Tuesday, October 21, 2008

သူငယ်ချင်းသို့ (၈)

စာရေးတဲ့အလုပ်ဟာ စိတ်ကြည်လင်နေတဲ့အခါမှပဲ ရေးလို့ကောင်းတယ် သူငယ်ချင်း၊ ကိုယ့်လူဆီလဲ စာမရေးဖြစ်တာ အတော်ကြာနေပြီ။ အခုတစ်လော ကိုယ့်စိတ်ထဲမှာ မကြည်လင်မှုတွေ အရမ်းဖြစ်နေတယ်။ အကြောင်းကြောင်းကြောင့် ဆိုပါတော့သူငယ်ချင်းရာ။ ပြီးခဲ့တဲ့အပတ်က ကိုယ်ဘာမင်ဂန်ကို ခဏသွားတယ်။ အလည်ပဲ ဆိုပါတော့။ အဲဒီက ပြန်လာပြီးကတည်းက သိပ်အဆင်မပြေချင်ဘူး။ ဝေဒနာတွေ တိုးလာသလိုပဲ။

ကဗျာလေးတွေလဲ နည်းနည်းပါးပါး ရေးဖြစ်တယ်။ ကိုယ့်ဘလော့ဂ်မှာတော့ အချို့ကဗျာတွေကို တင်မပေးတော့ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် သူနဲ့တွေ့ဖြစ်တဲ့အခါမှပဲ အဲဒီကဗျာတွေကို ပြတော့မယ်။ တကယ်လို့ ဒီတစ်သက် မတွေ့နိုင်တော့ဘူး ဆိုရင်လဲ လူမသိတဲ့ ကိုယ့်ခံစားချက်တွေဟာ ဒီအတိုင်းပဲ မမြင်ကွယ်ရာမှာ မျက်ရည်ဖြစ်စေတော့ရယ်လို့ ကိုယ်ဆုတောင်းပါတယ်။

အခုထိတော့ စိတ်ထဲမှာ အကျိတ်အခဲတွေ ဖြစ်နေရတုန်းပဲ သူငယ်ချင်းရာ။ ကိုယ့်မှာလဲ တိုင်ပင်စရာဆိုလို့ သူငယ်ချင်းပဲရှိတာ။ ကိုယ့်ခံစားချက်တွေကို နားလည်ပေး၊ ခွင့်လွှတ်ပေးနိုင်တာလဲ ကိုယ့်လူတစ်ယောက်တည်းပဲ။ ဒီတော့လဲ ကိုယ့်လူကိုပဲ ပြောပြရတာပေါ့။ ရင်ထဲမှာ သိမ်းဆည်းထားရတဲ့ ခံစားချက်တွေရဲ့ပွင့်အံမှုတွေနဲ့အတူ မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်စက်တွေကို မိုးကောင်းကင်အထိ ရောက်စေနိုင်မယ်ဆိုရင်တော့ ဝေဒနာမိုးဆိုတာ ကိုယ့်အတွက်တော့ တစ်ကြိမ်တစ်ခါ ရွာစေနိုင်ကောင်းပါရဲ့။

တစ်ခါက ပျော်ရွှင်စရာအဖြစ် သိခဲ့ရတဲ့ အချစ်ဆိုတာ ပူလောင်မှုကို အပေးနိုင်ဆုံးအရာဝတ္ထုရယ်လို့ နားလည်လိုက်တဲ့ အချိန်မှာ ကိုယ်နောက်ဆုတ်ဖို့ သိပ်ခက်သွားပါပြီ။ သိလျှက်နဲ့ဇွတ်ကြိုက် ဆက်မိုက်နေဖို့ဆိုတာလဲ ကိုယ်လျှောက်နေရတဲ့လမ်းကြောင်းနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေလေတော့ ခံစားချက်တွေကို မြေမြှုတ်သင်္ဂြိုဟ်ပစ်လိုက်နိုင်တဲ့ အင်းအားတစ်ခုရဖို့ ကိုယ်မယုံကြည်တဲ့ ဆုတောင်းမှုကိုပဲ မျက်စိမှိတ်ပြီး အင်အားချည့်စွာနဲ့ ပြုလိုက်ရတယ်။

ကိုယ်ဘယ်လို ရှေ့ဆက်ရလဲ သူငယ်ချင်း။ မင်း ကိုယ့်ကို တစ်ခါက ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းမှတ်မိနေသေးတယ်။ အချစ်ဆိုတာ စွန်လွှတ်ရသလိုပဲ တဲ့။ ကိုယ်နားလည်တာကတော့ အချစ်ဆိုတာ စွန်လွှတ်သလို ကစားလို့ရတဲ့အရာတစ်ခုတော့ မဟုတ်ဘူး ဆိုတာပဲ။ အခုအချစ်ကို စွန်လွှတ်သလို ပြုမိလို့ ဘုမသိဘမသိနဲ့ ကိုယ်လက်မခံနိုင်တဲ့ ဝေဒနာတွေဟာ ကိုယ့်ရင်လာပြီး တွန်းထိုးနေကြပြီလေ။ ကိုယ်အသုံးပြုတဲ့ ကြိုးကပဲ မခိုင်မြဲလေရောသလား။ ကျွမ်းကျင်မှုမရှိတဲ့ ကိုယ့်အဖြစ်ကပဲ အပြစ်ဖြစ်လေရော့သလား။ စဉ်းစားပေးပါ သူငယ်ချင်း။

လွမ်းရတဲ့ဒဏ်ကို ရသတစ်ခုလို ယူဆခဲ့မိတဲ့ ကိုယ်ဟာ အခုတော့ ကျွမ်းရတဲ့ဒဏ်ကြောင့် နာကျင်ခံခက် ရင်ထဲမှာ ဆူဝေ၊ ပူနွေမှာ ရေငတ်သလို အာခေါင်ခြောက်ကပ် မနေတတ်အောင် ဖြစ်နေရပြီ။ ရှေ့ဆက်မယ်ရွယ်တော့လဲ လှည့်ပြန်မငဲ့တဲ့ စိမ်းသူရဲ့ ဥပေက္ခာမျက်ဝန်းကြောင့် တစ်သက်တစ်ကျွန်းကျသူလို့ ဘယ်ဆီတမ်းတ လွမ်းရမယ်ဆိုတာတောင် မသိနိုင်တော့တဲ့ အဖြစ်ရယ်လေ။

အခြေအနေရ အဝေးမှာ နေရလို့ သူ့အနားမရှိနိုင်တဲ့ ကိုယ့်အဖြစ်ကလဲ အပြစ်တစ်မျိုးရယ်မို့ မနှစ်မျို့တာကို ခံနေရတဲ့အထဲ အခုလို သူစိမ်းအသံနဲ့ အပူကိန်းအောင် သူလုပ်တော့ လူရုပ်တောင် မပီနိုင်၊ တစ်မှိုင်မှိုင် တတွေတွေ၊ ဝေဒနာအသစ်တိုးလို့ အဖြစ်ဆိုးနဲ့ ကြုံရတော့တာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ အသည်း၊ မာလှချည့် ဆိုပေမဲ့ ငိုနေတဲ့သူတစ်ယောက်လိုပါပဲ၊ အမှတ်တမဲ့စီးကျလာတဲ့ မျက်ရည်တစ်စက်ကယ်ကြောင့် အသက်တောင် အရှူမှားမတတ် ကိုယ့်အဖြစ်ကို အံ့သြမိလေရဲ့။ စိတ်ကူးထားတဲ့ အိမ်မက်တွေ၊ ပြိုပျက်ချိန် တန်ပြီထင့်၊ ကိုယ်လုပ်သမျှလဲ အကောင်းမမြင်၊ အယူတစောင်းနဲ့ မူပြောင်းသွားတဲ့ သူ့အဖြစ်ကို သိရတော့၊ သူငယ်ချင်းရယ် ကိုယ်ရှေ့ ဘယ်လို ဆက်ရမလဲ။

No comments: