပြောစမ်းဗျာ။
သူငယ်ချင်း။ ကျုပ်ကတော့ အဲဒီကလေးတွေကို ကျုပ်ကလေးတွေလို့ ယုံတယ်ဗျာ။
အဲဒိဆန်။ ယုံရုံပဲလား။ သေသေချာချာမသိဘူးလား။
သူငယ်ချင်း။ ဒါတော့ ဘယ်ပြောနိုင်မလဲဗျာ့။ ကိုယ့်ဗိုက်ထဲက မွေးထားတာမှ မဟုတ်တာပဲ။ ပြီးတော့ ဟဲဟဲ---။
အဲဒိဆန်။ ဒါဆို ကိုယ့်လူမိန်းမကရောဗျာ။
သူငယ်ချင်း။ သူကတော့ သူကိုယ်တိုင်မွေးထားတာဆိုတော့ အဲဒီကလေးတွေကို သူ့ကလေးမှန်း အသေအချာသိတာပေါ့ဗျာ၊ ကိုယ့်လူကလဲ--။
အဲဒိဆန်။ အဲဒါပဲပေါ့ သူငယ်ချင်း။ ယုံကြည့်မှုနဲ့ သိမှုရဲ့ ကွာဟချက်တွေဟာ။ ယုံကြည့်မှုက မသေချာဘူး။ သိမှုက သေချာတယ်။
နောက်တစ်ခု ကျနော်ကြားဖူးထားတာ ရှိသေးတယ်။ အဲဒါကတော့ ကျနော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကမှာ ထင်ရှားတဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းကြီးကို စတင်တည်ထောင်ခဲ့တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးအကြောင်း။ ဆရာတော်ဘုရားရဟန်းပျိုဘ၀တုန်းက ၀ိနည်းအလွန်လေးစားတဲ့အတွက် သူစာသင်တဲ့ မြို့ကနေ သူ့ရွာပြန်ရောက်တဲ့အခါတိုင်း လိုချင်တာမှန်သမျှ အမေ့ဆီမှာပဲ တောင်းသတဲ့။ သူ့အဖေဆီ တစ်ခါမှ မတောင်းဘူး ဆိုပဲ။
တစ်နေ့တော့ အဲဒါကို သတိပြုမိတဲ့ သူ့အဖေက မေးသတဲ့။ ကိုယ်တော်၊ ကိုယ်တော်ရွာပြန်ရောက်တိုင်း လိုချင်တာရှိရင် ကိုယ်တော့်အမေ့ဆီချည်းတောင်းတာပါလား။ ကိုယ်တော့်အဖေဖြစ်တဲ့ တပည့်တော်ဆီတော့ တစ်ခါမှ တောင်းသံမကြားဖူးဘူး။ အဲလိုပြောတော့ ဆရာတော်က အမိန့်ရှိသတဲ့။ အမေက သေချာတယ်၊ အဖေက သိပ်မသေချာဘူး လို့။ ဒါနဲ့ အဘိုးကြီး စိတ်ထွက်သွားပြီး ဒါဆိုလဲ သေချာ/မသေချာသိရအောင် ကိုယ်တော့်အမေသာ မေးကြည့်တော့ လို့ ပြောဆိုပဲ။
ဒီစကားကို ဘာသာရေးနဲ့ မရင်းနှီးတဲ့လူတွေ နားလည်အောင် နည်းနည်းထပ်ရှင်းဖို့လိုမယ်ထင်တယ်။ ရဟန်းတော်များ ကျင့်သုံးရတဲ့ စည်းကမ်းဥပဒေတွေထဲမှာ ဆွေမျိုးမတော်တဲ့ လူတွေဆီမှာ အလိုရှိတဲ့အခါ ပြောပါဘုရားလို့ သူတို့ကိုယ်တိုင် ဖိတ်မထားဘူးဆိုရင် မတောင်းရဘူး၊ တောင်းရင် အပြစ်ရှိစေ၊ ဆိုပြီး သတ်မှတ်ထားတဲ့ ဥပဒေတစ်ခုရှိပါတယ်။ အဲဒီဥပဒေအရ အဖေဆိုတာ လွဲမှားနိုင်တဲ့အတွက် ဆရာတော်က ဥပဒေကို လေးစားတဲ့အနေနဲ့ ဘယ်တော့မှ မတောင်းဘူးတဲ့။ အံ့သြစရာပဲ။
ဒီလောက်ဆိုရင် စာဖတ်သူလဲ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကွာဟချက်ကို ကောင်းကောင်းနားလည်သွားပြီလို့ ယူဆပါတယ်။ ကျနော်တို့ဟာ ယုံတယ်ဆိုတာနဲ့တင် လက်ခံလို့ မဖြစ်ပါဘူး။ သိအောင်ကြိုးစားဖို့ တကယ်လိုအပ်ပါတယ်။ ယုံကြည်မှုဟာ မခိုင်မာပါဘူး။ သိမှုကတော့ ခိုင်မာပါတယ်။ ယုံပြီး လက်ခံတာထက်၊ သိပြီးလက်ခံတာက ပိုကောင်းပါတယ်။ ဒီနေရာမှာ ကျနော့်စာဖတ်နေသူဟာ မိန်းကလေးတစ်ယောက်ဖြစ်ရင် ကြုံတုန်းလေး ဆရာလုပ်ချင်တယ်ဗျာ။ ယုံမှတ်လို့ ပုံအပ်မိပါတယ် ဆိုတဲ့ သီချင်းကြားဖူးတယ်နော်။ ယုံရုံနဲ့တော့ ပုံမအပ်ဖို့ သတိပေးချင်တယ်။ ဒုက္ခရောက်မှာစိုးလို့။ သိအောင်လုပ်နော်။ မဟုတ်ရင် မလွယ်ဘူး၊ ခေတ်ကြီးက။ ကောင်လေးတွေကတော့ သူတို့ကို စားပေါက်ပိတ်အောင်လုပ်တယ်ဆိုပြီး ကောင်းချည်းပေးမှာ သေချာတယ်။ သိနေတယ်လေ။
လူနှင့်လူ့လောက
I love mankind; it's people I can't stand.
Charles M. Schulz
ကျနော်လူ့လောကကြီးကိုတော့ ချစ်တယ်ဗျာ့။ သည်းမခံနိုင်တာကတော့ လူတွေပဲ။
(ချားလ်စ် မ်၊ ရှာ့လ်ဇ်)
သူများပြောတဲ့စကားလုံးတွေကို အမှတ်တမဲ့မဟုတ်ပဲနဲ့ သတိထားပြီး နားထောင်ကြည့်လိုက်ရင် တိုက်ရိုက်နားလည်ရတဲ့ အနက်အဓိပ္ပါယ်အပြင် သူတကယ်ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ နောက်ကွယ်မှာ ပုန်းနေတာကို သိသိသာသာတွေ့ရလိမ့်မယ်။ ပြောတဲ့လူရဲ့ ဘ၀တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ခံစားချက်တစ်ခုခုကိုဖြစ်စေ၊ သူ့အလုပ်အကိုင်တစ်မျိုးမျိုးကိုဖြစ်စေ ထင်ဟတ်စေတဲ့ အရိပ်အရောင်တွေများစွာ များစွာပါနေတာ တွေ့ရပါလိမ့်မယ်။
ဒါကြောင့်ကျနော်တို့ မြန်မာစကားမှာ ဆိုရိုးတွင်နေတာ ရှိတယ်မို့လား။ စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ တဲ့။ ပြောပါမများပဲနဲ့တောင် နားထောင်တတ်သူတွေအတွက် စကားတွေရဲ့အဓိပ္ပါယ်ဟာ ပေါ်လွင်နေတတ်ပါတယ်။ ပြောပါများရင်တော့ ဘာမှကို ပြောဖို့ မလိုတော့ဘူး။ သူဘာကောင်လဲ ဆိုတာ နားထောင်တဲ့သူက သိနှင့်ပြီ။
ကျနော်လူ့လောကကြီးကိုတော့ ချစ်တယ်ဗျာ့။ သည်းမခံနိုင်တာကတော့ လူတွေပဲ၊ တဲ့။ ချားလ်စ် အမ်၊ ရှာ့လ်ဇ် ပြောတဲ့စကားပါ။ သူဟာ နာမည်ကျော် အမေရိကန်ကာတွန်းဆရာကြီးတစ်ယောက်ပါ။ ဆရာကြီးရေးတဲ့ကာတွန်းတွေဟာ comic strip လို့ခေါ်တဲ့ ဇာတ်လမ်းသရုပ်ဖေါ်ကာတွန်းတွေပဲ များပါတယ်။ ဒီလိုသရုပ်ဖေါ်ကာတွန်းတွေကို ရေးဆွဲတဲ့လူတွေဟာ ဇာတ်ကောင်လေးတွေကို မရေးဆွဲခင် အဲဒီဇာတ်ကောင်တွေပါတဲ့ ဇာတ်အိမ်ကြီးတစ်ခုလုံးကို သေသေချာချာဖတ်ပြီး ခံစားကြည့်၊ ဇာတ်ကောင်တစ်ကောင်ချင်းရဲ့ စရိုက်အလိုက် ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့ ၀င်သရုပ်ဆောင်ကြည့်ပြီးမှ ရေးဆွဲကြရတယ် လို့ကျနော်ထင်ပါတယ်။
ဇာတ်လမ်းတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေများပါတယ်။ ဇာတ်လမ်းစိတ်ဝင်စားစရာကောင်းဖို့ ဇာတ်ကောင် သရုပ်ဆောင်မှုက သိပ်အရေးကြီးပါတယ်။ ဇာတ်ကောင်တစ်ကောင်ကို သနားစရာဖြစ်အောင်ဖန်တီးချင်ရင် တစ်ခြားဇာတ်ကောင်တစ်ကောင်ကို ရက်စက်ကြမ်းတမ်းတဲ့အခန်းမှာ သရုပ်ဆောင်စေရပါတယ်။ ဒါဟာ ဇာတ်လမ်း ဇာတ်ကွက်ရဲ့ ရိုးရာသဘောတစ်ခုလို့ ကျနော်တို့နားလည်ကြပါတယ်။ ဆရာကြီးက လူ့လောကကြီးကို သူရေးဆွဲနေကျ ဇာတ်အိမ်ကြီးလိုမြင်၊ လူတွေကို သူ့ဇာတ်ကောင်တွေလို မြင်နေဟန်တူပါတယ်။ ဒါမှမဟုတ် ပန်းချီဆရာတွေရဲ့စရိုက် အတော်များများအတိုင်း စိတ်ဆိုးလွယ်တဲ့ သဘောရှိပုံလဲ ရပါတယ်။ ဒါကြောင့် လောကကြီးကို ချစ်ပေမဲ့ လူတွေကိုတော့ သည်းမခံနိုင်ဘူးတဲ့။
လူမရှိရင် လူ့လောကမရှိ၊ လူဆိုတာ အစိတ်၊ လူ့လောကဆိုတာအပေါင်း။ ဒါကြောင့် လူ့လောကဆိုတာ လူတွေရဲ့ အစုအပေါင်းလို့ ကျနော်နားလည်မိပါတယ်။ (အစိတ်+အပေါင်း)နည်းနဲ့ပဲ လူနဲ့လူ့လောကကို ခွဲလို့ရပါတယ်၊ တခြားနည်းနဲ့ခွဲလို့မရပါဘူး။ ဒါဆိုရင် ဘာကြောင့် အပေါင်းဖြစ်တဲ့လူ့လောကကို ချစ်ပြီး အစိတ်ဖြစ်တဲ့ လူတွေကို သည်းမခံနိုင်ခြင်း ဖြစ်ရသလဲ။ အစိတ်ကို သည်းမခံနိုင်ခြင်းဟာ အပေါင်းကို ချစ်ခြင်းနဲ့ မဆန့်ကျင်ဘူးလား။ သိပ်ဆန့်ကျင်တာပေါ့။ ဒါကြောင့် ကျနော် သူ့စကားကို စိတ်ဝင်စားသွားတာ။
ကျနော်တို့နေ့စဉ်ဘ၀မှာ နေထိုင်ရတဲ့ဖြစ်စဉ်ကို ကြည်ကြစို့။ လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံကြရတယ်။ လူအမျိုးမျိုးနဲ့ တွေ့ရဆုံရကြုံရတယ်။ အဲဒီလို ဖြစ်တဲ့အခါ ကိုယ်မကြိုက်တဲ့လူ၊ သဘောမတွေ့တဲ့လူအမျိုးမျိုးနဲ့တွေ့ရမယ်။ တစ်ခါတစ်လေလဲဖြစ်ချင် ဖြစ်မယ်။ အမြဲတမ်းလဲဖြစ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို မကြိုက်တိုင်း၊ ကိုယ့်သဘောနဲ့မတိုက်ဆိုင်တိုင်း ရှောင်ရှောင်နေလို့လဲ မဖြစ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်သည်ပင် အပေါင်းဖြစ်တဲ့ လူ့လောကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါပဲ။ ဒီတစ်ယောက်နဲ့ အဆင်မပြေဖြစ်တဲ့အခါ ဟိုတစ်ယောက်နဲ့တော့ အဆင်ပြေတန်ကောင်းရဲ့ဆိုပြီး ကိုယ့်ရဲ့နေ့စဉ်ဘ၀ရှင်သန်မှုဆိုတဲ့ခရီးရှည်ကို အပေါင်းကိုငဲ့ပြီး ဆက်နေကြရတယ်။
အစိတ်ဖြစ်တဲ့ လူတစ်ဦးချင်းစီကို ဘယ်လောက်မုန်းမုန်း၊ အပေါင်းဖြစ်တဲ့ လူ့လောက သို့မဟုတ် ကိုယ်နေတဲ့ပတ်ဝန်းကျင်ကိုတော့ ချစ်ကြတာချည်းပါပဲ။ ဒါကြောင့် ဂရိခ် ဒဿနိကဘေဒပညာရှင်ကြီး အရစ္စတိုထော်လ်က (Man perfected by society is the best of all animals) လူဆိုတာ အသိုင်းအ၀ိုင်းနဲ့နေရတဲ့ သတ္တ၀ါပဲ တဲ့။ အသိုင်းအ၀ိုင်းနဲ့ မနေရင် တိရစ္ဆာန် သို့မဟုတ် နတ်ဒေ၀ါပဲ လို့ သူကဆိုပါတယ်။
ဒီတော့ လူဖြစ်တဲ့ကျနော်တို့ဟာ လူ့လောကကိုတော့ စွန့်လို့မရဘူး။ လူတစ်ဦးချင်းကို မုန်းခွင့်ရှိတယ်။ လူအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးကိုတော့ မုန်းလို့မရဘူး။ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကို မုန်းလိုက်တာနဲ့ ကိုယ်ဟာလဲ အလိုလိုနေရင်း လူ့အသိုင်းအ၀ိုင်းရဲ့အပြင်ပကို ရောက်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင်တော့ အရစ္စတိုထော်လ် ပြောတဲ့ တိရစ္ဆာန်ဖြစ်ချင်လဲ ဖြစ်သွားနိုင်တယ်။ သို့မဟုတ် နတ်ဒေ၀ါတစ်ဦးဦးလဲ ဖြစ်သွားနိုင်တယ်။
Saturday, October 25, 2008
အမှန်တရားရဲ့ သဘာဝ
It is the nature of truth to struggle to the light.
Wilkie Collins (1824-1889)
(အလင်းရောင်) အသိဉာဏ်ရဖို့ ကြိုးပန်းခြင်းဟာ အမှန်တရားရဲ့ သဘာဝပဲ။
(၀င့်ကီကောလင်းစ်)
မွေးဖွါးခြင်း၊ နေထိုင်ခြင်း၊ သေဆုံးခြင်း ဆိုတဲ့ ဖြစ်စဉ်သုံးမျိုးဟာ ဘ၀တစ်ခုကို သရုပ်ဖေါ်ပေးတဲ့ အမှတ်လက္ခဏာတွေရယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြပါတယ်။ လူတစ်ယောက်လို့ ခေါ်တွင်နိုင်ဖို့အတွက် လူသားမိခင်ဝမ်းဗိုက်မှာဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ မွေးဖွါးကြရတယ်။ ပြီးတော့ ရှင်သန်ကြီးပြင်း နေထိုင်ကြရတယ်။ နောက်ဆုံးတော့ သေခြင်းတရားနဲ့ နိဂုံးချုပ်လိုက်ကြရတယ်။ အဲဒီဖြစ်စဉ်ကြီး သုံးခုအပေါင်းကို ဘ၀တစ်ခုလို့ ခေါ်လိုက်ကြတယ်။
ဘ၀ရဲ့အစနဲ့ အဆုံးဖြစ်တဲ့ မွေဖွါးမှု နဲ့ သေဆုံးမှုဟာ ဘ၀ဆိုတဲ့ဖြစ်စဉ်ထဲမှာ ထည့်ပြီးရေတွက်ရပေမဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတွေတော့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီဖြစ်စဉ်တွေဟာ အသိဉာဏ်တစ်ခုခုရအောင် အားထုတ်နိုင်လောက်တဲ့အချိန်တွေ မဟုတ်လို့ပါပဲ။ မွေးဖွါးခြင်း၊ သေဆုံးခြင်းတွေဟာ အင်မတန်တိုတောင်းတဲ့ အချိန်ကာလလေးတွေပဲ ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘယ်အစိတ်ပိုင်းက အရေးကြီးသလဲ။
ရှင်သန်ခြင်း သို့မဟုတ် နေထိုင်ခြင်းဆိုတဲ့ အလယ်အစိတ်အပိုင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအပိုင်းဟာ ရှည်ကြာတဲ့အပိုင်း၊ တကယ့်ဘ၀ကို သရုပ်ဖေါ်ပေးတဲ့ အပိုင်း၊ သမိုင်းကို ရေးထိုးတဲ့အပိုင်း၊ ဘ၀စာမျက်နှာရဲ့အဓိကကျတဲ့အပိုင်း၊ အသိဉာဏ်ရှာမှီးရေးမှာ မရှိမဖြစ်လိုအပ်တဲ့အပိုင်း၊ ဘ၀အတွေ့အကြုံတွေကို ရှာပေးတဲ့အပိုင်းဖြစ်နေလို့ပါပဲ။ ဒါကြောင့်---
ဘ၀ဆိုတာ အတိအကျပြောရရင် ရှင်သန်နေထိုင်စဉ်ကာလကြီးတစ်ခု(a period of living)ပါပဲ လို့ ကျနော်ကတော့ ဖွင့်ဆိုချင်ပါတယ်။ ဘ၀ရယ်လို့ ရလာလိုက်တာနဲ့ (give and take) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရစမြဲဖြစ်တဲ့ သဘာဝလောကကြီးရဲ့ ဥပဒေအရ ရုန်းကန်ကြိုးပန်းမှုတွေ အစပြုရတော့တာပါပဲ။ ဘာမှမရုန်းကန်၊ မကြိုးပန်းဘူးဆိုတဲ့လူတောင် အနည်းဆုံးတော့ သူ့ဘ၀ရှင်သန်ရေးအတွက်ရုန်းကန် ကြိုးပန်းရပါသေးတယ်။ ဒါ့ကြောင့် Life is a struggle ဘ၀ဆိုတာ ရုန်းကန်မှု တစ်ခုပဲ ရယ်လို့ ဆိုခဲ့ကြတာပေါ့။
အဲဒီလိုရုန်းကန်ကြိုးပန်းတဲ့နေရာမှာ လူသားတွေဟာ မိမိတို့ဝါသနာအလိုက်ဖြစ်စေ၊ ဘ၀ပေးအခြေအနေအလိုက်ဖြစ်စေ၊ ပတ်ဝန်းကျင်အလိုက်ဖြစ်စေ၊ မိမိတို့အားသန်ရာ သို့မဟုတ် စွမ်းနိုင်ရာကဏ္ဍမှာဝင်ရောက်လှုပ်ရှားကြတယ်။ တစ်ခုခုရဖို့ ရုန်းကန်ကြတယ်။ အချို့က ဥစ္စာရဖို့၊ အချို့က အာဏာရဖို့၊ အချို့က ပညာရဖို့၊ အချို့က အသိဉာဏ်ရဖို့ ဆိုတဲ့ ရည်ရွယ်ရင်းကိုယ်စီရှိကြပါတယ်။
ဥစ္စာ၊ အာဏာနဲ့ ပညာတစ်မျိုးမျိုးရဖို့ ကြိုးပန်းမှုတွေဆိုတာကတော့ ဒီဘ၀မှာပဲ လက်တွေ့အကျိုးခံစားခွင့်ပေးတဲ့ ကြိုးပန်းမှုမျိုးတွေရယ်လို့ ကျနော်သုံးသပ်မိပါတယ်။ အသိဉာဏ်ရဖို့အရေးတွက် ကြိုးပန်းမှုကတော့ ဒီဘ၀မှာရော၊ နောက်နောင်ဘ၀မှာပါ အကျိုးရှိတဲ့ ကြိုးပန်းမှုမျိုးလို့ ကျနော်မြင်ပါတယ်။ ဒါ့ကြောင့် အသိဉာဏ်ရရှိရေးအတွက် ကြိုးပန်းခြင်းဟာ ဘ၀အဓိပ္ပါယ်ကို ပိုမိုပြည့်ဝစေတယ် လို့ပညာရှိတွေနားလည်ကြပါတယ်။
ဒါဆိုရင် အသိဉာဏ်ရရှိအောင် ဘယ်လိုအားထုတ်လုပ်ဆောင်မလဲ။ အသိဉာဏ်ကို ရရှိအောင် အားထုတ်တဲ့နေရာမှာ အောက်ပါအတိုင်း အဆင့်သုံးဆင့် ခွဲခြားကြပါတယ်။
(၁) သင်ယူလေ့လာခြင်း၊
(၂) တွေးတောကြံစည်ခြင်း နှင့်
(၃) အတွေ့အကြုံ။
သင်ယူလေ့လာမှုက ရတဲ့အသိဉာဏ်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို လုံးဝမပြောင်းလဲပစ်နိုင်ပါဘူး။ အဲဒီအသိဉာဏ်မျိုးရှိတဲ့လူတွေဟာ သိတာတခြား၊ လုပ်တာတခြားပါပဲ။ ဒါကြောင့် ဒီိအသိဉာဏ်မျိုးကို အင်မတန်အားနည်းတဲ့ အသိတစ်မျိုးအနေနဲ့ပဲ မှတ်ယူရပါတယ်။ အမှန်တရားကို ရှာဖွေရေးမှာ အားကိုးလို့မရပါဘူး။ လောကမှာ ပညာတတ်ပြီး မိုက်မဲနေတဲ့လူတွေအများစုဟာ ဒီအသိဉာဏ်အဆင့်ကို မလွန်မြောက်နိုင်ကြလို့ဖြစ်ပါတယ်။
အကြောင်းအကျိုးကို တွေးတောကြံစည်ပြီး ရလာတဲ့ အသိကတော့ နည်းနည်းပိုအဆင့်မြင့်ပါတယ်။ အမှန်တရားကို ရှာဖွေရေးမှာ ငါးဆယ်ရာခိုင်နှုံးလောက် အားကိုးနိုင်ပါတယ်။ အလောင်းတော်သုမေဓာတို့၊ အလောင်းတော်သိဒ္ဓတ္ထတို့ ရခဲ့တဲ့အသိဉာဏ်မျိုးပါ။ ဒီအသိဉာဏ် သို့မဟုတ် စဉ်းစားဉာဏ်ကို အခြေခံပြီး သူတို့ဟာ အမှန်တရားကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆင့်ဟာ ပြည့်စုံတဲ့အသိဉာဏ်အဆင့် မဟုတ်တဲ့အတွက် သူတို့လိုချင်တဲ့ အမှန်တရားကို အပြည့်အ၀မရခဲ့ကြပါဘူး။
နောက်ဆုံးဖြစ်တဲ့ အသိဉာဏ်အဆင့်ကတော့ ရပြီးရင် ဘယ်တော့မှ ပြန်ပျောက်မသွားတော့တဲ့ အသိဉာဏ်အဆင့်ပါ။ ဘ၀ရဲ့ အတွေ့အကြုံတွေထဲက ယူတတ်သူတွေမှ ရတတ်တဲ့အသိဉာဏ်မျိုးပါ။ အလောင်းတော် မင်းသိဒ္ဓတ် နောက်ဆုံးရလိုက်တဲ့ အသိဉာဏ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ စဉ်းစားဉာဏ်ကြောင့် လူသာမန်တွေ လွန်စွာကျင့်နိုင်ခဲတဲ့ ဒုက္ကရစရိယလို့ခေါ်တဲ့ အကျင့်ကို ခြောက်နှစ်လုံးလုံး မှားယွင်းစွာကျင့်ခဲ့ရပါတယ်။ ပင်ပန်းဆင်းရဲရုံကလွဲပြီး သူလိုချင်တာ ဘာမှ မရလိုက်ပါဘူး။ ဒါပေမဲ့ အဲဒီထဲက အတွေ့အကြုံရလိုက်ပါတယ်။ တစ်နည်းပြောရရင်တော့ အတွေ့အကြုံထဲက အသိဉာဏ်ကို ယူလိုက်ပါတယ်။ အဲဒီအသိဉာဏ်ကြောင့် ကျင့်စဉ်ပြောင်းလဲပြီး ကျင့်သုံးနိုင်ခဲ့လို့ နောက်ဆုံး သူရှာဖွေနေတဲ့ အမှန်တရားကို တွေ့သွားပါတယ်။
ဒါကြောင့်တကယ့်အမှန်တရားကို ရှာဖွေလိုသူတွေဟာ ခိုင်မြဲပြီး မပြောင်းလဲနိုင်တော့တဲ့ အသိဉာဏ်မျိုးရှိမှ ဖြစ်ပါတယ်။ အဲဒီအသိဉာဏ်ဆိုတာလဲ ဘ၀အတွေ့အကြုံတွေထဲကပဲ ရနိုင်ပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးရလိုက်တဲ့ အသိ၊ အကြောင်းအကျိုးတွေးတောကြံစည်ပြီး ရလိုက်တဲ့အသိတွေဟာ ကိုးစားလို့မရပါဘူး။ အခြေအနေအရ ပြောင်းလဲတတ်ကြပါတယ်။ အဲဒါကြောင့် အသိဉာဏ်ရဖို့ ကြိုးပန်းခြင်းဟာ အမှန်တရားရဲ့ သဘာဝပဲ ဆိုတဲ့ ၀င့်ကီကောလင်းစ် ရဲ့အဆိုကို ဝေါဟာရအနေနဲ့ အပြန်အလှန်မှီတွယ်မှုရှိနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ အမှန်တရားရဲ့ သဘောကို ရှာမှီးတဲ့နေရာမှာ အသိဉာဏ်ဟာ အလွန်အရေးကြီးတဲ့အတွက်ကြောင့်ပါပဲ။ အမှန်တရားကို ရှာဖွေပေးနိုင်တဲ့ အသိဉာဏ်မျိုးကို ဘ၀အတွေ့အကြုံတွေထဲက တူးဆွယူငင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Friday, October 24, 2008
မသိသလောက် ချစ်တယ်
လောကော သတ္တာနမာစေရော။ လောကဟာ သတ္တ၀ါတွေ(လူတွေ)ရဲ့ ဆရာပါပဲ။
(ရှေးပညာရှိစကား)
- We don't know a millionth of one percent about anything.
- Thomas A. Edison
(ထောမတ်စ် အေ၊ အဲဒိဆန်)
ဒီနေ့ ကျနော် ကျနော့် ဒိုင်ယာရီဟောင်းလေးကို ပျင်းပျင်းနဲ့ ဟိုးအရင်တုန်းက ဟိုဟိုဒီဒီရေးထားခဲ့တာလေးတွေ ပြန်ဖတ်ဖြစ်တယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀စာမျက်နှာလေးတွေကို စားမြုတ်ပြန်ဖြစ်တယ် ဆိုပါတော့။ တစ်နေရာရောက်တော့ ပါဠိစာတမ်းလေး တစ်ခုရေးထားတာကို သွားဖတ်မိတယ်။ ကျနော်မြန်မာပြည်မှာနေတုန်းက ဘာသာရေးစာစောင်လေးတွေ ဖတ်လေ့ရှိတယ်။ မြတ်မင်္ဂလာတို့၊ ဘာသာသွေးတို့။ တစ်ခါတုန်းက မြတ်မင်္ဂလာစာစောင်ဖတ်ရင်းနဲ့ အထက်ပါ ပါဠိစာတမ်းလေးကို သဘောကျလို့ ကျနော့် ဒိုင်ယာရီလေးထဲမှာ မြန်မာဘာသာနဲ့ တွဲပြီး ကူးရေးထားလိုက်တယ်။
လောကကြီးဟာ လူတွေရဲ့ဆရာပဲ တဲ့။ သိပ်ချစ်ဖို့ကောင်းတဲ့ အဆိုလေး တစ်ခုလို့ ကျနော်ခံစားမိတယ်။ အဲဒီတုန်းကလဲ ကြိုက်လွန်းလို့ကူးထားခဲ့တဲ့ စာလေး။ အခုလဲ ပြန်ဖတ်ကြည့်တော့ ကြိုက်တုန်းပဲ။ ကျနော်ပြောရဲပါတယ်။ တစ်သက်လုံး ကြိုက်သွားရမည့် အဆိုအမိန့်တစ်ခုပါပဲ လို့။ ဘယ်သူပြောခဲ့တာလဲတော့ ကျနော် မသိပါဘူး။ ပါဠိစကားဆိုတော့ ရှေးခေတ်အင်ဒိယစာဆိုကြီးတွေ၊ နီတိဆရာကြီးတွေထဲက တစ်ယောက်ယောက်ဖြစ်မယ်လို့ ယူဆရပါတယ်။
ဒါဆိုရင် ဘာကိုလောက လို့ခေါ်သလဲ ဆိုတဲ့ မေးခွန်းက ပေါ်လာပြီ။ လူတွေ နေ့စဉ်ပြောပြောတဲ့ လောကလောကဆိုတာ ဘာကို ရည်ရွယ်ပြီး ပြောနေကြသလဲ။ တစ်ချို့လူတွေ ပြောတဲ့စကား ကြားဖူးတယ်။ လောကကြီးကမကောင်းဘူး။ လောကကြီးက မျက်နှာလိုက်တယ်။ စသည်စသည်ပေါ့။ ကျနော်စဉ်းစားကြည့်တယ်။ ဒီလူတွေ ဘယ်သူ့ကို အပြစ်တင်နေတာလဲ လို့။ ကျနော်မှတ်ထားဖူးတဲ့လောကဆိုတာကတော့ ကိုယ်အပါအ၀င် သက်ရှိ၊ သက်မဲ့၊ မြင်ရ/မမြင်ရ၊ သိရ/မသိရ စတဲ့ အရာအားလုံးဟာ လောကပါပဲ တဲ့။ အဲဒီအတိုင်းပဲ ကျနော်လက်ခံထားလိုက်ပါတယ်။ ဒီထက်ကောင်းတဲ့ အဖြေတစ်မျိုးကို မရမချင်းပေါ့။
အခုပြောခဲ့သလိုဆိုရင် လောကဆိုတာ အတော်ကျယ်ဝန်းတဲ့အရာကြီးပဲ။ သိစရာတွေ တစ်ပုံတစ်ပင်ကြီး ရှိတဲ့အရာကြီးပဲ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ အရာကြီးပဲ။ ကျနော်တို့တတွေဟာ ကိုယ့်ကိုယ်ကိုတောင် ပြည့်ပြည့်စုံစုံမသိတဲ့ လူသားတွေပါ။ အဲဒီလူသားတွေဟာ သင်ယူလေ့လာစရာတွေ မကုန်နိုင်တဲ့ လောကဆိုတဲ့ အိမ်ကြီးထဲမှာ မွေးဖွါးလာခဲ့ကြရတယ်။ အမိဝမ်းထဲက မွေးပြီးတာနဲ့ အပြင်ပလေရဲ့ အေးတိအေးစက် ကြိုဆိုမှုကြောင့် ကျနော်တို့ဟာ အူဝဲဆိုပြီး မကျေမချမ်းနဲ့ အော်ဟစ်ငိုကျွေး ခဲ့ကြရတယ်။
အဲဒီကတဲကိုက လောကကြီးက ကျနော်တို့ကို စိန်ခေါ်နေပြီ။ ဒါအစနော် ကောင်လေး။ ငိုမနေနဲ့ လို့ လောကကြီးပြောတဲ့အသံကို အဲဒီတုန်းက မကြားခဲ့ပေမဲ့ အသက်လေးနည်းနည်းပါးပါးကြီးလာလို့ လောကကြီးကပေးတဲ့ အသိဉာဏ်လေးဘာလေး အထိုက်အလျှောက်ရလာတဲ့အချိန်ကျတော့မှ ဟာ--အဲဒီတုန်းက ငါ့နားထဲ ခန့်သဲ့သဲ့ကြားလိုက်ရတဲ့ အသံဟာ ဒီအသံဖြစ်မယ် လို့ နားလည်လိုက်မိတယ်။ အဲဒီအခါကျတော့မှ ငါအခုထိ ဘာမှ မသင်ယူရသေးပါလား ဆိုတဲ့အသိတစ်ခု ၀င်လာတယ်။ အသိဝင်လာပေမဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်တော့ သူလိုကိုယ်လို သွားလာစားသောက်နေတာ ကြည့်ပြီး ၀င်လာတဲ့ အသိပြန်ထွက်သွားပြန်ရော့။
လောကကြီးမှာ သင်ယူလေ့လာစရာတွေဟာ ဘယ်အရာနဲ့မှ တိုင်းတာလို့မရလောက်အောင် များပြားလွန်းတယ် ဆိုတာ လူတိုင်းနားလည်တဲ့ ဖြစ်စဉ်တစ်ခု။ ဒါပေမဲ့ သက်တမ်းရှိသလောက်တော့ သင်နေကြရတာပါပဲ။ အသက်တစ်ရာနေရပြီး သေသွားတဲ့လူလဲ အကုန်သိမသွားရရှာဘူး။ တခြားသွားမသင်နဲ့။ ကိုယ့်ပတ်ဝန်းကျင် တစ်ခုတည်းမှာကိုပဲ သင်လို့မကုန်နိုင်အောင် များပြားလွန်းတယ်။ ဘာလဲ၊ ဘယ်လဲ၊ ဘာကြောင့်၊ ဘယ်လို ဆိုတဲ့ မေးခွန်းတွေကို အချက်ကျကျမေးတတ်၊ ဖြေတတ်ဖို့ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ ကျနော်တို့လူသားတွေဟာ အဲဒီလိုမေးခွန်းမျိုးတွေကို မေးဖို့နေနေ သာသာ၊ ဘယ်လိုမေးရမှန်း မသိတာနဲ့ပဲ အသက်ကြီးပြီး ဘ၀ဆုံးသွားကြရရှာကြတယ်။
ကျနော် ဒါတွေကို ဘာ့ကြောင့်ရေးနေရလဲ ဆိုတော့ ကျနော့်မှာ ကျနော်မသိတဲ့ ချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ခါတော့ သူကျနော့်ကို မေးခွန်းတစ်ခုမေးတယ်။ ကိုကို ကျမကို ဘယ်လောက် ချစ်လဲ တဲ့။ ရုတ်တရက် ကျနော်အဖြေရှာမတွေ့ဘူး။ သူများပြောသလို မိုးလောက်ကြီးချစ်တယ်ဆိုရင်လဲ ဒီမိုးဆိုတာကြီးက မျက်စိနဲ့ မြင်နေရလို့ သိပ်မကြီးကျယ်သေးဘူး။ ပင်လယ်ကြီးလောက်ချစ်တယ် ဆိုရင်လဲ ဒီပင်လယ်ဆိုတာ ကမ္ဘာ့ဆွဲငင်အား တစ်ခုထဲမှာ လည်ပတ်နေတဲ့ ရေးစီးကြောင်းကြီးတစ်ခုမျှသာ ဖြစ်တဲ့အတွက် ကြီးကျယ်လှတယ်လို့ မဆိုနိုင်ဘူး။ ကမ္ဘာကြီးလောက်ဆိုရင်လဲ အခုခေတ်မှာ သိပ္ပံပညာရဲ့ကျေးဇူးကြောင့် ကမ္ဘာဆိုတာ ဘယ်အတိုင်းအတာရှိတယ်လို့ သိနေကြရပြီ။ အဆုံးအစမရှိတဲ့ စကြာဝဠာဆိုတာကြီးလောက် ချစ်တယ်ဆိုရင်လဲ အဆုံးအစမရှိဘူးဆိုပေမဲ့ စကြာဝဠာဆိုတဲ့ စကားလုံးနဲ့ ဘောင်ကန့်သန့်ထားတဲ့အတွက် ကန့်သန့်ချက်ကတော့ ရှိနေဆဲပဲ။
အဲလိုနဲ့ ပြောမယ်ကြံလိုက်တဲ့ အဖြေမှန်သမျှဟာ သူ့နည်းသူ့ဟန်နဲ့သူ အတိုင်းအတာရှိနေတာချည်းပဲ ဆိုတော့ နောက်ဆုံးအဖြေတစ်ခုကို ကျနော်ပေးလိုက်တယ်။ မသိသလောက် ချစ်တယ် လို့။ အဲဒီမှာတင် သူ့ခမျှာ မျက်စိလည်သွားတယ်ထင်တယ်။ သူလည်း ကျနော့်လိုပဲ ချက်ချင်းပြန်မပြောနိုင်ဘူး။ မျက်မှောင်တစ်ချက်ကုတ်သွားတယ်။ မျက်နှာပေါ်မှာ အပြုံးလေးတွေပျောက်သွားတယ်။ အတော်လေးကြာတော့မှ နားမလည်ဘူး တဲ့။ အတော်အားရှိဖို့ကောင်းတဲ့ အဖြေတစ်ခုပေးရှာတယ်။ ဒါနဲ့ကျနော်လဲ ရှင်းရတာပေါ့။ သူ့ကို မေးခွန်းတစ်ခု မေးလိုက်တယ်။ ဟောဒီလောကဆိုတာကြီးထဲမှာ ကိုယ်တို့သိတာတွေနဲ့ မသိတာတွေကို စိတ်ကူးနဲ့ အပုံနှစ်ပုံ ပုံကြည့်ကြရအောင်လို့။
သူကထပ်မေးတယ်။ ဘယ်လိုပုံမှာလဲ တဲ့။ ကျနော်ကပြောရတယ်။ သိတာတွေကို စာရင်းလုပ် လို့။ မလုပ်တတ်ဘူး တဲ့။ ဒါနဲ့တင် သူ့မှာသိတာ တစ်ခုလျှော့သွားပြီ။ ကျနော်ကမေးလိုက်တယ်။ ဟိုးသရက်ပင်ကို သိလား လို့။ သူက သိတယ် တဲ့။ ဘယ်လိုသိသလဲဆိုတော့၊ အဲဒါ ရင်ကွဲသီးပင်တဲ့။ ဒါဆို သိတဲ့ စားရင်းထဲထည့်လိုက်။ အဲဒီအပင်မှာ အကိုင်းဘယ်နှစ်ကိုင်းရှိလဲ၊ အရွက်ဘယ်လောက်လဲ၊ ပင်ရဲ့သက်တမ်းဘယ်လောက်ကြာပြီလဲ၊ ဘယ်သူစိုက်ထားခဲ့လဲ၊ တစ်နှစ် ဘယ်နှစ်ခါ သီးလဲ၊ သူ့အရသာက ဘယ်လိုလဲ၊ စတဲ့ ကျန်မေးခွန်းတွေကိုတော့ သူမသိတော့ဘူး။ ဒါ့ကြောင့် ကျနော်ကပြောလိုက်တယ်။ မသိတဲ့ စာရင်းထဲထည့်လိုက်လို့။
အဲလိုနည်းနဲ့ ကျနော်တို့နှစ်ယောက် သိတာတွေနဲ့ မသိတာတွေကို လိုက်ပုံလိုက်တာ သိတဲ့စားရင်းက နည်းနည်းလေး၊ ကျန်တာတွေက မသိတာတွေချည်းပဲ။ ဘယ်လောက်မသိလဲ ဆိုတာကိုတောင် မသိနိုင်လောက်အောင် များပြားလွန်းတဲ့ မသိခြင်းတရားတွေ။ အဲဒါ သရက်ပင်တစ်ပင်ပဲရှိသေးတယ်။ ကျနော်တို့လူသားတွေနဲ့ အနီးစပ်ဆုံး သစ်ပင်တစ်မျိုးပဲ။ ဒါကိုတောင် ကျနော်တို့ အကုန်မသိနိုင်ဘူး။ ကျန်တာတွေတော့ ပြောမနေနဲ့တော့။ ဘယ်လောက်မသိမှန်းကို မသိဘူး။ အဲဒီလိုနဲ့ နောက်ဆုံး သူသဘောပေါက်သွားတယ်။ ပြီးကျမှ သူ့မျက်နှာလေးမှာ ပြုံးယောင်လေးတွေ သန်းလာတယ်။ သူ့နှုတ်ခမ်းလေးမှာ လှုပ်ရှားမှုလေးတစ်ခုပေါ်လာတယ်။ ပြီးတော့ သိပ်သာယာတဲ့ အသံလေးတစ်သံထွက်လာတယ်။ ကိုကို ကျမကို သိပ်ချစ်တာပဲနော် တဲ့။
ပစ်မှတ်
To be sure of hitting the target, shoot first, and call whatever you hit the target
Ashleigh Brilliant
ပစ်မှတ်ကို မလွဲတမ်းထိစေချင်ရင်တော့ အရင်ပစ်လိုက်၊ ထိတဲ့အရာကိုပဲ ပစ်မှတ်လို့ မှတ်လိုက်ပေတော့။
(အာရှ်လိမ်း ဘရင်းလီယန်တ်)
ဒီအဆိုလေးက ရယ်စရာလိုလိုမို့ ကျနော် စိတ်ဝင်စားသွားတယ်။ ကျနော်ဖတ်ခဲ့ဘူးတဲ့ ဆွေမင်း (ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီ ကိုလဲ စိတ်ထဲမှာ သတိရလိုက်မိသေးတယ်။ မုတ်ဆိုးကျော်ကိုတွတ်ပီ သေသေချာချာ ချိန်ပြီးပစ်လိုက်ရင် လွဲတာက ခပ်များများမို့လား။၊ ဒါကြောင့် သားကောင်လေးတွေလောကမှာ စကားတစ်ခွန်းတွင်သွားတယ်။ မရှောင်ရင် လွတ်တယ် တဲ့။
အဲဒီထက်ကို ပိုသတိရလိုက်တဲ့ အရာကတော့ ကျနော့်ဘ၀ရဲ့ စာမျက်နှာအိုလေးတစ်ခုဖြစ်တဲ့ ငယ်စဉ်ကအကြောင်းလေး။ ကျနော့်ဇာတိဖြစ်တဲ့ မောင်းမကန်ရွာက ကျနော်တို့အိမ်ဘေးမှာ ကပ်ရက် ပေါက်နေတဲ့ မချစ်စုသရက်ပင်ကြီး တစ်ပင်ရှိတယ်။ သူ့ရာသီရောက်တာနဲ့ သရက်ဖူးတွေ ဝေနေအောင် ဖူးတော့တာပဲ။ သရက်ဖူးတွေ မြိုင်မြိုင်ဖူးတဲ့ရာသီရောက်ရင် သရက်ပျားလေးတွေကလဲ တ၀ီဝီနဲ့ ပွင့်အာစ သရက်ပန်းလေးတွေကို သူဦးငါအလျှင် အချစ်ရေးလိုက်ဆိုကြတယ်။ အချို့ပန်းပွင့်လေးတွေလဲ အချစ်ရေးအဆိုကြမ်းတဲ့ ပျားကောင်တွေနဲ့တွေ့ပြီး ကံဆိုးစွာနဲ့ ကြွေကျရရှာတယ်။ အချို့လဲ နုနယ်လွန်းတဲ့အတွက် လေအဝှေ့မှာ မြေပြင်ကြွေကျ ဘ၀ပျက်ရရှာကြတယ်။
အဆိုးဆုံးကတော့ သရက်ဖျက်မိုး။ သရက်ဖူးတွေ ဝေေ၀ပွင့်တဲ့ ရာသီကိုမှ ချောင်းမြောင်းပြီး အကြမ်းဖက်ဖို့လုပ်နေတဲ့ မိုးသက်မိုးခါး။ သရက်ပင်လေးတွေ အဖူးတွေဝေပြီး လှပတင့်တယ် ချစ်စဘွယ်ဖြစ်နေတဲ့အချိန်ဆို ရွာချပြီ။ အဲဒီမှာတင် အကုန်ပျက်တော့တာပဲ။ ဖူးနေတဲ့ဖူးတွေလဲ မပွင့်နိုင်တော့ဘူး၊ ပွင့်နေတဲ့ အပွင့်တွေလဲ ကြွေတဲ့အပွင့်ကကြွေ။ မကြွေပဲ ကျန်နေတဲ့ အပွင့်တွေလဲ မိုးကြိုးအပစ်ခံထားရတဲ့လူလို မဲမဲတူးတူးတွေဖြစ်ပြီးတော့ အကျီးတန် အရုပ်ဆိုးလို့ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတော့တာပဲ။
အဲဒီလိုအခြေအနေမျိုးမှာမှ နဂိုက မလှရှာလို့ လူအမြင်မခံရဲပဲ ရွက်ကြိုရွက်ကြားမှာ ပုန်းကွယ်နေကြရတဲ့ သရက်ဖူးလေးတွေဟာ မိုးစက်အမှန်မခံရတဲ့အတွက် ထိခိုက်မှုတစ်စုံတရာမရှိပဲ နံနက်ခင်း နေအပွင့်မှာ အနွေးဓာတ်လေးတွေနဲ့အတူ ပွင့်အာလာနိုင်ကြတယ်။ နောက်ဆုံးတော့ သရက်ပင်တစ်ပင်ရဲ့ ရာသီဂုဏ်ကို သူတို့ကပဲ ဦးဆောင်သွားကြတယ်။ မိုးစက်မိုးပေါက် အထိမခံရပဲ ရွက်ကြိုရွက်ကြား အသီးအသီးကနေ ပွဲလန့်တုန်းဖျာခင်းလုပ်ပြီး ဖူးလာကြတဲ့ အဖူးလေးတွေဟာ ဖူးရာမှပွင့်၊ ပွင့်ရာမှ ကင်း၊ ကင်းရာမှနု၊ နုရာမှရစ် အဆင့်ဆင့် အခြေတင့်လာတဲ့အချိန်ကျတော့မှ တစ်နှစ်လုံးလုံး မချစ်စုပင်ကြီးကို တမော်မော်ကြည့်လာရတဲ့ ကျနော့်လည်ပင်းလည်း အညောင်းသက်သာတော့တယ်။
ညနေဘက် ကျနော်ကျောင်းက ပြန်ရောက်တာနဲ့ ပုခုံးမှာ လွယ်ထားတဲ့လွယ်အိပ်ကို ရောက်ချင်တဲ့ဆီရောက်၊ အိပ်အပေါ် ၀ုန်းကနဲ ပစ်တင်လိုက်တယ်။ ပြီးတော့ အမေ့အချေအနေလဲ ကြည့်ရသေးတယ်။ အမေဘယ်ဆီရောက်နေလဲပေါ့။ အမေ အိမ်မှာမရှိလို့ကတော့ အဲဒီနေ့ သိပ်ပျော်ပေါ့။ မချစ်စုလေးကို အားရပါးရ နှိပ်စက်ရတော့မယ် ဆိုတဲ့ စိတ်နဲ့။ အမေတွေ့လို့ကတော့ မသက်သာဘူး။ မချစ်စုသရက်သီးထုချမှုနဲ့ အနည်းဆုံး နှစ်ချက်လောက်တော့ အတွယ်ခံရတယ်။
ပြီးတာနဲ့ အိမ်အောက်မှာ ပုံထားတဲ့ ထင်းပုံဆီသွား၊ လက်ဆလို့ကောင်းတဲ့ ထင်းချောင်း သုံးလေးချောင်းလောက်ကောက်ယူ၊ ခန့်တည်တည်နဲ့ သရက်သီးများများရှိတဲ့ကိုင်းကို လိုက်ရှာ။ တွေ့ပြီဆိုတာနဲ့ လက်ထဲပါတဲ့ ထင်းချောင်းတွေကို တစ်ချောင်းပြီး တစ်ချောင်း ပစ်တော့တာပဲ့။ မှန်ချင်တဲ့ အလုံးမှန်။ ဘယ်အလုံးပစ်မယ်လို့ မသတ်မှတ်ဘူး။ လက်ထဲရှိတဲ့ ထင်းချောင်း သုံးလေးချောင်းကုန်ရင် အနည်းဆုံး မချစ်စုသရက်သီး နှစ်လုံးလောက်တော့ မြေပေါ်ရောက်တယ်။ မြေပေါ်ကျလာတဲ့လုံးကတော့ ကိုယ်ပစ်လို့မှန်တဲ့လုံးပဲလေ။ ပစ်မှတ်က အဲလိုကိုးဗျာ့။
ကျလာတဲ့ မချစ်စုသရက်သီးအစိမ်းတွေကို ရေပြောင်ပြောင်ဆေး၊ ကြောင်အိမ်ထဲ အမေ၀ှက်ထားတဲ့ ငါးပိထောင်းခွက်ကို အသာလေးသွားယူပြီးတော့ မချစ်စုလေးကို ငါးပိထောင်းနဲ့ အားရပါးရ ၀ါးတော့တာပဲ။ ကျနော် ပြောရင်းတောင် သရေကျမိသဗျား။ အဲဒါ ကျနော် ငယ်ငယ်က သရက်သီးပစ်တဲ့အခါသုံးတဲ့ ပစ်မှတ်ထားနည်း။ ကလေးကလား ဆန်တဲ့ ပစ်မှတ်ထားနည်းပေါ့။ အာရှ်လိမ်း ဘရင်းလီယန်တ်ရဲ့ အဆိုနဲ့တော့ ကွက်တိပဲ။
ကျနော်စဉ်းစားကြည့်တယ်။ ဘာ့ကြောင့်များ သူက အဲဒီလိုမျိုး ကပ်သီးကပ်သတ် ပြောရသလဲ လို့။ သူ့အကြောင်းကို လိုက်ရှာကြည့်တော့ အဖြေတွေ့တယ်။ သူဟာ စာရေးဆရာတစ်ယောက်။ ဒိထက် သူ့ဘ၀ကို ထင်ရှားစေတဲ့ အလုပ်ကတော့ ရုပ်ပြောင်ကာတွန်း ရေးတဲ့အလုပ်။ ရုပ်ပြောင်ကာတွန်းကို ရေးတဲ့နေရာမှာလဲ Pot-Shots လို့ခေါ်တဲ့ လက်တန်းရေးဆွဲတဲ့နေရာမှာ အတော်နာမည်ကြီးတဲ့လူ။ ဒီတော့ သူ့ပစ်မှတ်တွေဟာလဲ လက်တန်းပစ်မှတ်တွေချည်းဖြစ်တော့တာပေါ့။ ဒီနေရာမှာ အတွေးအခေါ်တစ်ခုဟာ မိမိကျွမ်းကျင်လိမ်မာရာကို အကြောင်းပြုပြီးတော့လဲ ထွက်ပေါ်လာတတ်တယ် ဆိုတာကို ကျနော်တို့ နားလည်ရပါတယ်။
ဒါပေမဲ့ သူ့အဆိုဟာ တကယ့်ဘ၀ကို ထူထောင်လိုသူတွေအတွက်တော့ ရယ်စရာကောင်းတဲ့ ပျက်လုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူကိုယ်တိုင်က ကာတွန်းဆရာဆိုတော့ အဲဒါကိုပဲ ရည်ရွယ်ပြီး တမင်ပြောတာလဲ ဖြစ်နိုင်တာပေါ့။ ကျနော်တို့ဘ၀ဟာ ပစ်မှတ်ကို ချိန်မထားရင် ဖြစ်ချင်တာ ဖြစ်ဖို့မလွယ်ပါဘူ။ အဲဒီတော့ မိမိဖြစ်ချင်တာကို သေသေချာချာ ချိန်ရွယ်ပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားဖို့ သိပ်အရေးကြီးပါတယ်။ နောက်ဆုံးကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိပေါ့။
ကျနော်ပြောရဲတာ တစ်ခုတော့ရှိတယ်ဗျာ့။ အဲဒါက ဘာလဲဆိုရင်၊ လူတစ်ရာမှာ (၈၅%) ရာခိုင်နှုံးလောက်ရှိတဲ့ လူတွေဟာ ဖြစ်ချင်တာ မဖြစ်ရလို့ ဖြစ်သလိုနဲ့ ကျေနပ်နေရတဲ့ လူတွေချည်းပဲ။ ကျနော်လဲ အဲဒီထဲမှာပါတယ်။ ကျနော်ဖြစ်ချင်တာက တခြား။ ဖြစ်နေတာက တခြား။ မှန်းတဲ့နေရာမထိလို့ ထိတဲ့နေရာကိုပဲ မှန်းတဲ့နေရာလုပ်ပြီး ကျေနပ်လိုက်ရတယ်ဆိုပါတော့။ အဲဒီတော့ သူ့အဆိုဟာ ကျနော်တို့လိုလူတွေ အတွက်တော့ သိပ်မှန်တဲ့ အဆိုပေါ့။ ဘ၀ကို စောစောကတည်းက နောင်တစ်ချိန် ဘာဖြစ်အောင်လုပ်မယ် ဆိုပြီး ကြိုးစားခဲ့လို့ ကြိုးစားတဲ့အတိုင်း ဖြစ်လာတဲ့လူတွေကတော့ လက်ခံမယ် မထင်ဘူး။
ဘာပဲပြောပြောပေါ့။ ကျနော်တို့မြန်မာစကားပုံရှိတယ်မို့လား။ ရင်လောက်မှန်းမှ ခါးလောက်ကျန်၊ ခါးလောက်မှန်းမှ ဒူးလောက်ကျန် ဆိုတာလေ။ အဲဒီတော့ ပစ်မှတ်ကို ထိတာမထိတာနောက်ထား။ ချိန်ပြီးပစ်တာကတော့ မချိန်ပဲ ပစ်တာနဲ့စာရင် ထိဖို့ ပိုနီးစပ်တာပေါ့။ အဲဒီလိုပဲ ဖြစ်ချင်သလို ဖြစ်တာမဖြစ်တာ နောက်ထား၊ ရည်မှန်းချက်ထားပြီး ကျိုးစားတာကတော့ ဗရမ်းဗတာ နေတာထက် ပိုပြီးတော့ ကောင်းပါတယ် လို့ ကျနော် မြင်မိကြောင်း တင်ပြလိုက်ရပါတယ်။ ရည်မှန်းချက် ပစ်မှတ်ကို မှန်အောင် ပစ်နိုင်ကြပါစေ။
Thursday, October 23, 2008
နာမည်ကြီးတဲ့လူ
A celebrity is a person who works hard all his life to become well known, then wears dark glasses to avoid being recognized.
Fred Allen
နာမည်ကြီးတဲ့လူဆိုတာ အဲလိုနာမည်ကြီးဖို့ သူ့ဘ၀တစ်လျှောက်လုံး ကြိုးစားခဲ့ရပြီး၊ နာမည်ကြီးလာတော့လဲ လူတွေသူ့ကို မမှတ်မိအောင် မျက်မှန်အမည်းကြီး တတ်ထားရရှာတဲ့ လူမျိုးပဲ။
(ဖရက် အလင်)
ဒုတိယပါမြူဒါ တြိဂံ (သို့) လျှို့ဝှက်ကြောင်သင်္ချိုင်း
ကျနော် ငယ်ငယ်လေးတုန်းက ကြောင်ကလေးတစ်ကောင်ကို ကျနော်တို့အိမ်မှာ မွေးခဲ့ဖူးတယ်။ အဒေါ့်အိမ်မှာ မွေးတဲ့ကြောင်ကလေး ငါးကောင်ထဲက အ၀ါရောင်ကြောင်ထီးလေး တစ်ကောင်တောင်းပြီးတော့ အိမ်မှာမွေးထားတာ။ ကျနော် သိပ်ချစ်တဲ့ကြောင်လေးပေါ့။ ကျောင်းကပြန်ရောက်တိုင်း ကျနော့်ကြောင်လေးကို အရင်ဆုံးလိုက်ကြည့်တယ်။ ဒီကောင် ဘယ်ချောင် ရောက်လို့ ဘယ်ဆီသွားပုန်းနေလဲပေါ့။ ကြာလာတော့လဲ တစ်ဦးပေါ်တစ်ဦးသံယော်ဇဉ်ဖြစ်ရတယ် လို့ပြောရတဲ့အထိပါပဲ။
ကြောင်ကလေးဟာ ဟိုပြေးလိုက်၊ ဒီလွှားလိုက်၊ ကြွက်ဖမ်းလိုက်၊ ကျနော်ကျောင်းက ပြန်လာရင် ကျနော်နဲ့ဆော့လိုက်နဲ့ အိမ်မှာ သိပ်ပျော်နေပုံရပါတယ်။ ကျနော့်ညီမလေးတွေလဲ သူ့ကိုသိပ်ချစ်ကြတယ်။ အဲဒီတုန်းက ကျနော့်အသက် မှတ်မှတ်ရရ ဆယ့်တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ တစ်ညနေ ကျနော်ကျောင်းက ပြန်ရောက်တဲ့အချိန် ထုံးစံအတိုင်း ကျနော့်ကြောင်လေးကို လိုက်ရှာတာပေါ့။ ဘယ်ဆီဘယ်ဝယ်ရောက်နေတယ် မသိပါဘူး။ ဘယ်မှာမှ လိုက်ရှာလို့မတွေ့ဘူး။ နောက်ဆုံးတော့ လက်မြှောက်လိုက်ရတယ်။ စိတ်ထဲမှာတော့ အတော့်ကို မကောင်းဖြစ်နေမိတယ်။ ကျနော်က နုနယ်တဲ့နှလုံးသားနဲ့ ကလေးလေးပဲရှိသေးတယ်မို့လား။
ကျနော်အိမ်နဲ့ကပ်ရက်မှာ အိမ်တစ်ဆောင်ရှိတယ်။ အိမ်နီးနားချင်းပေါ့။ ကျနော့်မိဘတွေနဲ့ ဆွေမျိုးတွေလို ခင်မင်ရင်းနှီးကြတဲ့ သူတွေပါ။ အဲဒီအိမ်မှာ ညီအကို သုံးယောက်ရှိတယ်။ ကျနော့်ကိုလဲ သူတို့ညီလေး တစ်ယောက်လို ခင်မင်ကြပါတယ်။ ညဘက်ရောက်တော့၊ ကျနော်မှတ်မိသေးတယ်၊ ည ရှစ်နာရီခွဲလောက်ရှိမယ်။ အဲဒီအိမ်က ကြောင်အော်သံကြားရတယ်။ အော်တာမှ စူးစူးရှရှ နာနာကျင်ကျင် အော်သံကြီး။ ကျနော်လဲ ဒီအသံဟာ ငါ့ကြောင်လေးအော်တဲ့ အသံများလားဆိုပြီးတော့ ဘာဖြစ်နေလဲ သိရအောင် အဲဒီအိမ်ပေါ်တက်ပြေးသွားတယ်။
မြင်ရတဲ့မြင်ကွင်းကြောင့် ကျနော့်အသဲကြွေလုမတတ် ခံစားလိုက်ရတယ်။ ရက်စက်လိုက်ပါဘိ။ ကျနော်သိပ်ချစ်တဲ့ ကျနော့်ကြောင်လေးကို ဂုန်နီအိပ်ထဲထည့်၊ အ၀ကို ကြိုးနဲ့စည်းပြီးတော့ ပိတ်ထားတယ်။ ပြီးတော့ သူတို့အိမ်က ဒေါ်ညွှန့်ဆိုတဲ့အဘွားကြီးသနပ်ခါးသွေးလိမ်းတဲ့ ကျောက်ပြင်ကြီးနဲ့ အသကုန် ထုသတ်နေတာ။ ထုသတ်တဲ့လူက အဲဒီအိမ်က ညီအကိုသုံးယောက်ထဲက ၀င်းဖေဆိုတဲ့ အလတ်ကောင်။ ကြောင်ဆိုတာ တော်တော်သတ်ရခက်တဲ့ကောင်မို့လား။ ကျနော်ရောက်သွားတဲ့အထိ ကြောင်က မသေသေးဘူး။ ကျနော်လဲ ကျနော့်ကြောင်မှန်းသိတော့ ဟာ--အကို မလုပ်ပါနဲ့ အဲဒါကျနော့်ကြောင်လေးပါ ဆိုတော့ မောင်မင်းကြီးသားလဲ ဆက်မထုတော့ဘူး။
ဂုန်နီအိပ်ကြိုးစကို ဖြေပေးလိုက်တယ်။ ပြောလို့မကောင်းပါဘူးဗျာ။ ကျနော့်ကြောင်လေးခမြာ ခြေထောက်တစ်ဘက်လုံးဝကျိုးနေပြီ။ တစ်ကိုယ်လုံးလဲ သွေးတွေ ရွှဲရွှဲစိုလို့။ ကျနော်လဲ အဲဒီမှာတင်၊ ဘာမှမမြင်တော့ဘူး။ ကလေးပီပီ အတင်းငိုတော့တာပေါ့။ တွေးမိရင် ကျနော့်အတွက်တော့ အခုထိ စိတ်ထိခိုက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကျနော်လဲ မသန်မစွမ်းဖြစ်သွားရှာတဲ့ ကြောင်လေးကို အိမ်မှာပဲ ဆက်ပြီးစောင့်ရှောက်ထားလိုက်တယ်။ သိပ်မကြာပါဘူး။ နောက်တစ်လလောက်ကြာတော့ တရှောင်ရှောင်နဲ့ သေသွားရှာတယ်။ အဲဒီကတဲက ကျနော် ဘယ်တော့မှ ကြောင်မမွေးတော့ဘူး။ နောက်တစ်ခါ အဲဒါမျိုးကြုံရင် မခံစားနိုင်လို့။
ဒီနေ့အင်တာနက်မှာ သတင်းလိုက်ဖတ်ရင်းနဲ့ AFP သတင်းတစ်ပုဒ်မှာ ရေးထားတာကို သွားဖတ်မိတယ်။ သတင်းထဲမှာ ကျနော့်လို ခံစားနေရတဲ့ ကြောင်ပိုင်ရှင်တွေရဲ့ ရင်ဖွင့်သံတွေ ကြားသိလိုက်ရတယ်။ ဖြစ်ပုံက ဒီလိုတဲ့---
အင်္ဂလန်နိုင်ငံထဲက Stourbridge စတာ့ဘရစ်ခ်ျလို့ခေါ်တဲ့ မြို့ငယ်လေးတစ်မြို့မှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က စပြီး အိမ်မှာ အချစ်တော်မွေးထားတဲ့ ကြောင်ဦးရေ အကောင် (၄၀)လောက်ဟာ အခုထိ သဲလွန်စ တစ်စုံတစ်ရာ ရှာမရပဲနဲ့ ပျောက်ဆုံးနေပါ သတဲ့။ The Royal Society for the Prevention of Cruelty to Animals (RSPCA) လို့ခေါ်တဲ့ တိရစ္ဆာန်တွေအပေါ်ရက်စက်မှုတားဆီးရေး တော်ဝင်အသင်းကြီးကလဲ အဲဒီကိစ္စကို ဒေသခံပုလိပ်တွေနဲ့ ပူးပေါင်းပြီး ဖေါ်ထုတ်ဖို့ ကြိုးစားနေတယ် လို့ဆိုပါတယ်။ သတင်းစာတွေကတော့ အဲဒီဒေသကို (Purr-muda Triangle) ပါမြူဒါ တြိဂံလို့ မှည့်ထားကြလေရဲ့။
ကြောင်ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းမှုတွေမှန်သမျှကို စစ်ဆေးကြည့်တော့လဲ ဘာကြောင့်ဘယ်လိုပျောက်ဆုံးရတယ်ဆိုတဲ့ အထောက်အထားတစ်စုံတရာမရပဲ ဖြစ်နေလို့ ဒီအမှုဟာ စုံစမ်းဖေါ်ထုတ်ဖို့ အတော်လေး ခက်ရာခဲဆစ်ဖြစ်နေတယ် လို့ သက်ဆိုင်ရာပုလိပ်အရာရှိက ပြောပါတယ်။ ဒေသထဲမှာ အဲဒီအမှုမျိုး နောက်ထပ်အသစ်တစ်ခုထပ်ဖြစ်ခဲ့ရင်တော့ သဲလွန်စ မရရအောင်လိုက်ရှာဖို့ကိုလဲ ဆုံးဖြတ်ထားကြပါပြီ တဲ့။
အဲဒီ စတာ့ဘရစ်ခ်ျ မှာနေတဲ့ (Julie Wootton) ဂျူလီ ၀ုတန် ဆိုတဲ့ အမျိုးသမီးကြီးကတော့ မနှစ်က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ အသက် (၁၅)နှစ် အရွယ်ရှိ သူ့ကြောင်ကြီး (Norman) နော်မန်ကို လိုက်ရှာဖို့ အဖွဲ့လေးတစ်ခု ဖွဲ့စည်းထား ဆိုပဲ။ ကျမတို့ဆီမှာ ကြောင်တွေတစ်ကောင်ပြီးတစ်ကောင် ပျောက်ခြင်းမလှပျောက်ပျောက်နေလို့ ဆက်မွေးဖို့တောင် မရဲတော့ပါဘူး။ အစားလဲ မထိုးချင်ဘူးလေ။ နောက်ထပ်တွေ့ရမယ့် နှလုံးနာကျင်မှု ဒဏ်ကို မခံစားနိုင်တော့လို့ပါ လို့ သူမက ဆက်ပြောပါတယ်။
ကျနော်လဲ အဲဒီသတင်းဖတ်ပြီး ငယ်ငယ်တုန်းက ချစ်ခဲ့ဖူးတဲ့ ကျနော့် ကြောင်လေးကို သတိရလိုက်မိတယ်။ အော် သံယောက်ဇဉ်ဆိုတာ လူလူချင်းတင်မကဘူး၊ တိရစ္ဆာန်လေးတွေအပေါ်မှာလဲ ထားမိရင် ရင်ပူရတဲ့အထိ ခံစားရတယ်ဆိုတာကို ကျနော် မှတ်မှတ်သားသား နားလည်လိုက်မိပါတယ်။
(http://uk.news.yahoo.com/18/20081023/tuk-charity-concerned-over-mystery-of-va-a7ad41d.html) သတင်းကို အခြေခံ တင်ပြပါသည်။
Wednesday, October 22, 2008
စားခြင်းအဓိပ္ပါယ်
- Thou shouldst eat to live; not live to eat.
- Socrates
(ဆော့ခရတ္တိ)
အနောက်တိုင်း ဖီလိုဆိုဖီ သမိုင်းကို အကြမ်းဖျဉ်းလေ့လာကြည့်လိုက်မယ်ဆိုရင်
(၁) Pre-Socrates ဆော့ခရတ္တိမတိုင်မီခေတ် ကိုတစ်ပိုင်း၊
(၂) Socrates, Plato, and Aristotle ဆော့ခရတ္တိ၊ ပလေတို နှင့် အရစ္စတိုတယ် ခေတ် ကိုတစ်ပိုင်း၊
(၃) Ancient Philosophy after Aristotle အရစ္စတိုတယ်နောက်ကို တစ်ပိုင်း၊
(၄) Catholic Philosophy ကသလစ်ဝါဒ ထွန်းကားလာတဲ့ချိန်ကို တစ်ပိုင်း၊
(၅) Modern Philosophy ခေတ်ပညာရေးရေစီးကြောင်းကြီးတစ်ခုဖြစ်တဲ့ ခရစ်နှစ် ၁၄ ရာစုခန့် ထွန်းကားတဲ့ ရီနေးဆန်းခေတ်နဲ့ David Hume ဒေးဗစ် ဟူးမ် အထိကို တစ်ပိုင်း၊
(၆) The Romantic Movement (၁၈) ရာစုလောက်မှာစတင်ပေါ်လာတဲ့ ရိုမန်လှုပ်ရှားမှုမှသည် ယနေ့တိုင်အောင်အထိကို တစ်ပိုင်း ဆိုပြီးတော့ အပိုင်းခြောက်ပိုင်းလောက်အထိ ရှိတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီကာလတွေအတွင်း ဖီလိုဆိုဖီဆရာကြီးတွေ များစွာများစွား ပေါ်ပေါက်ခဲ့ပါတယ်။ အချို့လဲထင်ရှားတယ်။ အချို့လဲ ခန့်မှိန်မှိန်ပါပဲ။
ဒါပေမဲ့ ဖီလိုဆိုဖီဘာသာရပ်ကို အထူးပြုလေ့လာခဲ့တဲ့ကျောင်းသားမဟုတ်ရင်၊ သို့မဟုတ် ၀ါသနာအရ ဖီလိုဆိုဖီကို လေ့လာထားသူမဟုတ်ရင် ဒဿနိကဘေဒပညာရှင်ကြီးတွေရဲ့ နာမည်ကို ဂဂနနသိတဲ့လူ ရှားပါတယ်။ ဒါပေမဲ့ ချွင်းချက်တော့ ရှိနေဆဲပါ။ တခြားဆရာကြီးတွေရဲ့နာမည်ကို မသိရင်သာရှိရမယ်။ တစ်ဦးသောဆရာကြီးရဲ့နာမည်ကိုတော့ အားလုံးလောက်နည်းပါး ကြားဖူးကြမယ် ထင်ပါတယ်။ သူကတော့ ဗုဒ္ဓခေတ်နောက်ပိုင်း အနှစ်၁၅၀ နှင့် ၂၀၀အကြား BC ၄၃၀ လောက်မှာ ပေါ်ခဲ့တဲ့ ဂရိခ်နိုင်ငံ၊ အေသင်မြို့သား ဆော့ခရတ္တိ ပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် သူ့အကြောင်းကို အကျယ်မရေးလိုပါဘူး။ ဆရာ့ဆရာကြီးတွေ ရေးထားတဲ့ စာတွေအပြည့်ရှိနှင့်ပြီးသားပါ။ ကျနော်အဓိကပြောချင်တာက ဘာကြောင့် သူ့အတွေးအခေါ်တွေဟာ တခြားဆရာကြီးတွေရဲ့အတွေးအခေါ်တွေထက် ရေပန်းစားသလဲ ဆိုတာပါပဲ။ အကြောင်းအရင်းကတော့ လက်တွေ့ကျလို့ပဲ ကျနော်သုံးသပ်မိပါတယ်။ သူနဲ့ခေတ်ပြိုင်ပေါ်ခဲ့တဲ့ Sophist တွေကို အမြင်ကပ်ပြီးတော့ သူတို့နဲ့ဆန့်ကျင်တဲ့ အပြုအမူအပြောအဆိုတွေကို အများကြီး လုပ်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒီတော့ လက်တွေ့မဆန်တဲ့ ဆိုဖစ်စ်တွေရဲ့ အယူအဆတွေကြောင့် သူတို့ကိုဆန့်ကျင်လိုတဲ့ ဆော့ခရတ္တိရဲ့ အတွေးအခေါ်တွေဟာ လက်တွေ့ကျပြီး အလုပ်သမားလူတန်းစားအလယ်မှာ ပိုမိုရေပန်းစားလာပါတယ်။ သို့သော်လဲ အထက်တန်းလွှာတွေထဲ သူ့ကို သဘောကျတဲ့ လူတစ်ယောက်ကတော့ ရှိပါတယ်။ သူကတော့ သူ့နောက်ပိုင်း ဖီလိုဆိုဖီသမိုင်းကို ထွန်းပြောင်စေခဲ့တဲ့ Plato ပလေတိုပါပဲ။
ပလေတိုဟာ သူ့ဆရာဆော့ခရတ္တိရဲ့ အတွေးအခေါ်တွေကို မှတ်တမ်းတင်ပြီး သူ့ဆရာကို ဂရိနိုင်ငံနဲ့ အနောက်တိုင်း ဖီလိုဆိုဖီလောကရဲ့ ဖခင်ကြီးဖြစ်အောင် လုပ်ခဲ့တယ်ဆိုရင် မမှားပါဘူး။ ပလေတိုမှတ်တမ်းတင်ခဲ့တဲ့ ဆောခရတ္တိရဲ့အယူအဆတွေဟာ လက်တွေ့လဲကျ၊ အဓိပ္ပါယ်လဲ ပြည့်ဝတဲ့အတွက် လူသားဆန်တဲ့လူတွေရဲ့အလယ်မှာ မျက်နှာပွင့်လှပါတယ်။ သူပြောခဲ့တဲ့စကားတွေဟာ အများကြီးပါ။ အဲဒီထဲက တစ်ခုကို ဒီနေရာမှာ ကျနော် ဆွေးနွေးချင်ပါတယ်။
သူက အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။ စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး၊ လို့ဆိုခဲ့ပါတယ်။ သိပ်အဓိပ္ပါယ်ပြည့်ဝတဲ့စကားတစ်ခွန်းဖြစ်ကြောင်း လူ့အသိဉာဏ်ရှိတဲ့ လူသားတိုင်းနားလည်နိုင်မယ် ထင်ပါရဲ့။ လူအတော်များများဟာ စားဖို့အသက်ရှင်နေကြတာပါ။ ပြောမယ်ဆိုရင်တော့ စားဖို့အသက်ရှင်ရင်း သေမယ့်နေ့စောင့်နေကြတာနဲ့ အတူတူပါပဲ။ ဒီလိုလူမျိုးတွေရဲ့အသက်ရှင်မှုဟာ သူတို့ကိုယ်တိုင်အတွက်လဲ အကျိုးမရှိ၊ သူ့အသိုင်းအ၀ိုင်း၊ သူ့ပတ်ဝန်းကျင်အတွက်လဲ ဘာမှအကျိုးမရှိပါဘူး။ ကျနော်တို့မြန်မာစကားပုံနဲ့ ပြောရရင်တော့ ဆန်ကုန်မြေလေး လို့ဆိုရတဲ့ လူစားမျိုးတွေပါ။ ဒီလိုလူတွေကို ဆော့ခရတ္တိ က စားဖို့ အသက်ရှင်နေတဲ့ လူတွေလို့ ကဲ့ရဲ့ပါတယ်။
အချို့လူတွေရဲ့ အသက်ရှင်မှုကျပြန်တော့ သူတို့ကိုယ်တိုင်အတွက်အကျိုးရှိကြောင်းမပြောနဲ့၊ လောကအတွက်ပါ အင်မတန်အကျိုးရှိတဲ့ အသက်ရှင်မှုမျိုးပါ။ သူတို့ဟာ အများနည်းတူစားကြပါတယ်။ ဒါပေမဲ့ အသက်ရှင်ဖို့ပဲ စားကြတာပါ။ အသက်ရှင်ခြင်းကြောင့် အများအကျိုးကို ဆောင်ရွက်နိုင်ကြပါတယ်။ ကျနော်တို့ မြန်မာမျိုးတွေရဲ့ လူ့လောကမှာ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို လူရဲ့ အသက်ရှင်မှုမျိုး။ သူ လူ့လောကမှာ နေသွားတဲ့အချိန်ဟာ သိပ်တိုပါတယ်။ ဒါပေမဲ့ အဲဒီတိုတောင်းလှတဲ့ သူ့ရဲ့အသက်ရှင်မှုဟာ သူ့လူမျိုးတွေအတွက် သိပ်တန်ဖိုးရှိပါတယ်။ တသသလွမ်းဆွတ်နေရလောက်တဲ့ အသက်ရှင်မှုမျိုးနဲ့ နေထိုင်သွားတဲ့လူတစ်ယောက်ပါ။
ဂျာနယ်ကျော် ဦးချစ်မောင်ရေးတဲ့စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ နာမယ်တော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ အဲဒီထဲမှာ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်းကို စားသောက်ဆိုင်ကောင်းကောင်းမှာ ကောင်းနိုးရာရာတွေ သွားစားဖို့ခေါ်ရင် ဘယ်တော့မှ မလိုက်ဘူး တဲ့၊ သူ့အတွက် ဈေးသက်သာသာနဲ့ ၀၀လင်လင်စားရတဲ့ အစားအစာမျိုးတွေပဲ ၀ယ်ခဲ့ဖို့ မှာလိုက်တတ်သတဲ့။ မြန်မြန်စားပြီး များများ အလုပ်လုပ်နိုင်ဖို့ပဲ ဗိုလ်ချုပ်က စားတာပါ တဲ့။
ဒါကြောင့် ဆောခရတ္တိရဲ့ အဆိုအမိန့်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကြီးတွေအတွက် တမင်ရည်ညွှန်းပြီး ဆိုခဲ့သလားတောင် အောင့်မေ့ရပါတယ်။ ကျနော်တို့ချစ်တဲ့၊ ကျနော်တို့လေးစားတဲ့၊ ကျနော်တို့ရဲ့ မီးရှူးတန်ဆောင်ကြီးဖြစ်တဲ့၊ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုတောင်းလှတဲ့ သူ့ဘ၀တစ်လျှောက်လုံး တိုင်းပြည်လွတ်လပ်ရေးအတွက်ကြိုးပန်းရင်း အလုပ်လုပ်နိုင်ဖို့အတွက်ပဲ အသက်ရှင်နိုင်ယုံ စားသောက်ခဲ့တာပါ။ ဒီလိုလူမျိုးတွေကို ဆောခရတ္တိတို့လို ဒဿနိကဘေဒပညာရှင်ကြီးတွေက အသက်ရှင်ဖို့အတွက် စားသူတွေ လို့ ချီးကြူးဂုဏ်ပြုကြပါတယ်။
ကိုယ့်လူကရော ဘယ်လိုစားခြင်းမျိုးနဲ့ စားပါသလဲ၊ အသက်ရှင်ဖို့စားတာလား၊ စားဖို့အသက်ရှင်နေတာလား၊ ကျနော့်ကို မေးရင်တော့ ဗိုက်ဆာတဲ့ အခါ စားလိုက်တာပါပဲ လို့ဖြေမိမှာပဲဗျာ။
အဘိဓာန်ပြုစုသူများ သတိ
ပညာရှိရဲ့အဓိပ္ပါယ်
He that is rich is wise.
Daniel Defoe (1660-1731)
ပိုက်ဆံရှိတဲ့လူဟာ ပညာရှိ။
(ဒနီယော်လ် ဒီဖိုး)
အဆိုအမိန့်တွေဟာ ပုံစံအမျိုးမျိုးရှိပါတယ်။
(၁) တိုက်ရိုက်အဓိပ္ပါယ် ယူရမည့် အဆိုအမိန့်၊
(၂) သွယ်ဝိုက်ပြီး အဓိပ္ပါယ်နားလည်ရမည့် အဆိုအမိန့်၊
(၃) တင်စားပြီး ပြောခဲ့တဲ့ အဆိုအမိန့်၊
(၄) သရော်ပြီးပြောခဲ့တဲ့ အဆိုအမိန့်၊
(၅) အဓိပ္ပါယ် နှစ်ခွထွက်စေတဲ့ အဆိုအမိန့် စသဖြင့် အမျိုးမျိုးပါပဲ။
အဆိုအမိန့်အများစုဟာ ပညာရှိစကားဖြစ်ကြတာကြောင့် တိုက်ရိုက်ပြောတာတော့ နည်းပါတယ်။ များသောအားဖြင့် သွယ်ဝိုက်၊ တင်စား သို့မဟုတ် သရော်တဲ့ပုံစံနဲ့ ပြောခဲ့တတ်ကြပါတယ်။ ဘယ်လို အဆိုအမိန့် မျိုးပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ခေတ်နဲ့ လူ့ပတ်ဝန်းကျင်ကို အနည်းအများဆိုသလို မှန်မှန်ကန်ကန် ကိုယ်စားပြုတတ်ကြပါတယ်။ ကျနော်ရေးခဲ့တဲ့ ပို့စ်တွေထဲကပဲ ယူပြီးပြောကြစို့။
ဆော့ခရတ္တိရဲ့ နာမည်ကျော်အဆိုအမိန့် တစ်ခုဖြစ်တဲ့ I know nothing except the fact of my ignorance ဆိုတဲ့ စကားဟာ သရော်ပြီးတော့ ပြောခဲ့တဲ့စကားလို့ ယူဆနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆော့ခရတ္တိဟာ သူ့ခေတ်က ပညာရေးလောကမှာ အခကြေးငွေယူပြီး ဆရာကြီး လုပ်နေကြတဲ့ Sophist တွေကို ကြည့်မရပါဘူး။ နေရာတကာမှာ လူတတ်လုပ်နေတာကိုလဲ အမြင်ကပ်ပုံရပါတယ်။ ဒါကြောင့် အဲဒီ ဆိုဖစ်စ်တွေကို သရော်တဲ့အနေနဲ့ ကျုပ်ဘာမှ မသိဘူးဆိုတာကလွဲရင် ကျုပ်သိတာ ဘာမှမရှိဘူး လို့ ဟဲခဲ့တာပါ။ ဒါကြောင့်သူ့ရဲ့ အဲဒီစကားကို သရော်တဲ့အဆိုအမိန့်လို့ ကျနော် ယူဆပါတယ်။ သူ့စကားဟာ ကိုယ့်ကိုယ်ကို လူတတ်ကြီးထင်နေတဲ့လူတွေကို များစွာထိခိုက်စေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ခေတ်လူတွေကိုယ်တိုင်က သူ့ကို ပညာရှိကြီးလို့ လက်ခံထားကြလို့ပါပဲ။
အော်စကာဝိုင်း ရဲ့ The truth will set you free. But first, it will piss you off. ဆိုတဲ့စကားဟာ တိုက်ရိုက်အဓိပ္ပါယ်ယူဆရမယ့် စကားမျိုးပါ။ အမှန်တရားကြောင့် သင်ဟာလွတ်မြောက်သွားမှာပါ၊ ဒါပေမဲ့ အစမှာတော့ ဒုက္ခခံနေရဦးမှာပဲ ဆိုတဲ့စကားကို အဓိပ္ပါယ်ထပ်ဖွင့်နေစရာတောင် မလိုပါဘူး။ ဘာကို ဆိုလိုတာပါလိမ့်မလဲဆိုပြီးတော့လဲ စဉ်းစားနေရလောက်အောင် ခက်ခဲမှုမရှိပါဘူး။ နောက်ပြီး သူ့စကားဟာ ခေတ်ကာလတစ်ခုကို သီးခြားကိုယ်စားလဲ မပြုပါဘူး။ အခါခပ်သိမ်းမှန်နိုင်တဲ့စကားမျိုးပါ။ သရော်သံလဲ မပါပါဘူး။ အဖြစ်အပျက်တစ်ခု သို့မဟုတ် တရားစီရင်မှုတစ်ခုခုကို ကိုယ်စားပြုတဲ့ စကားလို့ ယူဆရပါတယ်။ ယေဘုယျအားဖြင့် မှန်ကန်တဲ့စကားလို့ နားလည်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမှန်တရားရဲ့ဥပေက္ခာပြုမှုကြောင့် ဒုက္ခရောက်နေရင်းနဲ့ သေတဲ့အထိ ဒုက္ခရောက်သွားကြရရှာတဲ့လူတွေလဲ ဒုနဲ့ဒေး ရှိနေလို့ပါပဲ။
ဆိုဖကော်လ်ရဲ့ Fortune is not on the side of the faint-hearted ဆိုတဲ့စကားဟာလဲ ဒီလို အဓိပ္ပါယ်တိုက်ရိုက်နားလည်ရမယ့် အဆိုအမိန့်အုပ်စုထဲမှာ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်မှုဆိုတာ သတ္တိနည်းတဲ့ လူတွေအတွက် မဟုတ်ဘူး၊ ဆိုတဲ့စကားဟာ တိုက်ရိုက်မှန်ကန်နေလို့ပါပဲ။ တစ်နည်းတော့လဲ သတ္တိကောင်းတဲ့လူတွေဟာ အောင်မြင်နိုင်တဲ့ လူတွေဖြစ်တယ် လို့ သွယ်ဝိုက်ပြီး နားလည်နိုင်တဲ့အတွက် သွယ်ဝိုက်တဲ့စကားအနေနဲ့လဲ မှတ်ယူလို့ ရပါတယ်။
Time flies like an arrow ဆိုတဲ့ ဂရောက်ချို မာ့ခ်စ် ရဲ့စကားဟာ တင်စားပြီးပြောတဲ့စကားဖြစ်ပါတယ်။ အချိန်ကုန်မြန်ပုံကို လေးငြှို့ကပစ်လွှတ်လိုက်တဲ့ မျှားတစ်စင်းနဲ့ ဥပမာပေးထားပါတယ်။ ဒါကြောင့် စာဖတ်သူဟာ သူ့ရဲ့အဆိုအမိန့်ကို အချိန်မဖြုန်းဖို့ သတိပေးတဲ့ စကားတစ်ခွန်းအဖြစ် နားလည်ရပါတယ်။
သူ့ရဲ့နောက်ထပ်အဆိုအမိန့်တစ်ခုကတော့ Fruit flies like a banana တဲ့။ စည်းစိမ်ဥစ္စာဆိုတာ ငှက်ပျောက်သီးတစ်လုံးလို အကုန်မြန်တယ် လို့ အဓိပ္ပါယ်ရပါတယ်။ အများသိကြတဲ့အတိုင်း ပစ္စည်းဥစ္စာဆိုတာ ခက်ခက်ခဲခဲ ရှာရသလောက် သုံးစွဲတဲ့အခါမှာတော့ အင်မတန်အကုန်မြန်ပါတယ်။ တစ်နှစ်ရှာထားတဲ့ ပိုက်ဆံကို တစ်ရက်တည်းနဲ့ ကုန်အောင် သုံးလို့ရပါတယ်။ ဒါကြောင့် ပစ္စည်းဥစ္စာကိုလဲ မဖြုန်းတီးဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ သူ့စကား နှစ်ခွန်းစလုံးဟာ ဥပမာပေးပြီးပြောခဲ့ချည်းဖြစ်တဲ့အတွက် တင်စားပြီးပြောတဲ့စကားအုပ်စုထဲ ထည့်ရပါ့မယ်။
ဥပမာပေးတဲ့ အခါမှာ စာဖတ်သူ သို့မဟုတ် နားထောင်သူ သိနှင့်ပြီးသားတွေကိုပဲ ယူပြီးပေးရပါတယ်။ အဲလိုမဟုတ်ရင် ဥပမာကိုပဲ ထပ်စဉ်းစားနေရပါလိမ့်မယ်။
ရည်မှန်းချက်ထားဖို့ပေးထားခဲ့အဆိုအမိန့်တွေအနက် လူးဝစ် ကာရိုးရဲ့ If you don't know where you are going, any road will take you there. ဘယ်သွားရမှန်းမသိရင်၊ ရောက်ချင်တဲ့ဆီရောက်သွားလိမ့်မယ်၊ ဆိုတဲ့စကားဟာ အတော်မှတ်သားဖို့ကောင်းပါတယ်။ ဒီစကားကို အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ တစ်က တိုက်ရိုက်ခရီး၊ နှစ်က ဘ၀ခရီး။ နှစ်မျိုးစလုံးအတွက် ထိရောက်တဲ့အဓိပ္ပါယ် ပါဝင်ပါတယ်။ သာမန် ခရီးသွားတဲ့အခါမှာ ဘယ်ဆီသွားရမယ် ဆိုတဲ့ ခရီးစဉ်ကို နားလည်ရပါ့မယ်။ ဘ၀ခရီးကို လျှောက်လှမ်းတဲ့အခါမှာလဲ မိမိဖြစ်ချင်တာကို ဦးတည်ပြီး ကျိုးစားဖို့လိုအပ်ပါတယ်။ အဲဒီလို အဓိပ္ပါယ်နှစ်မျိုးယူဆနိုင်ပါတယ်။
ကျနော်တကယ်ရေးမယ့် အကြောင်းအရာဟာ အခုမှရောက်လာပါတယ်။ ဒနီယော်လ် ဒီဖိုးဆိုတဲ့ လူဟာ ဘယ်သူလဲ လို့ သိချင်မှသိကြပါ့မယ်။ ဒါပေမဲ့ ရော်ဘင်ဆန် ကရူးဆိုး ၀တ္ထုကို ရေးခဲ့တဲ့လူလို့ပြောရင် အော်ဟုတ်လား လို့တော့ အနည်းဆုံးပြောကြမှာထင်ပါရဲ့။ ဘာ့ကြောင့်လဲဆိုတော့ လူအတော်များများဟာ ရော်ဘင်ဆန် ကရူးဆိုးကို သိနေကြလို့ပါ။ သူရေးတဲ့ဝတ္ထုကို တိုက်ရိုက်မဖတ်ဖူးရင်တောင် (ကျနော်လဲ တစ်ခါမှ မဖတ်ဖူးသေးဘူး၊ နောက်လဲ ဖတ်မယ်မထင်) အနည်းဆုံး ရုပ်ရှင်လောက်တော့ ကြည့်ဖူးကြတာများပါတယ်။ ဒါဖြင့်ရင် ဒနီယော်လ် ဒီဖိုးဆိုတာ စာရေးဆရာတစ်ယောက်လို့ စာဖတ်သူက အလိုလိုနားလည်သွားပါပြီ။ သူဟာ စာရေးတဲ့အလုပ်အပြင်၊ စုံထောက်၊ ဂျာနယ်လစ်စ် တွေလဲ လုပ်ပါတယ်။ အထူးသဖြင့် စားရေးတဲ့အလုပ်နဲ့ နာမည်ကျော်ပါတယ်။
သူ့အဆိုအမိန့်တွေ များစွာရှိတဲ့အနက် He that is rich is wise ဆိုတဲ့စကားဟာ ရုတ်တရက် တွေးကြည့်ရင် အဓိပ္ပါယ်တစ်မျိုးကြီးဖြစ်နေလို့ ကျနော် စိတ်ဝင်စားသွားမိတာပါ။ ပိုက်ဆံရှိတဲ့လူဟာ ပညာရှိ တဲ့။ ဒီစကားမှာ သွယ်ဝိုက်မှုတွေ တင်စားမှုတွေ မပါတာ တွေ့ရပါလိမ့်မယ်။ တိုက်ရိုက်ပြောတဲ့စကားလို့တော့ ယူဆနိုင်ပါတယ်။ ဒိထက် သရော်ပြီးပြောတဲ့ စကားဆိုရင် ပိုမှန်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို သရော်တဲ့စကားမဟုတ်ပါဘူး။ လူအများကြီးကို သရော်တဲ့စကား၊ အထူးသဖြင့် ငွေရှိမှ လူထင်၊ ရွှေရှိမှ ဘုရားထင် တတ်တဲ့လူမျိုးတွေကို သရော်တဲ့စကားလို့ ကျနော်ခံစားမိပါတယ်။ (ဒီအကြောင်းကို အလျှင်းသင့်တဲ့အခါ အကျယ်ရေးပါမည်။)
ဒါပေမဲ့ ကျနော့်အတွက် သူ့စကားဟာ တိုက်ရိုက်ထိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်ကို အစိုးရ စကောလားရှစ်နဲ့ ကျောင်းထက်ဖို့ရောက်လာတဲ့ ကျနော်ဟာ တက္ကသိုလ်တက်ခွင့်ရပေမဲ့ ကျူရှင်ခတစ်ခါတည်းမသွင်းနိုင်လို့ တစ်နှစ်နောက်ကျပြီးမှ (ကျူရှင်ခပြည့်အောင်စောင့်ပြီးမှ) တက်ရမယ့်အနေအထားဖြစ်နေပါတယ်။ အင်္ဂလန်က တက္ကသိုလ်တွေမှာ ကျနော်တို့လို ဆင်းရဲတဲ့ တိုင်းပြည်က ကလေးတွေ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ကျောင်းတက်ခွင့်ရဖို့အတော်မလွယ်ပါဘူး။ မလွယ်တာကတော့ အကြောင်းနှစ်ချက်အနက် တစ်ချက်က ငွေရေးကြေးရေးပါ။ သိပ်ဈေးကြီးပါတယ်။ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ သုံးသောင်းနဲ့ လေးသောင်းအကြားမှာရှိပါတယ်။ တကယ့်ကို ချမ်းသာမှပဲ ကျောင်းတက်နိုင်ပါတယ်။ ဒနီယော်လ် ဒီဖိုးစကားနဲ့ပြောရရင်တော့ ပိုက်ဆံရှိမှ ပညာရှိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သူ့စကားဟာ အချို့လူတွေအတွက် သွယ်ဝိုက်တဲ့အဓိပ္ပါယ်ရှိပေမဲ့ ကျနော်တို့လို ငမွဲတွေအတွက်တော့ တိုက်ရိုက်အဓိပ္ပါယ်ရှိတယ် လို့ ယူဆမိတာပါ။ ပညာရှိစကားတွေကို ကျနော်ပြောခဲ့သလို ဘယ်အဓိပ္ပါယ်နဲ့ ပြောတဲ့စကားဆိုတာကို စဉ်းစားတဲ့အကျင့်လုပ်ပြီးဖတ်ရင် စိတ်ဝင်စားစရာအတော်ကောင်းတာ တွေ့ကြရပါလိမ့်မယ်။ ကျနော့်ဘလော့မှာ အဆင်သင့်သလို ထည့်ထည့်ပေးသွားပါ့မယ်။ အချို့စကားတွေကို ဒီအတိုင်းပဲ ရေးထားပေးမယ်။ အချို့စကားတွေကိုတော့ ကျနော့်ဘ၀နဲ့ ကျနော့်ပတ်ဝန်းကျင်ကို အခြေခံပြီးတော့ အကျယ်ရေးပေးသွားပါ့မယ်။ ကျနော့်ညီလေး/ညီမလေးတွေ ဗဟုသုတရကြစေဖို့ မျှော်လင့်ပါတယ်။