Thursday, October 30, 2008

ကျနော်နှင့် အဆောင်ဝါသနာ


ကျနော်ငယ်ငယ်က ၀ါသနာပါခဲ့ဖူးတဲ့ အရာနှစ်ခုအနက် တစ်ခုကို စနေသမီးသနပ်ခါး ဆိုပြီးတော့ ရေးခဲ့ပြီးပါပြီ။ နောက်တစ်ခု ကျနော်ရချင်တာကို ရေးပါဦးမယ်။ အဲဒါကတော့ ဒုတ်ပြီး ဓားပြီး သေနတ်ပြီးတယ်လို့ ကျနော်ယုံကြည်တဲ့ အမြူတေပါပဲ။ ငယ်ငယ်က ယုံခဲ့တာပါ၊ အဲဒီအဆောင်တွေဟာ အမျိုးမျိုးရှိပါတယ်။ ခါးလှဲ့၊ လက်ဖွဲ့၊ နှုတ်ငုံ၊ ကိုးသင်္ချိုင်းဓား၊ အမြူတေ စသည်အားဖြင့် အမျိုးမျိုးပါပဲ။

ငယ်ငယ်တုန်းက ကျနော့်မှာ နှုတ်ငုံကြေးပြားလေး တစ်ခုရှိခဲ့ဖူးတယ်။ ကြေးပြားလေးဆိုပေမဲ့ လိပ်ထားတဲ့ကြေးပြားလေးပါ။ ဖြန့်လိုက်ရင် တစ်လက်မလောက်ရှိတဲ့ အပြားလေးဖြစ်သွားတယ်။ အထဲမှာ အင်းလိုလို ဘာလိုလို ချထားတယ်။ ကျနော်က အဲဒီကြေးပြားလေးကို လိပ်၊ ပုလင်းသေးသေးလေးထဲထည့်ပြီး သွားလေရာယူသွားတတ်တယ်။ ကိုယ့်ယုံကြည့်ချက်နဲ့ ကိုယ်ကိုးဗျာ့။ စွမ်းလားမစွမ်းလားတော့ မသိဘူး။ လူချစ်လူခင်တော့ အတော်ပေါတယ်။ ကျနော့်ကို လူကြီးတွေက အတော်လေး ဦးစားပေးတာ ခံခဲ့ရတယ်။ အဲဒီ နှုတ်ငုံကြေးပြားလေးရဲ့ အစွမ်းကြောင့်လို့ ယူဆခဲ့ဖူးတယ်။ နောက်တော့ ပုလင်းသေးသေးလေးထဲ ထည့်သိမ်းထားတာ ဘယ်လိုက ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အပိုင်းပိုင်းပြတ်သွားတယ်။ ကျနော်လဲ လွှတ်ပစ်လိုက်ရတော့တယ်။ အဲဒီနောက်တော့ ဘာမှမရှိဘူး။

ဒါပေမဲ့ ၀ါသနာက ရှိတုန်းပဲ။ ကျနော်ဝါသနာအပါဆုံး၊ အရချင်ဆုံးကတော့ အမြူတေပဲ။ ကျနော်တို့ ထားဝယ်မှာတော့ မဓေ သို့မဟုတ် ဓေ လို့ခေါ်လေ့ရှိပါတယ်။ အဲဒီအဆောင်က သဘာဝအဆောင်။ အင်း၊ အိုင်၊ ခါးလှဲ့၊ လက်ဖွဲ့၊ နှုတ်ငုံ စတာတွေကတော့ ဂါထာတွေ ရွတ်၊ အင်းတွေချပြီး စီမံထားရတာ။ အမြူတေကတော့ ဘာမှ မလိုဘူး။ သဘာဝစွမ်းအားတွေရှိတယ်လို့ ကျနော်တို့က ယုံကြည်ကြတယ်။ အဲဒီအမြူတေဆိုတာ တကယ်တော့ အနှစ်တစ်မျိုးပဲ။ အရာရာတိုင်းလောက်နီးပါးမှာ အမြူတေရှိတယ်လို့ ယုံကြည်ကြတယ်။

သံပုရာသီး၊ မန်ကျီးသီး စတဲ့ အသီးတွေကအစ အမြူတေဖြစ်နိုင်တဲ့ သဘာဝရှိတယ်လို့ အဲဒီဘက်လိုက်စားတဲ့လူကြီးတွေ ပြောတာ ကြားဖူးတယ်။ ကျနော်တို့ကလေးတွေကတော့ အဲဒီလူကြီးတွေ ပြောစကားနဲ့တင် သံပုရာသီးကိုလဲ သတိနဲ့စားတယ်။ မန်ကျီးတောက်ကိုလဲ သတိနဲ့ ၀ါးတယ်။ ကံကောင်းရင် အမြူတေ တွေ့နိုင်တယ်ကိုးဗျာ့။ အမြူတေ တကယ်ရရင် ဘာဖြစ်လဲ၊ အမြူတေရှိတဲ့၊ ရတဲ့လူတွေ့ဖူးလားလို့ မေးလိမ့်မယ်။ ငယ်ငယ်တုန်းက ကျနော့်မှာ သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။

သိပ်ချစ်ဖို့ကောင်းတယ်ဆိုတာက သူ့ချစ်ဖို့ကောင်းတာကို ပြောတာမဟုတ်ဘူး၊ သူ့ညီမလေးတွေချစ်ဖို့ကောင်းတာကိုပြောတာ။ သူတို့က ဗမာနဲ့ တရုပ်အစပ်။ သူတို့အိမ်မှာ မွေးချင်း ခုနှစ်ယောက်ရှိတယ်။ ယောက်ျားလေး နှစ်ယောက်။ ကျန်တာက မိန်းကလေးတွေ။ သူ့အောက်မှာကိုပဲ မိန်းကလေး သုံးယောက်ရှိတယ်။ လှချက်ချောချက်ကတော့ ရက်စက်တယ်ဗျာ လိုပြောရမယ်ထင်တယ်။ သူတို့နေတဲ့ခြံလေးက သီးသန့်လေး။ ခြံထဲမှာ မင်းဂွတ်ပင်တွေ၊ ဒူးရင်းသီးပင်တွေ၊ သီဟိုဠ်သရက်ပင်၊ သရက်ပင်၊ ကွမ်းသီးပင်၊ အုန်းသီးပင် အစုံရှိတယ်။ အဲဒါကြောင့် သူတို့ခြံကို ကျနော်တို့ရွာသားတွေက မိန်းမလှကျွန်းလို့ ခေါ်ကြတယ်။

အဲဒီသိပ်ချစ်ဖို့ကောင်းတဲ့ ညီမလေးတွေရှိတဲ့ ကျနော့်သူငယ်ချင်းမှာ အမြူတေ တစ်လုံးရှိတယ်။ အိမ်မြှောင်အဥထက် နည်းနည်းလေးပဲ ကြီးတယ်။ သူ့ကို အဘိုးတော်တဲ့ ဆရာတော်ကြီးတစ်ပါးက စွန့်ထားခဲ့တာ။ နေထွက်တဲ့အချိန် အဲဒီအမြူတေလေးကို လက်ညှိုး လက်မကြားညှပ်ကိုင်ပြီး ထောင်ကြည့်လိုက်ရင် မြွေလေးနှစ်ကောင် ခေါင်းချင်ဆိုင်နေတဲ့ပုံလေးပေါ်နေတယ်။ ကျနော်တို့က နဂါးအမြူတေလို့ ခေါ်ကြတယ်။ ဘာနဲ့ပဲထုထု မကွဲဘူး။ အဲဒါတော့ ကျနော်အမြင်ပဲ။ အလွန်မာကျောတယ်။ သေနတ်တွေ ဘာတွေ ပြီးလားမပြီးလားတော့ မပြောတတ်ဘူး။ ကျနော်လဲ အဲဒါလေးကို စိတ်ဝင်စားလို့ သူ့ဆီခဏခဏသွားတယ်။ သူ့ညီမလေးတွေကိုလဲ နောက်ပိုးဆွဲရင်းပေါ့။ နောက်တော့ ကျနော်ရန်ကုန်ပြောင်းသွားကတည်းက တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြတယ်။

နောက်နှစ်အတော်ကြာလို့ ကျနော်ရန်ကုန်ကနေ ရွာပြန်တော့ သူနဲ့တွေ့တယ်။ မောင်းမကန်ရဲစန်းမှာ ရဲလုပ်နေ ဆိုပဲ။ ကျနော်က မေးရသေးတယ်။ အမြူတေ အားကိုးနဲ့ ရဲဝင်လုပ်တာလားလို့။ လုပ်စရာမရှိလို့ ရဲလုပ်စားနေတာပါ ကိုယ့်လူရာ တဲ့။ ကျနော်တို့ နိုင်ငံက ဒီခေတ်ရဲတွေရဲ့ အလွန်ကြီးမားတဲ့ ခံယူချက်ထင်ပါရဲ့။ ကျနော်ပိုးပန်းခဲ့တဲ့ သူ့ညီမလေး သုံးယောက်ထဲက နှစ်ယောက်က အိမ်ထောင်ကျနေပြီ။ မကျခံနိုင်ရိုးလားဗျာ။ ဒီလောက်လှနေတာ။ အငယ်ဆုံးကောင်မလေးတောင် ရွာမှာ ကျောင်းဆရာမပြန်လုပ်နေပြီ။ ကျနော့်အမကမွေးတဲ့ ကျနော့်တူမလေးကို အိပ်လာပြီး ၀ိုင်းကျူရှင်ပြနေတာတွေ့လေရဲ့။ ကျနော်လဲ ငယ်ငယ်က အကျင့်ပျောက်သွားလို့သာတော်တော့တယ်။ မဟုတ်ရင် ဇာတ်လမ်းက မသန်းဖြစ်နေဦးမယ်။

ကျနော့်မှာလဲ ငယ်ငယ်က ၀ါသနာအခံလေးက ရှိတော့ အဆောင်ရချင်တဲ့ စိတ်က မကုန်သေးဘူး။ ဘာအဆောင်ပဲဖြစ်ဖြစ်ရချင်တုန်း။ သိပ္ပံခေတ်ကြီး ဒီလောက်တိုးတက်လာပြီး IT တွေမီးကုန်ရမ်းကုန် ထွန်းကားနေတဲ့ခေတ်ကြီးမှာ ကျနော့်ကို ခေတ်နောက်ပြန်နေတယ်လို့ ပြောကြမှာပဲ။ ကျနော့်စိတ်ထဲမှာတော့ IT ကလဲ ITအစွမ်း၊ အမြူတေကလဲ အမြူတေအစွမ်းပဲ လို့မှတ်ယူနေလေရဲ့။ အဲဒါကြောင့် ကျနော် ဒီလာခါနီးမှာ အဖေ့ဘက်က ကျနော့်အဘိုးဆီမေးကြည့်တယ်။သူက အသက်ရှစ်ဆယ်ကျော်ပြီ။ မာတုန်းပဲ။ သန်တုန်းပဲ။

အဘိုးဆီမှာ ဆောင်လေး ဘာလေးရှိလားပေါ့။ ငါ့မြေးရာ မင်းတို့ခေတ်က အဆောင်မလိုပါဘူးကွ တဲ့။ ငါ့တို့ငယ်ငယ်တုန်းကသာ ဘာမှမရှိလို့ အဆောင်တွေဘာတွေရှာကြတာ။ ငါတို့က ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်မှာနေခဲ့ရတော့ စစ်အတွင်းကွ။ ဟိုပြေးဒီလွှားနဲ့။ ဒီတော့ ငါတို့ခေတ်ကလူတွေက အဆောင်တွေ ဘာတွေ သိပ်ယုံတာ။ မင်းတို့ကတော့ မလိုတော့ပါဘူးကွာ တဲ့။ ပညာပဲတတ်အောင် သင်စမ်းပါ ငါ့မြေးရာ တဲ့။ ကျနော်ကလဲ မရဘူး၊ အဘိုးမှာ တစ်ခုခုရှိတယ်လို့ ထင်နေတာ။ ဒါနဲ့ မရဘူး အဘိုးရာ အဆောင်တစ်ခုခုတော့ ပေးလိုက်ပါ ဆိုတော့၊ သူကပြောတယ်။ အခြားဆောင်တော့ မရှိဘူးကွ တဲ့။ ခါးနာပျောက်တဲ့ အဆောင်တော့ ရှိသတဲ့။

အာ--အဘိုးကလဲ ခါးနာပျောက်တဲ့ အဆောင်ဆိုတာ ရှိလို့လားဗျာ၊ ကျနော်ကလဲ တအံ့တသြမေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုကလိ၊ ဒီကလိလုပ်နေလေ့ရှိတော့ တစ်ခါတစ်ခါ ခါးနာတယ်ဗျာ့။ ကျနော့်အဘိုးကပြောတယ်။ မင်းတို့ခေတ်လူငယ်တွေက တယ်ခက်သကိုးကွ။ ပြောရင်လဲ ချက်ချင်းမယုံချင်ကြဘူး။ ရှိလို့ပြောနေတာပေါ့။ မယူချင်လဲနေ၊ မပေးဘူး တဲ့။ လုပ်ပြန်ရောဗျို့။ ကျနော်လဲ ဘာပဲရရ ယူမယ်ဆိုတဲ့စိတ်ကရှိတော့ အဘိုးရာ ခါးနာပျောက်တဲ့အဆောင်ဆိုလဲ ပိုကောင်းတာပေါ့၊ ကျနော်က တစ်ခါတစ်ခါ ခါးနာတယ် အဘိုးရ ဆိုတော့မှ သူ့အိပ်ကပ်လေးထဲက ထုတ်ပေးလိုက်တယ်။ ခါးနာပျောက်တဲ့အဆောင် တဲ့။

အဲဒါယူသွားကွာ၊ မပျောက်စေနဲ့ တဲ့။ ပြီးတော့ ပြောသေးတယ်။ ဒီအဆောင်ကို မင်းပေါ့သေးသေးမမှတ်နဲ့။ ကင်းမွန်ဆိုတဲ့ ငါးတွေဟာ ပင်လယ်ထဲမှာ ထောင်သောင်းချီအောင် အုပ်စုဖွဲ့ပြီးနေကြတာကွ၊ အဲဒီအထဲမှာ အထီးဆိုလို့တစ်ကောင်ပဲပါတယ်။ ကျန်တာ အမတွေချည်းပဲ။ အမတွေရဲ့အမြီးက အပြား။ အထီးကောင်ရဲ့အမြီးက အလုံး။ ပြီးတော့ သူတို့ကို ပိုက်နဲ့ဖမ်းရင် အခါတစ်ရာဖမ်းလို့ ဒီအထီးကောင်က တစ်ခါမိချင်မှ မိတာ။ ငါလဲ ရှားရှားပါးပါးရထားတာကွ။ သေသေချာချာ သိမ်းထားတဲ့။

ကျနော်ကလဲ ထပ်ပြီးစပ်စုလိုက်တယ်။ အဘိုးပြောတဲ့အတိုင်းဆို ဒီကောင်က ပိယဘက်လဲ စွမ်းမယ်ထင်တယ်၊ လို့။ ဟာ့-အမတွေထောင်သောင်းချီရှိတဲ့အထဲ တစ်ကောင်တည်းပါတယ်ဆိုတော့ စွမ်းလို့ပေါ့ကွ။ တစ်ခုတော့ရှိတယ်။ ဒီဥစ္စာကတော့ စွမ်း/မစွမ်း မသိဘူး။ ငါ့လက်ထဲ ရောက်လာပြီး သိပ်မကြာခင် မင်းအဖွါး ဆုံးတာပဲဟေ့၊ တဲ့။ ကျနော်လဲ သူပြောတာကို အဓိပ္ပါယ်မကောက်တတ်တာနဲ့ ဆက်မမေးတော့ဘူး။ ကျနော့်အဖွါးကလဲ အသက် ခုနှစ်ဆယ်ကျော်မှ ဆုံးတာဆိုတော့ လူကြီးရောဂါနဲ့ ဆုံးတာလို့ပဲ ကျနော်ထင်ပါတယ်။ ကျနော်လဲ အဘိုးပေးလိုက်တဲ့ ကင်းမွန်အထီးရဲ့ အမြီးနဲ့ကျစ်ထားတဲ့ ခါးလှဲ့ဆန်ဆန် အဆောင်လေးကို အိပ်ထဲထည့်ယူလာလိုက်တယ်။

အဘိုးကိုလဲ ကန်တော့ခဲတယ်။ အဘိုးက ငါ့မြေးလေး သွားလေရာမှာ ဘေးကင်းရန်ကွာလို့ ကျမ်းမာပါစေ အသက်ရှည်ပါစေ ပညာတတ်ကြီးဖြစ်လို့ အများအကျိုးဆောင်နိုင်ပါစေ ဘာညာနဲ့ ဆုတွေ တစ်သီကြီး ပေးလိုက်တယ်။ ပြီးတော့ မှာလိုက်သေးတယ်။ ငါမသေခင်တော့ တစ်ခေါက်လောက် မြန်မာပြည်ပြန်ခဲ့ပါဦးကွ၊ ငါ့မြေးလေးမျက်နှာကို အဘိုးမသေခင်မြင်သွားချင်သေးလို့ တဲ့။ ကျနော် ငိုချင်လိုက်တာဗျာ။ အဘိုးမသေနိုင်သေးပါဘူးဗျာလို့ ကျနော်လဲ ပြန်ပြောခဲ့ရတယ်။

ကျနော်ဒီရောက်လာပြီး သိပ်မကြာခင်တစ်ရက်မှာ တစ်နေကုန် အထိုင်များလို့ ခါးနည်းနည်းနာသွားတယ်။ အဘိုးပေးလိုက်တဲ့ ခါးနာပျောက်တယ် ဆိုတဲ့ အဆောင်လေးကို ထုတ်ပြီး ခါးမှာချည်ပြီး အိပ်လိုက်တယ်။ ညဘက်ကျတော့ အိပ်ရတာမဖျောက်ဘူးဗျို့၊ ခိုးလိုးခုလုနဲ့။ အဖုအဖုလေးတွေဖြစ်နေတော့ ဘယ်ဖျောက်မလဲဗျာ။ အဲဒါကြောင့် ပြန်ဖြုတ်ပြီး အိပ်လိုက်ရတယ်။ မနက်အိပ်ရာက နိုးတော့ ခါးနာတာ မသက်သာဘူး။ ဒါနဲ့ ကျနော့်ရဲ့ GP ကိုပြောလိုက်ရတယ်။ ဆရာရယ်၊ လုပ်ပါဦးဗျာ။ ကျနော်ခါးအရမ်းနာနေလို့ လို့။ သူကဆေးတစ်လုံးထိုးပေးလိုက်တယ်။ အဲဒါမှပဲ နည်းနည်းသက်သာသွားတယ်။ ဒါပေမဲ့ အဘိုးပေးလိုက်တဲ့ အဆောင်လေးကိုတော့ အမှတ်တရအဖြစ် အခုထိ ကျနော်သိမ်းထားဆဲပါ။ အဘိုးကပြောလိုက်တယ်လေ၊ မပျောက်စေနဲ့ တဲ့။

No comments: