Showing posts with label စိတ်အကြောင်း လေ့လာခြင်း. Show all posts
Showing posts with label စိတ်အကြောင်း လေ့လာခြင်း. Show all posts

Thursday, May 28, 2009

ဒုက္ခသစ္စာ


“ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ”
ကြီးမေ မကြာခဏပြောပြောနေတဲ့ စကားတစ်ခွန်း။ ကြီးမေဆိုတာ အိမ်ခြေတစ်ထောင်ကျော်ကျော်ရှိတဲ့ ကျနော်တို့ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ရွာက တစ်ရွာလုံးသိ၊ တစ်ရွာလုံးချစ်တဲ့ အရူးမကြီးတစ်ယောက်ပေါ့။ အရူးဆိုပေမဲ့ သွက်သွယ်ခါအောင် ရူးနေတဲ့ ပိတ္တုမ္မတ္တကခေါ် သည်းခြေပျက်အရူးမျိုးတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့ရွာမှာ ကျနော်ခပ်ငယ်ငယ်တုန်းက အရူး (၃) ယောက်ရှိပါတယ်။ တစ်ယောက်က မေမြင့်အရူး၊ နောက်တစ်ယောက်က မဲထူးရွှေ(မယ်ထူးရွှေ)အရူး၊ အခြားတစ်ယောက်က ကိုဖိုးကြည်အရူး။ အဲဒီထဲက နှစ်ယောက်က အမျိုးသမီးတွေ။ ဒါပေမဲ့ မေမြင့်အရူးနဲ့ ကိုဖိုးကြည်အရူးတို့က ကျနော်အထက်မှာပြောခဲ့သလို ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ ဘုရားသွား ကျောင်းတက်အလွန်မြဲတဲ့ အကောင်းစားအရူးတွေပါ။ မဲထူးရွှေဆိုတာကတော့ သွက်သွယ်ခါအောင် ရူးတဲ့ သည်းခြေပျက်အရူးပေါ့။ အခုတော့ မဲထူးရွှေအရူးမ ရှိတော့မယ်မထင်ပါ။ ကျနော်ရွာကထွက်လာပြီးကတည်းက သူနဲ့ပတ်သက်ပြီး နောက်ထပ်ဘာအသံမှ မကြားရတော့တာ ကြာပါပြီ။

“ပြီးခဲ့တဲ့ ၂၀၀၇-ခုနှစ်တုန်းက ကျမနဲ့ ကျမယောက်ျားအိမ်ထောင်ရေး ပြတ်စဲခဲ့ပါတယ်။ ကျမမှာ အလုပ်ကလဲ မယ်မယ်ရမရှိ၊ ကလေးကလဲ နှစ်ယောက်နဲ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူးရှင်၊ Mortgage (အိမ်ချေးငွေ) ကြေးတွေလဲ ဒီတစ်သက်ဆပ်လို့ကုန်ပါဦးမလား မသိဘူး။ ဒီကြားထဲ ပြီးခဲ့တဲ့သတင်းပတ်က စိတ်ညစ်ညစ်နဲ့ အရက်သောက်ပြီး ကားမောင်းမိတာ ပုလိပ်နဲ့တွေ့လို့ အဖမ်းခံလိုက်ရတယ်။ အခုသူတို့ ကျမကားကို သိမ်းထားကြပြီ၊ ကျမမှာ ကားစီးစရာလဲ မရှိတော့ဘူး၊ ဟီး---ဟီး---ဟီး----၊ ကယ်လို့ရရင် ကယ်ပါဦးရှင်---”

ကျနော်သူပြောသမျှ နားထောင်ရင်း ကျနော်ကိုယ်တိုင်လဲ သူပြောသလို ပြန်ပြောရရင် ဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး။ သူက ငိုကြီးချက်မ ချနေတာကိုး။ သူဆိုတာ အင်္ဂလိပ်အမျိုးသမီးလေးတစ်ယောက်ပါ။ အင်္ဂလိပ်စစ်စစ်တော့ ဟုတ်ဟန်မတူဘူး၊ အင်္ဂလိပ်နဲ့ အင်ဒီယန်းစပ်စပ်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးတယ်လို့ သိရပါတယ်။ အသားဖြူဖြူ၊ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ အပျိုဘ၀က အတော်လှမည့်ကောင်မလေးတစ်ယောက်လို့ ခန့်မှန်းရပါတယ်။ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ကို သူ့ယောက်ျားက ပစ်သွားတယ်ဆိုတော့ ကျနော်စဉ်းစားလို့မရဘူး။ အကြောင်းတော့ ရှိမယ်ပေါ့ဗျာ။

သူနဲ့စတွေ့ခဲ့တာက ကျနော်မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်းတစ်ယောက်ပါ။ ကျနော့်သူငယ်ချင်း အလုပ်ကအပြန် လမ်းမှာ အဲဒီအမျိုးသမီးနဲ့ တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အာရှသားမှန်းသိတော့ ဘယ်နိုင်ငံကလဲ? ဘာလူမျိုးလဲ? ဘယ်ဘာသာဝင်လဲ? စုံစေ့အောင်မေးပြီး သူ့ဒုက္ခကို ပြောပြရှာသတဲ့။ ဒါနဲ့ ကျနော့်သူငယ်ချင်းလဲ လမ်းမှာ ကြာကြာစကားမပြောချင်လို့ ကျနော်တို့နေတဲ့အဆောင်လိပ်စာပေးပြီး လာခဲ့ဖို့ မှာခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်လောက်ကြာတော့ အဲဒီအမျိုးသမီးရောက်လာတယ်။ သူရောက်လာတဲ့အချိန်က ညနေ(၃)နာရီလောက်ရှိပါပြီ။ ကျနော်တစ်ယောက်တည်းထိုင်ပြီး အပြင်ဘက်အဆောင်မှာ စာဖတ်နေပါတယ်။ ကျနော်က ဖီလိုဆိုဖီနဲ့ကျောင်းပြီးထားပြီး လောလောဆယ်မှာလဲ အရှေ့တိုင်းဒဿနတွေကို အင်္ဂလိပ်မလေးတစ်ယောက်ကို သင်ပေးနေတာဆိုတော့ ကျနော့်သူငယ်ချင်းက အဲဒီအမျိုးသမီးကို ကြည့်ကျက်ပြီး နှစ်သိမ့်လိုက်ဖို့ ကျနော့်ကို ပြောလိုက်ပါတယ်။

“ကယ်လို့ရရင် ကယ်ပါဦးရှင်” တဲ့။ ဒုက္ခရောက်လာပြီကိုး။ ကျနော်ကိုယ်တိုင်တောင် လောလောဆယ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိအောင် ဖြစ်နေရတဲ့အထဲ “ကယ်ပါဦး” ဆိုတော့ ကျနော်ဘာပြောရမှန်းမသိအောင်ဖြစ်သွားတာအမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တစ်ခုခုတော့ ပြောသင့်တယ်၊ ပြောရမယ်ဆိုတာကိုတော့ နားလည်လိုက်ပါတယ်။ အနည်းဆုံးတော့ နှစ်သိမ့်မှုတစ်ခုခုပေါ့။ လူဆိုတဲ့ သတ္တ၀ါဟာ ဒုက္ခနဲ့ ဒဲ့တိုးတွေ့လာရရင် ကိုယ်တိုင်ဖြေရှင်းလို့ရရင် ဖြေရှင်းလိုက်ကြပြီး ဖြေရှင်းလို့မရတဲ့အခါ အားကိုးရာရှာတတ်ကြစမြဲပဲမို့လား။ အားကိုးထိုက်သော/မထိုက်သော၊ အကူအညီပေးနိုင်သော/မပေးနိုင်သော ထည့်မတွက်တော့ပဲ ကိုယ့်မှာရင်ဆိုင်နေရတဲ့ ပြဿနာကိုပဲ ဒုက္ခကြီးထင်ပြီး အားကိုးတကြီး အကူအညီတောင်းတတ်ရှာတာ သဘာဝပဲပေါ့။

ဒါနဲ့ ကျနော် သူ့ကို မေးခွန်းတစ်ခု မေးလိုက်တယ်။ ခင်ဗျားက ဘယ်ဘာသာဝင်လဲ? လို့။ ဟုတ်တယ်လေ။ ကျနော်ဒီလိုမေးရမယ်လို့ ယုံကြည်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့ဒုက္ခက ဆေးဆရာနဲ့လဲ မရဘူး၊ နတ်ကတော်နဲ့လဲ အံမ၀င်၊ သက်ဆိုင်ရာအစိုးရကလဲ မကူညီ၊ ဆွေးမျိုးတွေကလဲ မပေးကမ်း၊ ကျနော်ကိုယ်တိုင်လဲ တခြားဘာမှမလုပ်ပေးနိုင်ဆိုတော့ ဘာသာရေးစကားလုံးတွေနဲ့ပဲ ဖြေသိမ့်ရတော့မှာပေါ့။ ကျနော်ယုံကြည်လိုက်တာ ပြောပါတယ်။ တကယ်တော့ ဘာသာတရားတွေဆိုတာ ဒီလိုကိစ္စမျိုးတွေကို ဖြေရှင်းပေးဖို့ ပေါ်လာကြတာပဲမဟုတ်လား။ သူဖြေတဲ့ အဖြေလဲ ကြည့်ဦး။ “ကျမက ခရစ်ယန်တွေရဲ့God ကိုလဲယုံကြည်တယ်၊ မူစလင်တွေရဲ့ Allah ကိုလဲ ကိုးစားတယ်၊ ဟိန္ဒူတွေရဲ့ ဗြဟ္မာကိုလဲ လက်ခံတယ်၊ ဒါပေမဲ့ ကျမရဲ့ မူရင်းဘာသာကတော့ Sikh ပါ” တဲ့။ ကောင်းရော။ အခုသူဒုက္ခရောက်လို့ လာပြီးအကူအညီ (အကြံအဉာဏ်) တောင်းတာကျတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ လူဆီမှာ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီးတွေကို စုံသွားတာပဲ။

ကျနော်ကပြောလိုက်တယ်။ “ဒါဖြစ်ရင် ကောင်းပြီ၊ ခင်ဗျားဘာကိုပဲ ယုံကြည်ကြည်၊ လက်ခံခံ အရေးမကြီးပါဘူး။ အခုခင်ဗျားသိပြီမို့လား၊ တကယ်ဒုက္ခရောက်ရင် ဘယ်ဘုရားမှ လာမကယ်ဘူးဆိုတာ၊ ကျနော်တို့ဘုရားလဲ မကယ်နိုင်ဘူး၊ ဒါပေမဲ့ ကျနော်တို့ ဘုရားဖြစ်တဲ့ ဗုဒ္ဓကတော့ အဲဒီလိုဒုက္ခတွေနဲ့ တွေ့လာတဲ့အခါ စိတ်ထားတတ်အောင် သင်ပေးခဲ့ပါတယ်၊ ညွှန်ပြပေးခဲ့ပါတယ်” လို့ ကျနော်လဲ တတ်သလောက်မှတ်လောက်အသိလေးကို ကျနော့်ရှိတဲ့ ကျိုးတိုးကျဲတဲအင်္ဂလိပ်စကားလုံးတွေနဲ့ အဆင်ပြေအောင်ပြောပြရတာပေါ့။ ဒါနဲ့ သူကမေးတယ် “ဘယ်လိုစိတ်ထားရမှာလဲ” တဲ့။

သူအဲလိုမေးတော့ ကြီးမေအရူးမ ပြောနေကျ စကားတွေကို ပြေးသတိရမိလိုက်တယ်။ “ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ” ဆိုတဲ့ စကား။ ကျနော်ပြောလိုက်တယ်။ “ခင်ဗျားတစ်ယောက်တည်း ဒီဒုက္ခမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့များ ထင်သလား၊ ဝေးဝေးမကြည့်နဲ့၊ ခင်ဗျားနေတဲ့ ပတ်ဝန်းကျင်ပဲ ကြည့်လိုက်ပါ။ ခင်ဗျားလဲ နေ့တိုင်း မြင်နေ၊ ကြားနေရမှာပါ။ လူတွေဘယ်လောက်ငြီးတွားနေကြရတယ် ဆိုတာ။ သတင်းတွေကြည့်လိုက်၊ နားထောင်လိုက်ရင်လဲ တစ်ကမ္ဘာလုံးဒုက္ခရောက်နေတဲ့ သတင်းတွေပဲ အများဆုံး နေ့စဉ်လောက်နီးပါ ကြားနေကြရတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့။ အဲဒီလူတွေရဲ့ ဒုက္ခဟာ ခင်ဗျားအခုရင်ဆိုင်နေရတာထက် အများကြီးပိုကြီးကျယ်မယ်၊ သူတို့မျက်ဝန်းကထွက်လာတဲ့ မျက်ရည်စက်တွေဟာ အခုခင်ဗျားထွက်ကျနေတဲ့ မျက်ရည်စက်တွေထက် အရေအတွက် ပိုများလိမ့်မယ်” လို့။

သူက ၀န်ခံတယ်၊ “အဲဒါတော့ ဟုတ်ပါတယ်” တဲ့။ ဒါဆို ကျနော်ရှေ့ဆက်လို့ ရသွားပြီဆိုတာ နားလည်လိုက်တယ်။ သူနည်းနည်း ငြိမ်သွားတယ်။ သူ့ဒုက္ခဟာ သူများဒုက္ခလောက် မကြီးကျယ်သေးဘူးဆိုတာ မသိမသာနှိုင်းယှဉ်ရင်း သဘောပေါက်လိုက်ပုံရတယ်။ ကျနော်ဆက်ပြောလိုက်တယ်။ “ကျနော်တို့ဗုဒ္ဓက ဟောကြားထားတာ ရှိပါတယ်၊ အရာတိုင်းဟာ မမြဲဘူး၊ ဆင်းရဲတယ်၊ အစိုးမရဘူး” လို့။ ဒီသဘောတရားကို နားလည်ထားရင် ဒုက္ခရောက်တဲ့အခါ အကြီးအကျယ် မျက်ရည်ဝဲနေစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဟာ သိပ်မကြာခင်မှာ ပြန်လည်ကောင်းသွားပါလိမ့်မယ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်နေတာမဟုတ်ပါဘူး။ လူ့ဘ၀ဆိုတာ ဒုက္ခတစ်လှည့်၊ သုခတစ်လှည့်ပါပဲ။ ကျနော်တို့ လူသားတွေက သုခကိုသာမျှော်လင့်ပြီး ဒုက္ခကိုမမျှော်လင့်ထားလို့ အခုလို ဒုက္ခနဲ့ ပက်ပင်းတွေ့တဲ့အခါ ရင်မဆိုင်နိုင်ပဲ အကြီးအကျယ်စိတ်သောကရောက်ကြရတာပါ။ တကယ်တော့ သုခကို မျှော်လင့်ချက်အားကြီးလေလေ၊ ကိုယ်မျှော်လင့်သလိုဖြစ်မလာပဲ ဒုက္ခဖြစ်လာတဲ့အခါ ပိုပြီး စိတ်ဆင်းရလေလေပါပဲ၊ ဒီတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဆိုတာလဲ မမြဲတဲ့အတွက် မကြာမီပျောက်ကွယ်သွားမှာပါ။ သိပ်ပြီးလဲ စိတ်သောကဖြစ်မနေပါနဲ့” လို့ ပြောလိုက်တယ်။

ဒီတော့မှ သူလဲ ၀ဲနေတဲ့ မျက်ရည်စလေးတွေကို သူ့လက်ဖမိုးနဲ့ သိမ်းဆည်းရင်း တဖြေးဖြေးနဲ့ အငိုတိတ်သွားတယ်။ သူ့ရင်ထဲမှာ ဒုက္ခဆိုတာလဲ မမြဲဘူး၊ မကြာမီ ဒီဒုက္ခက လွတ်သွားလိမ့်မယ် ဆိုတဲ့အတွေးတွေ ၀င်သွားလို့ထင်ပါရဲ့။ “'ဒါဆို ကျမဒုက္ခတွေလဲ မမြဲဘူးပေါ့နော်၊ မကြာမီပျောက်သွားမှာပဲပေါ့။ အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်လဲ ကြုံတဲ့အခါ ၀င်ခဲ့ပါ့မယ်” လို့ ပြောပြီး ထိုင်နေတဲ့ ကုလားထိုင်ပေါ်က ထလိုက်တယ်။ ကျနော်လဲ “လာပါဗျာ၊ ကြိုဆိုပါတယ်၊ အစစအရာရာ အဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်” လို့ပြောပြီး တံခါးဖွင့်ပေးလိုက်တယ်။ အပြင်ဘက်ရောက်တော့ သမင်လည်ပြန် နောက်တစ်ချက်လှည့်ကြည့်ပြီး ပြောသွားသေးတယ်။
“ငါ့မှာလဲ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာဆိုတော့ ပေးစရာပိုက်ဆံတောင် တစ်ပြားမှ ပါမလာဘူး၊ ပါလာရင် နင့်ကို ငါပေးခဲ့ဦးမယ်” တဲ့။ ဂလု---ဖြစ်ရလေဗျာ။ အဲဒါလဲ ဒုက္ခတစ်မျိုးပဲ။

Wednesday, May 20, 2009

သီးခံခြင်းသဘောတရားနှင့် လေ့ကျင့်နည်းများ


“ခန္တျာ ဘိယျော န ၀ိဇ္ဇတိ= သီးခံခြင်းထက် သာလွန်သော တရားမရှိ”
(ဗုဒ္ဓ)

Nobody can be exactly like me. Sometimes even I have trouble doing it.
(Tallulah Bankhead)

ဘယ်သူမှ ကျုပ်နဲ့ တစ်ပုံစံတည်း မဖြစ်နိုင်ဘူး။ တစ်ခါတရံ ကျုပ်ကိုယ်တိုင်တောင် အဲလိုဖြစ်ဖို့ ခက်ခဲတယ်။
(တယ်လူလာဘန်းခ်ဟက်ထ်)


တစ်ခါက ရွာတစ်ရွာတွင် ဘုရားတရား အလွန်လုပ်သော အဘိုးကြီးတစ်ယောက်ရှိသည်။ ရွာဦးကျောင်းသို့သွား၍ ကျောင်းထိုင်ဆရာတော်နှင့် တရားစကားဆွေးနွေးခြင်း၊ တရားထိုင်ခြင်းများကိုလဲ အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။ ဘုရားရိပ် တရားရိပ် ကျောင်းရိပ် ကန်ရိပ်ခိုပါများသော အဆိုပါ အဘိုးကြီးသည် အရာရာကို သီးခံခြင်းဖြင့် အနိုင်ရနိုင်ကြောင်း ကောင်းစွာသဘောပေါက်လာခဲ့သည်။ တရားအထုံပါနေသော အဘိုးကြီးသည် သူကဲ့သို့ဘုရားတရားအလုပ် ကောင်းစွာမလုပ်နိုင်ရှာပဲ ၀မ်းစာရေးအတွက် ရတက်မအေး လုပ်ရှားနေကြရသော ရွာသူရွာသားများကို သနားလျှက်ရှိလေသည်။

ထို့ကြောင့် တွေ့သမျှလူတွေကို ဘုရားတရားအလုပ် လုပ်ဖို့ ဟောပြောဆုမ္မ သွန်သင်လေတော့သည်။ သို့သော် ရွာသူရွာသားများမှာ နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရသောကြောင့် သူကဲ့သို့ တရားအလုပ်ကို ကောင်းစွာမလုပ်နိုင်ကြပဲရှိကြသည်။ အချို့အချို့သော ရွာသူရွာသားများက အဘိုးကြီးကို အူကြောင်ကြောင်လူကြီးတစ်ယောက်အဖြစ်မြင်လာခဲ့ကြသည်။ ကာလသားများကလဲ အဘိုးကြီးကိုမြင်လျှင် ခပ်ဝေးဝေးမှ ရှောင်ကာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကြနောက်ကြ ဖြစ်လာကြတော့သည်။ အဘိုးကြီးသည် မိမိရင်ထဲမှာရှိသော တရားစိတ်ကို အပျောက်မခံဘဲ ပတ်ဝန်းကျင် ပြောသမျှကို သီးခံရှာသည်။

တစ်နေ့တွင် အိမ်ရှေ့ဝရန်တာမှာ ထိုင်ရင်း လမ်းသွားလမ်းလာများကို ကြည့်ကာ အကြံတစ်ခုပေါ်လာသည်။ ယင်းအကြံမှာ လူတွေကို လိုက်လံဟောပြောမနေတော့ပဲ သူ့အိမ်ရှေ့အများမြင်သာသော နေရာတွင် ဆိုင်းဘုတ်တစ်ခုရေးပြီး ချိတ်ဆွဲထားဖို့ ဖြစ်သည်။ အဘိုးကြီးသည် သူရေးလိုသော ဆိုင်းဘုတ်ကို တိုကျဉ်းလိုရင်းမိအောင် အခေါက်ခေါက်အခါခါ စဉ်းစားလေတော့သည်။ နောက်ဆုံးမှာ ကာလသားများက သူ့အပေါ် နောက်ပြောင်ကျီစယ်ကြသည်ကို သူကိုယ်တိုင်မည်ကဲ့သို့ သီးခံခဲ့ရသည်ကို သတိရပြီး “သီးခံလျှင် နိဗ္ဗာန်ရောက်သည်” ဟူသော စာကြောင်းလေးကို သဘောကျခဲ့သည်။ ထို့ကြောင့် သစ်သားပြားကြီးကြီးတစ်ခုတွင် ယင်းစာတမ်းကို ရှင်းလင်းပီသစွာရေးသားပြီး အိမ်ရှေ့လူမြင်ကွင်းမှာ ချိန်ဆွဲထားလေတော့သည်။

သူ့အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်သူများသည် ယင်းဆိုင်းဘုတ်ကို မြင်တိုင်း ပြုံး၍ ပြုံး၍သွားကြသည်။ အစအနောက်သန်သော ကာလသားအုပ်စုမှာမူ ဆိုင်းဘုတ်တပ်ပြီးနောက်တွင် ပိုမိုဆိုးဝါးစွာ စခန်းထလာကြတော့သည်။ အဘိုးကြီးတွင် သမီးတစ်ယောက်ရှိရာ ထိုသမီးနာမည်ကို ထည့်၍ ကာလသားများက နောက်ပြောင်ကျီစယ်ကြသည်။ အဘိုးကြီးခမျှာ သူ့သမီးကိုပါ ထိပါးလာသောအခါ ဒေါသလွန်စွာဖြစ်ရသော်လဲ သူရေးထားသောဆိုင်းဘုတ်ကြောင့် “ကိုယ့်ရှူးကိုယ့်ပက်” ဖြစ်ပြီး မည်သို့မျှ ပြန်လည်မတုန့်ပြန်သာအောင် ဖြစ်ရတော့သည်။ ထို့ကြောင့်နောက်တစ်နေ့တွင် အောက်ပါအတိုင်း နောက်ထပ်စာတစ်ကြောင်းတိုးပြီး ဆိုင်းဘုတ်ကို ပြင်ရေးလိုက်သည်။
“သီးခံလျှင် နိဗ္ဗာန်ရောက်သည်၊ သို့သော် ခံသင့်မှခံမည်” ဟူသတည်း။

ပုထုဇဉ်မျှသာဖြစ်ကြသော ကျနော်တို့သည် တရားကို သိသော်လဲ သိသည့်အတိုင်း လိုက်နာဖို့ရန်မှာ အလွန်မလွယ်ကူသော အလုပ်ဖြစ်ကြောင်း လုပ်ကြည့်ဖူးသူတိုင်း နားလည်ကြသည်။ ကျနော်တို့ကဲ့သော အန္ဓပုထုဇဉ်များကို မဆိုထားနှင့်၊ ပါရမီတော်အရင့်အမာကြီးဖြစ်၍ ကလျာဏပုထုဇဉ်ဖြစ်နေပြီဖြစ်သော ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးသည်ပင် သူ့ရှေ့တော်မှောက်တွင် သူ၏သားတော်သမီးတော်လေးနှစ်ပါး (ဇာလီနှင့် ကဏှာဇိန်)ကို ရိုက်နှက်ခေါ်ယူသွားသော ဇူဇကာပုဏ္ဏားကို လက်တော်က သံလျှက်ဖြင့် အပိုင်းပိုင်းခုတ်ပစ်ချင်စိတ်ပေါက်ရလောက်အောင် ဒေါသဖြစ်ခဲ့ရကြောင်း စာပေများကဆိုသည်။ ထွက်လာသော ဒေါသကို ခန္တီပါရမီတော်အဟုန်ဖြင့် ပြန်လည် ငြိမ်သက်စေခဲ့ရသည်။

ထို့ကြောင့် သီးခံခြင်းသည် လွယ်ကူသော အလုပ်ကားမဟုတ်။ သို့သော် ကျနော်တို့သည် သည်းမခံပဲနေလို့လဲ မဖြစ်ပြန်ချေ။ လူတစ်ယောက်အကြိုက်တစ်မျိုးစီရှိကြသော ကျနော်တို့သည် မိမိအလိုနှင့် မသင့်သည်ကို တွေ့ရလျှင် စိတ်ဆိုးဒေါသထွက်ဖို့ အဆင်သင့်ဖြစ်နေတတ်သည်။ ဒေါသမထွက်မိအောင် သည်းခံစိတ်ကို မဖြစ်မနေမွေးကြရသည်။ မိမိ၏ အပြောအဆို အပြုအမူသည်လည်း ရံခါမှာ တစ်ဘက်လူအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်နေတတ်သည်။ ယင်းသဘောကို နားလည်ပါက တစ်ဘက်သားက မိမိအပေါ် စိတ်ဆိုးဒေါသဖြစ်ရသည်များရှိခဲ့လျှင် သူဘာ့ကြောင့် ဒီလိုဖြစ်ရသည်ကို ကိုယ်ချင်းစာစိတ်မွေးရင်း ပြန်လည်မတုန့်ပြန်မိအောင် သတိထားဖို့ အလွန်ပင်အရေးကြီးလှသည်။

မျိုးစေ့တစ်စေ့တွင် အပင်ပေါက်နိုင်သော သတ္တိရှိသည်မှန်သော်လဲ ယင်းမျိုးစေ့ကို မြေချစိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ သင့်တော်သော အလင်းဓာတ်စသည်ရစေခြင်း-စသည်မလုပ်ပါက ယင်းမျိုးစေ့သည် အပင်တစ်ပင်အဖြစ်သို့ ရောက်မလာနိုင်ချေ။ ထို့အတူပင် လူသားတို့၏သန္တာန်ဝယ် ပဋိသန္ဓေစတင်တည်ရာ ကာလကတည်းက သီးခံခြင်းဟူသော မျိုးစေ့တစ်ခု ပါလာခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းမျိုးစေ့သည် သာမန်လူသားတို့စိတ်သန္တာန်မှာ သင့်တော်သောလေ့ကျင့်မှုကို မပြုလုပ်ပါက သူ့အလိုအလျောက် ရှင်သန်ကြီးထွားလာခြင်းမရှိနိုင်ချေ။ သီးခံခြင်းမျိုးစေ့ အပင်ဖြစ်လာဖို့အတွက် တဖြေးဖြေးချင်း လေ့ကျင့်ယူရမည်ဖြစ်သည်။

လူသည် ရုပ်နှင့် စိတ်ဟူသော အင်အားနှစ်မျိုးကို အချိုးကျပေါင်းစပ်ပေးထားသော ဒြဗ်တစ်ခုဖြစ်သည်။ ရုပ်ခန္ဓာသည် လေ့ကျင့်ယူ၍ရသော အရာဖြစ်သည်။ ပျော့အိအိ၊ ပျင်းတွဲတွဲဖြစ်နေသော ကြွက်သားများကို နေ့စဉ်ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် မာကျောအောင် ပြုလုပ်နိုင်သည်။ တုံ့ဆိုင်း ခက်မာနေသော အကြောများကို နေ့စဉ်ပုံလေ့ကျင့်ပေးခြင်းဖြင့် နူးညံ့ပျော့ပြောင်းအောင် လုပ်နိုင်သည်။ ထို့အတူပင် စိတ်သည်လည်း လေ့ကျင့်၍ ရသော အရာတစ်ခုဖြစ်သည်။ စိတ်သည် ရုပ်ထက်လေ့ကျင့်ရခက်သော အရာဖြစ်သည်ကား အမှန်တည်း။ သို့သော် လေ့ကျင့်၍ မရသော အရာကားမဟုတ်။ စိတ်သည် ရုပ်ထက် လေ့ကျင့်ရခက်သောကြောင့် လေ့ကျင့်ထားပြီးသောစိတ်သည် လေ့ကျင့်ထားပြီးသော ရုပ်ထက် အဆများစွာ အင်အားပိုကြီးသည်ကို တွေ့မြင်သိရှိနားလည်နိုင်သည်။

သီးခံခြင်းသည် စိတ်တစ်မျိုးဖြစ်၍ လေ့ကျင့်ယူမှ ရတတ်သော စိတ်တန်ခိုးတည်း။ လူတိုင်းလေ့ကျင့်၍ရသော တရားတစ်မျိုးလည်းဖြစ်သည်။ ယင်းသို့လေ့ကျင့်ရာဝယ် ဘ၀ါဘ၀က အထုံပါလာသူများအတွက် လွယ်ကူသော အကျင့်ဖြစ်၍ အထုံမပါသူများအတွက်မှာမူ လွန်စွာခက်ခဲနေတတ်သည်။ အဘယ်သို့လေ့ကျင့်ယူရသနည်း? ရှေးဦးစွာ နားလည်ထားရမည့်အချက်မှာ တစ်ဘက်သားအပေါ် မနိုင်၍ အရှုံးပေးလိုက်ရခြင်းမျိုးကို သီးခံခြင်းဟု မှားယွင်းစွာ မမှတ်ယူဖို့ အရေးကြီးသည်။ သီးခံခြင်းတန်ခိုးရအောင် လေ့ကျင့်ယူရာ၌ အောက်ပါအချက်နှစ်ချက်ကို သတိထားရမည်။
(၁) သူတစ်ပါးကို သီးခံခြင်း၊ တစ်နည်းအားဖြင့် ရုပ်ကို သီးခံခြင်း၊
(၂) ကိုယ့်ကိုယ်ကို သီးခံခြင်း၊ တစ်နည်းအားဖြင့် စိတ်ကို သီးခံခြင်း တို့ဖြစ်သည်။

ခန္တီ ခေါ် သီးခံခြင်းစွမ်းအင်ကို လေ့ကျင့်နေသောသူသည် မိမိနှင့်ထိတွေ့ဆက်ဆံနေရသော သက်ရှိသက်မဲ့အရာဝတ္ထုမှန်သမျှအပေါ် သူ့သဘောသဘာဝအတိုင်း နားလည်အောင် ကြိုးစားရမည်။ ဥပမာ=မိမိနှင့်အတူနေသူတစ်ယောက်သည် မိမိနှင့်ဆန့်ကျင်သော၊ မိမိမနှစ်မျို့နိုင်သော အပြောအဆို၊ အပြုအမူရှိနေသည်ဆိုလျှင် ယင်းအမူအရာများသည် မိမိမကြိုက်သော်လဲ သူ၏ ကိုယ်ပိုင်အမူအယာများဖြစ်၍ သူ့သဘောသူဆောင်နေကြောင်း နားလည်အောင် ကျိုးစားရမည်။ သူ့အပေါ်နားလည်ပေးနိုင်ရမည်။ အကယ်၍ တစ်ဘက်လူ၏ အမူအယာများသည် သီးမခံနိုင်လောက်အောင် လွန်ကဲလာပါက သီးခံခြင်းကို အားဖြည့်ပေးသောတရားတစ်မျိုးရှိသေးသည်။ ယင်းမှာ “ဥပေက္ခာ”ခေါ် လျစ်လျူရှုခြင်းတည်း။

သူလုပ်ချင်တာလုပ်ပါစေ၊ ပြောချင်တာပြောပါစေ၊ မမြင်သလို၊ မကြားသလို၊ သို့မဟုတ် သူ့ကို မမြင်လောက်ရာ၊ သူ့စကားမကြားလောက်ရာမှာ နေပြီး မိမိလုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းသို့ တဖြေးဖြေးချင်း လေ့ကျင့်ယူပါက တစ်နံပါတ်အဆင့်ဖြစ်သော ရုပ်ကို သီးခံခြင်းသဘောတရားသည် တဖြေးဖြေးချင်း အင်းအားကြီးလာပြီး မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး အလှအပဆုံးမြင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်သည်။ အမှန်အားဖြင့် ပတ်ဝန်းကျင်ကို အကောင်းမြင်ခြင်းသည် ပတ်ဝန်းကျင်ကို အမြင်ကောင်းအောင် ပြုပြင်ထားခြင်းနှင့် မသက်ဆိုင်ပါ။ မိမိစိတ်ကို အကောင်းမြင်တတ်အောင် ပြုပြင်ထားခြင်းနှင့်သာ သက်ဆိုင်သည်။

နှစ်နံပါတ်ဖြစ်သောစိတ်ကို သီးခံခြင်းသည် အထက်ပါ ရုပ်ကိုသီးခံခြင်းထက် များစွာခက်ခဲလှသည်။ အမှန်အားဖြင့် ရုပ်ကို သီးခံသည်ဟု ဆိုသော်လဲ မိမိစိတ်ကို သင့်တော်အောင် ဆုံးမသွန်သင်ခြင်းမျှသာတည်း။ ထို့ကြောင့် ရုပ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ သီးခံသည်ဆိုရာ၌ အခြေခံအားဖြင့် မိမိစိတ်ကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ သို့သော် ဒီနေရာမှာ ပိုမိုရှင်းစေလို၍ နှစ်မျိုးခွဲပြောခြင်းဖြစ်သည်။ စိတ်သည် အလုပ်တစ်ခုခုထဲမှာ နှစ်မထားလျှင် နဂိုရဖူးယူဖူးပြီးသော အာရုံများကို ပြန်ယူလေ့ရှိသည်။ တစ်နည်းအားဖြင့် ပြန်စဉ်းစားလေ့ရှိသည်။ ယင်းသို့အာရုံအဟောင်းကို ပြန်ယူရာ၌ မိမိကြိုက်သောအာရုံဖြစ်လျှင် တပ်မက်မှုဖြစ်ပွါးလာပြီး မိမိမကြိုက်သော အာရုံဖြစ်လျှင် စိတ်ဆိုးလာတတ်သည်။ ယင်းသို့ဖြစ်ခြင်းကို လောဘဖြစ်သည်ဟူ၍၎င်း၊ ဒေါသဖြစ်သည်ဟူ၍၎င်း ဆိုသည်။ လောသ ဒေါသတို့သည် သီးခံခြင်း၏ ဆန့်ကျင်ဘက်တရားများတည်း။

အာရုံအဟောင်းကို ပြန်လည်ယူမိသဖြင့်ဖြစ်စေ၊ ယူဖူးပြီးသော အာရုံအဟောင်းနှင့်နှီးနွယ်ပြီး အာရုံအသစ်တစ်မျိုးကို မိမိဘာသာဖန်တည်းယူမိသဖြင့်ဖြစ်စေ လိုချင်တပ်မက်မှု သို့မဟုတ် စိတ်ဆိုးမှုဖြစ်ပေါ်လာလျှင် ချက်ချင်းသတိထားပြီး ယူဆဲအာရုံကို ပြောင်းပစ်ဖို့လိုသည်။ စာအုပ်တစ်အုပ်ကို ဖတ်လိုက်ခြင်း၊ အလုပ်တစ်ခုခုကို ထလုပ်လိုက်ခြင်း စသောလွယ်ကူသော လေ့ကျင့်မှုများကို ပြုလုပ်နိုင်သလို အိပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ အသက်ကို ခပ်ပျင်းပျင်းရှူရှိုက်လိုက်ပြီး မိမိစိတ်ကို ယင်းအသက်ပျင်းပျင်းရှူရှိုက်မှုအပေါ် အာရုံပြုထားရမည်။ တစ်ယောက်တည်းနေရင်း ထိုင်ရင်း တွေးမိတွေးရာ အာရုံအလိုက် လွန်ကဲသောလိုချင်မှုနှင့် စိတ်ဆိုးမှုများဖြစ်ပေါ်သည့်အခါတိုင်း အထက်ပါတိုင်း လေ့ကျင့်သွားပါက စိတ်ပိုင်းဆိုင်ရာ သီးခံမှုသည် တဖြေးဖြေးချင်း အားကောင်းလာပြီး ကိုယ့်ကိုယ်ကို ကျေနပ်သူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ယင်းသို့ဖြစ်လာသောအခါ ဘ၀မှာအနေပျော်ပြီး မည်သည့်လောကဓံမျိုးကိုမဆို သူတစ်ပါးထက် ပိုမိုခံနိုင်ရည်ရှိလာလေတော့သည်။ စာဖတ်သူသည် အထက်ပါနည်းများကို မိမိဘ၀အတွက် အသုံးတည့်အောင် အသုံးပြုကြည့်ပါ။ လွယ်ကူသောအလုပ်ကို ပြီးစီးအောင်လုပ်နိုင်ခြင်းကို အောင်မြင်ခြင်းဟုမခေါ်၊ ခက်ခဲသောအလုပ်ကို ပြီးစီးအောင်လုပ်ခြင်းကိုသာ အောင်မြင်ခြင်းဟုခေါ်သည်။ သီးခံနိုင်ခြင်းသည် အကောင်းဆုံးသော အောင်မြင်ခြင်းတစ်မျိုးဖြစ်ပါသတည်း။

Monday, May 18, 2009

သိမ်ငယ်စိတ်


Inferiority Complex ခေါ် သိမ်ငယ်စိတ်သည် လူအတော်များများမှာရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်ခုဖြစ်သည်။ လူသည် သဘာဝအားဖြင့် အားငယ်တတ်သော သတ္တ၀ါတစ်မျိုးဟု ဆိုကြသည်။ ထို့ကြောင့်ပင် စိတ်သက်သာရာ ရလိုရငြား အားကိုးရာရှာသောအားဖြင့် ကိုးကွယ်ဆည်းကပ်မှုတွေကို နီးစပ်ရာပြုကြသည်။ သို့သော် ထိုသိမ်ငယ်စိတ်သည် လူသားမျိုးနွယ်စုကြီး တစ်ခုလုံးနှင့်ဆိုင်သော ပြဿနာကြီးတည်။ ဒီနေရာမှာ ကျနော် ယင်းပြဿနာကြီးကို ဆွေးနွေးမည်မဟုတ်ပါ။ ကျနော်အပါအ၀င် ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်ကြားသိနေရသော သိမ်ငယ်စိတ်ရှိသူများနှင့် ၎င်းတို့၏တုန့်ပြန်မှုများကို ကျနော်နားလည်မိသလို ခံစားမိသလို ရေးသားတင်ပြခြင်းမျှကိုသာ ပြုချင်ပါသည်။

လူသားတိုင်းမှာဟု မဆိုသာသည့်တိုင် လူတိုင်းလောက်နီးနီးမှာ ရှိတတ်သောယင်းသိမ်ငယ်စိတ်သည် အကြောင်းမဲ့သက်သက် ပေါ်လာသည်ကားမဟုတ်။ သိမ်ငယ်စိတ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်း တစ်ခုရှိသည်။ ယင်းမှာ Comparison ခေါ် နှိုင်းယှဉ်မှုပင်တည်း။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ်၊ Superiority Complex ခေါ် ဘွင်မြင့်စိတ်လဲ ဖြစ်ပေါ်တတ်သည်။ သိမ်ငယ်စိတ်၊ ဘွင်မြင့်စိတ် နှစ်မျိုးလုံးသည် နှိုင်းယှဉ်မှုကို အခြေပြု၍ ဖြစ်ပေါ်လာတတ်ကြောင်း အနောက်တိုင်းစိတ်ပညာရှင်များက ဆိုကြသည်။ ဗုဒ္ဓစာပေများ၌မူ ယင်းစိတ်မျိုးကို မာနဟုခေါ်သည်။ မာနသည် နှိုင်းယှဉ်မှုကို ပြုတတ်သော သဘောတရားတစ်မျိုးတည်း။

အမှန်အားဖြင့် လူဟူသော သတ္တ၀ါသည်၊ အထူးသဖြင့် ပုထုဇဉ်ဟုခေါ်သော သာမန်လူသား (နတ်၊ ဗြဟ္မာလည်းပါဝင်သည်) များသည် မာနကို အခြေပြုကာ ဘ၀ကို တည်ဆောက်ကြကြောင်း ပါဠိစာပေများက ဆိုသည်။ ထို့ကြောင့်မာနခေါ် နှိုင်းယှဉ်ကြောင်းတရားတစ်မျိုးသည် ပုထုဇဉ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ လူသည် နှိုင်းယှဉ်မှုတစ်စုံတစ်ရာကို ပြုသောအခါ သူကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကို သိစေ၍ဖြစ်စေ၊ မသိစေပဲဖြစ်စေ ပြုတတ်သည်။ သူကိုယ်တိုင်သိခြင်း၊ မသိခြင်း၊ သူ့ပတ်ဝန်းကျင်ကို မသိစေခြင်းတို့ကြောင့် ဖြစ်ပေါ်သောမာနသည် ပြဿနာမဖြစ်တတ်သေး။ မိမိသန္တာန်မှာ ဖြစ်ပေါ်လာသော မာနကို သူ့ပတ်ဝန်းကျင်ကို သိစေသောအခါ ပြဿနာဖြစ်တတ်ကြောင်း တွေ့ရ၊ တွေ့နိုင်သည်။

စာပေများ၌ မာနအမျိုးအစားကို အောက်ပါအတိုင်းခွဲခြားသည်။
(၁) သေယျမာန = Superiority Complex (ဘွင်မြင့်စိတ်)
(၂) သဒိသမာန = Equality Complex (တန်းတူပြုစိတ်)
(၃) ဟီနမာန = Inferiority Complex (သိမ်ငယ်စိတ်) တို့ဖြစ်သည်။

“ဇာတိ ပုည၊ ဂုဏ်မာန”ဟူသော စကားအတိုင်း လူသည် အမျိုးဇာတ်ကြီးကျယ်မှုကြောင့်ဖြစ်စေ၊ ဘုန်းတန်ခိုးအာဏာပါဝါကြီးထွားမှုကြောင့်ဖြစ်စေ၊ ရာထူးဌာန္တရနှင့် ဥစ္စာ၊ ပညာဂုဏ်တို့များပြားမှုကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကို ကိုယ့်အောက်နိပ်ကျသူများနှင့် နှိုင်းယှဉ်ကာ ဘွင်မြင့်စိတ်ဖြစ်ပေါ်တတ်သည်။ ထိုဘွင်မြင့်စိတ်ကြောင့် သူတပါးအပေါ်အထင်သေး၊ အမြင်သေးမှုများဖြစ်ပေါ်လာသည်။ တစ်ဘက်သားအပေါ်အထင်သေးခြင်းသည် အထက်ပါအချင်းအရာတို့ဖြင့် နှိုင်းယှဉ်မှုတစ်စုံတစ်ရာ မပြုမချင်း မဖြစ်ပေါ်တတ်သေး။ နှိုင်းယှဉ်မှုကို ပြုလိုက်သည်နှင့် တပြိုင်နက် အထင်သေးစိတ်ဖြစ်ပေါ်သည်။ ယင်းအထင်သေးစိတ်သည် မာနကို အခြေခံ၍ဖြစ်ပေါ်သော လောဘတစ်မျိုးတည်း။

အဘယ်သို့လျှင် အထင်သေးစိတ်သည် လောဘဖြစ်ရသနည်း?
သူတစ်ပါးကို အထင်သေးခြင်းသည် မိမိမှာရှိသော ဂုဏ်တစ်မျိုးမျိုးကို မှားမှားယွင်းယွင်းမြတ်နိုးတန်ဖိုးထားခြင်းဟူသော လိုချင်မှုပင်ဖြစ်သည်။ ထိုလိုချင်မှုသည် သူတစ်ပါးထက် မိမိက သာသည်ဟူသော အထင်ကိုရောက်စေရကား ယင်းထင်မြင်ချက်နှင့်အတူ အထင်သေးစိတ်လဲ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် အထင်သေးစိတ်သည် လောဘတစ်မျိုးဖြစ်ကြောင်း နားလည်အပ်သည်။ တစ်နည်းအားဖြင့်မူ အထင်သေးစိတ်သည် ဘွင်မြင့်စိတ်တစ်မျိုးပင် ဖြစ်တော့သည်။

အချို့အချို့သော ပုဂ္ဂိုလ်များသည် မိမိမှာရှိသော/မရှိသော ဂုဏ်များကို ထိုနည်းတူ ဂုဏ်ရှိသော/မရှိသောပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်မှုပြုကြသည်။ ဂုဏ်ရှိသူများသည် “ငါ့မှာလဲ ဒီဂုဏ်ရှိတယ်၊ သူ့မှာလဲ ဒီဂုဏ်ရှိတယ်၊ ဘာ ဂရုစိုက်ဖို့လိုသလဲ” ဟု၎င်း၊ ပြောပလောက်အောင် ဂုဏ်မရှိသူများကမူ ကြံကြံဖန်ဖန် “လူလူချင်းပဲ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ သူလဲ ထမင်းစားပြီး အသက်ရှင်တယ်၊ ငါလဲထမင်းစားပြီး အသက်ရှင်တယ်”ဟု၎င်း၊ မိမိ၏ မြင့်သော/နိပ်သောအဆင့်အတန်းကို သူတစ်ပါး၏ မြင့်သော/နိပ်သောအဆင့်အတန်းနှင့် တန်းတူပြုကာ နှိုင်းယှဉ်သည်။ ယင်းနှိုင်းယှဉ်မှုသည် တစ်ဘက်သားအပေါ် အထင်သေးခြင်းကို၎င်း၊ အထင်ကြီးခြင်းကို၎င်း မဖြစ်စေသည်ကားမှန်၏။ သို့သော် ယင်းသို့သော နှိုင်းယှဉ်မှုကြောင့် အချင်းချင်းမလေးစားမှုခေါ် (အညမညအဂါရ၀) Mutual Disrespect ကို ဖြစ်ပေါ်လာစေသည်။

ဂုဏ်မရှိသူများ၊ ဂုဏ်ငယ်သူများသည်ကား ဂုဏ်ရှိသူများ၊ ဂုဏ်ကြီးသူများကို မိမိတို့မှာ ရှိသော/မရှိသော ဂုဏ်များဖြင့် နှိုင်းယှဉ်ကာ “သူက အဲဒီလို ရာထူး၊ ဂုဏ်သိက်၊ စည်းစိမ်ရှိတော့ရော ငါက ဘာဂရုစိုက်ဖို့သလဲ၊ ငါက သူ့ထမင်း တောင်းစားနေတာမှ မဟုတ်ပဲ၊ ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်နေတာ၊ ဒီလိုတော့ လာမကြောနဲ့” စသည်ဖြင့် မာန၀င်တတ်ကြသည်။ ယင်းမာနကြောင့် ထိုသူ၏သန္တာန်၌ လေးစားသင့် လေးစားထိုက်သောဂုဏ်ရှိသူများ၊ အသက်သိက္ခာကြီးသူများအပေါ် မရိုမသေပြုမှုများ၊ ဆက်ဆံမှုများ ဖြစ်ပေါ်လာရတော့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသန္တာန်မှာ ဖြစ်ပေါ်လာသော မာနသည် နိပ်ကျနေသော မိမိ၏အခြေအနေကို မှားယွင်းစွာသုံးသပ်ခြင်းကြောင့် ဟီနမာနဖြစ်ပေါ်ရသတည်း။

လူတစ်ယောက်၏ သန္တာန်၌ ဟီနမာနဖြစ်ပေါ်လာရုံနှင့် သိမ်ငယ်စိတ်ကား မဖြစ်ပေါ်တတ်သေး။ သိပ်ငယ်စိတ်သည် အထင်သေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်တစ်မျိုးဖြစ်သည်။ မိမိ၏ အားနည်းချက်၊ သူတစ်ပါး၏ အားသာချက်များကို ပြိုင်တူနှိုင်းယှဉ်မိရာမှ ပေါ်လာတတ်သည်။ လူသည် ယင်းသိမ်ငယ်စိတ်ကို အကြောင်းပြုပြီး အချင်းချင်းမလေးစားမှုများနှင့် အသက်ဂုဏ်ဝါကြီးသူများကို မလေးစားမှုများကိုကား တိုက်ရိုက်အားဖြင့် ပြုလုပ်လေ့မရှိ။ မသိမသာ သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေခြင်းမျိုးသာတည်း။ ယင်းသိမ်ငယ်စိတ်သည် လောဘ+ဒေါသရောနှောပါဝင်နေသော စိတ်ဖြစ်သည်။ မိမိ၏အားနည်းချက်အပေါ်မကျေမနပ်ဖြစ်သောအခါ ဒေါသဖြစ်၍ သူများမှာရှိသောဂုဏ်တစ်မျိုးမျိုးကို “ငါ့မှာလဲ သူ့လိုဂုဏ်ရှိရင် ကောင်းမှာပဲ”ဟု တောင်းတမိသောအခါ လောဘဖြစ်သည်။

အမှန်အားဖြင့် သိမ်ငယ်စိတ်ဟူသည် မိမိမှာမရှိသော ဂုဏ်တစ်ခုခုကို တောင်းတပြီး မိမိ၏အားနည်းချက်ကို မုန်းတီးနေခြင်းမျိုးသာတည်း။ သို့သော် သူတစ်ပါးက သူမုန်းတီးနေသော၊ သူမလိုလားပဲ သူ့မှာရှိနေသော အားနည်းချက်တစ်ခုခုကို ဖေါ်၍ဖြစ်စေ၊ ထိပါး၍ဖြစ်စေ ကိုယ်အမူအယာဖြင့်သော်၎င်း၊ နှုတ်အမူအယာဖြင့်သော်၎င်း ပြုမိ၊ ပြောမိသောအခါ သိမ်ငယ်စိတ်သည် ဒေါသအဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားတတ်သည်။

ယင်းသို့ သိမ်ငယ်စိတ်သည် ဒေါသစိတ်အဖြစ်သို့ပြောင်းလဲ သွားသောအခါ ဟီနမာနခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုတစ်မျိုးသည် ချက်ချင်းကပ်ပါလာတတ်ပြီး “န ဟိ ဒုဋ္ဌော ကိဥ္စိ ဂရုံ ကရောတိ=ဒေါသထွက်နေသူသည် အဘယ်အရာကိုမှ ဂရုမစိုက်” ဟူသောစကားအတိုင်း သင့်၏/မသင့်၏ နှိုင်းချိန် စဉ်းစားမှုမပြုနိုင်တော့ပဲ မိမိစိတ်ထဲပေါ်လာရာကို ပြောဆို၊ ပြုမူမိတတ်သည်။ ဒေါသနှင့်တုန့်ပြန်သောကြောင့် မှန်သည်ဟူ၍ကားမရှိ။ ကောင်းကျိုးတစ်စုံတစ်ခုကိုလဲ မဖြစ်ပေါ်စေ။ မိတ်ပျက်ခြင်း-စသော မကောင်းကျိုးတစ်မျိုးမျိုးကိုသာ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိမိသန္တာန်မှာ သိမ်ငယ်စိတ် အတတ်နိုင်ဆုံးမရှိအောင် ကြိုးစားသင့်သည်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေသော သိမ်ငယ်စိတ်ခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုကို ဖယ်ရှားလိုပါလျှင် အရေးကြီးဆုံး မွေးမြူရမည့် စိတ်ထားတစ်မျိုးမှာ “ယောနိသောမနသီကာရ” ခေါ် နှလုံးသွင်းကောင်းအောင်ထားခြင်းပင်တည်း။ ထို့နောက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ဂုဏ်ကို အခြားမည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်မိစေဖို့ အရေးကြီးသည်။ မိမိပတ်ဝန်းကျင်တွင် မည်သည့်အခြေအနေမျိုးနှင့်ပင် တွေ့ကြုံဆုံစည်းရစေကာမူ သင့်အောင်တော်အောင် နှလုံးသွင်းပြီး တစ်နည်းအားဖြင့် အကောင်းဘက်က ကြည့်ရှုပြီး ယင်းအခြေအနေနှင့် ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါက သိမ်ငယ်စိတ်မဖြစ်ပေါ်ရုံမျှမက ဖြစ်ပေါ်နေပြီးဖြစ်သော သိမ်ငယ်စိတ်သည်လည်း ပြန်လည်ပျောက်ကွယ်သွားနိုင်ကြောင်း တင်ပြလိုက်ပါသည်။

Tuesday, May 12, 2009

နှလုံးသွင်းကောင်းခြင်း


စိတ်ကောင်းရှိခြင်းကို အဓိကဖြစ်စေသော တရားတစ်မျိုးရှိသည်။ စိတ်ကောင်းရှိသူဟု အသိအမှတ်ပြုအပ်သူမှန်သမျှကို လေ့လာကြည့်ပါက ယင်းသဘောတရားကို လက်ကိုင်အသုံးပြုတတ်သူများဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အမှန်စင်စစ် ယင်းသဘောတရားသည် ကျနော်တို့သန္တာန် (စိတ်အစဉ်)မှာ အသစ်ဖြစ်ပေါ်လာသောတရားကား မဟုတ်။ မိခင်၏၀မ်းဗိုက်ဝယ် ကိုယ်ဝန်တည်စကတည်းက အတူဖြစ်တည်လာခဲ့သော တရားတစ်မျိုးဖြစ်ကြောင်း အရှေ့တိုင်းစိတ်ပညာရှင်များနှင့် ဘာသာရေးဆရာများက ဆိုသည်။ ယင်းတရားကို “မနသီကာရ” ဟုခေါ်သည်။ “စိတ်ကို လမ်းကြောင်းတည့်ပေးသောတရား”ဟု ဘာသာပြန်ဆိုနိုင်သည်။ “နှလုံးသွင်းမှု” ဟု တိုက်ရိုက်နားလည်ကြသည်။

မည်သည့်သတ္တ၀ါတို့၏ ကိုယ်သန္တာန် (ကိုယ်သဏ္ဌာန်-ဟူသောစကားလုံးနှင့် အဓိပ္ပါယ်မတူညီသည်ကို သတိပြုပါ၊ သဏ္ဌာန်ဟူသည် ရုပ်ပုံကိုပြောခြင်းဖြစ်၍ သန္တာန်ဟူသည် စိတ်စသော ဖြစ်စဉ်တစ်ခုခုကို ပြောခြင်းဖြစ်သည်၊ ရုပ်ပုံကို ပြောခြင်းမဟုတ်၊ ထို့ကြောင့် ကိုယ်+သန္တာန်ဟူသော စကားသည် ရုပ်+နာမ် နှစ်မျိုးလုံးကို ရည်ရွယ်သည်။ သဏ္ဌာန်သည် Appearance ဖြစ်၍ သန္တာန်သည် process ဖြစ်သည်) ၌မဆို အာရုံတစ်ခုခုကို အကြောင်းပြုပြီး စိတ်အစဉ်တစ်မျိုးမျိုးဖြစ်ပေါ်တိုင်း မနသီကာရခေါ် တွဲဘက်တရားတစ်မျိုးသည် အတူလိုက်ပါမြဲဖြစ်သည်။ အပြင်ပအာရုံကောင်းလျှင် စိတ်ကောင်းဖြစ်ပေါ်၍ အပြင်ပအာရုံဆိုးလျှင် စိတ်ဆိုးဖြစ်ပေါ်တတ်ရကား မနသီကာရ-ခေါ် နှလုံးသွင်းမှုသည်လည်း ယင်းစိတ်ကောင်း/စိတ်ဆိုးတို့နှင့် အတူတွဲဘက် ဖြစ်ရမြဲဖြစ်သောကြောင့် အကောင်း/အဆိုး နှစ်မျိုးအားဖြင့် ကွဲပြားရသည်။

ထို့ကြောင့် မနသီကာရခေါ် နှလုံးသွင်းမူသည်---
(၁) ယောနိသောမနသီကာရ=သင့်တော်အောင်နှလုံးသွင်းမှု၊ (ယင်းကို Positive Attention ဟုခေါ်သည်)
(၂) အယောနိသောမနသီကာရ=မသင့်မတင့်နှလုံးသွင်းမှု၊ (ယင်းကို Negative Attention ဟုခေါ်သည်) အားဖြင့် နှစ်မျိုးဖြစ်ကွဲပြားသည်။ စိတ်ကောင်းစိတ်မြတ်တို့၏ စတင်ဖြစ်တည်ရာဟု ဆိုနိုင်သော ယောနိသောမနသိကာရသည် သက်ရှိသတ္တ၀ါတို့သန္တာန်မှာ အစကတည်းက ရှိနှင့်ပြီးဖြစ်သော်လဲ ရာခိုင်းနှုံးလွန်စွာနည်းပါလှသော လူတို့သာလျှင် ယင်းတရားကို ထုတ်ယူစားသုံးနိုင်ကြသည်။ ထိုသူတို့သည် ကံကောင်းသော သူများပေတည်း။ ဆန့်ကျင်ဘက်ရာခိုင်းနှုံးရှိသူတို့ကား မိမိတို့ဘ၀၀ယ် နေ့စဉ်တွေ့နေကြုံနေကြရသော အာရုံတို့၏ ဖြားယောင်းသွေးဆောင်မှုအောက်မှာ မလူးသာမလွတ်သာဖြစ်ပြီး စိတ်ကောင်းစိတ်မြတ်များကို မထားနိုင်ပဲ ရှိကြရရှာသည်။

မည်သည့်စိတ်အစဉ်မဆို စိတ်အစဉ်တစ်ခုဖြစ်ပေါ်ဖို့အတွက် လိုအပ်ချက်မှာ object ခေါ် အာရုံဖြစ်သည်။ ယင်းအာရုံသည်---
(၁) Internal Object=အတွင်းစိတ်မှာ နဂိုရှိပြီးသား သို့မဟုတ် နဂိုရဖူး ယူဖူးပြီးသားအာရုံနှင့်
(၂) External Object=အပြင်ပက အသစ်ရလာသောအာရုံ အားဖြင့် နှစ်မျိုးရှိသည်။
မည်သည့်အာရုံဖြစ်စေ စိတ်အစဉ်တစ်ခုမဖြစ်ပေါ်မီရှေးဦးစွာ သက်ဆိုင်ရာစိတ်၏ တံခါးဝကို ရောက်လာရမြဲဖြစ်သည်။ သက်ဆိုင်ရာအာရုံကို ရပြီးသောအခါ ၎င်းအာရုံသည် မိမိလိုချင်သော အာရုံမျိုးဖြစ်ပါက စိတ်သည် လိုချင်မှုလွန်ကဲ(လောဘ) လာတတ်ပြီး မလိုချင်သောအာရုံဖြစ်ပါက ကသိကအောင့်(ဒေါသ) ဖြစ်ရတတ်မြဲတည်း။

လိုချင်မှုလွန်ကဲခြင်းသည် မကောင်းစိတ်တစ်မျိုးဖြစ်သည်။ ထိုမကောင်းစိတ်သည် မလိုချင်သောအာရုံကို ယူမိရုံနှင့်ကား မဖြစ်ပေါ်နိုင်သေး။ ယင်းစိတ်ဖြစ်ပေါ်ဖို့အတွက် အခြေခံအကြောင်းတရားနှစ်မျိုးလိုအပ်သည်။ ယင်းတို့မှာ---
(၁) Desirable Object=မိမိစိတ်ကို အကြိုက်တွေ့စေနိုင်သော အာရုံဖြစ်ခြင်းနှင့်
(၂) Negative Attention=မသင့်မတင့်နှလုံးသွင်းမိခြင်း တို့တည်း။
ဥပမာ=အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိ၏ဆန့်ကျင်ဘက်လိင်ကို တွေ့သောအခါ ထိုဆန့်ကျင်ဘက်လိင်သည် မိမိစိတ်ကို ဆွဲဆောင်နိုင်လောက်အောင် ရုပ်ရည်ရူပကာယမျိုးရှိသူဖြစ်ပါက ယင်းအာရုံကို အကြောင်းပြု၍ မသင့်မတင့်တွေးမိတတ်သည်။ ယင်းသို့တွေးမိသောနေရာဝယ် တွေးပုံတွေးနည်းမှာ နှစ်မျိုးနှစ်စားရှိပြန်သည်။
ယင်းတိှု့မှာ---
(၁) “မျက်လုံးလေးက သိပ်လှတာပဲ၊ မျက်ခုံးလေးကသိပ်လှတာပဲ၊ နှာတံလေးက ကော့ပျံလို့၊ နှုတ်ခမ်းလေးကလဲ နှင်းဆီဖူးလေးလို အနီရောင်လေးသန်းပြီး လှနေလိုက်တာ ညှို့တင်ထားတဲ့ လေးကိုင်းသဏ္ဌာန်ပဲ” စသည်ဖြင့် ကိုယ်အင်္ဂါတစ်ခုချင်းစီကို အသေးစိမ့်အာရုံပြုခြင်း (အနုဗျဉ္ဇနဂ္ဂါဟ=detailed attachment) နဲ့
(၂)“ကိုယ်လုံးကိုယ်ပေါက်က လှလိုက်တာ၊ သွားပုံလာပုံက သိပ်ကြည့်ကောင်းတာပဲ” စသည်ဖြင့် ခြုံ၍အာရုံပြုခြင်း (နိမိတ္တဂ္ဂါဟ=comprehensive attachment) တို့ပင်တည်း။

လိုချင်ဘွယ်အာရုံနှင့်တွေ့သော်လဲ နှလုံးသွင်းကောင်းကောင်းထားပြီး အာရုံယူတတ်ပါမူ စိတ်သည် ညစ်နွမ်းခြင်းသို့ မရောက်ပဲ ဖြူစင်မြဲဖြူစင်လျက်ရှိသည်။ မည်သည့်အာရုံမျိုးနှင့်တွေ့တွေ့ ကောင်းသောစိတ်ဓာတ် သို့မဟုတ် ကုသိုလ်စိတ်ဖြစ်ပေါ်စေလိုလျှင် ယောနိသောမနသိကာရခေါ် Positive Attention ရှိဖို့အရေးကြီးဆုံးဖြစ်သည်။ ယင်းသဘောတရားကို “အတ္တသမ္မာပဏိဓိ”ဟုလဲ ခေါ်ရသည်။ ယောနိသောမနသီကာရသည် (အဘိဓမ္မာဝေါဟာရ) Psychological Term ဖြစ်၍ အတ္တသမ္မာပဏိဓိသည် (သုတ္တန်ဝေါဟာရ) Discourse Term ဖြစ်သည်။ (ယင်းဝေါဟာရများနှင့် ရင်းနှီးမှုမရှိသေးသူများအတွက် ယင်းပါဠိစကားလုံးများသည် Jargon ခေါ် နားလည်ရခက်မည်မှန်သော်လဲ စိတ်ပညာကို လိုက်စားသူများအတွက်မူ ထိုသို့ပြောလိုက်မှသာ ပိုမိုလေးနက်စွာ သဘောပေါက်သွားတတ်ကြသောကြောင့် ကျနော့်ပို့စ်မှာ အချို့ပါဠိဝေါဟာရများကို ထည့်သုံးရေးသားရခြင်းဖြစ်ပါကြောင်း)။

အောင်မြင်သောမျိုးစေ့တစ်ခုတွင် သက်ဆိုင်ရာသစ်ပင်ကို ပေါက်ပွါးစေနိုင်သော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် ခွက်တစ်ခုထဲတွင် ထည့်ထားပါက အပင်အဖြစ်သို့ မရောက်နိုင်။ လေဓာတ်၊ အလင်းဓာတ်နှင့် ရေဓာတ်အလုံအလောက်ရသော မြေတွင်စိုက်ပျိုးပြီး စိုက်ပျိုးသူက ဂရုစိုက်ပေးမှသာလျှင် အပင်ဖြစ်ထွန်းနိုင်သည်။ ထို့အတူပင် ယောနိသောမနသီကာရဟူသော မျိုးစေ့တွင် စိတ်ကောင်းစိတ်မြတ်တို့ကို ဖြစ်ပေါ်စေသော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် သတ္တ၀ါတို့သန္တာန်ဝယ် အလိုအလျောက်ဖြစ်ပေါ်လာသည်ကားမဟုတ်။ ယင်းမျိုးစေ့ကို အပင်ပေါက်ပွါးစေနိုင်သည့် အခြေခံအကြောင်းတရားများရှိဖို့ လိုအပ်သည်။ ယင်းတို့မှာ---
(၁) ဆရာကောင်းများကို မှီခိုဆည်းကပ်ခွင့်ရခြင်း
(၂) မိမိကိုယ်တိုင်က ဆိုဆုမ္မကို နာယူလွယ်သူဖြစ်ခြင်း
(၃) စာကောင်းပေကောင်းများကို ဖတ်ရှုမှတ်သားတတ်ခြင်း
(၄) အရာရာကို သဘာဝကျကျ ရှုမြင်သုံးသတ်တတ်ခြင်း
(၅) အတိတ်ကဆည်းပူးခဲ့ဖူးသော ကုသိုလ်ကောင်းမှုအရှိန်အ၀ါရှိခြင်း စသည်တို့ဖြစ်သည်။

ကျနော်စဉ်းစားမိသည်မှာ လူတစ်ယောက်သည် နှလုံးသွင်းကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် အထက်ပါ အချက်အလက်အားလုံးနှင့်ပြည့်စုံဖို့မလို၊ အချက်အလက်တစ်ခုနှင့်ပြည့်စုံလျှင်ပင် ထိုသူ့သန္တာန်မှာ ယောနိသောမနသီကာရခေါ် နှလုံးသွင်းကောင်းမှုမျိုးဖြစ်ပေါ်နိုင်သည်။ ယင်းကို အခြေခံ၍ စိတ်ကောင်းစိတ်မြတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။

တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော်ပွါးခြင်း စသော ကောင်းမှုများသည် ယင်းတို့ကို ပြုလုပ်နေဆဲအခိုက်မှာ သက်ဆိုင်သူကာယကံရှင်၏ စိတ်ကို ကြည်လင်စေသည်မှန်သော်လဲ အမြဲမပြတ်ပြုလုပ်နေခြင်းမျိုးမဟုတ်ပါက ယာယီအခိုက်အတန့်အားဖြင့်သာ စိတ်ကောင်းများကို ဖြစ်ပေါ်စေသည်။ အချို့ အချို့ ကျနော်တွေ့ဖူးသောပုဂ္ဂိုလ်များသည် တရားအလွန်ထိုင်၏၊ ပုတီးအလွန်စိပ်၏၊ ဂုဏ်တော်အလွန်ရွတ်၏။ သို့သော် ယင်းတို့ကို မပြုလုပ်ဘဲနေသောအခါဝယ် အတင်းအလွန်ပြော၏။ တစ်ဘက်သားကို အကောင်းမြင်သည်ဟု မရှိ။ သူတို့ကဲ့သို့ ဘုရားတရားမလုပ်သူများကို သေလျှင်ငရဲကျတော့မည့်အလား ဝေဘန်၏။ ထိုသူတို့သန္တာန်ဝယ် ယောနိသောမနသီကာရတရား ဆိတ်သုံးနေကြောင်း အလွန်သိသာလှသည်။ ထို့ကြောင့် ထိုသူတို့၏ ဘုရားတရားအလုပ်သည် “ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ”ဟူသကဲ့သို့ ဖြစ်ရတော့သည်။ ထိုသူတို့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်ခွင့်မရှိတော့။ သနားစရာ အလွန်ကောင်းသူများပင်တည်း။

မိမိနှင့် အကြိုက်မတူ၊ စရိုက်မတူသူများအပေါ် မကောင်းမြင်ခြင်းကိုလည်း ယောနိသောမနသီကာရခေါ် အတ္တသမ္မာပဏိဓိစက် ချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း နားလည်အပ်သည်။ မှန်သည်။ လူတစ်ယောက် အကြိုက်တစ်မျိုးဖြစ်သည်။ ယင်းသို့နားလည်ထားလျှင် မည်သူ့ကိုမဆို “ငါနှင့်မတူ ငါ့ရန်သူ” အဖြစ် သဘောထားစရာမရှိတော့ချေ။ ယင်းသို့သဘောမထားတော့သည်နှင့်တပြိုင်နက် လူသည် သူ့ပတ်ဝန်းကျင်တွင် သူမှတစ်ပါးသောသူများနှင့်၎င်း သူ့ကိုယ်သူနှင့်၎င်း ရင်းနှီးကျွမ်းဝင်လာပြီးလျှင် စိတ်ကောင်းနှလုံးကောင်းများ ဖြစ်ပေါ်ခွင့်ကိုလည်း အမြောက်အများ ရရှိလာမည်ဖြစ်ပါသတည်း။

Monday, May 11, 2009

စိတ်ကောင်းထားခြင်းနှင့် စိတ်ထားကောင်းခြင်း



စိတ်ကောင်းထားခြင်းသည် စိတ်ထားကောင်းခြင်းနှင့် သဘောသဘာဝအားဖြင့် ကွဲလွဲကြောင်း နားလည်အပ်သည်။ အပေါ်ယံအားဖြင့် ရုတ်တရက်စဉ်းစားကြည့်ပါက ယင်းဝေါဟာရနှစ်ခုသည် အဓိပ္ပါယ်တူသယောင်ရှိသည်။ သို့သော် မတူ။ အလွန်မကွဲသော်တည့်၊ အနည်းငယ်မျှလောက်ကား ကွဲလွဲမှုရှိသတည်း။ အဘယ်သို့ ကွဲလွဲသနည်း? မည်သူမဆို အတန်အသင့် စဉ်းစားမိသူများ ကောင်းစွာနားလည်နိုင်သော အဖြေတစ်ခုကို ပေးလိုသည်။ ယင်းအဖြေကို စာဖတ်သူစဉ်းစားမိပြီး ဖြစ်ကောင်းဖြစ်ပေမည်။

စိတ်ကောင်းထားခြင်းဟူသည် “ပါပသိံ္မ ရမတိ မနော=စိတ်သည် မကောင်းမူ၌ မွေ့လျော်၏” ဟူသော ဘုရားစကားတော်အတိုင်း မိမိ၏ မကောင်းဘက်တိမ်းညွန့်လုလုဖြစ်နေသောစိတ်၊ တစ်နည်းအားဖြင့် အကောင်းအဆိုး အာရုံအလိုက် လိုချင်မှုလွန်ကဲသော(လောဘ)စိတ်၊ ညှင်းပန်းနှိပ်စက်လိုသော(ဒေါသ)စိတ်နှင့် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဘန်နိုင်စွမ်းမရှိသော(မောဟ)စိတ်တည်းဟူသော မကောင်းစိတ်တစ်မျိုးမျိုး ဖြစ်ပေါ်လာပါက ထိုစိတ်မဖြစ်ပေါ်အောင် သတိ၊ ပညာတို့ဖြင့် ထိမ်းသိမ်းခြင်းကို ဆိုလိုသည်။ ယင်းကို ဗုဒ္ဓစာပေများ၌ “အတ္တသမ္မာပဏိဓိ (အတ္တ-မိမိစိတ်ကို၊ သမ္မာ-ကောင်းစွာ၊ ပဏိဓိ-ထားခြင်း)” ဟုဆိုသည်။ “မိမိစိတ်ကို ကောင်းစွာထားခြင်း”ဟု အကျဉ်းအားဖြင့်နားလည်နိုင်သည်။ နေ့စဉ် မြန်မာတို့ လူ့အသိုင်းအ၀ိုင်းမှာမူ အရပ်သုံးစကားအနေအားဖြင့် “နှလုံးသွင်းကောင်းခြင်း”ဟု ပြောဆိုသုံးနှုံးကြသည်။

စိတ်ကောင်းထားခြင်း သို့မဟုတ် နှလုံးသွင်းကောင်းခြင်းသည် “အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ” ဟူသော မင်္ဂလသုတ်တော်အရ မင်္ဂလာတစ်ပါးဖြစ်သည်။ နေ့စဉ်ဘ၀မှာ တွေ့ရကြုံရသော အကောင်းအဆိုးအမျိုးမျိုးသော အာရုံတို့၏ လာရောက်နှောက်ယှက်မှုကြောင့်၊ သို့မဟုတ် မိမိကိုယ်တိုင်က ထိုအာရုံတို့၏လာရောက်နှောက်ယှက်မှုကို ခံယူမိသောကြောင့် လောဘဖြစ်စရာအာရုံအတွက် လောဘဖြစ်ရသည်။ ဒေါသဖြစ်စရာအာရုံအတွက် ဒေါသဖြစ်ရသည်။ ထို့နည်းတူ မောဟဖြစ်စရာအာရုံအတွက် မောဟဖြစ်ရသည်။ အမှန်အားဖြင့် မောဟဖြစ်စရာအာရုံဟူ၍ကား သီးခြားရှိသည်တော့မဟုတ်။ လောဘ၊ ဒေါသတို့၏အာရုံသည်ပင် သတိပညာဖြင့် ထိမ်းချုပ်နိုင်ခြင်းမရှိသူအတွက် မောဟဖြစ်စရာအာရုံဖြစ်သည်။ အဘယ့်ကြောင့်နည်း? လောဘ၊ ဒေါသဟူသော တရားဆိုး၊ တရားညစ်များသည် မောဟတည်းဟူသော အကုသိုလ်အချုပ်တရားတစ်မျိုးနှင့်ကင်း၍ မဖြစ်ပေါ်နိုင်သောကြောင့်တည်း။

မိမိသန္တာန်မှာ အပြင်ပကရောက်လာသော ဣဋ္ဌ/အနိဋ္ဌ (လိုလားအပ်သော/မလိုလားအပ်သော) အာရုံအလိုက် လိုချင်မှုလွန်ကဲလာခြင်းနှင့် ကိုယ့်ကိုယ်ကို သို့မဟုတ် သူတစ်ပါးကို ညှင်းပန်းလိုခြင်း တစ်မျိုးမျိုးဖြစ်လာသောအခါ ယင်းသို့ဖြစ်ခြင်းကို မကောင်းသောစိတ်ဖြစ်ပေါ်မှုဟု နားလည်သဘောပေါက်ကာ သတိထားပြီး ထပ်မံလွန်ကဲမှုမျိုးဖြစ်မလာအောင် စောင့်ကြည့်ရမည်။ ယင်းသို့စောင့်ကြည့်ခြင်းကို “စိတ်ကောင်းထားခြင်း”ဟုဆိုလိုသည်။ မကောင်းဘက်သို့ တိမ်းညွန့်လုလုဖြစ်နေသောစိတ်ကို သတိပညာတို့ဖြင့် စောင့်ကြပ်ခြင်းတည်းဟူသော အားစိုက်မှုပါသောကြောင့် စိတ်ကောင်းထားခြင်းဟူသော ဝေါဟာရတွင် “ဗျာပါရ”ခေါ် လုံ့လတစ်မျိုးပါဝင်နေကြောင်း နားလည်အပ်သည်။ ထို့ကြောင့် စိတ်ကောင်းထားခြင်းသည် သတိပညာမရှိသူများ၊ ယင်းတရားတို့နည်းပါးသူများအတွက် တစ်နည်းအားဖြင့် ရင့်ကျက်မှုမရှိသေးသူများအတွက် ခက်ခဲသော အလုပ်တစ်မျိုးဖြစ်နိုင်သည်။

အသို့ဆိုသော် အဘယ်သည် စိတ်ထားကောင်းခြင်း ဖြစ်ပါသနည်း? ဥပမာတစ်ခုကို ထုတ်ကြည့်ကြစို့။ “ဒီကလေးဟာ တော်တော်စိတ်ထားကောင်းတဲ့ ကလေးပဲ” ဟု ရံခါဆိုတတ်ကြသည်။ အချို့မွေးဖွါးလာပြီး အရွယ်မရောက်သေးသောကလေးငယ်များသည် မည်သူမှသင်မပေးရပါပဲလျှက် စိတ်နှလုံးသိမ်မွေ့နူးညံ့နေကြသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် သက်ဆိုင်ရာမိဘများ၏ ဗီဇကောင်းမှုကြောင့်ဖြစ်နိုင်သလို ကလေးငယ်အတိတ်ဘ၀၏ အငွေ့အသက်ပါလာမှုကြောင့်လဲဖြစ်နိုင်သည်။ ထို့သိုဖြစ်ခြင်းသည် ချမ်းသာမှု၊ ဆင်းရဲမှုများနှင့်လည်း မသက်ဆိုင်သလို သူ့ကျင်လည်ရာပတ်ဝန်းကျင်နှင့်လည်း သက်ဆိုင်ခြင်းမရှိသေးခြေ။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်၏ စိတ်ထဲတွင် ဆင်းရဲ၊ ချမ်းသာနှင့်ပတ်ဝန်းကျင်တို့၏ အရှိန်သြဇာသည် စိတ်ကို ပြောင်းလဲစေနိုင်လောက်အောင် မကျရောက်သေးသောကြောင့်တည်း။

ကလေးငယ်၏ စိတ်ထားကောင်းခြင်းသည် စိတ်ကို ကောင်းစွာထားရမည် ဟူသောအသိကြောင့်ကားမဟုတ်။ ဓာတ်ခံဟုခေါ်သော အတိတ်ဘ၀က ကောင်းစွာနေထိုင်ခဲ့ဖူးသော အရှိန်အ၀ါတစ်မျိုး လွှမ်းမိုးနေခြင်းသာဖြစ်သည်။ ထို့ကြောင့် စိတ်ထားကောင်းခြင်းသည် အထက်ပါ “ဗျာပါရ”ခေါ် သတိပညာတို့ဖြင့် ချုပ်တည်းမှုမရှိ။ ကလေးငယ်၏ ပဋိသန္ဓေ(ကိုယ်ဝန်တည်)စိတ်နှင့် တွဲပါလာသော အတိတ်ကောင်းမှု၏ ရောင်ပြန်ဟတ်ခြင်းသာဖြစ်သည်။ ယင်းကို “အဗျာပါရ”ဟုခေါ်သည်။ လုံ့လမပြုရပါပဲ အလိုလိုကောင်းနေသောစိတ်ဟု ဆိုလိုသည်။ သို့ဖြစ်ရကား စိတ်ထားကောင်းခြင်းဟူသောဂုဏ်တစ်မျိုးသည် ယခုမျက်မှောက်ဘ၀မှာ ကျင့်ယူ၍ ရစကောင်းသော ဂုဏ်မဟုတ်ကြောင်း ထပ်မံနားလည်နိုင်သည်။

သို့သော် လူသားတိုင်းသည် စိတ်ထားကောင်းခြင်းဂုဏ်ကို မရရှိနိုင်သော်လဲ စိတ်ကောင်းထားခြင်းဂုဏ်နှင့်ကား ပြည့်စုံအောင် ကျင့်သုံးနေထိုင်နိုင်ကြသည်။ မိမိသန္တာန်မှာ လိုချင်မှုလွန်ကဲစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ စိတ်ဆိုးဒေါသထွက်မှုတည်းဟူသော ညှင်းပန်းစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ အထက်ပါ “အတ္တသမ္မာပဏိဓိ”ခေါ် နှလုံးသွင်းကောင်းခြင်းကို ကျင့်သုံးလျှက် ဖယ်ရှားပစ်နိုင်သည်။ (အတ္တသမ္မာပဏိဓိ နှင့်ပတ်သက်ပြီး ပို့စ်တစ်ခုသီးခြားရေးရန်ရှိပါသည်)။ လူသားအားလုံး စိတ်ကောင်း နှလုံးကောင်း မွေးမြူနိုင်ကြပါစေသတည်း။

စေတနာမပါသော ထိခိုက်စေမှုများ


စိတ်ကောင်းထားခြင်းနှင့်ပတ်သက်၍ ကျနော်ရေးခဲ့သောပို့စ်အပေါ် စာဖတ်သူများ၏ တုန့်ပြန်မှုများအနက် “တစ်ဘက်သားအပေါ် ဘယ်နည်းနှင့်မှ အထိအခိုက်မဖြစ်ပါစေနှင့်” ဟူသော ကျနော့်အဆိုကို အကောင်းမြင်ဘက်က ဆွေးနွေးလာသူ ကြယ်ပြာ ၏ “စေတနာမပါသော ထိခိုက်စေမှုသည် စိတ်ကောင်းမထားခြင်းဖြစ်လေသလော” ဟူသော မေးခွန်းအတွက် ကျနော်ဆက်လက်ရေးသားရန် တာဝန်ရှိသည်ဟု ခံစားမိသည်။ ယင်းခံစားချက်အရ ကျနော်တစ်စုံတစ်ခုကို ပြောလိုသည်။ ကျနော်ပြောဆိုလိုသော အကြောင်းအရာသည် မေးခွန်းရှင်လိုလားသော အဖြေမျိုးဖြစ်ကောင်းမှ ဖြစ်မည်။

ကျနော့်ဆိုလိုချက်ဟုဆိုသော်လဲ ကျနော့်ကိုယ်ပိုင်ဆိုလိုချက်ကားမဟုတ်။ ကျနော်ဖတ်ခဲ့ဖူးသော ဘုရားစာပေများမှ ကောက်နှုတ်တင်ပြခြင်းများသာ များပေမည်။ အဘယ့်ကြောင့် ဘုရားစာများကို ကိုးကားဖြေဆိုရသနည်း? ကျနော်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ ဘုရားစာပေများကို လေ့လာဆည်းပူး၊ ဖတ်ရှုမှတ်သားမှုများကို အတော်အသင့်ပြုခဲ့ဖူးသည်။ ယခုလည်း ဖတ်ဆဲ၊ မှတ်သားဆဲပင်ဖြစ်သည်။ ဘုရားစာပေများသည် “စိတ်”ဆိုသော ဝေါဟာရနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသေးစိမ့်ဆွေးနွေးထားသော စာပေတစ်မျိုးဖြစ်သည်ဟု ကျနော်မြင်သည်။ အရှေ့တိုင်းစိတ်ပညာကို လေ့လာလိုက်စားသူများသည် မြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို အကိုးအကားမပြုနိုင်ပါက စိတ်ပညာနှင့်သက်၍ ပြည့်စုံသောလေ့လာမှုတစ်ခုအဖြစ်သို့ ရောက်ရန်ခဲရင်းပါဘိ။

ကျနော်တို့ မြန်မာစာပေမှာ “စိတ်ကောင်းရှိခြင်း” ဟူသောဂုဏ်ကို ဘယ်အရာနှင့် တွဲဘက်မြင်တတ်ပါသနည်း? ယင်းမေးခွန်းအတွက် ကျနော့်အဖြေသည် “စေတနာကောင်း” ပင်ဖြစ်သည်။ မှန်သည်။ စိတ်ဟူသည် စေတနာကောင်းနှင့် တွဲဘက်၍ မဖြစ်ပါက “ကောင်းခြင်း” ဂုဏ်သို့ မရောက်ရှိနိုင်။ စေတနာကောင်းလျှင် စိတ်ကောင်းသည်၊ စေတနာဆိုးလျှင် စိတ်ကောင်းမဟုတ်၊ စိတ်ဆိုးပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ကောင်းရှိဖို့အတွက် စေတနာကောင်းရှိဖို့ လိုအပ်သည်။ အသို့ဆိုသော် အဘယ်တရားသည် စေတနာကောင်းဖြစ်သနည်း? ယင်းအတွက်အဖြေသည် ကြက်ဥနှင့်ကြက်မကဲ့သို့ပင်ဖြစ်ချေ၏။ ကောင်းသောစိတ်နှင့် တွဲဘက်နေသော စေတနာကို စေတနာကောင်းဟု စာပေများက သတ်မှတ်သည်။ အမှန်အားဖြင့် စိတ်ဟူသောတရားသည် စေတနာဟူသောတရားတစ်မျိုးနှင့် ကင်းလွတ်၍ ဖြစ်ပေါ်လေ့မရှိ။ အမြဲမပြတ်တွဲဖက်နေသော တရားများပင်ဖြစ်သည်။ (နောက်နောင်ပို့စ်များတွင် ကျနော် အကျယ်ရေးပါမည်)

အကယ်၍ တစ်စုံတစ်ယောက်သည် အခြားတစ်စုံတစ်ယောက်အပေါ် စေတနာဆိုးနှင့်တုန့်ပြန်ပါက မကောင်းသောစိတ်ထားဖြင့် တုန့်ပြန်သည်ဟု မှတ်ယူနိုင်သည်။ စေတနာကောင်းနှင့်တုန့်ပြန်ပါမူ စိတ်ကောင်းနှင့်တုန့်ပြန်သည် မည်ပေသည်။ ဒီနေရာမှာ စေတနာ၏ သဘောသဘာဝကို အနည်းငယ်တင်ပြ သင့်သည်ဟု ထင်သည်။ အဘယ်သဘောသည် စေတနာဖြစ်ပါသနည်း? ယင်းစကားလုံးကို “စေ့ဆော်ခြင်းသဘောဟု၎င်း၊ စေ့ဆော်ကြောင်းသဘောဟု၎င်း၊ စေ့ဆော်တတ်သောသဘောဟု၎င်း” ဖွင့်ဆိုကြသည်။ ဘာကိုစေ့ဆော်သနည်း? ယင်းစေတနာနှင့် အတူဖြစ်ဖေါ်ဖြစ်ဘက် ကောင်းကောင်းဆိုးဆိုးတရားမှန်သမျှကို စေ့ဆော်သည်။ စေ့ဆော်သည်ဟူသည် တိုက်တွန်းခြင်းကို ဆိုလိုသည်။

မည်သည့်တရားမဆို စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် ယင်းတို့၏ မူလသဘာဝများ ဘွင်းဘွင်းကြီးပေါ်လာကြရသည်။ ဥပမာ---လောဘ၏ သဘောသည် လိုချင်မှုဖြစ်သော်လဲ လောဘသက်သက်၏ လိုချင်မှုသည် အားမကောင်းလှ။ သူနှင့်တွဲဘက်နေသော စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် လောဘသည် အမြင်ကပ်စရာကောင်းလောက်အောင် ယင်း၏သတ္တိကို ပြတော့သည်။ အခြားတရားများ၏ သတ္တိဖြစ်ပေါ်ပုံလည်း ထိုနည်းတူပင်တည်း။ အမှန်အားဖြင့် စေတနာသည် ယင်းနှင့်အတူဖြစ်ဘက် တရားအားလုံး၏ အကြီးအချုပ်ပင်ဖြစ်ပေတော့သည်။ (ဗုဒ္ဓစာပေလာ စိတ်ပညာအကြောင်းကို အလျှင်းသင့်သလို နောက်နောင်ပို့စ်များတွင် ရေးသားတင်ပြသွားမည်)

စေတနာအကြောင်းကို အနည်းငယ်မျှ နားလည်ပြီးနောက် စေတနာမပါပဲဖြစ်သွားရသော ထိခိုက်မှုအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကို စိတ်ထားမကောင်းသူများဟု သတ်မှတ်နိုင်ပါသလော? ကျနော့်အဖြေသည် မသတ်မှတ်နိုင်ပါ။ ယင်းသို့မသတ်မှတ်နိုင်ကြောင်းကို ဘုရားစာပေများ၌ ခိုင်မာသော သာဓကအကိုးအကားများစွာရှိသည့်အနက် အနည်းငယ်မျှ ထုတ်နှုတ်တင်ပြပါမည်။

ရှင်တော်ဗုဒ္ဓလက်ထက်တော်အခါက စက္ခုပါလခေါ် မျက်စိကွယ်နေရှာသော ရဟန္တာအရှင်မြတ်ကြီးတစ်ပါးရှိခဲ့ဖူးသည်။ မိုးရွာပြီးကာစဖြစ်သော နေ့တစ်နေ့တည်း။ ထိုနေ့တွင် မိုးရွာပြီးကာစဖြစ်သောကြောင့် ပလူကောင်များ ကျောင်းဝင်းအတွင်း နေရာအနှံ့ သွားလာနေကြသည်။ ရဟန်းတော်များ လမ်းလျှောက်သော စင်္ကြံပေါ်တွင်လည်း ခြေချစရာမရှိလောက်အောင် အုပ်အုပ်ကျင်းကျင်း လှည့်လည်နေကြသည်။ ရဟန္တာမထေရ်ကြီးသည် မိုးသားတိမ်လိပ်များ ကင်းစင်သဖြင့် ကျောင်းအပြင်ဘက်ရှိ စင်္ကြံပေါ်တွင် ခေါက်တုံ့ ခေါက်ပြန် လမ်းထွက်လျှောက်တော်မူသည်။ စင်္ကြံလမ်းအပေါ် ပလူကောင်များ သွားလာနေသည်ကို မြင်တော်မမူချေ။ ထို့ကြောင့် များစွာသော ပိုးကောင်များ၊ ပလူကောင်များ အရှင်မြတ်၏ခြေဖ၀ါးအောက်တွင် အသက်ဆုံးရှုံးခဲ့ကြရသည်။

ယင်းအဖြစ်အပျက်ကို အခြားရဟန်းတော်များမြင်ကြသောအခါ ရဟန္တာမထေရ်ကြီးကို တိရိစ္ဆာန်များကို သတ်ဖြတ်နေသည်ဟုကဲ့ရဲ့ကြပြီး ဘုရားမြတ်ထံပါး လျှောက်ထားကြသည်။ မြတ်ဘုရားရှင်လည်း ရဟန်းတော်များ၏ လျှောက်ထားချက်အရ မထေရ်ကြီးကိုခေါ်ကာ “တမင်တကာနင်းသလော၊ သို့မဟုတ် မမြင်သဖြင့် နင်းမိခြင်းလော” ဟုမေးတော်မူရာ “မမြင်သဖြင့်နင်းမိခြင်းဖြစ်ကြောင်း၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲလိုသောစေတနာ အနည်းငယ်မျှပင်မရှိကြောင်း”မထေရ်မြတ်က ဖြေကြားတော်မူသည်။ မြတ်စွာဘုရားရှင်ကလဲ “ယင်းသို့စေတနာမပါပဲ အမှတ်တမဲ့ပြုမိသောအပြုအမူများအတွက် အပြစ်မရှိကြောင်း” မိန့်ကြားကာ ရဟန်းတော်များကို ဆက်လက်တရား ဟောကြားတော်မူသည်။ (စက္ခုပါလထေရ၀တ္ထု၊ ယမက၀ဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ၊)

ထို့ပြင် ရဟန်းတော်များ လိုက်နာကျင့်သုံးရသော (၂၂၇-သွယ်သော) သိက္ခာပုဒ်ခေါ် ဥပဒေစည်းကမ်းများစွာအနက် သူတစ်ပါးအသက်သတ်ခြင်းနှင့်ပတ်သက်ပြီး (၁) လူ့အသက်သတ်ခြင်း (၂) တိရစ္ဆာန်အသက်သတ်ခြင်း များအပေါ် ကွဲပြားစွာချမှတ်ထားသော စည်းကမ်းများရှိသည်။ လူ့အသက်ကို သတ်မိပါက ယခုပစ္စုပ္ပန်မျက်မှောက်ဘ၀တွင် အဘယ်နည်းနှင့်မှ ရဟန်းဖြစ်ခွင့်မရနိုင်တော့လောက်အောင် အပြစ်ကြီးမားပြီး တိရစ္ဆာန်အသက်သတ်မိပါက အာပတ်ဖြေခြင်းဖြင့် ကုသပျောက်ကင်းနိုင်ကြောင်း ဟောကြားထားသည်များ မှတ်သားခဲ့ရဖူးသည်။ သို့သော် ယင်းသတ်ဖြတ်မှုသည် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ သေစေလိုသောစေတနာမပါရှိလျှင် သက်ဆိုင်ရာအပြစ် မဖြစ်ကြောင်းသိရသည်။

သတ်သည်ဆိုရာ၌ သေစေလိုသောစေတနာနှင့်သတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ယင်းစေတနာမျိုးမပါပဲ အမှတ်တမဲ့ ထိမိခိုက်မိပြီး သေဆုံးရခြင်းမျိုးဖြစ်ပါက တစ်ဘက်သားမှာ နစ်နာမှုဖြစ်ရသော်လည်း စေတနာဆိုးမပါသောကြောင့် ပြုလုပ်သူကို စိတ်ထားမကောင်းသောသူဟု မသတ်မှတ်နိုင်ကြောင်း အထက်ပါ ဗုဒ္ဓစာပေလာ သာဓကများက သက်သေခံလျှက်ရှိသည်။ အထက်ပါ ကျနော်တင်ပြခဲ့သော အကြောင်းအရာများသည် ကျနော်မှတ်သားဖူးသော ဘုရားစာပေလာဝတ္ထုနှင့် စည်းကမ်းဥပဒေများကို အကိုးအကားပြုခြင်းမျှသာတည်း။ ယင်းအဖြစ်အပျက်မျိုးများကို မျက်မှောက်မှာလည်း နေရာအနှံ့တွေ့မြင်၊ ကြားသိနိုင်သည်။ လွန်ခဲ့သော သတင်းသုံးပတ်လောက်က AFP သတင်းတစ်ပုဒ်တွင် ဖခင်ဖြစ်သူ၏ နမော်နမဲ့နိုင်မှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဖတ်လိုက်ရသည်။ ယင်းအတွက် ဖခင်ဖြစ်သူသည် ဥပဒေကြောင်းအရ မည်သည့်အပြင်ဒဏ်ကိုမှ မခံရ။ သို့သော် သူ့ရင်ထဲတွင် သေဆုံးသူသားကလေးအတွက်ဖြစ်ရသော ပူဆွေးမှု၊ ယူကြုံးမရဖြစ်မှု၊ သူ့ကိုယ်သူခွင့်မလွှတ်နိုင်မှုစသော အတ္တာနုဝါဒ-ခေါ် ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းကား အသက်ဆုံးသည့်တိုင် ပြေပျောက်တော့အံ့မထင်။ ထိုဖခင်မျိုးကို (သူ့သားအပေါ်) စိတ်ကောင်းမထားသောသူ ဟု ခေါ်နိုင်အံ့လော။ ထို့ကြောင့် အမှတ်တမဲ့သည် စေတနာ၏ သားကောင်မဟုတ်ကြောင်း နားလည်အပ်သတည်း။

Sunday, May 10, 2009

စိတ်ကောင်းထားခြင်း


ကျနော်အခုတလော စာမရေးဖြစ်။ ဘာရေးရမှန်းမသိ။ သို့သော် ကျနော် စာဖတ်ဖြစ်သည်။ သတင်းစာနှင့် မြန်မာလိုရေးထားသော ၀တ္ထုအနည်းငယ်ဖတ်ဖြစ်သည်။ ကျနော့်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအနည်းငယ်လုပ်ဖြစ်သည်။ ရွတ်နေကျဘုရားစာအနည်းအကျဉ်း ရွတ်ဖြစ်သည်။ သို့သော် ကျနော့်ခေါင်းထဲမှာ စဉ်းစားနေသော အကြောင်းအရာတစ်ခုကားရှိသည်။ ကျနော်လုပ်နေသော အလုပ်၊ ဖတ်နေသော စာ၊ ရွတ်နေသော ဘုရားစာတွေနှင့်တော့ ပတ်သက်မှုမရှိ။ ကျနော်စဉ်းစားနေသော အကြောင်းအရာမှာ “စိတ်ကောင်းထားခြင်း” ဟူသော အကြောင်းအရာဖြစ်သည်။

တကယ်တော့ ဒီအကြောင်းအရာကို အခုမှ ကျနော်စဉ်းစားနေမိသည်တော့ မဟုတ်ပါ။ ကြာခဲ့ပါပြီ။ နှစ်ပေါင်းအတော်ကြာကြာကတည်းက ကျနော်စဉ်းစားလာမိသော အကြောင်းတစ်ခုဖြစ်သည်။ ယင်းအကြောင်းနှင့်ပတ်သက်ပြီး စာမျိုးစုံလဲ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်။ လက်တွေ့ဘ၀မှာ ကျနော့်ကိုယ် ကျနော်ရော၊ ကျနော့်ပတ်ဝန်းကျင်ကိုပါ ကျနော်ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသောစာတိုပေစတွေနှင့် တိုင်းတာသတ်မှတ်ခြင်းမျိုးတွေကိုလဲ ပြုခဲ့ဖူးသည်။ သို့သော် တိကျသော အဖြေကို ကျနော်မရခဲ့၊ စိတ်ကောင်းထားခြင်းဟူသည် အဘယ်နည်း? ကျနော် ဒီမေးခွန်းကို မေးနေဆဲ။

ဘုရားတရားအလုပ်ကို နင်းကန်လုပ်နေသော၊ တစ်နေကုန်ဘုရားစာချည်းရွတ်နေသော၊ တစ်နေကုန် ပုတီးစိမ့်နေသော၊ ဒါမှမဟုတ် ရိပ်သာဝင်ပြီး တစ်နေကုန်တရားထိုင်နေကြသော လူများသည် စိတ်ကောင်းရှိသူများပေလော? ဒီမေးခွန်းကိုလဲ ကျနော်အဖြေမပေးရဲ။ ကျနော့်မှာ ဖြေစရာအတိအကျမရှိသေး။ သို့သော် စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ခံစားချက်ကို တင်ပြချင်သည်။ မေးခွန်းအဖြေမှန်ကို ကျနော်တင်ပြနေသည်တော့မဟုတ်ပါ။ ကျနော့်ခံစားချက် သို့မဟုတ် ခံယူချက်ကို တင်ပြနေခြင်းမျှသာ ဖြစ်သည်။

ဘုရားစာပေများရှိ ဟောကြားချက်များဖြစ်သော ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဆိုသည်များကိုလဲ ကျနော့်အနေနဲ့ ကောင်းသောစိတ်၊ မကောင်းသောစိတ်ဟူ၍သာ မှတ်ချက်ပြုနိုင်သည်။ သို့သော် စိတ်ကောင်းဟူ၍၎င်း၊ စိတ်မကောင်းဟူ၍၎င်း မှတ်ချက်မပြုရဲ။ စိတ်ကောင်းရှိသူဟု သက်ဆိုင်ရာသူ့ပတ်ဝန်းကျင်၏ သတ်မှတ်ခြင်းကို ခံရသော သူများကိုလဲ ကျနော်တွေ့ဖူးသည်။ ဘာ့ကြောင့် သူတို့ကို စိတ်ကောင်းရှိသူများဟု သတ်မှတ်ကြသနည်း ကျနော် တတ်နိုင်သလောက် စူးစမ်းကြည့်မိသည်။

သို့သော် ထိုသူတို့ကို သေသေချာချာလေ့လာမိသောအခါ ကျနော့်စိတ်ကို ဘ၀င်မကျစေပါ။ ကျနော့်ခေါင်းထဲမှာ စိတ်ကောင်းထားခြင်းနှင့် ပတ်သက်ပြီး “စံ” ရှိနေပြီလော? သို့မဟုတ် ကျနော့်ပုဂ္ဂလိကဆန္ဒနှင့် မကိုက်ညီသောကြောင့် ထိုသူတို့၏ စိတ်ကောင်းရှိခြင်းဟူသောအဖြစ်ကို လက်မခံနိုင်ခြင်းဖြစ်လေသလော? အကယ်၍ ကျနော်၏ ဘ၀င်မကျမှုသည် ကျနော့်ခေါင်းထဲ မသိမသာဝင်နေသော“စံ”နှင့် မကိုက်ညီသောကြောင့်ဟု အဖြေပေးမိပါက ကျနော်သည် ကျနော့်ပတ်ဝန်းကျင်၏ လွမ်းမိုးမှုကို အနည်းအများ ခံနေရရှာသူတစ်ယောက်ဖြစ်ပေမည်။ ကျနော့်ဆန္ဒနှင့်မကိုက်ညီသောကြောင့် ဘ၀င်မကျပါဟု ကျနော်ဖြေဆိုခဲ့သော် ကျနော်၏စိတ်ကောင်းထားခြင်းနှင့် ပတ်သက်သောအမြင်သည် ကျနော့်၏ အတ္တဆန်မှုပင် ဖြစ်ချေတော့မည်။

အသို့ဆိုသော် ကျနော်သည် စိတ်ကောင်းထားခြင်းကို အဘယ်သို့ ဖြေဆိုသတ်မှတ်နိုင်တော့မည်နည်း? ကျနော့်အဖြေသည် ကျနော့်ခေါင်းထဲဝင်နေသော “စံ”နှင့်၎င်း၊ ကျနော့်ပုဂ္ဂလိကဆန္ဒနှင့်၎င်း လွတ်ကင်းသောအဖြေမျိုးမဖြစ်နိုင်ပါ။ ထို့ကြောင့် ကျနော့်အဖြေတွင် ဘက်လိုက်မှုပါဝင်နိုင်သည်။ သို့သော် ကျနော်ဖြေဆိုချင်သည်။ တင်ပြချင်သည်။ အမှန်နှင့်အမှားကို တကယ်စိတ်ကောင်းရှိသည်ဟု ကိုယ့်ကိုယ်ကို (ကိုယ်တိုင်) မသိသူများက သတ်မှတ်ကြလိမ့်မည်။ (ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူဟု (ကိုယ်တိုင်) ခံယူထားသောသူများသည် စိတ်ကောင်းမရှိသူက များကြောင်း ကျနော် လေ့လာမိသည်။)

စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ဘ၀အတွေ့အကြုံနှင့် ကျနော့်ပတ်ဝန်းကျင်ကပေးလိုက်သော အဖြေသည် “တစ်ဘက်သားကို မည်သည့်နည်းနှင့်မှ အထိအခိုက် မဖြစ်ပါစေနဲ့” ဟူသတည်း။