Showing posts with label သူငယ်ချင်းသို့ ပေးစာများ. Show all posts
Showing posts with label သူငယ်ချင်းသို့ ပေးစာများ. Show all posts

Wednesday, November 11, 2009

သူငယ်ချင်းသို့ (၁၅)

မိတ်ဆွေကြီး ကိုပုလင်းထောင်၊ ဟဲဟဲ စိတ်မဆိုးနဲ့နော်။ ကိုနှင်းမောင်နဲ့ တင်စားချင်လို့ပါ သူငယ်ချင်းရာ။ ကိုယ့်လူက ချောင်းတာမြောင်းတာ ၀ါသနာ ခပ်ပါပါဆိုတော့ ကိုနှင်းမောင်နဲ့ နင်လားငါလား သဘောတူပေသကိုးဗျာ့။ ကျမ်းခန့်သာလို့ မာပါစနော်။ စာမရေးဖြစ်တာ ကြာလို့ သတိလဲ လွန်စွာ့လွန်စွာ ရပေသမို့ကြောင့် အခုလို စာတစ်တန် ပေတစ်ဖွဲ့ ရေးလိုက်ရကြောင်းပါဗျား။ သူငယ်ချင်းဆီစာမရေးဖြစ်တာ ပြန်တွက်ကြည့်ရင် လတွေတောင် တော်တော် ပတ်လည်သွားပြီ။ မြန်မာပြည် ခေတ္တပြန်ပြီး ပြန်ရောက်တည်းက မရေးဖြစ်တာ အခုထိပဲ။ ဘယ့်နှယ်လဲ စင်မြင့်မှာ အဆင်တင့်ရဲ့ မဟုတ်လား သူငယ်ချင်း။

ရွှေမန်းမှာ နေသရမ်းလို့ အပူလွှမ်းတဲ့အကြောင်း မနေ့က အွန်လိုင်းက အသိတစ်ယောက်ပြောပြလို့ သိရသဗျာ့။ ကိုယ့်လူနေတဲ့ ရွှေမန်းတောင်ခြေမှာတော့ ဘယ်လိုနေမယ် မသိဘူး။ အရိပ်ကောင်းကောင်း သစ်ပင်ကြိုအကြားက ချွေးသံရဲရဲစုံတွဲတွေကို သုတေသနပြုပြီး နောင်လာနောင်သားများအတွက် “ရွှေမန်းတောင်ခြေ ဆောင်ကြာမြေ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတစ်ခုလောက် ပြုစုရေးသားခဲ့ပါဦး သူငယ်ချင်း။ အလကား အကောင်းပြောတာပါဗျာ။ တကယ်သွားမရေးနဲ့နော်။ တော်ကြာ တက္ကသိုလ်ဆရာ နာမည်ပျက်နေဦးမယ်။

ကိုယ်လဲ လန်ဒန်ရောက်နေတာ အခုဆို သုံးနှစ်ထဲတောင် ရောက်နေပြီ။ အခုထိ နေသားမကျသေးဘူး ကိုယ့်လူရေ့။ ချမ်းချက် အေးချက်ကတော့ ရက်စက်ပါပေ့။ အခုစာရေးနေတဲ့အချိန်တောင် လေလုံခန်းထဲမှာ စောင်ပတ် ချောင်ကပ်ပြီး တုန်တုန်ရီရီနဲ့ ရေးနေရတာကလား။ တစ်ယောက်တည်းမို့ ပိုချမ်းတယ်လို့ ထင်နေလားတော့ ကိုယ့်ကိုယ် ကိုယ်တောင် မသိဘူးဗျို့။ ချမ်းတာတော့ အမှန်ပဲ။
“အာကာကို လွှာပုံပြုပါလို့
မေရုကိုတဲ့ စုတံချီ
သမုဒ်ရေ မင်လုပ်လို့
ချမ်းတာတွေ စာသီကုံးရရင်
ဆုံးအံမထင်”
လို့တောင် ပြောင်းဆိုရမလိုဖြစ်နေပြီ။

ချမ်းပါတယ်ဆိုကာမှ ဒီရာသီကျမှ ကျောင်းကလဲ မပျက်မကွက် နေ့တိုင်းနီးပါး တက်နေရသေးသဗျား။ ကျောင်းလခသွင်းပြီး ဘဏ်ထဲလဲ အသက်ရှင်ရုံပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ ပွင့်လင်းတဲ့ ပညာရေးစနစ်အောက်မှာ စာသင်ရတာတော့ ကောင်းပါတယ်။ ကိုယ်တို့ဆီနဲ့ တခြားစီပေါ့ သူငယ်ချင်း။ ကိုယ်တို့ဆီဆိုလို့ ပြောရဦးမယ်။ အခုတစ်လော အင်တာနက်သတင်းစာမျက်နှာတွေမှာ မြန်မာပြည်ပညာရေးအကြောင်း တော်တော်များများ ရေးလာတာတွေ့ရတယ်။ ဘာတဲ့--အဝေးသင်နဲ့ကျောင်းပြီးတဲ့ ကျောင်းသူကျောင်းသားတွေ အရာရှိအရာခံလို ရာထူးမျိုးတွေ မရနိုင်ဘူး၊ ဒေးနဲ့ပြီးတဲ့ သူတွေပဲ ရာထူးရဖို့ အလားအလာများတယ် လို့ရေးထားတာ ဖတ်လိုက်ရရဲ့။

လောလောဆယ် မြန်မာပြည်မှာ ဒေးတက်နိုင်တာ ချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ စစ်တပ်ထဲက ရာထူးရှိတဲ့မိသားစုဝင် သားသမီးတွေလောက်ပဲ တက်နိုင်ကြတာ ကိုယ့်လူအသိပဲ မဟုတ်လား။ ဒီကတည်းက ပညာရေးစနစ်ကို အကွက်ကျကျ အချိန်ယူပြီး ဖျက်ဆီးပစ်နေတယ် ဆိုတာ အရမ်းသိသာနေပြီ။ အဓိပ္ပါယ်က နောင်တစ်ချိန်မှာ သူတို့မိသားစုဝင်တွေပဲ တိုင်းပြည်ကို ဆက်လက်ကိုင်တွယ်လုပ်စားသွားမည့်သဘော။ သာမန်ပြည်သူလူတမ်းစားတွေကတော့ ရရစားစားနဲ့ တိုးတက်ဖို့ရာ သိပ်မမြင်မိဘူး။ ဒီလိုနဲ့ပဲ တိုင်းပြည်ရဲ့ လူတမ်းစား ကွာဟမှုဟာ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဆက်လက်တည်တန့်နေဦးတော့မှာပဲ။ ရင်လေးပါဘိ သူငယ်ချင်း။

နောက်တစ်ခုဖတ်လိုက်ရသေးတယ်။ ကမ္မ၀ါစာကိုင်ပြီး ရွှေတိဂုံဘုရားပေါ်တက်မိလို့ အဖမ်းခံရတဲ့ သတင်း။ ဖတ်ဖတ်ချင်း မျက်လုံးတောင် ပြူးမိတယ်ဗျို့။ ဘယ်နှယ်ဗျာ၊ ကမ္မ၀ါစာကိုင်ဘုရားတက်တာ ဖမ်းရတယ်လို့။ သူတို့အကြောင်းပြချက်ကို သိရတော့ ပိုတောင် ရယ်ချင်စရာကောင်းသေးတယ်။ နိုင်ငံတော် အေးချမ်သာယာရေးကို ထိပါးစေမှု ဆိုပဲ။ မြန်မာပြည်တွင်းက ဆရာတော်သံဃာတော်တွေတော့ ဒုက္ခပဲဗျို့။ ရဟန်းခံစတဲ့ သံဃာ့ဆိုင်ရာ ကံကြီးကံငယ်ကိစ္စတွေအတွက် ဒီကမ္မ၀ါစာက မရှိမဖြစ်အမိန့်ပြန်တမ်းတွေဖြစ်ကြောင်း ဖတ်ရဖူးတယ်။ အခုလို ဖမ်းလားဆီးလာလုပ်ရင်တော့ ဘုန်းကြီးဝတ်ရဲတဲ့ လူတွေတောင် တော်တော်ရှားသွားလိမ့်မယ် ထင်ပါရဲ့ဗျာ။

၂၀၀၇-ခုနောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားချက်တွေလဲ အကျိုးပေးတာ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီနဲ့ တူတယ်နော်။ မေတ္တာပို့တဲ့ ဘုန်းဘုန်းတွေလည်း အဖမ်းခံရတယ်။ ဆွမ်းလောင်းတဲ့ လူတွေလည်း အရေးယူခံရတယ်။ အများကောင်းကျိုးဆောင်ရွက်သူတွေလည်း မသက်သာဘူး။ အခုတစ်ခါ ကမ္မ၀ါစာကိုင်တာကိုလည်း ဖမ်းပြန်သတဲ့။ ကိုယ်တော့ နားမလည်တော့ဘူးဗျို့။ ရှင်းပါဦးဗျာ။ ကျုပ်တော့ စဉ်းစားလေ ခေါင်းရှုပ်လေပဲ။ “သတ္တ၀ါတွေ ပျက်စီးချိန်တန်ရင် မှားယွင်းတဲ့ နည်းစနစ်တွေဟာ နည်းမှန်လမ်းမှန်တွေလို့ အထင်ခံရတတ်တယ်” ဆိုတဲ့ရှေးဆရာကြီးများရဲ့ မိန့်မှာချက်တွေသာ မှန်ရင်တော့ သိပ်မကြာခင်မှာ တစ်ခုခုတော့ ကျိမ်းသေဖြစ်တော့မှာဗျို့။

ကဲပါလေ၊ ပြောရတာ နှလုံးအောင့်ပါတယ်။ ပြောချင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ့်လူကိုတော့ သတိပေးရဦးမယ်။ ကိုယ့်လူက မဟုတ်မခံစိတ်ဓာတ်ကလည်းရှိ၊ နောက်ပြီး မြန်မာပြည်ထဲမှာ နေနေတာဆိုတော့ ကြည့်ကျက်လုပ်ဟေ့။ တော်ကြာ ဘုန်းကြီးကျောင်းသွားပြီး ၀ါဆိုသင်္ကန်းကပ်မှုနဲ့ အဖမ်းခံနေရဦးမယ်။ ဗုဒ္ဓဘာသာထွန်းကားလှပါသည် ဆိုတဲ့ မြန်မာပြည်ထဲမှာ ကုသိုလ်အရေးတောင် ဖြောင့်ဖြောင့်တန်းတန်းလုပ်ခွင့်မရှိဘူး။ အဲဒါမျိုးကို အခြားဘာသာဝင်သိရင်တော့ လက်ခုပ်တီးနေကြမှာ အသေအချာပဲ။ တီးလည်း တီးနေကြတာပဲလေ။ လက်ရှိစစ်အစိုးရသာ မြဲနေရင်တော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာလည်း မကြာမီပျောက်ကွယ်သွားမှာပဲ။

သူငယ်ချင်းဆီ စာရေးတာ ရောကောသောကောတွေတောင် ဖြစ်ကုန်ပြီ။ စိတ်ထဲပေါ်လာလို့ ရေးလိုက်တာပါ ကိုယ့်လူရာ။ ကိုယ့်အတွက်တော့ အစစအရာရာ စိတ်ချပါ။ ဒီမှာကျောင်းတက်ရတာလဲ အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း ကျောင်းလခပေးပြီးပြီဆိုတော့ သိပ်မပူတော့ပါဘူး။ အိမ်လွမ်းတာနဲ့ ချမ်းတာ နှစ်ခုကလွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ ကိုယ့်လူလည်း အစစအရာရာ ဂရုစိုက်ဖို့ မှာချင်ပါတယ်ဗျား။ စိတ်လိုက်မာန်ပါတော့ သွားမလုပ်နဲ့ဗျို့။ တော်ကြာ ဆောက်ပြီးကာစ ကိုယ့်လူအိမ်ကြီး စစ်တပ်တမ်းလျားဖြစ်သွားဦးမယ်။ တော်ပြီ။

Tuesday, June 16, 2009

သူငယ်ချင်းသို့ (၁၄)


သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာတောင် ကြာပေါ့။ နေကောင်းတယ်နော်။ ကိုယ်လဲ အခုတစ်လော ဟိုလုပ်ဒီလုပ်နဲ့ သိပ်တော့ မအားလှဘူး။ ၀ါသနာအရဖန်တီးထားခဲ့တဲ့ ကိုယ့်အချစ်တော် ဘလော့ဂ်လေးမှာတောင် ပို့စ်တွေ ပုံမှန်မတင်နိုင်တော့ဘူး။ ဒါတောင် တက္ကသိုလ် သွားမတက်ရသေးဘူး။ တက္ကသိုလ်သွားတက်ရပြီဆိုရင်တော့ ကျောင်းစာတွေနဲ့ နပန်းလုံးနေရတာနဲ့တင် ဘာပို့စ်မှ ရေးဖြစ်မယ်မထင်တော့ဘူး။ ဒါပေမဲ့ စိတ်တော့ ကူးထားပါတယ်။ ကျောင်းမသွားရတဲ့၊ Assignment မလုပ်ရတဲ့နေ့လေးတွေမှာ စိတ်ကူးပေါက်တာလေးတွေ ရေးမလားလို့။ သက်သက်တော့ အချိန်ပေးပြီး မရေးနိုင်တော့မှာ သေချာတယ်။

မနေ့ကပဲ မြို့လယ်ခေါင် Russell Square မှာရှိတဲ့ လန်ဒန်ယူနီဗာဒီတီ ရောက်ခဲ့သေးတယ်။ ပိုက်ဆံသွားသွင်းရတာ။ Postgraduate Course မတက်ခင် လိုအပ်နေသေးတဲ့ အင်္ဂလိပ်စာပြည့်မီရေးအတွက် နှစ်လသင်တန်းတက်ရဦးမှာတဲ့။ အဲဒီအတွက်ပေးလိုက်ရတဲ့ ပိုက်ဆံက စတာလင်ပေါင် (၂၃၈၀)၊ လက်ရှိအမေရိကန်ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် (၃၉၀၆) ဒေါ်လာဖိုး။ အဲဒါ နှစ်လစာဖိုးပဲ ရှိသေးတယ်။ ကိုယ်တို့ကျောင်းတက်ဖက် သူငယ်ချင်းသုံးယောက်သား အတူသွားသွင်းခဲ့ကြတာ။ ဘာတွေသင်ပေးမှာမို့ ဒီလောက်များတဲ့ ပိုက်ဆံပေးရလဲတော့ မသိဘူး။ နစ်နေတာပဲဗျို့။ ပိုက်ဆံလက်ခံတဲ့ အင်္ဂလိပ်စာဌာနက ဌာနမှုး Ms Susan Yates ကိုတောင် ပြောမိသေးတယ်။ “ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေတယ်-လို့ ခံစားရတယ်ဗျာ” လို့။ သူက တဟဲဟဲနဲ့ ရယ်နေသေးတယ်။

သူများနိုင်ငံလာပြီး ပညာသင်ရတာလဲ အတော်မလွယ်တဲ့ကိစ္စပဲ သူငယ်ချင်းရေ့။ ဒါတွေ ကိုယ့်လူကြီးလဲ သိပြီးသားပါ။ ကိုယ့်လူက ကိုယ့်ထက်တောင် ပိုသိသေးတယ်မို့လား။ အင်ဒိယမှာ Ph.D လုပ်နေတုန်းက Supervisor က ခဏခဏပိုက်ဆံလာလာချေးလို့ စိတ်ညစ်နေရတဲ့ ကိုယ့်လူမျက်ခွက်ကြီးကို မြင်ယောင်နေမိသေးတော့တယ်။ အင်္ဂလန်မှာကတော့ အင်ဒိယနဲ့ မတူဘူးဗျို့။ ပေးစရာရှိတာ အကုန် ပေးပြီးမှကို ကျောင်းတက်ရတာဆိုတော့ ကိုယ့်လူလို စူပါဗိုင်ဆာ နှိပ်စက်တဲ့ ဒဏ်တော့ ခံရလိမ့်မယ် မထင်တော့ဘူး။ ဒါပေမဲ့ သေတော့ မသေချာဘူးနော်။ ကိုယ့်အထင်ပြောတာပါ။ စူပါဗိုင်ဆာ ကောင်းကောင်းနဲ့တွေ့ဖို့ဆိုတာလဲ ကိုယ့်ကံပေါ်မူတည်သေးတယ်နဲ့ တူပါရဲ့။ အချို့လဲ စူပါဗိုင်ဆာကောင်းကောင်းရပြီး လျှောလျှောရှူရှူပြီးသွားတဲ့ သူငယ်ချင်းတွေ တွေ့ဖူးတယ်။ ဒါပေမဲ့ ပိုက်ဆံတော့ ပေးရတာချည်းပါပဲ။ "Money makes everything" ဆိုတာကို ဧကန်ယုံရမလိုတောင် ဖြစ်နေပြီ။ လောလောဆယ်တော့ သူမရှိရင် မဖြစ်ဘူးဗျို့။

မနေ့ညနေကလဲ ထိုင်းမှာကျောင်းတက်နေတဲ့ ညီမလေးဆီက သူစကောလားရှစ်ရတယ် ကြားရလို့ ကိုယ်လဲ ရမလားမဆိုပြီး လှမ်းစုံစမ်းလိုက်သေးတယ်။ အဲဒီအဖွဲ့ရဲ့ Deadline က March 31 မှာကုန်ပြီးသားဆိုတော့ ဘယ်ရလိမ့်။ နောက်နှစ်မှ ပြန်လျှောက်ပါတဲ့။ တော်သေးတယ်၊ ကိုယ်စုံစမ်းတာကို အရေးတယူဖြန်ဖြေဖေါ်ရပေသေးလို့။ နိုင်ငံခြားရောက်ပြီး တကဲ့ကို အစဉ်အလာကြီးမားတဲ့ အောက်စဖိုဒ်၊ ကင်းဘရစ်ခ်ျ၊ လန်ဒန်တို့လို တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားမှန်သမျှဟာ စကောလားရှစ်မရလို့ကတော့ “သေပြီဆရာ” ပဲ။ မိဘက ငွေတွင်းပေါ်တက်ထိုင်နေနိုင်မှပဲ ကျောင်းတက်နိုင်မယ်။ မဟုတ်လို့ကတော့ “ပျင်းတောင်ပျင်းသေးတယ်” လို့ အလှောင်ခံရမည့်ကိန်း။

ကိုယ်လဲ ကိုယ့်လူသိတဲ့အတိုင်းပဲလေ။ ဒီမှာကျောင်းလာတက်နိုင်တာ စကောလားရှစ်ရခဲ့လို့ဆိုတာ။ ဒါပေမဲ့ ဒီမရောက်ခင်တုန်းကတော့ ကိုယ်ရတဲ့ စကောလားရှစ်က အတော်များတယ်လို့ ထင်ခဲ့တာ။ အား လားလား--၊ ဘယ်များလိမ့်မတုန်း သူငယ်ချင်း။ လိုတာ လိုတာ၊ မပြောချင်ဘူး။ နှစ်နှစ်စာအတွက် ရတဲ့ စကောလားရှစ်က ကျောင်းတစ်နှစ်စာဖိုး ပေးလိုက်ရတာနဲ့တင် ကုန်ပါရောလား။ ဟိုကောင်မလေး မသိစေနဲ့နော်၊ တော်ကြာ သနားပြီး ပိုက်ဆံလှမ်းပို့ပေးရမလား မေးနေဦးမယ်။ သူ့ဆီကတော့ တစ်ပြားမှ မယူချင်ဘူး။ ညစ်စရာရှိရင် ကိုယ့်လူဆီကပဲ ညစ်မှာ။ အဟဲ--ကြုံလို့ပြောတာပါကွာ၊ ကိုယ့်လူဆီကလဲ မညစ်ပါဘူး။ ကိုယ့်လူအိမ်ကြီးပဲ အရင်ပြီးအောင်ဆောက်လိုက်ဦး။ လက်ရှိရထားတဲ့ စကောလားရှစ်နဲ့ မလောက်လဲ ကိစ္စမရှိဘူး။ ပိုက်ဆံရအောင် ဘယ်လို ကြံရဖန်ရမလဲဆိုတဲ့ လမ်းကြောင်းလေးတွေ တွေ့ထားတယ်။ ဟားဟား---တစ်မျိုးတော့ မတွေးနဲ့နော်။ ရိုးရိုးလမ်းကြောင်းလေးတွေပါ။

ပြီးတော့ အခုတစ်လော လန်ဒန်နွေရာသီအကြောင်းလေး နည်းနည်းပြောမယ်ဗျို့။ အေးသဗျာ၊ ပူသဗျာ။ ဒါပဲ။ အေးပြီး ပူတာ။ ကိုယ်တို့မြန်မာပြည်ကတော့ နွေရာသီဆို နေထွက်ထွက်/မထွက်ထွက် အိုက်စပ်စပ်နဲ့ ပူတာချည်းပဲ။ ဒီမှာတော့ နွေရာသီမို့ နေတော့ ထွက်ပါရဲ့။ ထွက်တာမှ မယုံမရှိနဲ့၊ မနက်ငါးနာရီဆို မိုးလင်းနေပြီ၊ ခြောက်နာရီဆို နေထွက်နေပြီ၊ အဲဒါ ညဆယ်ရီလောက်ရောက်မှပဲ မှောင်တော့တာကလား။ ရှည်လျားလိုက်တဲ့ နေ့တာဗျား။ နေထွက်တော့ နေလို့ထိုင်လို့ကောင်းပါ့။ အဲ---နေများမထွက်လို့ကတော့ ချက်ချင်းကို ဆောင်းတွင်းပြန်ရောက်သွားသလား အောင့်မေ့ရတယ်။ အခုနွေရာသီဆိုတော့ နေ့လည် ၁၂-လောက်ကနေ ညနေ-၃ နာရီလောက်အထိတော့ အတော့်ကို ပူသဗျို့။ ကျန်တဲ့အချိန်တော့ အတော်နေလို့ကောင်းပါတယ်။ ဒီရာသီကတော့ ကိုယ်တို့လို အပူနိုင်ငံကလာတဲ့ လူတွေအတွက် အကောင်းဆုံးပေါ့။ ပန်းတွေလဲ အကုန်ပွင့်တယ်။ လမ်းတွေလဲ အကုန်ဖွင့်တယ်။ အလွမ်းတွေလဲ အကုန်သင့်တယ် ဆိုပါတော့။

ကဲ---ကိုယ့်ဆရာရေ့ ဒီလောက်ပဲနော်။ နောက် အဆင်သင့်တဲ့အခါ ထပ်ရေးမယ်ဗျာ။ ကိုယ့်လူဆီပြောပြစရာတွေ အများကြီးရှိတယ်နော်။ ရေးစရာတွေလဲ အများကြီးပဲ။ အဲတစ်ခုပြောဖို့ မေ့သွားတယ်။ ပြီးခဲ့တဲ့လက ကိုယ့်ကျမ်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်လူမေးတာ သတိရသေးတယ်။ အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲ။ ထမင်းများများစားမိတဲ့နေ့တွေဆို ဗိုက်နည်းနည်းတင်းချင်တယ်။ နောက်ပြီး ဟင်းမကောင်းတဲ့နေ့တွေဆိုလဲ ထမင်းစားလို့မကောင်းဘူး။ အဲဒါ ကိုယ့်လူနဲ့ နီးစပ်တဲ့ ဆရာဝန်တွေ ဘာတွေရှိရင် မေးပေးစမ်းပါဦး။ အဲဒါ ရောဂါတစ်မျိုးလား လို့။ အခုလောလောဆယ်တော့ ကိုယ့်ခမျှာ အဲလိုဖြစ်နေလေရဲ့ဗျား။

Monday, May 4, 2009

သူငယ်ချင်းသို့ (၁၃)

သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာလဲ ကြာပေါ့။ နေကောင်းတယ်မို့လား။ အလုပ်သိပ်များတဲ့လူမို့ အလုပ်ရှုပ်နေလားလို့ မမေးတော့ပါဘူး။ ကိုယ်တော့ အခုတလော စိတ်ဂနာမငြိမ်ဖြစ်နေမိတယ်။ အကြောင်းကြောင်းကြောင့်ဆိုရမှာပေါ့။ ဒီမနက်တော့ မနက်စာစားပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် အနားရှိတဲ့ ဆရာတော်ဦးဇောတိကရဲ့ Snow In The Summer ဆိုတဲ့စာအုပ်လေး ဖတ်နေမိတယ်။ ကိုယ့်လူလဲအတော်အသင့်ဖတ်ပီးလောက်ရော့ပေါ့။

အရင်တုန်းက၊ အတော်ကြာပါပြီ။ ထွက်ခါစလောက်မှာထင်တယ်။ အဲဒီတုန်းကလဲ ဖတ်တော့ ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသိပ်နားမလည်တာရယ်၊ အနာနဲ့ဆေး မသင့်သေးတာရယ်ကြောင့်ထင်ပါရဲ့၊ ဒီစာအုပ်ရဲ့ ဆိုလိုချက်ကို ဒီလောက်မသိခဲ့ဘူး။ အခုလို စိတ်ညစ်ညစ်ရှိတဲ့အခါမှာ ဖတ်လိုက်ရတော့မှ အနာနဲ့ဆေးသင့်သွားလို့နဲ့တူတယ်။ စာအုပ်ရဲ့အရသာကို ပိုခံစားတတ်လာသလိုပဲ။ အကောင်းချည်းပဲ မဟုတ်ပေမဲ့ အကောင်းတွေ အတော်များများရေးထား၊ အကြံပြုထားတာ တွေ့ရတယ်။

အဲဒီစာအုပ်ဖတ်ပီးတော့ ငါဘာကြောင့် စိတ်ညစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ အဖြေတစ်ခုရလာသလိုပဲ။ တစ်နည်းပြောရရင်တော့ အဖြေတစ်ခုရှာတွေ့လိုက်သလိုပဲ။ “လက်ခံလိုက်မိလို့”။ ဟုတ်တယ်၊ လက်ခံလိုက်မိလို့ဖြစ်ရတာ။ လက်မခံရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ ကိုယ့်အနီးအဝေးကနေ ကိုယ့်ဆီ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရောက်လာကြတဲ့ ကောင်းကောင်းဆိုးဆိုး အာရုံတွေကို စိတ်လိုလက်ရ လက်ခံမိတာအကြောင်းပြုပြီး စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုတွေ ဖြစ်ရတယ်ဆိုတဲ့ အသိတစ်ခုရလာမိတယ်။

လူရယ်လို့ ဖြစ်လာပြီ၊ သိတတ်စအရွယ်ရောက်လာပြီဆိုကတည်းက စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲ့မှုဆိုတာတွေလဲ တွဲပါလာတော့တာပဲ။ ကိုယ်နားလည်သလိုပြောကြည့်တာပါ။ သူငယ်ချင်းကရော ဘယ်လိုထင်လဲ။ ဘာမှမသိသေးတဲ့ ကလေးပေါက်စတစ်ယောက်အဖို့ ဗိုက်ဆာတဲ့အခါ၊ သူလိုချင်တာမရတဲ့အခါနဲ့ နာကျင်မှုတစ်ခုခုဖြစ်တဲ့အခါ ငိုကြွေးလိုက်ရတာကလွဲပြီး သူ့အတွက်စိတ်ညစ်စရာရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ထိုနည်းတူ စိတ်ချမ်းသာစရာရယ်လို့လဲ ထူးထူးထွေထွေ ရှိဟန်မတူဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အပြင်ကလာတဲ့ အာရုံတွေကို ခံယူတတ်၊ ခံယူနိုင်တဲ့ အသိရယ်လို့ ခိုင်ခိုင်မာမာမရှိသေးဘူးလေ။ ကိုယ်တော့ ဒီအတိုင်းပဲ ယူဆမိတယ်။

ကလေးလေးတစ်ယောက်ရဲ့စိတ်ဟာ အနောက်တိုင်းဒဿနဆရာကြီး John Lockeရဲ့ ဝေါဟာရနဲ့ ပြောရရင် Tabula Rasa (Latin) လို့ခေါ်တဲ့ (Blank Slate) ဘာမှရေးမထားရသေးတဲ့ကျောက်သင်ပုန်းတစ်ချပ်နဲ့ တူသတဲ့။ ဒါကြောင့် အဲဒီကလေးငယ်လေးရဲ့စိတ်ဟာ အပြင်ပအာရုံကိုအကြောင်းပြုပြီး ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ သိပ်မဖြစ်သေးဘူးလို့ဆိုတယ်။ သူ့အဆိုဟာ ကိုယ်တို့အရှေ့တိုင်း ဖီလိုဆိုဖီ၊ အထူးသဖြင့် ကိုယ်တို့ ဗုဒ္ဓမြတ်စွာသခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဟောကြားချက်တွေနဲ့ တစ်ထပ်တည်းမတူသည့်တိုင်း အတော်အတန်နီးနီးစပ်စပ်ရှိတယ်လို့တော့ ကိုယ်မြင်မိတယ်။

ဘုရားစကားလေးနည်းနည်းလောက်ရေးလိုက်မယ် သူငယ်ချင်းရာ။ ကိုယ်မှတ်ထားတာလေးတွေပေါ့။ ကိုယ့်လူလဲ ကြားဖူးပြီးသားဖြစ်ချင်ဖြစ်မှာပါ။ ဘုရားမြတ်စွာက အင်္ဂုတ္တရနိကာယ်၊ ဧကကနိပါတ်ပါဠိတော်မှာ စိတ်ရဲ့ မူရင်းသဘောသဘာဝနဲ့ပတ်သက်ပြီးတော့----
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္ဒ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ” စိတ်ရဲ့မူရင်းသဘာဝဟာ တလက်လက် အရောင်ထွက်လောက်အောင်ကို သန့်ရှင်းတယ်။ ဒါပေမဲ့ အပြင်ပကရောက်လာတဲ့ အာရုံအညစ်အကြေးတွေကို အကြောင်းပြုပြီး ညစ်ထေးသွားရရှာတယ်” လို့ ဟောတော်မူခဲ့ပါတယ်။ သူငယ်ချင်း ဖတ်ဖူးတယ်မို့လား။

ဒဿနဆရာကြီး ဂျွန်လော့ခ်ရဲ့ ကျောက်သင်ပုန်း သီအိုရီဟာ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်နဲ့ ခန့်ဆင်ဆင်တူတယ် လို့ မထင်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်စိတ်ညစ်နေတယ်။ ဘာကြောင့်ညစ်ရသလဲဆိုတာတော့ အထက်မှာပြောခဲ့သလိုပေါ့။ လက်ခံလိုက်လို့။ အပြင်က၀င်ရောက်လာတဲ့ ကိုယ်မလိုလားတဲ့အာရုံတွေကို လက်ခံလိုက်မိလို့။ လက်မခံပဲ မသိယောင်ဆောင်နေလိုက်ရင် ဒီလောက်စိတ်ညစ်ချင်မှ ညစ်မှာ။ အခုတော့ သိပြီ။ ကိုယ်မလိုချင်တဲ့ အာရုံကြမ်းတွေကို လက်ခံမိရင် စိတ်ညစ်ရတတ်တယ် ဆိုတာကို။ ဒါဖြစ်ရင် အဲဒီအာရုံတွေကို လက်မခံပဲ နေလို့ကော ရလို့လား? ဒီမေးခွန်းကို အဖြေပေးချင်ရင် နောက်ထပ်ပို့စ်တစ်ခုတော့ ရေးရလိမ့်မယ် သူငယ်ချင်း။ ကိုယ်ပြောတာတွေက လက်ချာပေးသလိုဖြစ်နေပြီထင်တယ်။ ကိုယ့်လူနဲ့ ဆွေးနွေးနေတာပါ။ ကိုယ် အမှားရေးမိရင်လဲ ပြန်ပြောနော်။

ကိုယ့်အယူအဆကို ပြောချင်တယ်။ ကိုယ်ကတော့ အပြင်ပက ရောက်လာတဲ့အာရုံတွေကို လက်မခံပဲ နေလို့ရတယ်လို့ ဖြေချင်တယ်။ ဘယ်လိုနေမလဲ၊ အရင်ဆုံး ဒီလိုစဉ်းစားကြည့်ရအောင်။ အဲဒီအာရုံတွေဟာ ဘယ်အပေါက်က ၀င်လာကြတာလဲ? အများသိကြတဲ့အတိုင်းပြောရရင်တော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ သိသာထင်ရှားတဲ့တံခါးငါးပေါက်နဲ့ စိတ်ဆိုတဲ့ အမြင်အားဖြင့်မထင်ရှားတဲ့ တံခါးပေါက်ကြီးတစ်ခု၊ စုစုပေါင်း တံခါးပေါက်ခြောက်မျိုး။ အဲဒီခြောက်မျိုးကနေ ၀င်လာတာပဲ မဟုတ်လား။

အဲဒီခြောက်မျိုးအနက် အမြင်အာရုံကို မမြင်မိအောင် မျက်စိကိုမှိတ်ထားမယ်၊ အကြားအာရုံကို မကြားမိအောင် နားကိုပိတ်ထားမယ်၊ မကောင်းတဲ့အနံ့ မနံအောင် ဝေးဝေးနေမယ်၊ မကောင်းတဲ့အရသာကို မစားပဲနေမယ်၊ မကြိုက်တဲ့အထိအတွေ့မျိုးနဲ့ မထိမိအောင် ရှောင်နေမယ် ဆိုရင် အဲဒီတံခါးပေါက်ငါးခုက ၀င်လာမည့် ကိုယ်မလိုလားတဲ့ ပြင်ပအာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်စရာမရှိတော့ဘူးပေါ့။ ဒါကို သူငယ်ချင်း လက်ခံနိုင်လား။ လက်မခံနိုင်ရင် ပြန်ပြောနော်။ ကိုယ်နားလည်သလို ပြောကြည့်တာပါ။ ခက်နေတာက စိတ်ဆိုတဲ့ ၀င်ပေါက်ပဲ။ ပိတ်လို့မရဘူး။ ပိတ်လို့မရဘူး ဆိုတာထက် ပိတ်ဖို့သိပ်ခက်တယ် ဆိုရင် ပိုမှန်မယ်ထင်တယ်။

ဘာလို့ခက်နေလဲဆိုရင် သူက ကိုယ့်ခန္ဓာကိုယ်ထဲ ရောက်နှင့်နေပြီကိုး။ ဘယ်နည်းနဲ့ရောက်နေတာလဲဆိုရင် ခုနကပြောခဲ့တဲ့ တံခါးပေါက်ငါးခုကို သတိမထားပဲ ဖွင့်ထားမိတဲ့အတွက် သက်ဆိုင်ရာအာရုံတွေဟာ သက်ဆိုင်ရာတံခါးဝမှာတင် ရပ်မနေကြပဲနဲ့ စိတ်ရဲ့တည်ရာဖြစ်တဲ့ ဟဒယ၀တ္ထုခေါ် နှလုံးသားထဲအထိ ကျူးကျော်ဝင်ရောက်သွားခဲ့ကြတယ်။ ဒီအထိ ဘာပြဿနာမှ မရှိသေးဘူး။ ဒါပေမဲ့ အဲဒီအာရုံတွေဟာ၊ တစ်နည်းအားဖြင့် အဲဒီအာရုံတွေထဲက အချို့အချို့သော အာရုံတွေဟာ တစ်ခါတရံမှာ အလိုလိုနေရင်း အတွေးအာရုံမှာ ပြန်ပြန်ပေါ်လာတတ်ကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ စိတ်ညစ်စရာအာရုံဖြစ်ရင် စိတ်ညစ်ရရော။ ကိုယ်လဲ အဲဒီ မသိလိုက်မသိဖာသာလက်ခံထားမိတဲ့ အာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်နေရတာ သူငယ်ချင်းရေ့။

အဲဒါကြောင့် စိတ်ပြေလိုပြေငြား ဆရာတော်ရဲ့ “နွေနှင်းဖြူဖြူ” စာအုပ်ကို ဖတ်နေမိတာ။ ကောင်းတယ်ဗျို့။ ကောင်းတယ်ဆိုတာ အတော်အတန်စိတ်သက်သာရာရသွားတယ်လို့ ဆိုလိုပါတယ်။ စာအုပ်ကို ဖတ်လိုက်ရရုံနဲ့ ဘာ့ကြောင့် စိတ်သက်သာရာ ရသလဲ လို့မေးစရာရှိတယ်။ အဖြေကတော့ ရှင်းရှင်းလေးရယ်။ ကိုယ်ဖတ်မိတဲ့အကြောင်းအရာတွေဟာ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကို ရှင်းလင်းပေးတဲ့ အသုံးအနှုံးတွေ၊ အဓိပ္ပါယ်တွေဖြစ်နေလို့ပဲ။ ကိုယ့်ရောဂါကို ကုသပေးနိုင်တဲ့ဆေးတွေဖြစ်နေလို့ပဲ။ တကယ်တော့ ဆူးစူးရင် ဆူးနဲ့ထွင်၊ ရေကြောင့်ညစ်ပတ်သွားရင် ရေနဲ့ဆေးရသလို စိတ်ထဲဖြစ်နေတဲ့ ညစ်ညူးမှုတွေကို စိတ်ပိုင်းဆိုင်ရာ ဝေါဟာရတွေကပဲ ကုစားပေးနိုင်တယ်မဟုတ်လား။ အဲဒီတော့ သူငယ်ချင်းရေ့ ရံခါအခန့်မသင့်လို့ အပြင်ကရောက်လာတဲ့အာရုံကြမ်းတွေကြောင့် စိတ်ညစ်သွားတာမျိုးရှိခဲ့ရင် အနားမှာအဆင်သင့်ဖတ်စရာ စာကောင်းပေကောင်းလေးတွေ ဆောင်ထားဖို့တော့ မမေ့နဲ့နော်။ တော်ပြီ သူငယ်ချင်း။ ကိုယ်ကျမ်းမာ၊ စိတ်ချမ်းသာပါစေ။

Thursday, January 29, 2009

သူငယ်ချင်းသို့ (၁၂)


သူငယ်ချင်းရေ့ ဒီနေ့တော့ သူငယ်ချင်းမကြားချင်တဲ့အကြောင်းပြောချင်တယ်ဗျာ။ နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ကိုယ့်ကို ခင်တဲ့အနေနဲ့ နားထောင်ပေတော့။ ကိုယ့်မှာလဲ တိုင်ပင်စရာဆိုလို့ ကိုယ့်လူကြီးတစ်ယောက်ပဲရှိတာ။ ဒီနေ့ တော်တော်လေး စိတ်ညစ်နေတယ်။ ညစ်နေတယ်ဆိုတာထက်၊ ကသိကအောင့်ဖြစ်နေတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ကသိကအောင့်ဖြစ်နေတယ်ဆိုတာထက် ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ အမှန်ဆုံးဖြစ်မှာပဲ။ ဟုတ်တယ်။ ကိုယ့်စိတ်တွေ ဝေခွဲမရတဲ့ေ၀၀ါးမှုတွေနဲ့ ကြုံနေရတယ်။ အဲဒီလို ဘာ့ကြောင့်ဖြစ်နေရသလဲဆိုရင်တော့ “အချစ်” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုရခက်တဲ့ အရာတစ်ခုကြောင့်ပဲ သူငယ်ချင်း။

ကိုယ့်လူတော့ မသိဘူး။ ကိုယ်ကတော့ ဒီစကားလုံးကို နေရာအတော်များများမှာ သုံးမိတယ်။ မိဘတွေကိုလဲ ချစ်တယ်လို့ပြောခဲ့တယ်။ အဘိုးအဘွားတွေကိုလဲ ချစ်တယ်လို့ပြောခဲ့ဖူးတယ်။ ညီအကိုမောင်နှမအရင်းတွေကိုလဲ ပြောခဲ့ဘူးတယ်။ သူငယ်ချင်းတွေကိုလဲ ချစ်တယ်လို့ ပြောတာပဲ။ နောက်ပြီး သွေးသားမတော်တဲ့ ညီမလေးတွေလဲရှိသေးတယ်ဗျာ့။ သူတို့ကိုလဲ ချစ်တယ်လို့ပြောခဲ့တာပဲ။ ချစ်သူကိုတော့ ချစ်တယ်လို့ ပြောတာ မဆန်းဘူးဆိုတာ ကိုယ့်လူကြီးသိပါတယ်။ သွေးသားတော်စပ်မှုမရှိတဲ့ ညီမလေးတွေကို ချစ်တယ်လို့ပြောတာ အန္တရာယ်ကြီးသလားဗျာ့။ အင်း မေးသာမေးရတယ်။ ကိုယ့်လူကလဲ ဒီကိစ္စမှာ ကိုယ့်လောက်မစွန့်တဲ့လူဆိုတော့ သိချင်မှသိမှာ။ ဟားဟား။ အချင်းချင်းနှိပ်ကွပ်ရတာ အရသာရှိသလိုက်တာ။

တကယ်ပြောတာပါ သူငယ်ချင်းရာ။ အခုလောလောဆယ် ကိုယ့်မှာ အဲဒီပြဿနာလေးနဲ့ ရင်ဆိုင်နေရတာဗျာ့။ ချစ်တယ်လို့ ပြောခဲ့မိတဲ့ အပြစ်ပေါ့။ ဒီစကားဟာ ပြောတဲ့လူနဲ့ နားထောင်တဲ့လူ နှစ်ဦးတို့ရဲ့ရင်ထဲမှာ လေးနက်မှု အနည်းအများအလိုက် ပြဿနာတက်နိုင်တယ်ဆိုတာ အခု ကိုယ်တော့ နားလည်လာပြီ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စဉ်းစားမိတဲ့ အချက်လေးချက်ကို ပြောပြမယ်ဗျာ။ မှန်ချင်လဲမှန်မယ်။ မှားချင်လဲမှားမယ်ပေါ့။ ချစ်ခြင်းနှင့် ခံစားမှု ဖြစ်စဉ်လေးမျိုးလို့ နာမည်ပေးမယ်ဗျာ။ စဉ်းစားမိတာလေးတွေပါ။ အဲဒါတွေက ဘာလဲဆိုတော့----

(၁) တစ်ခါတလေ ပြောတဲ့လူက လေးလေးနက်နက်ပြောလိုက်တယ်။ နားထောင်တဲ့တစ်ဘက်သားက ပေါ့ပေါ့လေးလုပ်ပြီး အမှတ်တမဲ့ပုံစံနဲ့ပဲ မှတ်သွားတယ်။ နားထောင်သွားတယ်။ အဲဒီလိုဖြစ်ရင် ပြောတဲ့လူမှာ ခံစားရတယ်။ နားထောင်တဲ့လူမှာတော့ ပြီးပြီးရော သဘောမျိုးနဲ့ ပျောက်သွားတာပဲ။
(၂) တစ်ခါတလေကျတော့ ပြောတဲ့လူက မလေးနက်ဘူး။ နားထောင်တဲ့လူက လေးလေးနက်နက်နားထောင်သွားတတ်တယ်။ အဲလိုဖြစ်တဲ့အခါကျတော့ နားထောင်တဲ့လူဘက်မှာ ခံစားမှုဖြစ်ရတယ်။ ပြောတဲ့လူဘက်မှာကျတော့ အခမဲ့ထီထိုးရသလိုမျိုးပေါ့။ ပြန်ချစ်မယ်ဆိုရင်လဲ အိုကေ။ ပြန်မချစ်ဘူးဆိုရင်လဲ သရေပေါ့။
(၃) တစ်ခါတစ်ခါကျတော့ ပြောတဲ့လူရော နားထောင်တဲ့လူရော ခပ်ပေါ့ပေါ့ပဲ။ အဲဒီတော့ နှစ်ယောက်စလုံးမှာ ဘာခံစားမှုမျိုးမှ မဖြစ်ဘူး။
(၄) အဲ တစ်ခါတစ်ခါကျပြန်တော့ နှစ်ယောက်စလုံးမှာ လေးနက်မှုတွေနဲ့ ပြောကြ၊ နားထောင်ကြတယ်။ အဲလိုအခါမျိုးမှာတော့ အချစ်ဖြစ်ပေါ်လာတတ်တယ်။ အပြန်ပြန်အလှန်လှန်ချစ်ရတဲ့အချစ်ပေါ့။ အဲဒီဖြစ်စဉ်ကနေ သမီးရည်းစားဖြစ်သွားကြတယ်။

ဒီဖြစ်စဉ်လေးချက်ဟာ များသောအားဖြင့် ဖြစ်တတ်တဲ့ ယေဘုယျသဘောကို ကိုယ်နားလည်သလို ပြောကြည့်တာပါ။ ချစ်ခြင်းနှင့် ခံစားမှု ဆိုတဲ့ ခေါင်းစဉ်းအောက်မှာ အခြားပုံစံတွေနဲ့လဲ ဖြစ်ပေါ်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိဦးမှာပါ။ အဲဒီလေးမျိုးထဲမှာ အမှတ် (၃) နဲ့ အမှတ် (၄)ကတော့ သူ့ဘက်ကိုယ့်ဘက် ၅၀/၅၀ ဆိုတော့ ဘာပြဿနာမှ သိပ်မတက်နိုင်ဘူး။ အမှတ် (၁) နဲ့ အမှတ် (၂)မှာတော့ အခန့်မသင့်ရင် အတော်ကြီးမားတဲ့ ပြဿနာမျိုးတွေအထိ ဖြစ်လာနိုင်တာတွေ့ရတယ်။

ဥပမာ၊ ကိုယ်ကပြောတဲ့လူဆိုပါတော့။ တစ်ယောက်ယောက်ကို သိပ်ချစ်မိလို့ ချစ်တဲ့အကြောင်း ဖွင့်ပြောမိတယ်။ ပြောတယ်ဆိုတဲ့နေရာမှာ လေးလေးနက်နက်ကို ပြောတယ်။ ကိုယ့်ဘက်ကတော့ ရာနှုံးအပြည့်ပေါ့။ ဒါပေမဲ့ နားထောင်တဲ့သူက အထက်ကပြောခဲ့သလို ပြီးပြီးရောလုပ်ပြီး ခပ်ပေါ့ပေါ့ပဲ နားထောင်သွားတယ်။ အပေါင်း/အနှုတ်အဖြေတစ်မျိုးမျိုးလဲ မပေးဘူး။ သို့မဟုတ် အနှုတ်သဘောရှိတဲ့ အဖြေမျိုးကိုပေးခဲ့တယ် ဆိုရင် ပြောမိတဲ့ ဖွင့်ဟမိတဲ့လူရဲ့ ရင်ထဲမှာ လေးနက်မှုများရင်များသလို ခံစားရတတ်တာ တွေ့ရတယ်။

နောက်ပြီး ဒီအချက်မှာလဲ အဖြေပေးပုံအမျိုးမျိုးရှိနိုင်သေးတယ်။ နားထောင်တဲ့သူရဲ့အဖြေဟာ အပေါင်းလက္ခဏာကိုတော့ ပြပါရဲ့။ ဒါပေမဲ့ ရင်ထဲကလာတဲ့ အပေါင်းလက္ခဏာမဟုတ်ဘူး။ ပြဿနာပြီးလိုပြီးငြားလုပ်ပြီး ပေးလိုက်တဲ့ နှုတ်ဖျားကလာတဲ့ အပေါင်းလက္ခဏာမျိုး။ ဒီလိုလက္ခဏာရှိတဲ့ အဖြေမျိုးကို ရတဲ့(အချစ်ရေးဆိုမိတဲ့)လူဟာ အတော်ကံဆိုးတဲ့လူပဲ လို့ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်သားက သူ့ကို ပါးစပ်ကအချစ်ကိုပေးသွားတာ။ ရင်ထဲကအချစ်ကို မပေးခဲ့ဘူး။ အဲဒီတော့ ရေရှည်မှာ ရွှေပြည်တော်မျှော်တိုင်းဝေးဆိုတဲ့ ကိန်းဆိုက်ပြီး တကယ်ချစ်လာနိုးမျှော်ကိုးရင်း တခြားချစ်သူကိုလဲမရှာနိုင်၊ လက်ရှိပြောမိသူကိုလဲ မပစ်ရက်နဲ့ နှစ်ဘက်ဆုံးရှုံးမှုမျိုးနဲ့ ကြုံရတတ်တယ်။

နောက်တစ်ခုက အမှတ် (၂)ပြဿနာ။ ပြောတဲ့လူက ကြုံလို့၊ သို့မဟုတ် နှုတ်ဆော့ပြီး ပြောလိုက်တယ်။ နားထောင်တဲ့သူက တကယ်မှတ်သွားတယ်။ အဲဒီမှာတင် ပြဿနာက၀င်ပြီ။ တကယ်ချစ်တယ်ထင်ပြီး အပျော်ကြီးပျော်နေမိတတ်တယ်။ နောက်ကျမှ မဟုတ်မှန်းသိရတဲ့အခါမှာ အရှက်တွေဘာတွေကွဲထဲအထိ ပြဿနာတက်နိုင်တယ်။ နှလုံးတွေဘာတွေတောင် ထိခိုက်နိုင်တယ်။ ပြောတဲ့လူကတော့ သူ့ညာဉ်အလိုလိုက်ပြီးပြောလိုက်တာ တစ်ဘက်က တကယ်ထင်ပြီး အချစ်တွေပေး၊ ဘ၀တွေပုံအပ်နဲ့ နောက်ဆုံးတော့ ကျန်ရစ်ဖြစ်ပြီး အချစ်ဆိုတဲ့အပေါ်မှာ စိတ်နာသွားတတ်တယ်။

အဲဒီတော့ သူငယ်ချင်းရ၊ ကိုယ်နားလည်သလိုပြောရရင်တော့ ဒီအချစ်ဆိုတဲ့ဘာမှန်းမသိတဲ့အရာ သို့မဟုတ် အလွန်သိသာတဲ့အရာနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် ရင်မနာဖို့အရေးမှာ အတော့်ကိုစဉ်းစဉ်းစားစားလုပ်ပြီး ပြောဖို့/နားထောင်ဖို့လိုတယ်လို့ ကိုယ်မြင်တယ်။ အဲလိုမဟုတ်ရင် ကိုယ့်ကြောင့် သူနာမှာဖြစ်သလို သူ့ကြောင့်လဲ ကိုယ်အညာခံဘ၀ရောက်သွားနိုင်တယ်။ ကိုယ့်လူလဲ သတိထားနော်။ ရင်ထဲက မပါရင်လဲ ဖွင့်မပြောနဲ့။ သူ့ဘက်က ပြောလာရင်လဲ ဘယ်ကလာတဲ့ စကားလဲဆိုတာ နားထောင်တတ်အောင်ကြိုးစား။ ဒါဆို ပြဿနာနည်းမယ်။ အခုတော့ လောလောဆယ် ကိုယ်ကြုံနေရတဲ့ ပြဿနာကို ဆက်စဉ်းစားလိုက်ဦးမယ်။ အဖြေတွေ့ရင် ပြောမယ်ဗျာ။ ဘိုင့်ဘိုင်။

Wednesday, January 21, 2009

သူငယ်ချင်းသို့ (၁၁)

ကိုယ့်လူကြီး စာမရေးတာကြာလို့ စိတ်တော်ဖေါက်နေပြီလား။ မဖေါက်နဲ့ဦးဆရာရေ့။ ဒီမှာလဲ ကျောင်းနဲ့ စာမေးပွဲနဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ လုံးပန်းနေရလို့ ကိုယ့်လူဆီတောင် မလှည့်ဖြစ်တာကြာပြီ။ ကြာဆို ရေးနေကျ ဘလော့ထဲတောင် ပို့စ်လေးတွေမရေးပဲ ရပ်ထားရတဲ့အဖြစ်။ သိတယ်မို့လား၊ ကိုယ်က ကိုယ့်ဘလော့ကို ရည်းစားထက်တောင် ပိုချစ်သေးတယ်။ ရည်းစားသိရင်တော့ စိတ်ကောက်နေဦးမလား မသိဘူး။ အမှန်အတိုင်းပြောရတာလဲ ခပ်လန့်လန့်ရယ်။

အအေးဒီဂရီတွေ တက်လာလိုက်၊ ပြန်ကျသွားလိုက်နဲ့ အင်္ဂလန်ရာသီဥတုကလဲ အရူးလင်လုပ်၊ ဆပ်ပြာသည် လင်ပျောက်ဆိုတဲ့ ကိန်းတော့ဆိုက်နေပြီ။ စောင်ခြုံလဲ မလုံ၊ (Heater) ဟိတာလဲ မနွေး၊ အိပ်မပျော်ပါဘူးဆိုမှ အရေးထဲ ယာယီအတွေးတွေက ၀င်နှောက်နဲ့ ကိုယ့်အဖြစ်ကတော့ အပင်အောက်မှာ အရိပ်ပျောက်နေတဲ့လူလို ဘယ်ဆီသောင်ကမ်း ရော်ရမ်းမှန်းဆ လွမ်းရမှန်းကို မသိတော့ဘူးဗျို့။

စာမေးပွဲကလဲ တစ်ခါဖြေလဲ အမှတ်မကောင်း၊ နှစ်ခါဖြေလဲ အမှတ်မတက်နဲ့ အခုသုံးခါမြောက်သွားဖြေခဲ့ရတယ်။ သူများတွေကတော့ ငါးခါလောက်တော့ ဖြေကြတယ် ပြောတာပဲ။ တော်ပြီ ကိုယ့်လူရာ။ နောက်တစ်ခါတော့ မဖြေတော့ဘူး။ မျက်နှာလဲပူတယ်။ အခုတစ်ခေါက်သွားတာ စာရင်းလက်ခံတဲ့ ကောင်မလေးက ဘာပြောမှတ်လဲ။ မင်းလာဖြေပြန်ပြီလား တဲ့။ စာရေးမလေးကတောင် မှတ်မိနေပြီ။ အဟီး။ ရှက်လိုက်ပါဘိတော့။ အခုလက်ရှိရထားတဲ့ Band နဲ့ပဲ တက္ကသိုလ်တက်တော့မယ်။ အဲဒီအတွက် ပိုက်ပိုက်ကတော့ ပေါင်နှစ်ထောင်လောက် ပိုကုန်ဦးမယ်။ Pre-sectional Course ကို တစ်လလောက်တက်ရဖို့အရေး နှစ်ထောင်ကြီးများတောင် ပေးရသေးသဗျာ။ မွဲပါတယ်ဆိုမှ၊ ဗြိတိရှပညာရေးရယ် လုပ်ရက်ပါပေ့။

နောက်ပြီး ကိုယ့်ဆရာမအကြောင်းလဲ ပြောရဦးမယ်။ ကိုယ်လဲ ဆရာမဆီ စာမရေးရဲအောင်ဖြစ်နေပြီ။ ပြီးခဲ့တဲ့နှစ်လသုံးလလောက်က စာရေးတာ သူ့အတန်းက ကျောင်းသူကျောင်းသားတွေကို ၀ိုင်းပြီးအင်တာဗျူးခိုင်းတယ်။ သွားရတာက ချမ်းချမ်းစီးစီး၊ ကားတစ်တန်၊ ရထားတစ်တန်နဲ့။ ဟိုရောက်တော့ နိုင်ငံတကာက တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက အများကြီး၊ ကိုယ်က တောသားစတိုင်နဲ့ အဲဒီအထဲကို အရောက်သွားပြီး သူတို့ဗျူးသမျှ ထူးခဲ့ရတာ။

အခုလဲ စာမရေးဖြစ်တာကြာလို့ မနေ့က ရေးလိုက်မိတာ။ ဘာပြောကောင်းမလဲ။ ချက်ချင်းစာပြန်လာတယ်။ မင်းလာတဲ့အခါ ငါတို့ ဗျူးချင်လို့တဲ့။ လုပ်ပြန်ရောဗျို့။ ဒီအင်္ဂလိပ်လူမျိုးတွေဟာ သူများကို ဗျူးတာ အတော်ဝါသနာကြီးပုံရတယ်။ သူကတော့ ပြောရှာပါတယ်။ အဆင်ပြေမှပါ တဲ့။ ဒါပေမဲ့ ငြင်းလို့ ဘယ်ကောင်းမလဲဗျာ။ ဘာအကြောင်းပြပြီးပဲ ငြင်းငြင်း အဗျူးမခံရဲလို့လို့ပဲ ထင်မှာ။ ကိုယ့်ဗမာလူမျိုး၊ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်သိက္ခာကြီးက ရှိနေလေသေးတော့ အဗျူးမခံချင်ဘူးလို့တော့ ဘယ်ပြောလိမ့်မတုန်း။ ရတယ် လို့ခပ်တည်တည်နဲ့ အာမခံလိုက်ရတာပေါ့။ ဗျူးချင်တာ ဗျူးစမ်း။ သိရင်ဖြေမယ်။ မသိရင် ရွှီးမယ်။ အဲဒီဝါဒ လက်ကိုင်ပြီးတော့ မကြာခင်သော ကာလမှာ အဗျူးတော်ခံဖို့ရာအတွက် လန်ဒန်တက္ကသိုလ်ဆီ ခြေဦးလှည့်ရပေအုန်းတော့မယ်။

တစ်ခါတစ်ခါ သူတို့မေးတာကတခြား၊ ကိုယ်နားလည်တာက တခြားဖြစ်ပြီး ဖြေမိလို့ “ရယ်ရသေးတော့၏” ဆိုတဲ့ကိန်းလဲ ဆိုက်ရသေးတယ်။ အင်္ဂလိပ်တိုင်းပြည်မှာနေတာ တစ်နှစ်ကျော်လာပြီ အခုထိနားရေမ၀သေးဘူး။ နားရေမ၀ဆို ဗမာတွေနဲ့ချည်းပဲ နေ့တိုင်းပြောနေရတာကိုး။ ကျောင်းသွားမှ အင်္ဂလိပ်လို နည်းနည်းပါးပါးပြောခွင့်ရတာ။ အဆောင်မှာနေလို့ကတော့ ဗမာလိုနားထောင်၊ ဗမာလိုပြောပဲ။ ဘယ်တော့မှ နားရေကတော့ ၀လာမယ် မထင်ဘူး။ မြန်မာပြည်မှာနေတုန်းကလဲ အတော်အတန်လိုက်စားခဲ့တာပဲ။ အခုလဲ အမြဲမပြတ်လုပ်နေရတုန်း။ ဒါတောင် တစ်ခါတစ်လေ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ အူကြောင်ကြောင်နိုင်လိုက်ပါဘိ သူငယ်ချင်းရယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကဆို ကိုယ်ဆီမှာ စနေနေ့တိုင်းလာပြီး အရှေ့တိုင်းစိတ်ပညာဘာသာရပ်ကို သင်ယူနေတဲ့ ဆိုဖီယာဆိုတဲ့အင်္ဂလိပ်မလေးက သူမရှင်းတာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးတယ်။ ဘာဆိုလိုမှန်း နားမလည်လို့ ငါးခါလောက်ကို သူ့ပြန်မေးယူရတယ်။ ကြာတော့ သူ့လဲအားနာ၊ ကိုယ့်ကိုယ်ကိုလဲ အားငယ်စိတ်တွေတောင် ၀င်လာမိရဲ့။ ဒါပေမဲ့ သူက ကိုယ့်အနေထားကို နားလည်ပြီးသားဆိုတော့ တော်သေးတာပေါ့။ ကြိုးစားပြီး စိတ်ရှည်လက်ရှည်နဲ့ သူ့မေးခွန်းကို ရှင်းပြရှာတယ်။ အဲဒီကျတော့မှ ကိုယ်လဲ “အော် ဒါလား” ဆိုပြီး ခပ်တည်တည်နဲ့ အဖြေပေးရတယ်။ အဲလိုအခါမျိုးတွေလဲ မကြာခဏပဲ သူငယ်ချင်းရ။

ကဲ အဲဒါတွေကတော့ ကိုယ့်လူဆီစာမရေးဖြစ်တဲ့ ကာလမှာ တွေ့ရကြုံရတဲ့ အတွေ့အကြုံတွေထဲက လောလောဆယ်မှတ်မိတာလေးတွေပေါ့။ နောက်ရေးမယ် ပို့စ်တွေကျမှပဲ ယူကေမှာ နေစဉ်အတွင်း ကြုံရတတ်တာလေးတွေ ပြောပြမယ်ဗျာ။ အခုလောလောဆယ်တော့ အွန်လိုင်းပေါ်က ဘာညာကွိကွတွေဆီ နည်းနည်းအလှည့်ပေးလိုက်ဦးမယ်။ သူတို့ကလဲ အမျိုးမျိုးဗျို့။ အချို့လဲ အတော်ခင်ဖို့ကောင်းပါတယ်။ အချို့လဲ အတော်ချစ်ဖို့ကောင်းပါ့။ အချို့လဲ အတော်မာနကြီးကြသဗျား။ အဲဒီထဲမှာ မာနကြီးတဲ့ ဘာညာကွိကွတွေဟာ စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ မာနကြီးတာဟာ အဲဒီသက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်နေလို့ပဲ။ သူတို့ကိုယ်တိုင်တော့ ဒါကို လက်ခံချင်မှ လက်ခံမယ်။ သကြားရဲ့အရသာဟာ ချိုတယ် ဆိုတဲ့ အဆိုကို လက်မခံနိုင်တဲ့ လူလိုပေါ့။

Sunday, December 7, 2008

သူငယ်ချင်းသို့ (၁၀)


“စာမလာ၊ သတင်းမကြား၊ မင်းတစ်ယောက်နေမှ ကောင်းရဲ့လား” လို့မေးချင်နေပြီလား သူငယ်ချင်း။ အခြားပို့စ်တွေ လျှောက်ရေးနေတာရယ်၊ ကျောင်းနဲ့အဆောင်ကူးနေရတာရယ်၊ ထူးထူးထွေထွေပြောပြစရာလဲ သိပ်မရှိတာရယ်ကြောင့် ကိုယ့်လူဆီတောင် စာမရေးဖြစ်တာ ကြာပေါ့။ အခုလဲ သိပ်အထူးအထွေ ပြောစရာရှိလို့ရယ်တော့ မဟုတ်ပါဘူး။ သတိရတာ သက်သက်ရယ်ကြောင့် ရေးလိုက်တယ်ပဲ ဆိုပါတော့။

သတိရဆို လန်ဒန်ရဲ့ ဒီဇင်ဘာဆောင်းနှိပ်စက်လို့ စိတ်ပျက်ရတဲ့အကြောင်းလေးတော့ ပြောပြချင်သဗျား။ စောင်ရှိလို့ချမ်းတာပါလို့ ပြောလဲ ခံရမှာပဲ။ ချမ်းချက်ကတော့ ရှိတဲ့စောင်နဲ့တောင် မလုံလောက်ဘူးဗျို့။ ဘာလိုသလဲတော့ မမေးနဲ့၊ ဟဲ ဟဲ၊ သိတယ်မို့လား။ ချမ်းတဲ့ အခါ ကိုယ်တို့ဘာလုပ်သလဲ။ မန္တလေးမှာတုန်းက ချမ်းတဲ့အခါ စိတ်တိုလွန်းလို့ နံရံကိုတောင် လက်သီးနဲ့ထိုးမိတယ်။ အခုတော့ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့ ကိန်းဆိုင်နေပြီဆရာရေ့။

အအေးဒီဂရီကတော့ အခုတလော ရေခဲမှတ်အောက် ရောက်ရောက်နေလို့ မန္တလေးမှာ ချမ်းခဲ့တဲ့အချမ်းလေးကိုပဲ ပြန်လွမ်းနေမိတယ်။ ဟိုသီချင်းလေး သွားသတိရတယ်ဗျာ။ “အလွန်ချမ်းတဲ့ ရာသီ၊ အလွန်အေးတဲ့ ရာသီ---၊ မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လဲ---မဖြစ်နိုင်ပါပြီ” ဆိုတာလေ။ တကယ်ပါ သူငယ်ချင်းရာ။ ချမ်းလဲ ချမ်းတယ်၊ လွမ်းလဲလွမ်းတယ် ကွာ။ ဘာကို လွမ်းသလဲတော့ မမေးနဲ့။ လွမ်းစရာရှိတာ အကုန်လွမ်းတယ်ကွာ။

(၁) မန်းတောင်ကိုလဲ လွမ်းတယ်၊
(၂) ဟိုးတောင်ထိပ်က မြွေကြီးနှစ်ကောင်ကိုလဲ လွမ်းတယ်၊
(၃) တောင်ခြေက ဖုန်တင်နေတဲ့ ခြေင်္သေ့ကြီးနှစ်ကောင်ကိုလဲ လွမ်းတယ်၊
(၄) တောင်ခြေက ဆိုင်တန်းတွေကိုလဲ လွမ်းတယ်၊
(၅) ကုသိုလ်တော်ကျောက်စာတိုက်ထဲက အကြိုအကြားတွေကိုလဲ လွမ်းတယ်၊
(၆) ကုသိုလ်တော်ဝင်းထဲက ခရေပင်ကြီးတွေကိုလဲ လွမ်းတယ်၊
(၇) ကျောက်တော်ကြီးဘုရားကိုလဲ လွမ်းတယ်၊
(၈) ၀င်မရတဲ့ နန်းတော်ကြီးကိုလဲ လွမ်းတယ်၊
(၉) ကျုံးပတ်ပတ်လည်ကိုလဲ လွမ်းတယ်၊
(၁၀) ကျုံးပတ်ပတ်လည်က တရုတ်တည်ပင်တွေကိုလဲ လွမ်းတယ်၊
(၁၁) အလွမ်းဆုံးကတော့ အနှီပတ်ဝန်းကျင်မှာ အတူသွားအတူစားခဲ့စဉ်က ကိုယ့်ဘေးမှာအမြဲရှိနေတဲ့ သူ့ကိုပေါ့။

လွမ်းတာတွေ အကုန်လျှောက်ပြောနေရရင်တော့ ကုန်နိုင်ဘွယ်မရှိပါဘူး သူငယ်ချင်းရာ။ အခုကျတော့လဲ တကွဲစီပေါ့။ ဘာလို့လွမ်းသလဲ ဆိုရင်တော့ ချမ်းလို့ပါ လို့ဖြေမယ်ဗျာ။ တစ်ယောက်တည်းဖြစ်နေပြီကိုး။ လွမ်းသင့်တာပေါ့၊ ဟုတ်တယ်မို့လား။ ကိုယ်ချင်းစာစမ်းပါ ကိုယ့်လူရာ။ မောင်တစ်ရွာ၊ မယ်တစ်မြို့ဖြစ်နေပြီလေ။ ဒါပေမဲ့ “ငါ့မြေး ပျော်ရာမှာ မနေနဲ့၊ တော်ရာမှာ နေရမယ်” ဆိုတဲ့ အဘရဲ့ မဟာ့မဟာ သြ၀ါဒတော်ကြောင့်--

အချမ်းကို အန်တု၊
အလွမ်းကို ကံဟု မှတ်ပါတော့၊
အဝေးမြေမှာ။

ပညာသာ ရအောင်ရှာကွဲ့၊
ကြင်ယာဟာ ဖူးစာဆက်လိမ့်မယ်၊
ထူးပါတဲ့ မင့်ထံ။

ချစ်ကံကို မယုံနဲ့၊
ဆုံမယ့်သူ ဆုံမှာပဲ ရယ်လို့၊
ပုံပမာကွဲ့ မှတ်ယူ။

ပျိုတကာလျှောက် လှည့်ပတ်သူ၊
မင့်လိုလူ ငနဲ၊
အကွဲ အခါခါနှင့်၊
အသဲ နာနာနှင့်၊
ပျော်ရာမှာ မနေရတယ်၊
ငရဲကောင်ပဲ။

ဟူသော ဘာအဓိပ္ပါယ်မှန်းမသိလောက်အောင်ကို လေးနက်လွန်းတဲ့ ကိုယ်ကိုယ်တိုင် ကျိုးစားပန်းစား နှစ်မိနစ်ခန့် အချိန်ယူ သီကုံးထားရတဲ့ ကဗျာတော်ကြီးကို အကြိမ်ကြိမ်ကျူးရစ်ပြီးသကာလ ဖြေဆည်ရာ ရှာနေရတာလဲ အမောပါပဲ သူငယ်ချင်း။

အချမ်းကို နွေးစေတဲ့ စောင်ရှိပေမဲ့
အလွမ်းကို ငြိမ်းစေမယ့် သူမရှိတဲ့ ဘ၀မှာ
နတ္ထိရဲ့ အဓိပ္ပါယ်ဟာလဲ၊
အရပ်သိတဲ့ စကားနဲ့ပြောရရင်တော့၊
လောကအမြင် ဘယ်လိုရယ် မသိ၊
ယောင်ချာချာ ဖြစ်ပါဘိတော့။

ဒါပေမဲ့ ဒါပေမဲ့၊
ညောင်နာနာဘ၀တော့ အရောက်မခံ၊
ထက်သန်တဲ့ ဇွဲစိတ်နဲ့၊
ချမ်းချင်သလောက် ချမ်းစမ်း၊
လွမ်းချင်သလောက် လွမ်းစမ်း၊
အချမ်းကိုလဲ မမှုအား၊
အလွမ်းကိုလဲ ဂရုမထားပဲ၊
ငါလိုရာပန်းတိုင် အရောက်လှမ်းမယ်၊
ဘာရ မလဲ၊
ငါဟဲ့ မောင်းမကန်သား။
(အလကားကောင်)

ကဲ၊ ကိုယ့်လူရေ့၊ မနက်ဖန်လဲ စာဖြေစရာရှိသေးတယ်။ နောက်အပတ်စာဖြေပြီးရင်တော့ ကျောင်း သုံးပတ်ပိတ်ပြီ။ ဘယ်ဆီ၊ ဘယ်ဝယ်သွားလည်ရမလဲ၊ အခုထိ ဇယားမချရသေးဘူး။ သိတယ်မို့လား။ သွားမယ် ဆိုရင် ဘုရင်မကြီးက ထွက်ပြီလေ။ ရှိတဲ့ ဘုရင်မတွေ အိပ်ကပ်ထဲက ထွက်မသွားအောင် မနည်းကြီး ထိမ်းသိမ်းနေရတာ ကလား။ ပြောသာပြောရတယ်။ စာမေးပွဲတွေပြီးသွားပေမဲ့ ကိုယ်ကတော့ မအားလပ်နိုင်သေးဘူး။

မအားသေးဆို၊ ဘယ်တော့မှလဲ အားမှာမဟုတ်ဘူး ထင်ပါရဲ့။ အခုစာမေးပွဲပြီးတာနဲ့ လန်ဒန်တက္ကသိုလ်က ကိုယ့်စူပါဗိုက်ဆာဆီတင်ရမယ့် စာတွေ ပြန်ပြင်စရာရှိသေးတယ်။ အဲဒါကလဲ စိတ်ထဲမှာ ရည်းစားပူမိသလို ဖြစ်နေတာဗျို့။ အရေးကြီးတယ်၊ ကိုယ်ဒီလာတဲ့ရည်ရွယ်ချက်ကလဲ တက္ကသိုလ်တက်ဖို့၊ ဒေါက်တာဘွဲ့ယူဖို့ဆိုပြီးတော့လာခဲ့တာ။ အခုတော့ Southall ကျောင်းမှာ အင်္ဂလိပ်စာသွားသင်နေရတာနဲ့တင် တစ်နှစ်ကုန်သွားပြီ။ ဒီနိုင်ငံရဲ့ Standard ဖြစ်အောင် ကျိုးစားရတာကလဲ အတော်မသက်သာတဲ့ ကိစ္စ၊ မသက်သာဆုံးကတော့ ပိုက်ဆံပဲ ဆရာရေ့။ ခဏခဏ ငြီးပြရတာလဲ ကြာတော့ ရှက်တောင်လာပြီ။ ကိုယ့်လူကလဲ ကိုယ်ဒီလောက်ငြီးပြနေတာ သဘောကို မပေါက်နိုင်ဘူး။ အဲဒီတော့ မငြီးတော့ဘူး။ နောင်ကြုံတော့မှပဲ။ ဟဲဟဲ။

Wednesday, November 5, 2008

သူငယ်ချင်းသို့ (၉)

ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာတောင် အတော်ကြာနေပြီ။ ကျမ်းမာလို့ ချမ်းသာပါစ။ ဘယ့်နှယ်လဲ အိမ်သူနဲ့ အဆင်ပြေရဲ့မို့လား။ ကိုယ့်လူအိမ်သူနဲ့အဆင်ပြေရင်တော့ ကျန်တာတွေလဲ အကုန်အဆင်ပြေမယ်ဆိုတာ ယုံပြီးသားပါဗျာ။ အဓိကဟာ အဓိကပဲလေ။ ကိုယ်ကတော့ အခုထိ ပညာရေးလောကထဲက မထွက်မြောက်နိုင်သေးဘူး။ တစ်ကိုယ်တည်း လူပျိုလုပ်နေရာတာ ပျင်းတောင်လာပေါ့ ကိုယ့်လူရယ်။ ဟိုက ဒီက ကမ်းလှမ်းတာလေးတွေလဲ စိတ်ကူးယဉ်မိရဲ့။ သို့သော်----သို့သော်----။

အင်း---ကိုယ်စိတ်ကူးယဉ်တဲ့အကြောင်းတွေတော့ သိပ်မပြောချင်ပါဘူးကိုယ့်လူရာ။ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲရှိပါစေတော့။ အခု ကိုယ့်လူကို ပြောပြစရာလေး နည်းနည်းရှိလို့ ဒီစာကို ရေးဖြစ်တာ။ ဒီနေ့ (၀၅/၁၁/၀၈) ကိုယ် သူငယ်ချင်းတစ်ယောက်နဲ့ လန်ဒန်တက္ကသိုလ်ကိုရောက်ခဲ့တယ်။ ရောက်ခဲ့တယ် ဆိုတာ တမင်သွားလို့ရောက်တာပါ။ အလည်သက်သက်တော့ မဟုတ်ပါဘူး။ ချိန်းထားလို့။ ဟဲ ဟဲ။ တက္ကသိုလ်က ကောင်မလေးတစ်ယောက်ယောက်နဲ့ ချိန်းတယ်လို့တော့ မအောင့်မေ့လိုက်ပါနဲ့ ကိုယ့်လူရယ်။ ကိုယ့်မှာလဲ နဂိုအကျင့်တွေ မပျောက်သေးပေမဲ့ တော်တော်တော့ ပါးနေပါပြီ။

ကိုယ့်လူ သိတယ်မို့လား။ ကိုယ်ဒီကိုလာတာ အတော်ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့။ အင်္ဂလန်မှာ ကျောင်းတက်ဖို့။ ဒီထက်မကဘူး။ ဘွဲ့တစ်ခုခုယူဖို့။ ဒီထက်ပိုသေးတယ်။ ဒေါက်တာဘွဲ့ယူဖို့။ ရအောင်ယူဖို့။ မရရင် မပြန်ခဲ့နဲ့။ မှာလိုက်တဲ့ ဆရာစကား။ သူတို့စကား။ ဟုတ်တယ်။ ကိုယ်လဲ မပြန်ချင်တော့ဘူး။ မရရင်မပြန်ခဲ့နဲ့ တဲ့။ မရအောင်နေပြီး မပြန်ပဲနေရင်ကောင်းမလားလို့ စဉ်းစားမိတယ်။ အထက်က ပြောသလိုပဲ၊ အော် သို့သော်--သို့သော်--သို့သော်၊ အော်-------သို့သော်--------။

ကိုယ်မိုက်လို့ မဖြစ်ပါဘူး။ ကိုယ့်တိုင်းပြည်ပြန်ရမယ်။ ကိုယ်သင်ခဲ့တာတွေကို ပြန်လည် ဖြန့်ဖြူးရမယ်။ အုဌ်တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်အနေနဲ့ ကိုယ်တို့တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ ပညာရေးအဆောက်အဦးကို တည့်မတ်ပေးရမယ်။ အဲဒါ ကိုယ့်ရဲ့အဓိက ရည်ရွယ်ချက်ပေါ့။ ကိုယ့်လူလဲ ဒေါက်တာတစ်ယောက်ဖြစ်နေတာပဲလေ။ ကိုယ်ပြောတာ နားလည်မှာပါ။ ခက်တာက ကိုယ့်ကို နားမလည်နိုင်တဲ့ လူတွေရှိနေဆဲပဲ။ ကိစ္စ မရှိဘူး။ ကိုယ့်အပေါ် တစ်ယောက်တည်းပဲ နားလည်ပေးမည့်လူ ရှိတယ်ဆိုရင် အဲဒီလူဟာ ကိုယ့်လူပဲဆိုတာ ယုံတယ်။ အဲလိုယုံတဲ့အတွက်လဲ ဘာပဲဖြစ်ဖြစ် ပြောပြချင်တယ်။

ကိုယ် ဒီရောက်တာ အခုဆို တစ်နှစ်တောင် ကျော်သွားပြီ။ ဘာမှမဖြစ်သေးဘူး။ အင်္ဂလိပ်ကျောင်းလေး ချောက်ချိချောက်ချက် သွားတက်လိုက်၊ စားလိုက်၊သောက်လိုက်၊ အဆောင်ပြန်အိပ်လိုက်နဲ့။ သက်သက်အချိန်နဲ့ ငွေဖြုန်းတီးနေတယ်လို့ ခံစားမိတယ်။ အဲဒီခံစားချက်ဟာ ရောက်ပြီး ခြောက်လ ခုနှစ်လလောက်အကြာမှ ဖြစ်သွားတာ။ အခုထိပဲဆိုပါတော့။ အဲဒါကြောင့် ပြီးခဲ့တဲ့ သုံးလလောက်က။ ပြောမယ်ဆိုရင် ကိုယ် IELTS လက်မှတ်ရပြီးကာစပေါ့။ ရတဲ့လက်မှတ်နဲ့ တက္ကသိုလ်တစ်ခုခုကို လျှောက်ထားမယ်စိတ်ကူးတယ်။ အကြောင်းကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့ဘူး ဆိုပါတော့။

ဒါပေမဲ့ စိတ်ကတော့ မလျှော့ပါဘူး။ နီးစပ်ရာမှာ ကိုယ့်ဖာသာကိုယ်ပဲ စုံစမ်းနေရတာ။ ကံအားလျှော်စွာလို့ ပြောရမယ် ထင်တယ်။ လန်ဒန်တက္ကသိုလ်မှာရှိတဲ့ SOAS လို့အတိုကောက်ခေါ်တဲ့ အရှေ့တိုင်းနဲ့ အာရှဒေသဆိုင်ရာဌာနကြီးက ဆရာမတစ်ယောက်နဲ့ ချိတ်မိတယ်။ အွန်လိုင်းမှာ ချိတ်မိတယ် ဆိုပါတော့။ သူလဲ ကိုယ့်ရဲ့ Subject ကို စိတ်ဝင်စားလေတော့ ကိုယ်ရမ်းသန်းပြီး ပို့လိုက်တဲ့ အီးမေးလ်ကို ချက်ချင်းပဲ ပြန်တယ်။ အဲဒီနေ့ကဆို တကယ်ပြောတာ။ ထီပေါက်သလိုကို ခံစားရတယ်။ ပျော်လိုက်တာ မပြောနဲ့တော့။ တက္ကသိုလ်တက်မယ်။ ဘွဲ့ယူမယ်။ အိမ်ပြန်မယ်။ အဲလို ခန့်မြန်မြန်လေး တွေးမိလိုက်တာကိုး။ စိတ်ကူးက အဲဒီလို။

အဲဒီအချိန်ကစပြီး ဆရာမနဲ့ ကိုယ်အွန်လိုင်းမှာ အဆက်အသွယ်ရှိခဲ့တယ်။ ဆရာမက Ph.D ကျောင်းသားပေါင်းများစွာကို လမ်းညွှန်ပေးနေတဲ့ဆရာမပါ။ ကိုယ့်အတွက်လဲ သင့်တော်မယ့်သူရယ်လို့ ယုံကြည့်တဲ့အတွက် ရွေးချယ်ခဲ့တယ်။ ကိုယ့်ဘ၀တစ်လျှောက်လုံး ဆရာသမားကောင်းနဲ့ တွေ့ရမယ့်ကံပါလာတယ် ထင်ပါရဲ့ အခုဆရာမလဲ သိပ်ကောင်းတယ် လို့ယုံကြည်နေမိတယ်။ အခုအချိန်ထိဆိုပါတော့။ ဆရာမနဲ့ နှစ်လသုံးလလောက် အွန်လိုင်းမှာပဲ အဆက်အသွယ်ဖြစ်ပြီး ဒီနေ့တော့ သူနဲ့သွားတွေ့လိုက်တယ်။ ဒီနေ့လာတွေ့ပါလို့ သူက ချိန်းထားခဲ့တာလေ။

ပြောရဦးမယ်။ သူ့ဆီ သွားတာ သူငယ်ချင်းတစ်ယောက်လဲ ပါတယ်။ ဆရာမရဲ့ Ph.D ကျောင်းသားပေါ့။ ဘူတာရောက်လို့ ဓာတ်လှေကားအထွက်မှာ ကိုယ့်သူငယ်ချင်းက အမျိုးသမီးတစ်ယောက်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတယ်။ အဲဒီအမျိုးသမီးကလဲ အတော့်ကို ရင်းရင်းနှီးနှီးရှိတာတွေ့ရတယ်။ ခဏနေတော့ ကိုယ့်လူရေ အဲဒါမင်းဆရာမဖြစ်မည့် အမျိုးသမီးပဲ တဲ့။ အော် တိုက်တိုက် ဆိုင်ဆိုင် ဘူတာမှာပဲ တွေ့ရပြီ။ ကျနော့်စူပါဗိုက်ဆာနဲ့။

ဆရာမနာမည်က Dr.Kate Crosby တဲ့။ အောက်စဖိုလ်တက္ကသိုလ်က D.Phil (Ph.D)ကို ရထားတာ။ ကျနော့်မျက်စိထဲမှာတော့ ဆရာမကို ခန့်ငယ်ငယ်ပဲ အောင့်မေ့မိတယ်။ အသက်လေးဆယ်ကျော်လောက်ပဲ ထင်ရတယ်။ သူငယ်ချင်းကို မေးကြည့်တော့ ငါးဆယ်နီးနီးရှိပြီတဲ့။ ကိုယ်လုံးကိုယ်ပေါက် အတော်ဝတယ် ပြောရမယ်။ ရုတ်တရက်ကြည့်ရင် စာသမားလို့ မထင်ရဘူး။ ဒါပေမဲ့ သူရေးထားတဲ့ စာတွေ ဖတ်ကြည့်တော့ အတွေးအခေါ်တွေက ကြောက်စရာကောင်းတယ်။ အရှေ့တိုင်းဘာသာရပ်တွေကို အတော်နှံ့စပ်နိုင်နင်းတယ်လို့ သိရတယ်။

ဘူတာက ထွက်တာနဲ့ ဆရာမရယ်၊ သူငယ်ချင်းရယ်၊ ကိုယ်ရယ် သုံးရောက်သား တက္ကသိုလ်ထဲမှာ ရှိတဲ့ ကန်တင်း သွားပြီး လက္ဘက်ရည်သောက်ကြတယ်။ အဲဒီမှာထိုင်ပြီး ဟိုအကြောင်း ဒီအကြောင်း ခဏပြောတယ်။ ကိုယ်ကတော့ သူစိမ်းဆိုတော့ သိပ်မပြောဖြစ်ပါဘူး။ သူငယ်ချင်းပဲ သူ့ဆရာမနဲ့ စကားတပြောပြောလုပ်နေတယ်။ သူတို့နှစ်ယောက်ကလဲ အမြဲတွေ့နေတာတောင် မတွေ့ရတာ ကြာနေတဲ့ လူတွေလိုပဲ ပြောလိုက်တဲ့ စကားတွေ။ တော်တော်နဲ့မပြီးနိုင်ဘူး။ ကိုယ့်မှာလဲ ၀တ်လာတဲ့ အင်္ကျီကပါး၊ ထိုင်နေရတာက ကန်တင်းအပြင်ဘက်။ နိုဝင်ဘာလရဲ့ ဆောင်း၊ နေကမရှိ၊ ညနေစောင်းလုလု၊ လေက တဖြူးဖြူးနဲ့။ ချမ်းလိုက်တာ မပြောနဲ့တော့။

ခဏကြာတော့ သောက်လက်စ လက္ဘက်ရည်လဲ ကုန်လုပြီ။ ချမ်းချမ်းစီးစီးနဲ့ထိုင်နေရတာလဲ တစ်နာရီလောက်ရှိသွားပြီ။ အဲဒီကျမှ ဆရာမက ကိုယ့်ကို သတိထားမိပုံရတယ်။ မင်းကြည့်ရတာ အတော်ချမ်းနေတဲ့ ပုံပဲ တဲ့။ အော် အသိနောက်ကျလိုက်လေ ဆရာမရယ် လို့ စိတ်ထဲအောင့်မေ့မိတယ်။ ဟုတ်ကဲ့ပါ ခင်ဗျား လို့ အားနာနာနဲ့ အမှန်တိုင်းပြောလိုက်ရတယ်။ ဒါဆို သူ့အခန်းသွားဆွေးနွေးကြတာပေါ့ ဆိုတာနဲ့ ကိုယ်လဲ ၀မ်းသာသွားတယ်။ ကန်တင်းက ထလာပြီးတော့ သူ့အခန်းရောက်ဖို့အရေး ပန်းခြံလေးတစ်ခု ဖြတ်လျှောက်ခဲ့ရတယ်။ ဆောင်းဒဏ်မခံနိုင်လို့ ကြွေရရှာတဲ့ ရွက်ယော်လေးတွေအပေါ် နင်းရင်းပေါ့။

သူ့အခန်းရောက်တော့ ခဏနော်ဆိုပြီး ရှင်းစရာရှိတာ သွားရှင်းနေလိုက်သေးတယ်။ ပြီးကျမှ အခန်းထဲပြန်ဝင်လာတယ်။ ကိုယ်လဲ အဆင်သင့်ယူလာတဲ့ ကိုယ့်ရဲ့ CV Form နဲ့ ကိုယ် ၂၀၀၆ ခုနှစ်က မဂ္ဂဇင်းတစ်ခုမှာ ရေးထားခဲ့တဲ့ Essay တစ်ပုဒ်ကိုပေးလိုက်တယ်။ ကိုယ့်စီဗွီကို ကြည့်လိုက်တယ်။ ပြီးတော့ ကိုယ်ရေးထားတဲ့ အက်ဆေးကို ဖတ်နေလိုက်တယ်။ ကိုယ်ရင်ထဲမှာတော့ သူမကြိုက်တာတွေ့သွားရင် ဒုက္ခဆိုပြီး ဘုရားတနေရသေးတယ်။ ကိုယ့်စာဖတ်ရင်းနဲ့ တစ်ချက်တစ်ချက်ပြုံးပြုံးသွားတယ်။ ကိုယ့်စိတ်ထဲမှာလဲ သွားပြီထင်တယ် လို့တွေးနေမိတာပေါ့။

ဖတ်လဲပြီးရော၊ မင်းရဲ့အယူအဆရော၊ အင်္ဂလိပ်အရေးအသားရောက အတော်ကောင်းတာပဲ တဲ့။ ဟာ--စိတ်ထဲ ၀မ်းသာလိုက်တာဗျာ။ သူကဆက်ပြောတယ်။ ဒါပေမဲ့ တဲ့။ အမလေး---ဘုရား--ဘုရား။ ဒါပေမဲ့ ဆိုတဲ့စကားက အတော်ကြောက်စရာ။ ဒီဆောင်းပါးကို မင်းပြန်ရေးစေချင်တယ်။ ထည့်သင့်တယ်ထင်တဲ့ အယူအဆတွေလဲ ပြန်ထည့်ပေါ့။ အင်္ဂလိပ်စာကိုလဲ ဒီထက်ပိုကောင်းအောင်လုပ်ပြီး ရေးခဲ့ပါ တဲ့။ မင်းက ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်ကရေးထားတာဆိုတော့ မင်းအင်္ဂလိပ်ကအခု ဒီထက်ပိုကောင်းနေတယ်ဆိုတာ ငါယုံပါတယ် တဲ့။ မြှောက်ပြောတာလားတော့ မသိဘူး။ ဒါပေမဲ့ စူပါဗိုက်ဆာတွေဟာ သူတို့တာဝန်ယူမည့် ကျောင်းသားကို မြှောက်ပြောလေ့မရှိဘူး လို့တော့ ကြားဖူးတယ်။

အဲဒီနောက်တော့ မင်း ဘယ်ခေါင်းစဉ်နဲ့ Research လုပ်မှာလဲ တဲ့။ ကိုယ်လဲ ကြိုတင်စဉ်းစားထားတဲ့ ခေါင်းစဉ်ကို ပြောလိုက်တယ်။ သူကမေးတယ်။
(၁) ဘာ့ကြောင့် လုပ်မှာလဲ၊
(၂) ဘယ်ရှုထောင့်က လုပ်မှာလဲ၊
(၃) Source ကို ဘယ်က ယူမှာလဲ၊
(၄) ခေတ်အယူအဆတွေကို ဘယ်လိုသုံးသပ်မှာလဲ ၊ တဲ့။

ကိုယ်လဲ သူမေးတာတွေကို တစ်ခုချင်း စီကာပတ်ကုံးဖြေလိုက်တယ်။ တကယ်တော့ ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်ဟာ သူကျွမ်းကျင်တဲ့ ဘာသာရပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူကျွမ်းကျင်နဲ့ ဘာသာရပ်နဲ့ ဂွင်မ၀င် ၀င်အောင် ချိတ်ဆက်မိမိပြောလိုက်တော့ အဲဒီခေါင်းစဉ်ကို သူအတော့်ကို သဘောကျသွားတယ်။ ဟုတ်ပြီ၊ ခေါင်းစဉ်ကို လုံးဝသဘောကျတယ်။ မပြောင်းနဲ့တော့ တဲ့။ မင်းအင်္ဂလိပ်စာ ဒီထက်တိုးတက်အောင်တော့ လုပ်ရမယ်။ ဇန္န၀ါရီလသင်မယ့် တန်းတွေမှာ ပြင်ပကျောင်းသားတစ်ယောက်အနေနဲ့ လာတက်ပါ။ အဲဒီကျရင် အက်ဆေးတွေ အများကြီး ရေးရဖို့ရှိတယ် လို့ ဆက်ပြောတယ်။

ဘာပဲပြောပြော။ နှုတ်သဘောနဲ့တော့ သူ ကိုယ့်ကိုလက်ခံလိုက်ပြီလို့ မှတ်ယူလိုက်တယ်။ ကျန်တဲ့အဆင့်တွေကိုတော့ ရုံးလုပ်ထုံးလုပ်နည်းအရကျော်ဖြတ်ရဦးမယ်။ Ph.D လုပ်ချင်တဲ့ကျောင်းသားတစ်ယောက်အတွက် သက်ဆိုင်ရာ စူပါဗိုက်ဆာက လက်ခံလိုက်ပြီဆိုတာနဲ့ အဲဒီကျောင်းသားဟာ Ph.D တစ်ဝက်ပြီးသွားသလောက်နီးပါး ၀မ်းသာတတ်ကြတာ ထုံးစံပဲ။ ကိုယ်လဲ ဒီနေ့ ဆရာမနဲ့တွေ့ပြီးတော့ သိပ်ဝမ်းသာတယ်။ ရှေ့ဆက်ဖို့လမ်းကြောင်းရှိသွားပြီ။ ရပ်နေရတာမျိုးကို မကြိုက်ဘူး။ ရှေ့တိုးနေချင်တယ်။ အခုတော့ ရှေ့တိုးဖို့ လမ်းတွေ့သွားပြီ။ လမ်းပြလဲရှိနေပြီ။ ကိုယ့်လူရေ ကိုယ်လိုတဲ့ ငွေကြေးတွေ တောင်းတဲ့အခါ ပို့ဖို့သာအဆင်သင့်လုပ်ထားပေတော့။ ဒိရှေ့ ကုန်တော့မယ်နော်။ ပိုက်ဆံ။

Tuesday, October 21, 2008

သူငယ်ချင်းသို့ (၈)

စာရေးတဲ့အလုပ်ဟာ စိတ်ကြည်လင်နေတဲ့အခါမှပဲ ရေးလို့ကောင်းတယ် သူငယ်ချင်း၊ ကိုယ့်လူဆီလဲ စာမရေးဖြစ်တာ အတော်ကြာနေပြီ။ အခုတစ်လော ကိုယ့်စိတ်ထဲမှာ မကြည်လင်မှုတွေ အရမ်းဖြစ်နေတယ်။ အကြောင်းကြောင်းကြောင့် ဆိုပါတော့သူငယ်ချင်းရာ။ ပြီးခဲ့တဲ့အပတ်က ကိုယ်ဘာမင်ဂန်ကို ခဏသွားတယ်။ အလည်ပဲ ဆိုပါတော့။ အဲဒီက ပြန်လာပြီးကတည်းက သိပ်အဆင်မပြေချင်ဘူး။ ဝေဒနာတွေ တိုးလာသလိုပဲ။

ကဗျာလေးတွေလဲ နည်းနည်းပါးပါး ရေးဖြစ်တယ်။ ကိုယ့်ဘလော့ဂ်မှာတော့ အချို့ကဗျာတွေကို တင်မပေးတော့ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် သူနဲ့တွေ့ဖြစ်တဲ့အခါမှပဲ အဲဒီကဗျာတွေကို ပြတော့မယ်။ တကယ်လို့ ဒီတစ်သက် မတွေ့နိုင်တော့ဘူး ဆိုရင်လဲ လူမသိတဲ့ ကိုယ့်ခံစားချက်တွေဟာ ဒီအတိုင်းပဲ မမြင်ကွယ်ရာမှာ မျက်ရည်ဖြစ်စေတော့ရယ်လို့ ကိုယ်ဆုတောင်းပါတယ်။

အခုထိတော့ စိတ်ထဲမှာ အကျိတ်အခဲတွေ ဖြစ်နေရတုန်းပဲ သူငယ်ချင်းရာ။ ကိုယ့်မှာလဲ တိုင်ပင်စရာဆိုလို့ သူငယ်ချင်းပဲရှိတာ။ ကိုယ့်ခံစားချက်တွေကို နားလည်ပေး၊ ခွင့်လွှတ်ပေးနိုင်တာလဲ ကိုယ့်လူတစ်ယောက်တည်းပဲ။ ဒီတော့လဲ ကိုယ့်လူကိုပဲ ပြောပြရတာပေါ့။ ရင်ထဲမှာ သိမ်းဆည်းထားရတဲ့ ခံစားချက်တွေရဲ့ပွင့်အံမှုတွေနဲ့အတူ မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်စက်တွေကို မိုးကောင်းကင်အထိ ရောက်စေနိုင်မယ်ဆိုရင်တော့ ဝေဒနာမိုးဆိုတာ ကိုယ့်အတွက်တော့ တစ်ကြိမ်တစ်ခါ ရွာစေနိုင်ကောင်းပါရဲ့။

တစ်ခါက ပျော်ရွှင်စရာအဖြစ် သိခဲ့ရတဲ့ အချစ်ဆိုတာ ပူလောင်မှုကို အပေးနိုင်ဆုံးအရာဝတ္ထုရယ်လို့ နားလည်လိုက်တဲ့ အချိန်မှာ ကိုယ်နောက်ဆုတ်ဖို့ သိပ်ခက်သွားပါပြီ။ သိလျှက်နဲ့ဇွတ်ကြိုက် ဆက်မိုက်နေဖို့ဆိုတာလဲ ကိုယ်လျှောက်နေရတဲ့လမ်းကြောင်းနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေလေတော့ ခံစားချက်တွေကို မြေမြှုတ်သင်္ဂြိုဟ်ပစ်လိုက်နိုင်တဲ့ အင်းအားတစ်ခုရဖို့ ကိုယ်မယုံကြည်တဲ့ ဆုတောင်းမှုကိုပဲ မျက်စိမှိတ်ပြီး အင်အားချည့်စွာနဲ့ ပြုလိုက်ရတယ်။

ကိုယ်ဘယ်လို ရှေ့ဆက်ရလဲ သူငယ်ချင်း။ မင်း ကိုယ့်ကို တစ်ခါက ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းမှတ်မိနေသေးတယ်။ အချစ်ဆိုတာ စွန်လွှတ်ရသလိုပဲ တဲ့။ ကိုယ်နားလည်တာကတော့ အချစ်ဆိုတာ စွန်လွှတ်သလို ကစားလို့ရတဲ့အရာတစ်ခုတော့ မဟုတ်ဘူး ဆိုတာပဲ။ အခုအချစ်ကို စွန်လွှတ်သလို ပြုမိလို့ ဘုမသိဘမသိနဲ့ ကိုယ်လက်မခံနိုင်တဲ့ ဝေဒနာတွေဟာ ကိုယ့်ရင်လာပြီး တွန်းထိုးနေကြပြီလေ။ ကိုယ်အသုံးပြုတဲ့ ကြိုးကပဲ မခိုင်မြဲလေရောသလား။ ကျွမ်းကျင်မှုမရှိတဲ့ ကိုယ့်အဖြစ်ကပဲ အပြစ်ဖြစ်လေရော့သလား။ စဉ်းစားပေးပါ သူငယ်ချင်း။

လွမ်းရတဲ့ဒဏ်ကို ရသတစ်ခုလို ယူဆခဲ့မိတဲ့ ကိုယ်ဟာ အခုတော့ ကျွမ်းရတဲ့ဒဏ်ကြောင့် နာကျင်ခံခက် ရင်ထဲမှာ ဆူဝေ၊ ပူနွေမှာ ရေငတ်သလို အာခေါင်ခြောက်ကပ် မနေတတ်အောင် ဖြစ်နေရပြီ။ ရှေ့ဆက်မယ်ရွယ်တော့လဲ လှည့်ပြန်မငဲ့တဲ့ စိမ်းသူရဲ့ ဥပေက္ခာမျက်ဝန်းကြောင့် တစ်သက်တစ်ကျွန်းကျသူလို့ ဘယ်ဆီတမ်းတ လွမ်းရမယ်ဆိုတာတောင် မသိနိုင်တော့တဲ့ အဖြစ်ရယ်လေ။

အခြေအနေရ အဝေးမှာ နေရလို့ သူ့အနားမရှိနိုင်တဲ့ ကိုယ့်အဖြစ်ကလဲ အပြစ်တစ်မျိုးရယ်မို့ မနှစ်မျို့တာကို ခံနေရတဲ့အထဲ အခုလို သူစိမ်းအသံနဲ့ အပူကိန်းအောင် သူလုပ်တော့ လူရုပ်တောင် မပီနိုင်၊ တစ်မှိုင်မှိုင် တတွေတွေ၊ ဝေဒနာအသစ်တိုးလို့ အဖြစ်ဆိုးနဲ့ ကြုံရတော့တာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ အသည်း၊ မာလှချည့် ဆိုပေမဲ့ ငိုနေတဲ့သူတစ်ယောက်လိုပါပဲ၊ အမှတ်တမဲ့စီးကျလာတဲ့ မျက်ရည်တစ်စက်ကယ်ကြောင့် အသက်တောင် အရှူမှားမတတ် ကိုယ့်အဖြစ်ကို အံ့သြမိလေရဲ့။ စိတ်ကူးထားတဲ့ အိမ်မက်တွေ၊ ပြိုပျက်ချိန် တန်ပြီထင့်၊ ကိုယ်လုပ်သမျှလဲ အကောင်းမမြင်၊ အယူတစောင်းနဲ့ မူပြောင်းသွားတဲ့ သူ့အဖြစ်ကို သိရတော့၊ သူငယ်ချင်းရယ် ကိုယ်ရှေ့ ဘယ်လို ဆက်ရမလဲ။

Wednesday, October 15, 2008

သူငယ်ချင်းသို့ (၇)

ကိုယ့်လူရေ့--ကိုယ့်ဆီက စာတွေမျှော်နေပြီလား။ ကိုယ့်လူဆီမရေးဖြစ်တာ တစ်ပတ်လောက်တောင် ကြာသွားတယ်။ ဆောရီးဗျာ။ သီတင်းကျွတ်လပြည့်နေ့နဲ့ကြုံသွားလို့ ဟိုရေးဒီရေးနဲ့ ကိုယ့်လူဆီတောင် အလှည့်မရောက်နိုင်ပဲဖြစ်သွားတယ်။ ဘယ်နှယ်လဲ၊ နေကောင်းတယ်မို့လား။ အရင်တိုင်းပဲ ဆိုရင်တော့ အဲလိုပဲ မှတ်လိုက်မယ်နော်။ ဟဲဟဲ။ အချင်းချင်းပဲသိတဲ့စကားတွေပြောရတာ အရသာရှိလိုက်တာ။ ပြီးခဲ့တဲ့အပတ်က ကိုယ့်လူဆီရေးတဲ့ စာထဲမှာ အင်္ဂလန်ကို ခြေလှမ်းချင်တဲ့ ညီလေး/ညီမလေးတွေအတွက် နည်းနည်းပါးပါး အထောက်အကူဖြစ်စေမယ့် သတင်းလေးတွေ ပေးခဲ့တာ မှတ်မိသေးလား။

အခုဒီစာထဲမှာတော့ IELTS စာမေးပွဲဖြေချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် သိသင့် သိထိုက်တာလေးတွေ ကိုယ်သိသလောက်ပြောပြချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစာမေးပွဲက အင်္ဂလန်ကို လာဘို့အရေးမှာ အတော်လေးအဓိကကျတဲ့ အခန်းက ပါဝင်လှုပ်ရှားနေတာလေ။ အထူးသဖြင့် ကျောင်းတက်ချင်တဲ့ မောင်မယ်လေးတွေအတွက်ပေါ့ဗျာ။ သူတို့သက်ဆိုင်ရာဌာနက ရေးထားတဲ့ Information တွေကိုတော့ ပြောမပြတော့ပါဘူး။ သိချင်သပဆိုရင်တော့ www.ielts.org ထဲဝင်ကြည့်ပေတော့။ ကိုယ်က ကိုယ်သိတဲ့အတိုင်း၊ ကိုယ်လုပ်ခဲ့ရတဲ့အတိုင်းပဲပြောပြမယ်နော်။

ကိုယ်မြန်မာပြည်မှာတုန်းက ကိုယ့်ကို ဒီအကြောင်းပြောပြမယ့်သူ ဂဂနနမရှိခဲ့ဘူး။ စမ်းတစ်ဝါးဝါးနဲ့ အင်္ဂလန်ကိုရောက်ခဲ့ရတယ်။ ခြောက်လသင်တန်းတက်ပြီးရင် တက္ကသိုလ်ကို တက်နိုင်တာလိုလို၊ ဘာလိုလိုနဲ့ မရေမရာလူတွေဆီက မရေရာတဲ့ သတင်းပဲရခဲ့တယ်။ ဒါနဲ့ မြန်မာပြည်ကနေ IELTS ကို မဖြေခဲ့ရဘူး။ ဒီရောက်လာခဲ့တယ်။ အူလည်လည်နဲ့။ ဘာမှန်းလဲ မသိဘူး။ ဒီရောက်တော့ တက္ကသိုလ်တစ်ခါတည်း တက်ရမလား အောင့်မေ့မိတယ်။ ဘယ် ဟုတ်လိမ့်မတုန်း။ IELTS လက်မှတ်တောင်းတယ်။ ဖြေတောင်မဖြေဖူးတာ။ လက်မှတ်ဆိုတာတော့ ဝေးရော့ပေါ့။

ဒါနဲ့ အဲဒီစာမေးပွဲဖြေဖို့ သီးသန့်အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ သွားတက်ရသေးတယ်။ ကိုယ့်ဘက်က အင်္ဂလိပ်စာအရည်အချင်းပြည့်နေရင်တော့ တက်စရာမလိုပါဘူး။ ကိုယ်ကတော့သိတဲ့အတိုင်းပဲလေ။ ABC လောက်နဲ့ အင်္ဂလန်ရောက်ခဲ့တဲ့ကောင်။ ဒီတော့ကျောင်းသွားတက်ရတယ်။ အဓိကကတော့ ဖြေပုံဖြေနည်း သိထားဖို့ပါပဲ။ သူတို့ပြောသလို Four Skills လို့ခေါ်တဲ့ ကျွမ်းကျင်ရမယ့် အပိုင်းလေးပိုင်းရှိတယ်။
(1) Listening
(2) Reading
(3) Writing နဲ့
(4) Speaking

ဆိုပြီးတော့ လေးမျိုးခွဲထားတယ်။ လေးမျိုးစလုံး အမှတ်ညီအောင်ရဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး စာအုပ်တွေ၊ စီဒီခွေတွေလဲ အများကြီးပဲ ရှိပါတယ်။ ကျောင်းသားအများစု ကြောက်တာကတော့ Listening and Reading ပဲ။ ကြောက်စရာလဲ တကယ်ကောင်းတယ်။ ကိုယ်လဲ အဲဒီနှစ်ခုမှာ အမှတ်ကောင်းကောင်းမရဘူး။ Listening ကတော့ တကယ့်တကယ်စာမွေးပွဲအခန်းထဲမှာ မိနစ်သုံးဆယ်ပဲ အချိန်ပေးတယ်။ ပြီးရင် အဖြေလွှာထဲကို ဖြည့်ထည့်ဖို့ ဆယ်မိနစ်အချိန်ထပ်ပေးတယ်။ စုစုပေါင်း မိနစ်လေးဆယ်ပေါ့။ ပြီးတာနဲ့ လက်ထဲကိုင်ထားတဲ့ ခဲတံကို ချက်ချင်းစာဖြေခုံပေါ်ချလိုက်ရတယ်။ နည်းနည်းမှ အချိန်ပိုမပေးဘူးဆရာ။

ပြောရဦးမယ်။ စာဖြေတဲ့အခါ ခဲတံနဲ့ပဲ ဖြေရတယ်။ ဘောလ်ပင်နဲ့လုံးဝမရေးရဘူး။ ပေတံသုံးစရာလဲ မလိုဘူး။ စာဖြေခန်းထဲကို ခဲတံနှစ်ချောင်းလောက်နဲ့ ခဲဖျက်ကောင်းကောင်းတစ်ခု ပါသွားရင် ပြီးပြီ။ ကျန်တာဘာမှ မလိုဘူး။ ဘာမှလဲ ယူသွားလို့မရဘူး။ ကုတ်အင်္ကျီတွေပါတွေ ၀တ်လာရင်လဲ အပြင်ဘက်က သူတို့ညွှန်တဲ့အခန်းထဲမှာ ထားခဲ့ရတယ်။ ပြီးမှ ပြန်ယူ။ ဒါပဲ။ Listening နဲ့ပတ်သက်ပြီး နည်းနည်း ဆက်ပြောဦးမယ်။ သူ့ပုံစံက ကိုယ်တို့ပုံမှန်နားထောင်နေကျနဲ့ သိပ်မတူဘူး။ ဒီအတိုင်းနားထောင်ရင် ဘာပြောလဲ ဆိုတာ အလွယ်တကူနားလည်နိုင်တယ်။ ဒါပေမဲ့ စာမေးပွဲအခန်းထဲရောက်ရင် မေးခွန်းစာရွက်နဲ့ အဖြေလွှာ စာရွက်တွေလာပေးတယ်။ အဲဒီမေးခွန်းတွေမှာ စီဒီမှာပါတဲ့အသံနဲ့ ကိုက်တဲ့ အကြောင်းအရာတွေကို
(၁) ပါတဲ့အတိုင်း စကားလုံးအတူတွေ၊
(၂) အဓိပ္ပါယ်တူ စကားလုံးကွဲတွေ နဲ့ ရေးထားတယ်။
အတော်သတိထားပြီး နားထောင်ရတယ်။ မေးခွန်း (၄၀) တိတိရှိတယ်။ ပုံစံတစ်ခုကို (၁၀)မှတ်နှုံးနဲ့ မေးခွန်ပုံစံ လေးမျိုးခွဲထားတယ်။
(၁) ဖေါင်ပုံစံထဲမှာရှိတဲ့ ကွက်လပ်ထဲ စကားလုံး ဖြည့်ခြင်း၊
(၂) ဇယားပုံစံထဲမှာရှိတဲ့ ကွက်လပ်ထဲ စကားလုံးဖြည့်ခြင်း
(၃) အမှားအမှန်ရွေးခြင်း၊
(၄) လက်ချာတစ်ခုကို အချုပ်ရေးထားတဲ့ ၀ါကျထဲရှိ ကွက်လပ်ထဲ စကားလုံးဖြည့်ခြင်း။

ဒါကတော့ Listening ပေါ့။ အင်္ဂလိပ်သတင်းတွေများများ နားထောင်ဖို့လိုတယ်။ အထူးသဖြင့် သက်ဆိုင်ရာကထုတ်ထားတဲ့ စာအုပ်တွေ၊ စီဒီတွေနဲ့လေ့ကျင့်ရင် ပိုကောင်းတယ်။ သူတို့ပုံစံတစ်ခါတည်း ၀င်သွားတာပေါ့။ အဲလိုမလုပ်ရင် ကိုယ်က Listening ကောင်းလျှက်သားနဲ့ စာမေးပွဲအခန်းထဲမှာ အူကြောင်ကြောင်ဖြစ်နေတတ်တယ်။ အဲဒီအတွက် မေးခွန်းဟောင်းတွေကို ပြန်ထုတ်ထားတဲ့ စာအုပ်တွေ ရှိတယ်။ Cambridge IELTS 1 to 6 အထိထွက်နေပြီ။ အခုဆို (7) တောင်ရှိနေပြီထင်တယ်။ အခြားလေ့ကျင့်ခန်းစာအုပ်တွေလဲ အများကြီးပါပဲ။

အဲဒီ Listening ပြီးတာနဲ့ နောက်ထပ် ဆယ်မိနစ်အတွင်း Reading ကို ဆက်ဖြေရတယ်။ Listening မှာ မရခဲ့ရင်တော့ အဲဒီကအရှိန်နဲ့ ခေါင်းမီးတောက်ပြီသာ မှတ်တော့။ Reading ကနှစ်မျိုးရှိတယ်။
(၁) General
(၂) Academic

တက္ကသိုလ်တက်မယ့်ကျောင်းသားတိုင်းဟာ Academic ကိုဖြေရတယ်။ ကျန်တဲ့လူတွေကတော့ General ပေါ့။ ဒီအတိုင်းဖတ်သွားရင် လွယ်လွယ်လေးပဲ။ ဒါပေမဲ့ မေးခွန်းပုံစံဆင်ထားလိုက်တော့ မလွယ်တော့ဘူး။ အချိန်တစ်နာရီတိတိပဲပေးထားတယ်။ အပိုအလိုမရှိဘူး။ တစ်နာရီအတွင်း အားလုံးပြီးအောင်ဖြေပဲ။ အပိုင်းသုံးပိုင်းရှိတယ်။ မေးခွန်းပုံစံတွေဟာ တစ်ခါနဲ့တစ်ခါ သိပ်မတူတတ်ဘူး။

များသောအားဖြင့်ကတော့
(၁) အပိုင်းမှာ စကားလုံးဖြည့်တာ၊ True/False/Not Given ရွေးတာ နဲ့ စကားပိုဒ်ကြီးတစ်ခုလုံးက ဆွဲထုတ်ထားတဲ့ အဓိပ္ပါယ်တူ ပုံစံကွဲ ၀ါကျလေးတွေကို ဘယ်ဝါကျ ဘယ်စာပိုဒ်မှာ ပါလဲဆိုတာတွေ ရေးရတယ်။
(၂) အပိုင်းမှာက နောက်ထပ်စကားပိုဒ်ကြီးတစ်ခုထဲက ၀ါကျလေးတွေနဲ့ မပါတဲ့ဝါကျလေးတွေရောထားပြီး ဘယ်ဝါကျက ဘယ်ထဲပါလဲ ဆိုတာမျိုးတွေ၊ True/False/Not Given တွေလဲ ထပ်ပါတယ်။
(၃) အပိုင်းကျတော့ နောက်ထပ်စာပိုဒ်ကြီးတစ်ခုပေးထားတယ်။ Yes/No/Not Given ပုံစံတွေ၊ အမှားအမှန်ရွေးချယ်မှုတွေ၊ စကားလုံးဖြည့်တာတွေ ပါတယ်။

အဲဒါပြီးတာနဲ့ Writing တန်းလာတယ်။ ပုံစံ နှစ်မျိုးရှိတယ်။
(၁) Task One
(၂) Task Two လို့ခေါ်တယ်။

(၁) မှာ Pie Chart/ Bar Chart/ Table/Map တွေထဲက တစ်မျိုးမျိုးကိုပေးထားတယ်။ အဲဒါကို ကျောင်းသားက စကားလုံး (၁၅၀) လောက်နဲ့ ရေးရတယ်။ အဲဒီအတွက် မိနစ် (၂၀) အချိန်ပေးထားတယ်။
(၂) မှာကျတော့ Statement တစ်ခုကို ပေးထားပြီးတော့ မေးခွန်းထုတ်တယ်။ အဲဒီအဆိုကို လက်ခံသလား/လက်မခံဘူးလား ဆိုတာမျိုးပေါ့။ ဆွေးနွေးတဲ့ပုံစံနဲ့ရေးရတယ်။ စကားလုံးရေ (၂၅၀) အထိရေးရတယ်။ အချိန်ကတော့ မိနစ် (၄၀) ပဲ။ စုစုပေါင်း အချိန်ဟာ တစ်နာရီတိတိပေါ့။ တစ်နာရီပြည့်တာနဲ့ ပြီးပြီး/ မပြီးပြီး ကိုင်ထားတဲ့ခဲတံ ချက်ချင်း ချလိုက်ပေတော့။ ဆက်ရေးနေရင် အရေးယူခံရမယ်။ ဒီ Writing မှာလဲ--
(၁) General
(၂) Academic ဆိုပြီး အထက်အတိုင်း နှစ်မျိုးရှိတယ်။ တက္ကသိုလ်တက်မယ့်ကျောင်းသားဟာ Academic Reading and Writing မှာ အမှတ်ကောင်းကောင်းရဖို့လိုတယ်။

နောက်ဆုံးကတော့ Speaking ပေါ့။ ဒီအပိုင်းမှာတော့ စာဖြေဌာန တစ်ခုနဲ့တစ်ခုမတူဘူး လို့သိရတယ်။ မတူပုံက၊ တစ်ချို့စာဖြေဌာနတွေမှာ ရှေ့သုံးခုပြီးတာနဲ့ တစ်နေ့တည်းမှာပဲ တစ်နာရီလောက်ခြားပြီး ဆက်လုပ်တယ်။ တစ်ချို့ကျတော့ တစ်ရက်၊ နှစ်ရက်လောက်ခြားပြီးမှ လုပ်တယ် လို့ သိရတယ်။ ကိုယ်ဖြေတဲ့ စာဖြေဌာနမှာတော့ တစ်ရက်တည်းနဲ့ လေးမျိုးစလုံးအကုန်ပြီးအောင် ဖြေရတယ်။

ဖြေရတဲ့ပုံစံကတော့ ကိုယ့်အလှည့်ကျမယ့်အချိန်ကို ဇယားမှာကပ်ထားတယ်။ ဘယ်အခန်း၊ ဘယ်ဆရာဆိုတာမျိုးပေါ့။ Speaking မှာ အပိုင်းသုံးပိုင်းရှိတယ်။
(၁) က အလ္လာပ သလ္လာပ ပြောတာ၊ သုံးမိနစ်လောက်ကြာတယ်။
(၂) ကျတော့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးမေးတယ်။ ဥပမာ၊ မင်းသီချင်ကြိုက်လား၊ ဘယ်လိုသီချင်းမျိုးတွေကြိုက်လဲ စသည်ပေါ့။ စာရွက်လေးတစ်ရွက်ပေးတယ်။ အဲဒီစာရွက်ထဲမှာ အဲဒီသီချင်းကို ဘယ်တုန်းက/ ဘာ့ကြောင့်/ ဘယ်နေရာမှာ စနားထောင်ဖြစ်တယ် ဆိုတာမျိုးတွေရေးချ။ တစ်မိနစ်အချိန်ပေးတယ်။ ပြီးတော့ အဲဒါကို တစ်မိနစ်တိတိကြာအောင် ကိုယ့်ဖာသာကိုယ်ပြောရတယ်။ ဒီအပိုင်းအတွက်လဲ သုံးမိနစ်လောက်ပဲ အချိန်ပေးတယ်။
(၃) အပိုင်းကျတော့ အဲဒီသီချင်းခေါင်းစဉ်ကိုပဲ ဆက်ဆွေးနွေးရတယ်။ သီချင်းနားထောင်တာဟာ အကျိုးရှိတယ်၊ မရှိဘူး။ ကောင်းတယ်၊မကောင်းဘူး စသည်ပေါ့။ ကလေးတွေ သီချင်းနားထောင်သင့်သလား ဆိုတဲ့မေးခွန်းမျိုးကိုလဲ ဆွေးနွေးရတယ်။ ကိုယ့်အမြင်ကို ပြောရတာပေါ့။ ဒိအတွက် ရှစ်မိနစ်လောက်အချိန်ပေးတယ်။ အဓိကကတော့ ကိုယ်ဘယ်လောက်ပြောနိုင်လဲ ဆိုတာပါပဲ။ သဒ္ဒါမှန်ကန်မှု၊ စကားလုံးကြွယ်ဝမှု၊ အသုံးအနှုံးမှန်ကန်မှု၊ မေးတဲ့မေးခွန်းကို မြန်မြန်ပြန်ပြီး ဖြေဆိုနိုင်မှုတွေကို အဓိကထားအမှတ်ပေးတယ်လို့ သိရတယ်။

ကဲ ဒီလောက်ဆို ကိုယ့်လူ IELTS စာမေးပွဲနဲ့ပတ်သက်ပြီး အတော်အသင့် နားလည်လောက်ပြီထင်တယ်။ အင်္ဂလန်၊ သြစထရေးလိယား နဲ့ အမေရိကားနိုင်ငံတွေမှာ တက္ကသိုလ်တက်ချင်တဲ့နိုင်ငံခြားကျောင်းသားတိုင်းဟာ ဒီစာမေးပွဲကို ဖြေကြရတယ်။ ကိုယ့်လူလဲ စိတ်ကူးရှိရင် လုပ်ထားနော်။ ကိုယ်လဲ လိုချင်တဲ့ Band မရသေးဘူး။ ဆက်ဖြေရဦးမယ်။ နောက်တစ်ခါဖြေရင် Band ကောင်းကောင်းရအောင်သာ ဆုတောင်းပေးထားပေတော့ ဆရာရေ့။

Thursday, October 9, 2008

သူငယ်ချင်းသို့ (၆)

ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းဆီရေးတဲ့စာထဲမှာ ဖုန်းဆက်ရလွန်းလို့ ပိုက်ဆံကုန်တဲ့အကြောင်းလေး ကိုယ်ပြောခဲ့တာမှတ်မိလား။ မဆက်ပဲနေရင်တော့ တစ်ပြားမှ ကုန်မှာမဟုတ်ပါဘူး။ ခက်နေတာက ကိုယ်ကိုယ်တိုင်ကိုက မဆက်ပဲမနေနိုင်တာ။ မဆက်ရင် မနေနိုင်တာကလွဲလို့ လို့တောင် သီချင်းကို ပြင်ဆိုရမလိုဖြစ်နေပြီ။ ကိုယ်ကလဲ မိတ်ဆွေအပေါင်းအသင်း သိပ်မင်တဲ့ကောင်ဆိုတော့ သူတို့ကိုယ့်အသံကြားချင်/မကြားချင်တော့ မသိဘူး။ ကိုယ်ကတော့ ကိုယ့်အပေါင်းအသင်းတွေရဲ့အသံကို ကြားချင်သလို ဒီမှာအထီးကျန်နေတဲ့ ကိုယ့်အဖြစ်လေးကိုလဲ ငြီးပြချင်သေးတာကိုး။

တစ်ခါတစ်ခါ Loneliness ဆိုတဲ့ အထီးကျန်ဆန်မှုဟာ လူကို အတော်ဒုက္ခပေးတယ် ကိုယ့်လူရေ့။ ငယ်ငယ်ကတည်းက အပေါင်းအသင်းနဲ့နေလာခဲ့တော့ အဖေါ်မဲ့တဲ့ဘ၀ရဲ့အထီးကျန်ဒုက္ခကို တစ်ယောက်ယောက်ကို ပြောပြလိုက်ရရင် ရင်ထဲပေါ့သွားသလိုလို ခံစားရတယ်။ အဲဒီအထီးကျန်ဆန်မှုဟာ ဒီအင်္ဂလန်လိုနိုင်ငံမျိုးမှာ ပိုများတယ်မောင်။ အသက် (၁၈)နှစ်ပြည့်လို့ သားသမီးတွေ အိမ်ပေါ်ကဆင်းသွားတဲ့အခါ အဘိုးကြီးအဘွားကြီးနှစ်ယောက်ထဲ အိမ်ကျဉ်းကျဉ်းလေးထဲမှာ လိုတဲ့အခါမှ အိမ်ပေါ်ရောက်လာတတ်တဲ့ လိုပေါ်သားသမီးလေတွေကို မျှော်ရင်းတစ်နေ့တာကို ခက်ရာခဲဆစ်ကုန်လွန်စေကြရရှာတာ။

အဲဒါကြောင့် Pet မွေးတဲ့ဓလေ့ အနောက်နိုင်ငံတွေမှာ ပိုပြီးထွန်းကားနေတာထင်ပါရဲ့။ ကိုယ်တို့နေတဲ့ဆောင်နဲ့ မလှမ်းမကမ်းမှာ အဘွားကြီးတစ်ယောက်ရှိတယ်။ သူ့အိမ်ထဲတော့ တစ်ခါမှမရောက်ဖူးပါဘူး။ အကြောင်းမရှိပဲ သွားလို့လဲ ရတာမဟုတ်ဘူး။ အလကားနေရင်းရဲ အတိုင်ခံနေရဦးမယ်။ အဲဒီအဘွားကြီးဆို မနက် ကိုးနာရီဆယ်နာရီလောက်ဆို အိမ်ထဲကထွက်လာပြီ။ သူ့နောက်မှာ သူမွေးထားတဲ့ ခွေးပုလေးနှစ်ကောင်ပါတယ်။ အဲဒါနေ့တိုင်းပဲ။ တစ်ခုကောင်းတာက အဲလိုအဘွားအို၊ အဘိုးအိုတွေကို အစိုးရက ထောက်ပံ့ငွေ ပုံမှန်ပေးထားတယ်။ ဒါကြောင့် သားသမီးမရှိပေမဲ့ စားဖို့သောက်ဖို့တော့ ပုံမှန်ဝင်ငွေ ရှိနေတာပေါ့။

ကိုယ်လဲ အဲဒီအဘွားကြီးသာသာပါပဲ။ ကျောင်းသားဖြစ်နေတဲ့အတွက် စနေတနင်္ဂနွေကလွဲရင် နေ့တိုင်းကျောင်းသွားနေရလို့သာ တော်တော့တယ်။ မဟုတ်ရင် အထီးကျန်ရောဂါနဲ့ လုံးပါးပါးဖို့ရှိတယ်။ ကျောင်းကအဆောင်ပြန်ရောက်ရင် အိမ်စာလုပ်စရာရှိရင်လုပ်၊ မရှိရင် အင်တာနက်ဖွင့်၊ ဟိုနိုက် ဒီနိုက် နိုက်။ သတင်းဖတ်၊ သတင်းနားထောင်နဲ့။ ကိုယ်ပိုင်အချိန်လေးတွေကို အသုံးချရတာပဲ။ ရသင့်ရထိုက်တဲ့ ဘွဲ့တွေ ဒီဂရီတွေမြန်မြန်ရပြီးရင် ပြည်တော်ပြန်ချင်ပါပြီ သူငယ်ချင်း။ ဒီနိုင်ငံရောက်လာတဲ့ လူအတော်များများကတော့ မပြန်ချင်ကြတော့ဘူး။ သူ့အကြောင်းနဲ့သူပေါ့လေ။ မတတ်သာမှပဲ ပြန်ကြရတာ။ ကိုယ်ကတော့ သူတို့နဲ့ ပြောင်းပြန်ပဲ။ အိမ်ချစ်တဲ့ ရောဂါကြောင့်နဲ့တူတယ်။

ကိုယ့်လူကို ဒီနေ့ကိုယ်ပြောပြချင်တာက အင်္ဂလန်မှာ ကျောင်းဘယ်လို တက်ရသလဲဆိုတာကိုပါ။ သိပ်တော့လဲ မထူးပါဘူး။ ကိုယ်တို့ ကုလားပြည်မှာနေခဲ့တုန်းက အတိုင်းပါပဲ။ ကိုယ်က ဒီကိုကျောင်းသားဗီဇာနဲ့ရောက်လာတာဆိုတော့ ဗီဇာပေးတဲ့ ကျောင်းမှာပဲ သွားတက်ရတယ်။ အင်္ဂလန်မှာ ကိုယ်တက်တဲ့ကျောင်းလို့ အင်္ဂလိပ်စာသက်သက်ကို သင်တဲ့ကျောင်းတွေ နေရာအတော်များများမှာရှိတယ်။ အစိုးရကျောင်းမဟုတ်ဘူး။ ပုဂ္ဂလိကကျောင်းတွေပဲ။ ဒါပေမဲ့ အစိုးရဆီမှတ်ပုံတင်ထားရတယ်။

အဲဒီကျောင်းတွေက နိုင်ငံခြားကျောင်းသားတွေကို Admission Letter လို့ခေါ်တဲ့ ကျောင်းလက်ခံစာနဲ့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ အင်္ဂလန်သံရုံးကို လိပ်မူတဲ့ Visa Recommendation Letter လို့ခေါ်တဲ့ ဗီဇာပေးဖို့ထောက်ခံစာတစ်စောင်စီရေးပေးတယ်။ အဲဒီစာနှစ်စောင်ရရင် အင်္ဂလန်ကိုလာလို့ရပီ။ တခြားလိုအပ်ချက်တွေကတော့ သူငယ်ချင်းသိတဲ့အတိုင်းပဲလေ။ ဘယ်သူက ကိုယ့်ကို စပွန်စာလုပ်သလဲပေါ့။ အဲဒီစပွန်စာကတော့ အရေးကြီးဆုံးပေါ့။ အဲဒီတော့ ဒီကိုလာချင်တဲ့ကျောင်းသားတွေမှာ
(၁) အင်္ဂလန်မှာရှိတဲ့ အသိတစ်ယောက်ယောက်ဆီက Sponsorship Letter
(၂) သက်ဆိုင်ရာကျောင်းကပေးတဲ့ Admission Letter
(၃) အဲဒီကျောင်းက သက်ဆိုင်ရာသံရုံးကိုပေးတဲ့ Visa Recommendation Letter
(၄) မြန်မာပြည်မှာရှိတဲ့ ကိုယ့်ကိုထောက်ပံ့မယ့် မိဘ(သို့) အဖွဲ့အစည်းရဲ့နှစ်စဉ်ထောက်ပံ့ငွေကြေးပမာဏကိုရေးထားတဲ့ အာမခံစာ
(၅) ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ်နေတဲ့ကျောင်း/ကောလိပ်/တက္ကသိုလ်တစ်ခုခုက အကြီးအကဲရဲ့ ပြန်လာမယ်ဆိုတဲ့ အာမခံစာ
(၆) ကိုယ့်ရဲ့ CV Form (Curriculum Vitae Form)
(၇) အစိုးရအသိအမှတ်အပြု ရှေ့နေဆီမှာ နိုထရီလုပ်ထားတဲ့ ကိုယ့်မှတ်ပုံတင်
(၈) နိုထရီလုပ်ထားတဲ့ အောင်လက်မှတ်တွေနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေ အားလုံး

အဲဒါတွေအကုန်စုံရင်တော့ ဒီကိုလာလို့ရပါပြီ။ ကိုယ်လာတုန်းကတော့ IELTS Statementကို မတောင်းဘူး။ အခုနောက်ပိုင်းတော့ အနည်းဆုံး General Overall Band 6.0 အဆင့်ရှိတဲ့ အင်္ဂလိပ်စာအောင်လက်မှတ်ပါမှ လို့ကြားနေရတယ်။ အဲဒါကတော့ ကိုယ့်ဖာသာကြိုးစားရမယ့်ကိစ္စပဲဗျို့။ ကိုယ်တောင် ဒီရောက်မှ ဖြေရတာ။ တက္ကသိုလ်တက်မယ်ဆိုရင်တော့ General နဲ့မရဘူး၊ Academic မှရတယ်။ တစ်ခုပြောချင်တာက အဲဒီ IELTS အောင်လက်မှတ်ကလဲ ဒီရောက်မှဖြေတာထက် မြန်မာပြည်မှာကတည်းက ဖြေလာရင်ပိုကောင်းတယ်။ နောက်ပြီး သေချာမှပဲ လာတာကောင်းတယ်။ နို့မို့ဆို ဒီမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပိုက်ဆံသိပ်ကုန်တယ်။

ကိုယ့်ပြည်မှာကတော့ ပိုက်ဆံပေးစရာမလိုတဲ့ မိဘအိမ်ကထမင်းစား၊ သွားဖြေ။ ရရင်အိုကေ။ မရရင်ဆက်ဖြေ။ ပြဿနာမရှိဘူး။ ဒီမှာတော့ ဘာအတွက်ပဲဖြစ်ဖြစ် ပိုက်ဆံမထွက်ရင် မရဘူး။ ဒီတော့ တက္ကသိုလ်တက်မယ့်ကျောင်းသားဆိုရင်လဲ အဲဒီမှာကတည်းက ပြည့်စုံအောင်လုပ်လာပြီးမှ ဒီရောက်တော့ အဆင်သင့်တက္ကသိုလ်တက်ဖို့လုပ်။ ခန့်မြန်မြန်ပြီးသွားနိုင်တယ်။ မဟုတ်ရင် သူတို့အင်္ဂလိပ်စာကို လိုက်နေရတာနဲ့ပဲ အတော်လေးအချိန်ကုန်တယ်။ ငွေကုန်တာကလဲ သောက်သောက်လဲပဲ။ ကိုယ်ကတော့ ကိုယ့်သက်ဆိုင်ရာအဖွဲ့အစည်းကပေးတဲ့ စပွန်စာနဲ့ရောက်လာတာဆိုတော့ အဲဒီအတွက်သိပ်အားမစိုက်ရဘူး။ လောလောဆယ်ပြောပါတယ်။ ဒါပေမဲ့ အခုလာမယ့် ၂၀၀၉ကျရင် တက္ကသိုလ်တက်ခါနီး ဘဏ်ထဲကို စကောလားရှစ်ငွေတွေ အချိန်မီရောက်မလာမှာကိုတော့ အတော်လေးပူပင်နေမိတယ်ဗျို့။ ဘာဖြစ်လို့လဲဆိုရင် ကျူရှင်ဖီးကိုက ဒေါ်လာနှစ်သောင်းကျော်၊ သုံးသောင်းနီးပါးပေးရမှာဆိုတော့ လက်ရှိငွေကိုတွက်ကြည့်ရင် စက်မရှိတဲ့ သူဌေးလေးဖြစ်နေလို့ပါပဲ သူငယ်ချင်း။

Friday, October 3, 2008

သူငယ်ချင်းသို့ (၅)

သူငယ်ချင်းဆီ စာမရေးဖြစ်တာတောင် သုံးလေးရက်လောက်ရှိသွားပြီ။ နေရောကောင်းရဲ့လား ကိုယ့်လူ။ ကိုယ်လဲ အခုပဲ ကိုယ့်လူကို ပြောခဲ့ဖူးတဲ့ ရေးချိုးဇလားထဲ ဆင်းစိမ်ပြီးပြန်ထွက်လာခဲ့တာ။ ချမ်းတော့ချမ်းတယ်ဗျို့။ သိတယ်မို့လား အောက်တိုဘာလဆိုတာ ဒီလိုအေးတဲ့ အင်္ဂလန်လိုနိုင်ငံမျိုးမှာ မပြောနဲ့ ကိုယ်တို့မြန်မာပြည်မှာတောင် စောင်ခြုံပြီးကွေးလို့ကောင်းတဲ့ရာသီပေါ့။ ဒီမှာတော့ တစ်နှစ်မှာ လေးလလောက်ပဲ နေမြင်ရလောက်အောင်အေးရတဲ့အထဲ အောက်တိုဘာလထဲရောက်နေပြီဆိုတော့ အအေးဒီဂရီကို စဉ်းစားသာကြည့်ပေတော့။ ဒါပေမဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ကလဲ လိုသေးတယ်မို့လား။ ဒီတော့ ရေးမချိုးလို့်လဲ မဖြစ်ပြန်ဘူးလေ။

ရေချိုးပြီးတော့ အက်စ်ပရက်ဆိုတစ်ခွက်ပျစ်ပျစ်ဖျော်သောက်လိုက်တယ်ဗျာ။ ခါးတဲ့အရသာကတော့ အခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ။ ဒန္တီမှာဆား ၀မ်းမှာခါး ဆိုကိုးဗျာ့၊ အခုတော့ ဒန္တီမှာဆား လျှာမှာခါးဖြစ်နေပြီ။ ခက်တာက အဲဒီခါးတဲ့အရသာကိုပဲ ကြိုက်တတ်နေပြီ။ ကောင်မချောချောလေးတွေလဲ အဲဒီအက်စ်ပရက်ဆိုလို ခါးရင်တော့ ကြိုက်မိမှာပဲ ထင်ပါရဲ့။ (အတွေ့အကြုံမရှိသေးတော့ သိချင်လိုက်တာ သူငယ်ချင်းရာ။)ဒီနေ့သူငယ်ချင်းကို ကိုယ်ပြောချင်တာတွေက ဒီအကြောင်းတွေ မဟုတ်ပါဘူး။ ကိုယ်အင်္ဂလန်ကို ကျောင်းတက်ဖို့ရောက်ခဲ့တာ ကိုယ့်လူသိတယ်နော်။ အဲဒီအကြောင်းကို စပြောမယ်ဗျာ။

ကိုယ်လန်ဒန်ရောက်တာ ၂၀၀၇၊ စက်တင်ဘာ၊ ၁၃ ရက်နေ့ နော်။ မှတ်မိတယ်မို့လား။ ကိုယ့်လူမှတ်မိဖို့တော့ မလိုပါဘူး။ ကိုယ့်အတွက်ပဲအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ကျောင်းသားဗီဇာကိုင်ထားတဲ့လူပဲဖြစ်ဖြစ်၊ အလုပ်ဗီဇာကိုင်ထားတဲ့လူပဲဖြစ်ဖြစ် ဟိုဖေါင်ဒီဖေါင် ဆိုသလို မကြာခဏဖြည့်ရတယ်ဗျာ။ အဲဒီဖေါင်တိုင်းလိုလိုထဲမှာ ကိုယ်ရောက်တဲ့နေ့ကို ဖြည့်ရလေ့ရှိတယ်။ အဲဒီတော့ အဲဒီနေ့ဟာ ဒီမှာနေနေသမျှ မမေ့အပ်သောအရာများထဲမှာ ပါဝင်သပေါ့ဗျား။ ဒီလိုပဲ စရောက်ရောက်ချင်း အိမ်လွမ်းသလိုလို၊ ကျောင်းလွမ်းသလိုလို၊ ဘာလွမ်းသလိုလို၊ ညာလွမ်းသလိုလိုနဲ့ နေရခက်တာလဲ မပြောနဲ့။

ရောက်ပြီဆိုရင်ပဲ ရွှေမြန်မာပြည်မှာ ကျန်ရစ်တဲ့ မိဘဆွေမျိုး၊ သူငယ်ချင်းတွေဆီ ချောချောမောမောရောက်တဲ့အကြောင်း ဖုန်းဆက်ရတာလဲ မောရမှန်းမသိ။ ပိုက်ဆံကုန်တာလဲ ထည့်မတွက်နိုင်ဘူး။ ကိုယ့်လူဆီဆက်တာ ပိုများမယ်ထင်တယ်။ ဒီလိုဖြစ်တာကို တစ်ခါတစ်ခါတွေးကြည့်တယ်။ ဒါဟာ လူအတော်များများ ဖြစ်တတ်တဲ့သဘောပဲ။ လူတစ်ယောက်ဆီရဲ့(Psycho)ဆိုင်ကိုကြောင့်တော့ မဟုတ်နိုင်ဘူးလို့ပေါ့။ အများလဲ ဒီလိုဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်ကို အားပေးရတာပေါ့။ မင်းစိတ်တွေ ပုံမှန်အတိုင်းရှိနေပါသေးတယ် မောင်မင်းကြီးသား မင်းထက်ရယ် လို့လေ။

ပြောရဦးမယ်။ အဲလိုဖုန်းဆက်တော့ ကဒ်လေးတွေ ၀ယ်ပြီးဆက်ရတာကလား။ ကိုယ်တို့ရွှေတိုင်းပြည်မှာတော့ အဲဒီအဆင့်ရောက်ဖို့ နောက်ထပ်ဘယ်နှစ်နှစ်လောက်စောင့်ရဦးမသိဘူး။ နိုင်ငံအတော်များများမှာတော့ အဲဒီစနစ်ကို သုံးကြတယ်။ သိပ်ကောင်းတဲ့ စနစ်တစ်ခုလို့ လောလောဆယ် အသိအမှတ်ပြုထားလိုက်တယ်။ ကိုယ်တို့အင်ဒီယမှာနေတုန်းကတော့ အဲလိုသုံးခဲ့တာ မမှတ်မိဘူး။ မြန်မာပြည်ဆက်ချင်ရင် ဖုန်းဆိုင်သွားပြီး ခေါ်လိုက်တာပဲ။ ကြိုက်သလောက်ပြော၊ ကျသလောက်ပေး စနစ်ပေါ့။ ဒီမှာတော့ ဖုန်းကဒ်လေးတွေလုပ်ထားတယ်။ ကိုယ်သိသလောက်ပြောရရင် ကဒ်ဈေးနှုံးက သုံးလေးမျိုးလောက်ပဲရှိတယ်။ တစ်ပေါင်တန်၊ နှစ်ပေါင်ခွဲတန်၊ ငါးပေါင်တန်၊ တစ်ဆယ်တန်။

ကဒ်အမျိုးအစား ဘယ်လောက်ရှိတယ်တော့ ကိုယ့်အထင် ဘယ်သူမှ တိတိကျကျ မပြောနိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ အမျိုးအစားက များရတဲ့အထဲ တော်ကြာတစ်မျိုး တော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးထွက်နေတာလေ။ ဘာပဲပြောပြော အဲလိုအပြိုင်အဆိုင်ကြဲနေကြလို့လဲ ၀ယ်ရခြမ်းရတာ အဆင်ပိုပြေသဗျား။ ကိုယ့်နိုင်ငံနဲ့သင့်တော်မယ်ထင်တဲ့ကဒ်ကို ၀ယ်ဆက်ရုံပဲ။ ရောက်စတုန်းကတော့ ဆက်ကောင်းကောင်းနဲ့ ဆက်လိုက်တာ တစ်လအတွင်း ကျပ်ငွေ တစ်သိန်းခွဲနှစ်သိန်းလောက်နီးပါး လျှောကနဲထွက်သွားတယ်။ အခုတော့ ပါးသွားပြီ။

(၁)မကြာမကြာဆက်ပေးရမယ့်လူတွေ၊
(၂)တစ်လတစ်ခါလောက်ဆက်ပေးရမယ့်လူတွေ၊
(၃)သတိရတဲ့အခါမှ ကောက်ဆက်ရမယ့်လူတွေ၊
(၄)အရေးပေါ်မှ ထဆက်ရမယ့်လူတွေ၊
(၅)လိုအပ်တဲ့အခါမှ ဆက်ရမယ့်လူတွေ၊ ဆိုပြီးတော့ အုပ်စု ငါးခုခွဲထားလိုက်တယ်။ ဖုန်းခသက်သာအောင်လို့ပါ ကိုယ့်လူရာ။

Tuesday, September 30, 2008

သူငယ်ချင်းသို့ (၄)

ကိုယ်အင်္ဂလန်စရောက်တဲ့နေ့(၁၃/၀၉/၀၇)က မှတ်မိသေးတယ်။ နေတော်တော်သာတယ်။ သိပ်အေးမယ်လို့ထင်ခဲ့တာ၊ ချွေးတောင်ပြန်တယ် သူငယ်ချင်း။ နေ့လည်စာစားပီး ကိုယ်နေမယ့်အဆောင်ရောက်တော့ ညနေ(၃)နာရီကျော်နေပြီ။ အဆောင်ရှိတဲ့လူတွေကို နှုတ်ဆက်ပြီးတော့ ကိုယ့်အတွက်ပေးထားတဲ့နေရာမှာပဲ ပါလာတဲ့ပစ္စည်းတွေ ဘာတွေထားလိုက်တယ်။ ပြီးတော့ ခဏနားတယ်။ ရေချိုးတယ်။ ရေချိုးခန်းဝင်တော့ စိတ်ထဲမှာ ခံစားလိုက်ရတာ တစ်ခုပြောရဦးမယ်။

အင်္ဂလန်မှာရှိတဲ့ လူနေအိမ်တွေက နှစ်ထပ်အိမ်လေးတွေများတယ်။ အခန်းတွေလဲ ကျဉ်းတယ်။ အကြောင်းကို ရှာကြည့်တော့ သိပ်ချမ်းတဲ့တိုင်းပြည်မို့ အနွေးဓာတ်အလုံလောက်ပေးနိုင်အောင် တမင်တကာ အခန်းတွေကို ခန့်ကျဉ်းကျဉ်းဖွဲ့စည်းထားတယ်လို့ ယူဆရတယ်။ ဟိုးရှေးရှေးကတည်းက အကွက်ချပြီး ဆောက်ထားတာ။ ရေပိုက်လိုင်းတွေ၊ gas ပိုက်လိုင်းတွေ စနစ်တကျတပ်ဆင်ထားတယ်။ တစ်နိုင်ငံလုံး gas မီးဖိုကို သုံးရပေမဲ့ အင်ဒိယမှာလို gas အိုးလေးတွေကို ၀ယ်ပြီးသုံးရတာမျိုးမဟုတ်ဘူး။

မှတ်မိတယ်မို့လား၊ ကိုယ်တို့အင်ဒိယမှာနေတုန်းကဆို gas မီးဖိုလေးနဲ့ ချက်စားကြရတာ။ တစ်ခါကုန်ရင် တစ်ခါသွားဖြည့်တဲ့ စနစ်ပေါ့။ အင်္ဂလန်မှာတော့ ခုနားကပြောခဲ့သလိုပဲ အစကတည်းက ဘယ်နားဘာဆိုတဲ့အကွက်ချစီစဉ်ပြီး ဆောက်ထားတဲ့အတွက် အဲဒီလို့ gas ကုန်တဲ့အခါ သွားဖြည့်ရတာမရှိဘူး။ တစ်ခါတည်း ပိုက်လိုင်းတပ်ပေးထားတယ်။ အဲလိုတပ်လို့ရအောင်ကလဲ အိမ်တွေကို အတွဲလိုက် အတွဲလိုက် အကွက်ရိုက် ဆောက်ထားရတယ် ထင်ပါရဲ့။ အိမ်သစ်ယာသစ်ဆောက်တာမျိုးမတွေ့ရသလောက်ပဲ။ အထူးသဖြင့် လန်ဒန်မြို့မှာ လူနေအိမ်မဆောက်တော့ဘူး လို့တောင် ပြောနိုင်တယ်။ ဆောက်ရင်လဲ တခြားအဆောက်အဦးတွေပဲ ဆောက်တာများတယ်။

ပြောရင်းပြောရင်းနဲ့ ရေချိုးခန်းထဲဝင်လို့ ရတဲ့ခံစားချက်ကိုတောင် မေ့သွားပြီ။ ကိုယ်ရေးချိုးခန်းထဲဝင်တော့ ဘာခံစားရလဲဆိုရင် ၀ဋ်ကြွေးတစ်ခုကို ပေးဆပ်ဖို့များ အင်္ဂလန်နိုင်ငံရောက်လာသလား အောင့်မေ့မိတယ်။ ရေချိုးခန်းလေးက ကျဉ်းရတဲ့အထဲ လူတစ်ကိုယ်စာဝင်ဆန့်လောက်ရုံ ရေချိုးဇလားထဲ ဆင်းချိုးရတယ်။ သိပ္ပံမောင်ဝရေးတဲ့ အောက်စဖိုဒ်တက္ကသိုလ်မှတ်တမ်းထဲမှာလိုပဲ။ ဖတ်ဖူးတယ်မို့လား။ ရောက်စဆိုတော့ နည်းနည်းမှ အဆင်မပြေဘူး။ မြန်မာပြည်မှာတော့ သိတဲ့အတိုင်းပဲ ကျယ်ကျယ်ဝန်းဝန်း တောလဲတောအလိုက်၊ မြို့လဲမြို့အလိုက် လွတ်လွတ်လပ်လပ် ချိုးရတယ်။ အခုတော့လဲ တစ်နှစ်တောင်နေပြီးပြီဆိုတော့ ပုံမှန်ဖြစ်သွားပါပြီ။ ဒါမေပဲ့ ကိုယ့်မြန်မာကိုတော့ အစဉ်လွမ်းနေရဦးမှာပါပဲ သူငယ်ချင်း။

အဲဒီတော့ ကိုယ်ပြောခဲ့တဲ့ ပေးဆပ်လိုက်ရတဲ့ အရာတွေထဲမှာ ဒီအင်္ဂလိပ်တိုင်းပြည်မှာ ရေချိုးခန်းထဲရေ၀င်ချိုးရတဲ့ကိစ္စကိုလဲ ဒုက္ခတစ်ခုလို့ သတ်မှတ်လိုက်တယ်။ အော် ဒီမှာနေနေသေးသမျှတော့ ဒီလိုပဲ သည်းခံပြီး ၀င်စိမ်နေရဦးတော့မှာပဲလို့။ အခုဒီစာရေးနေတဲ့ချိန်ဟာ လန်ဒန်မှာ ည(၁၀)နာရီခွဲနေပြီ။ မြန်မာပြည်မှာတော့ မနက်(၄)နာရီပေါ့။ ကိုယ်က ညအိပ်ယာဝင်ခါနီးမှာပဲ ရေချိုးတာများတယ်။ အဲဒီတော့ သူငယ်ချင်းရေ ကိုယ်ခုနားလေးက ပြောခဲ့တဲ့ရေချိုးဇလားထဲဆင်းပြီး ရေသွားချိုးလိုက်ဦးမယ်။ ဘိုင့်ဘိုင်နော်။ မနက်ဖန်လဲ ကျောင်းသွားရဦးမယ်။ ကိုယ်လဲ ဒေါ်မာမာအေးလိုပဲ ပြောစရာလေးတွေလဲ တစ်ပုံကြီးကျန်သေးတယ်။ နောက်မှ ဆက်ပြောတာပေါ့။

သူငယ်ချင်းသို့ (၃)

သူငယ်ချင်း သိတဲ့အတိုင်းပဲလေ၊ ကိုယ်အင်္ဂလန်ကို ပညာတော်သင်အဖြစ် လာရတော့မယ်ဆိုတော့ ကိုယ့်လက်ထဲပိုက်ဆံဆိုလို့ တစ်ပြားမှရှိတာမဟုတ်ဘူး။ ကိုယ့်ဆရာသမားတွေရဲ့စောင်မကြည့်ရှုမှုနဲ့ ရောက်ခဲ့ရတာ။ ကိုယ့်အိမ်ကလဲ အဲလောက်များပြားတဲ့ ငွေကြေးပမာဏ မတတ်နိုင်ဘူးလေ။ မြန်မာပြည်မှာဆိုရင် အတော်အတန်လူဖြစ်လောက်တဲ့ ငွေကြေးပမာဏကို သုံးစွဲခွင့်ပြုပြီး တစ်ခါမှမရောက်ဖူးတဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ မြေပေါ်ခြေချခွင့်ရခဲ့တယ်။ Heathrow Airport ရောက်တယ်ဆိုရင်ပဲ ဘယ်သူမှ လာကြိုမယ့်လူမရှိဘူး။ ကိုယ်တစ်ယောက်တည်း ဒီလောက်ကြီးတဲ့လေဆိပ်ထဲမှာ တ၀ဲလည်လည်ဖြစ်နေတာ။ အရေးထဲ လူဝင်မှုကြီးကြပ်ရေးမှာ ၀င်တန်းစီနေလိုက်ရတာကလဲ ငါးနာရီကျော်ကျော်လောက်ရှိတယ်။

မနက် (၇) နာရီခွဲလောက်ကတည်းက လေဆိပ်ထဲရောက်နေလိုက်တာ နေ့လည်တစ်နာရီလောက်ကျမှ အပြင်ရောက်တော့တယ်။ လက်ထဲမှာလဲ အိပ်ကြီးအိပ်ငယ်နဲ့။ ကိုယ်နဲ့မျက်မှန်းတန်းမိလောက်တဲ့လူတစ်ယောက်စ နှစ်ယောက်စ ရှိလိုရှိငြားရှာမိသေးတယ်။ ဘယ်သူမှလဲ လာမကြို။ ကိုယ်ကိုယ်တိုင်လဲ ဘယ်သွားရမှန်းမသိနဲ့၊ စဉ်းသာစားကြည့်ပေတော့။ ဒါနဲ့ အထွက်မှာရှိတဲ့ ငွေလဲဆိုင်မှာ ဒေါ်လာတစ်ထောင်လောက် စတာလင်ပေါင်ငွေနဲ့သွားလဲ လိုက်သေးတယ်။ အဲဒီနေ့ (၁၃/၀၉/၀၇)ငွေလဲနှုံးနဲ့ ဒေါ်လာတစ်ထောင်မှ ပေါင်ငွေ ၄၅၀ ကျော်ကျော်ပဲရတယ်။ (နောက်မှ အပြင်မှာလဲတာ ပိုကောင်းမှန်းသိရတယ်။)

ဒါနဲ့လက်ထဲမှာရှိတဲ့ ခုနလေးကတင် လဲထားတဲ့ပေါင်ငွေတွေထဲက အကြွေတချို့ယူပြီး ကိုယ်နေမယ့်အဆောင်ပိုင်ရှင်ဆီ လေဆိပ်ထဲက ဖုန်းရုံးသွား ဖုန်းဆက်ကြည့်တယ်။ ကံအားလျှော်စွာပဲ၊ ရသွားတယ်။ အတော်လေးကြာတော့ ကားမောင်းတဲ့ ဟိန္ဒူကုလားလေးတစ်ယောက်နဲ့ အဘိုးကြီးတစ်ယောက်ရောက်လာကြတယ်။ ပြဿနာက သူတို့ကလဲ ကိုယ့်ကိုမမြင်ဖူး၊ ကိုယ်ကလဲ သူတို့ကိုမမြင်ဖူးဆိုတော့ သူတို့ရောက်လာပေမဲ့ လေဆိပ်ထဲအတော်ကြာကြာ ကိုယ့်ရှေ့မှာဖြတ်သွားဖြတ်လာလုပ်ပြီးမှ ကြိုတဲ့လူတွေဆိုတာ သိရတော့တယ်။ သူငယ်ချင်းရာ အဲဒီကျမှပဲ အသက်ရှူချောင်တော့တယ်။

ဒါ--ကိုယ့်ရဲ့ပထမဆုံးသောနိုင်ငံခြားအတွေ့အကြုံတော့လဲ မဟုတ်ပါဘူး။ ကိုယ်တို့တတွေ အင်ဒီယမှာလဲ နှစ်အတော်ကြာကြာ နေလာခဲ့ကြတာပဲ။ ကွဲပြားမှုတော့ ရှိတာပေါ့။ ကိုယ်မရောက်ဖူးတဲ့အရပ်ဆိုတော့ ဘယ်နေနေ ဒီလိုပဲဖြစ်ကြမယ် ထင်ပါရဲ့။ ပါလာတဲ့ အထုပ်အပိုးတွေ ယူပြီးကားပေါ်တက်၊ လေဆိပ်ကထွက်လာတော့ နေ့လည်နှစ်နာရီလောက်ရှိနေပြီ။ ကိုယ်လေဆိပ်ထဲ ဘယ်လောက်ကြာခဲ့လဲ တွက်သာကြည့်တော့။ အဆောင်မရောက်ခင် လမ်းမှာပဲ နေ့လည်စာဝင်စားလိုက်တယ်။ ဗုဖေးရောင်းတဲ့ ကုလားဆိုင်တစ်ဆိုင်မှာပါ။ ဒီ--ကုလားဆိုတဲ့ လူမျိုးတွေနဲ့ကလဲ ဘယ်နားသွားသွားလွတ်ကို မလွတ်ဘူး။ အင်ဒိယမှာနေကတည်းက စိတ်နာနေရတဲ့ကုလား၊ ဒီမှာလဲ လာတွေ့နေပြန်ပြီ။ အော် ဒါလဲ ရေစက်တစ်မျိုး ထင်ပါရဲ့။

Monday, September 29, 2008

သူငယ်ချင်းသို့ (၂)

သူငယ်ချင်းရေ ကိုယ့်မှာပြောစရာတွေ အများကြီးရှိနေသေးလို့ ဆက်ရေးပါရစေဦး။ အခု ဒီစာကိုရေးနေတဲ့ အချိန်ဟာ လန်ဒန်မြို့ရဲ့ မြင်ရခဲလှတဲ့ နေ၀န်းကြီး အရှေ့က ထွက်ပြူလာနေတဲ့အချိန်ပေါ့။ မနက်ခင်း ရှစ်နာရီကျော်ကျော်ပဲရှိသေးတယ်။ မနက်စာစားပီးကာစပေါ့။ ကိုယ့်လူကော ဘာစားပီးပီလဲ။ မနေ့က ပြောခဲ့တာတွေ မှတ်မိသေးလား။ ကိုယ်စွန့်လွှတ်ထားခဲ့ရတာတွေ ဆိုတာလေ။ အခုအဲဒါပဲ ဆက်ပြောရဦးမယ်။

အသိဥာဏ်မရင့်ကျက်နိုင်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ (ကိုယ့်လူ မရယ်နဲ့နော်၊ ကိုယ့်အသက်ကိုယ့်လူ သိပါတယ်။) ရင်ထဲမှာ နှလုံးသားခံစားမှုတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒုက္ခဟာ အတော်ကြီးတယ် ဆိုတာ ကိုယ်ကိုယ်တိုင် ကြုံရမှပဲ ယုံတော့တယ်လို့ ပြောရမလိုဖြစ်နေပြီ။ ဟုတ်တယ် သူငယ်ချင်း၊ ဟိုးအရင်တုန်းက ကိုယ့်လူနဲ့ ကိုယ် မန္တလေးမှာ အတူနေစဉ်တုန်းက မှတ်မိသေးတယ်မို့လား။ မိုးဆီသွားကြတာလေ။ ကိုယ့်လူရဲ့အသည်းလေးပေါ့။ အဲဒီတုန်းက ကိုယ်က ကိုယ့်လူသွားရာနောက်က တကောက်ကောက်လိုက်ပီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးရတဲ့ နှလုံးသားအဖြည့်ခံလေးဘ၀နဲ့ပါ။

ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်တားခဲ့တယ်။ ရှေ့ဆက်မသွားဖို့။ ပြောမရတဲ့အခါ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ကြိုးစားခဲ့ရတယ်။ အဲဒီလိုက်လျောမှုတွေ အလိုက်သိမှုတွေကြောင့်ပဲလား မပြောနိုင်ဘူး။ ကိုယ်တို့နှစ်ယောက်ဟာ ခွဲမရတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြတယ်။ ထားပါတော့လေ။ ကိုယ့်စကားပဲ ဆက်ပါ့မယ်။ အဲဒီတုန်းက ကိုယ့်လူရင်ထဲမှာ ဘယ်လို ဘယ်လောက်ထိ နာကျင်စူးရှ ခံစားနေရတယ်ဆိုတာ ကောင်းကောင်းနားမလည်နိုင်ခဲ့ဘူး။ အခုတော့ သူငယ်ချင်း ကိုယ်ကိုယ်တိုင် ဒီလမ်းကြောင်းပေါ်ရောက်ပြီး ပန်းတိုင်တစ်ခုအတွက် နောက်လမ်းကြောင်းတစ်ခုကို ပြောင်းရတဲ့အခါ ရင်နင့်အောင် ခံစားရတဲ့ အဖြစ်ရယ်လို့ နားလည်စွာ လက်ခံကျေနပ်တတ်ပါပြီ။
ို
ကိုအမြန်ပြန်ခဲ့နော် ဆိုတဲ့ ချစ်သူ့စကားသံဟာ ကိုယ့်အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားခဲ့ ဆိုတဲ့ စကားလုံးတွေကို ကျော်တက်ပြီး ရင်ဝကို ဒုန်းကနဲ့ လာဆောင့်လိုက်တဲ့အခါ အခုချက်ချင်းပဲ လေယာဉ်လက်မှတ်ထ၀ယ်ပြီး ပြန်ရလောက်အောင် နာကျင်ခံခက်သွားရတာလဲ အကြိမ်ကြိမ်။ ကိုယ့်ရင်ထဲက ခံစားချက်ကို ငုံ့ကြည့်ရင်း သူ့ရင်မှာ ဘယ်လိုရှိနေမယ် ဆိုတာကို ကိုယ်ချင်းစာမိလေတိုင်း အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကိုတောင် ဥပေက္ခာပြု လျှစ်လျူရှုချင်စိတ်တွေ ပေါ်လာတတ်လေရဲ့။

ဒီနေရာမှာ ကိုယ်တစ်ခုစဉ်းစားမိတယ်၊ ခံစားမှု (feeling or sensation) နဲ့ ဆင်ခြင်နိုင်မှု (contemplation) သို့မဟုတ် နှလုံးသား (heart) နဲ့ ဦးဏှောက် (brain) ဆိုတဲ့ သဘောတရားတွေအကြောင်းပေါ့။ တစ်ခုနဲ့တစ်ခု ဘယ်လောက်ထိ အချင်းချင်းမှီတွယ်မှု (interdependence) ရှိကြသလဲ ဆိုတဲ့ မဆိုင်တဲ့မေးခွန်းတွေလဲ မေးမိသေးတယ်။ ရယ်စရာတော့ ခန့်ကောင်းကောင်း။ အဲလို မဆီမဆိုင် စဉ်းစားတတ်လို့ပဲ ကိုယ့်ကို သူတို့က တစ်ခါတစ်လေ ကိုကိုကြောင် တဲ့။ အဲဒီထဲမှာ ကိုယ့်ပန်းကလေးတော့ မပါပါဘူး။ သူက ကိုယ်ဘာပြောပြော နားဝင်ချိုပြီး အထင်ကြီးနေတတ်တဲ့ သူရယ်လေ။ သူကတော့ ကိုယ့်ကို ဖရော်ဖက်ဆာလေး တဲ့။ ကြည့်စမ်း၊ လှလိုက်တဲ့နာမည်။ သူမို့ပေါ့။ သူများဆို ဒီနာမည် ဘယ်လိုမှ စဉ်းစားတတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ချစ်တယ်လို့ပြောတာ။ ကိုယ်က အမြှောက်ကြိုက်တယ်လေ။

အဲဒီကြည်နူးမှုတွေ၊ တွယ်တာစရာလေးတွေကို နောက်ပြန်လှည့်ကြည့်မအားပဲ မျက်ရည်ဝဲနေတဲ့ ချစ်သူ့မျက်ဝန်းကို မကြည့်မအောင် မျက်နှာလွှဲရင်း ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် လက်ဆွဲသေတ္တာ အသေးလေးထဲ အ၀တ်အစားတွေနဲ့ လိုအပ်ရာရာလေးတွေ အတင်းထိုးသိပ်ထည့်လိုက်ရသလို အားသစ်မာန်သစ်တွေကို ရင်ထဲအတင်းထိုးသိပ်ထည့်ပြီး မတွက်ဆ မမျှော်မှန်းနိုင်တဲ့ ခရီးရှည်တစ်ခုအတွက် အင်းအားချည့်နဲ့တဲ့ နောက်ထပ်ခြေတစ်လှမ်းကို ကြိုးစားပြီး လှမ်းခဲ့ရပြန်တယ် သူငယ်ချင်း။

Sunday, September 28, 2008

သူငယ်ချင်းသို့ (၁)

သူငယ်ချင်း ကိုယ်တို့ခွဲခဲ့တာ ကြာပီနော်။ တစ်နှစ်ကုန်လို့ နှစ်နှစ်ထဲတောင်ရောက်နေပေါ့။ ကိုယ့်စိတ်ထဲမှာတော့ မနေ့ကလိုပဲ ခံစားနေရတယ်။ ရင်ထဲမှာ တစ်ခုခု ပျောက်ဆုံးနေသလိုပဲ။ နာမည်ဖေါ်လို့မရတဲ့ ခံစားချက်တွေကို စုပေါင်းပြီး မီးရှို့ပစ်လို့ရရင်ကောင်းမယ်။ တစ်နေ့ ပြန်ဆုံရမှာ သိနေပေမဲ့ စိတ်ထဲမှာတော့ အဲဒီတစ်နေ့ဆိုတဲ့ မသေချာမှုကြီးကို မုန်းတီးနေသလိုပဲ။ အမြန်ရောက်ချင်နေတဲ့ စိတ်ဆန္ဒကြောင့်ဆိုတာတော့ သူငယ်ချင်း နားလည်မှာပါ။

အခုဆို ကိုယ်ဒီလန်ဒန်ရောက်နေတာ တစ်နှစ်ကျော်ပြီ။ အတိအကျပြောရရင်တော့ ဒီနေ့ဟာ တစ်နှစ်ပြည့်လို့ ဆယ့်ငါးရက် အစွန်းထွက်လာပီ ဆိုပါတော့။ အဲဒီအချိန်အတွင်း ကိုယ်ဘာရခဲ့သလဲ ပြန်စဉ်းစားနေမိတယ်။ ရယူမှုတိုင်းဟာ ပေးဆပ်မှုနဲ့ ဒွန်တွဲနေတယ် ဆိုတဲ့ သီဝရီတစ်ခုကို တိုင်တည်ပြီးပြောပါရစေ သူငယ်ချင်း။ ရတာမပြောခင် ကုန်တာအရင်ပြောချင်တယ်။ ကုန်တာဆိုတာထက် စွန့်လွှတ်လိုက်ရတာနဲ့ စွန့်လွှတ်ထားရတာတွေလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ စခွဲခွါခဲ့တဲ့အချိန်ကစပီး စွတ်လွှတ်ထားခဲ့ရတာ တွေကတော့ ကိုယ့်ရင်ကိုနွေးထွေးစေတဲ့ ပန်းပွင့်လေးတွေပါပဲ။

ဟုတ်တယ်။ တန်ဖိုးသတ်မှတ်လို့မရနိုင်တဲ့ အဲဒီပန်းပွင့်လေးတွေဟာ ကိုယ့်ရဲ့ ပထမဆုံး စွန့်လွှတ်ထားခဲ့ရတဲ့ မြတ်နိုးဂေဟာတွေပဲ့ပေါ့။ ဆုံနိုင်ခွင့်ရဲ့ တစ်ဘက်စာမျက်ကို ရောက်သွားတဲ့အချိန်မှာ မျှော်လင့်ချက်ဆိုတာလဲ အဓိပ္ပါယ်သတ်မှတ်လို့မရတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်သွားတယ်လေ။ ဒါပေမဲ့ အဒီအဓိပ္ပါယ်တိတိကျကျ မသတ်မှတ်နိုင်တဲ့ကဗျာကိုပဲ ခုံမင်မြတ်နိုးစွာနဲ့ စိတ်ထဲမှာ မကြာခဏဆိုသလို ရေရွတ်နေမိတယ်။ ကိုယ်လိုရာဆွဲတွေးပြီးတော့လဲ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ကြည်နူးကျေနပ်နေမိတယ်။

တစ်ခါတစ်လေတော့လဲ ကဗျာရဲ့အဓိပ္ပါယ်ကို ဖေါ်ဖို့ကြိုးစားရင်း ကိုယ်လာရာလမ်းကြောင်းကိုတောင် မေ့ချင်သလိုလိုပဲ။ ဒါပေမဲ့ သူငယ်ချင်း ကဗျာကို မဖတ်မိအောင် ကြိုးစားနေကြည့်ရင်း ရှေ့ဆက်ရမယ့်ခရီးကို လှမ်းမျှော်ကြည့်ပြန်တော့ ကိုယ့်ကိုယ်ကို မရေရာတဲ့ ခရီးသွားတစ်ယောက်လို မြင်မိပြန်ရော။ ဒါပေမဲ့ ရင်ထဲမှာရုတ်တစ်ရက် ပေါ်လာတဲ့ နွေးထွေးမှုပန်းပွင့်လေးတွေရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေကို နောက်ပြန်လှည့်ကြည့်ချင်စိတ်တွေကို လူနာတစ်ယောက်ရဲ့ အလွန်ခါးသီးတဲ့ဆေးကို ၀ါးမျိုရသလို ကျိတ်မှိတ်မျိုချရင်း ရှေ့ဆက်ရမယ့်ခရီးရှည်အတွက် ခွန်းအားချိနဲ့တဲ့ ခြေတစ်လှမ်းကို ကျိုးစားပြီး ပေးဆပ်လိုက်ရတယ်။