Tuesday, October 7, 2008

အပြစ်ဆေးကြောပွဲတော်


This is my exchange, this is my substitute, this is my atonement. This chicken will go to its death while I will enter and proceed to a good long life and peace.

ဤကြက်သည် အကျုပ်နုပ်၏ အလဲအလှယ်ဖြစ်ပါ၏၊ ဤကြက်သည် အကျုပ်နုပ်၏ အစားထိုးမှုဖြစ်ပါ၏။ ဤကြက်သည် အကျုပ်နုပ်၏ အပြစ်ဆေးကြောခြင်းဖြစ်ပါ၏။ အကျုပ်နုပ် ကောင်းမြတ်သောဘ၀မှာ ငြိမ်းချမ်းကြာမြင့်စွာ အသက်ရှင်ခြင်းသို့ ရောက်သောအခါ ဤကြက်သည် သူ့ဘ၀၏ နိဂုံးသို့ရောက်ပါလိမ့်မည်။

အဲဒါကတော့ ဂျူးလူမျိုးတွေအပြစ်ကုစားတဲ့အခါ ဆိုတဲ့အာပတ်ဖြေနည်းပါ။ အဲဒီအပြစ်ကုစားတဲ့အာပတ်ဖြေပွဲတော်ကို သူတို့စကားအရ Yom Kippur ယွန်ကစ်ပါ လို့ခေါ်တဲ့လမှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရဲ့ရိုးရာနာမည်ကတော့ Kaparot ကာပရော တဲ့။ ဒီနာမည်ဟာ အတော်ရှေးကျပြီး ဒဏ္ဍာရီဆန်တယ်လို့ဆိုပါတယ်။ အဲဒီကာပရောပွဲတော်ကို ဂျူးပြက္ခဒိန်အရ Rosh HaShana and Yom Kippur,(၉/၁၀လပိုင်းများ)ရောရှ်ဟာရှနနဲ့ ယွန်ကစ်ပါလတွေအကြား ဘယ်ရက်မဆို ကျင်းပါနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ယွန်ကစ်ပါလမတိုင်မီတစ်ရက်အလို အရုဏ်အတက်မှာ ကျင်းပလေ့ရှိပါတယ်။

ပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်လုံးလုံး စုမိနေတဲ့အပြစ်တွေကို ဆေးကြောသုဓ်သင်ဖို့ပါ။ အစဉ်လာအရကတော့ အမျိုးသားတွေက ကြက်ဖအဖြူ၊ အမျိုးသမီးတွေက ကြက်မအဖြူကို ဦးခေါင်းအထက်မှာ လက်နှစ်ဘက်နဲ့မြှောက်ကိုင်ပြီး အထက်ဖေါ်ပြခဲ့တဲ့ စာပိုဒ်ကို ဆိုကြရပါတယ်။ ပြီးတာနဲ့ ကြက်ကိုသတ်ပြီး အဲဒီကြက်အသေကိုဖြစ်စေ၊ အဲဒီကြက်ရဲ့တန်ဖိုးကိုဖြစ်စေ၊ ဆင်းရဲသားတွေကို ပေးပစ်လိုက်ရပါတယ်။ ဒါဟာ ဒီပွဲတော်ရဲ့ အစဉ်အလာတစ်ခုပေါ့။

ဒီနေရာမှာ ပွဲလုပ်ပုံနှစ်မျိုးရှိပါတယ်။ ရှေးရိုးကို မပယ်ချင်တဲ့ ရှေးရိုးစွဲသမားတွေကတော့ မိမိအပြစ်အတွက် ကြက်ကိုသတ်ပြီး ဆေးကြောပါတယ်။ နောက်ပိုင်းတော်လှန်တဲ့အတွေးအခေါ်ရှိတဲ့လူတွေကတော့ အဲဒီနေ့ရောက်တဲ့အခါ မိမိတို့တတ်နိုင်သလောက် ပိုက်ဆံတွေကိုစု၊ အဖြူရောင်လက်ကိုင်ပ၀ါနဲ့ကျကျနနထုပ်၊ ပြီးရင် အထက်ကအတိုင်း ကြက်ကိုခေါင်းပေါ်မြှောက်ပြီးရွတ်သလိုရွတ်။ နောက်နေ့ကျတော့ အဲဒီပိုက်ဆံထုပ်ကို နီးစပ်ရာလူမှုရေးအသင်းတစ်သင်းသင်းဆီသွားလှူလိုက်ကြပါတယ်။
ဒါကတော့ ဂျူးလူမျိုးတွေရဲ့ အပြစ်ဆေးကြောတဲ့ အာပတ်ဖြေပွဲတော်ပေါ့။

ကျနော်တို့ မြန်မာတွေမှာလဲ နှစ်စဉ်အာပတ်ဖြေပွဲတော်ရှိပါ့ဗျား။ သင်္ကြံပွဲတော်လေ။ သိတယ်မို့လား။ အဲဒီနေ့ရောက်ဖို့ပဲ မျှော်နေကြရတာ။ အပြစ်ဆေးကြောချင်လို့တော့မဟုတ်ပါဘူး။ ကဲချင်လို့။ အချို့အသက်ကြီးတဲ့လူတွေကျတော့လဲ သင်္ကြံဆိုတဲ့အသံမကြားချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြံအသံကြားရင် အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာကို လိမ်လို့မရတော့လို့။ အပျိုကြီးတွေဆို ပိုဆိုးသေး။ အသက်ကြီးမှာသိပ်ကြောက်။ အဲဒီတော့ တစ်ဘက်လှည့်နဲ့ ရိပ်သာသွားပြီး ဥပုသ်စောင့်ကြလေသတည်းပေါ့။ အားလုံးတော့မဟုတ်ပါဘူးဗျာ။ တစ်ချို့ကိုပြောပါတယ်။

အင်ဒိယနိုင်ငံမှာလဲ အပြစ်ဆေးတဲ့ပွဲတော် နှစ်စဉ်ရှိတယ်။ ဂင်္ဂါမြစ်ထဲဆင်းပြီး ရေဆင်းစိမ်ကြတာ။ လူထောင်သောင်းချီပြီး ဆင်းတော့ အချို့လဲ ရေထဲမှာနင်းခံရပြီးသေသွားကြတယ်။ အချို့လဲ ရေထဲမျောပါသွားကြတယ်။ အပြစ်ပြောင်မပြောင်တော့ မသိဘူး။ အဖြစ်ကတော့ အဲလိုပဲ။

ရိုးရာအစဉ်အလာတွေဟာ တစ်ခါတစ်လေတော့အတော်ကြောက်စရာကောင်းတယ်။ နိုင်ငံတိုင်းလောက်နီးပါးမှာ ရှိမယ်ထင်တယ်။ အနည်းနဲ့အများပဲကွာမယ်။ များသောအားဖြင့်တော့ နောက်ပိုင်းမှာ ပုံသဏ္ဌာန်ပြောင်းပြောင်းလာတယ်။ ဥပမာ ဂျူးတွေရဲ့ ကာပရောပွဲတော်ဟာ ကြက်သတ်ပြီးပေးတဲ့ဓလေ့ကနေ လက်ကိုင်ပ၀ါဖြူနဲ့ပိုက်ဆံထုပ်ပြီးလှူတဲ့ပုံစံဆီ တဖြေးဖြေးချင်းပြောင်းနေတယ်။ ဒါဟာ အလွန်အင်မတန် ကြိုဆိုအပ်တဲ့ ပြောင်းလဲမှုကြီးပဲ။

ကျနော်တို့မြန်မာတွေရဲ့ သင်္ကြံပွဲတော်ကတော့ ငွေဖလားထဲမှာရှိတဲ့နံသာရေတွေကို သပြေခက်လေးနဲ့ အသာတို့ယူပြီး ဖြတ်သွားဖြတ်လာတဲ့ သူတွေကို ရင်ကျေးလေးစားစွာ ဖျန်းပက်တဲ့အစဉ်အလာကနေ ကားကြီးကာငယ်တွေပေါ်ရေတိုင်ကီတွေတင်၊ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဟစ်ဟော့သီချင်းတွေကို အသကုန်ဖွင့်ပြီး တွေ့တဲ့လူတွေကို အထူးသဖြင့်ကောင်မလေးတွေကို အရှိန်ပြင်းပြင်းနဲ့ပက်တဲ့ ပျော်ပွဲရွှင်ပွဲအဖြစ်သို့ လုံးလုံးရောက်သွားပါပြီ၊ ကနေ့လူငယ်တွေရဲ့ ရင်ထဲမှာ သင်္ကြံဟာပျော်ပွဲကြီးတစ်ခုအသွင်နဲ့ပဲ ရှိနေမယ်ထင်ပါတယ်။ အပြစ်ဆေးကြောတဲ့ ပွဲတော်ရယ်လို့တော့ ဆယ်ရောက်တစ်ယောက် သိဖို့ခက်သွားပါပြီ။

မတတ်နိုင်ဘူးလေ။ ရေစီးကြောင်းကိုးဗျာ့။ ကျနော်လဲ သင်္ကြံဆို သူငယ်ချင်းတွေနဲ့ ကဲလို့ရသလောက်ကဲတဲ့အထဲမှာ ပါတာပါပဲ။ အဲဒီတော့ ကဲတဲ့လူတွေကို အပြစ်မပြောပါဘူးဗျာ။ တစ်ခုတော့ပြောချင်တယ်။ ရည်ရွယ်ချက်အမှန်ကိုတော့ နားလည်ထားသင့်တယ်။ ကျနော်ပြောချင်တာ အဲဒါပါပဲ။ သူငယ်ချင်းတို့ရေ လာမည့်နှစ်သင်္ကြံကျရင် မန္တလေးတောင်သွားကဲကြမယ်ဟေ့။ အခုကတည်းက အားထည့်ထားကြ။

2 comments:

Anonymous said...

interesting

သုခုမလေဒီ said...

ရိုးရာဓလေ့အကြောင်းလေးတွေသိရတာကောင်းပါတယ်။အဲဒီလိုသိသင့်တာလေးတွေကိုထပ်ရေးစေချင်တယ်။စာလုံးပေါင်းတွေတော့မှားနေတာသတိထားပေါ့မောင်လေးရာ..