Thursday, October 9, 2008

သူငယ်ချင်းသို့ (၆)

ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းဆီရေးတဲ့စာထဲမှာ ဖုန်းဆက်ရလွန်းလို့ ပိုက်ဆံကုန်တဲ့အကြောင်းလေး ကိုယ်ပြောခဲ့တာမှတ်မိလား။ မဆက်ပဲနေရင်တော့ တစ်ပြားမှ ကုန်မှာမဟုတ်ပါဘူး။ ခက်နေတာက ကိုယ်ကိုယ်တိုင်ကိုက မဆက်ပဲမနေနိုင်တာ။ မဆက်ရင် မနေနိုင်တာကလွဲလို့ လို့တောင် သီချင်းကို ပြင်ဆိုရမလိုဖြစ်နေပြီ။ ကိုယ်ကလဲ မိတ်ဆွေအပေါင်းအသင်း သိပ်မင်တဲ့ကောင်ဆိုတော့ သူတို့ကိုယ့်အသံကြားချင်/မကြားချင်တော့ မသိဘူး။ ကိုယ်ကတော့ ကိုယ့်အပေါင်းအသင်းတွေရဲ့အသံကို ကြားချင်သလို ဒီမှာအထီးကျန်နေတဲ့ ကိုယ့်အဖြစ်လေးကိုလဲ ငြီးပြချင်သေးတာကိုး။

တစ်ခါတစ်ခါ Loneliness ဆိုတဲ့ အထီးကျန်ဆန်မှုဟာ လူကို အတော်ဒုက္ခပေးတယ် ကိုယ့်လူရေ့။ ငယ်ငယ်ကတည်းက အပေါင်းအသင်းနဲ့နေလာခဲ့တော့ အဖေါ်မဲ့တဲ့ဘ၀ရဲ့အထီးကျန်ဒုက္ခကို တစ်ယောက်ယောက်ကို ပြောပြလိုက်ရရင် ရင်ထဲပေါ့သွားသလိုလို ခံစားရတယ်။ အဲဒီအထီးကျန်ဆန်မှုဟာ ဒီအင်္ဂလန်လိုနိုင်ငံမျိုးမှာ ပိုများတယ်မောင်။ အသက် (၁၈)နှစ်ပြည့်လို့ သားသမီးတွေ အိမ်ပေါ်ကဆင်းသွားတဲ့အခါ အဘိုးကြီးအဘွားကြီးနှစ်ယောက်ထဲ အိမ်ကျဉ်းကျဉ်းလေးထဲမှာ လိုတဲ့အခါမှ အိမ်ပေါ်ရောက်လာတတ်တဲ့ လိုပေါ်သားသမီးလေတွေကို မျှော်ရင်းတစ်နေ့တာကို ခက်ရာခဲဆစ်ကုန်လွန်စေကြရရှာတာ။

အဲဒါကြောင့် Pet မွေးတဲ့ဓလေ့ အနောက်နိုင်ငံတွေမှာ ပိုပြီးထွန်းကားနေတာထင်ပါရဲ့။ ကိုယ်တို့နေတဲ့ဆောင်နဲ့ မလှမ်းမကမ်းမှာ အဘွားကြီးတစ်ယောက်ရှိတယ်။ သူ့အိမ်ထဲတော့ တစ်ခါမှမရောက်ဖူးပါဘူး။ အကြောင်းမရှိပဲ သွားလို့လဲ ရတာမဟုတ်ဘူး။ အလကားနေရင်းရဲ အတိုင်ခံနေရဦးမယ်။ အဲဒီအဘွားကြီးဆို မနက် ကိုးနာရီဆယ်နာရီလောက်ဆို အိမ်ထဲကထွက်လာပြီ။ သူ့နောက်မှာ သူမွေးထားတဲ့ ခွေးပုလေးနှစ်ကောင်ပါတယ်။ အဲဒါနေ့တိုင်းပဲ။ တစ်ခုကောင်းတာက အဲလိုအဘွားအို၊ အဘိုးအိုတွေကို အစိုးရက ထောက်ပံ့ငွေ ပုံမှန်ပေးထားတယ်။ ဒါကြောင့် သားသမီးမရှိပေမဲ့ စားဖို့သောက်ဖို့တော့ ပုံမှန်ဝင်ငွေ ရှိနေတာပေါ့။

ကိုယ်လဲ အဲဒီအဘွားကြီးသာသာပါပဲ။ ကျောင်းသားဖြစ်နေတဲ့အတွက် စနေတနင်္ဂနွေကလွဲရင် နေ့တိုင်းကျောင်းသွားနေရလို့သာ တော်တော့တယ်။ မဟုတ်ရင် အထီးကျန်ရောဂါနဲ့ လုံးပါးပါးဖို့ရှိတယ်။ ကျောင်းကအဆောင်ပြန်ရောက်ရင် အိမ်စာလုပ်စရာရှိရင်လုပ်၊ မရှိရင် အင်တာနက်ဖွင့်၊ ဟိုနိုက် ဒီနိုက် နိုက်။ သတင်းဖတ်၊ သတင်းနားထောင်နဲ့။ ကိုယ်ပိုင်အချိန်လေးတွေကို အသုံးချရတာပဲ။ ရသင့်ရထိုက်တဲ့ ဘွဲ့တွေ ဒီဂရီတွေမြန်မြန်ရပြီးရင် ပြည်တော်ပြန်ချင်ပါပြီ သူငယ်ချင်း။ ဒီနိုင်ငံရောက်လာတဲ့ လူအတော်များများကတော့ မပြန်ချင်ကြတော့ဘူး။ သူ့အကြောင်းနဲ့သူပေါ့လေ။ မတတ်သာမှပဲ ပြန်ကြရတာ။ ကိုယ်ကတော့ သူတို့နဲ့ ပြောင်းပြန်ပဲ။ အိမ်ချစ်တဲ့ ရောဂါကြောင့်နဲ့တူတယ်။

ကိုယ့်လူကို ဒီနေ့ကိုယ်ပြောပြချင်တာက အင်္ဂလန်မှာ ကျောင်းဘယ်လို တက်ရသလဲဆိုတာကိုပါ။ သိပ်တော့လဲ မထူးပါဘူး။ ကိုယ်တို့ ကုလားပြည်မှာနေခဲ့တုန်းက အတိုင်းပါပဲ။ ကိုယ်က ဒီကိုကျောင်းသားဗီဇာနဲ့ရောက်လာတာဆိုတော့ ဗီဇာပေးတဲ့ ကျောင်းမှာပဲ သွားတက်ရတယ်။ အင်္ဂလန်မှာ ကိုယ်တက်တဲ့ကျောင်းလို့ အင်္ဂလိပ်စာသက်သက်ကို သင်တဲ့ကျောင်းတွေ နေရာအတော်များများမှာရှိတယ်။ အစိုးရကျောင်းမဟုတ်ဘူး။ ပုဂ္ဂလိကကျောင်းတွေပဲ။ ဒါပေမဲ့ အစိုးရဆီမှတ်ပုံတင်ထားရတယ်။

အဲဒီကျောင်းတွေက နိုင်ငံခြားကျောင်းသားတွေကို Admission Letter လို့ခေါ်တဲ့ ကျောင်းလက်ခံစာနဲ့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ အင်္ဂလန်သံရုံးကို လိပ်မူတဲ့ Visa Recommendation Letter လို့ခေါ်တဲ့ ဗီဇာပေးဖို့ထောက်ခံစာတစ်စောင်စီရေးပေးတယ်။ အဲဒီစာနှစ်စောင်ရရင် အင်္ဂလန်ကိုလာလို့ရပီ။ တခြားလိုအပ်ချက်တွေကတော့ သူငယ်ချင်းသိတဲ့အတိုင်းပဲလေ။ ဘယ်သူက ကိုယ့်ကို စပွန်စာလုပ်သလဲပေါ့။ အဲဒီစပွန်စာကတော့ အရေးကြီးဆုံးပေါ့။ အဲဒီတော့ ဒီကိုလာချင်တဲ့ကျောင်းသားတွေမှာ
(၁) အင်္ဂလန်မှာရှိတဲ့ အသိတစ်ယောက်ယောက်ဆီက Sponsorship Letter
(၂) သက်ဆိုင်ရာကျောင်းကပေးတဲ့ Admission Letter
(၃) အဲဒီကျောင်းက သက်ဆိုင်ရာသံရုံးကိုပေးတဲ့ Visa Recommendation Letter
(၄) မြန်မာပြည်မှာရှိတဲ့ ကိုယ့်ကိုထောက်ပံ့မယ့် မိဘ(သို့) အဖွဲ့အစည်းရဲ့နှစ်စဉ်ထောက်ပံ့ငွေကြေးပမာဏကိုရေးထားတဲ့ အာမခံစာ
(၅) ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ်နေတဲ့ကျောင်း/ကောလိပ်/တက္ကသိုလ်တစ်ခုခုက အကြီးအကဲရဲ့ ပြန်လာမယ်ဆိုတဲ့ အာမခံစာ
(၆) ကိုယ့်ရဲ့ CV Form (Curriculum Vitae Form)
(၇) အစိုးရအသိအမှတ်အပြု ရှေ့နေဆီမှာ နိုထရီလုပ်ထားတဲ့ ကိုယ့်မှတ်ပုံတင်
(၈) နိုထရီလုပ်ထားတဲ့ အောင်လက်မှတ်တွေနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေ အားလုံး

အဲဒါတွေအကုန်စုံရင်တော့ ဒီကိုလာလို့ရပါပြီ။ ကိုယ်လာတုန်းကတော့ IELTS Statementကို မတောင်းဘူး။ အခုနောက်ပိုင်းတော့ အနည်းဆုံး General Overall Band 6.0 အဆင့်ရှိတဲ့ အင်္ဂလိပ်စာအောင်လက်မှတ်ပါမှ လို့ကြားနေရတယ်။ အဲဒါကတော့ ကိုယ့်ဖာသာကြိုးစားရမယ့်ကိစ္စပဲဗျို့။ ကိုယ်တောင် ဒီရောက်မှ ဖြေရတာ။ တက္ကသိုလ်တက်မယ်ဆိုရင်တော့ General နဲ့မရဘူး၊ Academic မှရတယ်။ တစ်ခုပြောချင်တာက အဲဒီ IELTS အောင်လက်မှတ်ကလဲ ဒီရောက်မှဖြေတာထက် မြန်မာပြည်မှာကတည်းက ဖြေလာရင်ပိုကောင်းတယ်။ နောက်ပြီး သေချာမှပဲ လာတာကောင်းတယ်။ နို့မို့ဆို ဒီမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပိုက်ဆံသိပ်ကုန်တယ်။

ကိုယ့်ပြည်မှာကတော့ ပိုက်ဆံပေးစရာမလိုတဲ့ မိဘအိမ်ကထမင်းစား၊ သွားဖြေ။ ရရင်အိုကေ။ မရရင်ဆက်ဖြေ။ ပြဿနာမရှိဘူး။ ဒီမှာတော့ ဘာအတွက်ပဲဖြစ်ဖြစ် ပိုက်ဆံမထွက်ရင် မရဘူး။ ဒီတော့ တက္ကသိုလ်တက်မယ့်ကျောင်းသားဆိုရင်လဲ အဲဒီမှာကတည်းက ပြည့်စုံအောင်လုပ်လာပြီးမှ ဒီရောက်တော့ အဆင်သင့်တက္ကသိုလ်တက်ဖို့လုပ်။ ခန့်မြန်မြန်ပြီးသွားနိုင်တယ်။ မဟုတ်ရင် သူတို့အင်္ဂလိပ်စာကို လိုက်နေရတာနဲ့ပဲ အတော်လေးအချိန်ကုန်တယ်။ ငွေကုန်တာကလဲ သောက်သောက်လဲပဲ။ ကိုယ်ကတော့ ကိုယ့်သက်ဆိုင်ရာအဖွဲ့အစည်းကပေးတဲ့ စပွန်စာနဲ့ရောက်လာတာဆိုတော့ အဲဒီအတွက်သိပ်အားမစိုက်ရဘူး။ လောလောဆယ်ပြောပါတယ်။ ဒါပေမဲ့ အခုလာမယ့် ၂၀၀၉ကျရင် တက္ကသိုလ်တက်ခါနီး ဘဏ်ထဲကို စကောလားရှစ်ငွေတွေ အချိန်မီရောက်မလာမှာကိုတော့ အတော်လေးပူပင်နေမိတယ်ဗျို့။ ဘာဖြစ်လို့လဲဆိုရင် ကျူရှင်ဖီးကိုက ဒေါ်လာနှစ်သောင်းကျော်၊ သုံးသောင်းနီးပါးပေးရမှာဆိုတော့ လက်ရှိငွေကိုတွက်ကြည့်ရင် စက်မရှိတဲ့ သူဌေးလေးဖြစ်နေလို့ပါပဲ သူငယ်ချင်း။

1 comment:

Anonymous said...

moneymashi yin pay hmar pop boo daw ya