Monday, October 13, 2008

ချီးမွမ်းခံလိုသော လူ့သဘာဝ

အတ္တနော ခေါ ပန ၀ဏ္ဏေ ၀ုတ္တေ ပဒုဿနကသတ္တော နာမ နတ္ထိ။
(အံ၊ ဋ္ဌ)
မိမိဂုဏ်ကို ချီးမွမ်းခံရခြင်းကြောင့် စိတ်ဆိုးသွားသော လူဟူ၍ မရှိချေ။
(ဗုဒ္ဓစာပေ)

ကျနော် ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ အဆိုအမိန့်လေးတစ်ခုပါ။ ဘုရားစာတွေထဲကလို့ မှတ်မိပါတယ်။ ဒဿနိကဗေဒကို ယူထားတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ဘာသာရေးစာတွေဟာ အတွေးအခေါ်ကို အတော်ဖြစ်စေနိုင်တယ်ဆိုတာ များများ ဖတ်လေလေ သိရလေလေပါပဲ။ ဒါကြောင့် ကျနော်တို့မြန်မာစာပေလောကသားတွေဟာ ဘာသာရေးစာပေတွေနဲ့ အထူးသဖြင့် မြန်မာစာကို ဝေါဟာရများစွာတိုးစေတဲ့ ဗုဒ္ဓစာပေတွေနဲ့ အလျှင်းသင့်သလို ထိတွေ့နေကြရပါတယ်။ ဗုဒ္ဓစာပေတွေကြောင့် မြန်မာစာပေ တိုးတက်လာတယ်ဆိုရင်တောင် မှားမယ်မထင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓစာပေကို ဘာသာရေးစာပေတစ်မျိုးတည်းအဖြစ်နဲ့ မမြင်ပဲ အမျိုးသားရေးစာပေ အဖြစ်နဲ့ပါ မြင်ပြီး လေ့လာကြမယ်ဆိုရင် ကျနော်တို့ မြန်မာစာပေဟာ ဒီထက်မက ပိုမိုကြွယ်ဝလာမယ်လို့ ကျနော်ယုံပါကြည်တယ်။

အထက်ပါ အဆိုအမိန့်ဟာ ဘုရားကိုယ်တော်တိုင်ရဲ့အဆိုအမိန့်တော့ မဟုတ်ပါဘူး။ ခက်ခဲနက်နက်လှတဲ့ ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူသူတွေ လွယ်ကူအောင်အဖွင့်ကျမ်းပေါင်းများစွာကို ရေးထားတော်မူခဲ့တဲ့ ဆရာတော် အရှင်ဗုဒ္ဓဃောသထေရ်ကြီးရဲ့ comment တစ်ခုပါ။ အတွေးအခေါ်တိုင်းဟာ အချိန်ကာလ သို့မဟုတ် အဖြစ်အပျက်တစ်ခုခုကို အခြေတည်ပြီး ဖြစ်ပေါ်လာခဲ့တယ် လို့ ကျနော်တစ်နေရာမှာ ရေးခဲ့ဖူးပါတယ်။ အခုလဲ ဒီအတွေးဟာ အဖြစ်အပျက်တစ်ခုကို အကြောင်းပြု အခြေခံပြီး ထွက်ပေါ်လာခဲ့တာပါ။ အဖြစ်အပျက်က ဒီလို။

တစ်ခါတုန်းက ဗုဒ္ဓရှင်တော်ဆီ ပုဏ္ဏားကြီးတစ်ယောက်ရောက်လာပါတယ်။ ရောက်ပြီး ဘုရားရှင်နဲ့ နှုတ်ခွန်းဆက်စကားလေးဘာလေး ပြောပြီးတော့ ပုဏ္ဏားကြီးက ဘုရားရှင်ကိုပြောတယ်။
ပုဏ္ဏားတွေဟာ စာပေကျမ်းဂန်တတ်ကျွမ်းအောင် သင်ကြားပြီးတော့ သူတို့ရဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် ယဇ်ပူဇော်ကြပါတယ်။ သူတို့ရဲ့အဲဒီယဇ်ပူဇော်မှုဟာ အများအတွက်ပါ လွတ်မြောက်ရာလွတ်မြောက်ကြောင်းဖြစ်ပါတယ်။ အရှင်တို့ရဲ့ ရဟန်းအကျင့်ဆိုတာကတော့ တစ်ကိုယ်ရေလွတ်မြောက်ဖို့ပါပဲ၊ အများအတွက်တော့ မဟုတ်ဘူး တဲ့။

ဒါနဲ့ ဘုရားရှင်က မေးတယ်။
ပုဏ္ဏားကြီး၊ ဘုရားရှင်တို့ဆိုတာ ရှေ့ဦးစွာ ကိုယ်တိုင်သိအောင်ကျင့်ပါတယ်။ ပြီးတော့ မိမိသိတဲ့အတိုင်း သတ္တ၀ါတွေလွတ်မြောက်ရေးအတွက် တရားဓမ္မကို ဟောကြားပါတယ်။ ဟောကြားတဲ့အတိုင်း လိုက်နာကျင့်ကြံအားထုတ်ကြတဲ့ သတ္တ၀ါတွေဟာ သံသရာက လွတ်မြောက်မှုကို ရသွားကြတယ်။ ဒီလိုဆိုရင် ရဟန်းအကျင့်ဆိုတာ သင်ပြောသလို တစ်ကိုယ်ကောင်းအကျင့်လား၊ အများအတွက်အကျင့်လား လို့ မေးတော်မူလိုက်တယ်။

အဲဒီတော့ ပုဏ္ဏားကြီးခမျှာ Yes လဲဖြေလို့မရ၊ No လဲ မပြောနိုင်ဖြစ်နေရှာတော့တာပေါ့။ Yes လုပ်ရင်လဲ သူရှုံးပြီးကိုး။ No လုပ်ရင်လဲ သူ့စိတ်ကကိုက ဘုရားပြောတာကို လက်ခံပြီးသားဖြစ်နေတော့ ပြောလို့မရဘူး ဖြစ်နေတယ်။ အဲဒီလို အိုးတိုးအတဖြစ်ပြီး ခေါင်းကုတ်စဉ်းစားနေတာကို ဘုရားနောက်တော်ပါးမှာထိုင်နေတဲ့ အရှင်အာနန္ဒာကတွေ့တော့ ပြောတယ်။
ပုဏ္ဏားကြီး၊ ဘုရားမေးတာဖြေလေ၊ ဟုတ်သလား မဟုတ်ဘူးလား ဆိုတော့ ပုဏ္ဏားကြီးက ဝေ့လည်ကြောင်ပတ်နဲ့ မဖြေဘူး။ ဒါပေမဲ့ အဖြေအစား ဘာပြောလဲဆိုတော့---
ဗုဒ္ဓမြတ်စွာနဲ့ အရှင်အာနန္ဒာတို့ဆိုတာ တပည့်တော် အင်မတိ အင်မတန်ကို လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ--တဲ့။ မေးတာကတခြား၊ ဖြေတာကတခြား။

ဘုရားနဲ့ အရှင်အာနန္ဒာကို မြှောက်ပစ်လိုက်တာ။ သူ့စိတ်ထဲမှာတော့ ဒီလိုမြှောက်ပြောလိုက်တဲ့အတွက်ကြောင့် စိတ်ဘ၀င်လေဟတ်ပြီး အရှင်အာနန္ဒာက သူ့ကို ဘေးကြပ်နံကြပ်ဖြစ်စေတဲ့ အဲဒီမေးခွန်းဆက်မမေးတော့ဘူးလို့ ယူဆနေသတဲ့။ ဒါပေမဲ့ အရှင်အာနန္ဒာက သုံးခါမေးတယ်။ ပုဏ္ဏားကြီးကလဲ သုံးခါစလုံး တစ်ပုံစံတည်းပဲပြောတယ်။ မပြောင်းဘူး။ ဘုရင့်နန်းတော်ထဲမှာ ရာထူးကြီးကြီးနေရာရထားတဲ့ အမတ်ကြီးတစ်ယောက်ဖြစ်တဲ့ ဒီပုဏ္ဏားကြီးဟာ သာမန်လူ့သဘော လူ့မနောတော့ အတော်ကြေကောင်းကြေမှာပါပဲ။ ဒါပေမဲ့ အရိယာတွေရဲ့စိတ်ကိုတော့ မခန့်မှန်းနိုင်ရှာဘူး။ နောက်ဆုံးတော့ သူ့ခမျှာ လက်လျှော့လိုက်ရရှာတယ်။

အဲဒီပုဏ္ဏားကြီးရဲ့ သီဝရီက ဘာလဲ ဆိုရင် အထက်မှာ ကျနော်ပြောခဲ့တဲ့ စကားလေး။ No one is angry if flattered မြှောက်ပြောရင် ဘယ်သူမှ စိတ်မဆိုးဘူး တဲ့။ ဒါပေမဲ့ သူ့ခမျှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ ရှုံးပေးလိုက်ရရှာတယ်။

ကျနော် ဒီအထိချီနေတာ အကြောင်းရှိလို့ပါ။ ဒီကနေ့ကျနော် ကျောင်းကပြန်ရောက်တော့ ရောက်ရောက်ချင်းကျနော့် Laptop အစုတ်လေးဖွင့်ပြီး ထုံးစံအတိုင်း ဘယ်သူဘယ်ဝါ ဘာညာကွိကွတွေ လျှောက်လိုက်ကြည့်လိုက်တယ်။ ထိုင်းမှာ စကောလားရှစ်ရပြီး ကျောင်းတက်နေတဲ့ ကျောင်းသူလေးတစ်ယောက်က ကျနော့်ဆီ သူ့လုပ်ရမယ့်ကျောင်းစာတွေ မကြာမကြာ ပို့ပို့ပြီး ဟိုဟာခိုင်း ဒီဟာခိုင်း ခိုင်းလေ့ရှိတယ်။ သူ့ဆီက ပို့ထားတဲ့ မေးလ်တွေဖတ်ပြီး စိတ်မသက်မသာဖြစ်နေရင်းနဲ့ ကျနော်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကို ဖွင့်ကြည့်လိုက်တယ်။ ဘယ်သူ့ဆီကများ ချီးကြူးထောမနာပြုစာတွေ ရောက်လို့နေလဲပေါ့။ ဒါဟာ ကျနော်တို့ ဘလော့ဂါတွေရဲ့ အကြီးမားဆုံး မျှော်လင့်ချက်တစ်ခုမဟုတ်လား။ ဒါပေမဲ့ ဝေဘန်တဲ့စာတွေရောက်လာရင်တော့ သင့်ဆီက ဝေဘန်စာတွေကို ကြိုဆိုပါသည် လို့ ကျနော်ရေးထားခဲ့ပေမဲ့ တကယ့်တကယ်ဝေဘန်လာရင် စိတ်မသက်သာဖြစ်တာလက်တွေ့ တွေ့ရတယ်။

အခု ကျနော့်ကို တကယ့်တကယ် ဘယ်သူမှ မဝေဘန်ကြသေးဘူး။ ဒါပေမဲ့ ကျနော်လုပ်ထားတဲ့ မဲပေးဇယားလေးထဲမှာ ကြိုက်ပါတယ်၊ မဆိုးပါဘူး၊ လိုသေးတယ်၊ မကောင်းဘူး၊ ဘာမှန်းမသိဘူး၊ ဆိုပြီး မဲငါးမျိုးပေးခိုင်းထားတဲ့အနက် ဒီနေ့ ထူးထူးခြားခြား လိုသေးတယ် ဆိုတဲ့အကွက်ထဲမှာ တစ်ယောက်သောသူက မဲပေးထားတာကို သွားတွေ့တယ်။ ကျနော် ချက်ချင်းစိတ်မသက်မသက်မသာဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကို လိုသေးမှန်းသိပါလျှက်နဲ့ သူများက အမှန်အတိုင်း လိုသေးတယ်လို့ ပြောတာကို ငါဘာ့ကြောင့်များ စိတ်မသက်မသက်ဖြစ်နေရသလဲ ကိုယ့်ကိုယ်ကို အကြိမ်များစွာ မေးလိုက်မိတယ်။ ကျနော်က လူ့စရိုက်လူ့သဘော ကိုလေ့လာပြီး စာတမ်းပြုစုနေတဲ့လူဆိုတော့ ကိုယ့်ကိုယ်ကို ဘယ်အုပ်စုထဲမှာပါတယ် လို့တော့ အကြမ်းဖျဉ်းထည့်ထားပါတယ်။

တကယ်လို့များ ကြိုက်ပါတယ် ဆိုတဲ့အကွက်ထဲမှာသာ မဲပေးခဲ့မယ်ဆိုရင် ကျနော် တော်တော်ပျော်မှာ သေချာတယ်။ ကိုယ့်ရဲ့ဟာကွက်ပျော့ကွက်ကို ထောက်ပြတဲ့လူရှိလာတာကို ၀မ်းသာရမယ့်အစား စိတ်မသက်မသာဖြစ်သွားတာဟာ သူပြောခဲ့တဲ့ လိုသေးတယ်ဆိုတဲ့စကားဟာ ကျနော့်အတွက် နဲတောင်နဲသေးတယ် လို့ အမှန်တိုင်းပြောရလိမ့်မယ်။ ဒါ့ကြောင့် အရာဝတ္ထုတိုင်းရဲ့ ဆန့်ကျင်ဘက်သဘောအရ အထက်ပါ အဆိုအမိန့်လေးကို ပြောင်းပြန်တွေးကြည့်တယ်။ အဲလိုတွေးလိုက်တော့--
နှိမ်ပြောရင် ဘယ်သူမှ မကြိုက်ဘူး၊ ဆိုတဲ့ အဖြေလာထွက်တယ်။ ဒါပေမဲ့ မြှောက်ခြင်းနဲ့ နှိမ်ခြင်းသဘောနှစ်ခု အကြားမှာ အမြင်တစ်ခုရှိသေးတယ်။ အဲဒါကတော့၊ အမှန်တိုင်းပြောရင်--------------၊ ဆိုတဲ့ အမြင်။ ဒီအမြင်ဟာ အတော်အရေးကြီးတဲ့ အမြင်ပါပဲ။ ကြောက်စရာကောင်းလောင်အောင်ကို အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့--
အမှန်တိုင်းပြောတဲ့အတွက် အဖြေဟာ အပေါင်းလက္ခဏာဖြစ်သွားနိုင်သလို၊ အနှုတ်လက္ခဏာလဲ ဖြစ်သွားနိုင်တယ်
ဒီတော့ ဂရုစိုက်ရတယ်။ ချင့်ချိန်မှုရှိရတယ်။ လူကိုကြည့်ရတယ်။ အခြေအနေကိုလဲ လေ့လာရတယ်။ အရမ်းပြောလို့မရဘူး။ စကားလုံးကို ရွေးချယ်ရတယ်။ ပညာရဲ့ အခန်းကဏ္ဍဖြစ်လာတယ်။

သူဟာကျနော့်ကို နှိမ်ပြောတာမဟုတ်ဘူးလို့ ကျနော်လက်ခံတယ်။ ယုံလဲယုံတယ်။ မြှောက်လဲ မပြောဘူး။ ဒါဖြင့်ရင် ဘယ်အမြင်နဲ့ သူပြောခဲ့သလဲ။ အမှန်တိုင်းမြင်ပြီး အမှန်တိုင်းပဲ သူပြောခဲ့တာပါ။ ခက်နေတာက ကျနော်တို့ရဲ့လူ့သဘာဝ၊ လူ့စရိုက်၊ လူ့အကြိုက်။ ကျနော်တို့ ပုထုဇဉ်လူသားတွေဟာ အတော်ဂွကျတဲ့လူတွေဗျာ့။ မြှောက်ပြောရင် ဟုတ်တာ/မဟုတ်တာအပထား၊ စိတ်မဆိုးတာတော့ သေချာတယ်။ နှိမ်ပြောရင်တော့ မကြိုက်ကြဘူး။

ဒါဆိုအမှန်တိုင်းပြောမယ် ဆိုရင်ကော ဆိုတော့၊ ဒါလဲ အတော်ဆင်ခြင်ရမယ့် စကားပဲ။ လူတိုင်းဟာ ကိုယ့်ချို့ယွင်းချက်နဲ့ကိုယ်စီရှိသူတွေချည်းပဲ ဆိုတော့ အဲဒီချို့ယွင်းချက်ကို ဖေါ်ပြီး အမှန်တိုင်းလဲ သွားပြောလို့ မဖြစ်ပြန်ဘူး။ ပြောရင်လဲ နဲနဲမှ ကြိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် မှန်တိုင်းလဲ မကောင်းဘူး လို့ ကိုသူရတို့ ပျက်လုံးထုတ်ခဲ့ကြတာနေမှာ။ ကျနော် စဉ်းစားကြည့်တယ်။ လူ့သဘာဝဟာ ချီးမွမ်းခံလိုတဲ့ သဘောရှိတယ် လို့။ ဘာပဲပြောပြော ကျနော့်ကို လိုသေးတယ်လို့ပြောတဲ့ စာဖတ်ပရိတ်သတ်ကို အထူးပဲကျေးဇူးတင်ကြောင်း ဒီမှာဆိုပါရစေ။ သူ့စကားကြောင့် ကျနော် ဒီစာကို ရေးဖြစ်သွားတာ။ မဟုတ်ရင် ဒီနေ့ကျနော့်မှာ ရေးစရာစာမရှိဘူး။ Thank you နော်။