Thursday, October 16, 2008

God မှာ တရားဝင်လိပ်စာမရှိလို့


တရားရုံးတွေမှာ တရားစစ်ဆေးပုံတွေဟာ အချို့အမှုတွေအတွက် သက်ဆိုင်ရာ ဥပဒေအရ အလွယ်တကူဆုံးဖြတ်လို့ရပေမဲ့ အချို့မှုတွေအတွက်တော့ တရားသူကြီးတွေကိုယ်တိုင် ဘာလုပ်ရမှန်းမသိအောင် ဖြစ်ရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ အဲလိုအမှုမျိုးတွေကို ဆုံးဖြတ်တဲ့အခါမှာ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံး ဆိုသလို အမှုတိုင်တမ်းသူ တရားလိုရဲ့စကားလမ်းကြောင်းကို ကြည့်ပြီး ဆုံးဖြတ်ရဟန်တူပါတယ်။ ဘယ်ဥပဒေအရ ဘယ်ပုဒ်မနဲ့ ညိစွန်းလို့ ဘယ်အပြစ်ကျစေ ဆိုတာမျိုးကတော့ ရိုးရာဆုံးဖြတ်မှုမျိုးပဲဖြစ်မှာပါ။ ဘယ်ပုဒ်မနဲ့မှ မညိစွန်းတဲ့အမှုမျိုးကိုတော့ ကျနော်တို့ ရွှေတိုင်းပြည် (မြန်မာပြည်)မှာ သောက်မြင်ကပ် ပုဒ်မလို့ ခေါ်တယ်ဆိုတာ အများအသိ။ ကျနော်တို့ဆီမှာတော့ မကြိုက်တဲ့လူကို အမြင်ကပ်တဲ့ပုဒ်မနဲ့ ဆွဲလေ့ရှိတာ နေ့စဉ်ကြားနေရတယ်။

ဒါနဲ့ ပတ်သက်လို့ ကျနော် ဒီနေ့သတင်းတွေလျှောက်ဖတ်ရင်းနဲ့ ထူးထူးဆန်းဆန်းတရားဆုံးဖြတ်တဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။

အမေရိကန်နိုင်ငံ၊ နက်ဘ်ရာစ်ကာ ပြည်နယ် အထက်လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ (Nebraska State Senator) အာနီ ချိန်ဘာစ် (Ernie Chambers) ဆိုတဲ့လူဟာ မနှစ်က တရားရုံးမှာ အမှုတစ်ခု တိုင်ထားသတဲ့။ သူတိုင်တဲ့မှုက ဘာလဲဆိုရင် သူနဲ့သူ့ရဲ့ အိုမဟာ (Omaha) အဖွဲ့သားတွေကို အကြမ်းဖက်ခြိမ်းခြောက်မှုတွေ (သူ့အဆို) လုပ်ခဲ့တဲ့ God ကို နောင်ဒါမျိုးမလုပ်အောင် တရားရုံးကနေ့ ရာသက်ပန်တရားဝင်အမိန့်ထုတ်ပေးဖို့ ဆိုပဲ။ သူက ဆက်ပြီးတော့ God ဟာ ကမ္ဘာသူကမ္ဘာသားသန်းပေါင်းများစွာကို ခြောက်လှန့်ရုံမက၊ သေကြေပျက်စီးအောင် အကြမ်းဖက်ဖျက်ဆီးပစ်နေပါတယ် တဲ့။

တရားရုံးဆိုတာ ငွေရှိရှိ/မရှိရှိ ဘယ်သူမဆို ၀င်ထွက်နိုင်တဲ့နေရာမို့ သူ့အမှုဟာ ပြီးသွားပါပြီ လို့ နိုင်ငံရေးလောကသားတွေကတော့ ဆိုနေကြလေရဲ့။ ဒါပေမဲ့ ဒေါက်ဂလက်စ်ကောင်တီခရိုင်တရားရုံးက (Douglas County District Court) တရားသူကြီး မာလန် ပေါက် (Judge Marlon Polk) ကတော့ နိုင်ငံတော်ရဲ့တရားဥပဒေအောက်မှာ အမှုတိုင်တန်းသူတစ်ယောက်အတွက် ဥပဒေလမ်းကြောင်းအရ တရားခံကို စွပ်စွဲနိုင်တဲ့အခွင့်အလမ်းကတော့ရှိရမှာပါပဲ၊ ဒါကြောင့် ဒီအမှုကတော့ အတော်လေး ဂွကျတဲ့ အမှုပါပဲ လို့ ညီးညူရှာသတဲ့။

သူကဆက်ပြီးတော့ ဒီတရားစွဲဆိုမှုဟာ အစွဲဆိုခံရတဲ့တရားခံ (God)အပေါ်လုံးဝ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်လို့ ရုံးတော်က တမင် ပလပ်ရမယ့် အမှုမျိုးပါ လို့ဆိုပါတယ်။ ဥပဒေနဲ့ဘွဲ့ရထားတဲ့ မစ္စတာချိန်ဘာစ်ကတော့ တရားသူကြီးရဲ့ဆုံးဖြတ်မှုမှာ ဟာကွက်ရှိနေတယ်လို့ ထင်နေပါသတဲ့။ ဒါကြောင့်သူက ရုံးတော်က God ရှိတယ်ဆိုတာကို လက်ခံထားတာပဲ။ ဒါဟာ Godရဲ့ အနန္တဥာဏ်တော်ဆိုတာကိုလဲ အကျိုးဆက်အနေနဲ့ လက်ခံလိုက်တာနဲ့အတူပဲပေါ့။ God ဟာအားလုံးကို သိတယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဥပဒေရေးရာတွေကိုလဲ သိရမှာပေါ့ လို့ဆက်တွယ်လိုက်သေးတယ်။

ရုံးတော်ကတော့ သူစွပ်စွဲတဲ့တရားခံ God ကို လိုက်ရှာဖို့တရားဝင်လိပ်စာမရှိတဲ့အတွက် ဒီအမှုကို တမင်ပလပ်လိုက်ပြီးတော့ မစ္စတာချိန်ဘာစ်ကိုလဲ အယူခံဝင်/မ၀င်ဆုံးဖြတ်ဖို့ ရက် (၃၀)တိတိ အချိန်ပေးထားလိုက်တယ် ဆိုပဲ။

အဖြစ်ကတော့ အဲဒါပါပဲ မိတ်ဆွေတို့ရေ့။

No comments: