Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Saturday, November 13, 2010

အမေ့စကား


တောလား၊ ရေလားတွေ ရေးပြီးကတည်းက အသင့်ဝယ်ထားတဲ့ Kindle စာဖတ်စက်လေးနဲ့ပဲ အချိန်ကုန်နေလိုက်တာ ဘလောဂ်ပေါ် မတက်ဖြစ်တာတောင်ကြာလှပေါ့ဗျာ။ ဒီနေ့တော့၊ ဒီနေ့ဆိုတာ မြန်မာသက္ကရာဇ် (၁၃၇၂)-ခု၊ တန်ဆောင်မုန်းလဆန်း (၇)၊ စနေနေ့၊ ခရစ်နှစ် ၂၀၁၀၊ နိုဝင်ဘာလ (၁၃)-ရက်ပေါ့။ ဒီနေ့တော့ မရေးလို့မဖြစ်ဘူး၊ ဒီထက်ပိုပြောရရင်တော့ မရေးပဲကို မနေနိုင်တော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ဟာ မြန်မာတစ်နိုင်ငံလုံးကလူတွေ သူတို့ဆန္ဒကို ထုတ်ဖေါ်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည့်သူတွေဟာ သူတို့ဆန္ဒမပါပဲနဲ့ အကြောက်တရားကြောင့် မဲသွားထည့်ခဲ့ကြရရှာတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ ဆန္ဒအစစ်အမှန်တွေနဲ့ တစ်စုံတစ်ယောက်ကို မြင်ခွင့်၊ ကြည့်ခွင့်၊ သူပြောတာကို နားထောင်ခွင့်ရဖို့အတွက် တညီတညွတ်တည်း ၀မ်းပန်းတသာ ချီတက်ခွင့်ရခဲ့ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစု။
ပြည်သူလူထုက ချစ်မြတ်နိုးလွန်းလို့ အမေစုဆိုတဲ့ နာမည်ကို ရင်ထဲကတင်မက နှုတ်ဖျားကပါ ခေါ်နေကြပါပြီ။ အမေဟာ ပြည်သူအားလုံးရဲ့ရင်ထဲကို ဆယ်စုနှစ် နှစ်ခုကျော်ကျော် နေရာဝင်ယူထားခဲ့ပြီး ဒီမိုကရေစီအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှကို စွတ်လွှတ်ထားခဲ့သူပါ။ ဒါ့ပြင် ဇနီးသည်တစ်ယောက်ရဲ့ရင်ထဲမှာ တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာနှင့် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာများကိုပင်အံတုပြီး ယုံကြည်မှုအတွက် အထိမ်းအသိမ်းခံခဲ့သူပါ။ မလွမ်း ဘယ်ခါရှိမှာလဲ? ပုထုဇဉ်လူသားတစ်ယောက်ပေပဲလေ။ ဒါပေမဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာတဲ့ အမျိုးသားဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ရဲ့ ဈာပနကိုလည်း မသွားခဲ့၊ ချစ်လှစွာသော သားနှစ်ယောက်ကိုလည်း သွားမကြည့်ခဲ့။ သူမရဲ့ လွတ်လပ်တဲ့ ချစ်ခြင်းမေတ္တာကို မလွတ်လပ်သေးတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အစတေးခံနိုင်ခဲ့တယ်။

ဒီနေ့တော့ အမေစု ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ မှောင်နေတဲ့ မြန်မာ့နိုင်ငံရေးလောကကြီး တစ်ခုလုံးအတွက် အလင်းရောင်ပြန်ပေးဖို့ အမေစုရောက်လာခဲ့ပါပြီ။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံး ၀မ်းသာအားရဖြစ်ကြမှာ အမှန်ပါပဲ။ အားလုံးနဲ့အတူ ကျနော်လည်း မျက်ရည်လည်မတတ် ၀မ်းသာနေရပါပြီ။ ဘာကို မျှော်လင့်လို့၊ ဘာရမှာမို့လို့ ၀မ်းသာနေကြ၊ ၀မ်းသာနေရပါသလဲ?

ကျနော်အပါအ၀င် အားလုံးလိုချင်တဲ့အရာကတော့ “လွတ်လပ်ရေး” ပါပဲ။ အချုပ်အချယ်၊ အတားအဆီးတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ပြည်သူအတော်များများဟာ ကိုယ့်ကိုယ်ကို အချုပ်အချယ်တွေထဲမှာ နေကြရရှာတယ်လို့တောင် သိကြဟန်မတူတော့ပါဘူး။ နေနေကျဖြစ်နေကြပုံပါပဲ။ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးဟာ သတင်းမီဒီယာအစွမ်းသတ္တိကြောင့် အလွန်ကျဉ်းမြောင်းသွားပြီဖြစ်လို့ ပြည်သူလူထုအတော်များများ လည်းမျက်စိပွင့်၊ နားပွင့်ဖြစ်နေကြပါပြီ။ အုပ်ချုပ်သူတွေက အဘက်ဘက်က ပိတ်ဆို့ဖို့ ကျိုးစားနေကြပေမဲ့ ပိတ်လေပွင့်လေဖြစ်နေတဲ့ခေတ်ကြီးကိုတော့ လွန်ဆန်လို့မရနိုင်ခဲ့ကြပါဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံးထဲကို ကမ္ဘာကြီးတစ်ခုလုံး ၀င်နေရာယူထားလိုက်ပြီဆိုတာ သူတို့လည်း သဘောပေါက်လောက်ပါပြီ။

မျက်စိပွင့်နားပွင့်ဖြစ်လာတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အကျဉ်းကျနေသူတွေအဖြစ် သိမြင်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ သူတို့အမျှော်လင့်ဆုံးဟာ ဒီအကြပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့သူကိုပါပဲ။ ဒီအတွက် အမေစုကို တောင့်တနေခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀)လုံးလုံး စောင့်စားနေခဲ့ကြရပါတယ်။ (၆၂) နှစ်လုံးလုံး အင်္ဂလိပ်ကျွန်ဘ၀ရောက်ခဲ့ကြတုန်းက ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ယူပေးခဲ့ပါပြီ။ သို့ပေမဲ့ ကိုယ့်မင်းကိုယ့်ချင်းဘ၀မှာ လွတ်မြောက်မည်ကြံကာမှ နှစ်ပေါင်း (၅၀) နီးပါး စစ်အုပ်ချုပ်ရေးစနစ်အောက်ကို ပြန်လည်ရောက်ခဲ့ကြရရှာပြန်ပါတယ်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံဘ၀မှာ အကျင့်သားရနေကြပေမဲ့ ရင်ထဲမှာတော့ တစ်နေ့နေ့လွတ်မြောက်ရေးဆိုတဲ့ မျှော်လင့်ချက် ကိုယ့်စီနဲ့ချည်းပဲလို့ ထင်ပါတယ်။

ဒီမျှော်လင့်ချက်ကို အားဖြည့်ပေးနိုင်တဲ့သူ ဒီနေ့တော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒိအတွက် မြန်မာတစ်ပြည်လုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း အမေစုရဲ့လွတ်မြောက်မှုအတွက် ၀မ်းသာအားရနဲ့ နှုတ်ခွန်းဆက် ကြိုဆိုနေကြပါတယ်။ အမေစုနောက်မှာ ပြည်သူတစ်ရပ်လုံးသာမက တစ်ကမ္ဘာလုံးကပါ ရပ်တည်နေတယ်ဆိုတာ ဒီနေ့မှာ သက်သေပြလိုက်ပါပြီ။ ဒါပေမဲ့ လက်ရှိစစ်အုပ်ချုပ်ရေးအောက်မှာ အမေစုဘာလုပ်ပေးနိုင်မလဲ? ဆိုတဲ့မေးခွန်းကိုတော့ မမေးမဖြစ် မေးရမှာပါပဲ။ ဒိအတွက် သူမက လွတ်လွတ်ချင်းပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ We have to "work in unison" to achieve our goals . “လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်ကြရမည်” တဲ့။ အမေ့စကားနားထောင်ရမည့် အချိန်ကျရောက်ပါပြီ။


Saturday, March 13, 2010

ငရဲပြည်တော်လှန်ရေး


“ဒါ လုံးဝမတရားဘူး၊ လုံးဝမတရားဘူး” ခေါင်းတွင်ဦးချိုနှစ်ချောင်းစီပါပြီး ကျွဲမျက်နှာနှင့်တူသော ငရဲသားနှစ်ကောင် လက်ထဲတွင် ယက်ကန်ယက်ကန်ပါသွားရင်း မောင်သုတ အားရှိသမျှ ညှစ်အော်ပစ်လိုက်သည်။ တစ်နေရာရောက်သောအခါ မျက်လုံးတစ်ဖက်တည်းသာရှိပြီး အခန်းစောင့်ဖြစ်ဟန်တူသော ငရဲသားတစ်ကောင်က သူ့ခါးကြားမှ သော့ကိုဖြုတ်၍ အခန်းတံခါးဖွင့်ကာ မောင်သုတကို မှောင်မည်းနေသော အခန်းတွင်းသို့ တွန်းထည့်လိုက်သည်။ ယင်းသည့်နောက် လာပို့သော ငရဲသားများ ဘာမှမပြောပဲ လှည့်ပြန်သွားကြသည်။ အခန်းထဲတွင် မောင်သုတတစ်ယောက်တည်း မောဟိုက် ပျော့ခွေကာ ခေတ္တ ငြိမ်နေလိုက်ရသည်။ စိတ်ဆိုးသည်၊ ဒေါသဖြစ်သည်၊ ငရဲမင်းဆိုသူ၏ စီရင်ချက်ကို မကျေနပ်။ မတရားသော စီရင်ချက်ဟု မောင်သုတ မှတ်ယူသည်။

အပြင်ဘက်တွင် အလင်းရောင်ဖျော့ဖျော့ကို မြင်နေရသည်။ တံခါးဝအနားကပ်ပြီး ကြည့်လိုက်သောအခါ အခန်းသော့ဖွင့်ပေးသော မျက်လုံးတစ်ဖက်လပ်ငရဲကောင်ကို မြင်နေရသည်။ မောင်သုတ စကားပြောမည်ဟု ကြံကာ “ဗျို့” ဟု လှမ်းအော်ကြည့်သည်။ ငရဲကောင်က ဘာမှပြန်မထူး။ ငရဲရောက်လာတဲ့လူတစ်ယောက်ဆီက မတရားသိမ်းယူထားသော ဆေးပြင်းလိပ်တစ်လိပ်ကို အားရပါရရှိုက်ဖွါရင်း ခွေးခြေတစ်ခုပေါ်ထိုင်ကာ ဇိမ်ယူနေသည်။ “ဗျို့----ဗျို့----ဟို မျက်လုံးတစ်ဖက်နဲ့ အကောင်ကြီး” ဒုတိယအကြိမ် လှမ်းအော်လိုက်သောအခါ ငရဲကောင် ရှူးရှူးရှဲရှဲ ဒေါသထွက်သွားပုံရသည်။ မောင်သုတအနား ထလာကာ “ဟေ့ကောင် သေသွားချင်သလား၊ ငါ့ကို အကောင်ကြီးလို့မခေါ်ရဘူးကွာ့မှတ်ထား၊ အကိုကြီးလို့ခေါ်” ဟု ငေါက်ပြောပြောလိုက်သည်။

မောင်သုတ စိတ်လေသွားသည်။ သို့သော် သူ့နေရာမို့ သည်းခံကာ “အော်၊ ဟုတ်ကဲ့ အကိုကြီး၊ ကျွန်တော် အထာမသိလို့ပါ၊ ဒါနဲ့ အခုကျွန်တော် ရောက်နေတာ ဘယ်နေရာလဲဗျာ့” ဟု မရဲတရဲလှမ်းမေးလိုက်သည်။ “ဘယ်နေရာရမှာလဲကွာ့၊ ငရဲပေါ့”၊ စိတ်မရှည်သောလေသံဖြင့် ငရဲကောင်က ဖြေလိုက်သည်။ “အော်၊ ဟုတ်ကဲ့၊ ငရဲလို့တော့ ထင်ပါတယ်ခင်ဗျား၊ ဒါပေမဲ့ ဘာငရဲလဲ ဆိုတာ တစ်ဆိပ်လောက်ပြောပြပေးပါလား အကိုကြီး” သိချင်တာ သိရဖို့အတွက် မောင်သု မျက်နှာချိုသွေးလိုက်ရသည်။ ငရဲကောင်ခမျာ အမေးအမြန်းထူသော မောင်သုတကို စိတ်ရှည်ဟန်မတူ။ “ကျောက်ဆည်ငရဲကွ၊ ကျောက်ဆည်ငရဲ၊ ကဲသိပြီလား၊ သယ်----” ဟုပြောပြီး တစ်ဖက်လှည့်သွားလေရာ မောင်သုတခမျာ “ဗျာ------” ဟုသာ အသံထွက်နိုင်ရှာတော့သည်။

ထို့နောက်ငရဲကောင်က လက်ကြားထဲ ညှပ်ထားသော ဆေးလိပ်တိုကို ကောက်ဖွါလိုက်သည်။ သို့သော် မောင်သုလေကျောရှည်နေသဖြင့် ဆေးလိပ်တိုမှာ မီးငြိမ်းနေပြီဖြစ်ရာ ငရဲကောင် တိုး၍ ဒေါသထွက်သွားပုံရသည်၊ သူ့မျက်လုံးထဲမှ အခိုးအငွေ့များထွက်လာသည်။ ဆေးလိပ်တိုကို မျက်လုံးသို့ ထိုးကာ မီးညှိယူလိုက်သည်။ ယင်းနောက် မောင်သုတဘက် ပြန်လှည့်ကာ------

“ဟေ့ကောင် မင်းတော်တော် အမေးအမြန်းထူတဲ့ကောင်ပဲ၊ ဒီမှာ မင်းမှတ်ထားဖို့က ဒီငရဲကို ငါတို့ကျောက်ဆည်ရွာက သူကြီးရေမြင်းထောင်ထားတာကွာ့၊ အနှစ်နှစ်ဆယ်တောင်ကျော်ပြီ။ ငါတို့မရောက်ခင်တုန်းကရှိတဲ့ငရဲတွေ အားလုံးဖျက်သိမ်းလိုက်တယ်။ လောဟကုမ္ဘီလည်းမရှိတော့ဘူး၊ အ၀ီစိလည်းမရှိတော့ဘူး၊ ကျောက်ဆည်ငရဲပဲ ရှိတယ်။ အရင်ကရှိခဲ့တဲ့ ငရဲစည်းမျဉ်းစည်းကမ်းတွေကို အကုန်ဖျက်သိမ်းပြီး တစ်ခုတည်းပဲ ချန်ထားတယ်။ ငါတို့က စည်းကမ်းများရင် ငရဲကျသူတွေ များမှာစိုးလို့ လူတွေကို သနားငဲ့ညှာတဲ့အနေနဲ့ ယခင်စည်းကမ်းတွေကို မထားတော့ဘူး။ ဖာထောင်၊ ဘိန်းရောင်း၊ ချဲဒိုင်ဖွင့်၊ လာဘ်ပေးလာဘ်ယူ၊ အဲဒါတွေ အားလုံး ဒီမှာ စည်းကမ်းလုပ်မထားတော့ဘူး၊ လူထုကို ငဲ့ညှာပြီး ငါတို့မင်းကြီးက လျှော်ပစ်လိုက်ပြီ။ လက်ရှိစည်းကမ်းကတော့ “ငရဲမင်းနဲ့ သူ့အဖွဲ့သားတွေကို သောက်မြင်ကပ်အောင် လုပ်တဲ့လူမှန်သမျှ ငရဲကျစေ” ဆိုတဲ့စည်းကမ်းပဲ၊ ဒါ မြဲမြဲမှတ်ထား” ဟု ဗလုံးမထွေးပြောလိုက်လေတော့သည်။

“ဘုရား ဘုရား”၊ မောင်သုတ တိုးညှင်းစွာ ဘုရားတလိုက်မိသည်။ “ဒီအတိုင်းဆိုရင်တော့ အကုန်ဗရမ်းဗတာဖြစ်နေတော့မှာပဲ၊ မဖြစ်ချေဘူး၊ တစ်ခုခုတော့ လုပ်မှ”၊ တွေးဖြစ်သည်။ သို့သော် ငရဲကျနေရင်း ဘာလုပ်ရမည်နည်း? သူမသိ။ ထို့ကြောင့် လွတ်မြောက်ဖို့အတွက် အရင်စဉ်းစားရသည်။ ထွက်ပြေးဖို့ မစဉ်းစား။ တခြားလွတ်မြောက်နိုင်သည့်နည်းလမ်းကို တွက်ကြည့်သောအခါ သောက်မြင်ကပ်ပုဒ်မအရ ကျနေကြောင်းသိရသဖြင့် မတတ်နိုင်တော့၊ သက်ဆိုင်ရာ ငရဲမူးကို မျက်နှာလုပ်ရတော့မည်။ အပြင်ရောက်မှ စည်းရုံးလှုပ်ရှားမှု ပြုရမည်။ မောင်သုတ စိတ်တွက်တွက်နေသည်။ ထိုနေ့မှစ၍ မောင်သုတ ငရဲကောင်များနှင့် တည့်အောင်ပေါင်းယုံမက သက်ဆိုင်ရာ ငရဲမူးကြီးကိုပါ ပေး၊ ကျွေး၊ အရက်တိုက်၊ ဖာရုံပို့ လုပ်ကာ မျက်နှာလုပ်လေရာ မကြာမီသောကာလအတွင်း ငရဲချုပ်မှ လွတ်မြောက်လာလေတော့သည်။

အပြင်ရောက်သွားသော်လည်း မောင်သုတသည် ငရဲကောင်များနှင့် အပေါင်းအသင်းမပျက်နေသည်၊ ကိုယ်ပေါင်း စိတ်ခွါလုပ်၍ နေရသည်။ ငရဲကောင်များကို သူတို့အကြိုက်ဖြစ်သော အရက်ဆိုင်များ၊ ဘားခန်းများ၊ ကာရာအိုကေများသို့ ခေါ်ဆောင်ပို့ပေး အပေါင်းအသင်းလုပ်ရင်း သူ့အိုင်ဒီယာများကို တဖြေးဖြေးချင်းရိုက်သွင်းကာ စည်းရုံးသည်။ ငရဲရပ်ကွက်ထဲရှိ သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း အသိဝင်လာအောင် တဖြေးဖြေးလှုံ့ဆော်ယူသည်။ အစတွင် ငရဲမင်းသူကြီးရေမြင်း၏ ရက်စက်မှုကို ထိပ်လန့်ကြောက်ရွံ့နေသော်လည်း နောက်ပိုင်းတွင် ငရဲဝန်းထမ်းတွေလည်း သူကြီးရေမြင်း၏ မတရားမှုကို စက်ဆုပ်နေကြသည်ဖြစ်ရာ မောင်သုတ၏ အကြံကို လက်ခံလာကြသည်။ သို့ဖြင့် ငရဲတော်လှန်ရေး စတင်မည့်နေ့ကို သတ်မှတ်ကာ သက်ဆိုင်ရာ ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ယင်းတို့၏ နေအိမ်အသီးသီးတွင် အနည်းဆုံးတစ်ပတ်လောက်စားသောက်နိုင်သော ကုန်စုံကုန်ခြောက်များကို ၀ယ်ယူ စုဆောင်းလေတော့သည်။

ငရဲတော်လှန်ရေး ပထမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၀)ရက်၊ ၂၀၁၀-ခု။
ထိုနေ့တွင် ငရဲဝန်ထမ်းများ အားလုံး ရုံးမတက်၊ နံနက် (၆) နာရီမှသည် ညနေ (၆)နာရီအတွင်း ငရဲရပ်ကွက်သားများအားလုံး မည်သူမှ အပြင်မထွက်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်းနှင့် သူ၏ ငရဲအရာရှိကြီးများ အားလုံး ထိပ်ထိပ်ပျာပျာဖြစ်သွားကာ မီးလျံငရဲရုပ်သံမှတစ်ဆင့် ညရှစ်နာရီသတင်းတွင် ရုံးမတက်သော ငရဲဝန်ထမ်းအားလုံး နောက်တစ်နေ့ရုံးမတက်ပါက အလုပ်ဖြုတ်မည်ဖြစ်ကြောင်း မိုက်မိုက်ကမ်းကမ်းကြေညာသည်။

ငရဲတော်လှန်ရေး ဒုတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၁)ရက်၊ ၂၀၀၁။
ရှေးနေ့အတိုင်း ငရဲဝန်းထမ်းများလည်း ရုံးမတက်၊ ငရဲရပ်ကွက်သားများတစ်ယောက်မှ အပြင်မထွက်၊ ငရဲဈေးဆိုင်မှန်သမျှ ပိတ်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်း အကြီးအကျယ်စိတ်ဆိုးသည်။ အနီးရှိငရဲအရာရှိများကို သူကလွဲရင် အလွန်ကောက်ကျစ်ယုတ်မာသူများအဖြစ် ဆဲရေးသည်။ ထို့နောက် ညရောက်သောအခါ မီးလျံငရဲရုပ်သံမှတစ်ဆင့် ရုံးမတက်သော ငရဲဝန်ထမ်းများကို တကယ်အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ကြေညာပြန်သည်။

ငရဲတော်လှန်ရေး တတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၂)ရက်၊ ၂၀၀၁။
ငရဲပြည်လမ်းမပေါ်တွင်ပြေးဆွဲနေသော ကားများအားလုံး မပြေးဆွဲတော့၊ ငရဲဝန်ထမ်းများ၊ ငရဲသားများအားလုံး ကိုယ့်နေအိမ်အတွင်းသာနေကြသည်။ ဈေးဆိုင်မှန်သမျှလည်း ရှေးနေ့အတိုင်း ပိတ်ထားကြသည်။ လမ်းပေါ်တွင် ငရဲသူကြီးရေမြင်း သြဇာကို ဘုမသိဘမသိနာခံနေသော ငရဲကောင်များ မီးဒုတ်များကိုင်ကာ သွားလာနေသည်ကို တွေ့နေရသည်။ သူတို့သွားလာနေသည်မှာ ရန်သူကို ရှာသည်နှင့်မတူ၊ စားစရာဝယ်ဖို့ ထွက်လာကြပုံရသည်။ သို့သော် မည်သည့်ဆိုင်မှ မရောင်းချသဖြင့် ခဏကြာသော် မြင်ကွင်းမှ ပျောက်သွားကြသည်။ ဒီနေ့မီးလျံရုပ်သံတွင် မည်သည့်အသံမှ မကြားရတော့၊ အဘယ်ကြောင့်ဆိုသော် မီးလျံရုပ်သံဝန်ထမ်းများလည်း မည်သူမှ ရုံးမတက်ကြသောကြောင့်တည်း။


ငရဲတော်လှန်ရေး စတုတ္ထနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၃)ရက်၊ ၂၀၀၁။
ဒီနေ့တွင် ငရဲဝန်ထမ်းများအပြင်၊ အခြားပုဂ္ဂလိက ၀န်ထမ်းများပါ အလုပ်မဆင်းပဲ အိမ်တွင်းပုန်းလုပ်နေကြသည်။ ထို့ကြောင့် ငရဲမင်းလုပ်ငန်းများအပြင်၊ ပုဂ္ဂလိက လုပ်ငန်းများပါ အားလုံးရပ်ဆိုင်းသွားရသည်။ ငရဲပြည်ယန္တယားကြီးတစ်ခုလုံးရပ်ဆိုင်းသွားသည်။


ငရဲတော်လှန်ရေး ပဉ္စမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၄)ရက်၊ ၂၀၀၁။
ငရဲအစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများ အပြင် ငရဲကောင်များပါ အပြင်မထွက်ကြတော့။ ငရဲကောင်များ အပြင်မထွက်သည်မှာ အပြင်ဘက်တွင် မည်သည့်အရာမျှ မရနိုင်သောကြောင့်ဟု သိရသည်။


ငရဲတော်လှန်ရေး ဆဋ္ဌမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၅)ရက်၊ ၂၀၀၁။
ငရဲမင်းသူကြီးရေမြင်းကို ဖြုတ်ချလိုက်ပြီး ဒီမိုကရေစီစနစ်ဖြင့် ငရဲအုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မည်ဖြစ်ကြောင်း မီးတောင်ရေဒီယိုမှ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ကြပ်ခေါင်က ကြေညာပြီး၊ မီးလျံရုပ်သံက ၀န်ထမ်းများကို ပုံမှန်အတိုင်းရုံးပြန်တက်ဖို့ တောင်းပန်လိုက်သည်။ ထို့ပြင် သောက်မြင်ကပ်ပုဒ်မဖြင့် ငရဲကျနေသော ငရဲသားအားလုံးကိုလည်း လွှတ်ပေးလိုက်သည်။ ရေဒီယိုနားထောင်သော ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ပျော်ရွှင်ကြသည်။


ငရဲတော်လှန်ရေး သတ္တမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၆)ရက်၊ ၂၀၀၁။
နံနက်ခင်းတွင် ငရဲဝန်ထမ်းများ ရုံးမတက်ကြပဲ ငရဲရပ်ကွက်သားများနှင့်ပေါင်းကာ လမ်းမပေါ်ထွက်ပြီး ငရဲထောင်မှထွက်လာသူများကို ကြိုဆိုကြသည်၊ ယာယီဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ချက်ချင်းဖွဲ့ပေးဖို့တောင်းဆိုသည်။ ငရဲမင်းပြုတ်သူကြီးရေမြင်းနှင့် သူ့နောက်လိုက်အချို့ကို အရေးယူပေးဖို့ပါ တောင်းဆိုသည်။ ညရှစ်နာရီ မီးလျံရုပ်သံတွင် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ကြပ်ခေါင်က တရားသဖြင့်တောင်းဆိုမှုမှန်သမျှကို အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံကာ ဒီနေ့မှသည် နောက်လာမည့် သုံးလအတွင်း လွတ်လပ်ပြီးတရားမျှတသော ငရဲဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးမည်ဖြစ်ကြောင် ငရဲကမ္ဘာတစ်ခုလုံးသို့ ကတိပေးကြေညာလိုက်သောအခါ----

မောင်သုတခမျာ ၀မ်းသာလွန်းအားကြီးသဖြင့် “ဟေး-----------” ကနဲ အသံကျယ်ကြီးဖြင့် အော်လိုက်ရာ အနားအိပ်ပျော်နေသော ဇနီးချောလေး ခင်သုဝေပင် လန့်၍ နိုးထကာ “အကို ဘာဖြစ်တာလဲ ဟင်” ဟုမေးလိုက်ရလေတော့သတည်း။

Thursday, October 8, 2009

မူဝါဒနှင့် အယူဝါဒ


မူဝါဒသည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်၍ အယူဝါဒသည် ယုံကြည်မှုနှင့် သက်ဆိုင်သည်ဟု ကျနော်မြင်သည်။ တစ်နည်းအားဖြင့် မူဝါဒဟူသည် အများဆိုင်ဖြစ်ပြီး အယူဝါဒသည်ကား လူတစ်ဦးတစ်ယောက်၏ လွတ်လပ်သော အတွေးအခေါ်နှင့် သက်ဆိုင်သည်။ ဤသည်ပင် ကျနော့်အယူဝါဒလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် လူတစ်ယောက်ဦးတစ်ယောက်သည် သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းများက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနေရသကဲ့သို့ တစ်ချိန်တည်းမှာပင် မိမိကိုယ်တိုင်၏ ယုံကြည်ရာကိုလည်း ဆောင်ရွက်ရင်း အသက်ရှင်သန်နေရကြောင်း မှတ်ယူနိုင်သည်။

“မူကိုတော့ ကြိုက်ပါတယ်ကွာ၊ ဒါပေမဲ့ လူကိုတော့ မကြိုက်ဘူး” ဟု ပြောဆိုသော စကားများကို အဖွဲ့အစည်းအတွင်း နေထိုင်သူများ မကြာခဏ ကြားရနိုင်သည်။ အမှန်အားဖြင့် လူကို မကြိုက်ဘူး-ဆိုသော စကားသည် ထိုသူ၏ ယုံကြည်ချက်အရ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများကို မကြိုက်ခြင်း-ဟု ကျနော် ဖွင့်ဆို နားလည်ချင်သည်။ “မူကောင်းပါလျှက် လူမကောင်းတဲ့အတွက် ပျက်ရတယ်”ဆိုသည့်နေရာမှာလဲ ချမှတ်ထားသောမူဝါဒသည် ထိုပုဂ္ဂိုလ်၏ အယူဝါဒကို မလွန်ဆန်နိုင်ဖြစ်ကာ ကိုယ်လက်ခံယုံကြည်သလို လုပ်မိတဲ့အတွက် မလိုလားအပ်သော ဆိုးကျိုးများပေါ်ပေါက်လာရခြင်း ဖြစ်နိုင်သည်။

တစ်ခါတရံ အယူဝါဒကောင်းသော်လဲ မူဝါဒမကောင်းသဖြင့် ပျက်စီးသွားရသည်များလည်း များစွာပင်ရှိသည်။ အသို့ဆိုသော် မူဝါဒကောင်း၊ အယူဝါဒကောင်းဟူသည် အဘယ်နည်း? ဟု မေးခွန်းထုတ်ဘွယ်ရှိသည်။ ယင်းမေးခွန်းကို Yes or No ဖြင့် အဖြေပေး၍ မဖြစ်နိုင်သလို ပုံသေနည်းသုံးပြီး တစ်ထစ်ချအဖြေပေး၍လည်း မဖြစ်နိုင်ချေ။ လူတစ်ယောက်စီက အဖြေတစ်ခုစီ ထွက်လာမည်မှာ သေချာသည်။ လူတိုင်းလူတိုင်းသည် မိမိကိုယ်တိုင်၏ အယူဝါဒကို အမှန်ဟု ယူဆတတ်ကြမြဲဖြစ်သည်-ဟု ထင်သည်။ မိမိအယူကို အမှန်ဟု မယူဆပါက ဆက်လက်ကိုင်စွဲထားစရာမလို၊ ပယ်ဖျက်ပြီး နောက်တစ်မျိုးကို ယူနိုင်သည်။ ယုံကြည်နိုင်သည်။

ဤနေရတွင် အယူဝါဒ-ဆိုရာဝယ် များသောအားဖြင့် သက်ဆိုင်ရာ ဘာသာရေးအရ ယုံကြည်လက်ခံထားသော အယူအဆသည် ရာခိုင်နှုံးအမြင့်ဆုံးအနေထားတွင် ရှိသည်။ မူဝါဒ-ဆိုသည်မှာလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် လက်ခံကျင့်သုံးနေသော အစိုးရစနစ်များကို အများဆုံးညွှန်ပြကြပေလိမ့်မည်။ ယင်းသို့ဖြစ်သောအခါ မူဝါဒသည် နိုင်ငံရေးနှင့် ပတ်သက်၍ အယူဝါဒသည် ဘာသာရေးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ထို့ကြောင့် မူဝါဒသည် နိုင်ငံရေးဖြစ်၍ အယူဝါဒသည် ဘာသာရေးဖြစ်လာရတော့သည်။ လူတစ်ဦးတစ်ယောက်အတွက် နိုင်ငံရေးသည် ယခုပစ္စက္ခအတွက် အရေးပါသလို ဘာသာရေးသည်လည်း နောင်တမလွန်အတွက် အရေးကြီးသည်။ မူဝါဒကောင်းလျှင် ယခုဘ၀မှာ ချမ်းသာပြီး အယူဝါဒကောင်းလျှင် နောင်ဘ၀လက်ခံ ယုံကြည်သူများအတွက် နောင်ဘ၀မှာ ချမ်းသာနိုင်သည်။ နောင်ဘ၀ကို မယုံကြည်သူများအတွက်လည်း ယခုဘ၀တွင် စိတ်ချမ်းသာခွင့်ရနိုင်သည်။ ထို့ကြောင့် မူဝါဒနှင့် အယူဝါဒသည် အကောင်းဖြစ်ဖို့ အလွန်အရေးကြီးလှသည်။

မူဝါဒသည် ကောင်းသည်ဖြစ်စေ/မကောင်းသည်ဖြစ်စေ၊ အယူဝါဒသည်လည်း ကောင်းဖြစ်စေ/ဆိုးသည်ဖြစ်စေ၊ ပယ်စွန့်ဖို့ရန် အလွန်မလွယ်ကူသော အရာများဖြစ်သည်ကို လူတိုင်းသိသည်။ မူဝါဒဆိုးတစ်ခုကို ချေမှုန်းပြီး မူဝါဒကောင်းတစ်ခု၊ သို့မဟုတ် ကောင်းသည်ဟု ထင်ရသော မူဝါဒတစ်ခုကို မွေးစားဖို့အတွက် လူပေါင်းများစွာတို့ အသက်ပေါင်းများစွာပေး၍ နှစ်ပေါင်းများစွာ တော်လှန်ကြရသလို အယူဝါဒတစ်ခုကို ပယ်စွန့်ပြီး ပိုကောင်းသည်ဟုထင်ရသော အယူဝါဒတစ်ခု ထူထောင်ရန်မှာလည်း လွန်စွာခဲခက်သော အလုပ်ဖြစ်ကြောင်း အများနားလည်ကြသည်။ အဘယ်ကြောင်းနည်း?

အဖြေသည် ရှုထောင့်အမျိုးမျိုးမှ ကြည့်၍ ရှုပ်ထွေးနိုင်သော်လည်း လွယ်ကူသောအဖြေတစ်ခုကားရှိသည်။ ယင်းမှာ သက်ဆိုင်ရာ မူဝါဒရေးရာခေါင်းဆောင်များနှင့် အယူဝါဒရေးရာခေါင်းဆောင်တို့၏ အတ္တဆန်မှုပင်ဖြစ်သည်။ တော်လှန်သည်-ဟူသောစကားလုံးသည် မူဝါဒနှင့်ဆိုင်သလို အယူဝါဒနှင့်လည်း ဆိုင်သည်။ ထို့အပြင် အဖိနှိပ်ခံတို့၏ မခံမရပ်နိုင်မှုနှင့်လည်းသက်ဆိုင်သည်။ နိုင်ငံရေးအရ ဖိနှိပ်ခံရသူတို့က သက်ဆိုင်ရာ မူဝါဒကို တော်လှန်၍ ဘာသာရေးအရ ဖိနှိပ်ခံရသူတို့ကလည်း သက်ဆိုင်ရာ အယူဝါဒကို တော်လှန်ကြသည်။

ယနေ့ခေတ်တွင် ဘာသာရေးအရတော်လှန်မှုသည် လွန်စွာမထင်ရှားတော့သော်လည်း သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားများ၏ နှလုံးအိမ်တွင်မူ အုံကြွလျှက် ပေါက်ကွဲချိန်ကို စောင့်စားနေကြလေပြီ။ နိုင်ငံရေးအရ အဖိနှိပ်ခံလူတန်းစားများသည်ကား တူရာလူစုပြီး တိုက်ပွဲဝင်နေကြလေပြီ။ နိုင်ငံရေးအရ မူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ဘာသာရေးအရ အယူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ပန်းတိုင်မှာ တစ်ခုတည်းသာဖြစ်သည်။ ယင်းကား လွန်လပ်မှုပင်တည်း။ ယင်းလွတ်လပ်မှုအတွက် သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားအလွှာ အသီးသီးတို့က အသက်အသေခံပြီး တိုက်ပွဲဝင်နေကြရသည်။

ယနေ့မြန်မာပြည်သူတို့သည်လည်း ကမ္ဘာတစ်ဝှန်းရှိ အဖိနှိပ်ခံ လူတန်းစားများတွင် အလွှာတစ်ခုအနေဖြင့် ပါဝင်နေသည်။ နိုင်ငံရေးအရရော ဘာသာရေးအရပါ လွတ်လပ်မှုများဆုံးရှုံးပြီး မူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများနှင့် အယူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများကို ကဏ္ဍအသီးသီးမှ ၀ါဝင်ဆောင်ရွက်နေကြသည်။ အထူးသဖြင့် နိုင်ငံရေးအရ မူဝါဒအဟောင်းကို လက်မခံနိုင်ကြသဖြင့် မူဝါဒအသစ်တစ်ခုသို့ ဦးတည်ရည်မှန်းကာ လှုပ်ရှားနေကြသည်။ သို့သော် အုပ်ချုပ်သူအလွှာတစ်ခု၏ အတ္တဆန်မှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင် လွတ်လပ်ခွင့်ကို မရကြသေး။ အသက်အသေခံကြသည်။ စည်းစိမ်အပျက်ခံကြသည်။

သို့သော် အုပ်ချုပ်သူအလွှာတို့ အတ္တဆန်နေသေးသမျှ၊ တော်လှန်သူအလွှာတို့ မညီညွတ်နိုင်သေးသမျှ လက်ရှိမူဝါဒကို ချေဖျက်ဖို့ရာ လွယ်ကူမည်မဟုတ်ပေ။ အသက်အိုးအိမ်စည်းစိမ်များကို ဆက်လက်ရင်းနှီးကြရပေဦးမည်။ မိမိမကြိုက်သော အယူဝါဒကို မိမိစိတ်ထဲမှာပင် ပယ်ဖျက်ပစ်နိုင်သော်လည်း မိမိမကြိုက်သော မူဝါဒကိုကား ယင်းနည်းအားဖြင့် ပယ်ဖျက်၍ မရနိုင်ချေ။ ယင်းအတွက် သဘောတူရာ အဖိနှိပ်ခံတို့ စုရုံးညီညွတ်မှဖြစ်နိုင်သည်။ မူဝါဒအဟောင်းကို ချေဖျက်ဖို့ အဖိနှိပ်ခံတို့ မညီညွတ်နိုင်သေးသမျှ ဖိနှိပ်သူအာဏာရှင်တို့၏ ပလ္လင်ကို ကောင်းစွာလှုပ်ရှားစေနိုင်လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာလက်ခံအပ်သတည်း။

Tuesday, September 29, 2009

ဇင်ဘာဗွေနှင့် မြန်မာငွေ

“မေမေ သား ကျောင်းသွားတော့မယ်”
ကျနော် ဒီလိုပြောလိုက်ရင် အမေသိလိုက်တယ်၊ သူ့သားလေး မုန့်ဖိုး တောင်းနေပြီဆိုတာ။ ကျနော့်အမေက အဲသလောက် ပညာရှိတာကိုးဗျာ့။ အဲလိုပြောလိုက်တိုင်း အမေက သူကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ ရှိစုမဲ့စုပိုက်ဆံတွေထဲက ငါးကျပ်လောက်တော့ အမြဲပေးလေ့ရှိတယ်။ ဆင်းရဲရှာတာကိုး။ သားသမီး (၇) ယောက်ထဲက ကျနော်က အလတ်ကောင်။ ပေါက်စလေးတွေဖြစ်တဲ့ ညီမလေးသုံးယောက်နဲ့ ညီလေးတစ်ယောက်၊ အကိုတစ်ယောက်၊ အမတစ်ယောက်။ အလယ်က ကျနော်။ ဒါတောင် တစ်ယောက်က မွေးပြီးသိပ်မကြာခင်မှာပဲ ဆုံးသွားသတဲ့။ ကျနော်မတွေ့ မမြင်လိုက်ရတဲ့ ကိစ္စ။ ကျနော့်အရင် ဖြစ်ခဲ့တာ။ ဆုံးသွားတဲ့ကလေးက ကျနော့် အထက်ကြပ်ကြပ်။ အဖေရော အမေရော မျိုးကောင်းကြတယ်ထင်ရဲ့။ မွေးလိုက်တာလဲ လွန်ပါရော။ ဒီခေတ်ကြီး ဒီလောက်မွေးတာ ဆင်းရဲ့တဲ့ မိသားစုအတွက် သက်သာတဲ့ ကိစ္စတော့မဟုတ်။ အဖေရှာနိုင်လို့သာ ကျနော်တို့ ညီအကို မောင်နှမတွေ အသက်ရှင်ခွင့်ရကြတယ်လို့ ဆိုရမယ်။

အမေပေးလိုက်တဲ့ ပိုက်ဆံငါးကျပ်ထဲက တစ်နေ့စာအတွက် မုန့်ဖိုးလဲလောက်တယ်၊ ကြက်ပေါင်ကွင်းတွေလဲ ငါးမူးဖိုးလောက်ဝယ်ပြီး တစ်နေကုန်အောင် ကောင်းကောင်းဆော့နိုင်တယ်။ တစ်နေ့တစ်နေ့ အနည်းဆုံးတစ်ကျပ်လောက်လဲ အပိုအလျှံထွက်သေးတယ်။ သိမ်းထားတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ အမေ့လက်ထဲ ဘိုင်ပြတ်နေတဲ့အခါနဲ့ ကြုံရင် သိမ်းထားတာလေး ထုတ်ထုတ်သုံးရတယ်။ ဒါတောင် အဘိုးသိရင် အပြောခံရသေးတယ်။ “မင်းတို့လက်ထက်ပဲ ကြားဖူးတယ်ကွာ။ တစ်နေ့တစ်နေ့ မုန့်ဖိုး ငါးကျပ်ကြီးများတောင် ပေးရတယ်လို့။ ငါတို့ ငယ်ငယ်တုန်းကတော့ တစ်နေ့ တစ်ကျပ်လောက်ဆိုရင်ပဲ စားလို့သောက်လို့ မကုန်နိုင်ဘူး။ ကောက်ညင်းပေါင်း တစ်မတ်ဖိုးဆို နှစ်ယောက်လောက် ကောင်းကောင်းဝတယ်ဟေ့။ မင်းတို့ခေတ်ကြီးကိုက တော်တော် ဆိုးလာပြီကွ” တဲ့။

မသိလိုက်၊ မမီလိုက်တဲ့ခေတ်က အဖြစ်အပျက်ကို ကိုယ်စားပြုတဲ့ အဘိုးစကားကို ကျနော် မကြာခဏကြားနေရပေမဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဘယ်နှယ်ဗျာ၊ ကောက်ညှင်းပေါင်း တစ်မတ်ဖိုး နှစ်ယောက်စားမကုန်နိုင်ဘူးရယ်လို့။ အခုတော့ ယုံပါပြီ အဘိုးရယ်။ အဲဒီတုန်းက (ကျနော်ကလေးပေါက်စဘ၀) မြန်မာပြည်မှာ တစ်ရာတန်ဆိုတာ ဆင်းရဲသားအတော်များများတောင် မမြင်ဖူးတဲ့ ငွေကျေးရယ်ပါ။ မှတ်မိသေးတယ်။ ကျနော့်အဖေက ပဲ့နင်း၊ အများသိအောင်ပြောရရင်တော့ ကက်ပတိန်ပေါ့။ အဖေကငါးဖမ်းစက်လှေကြီးတစ်စီးနဲ့ ပင်လယ်ထဲ တစ်ခါထွက်ရင် အနည်းဆုံးတစ်လလောက်ကြာမှ ကမ်းပြန်ရောက်တယ်။ အဖေရောက်ရင်တော့ အမေလက်ထဲ ငွေရွှင်တယ်ပေါ့။
သားသမီးတွေအားလုံး ဖေါဖေါသီသီစားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုန်းနိုင်ကြလေရဲ့။ ကျောင်းသွားတဲ့လူတွေကိုလဲ ငါးကျပ်မက ပေးနိုင်တယ်။ အဖေ ပြန်လာတာနောက်ကျရင်တော့ ကျောင်းသားတွေရော အမေရော မသက်သာဘူး။

အကြပ်အတည်းဖြစ်တဲ့ တစ်နေ့ပေါ့။ အဖေလဲ ပင်လယ်ထဲ နှစ်လလောက်ကြာသွားတယ်။ အိမ်မှာ ကျန်ရစ်တဲ့ မိသားစုကလဲ အဖေ့လစာတွေနဲ့ မလောက်မငဖြစ်နေပြီ။ အမေ ကြံရာမရဖြစ်ပြီး ဘာလုပ်လဲဆိုတော့ အိမ်က ဗီဒိုကြီးထဲမှာ သိမ်းထားတဲ့ ငါးဆင့်စတီးဆွဲချိုင့်ကြီးတစ်လုံးထုတ်လာတယ်။ ပြီးတော့ အနားမှာရှိတဲ့ ကျနော့်ကို ပြောတယ် “မင့်အဖွါးလေးဆီသွား၊ ဟောဒီစတီးချိုင့်ကြီးကို တစ်ရာနဲ့ပေါင်ခဲ့” တဲ့။ ကျနော်လဲ ကလေးပဲဟာ၊ ဘာမှသိဘူးလေ။ အမေပြောသလို အမေ့အဒေါ် (အမေ့ အဖေရဲ့ ညီမ) ဖြစ်တဲ့ ကျနော်အဖွါးလေးဆီသွားပြီး အမေပြောတဲ့အတိုင်းပြောတော့ အဖွါးလေးက လျှောလျှောလျှူလျှူပဲ၊ ငွေတစ်ရာပေးလိုက်တယ်။ အဲဒီပိုက်ဆံတစ်ရာရတော့ အမေပျော်လိုက်တာ မပြောနဲ့တော့။ စတီးချိုင့်ကြီးလဲ အမေဆုံးတဲ့အထိ ပြန်ရွေးလိုက်တယ်လို့ တစ်ခါမှ မကြားမိဘူး။ ပြောချင်တာက အဲဒီတုန်းက ပိုက်ဆံတစ်ရာဆိုတာ အဲလောက်ကို တန်ဖိုးရှိတာ။ အဖေပင်လယ်က ပြန်လာတဲ့အထိ အဲဒီပိုက်ဆံနဲ့ဝယ်ထားတဲ့ ဆံ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ မီးဖိုထဲ မကုန်နိုင်ဘူး။

အခုတော့ဗျာ။ ပိုက်ဆံတစ်ရာဆိုတာကို အလကားပေးရင်တောင် ယူမည့်လူ ခပ်ရှားရှား။ လမ်းမှာတောင်းစားနေတဲ့ သူတောင်းစားတောင် တစ်ရာလောက်ပေးရင် မကျေနပ်ချင်ဘူး။ ဒီဘက်နအဖခေတ် ရောက်လာတော့ တစ်ရာတန်ကနေ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန် အထိ ထုတ်လာပြီ။ ပြဿနာကဘာလဲဆိုရင် ငွေကြေးဖေါင်းပွလာတာနဲ့အမျှ ပစ္စည်းတွေလဲ ဈေးတက်လာတယ်။ အရင်က တစ်ကျပ်တန်ဟာ တစ်ဆယ်ဖြစ်လာတယ်။ တစ်ဆယ်တန်ဟာ တစ်ရာဖြစ်လာတယ်။ တစ်ရာတန်ဟာ တစ်ထောင်ဖြစ်လာတယ်။ ဘာဘောဂဘေဒပညာမှသိနေစရာမလိုဘူး။ လက်တွေ့မှာ ဒီလိုဖြစ်နေတာ။ ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးကြီးလေလေ ပစ္စည်းတွေရဲ့တန်ဖိုးဟာလဲ မြင့်တက်လေလေပါပဲ။

ဇင်ဘာဗွေနိုင်ငံကို ကြည့်ပါ။ အမြင့်ဆုံးစာရွက်ပေါ်က ဂဏန်းကို ကြည့်လိုက်။ (၂၅၀ ၀၀၀ ၀၀၀) တဲ့။ ဂဏန်းကိုးလုံးရှိတာတွေ့မှာပေါ့။ နှစ်ဆယ့်ငါးကုဋေ တဲ့ဗျား။ “တိုင်းပြည်စီးပွါးရေးကို မြှင့်တင်ဖို့အရေး စာရွက်ပေါ်မှာ ဂဏန်းကြီးကြီးရေး ဒို့အရေး” လို့များ ကြွေးကြော်နေသလား မသိဘူး။ ဇင်ဘာဗွေက သူတောင်းစားတွေ လက်ထဲမှာ ပိုက်ဆံတစ်ကုဋေလောက်ရှိနေရင်တော့ အဲဒီနေ့မှာ ထမင်းငတ်ပြီသာအောင့်မေ့။ ကုဋေကြွယ်သူတောင်းစားဆိုတာ ဒီခေတ်မှာ တကယ်ရှိနေပြီ။ မယုံမရှိနဲ့။ ခရမ်းချင်သီးတစ်ပိဿာတောင် ကုဋေပေါင်းများစွာပေးဝယ်နေရတဲ့ တိုင်းပြည်။ အဲဒီအဖြစ်ဆိုးကြီးကို ကြည့်ပြီး ကျနော်စဉ်းစားမိတယ်။ ငါတို့နိုင်က လူကြီးတွေလဲ ဇင်ဘာဗွေကို အတုခိုးရင် ဒုက္ခပဲလို့။ ကျနော့်ဆန္ဒမပြည့်ဝပါဘူးဗျာ။ အခု ငါးထောင်တန်ထုတ်နေပြီ-တဲ့။

“စည်းပွါးရေးပြုပြင်ပြောင်းလဲရေး”ဆိုတဲ့ ကြွေးကျော်သံအောက်မှာ ဒီလို ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးရေကြီးကြီးရေးရတာကို စီးပွါးရေးပြုပြင်ပြောင်းလဲမှုလို့ ယူဆရင်တော့ ကျနော်တို့နိုင်ငံရဲ့ စီးပွါးရေးဟာ ဘယ်တော့မှ အဖတ်ဆယ်လို့ ရမှုာမဟုတ်တော့တဲ့ စီးပွါးရေးလို့ပဲ မှတ်ယူပေတော့။ ကမ္ဘာပေါ်မှာ ငွေကြေးအမြင့်ဆုံးဆိုတဲ့ ဗြိတိရှတိုင်းပြည်တွေမှာ ငါးဆယ်တန်ဆိုတာ အကြီးဆုံးပဲ။ တော်ရုံလူတွေတောင် ငါးဆယ်တန် မြင်ဖူးကြတာမဟုတ်ဘူး။ အဲဒီငါးဆယ်တန်ဟာ ဒေါ်လာတစ်ရာနဲ့ ညီမျှတဲ့ ငွေကြေးပါ။ မြန်မာငွေ တစ်သိန်းကျော်ပါတယ်။ ကျနော် အင်္ဂလန်ရောက်ခါစ (၂၀၀၇)ခုနှစ်က လေဆိပ်မှာ ဒေါ်လာတစ်ထောင်လဲတာ ပေါင် (၄၉၀) ပဲရတယ်။ အခုတော့ ပေါင်ဈေးနည်းနည်းကျနေတာပေါ့လေ။ အဲဒီပေါင်အောက်က ယူရိုငွေ။ သူကတော့ နိုင်ငံတကာသုံးမို့ထားတော့။ အမေရိကန်ဒေါ်လာ။ တစ်ရာတန်ဆိုတာ အများမြင်ဖူးနေတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ အဲဒီနိုင်ငံကြီးတွေမှာလဲ စီးပွါးရေး ကျတဲ့ အချိန်တွေ မကြာခဏကြုံနေရတာပါပဲ။ ပြီးခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်က တစ်ကမ္ဘာလုံးစီးပွါးကျတော့ ဗြိတိရှတွေရော၊ အမေရိကန်တွေရော ခံလိုက်ရတာမပြောနဲ့တော့။ သူတို့ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ငွေကြေးပေါ်မှာ ဂဏန်းလုံးကြီးကြီးရေးပြီး ဖြေရှင်းခဲ့တာမဟုတ်ဘူးဆိုတာတော့ တစ်ကမ္ဘာလုံးသိပါတယ်။

မြန်မာပြည်မှာ စီးပွါးရေးကျတာ ဘယ်တုန်းကစတာလဲ ကျနော်တိတိကျကျမသိဘူး။ ဘောဂဗေဒပညာရှင်တွေတော့ သိကောင်းသိမှာပါ။ ကျနော်သိတာကတော့ စက္ကူပေါ်မှာ ဂဏန်းများလာတိုင်း ပစ္စည်းတွေရဲ့ ဈေးနှုံးဟာ ပိုပိုကြီးကြီးလာတယ်။ ပြီးတော့ ပြည်သူတွေ အကြပ်အတည်းပိုတွေ့လာတယ်။ နိုင်ငံတကာငွေကြေးနဲ့ လဲလှယ်တဲ့အခါ များစွာများစွာအောက်ကျတယ် ဆိုတာပါပဲ။ ဒီတော့ ဒီနည်းဟာ စီးပွါးရေးအကြပ်အတည်းကို တကယ့်တကယ်ပြေလည်စေတဲ့ နည်းမဟုတ်နိုင်ဘူးဆိုတာလောက်တော့ ဘောဂဗေဒပညာကို ကကြီးရေးကတောင် မသိတဲ့ ကျနော့်လို လူတစ်ယောက်က ပြောရဲပါတယ်။ အခု ငါးထောင်တန်ထုတ်နေပြီ။ တိုင်းပြည်စီးပွါးရေး ဘာဖြစ်ဦးမလဲ? ပြောရဲပါတယ်။ ပိုထိုးကျသွားမှာပါ။ နိုင်ငံတကာငွေကြေးဈေးကွက်မှာ မျက်နှာမရဖြစ်နေဦးမှာပါ။ နဂိုက ဒေါ်လာတစ်ရာ မြန်မာကျပ်ငွေတစ်သိန်းဆိုရင် အဲဒီငါးထောင်တန်တွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ တစ်သိန်းနဲ့ ဘယ်သူမှ မလဲတော့မှာတော့ သေချာပါတယ်။ နောက်ထပ် တစ်သောင်းတန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်တွေအထိ ထုတ်လာရင်တော့ ပြည်သူတို့ရေ့-----ခင်ဗျားတို့နေတဲ့ လက်ရှိနေရာက အမြန်ခွါဖို့သာ ကြိုးစားကြပေတော့ဗျို့။

တိုင်းပြည်ထဲက နအဖကို အကြံပေးနေကြတဲ့ စီးပွါးရေးပညာရှိကြီးများခင်ဗျား၊ ကြည့်ကျက်လဲ လုပ်ကြပါဦးဗျို့။ နိုင်ငံတကာနဲ့လဲ နှိုင်းယှဉ်ပြီး စဉ်းစားပေးကြပါဦး။ ပြောရင်းပြောရင်း စိတ်တိုလာပြီ။ တော်ပြီဗျာ။ ခင်ဗျားတို့လဲ တတ်နိုင်တဲ့ဖက်က အော်ကြဦး။

Sunday, July 19, 2009

62nd Burmese Martyrs Day


Martyrs are patriots who love their country and ever ready to sacrifice even their lives for the nation against the invading enemies. Most of them are generally assassinated by their rival (political) groups who have politically bitterly opposed to them under the name of the power struggle. In this planet, every nation has by and large possessed such martyrs who are honored with due respects and memorials by their subjects.

Myanmar is one of such countries. There are many historical national heroes in the country since Bagan dynasty. The King Anawyathar is historically recorded as the first patriot who had fought the rooted cult adopted by the then devious religious images called "Ayeegyee", and re-established his land stable. Furthermore, one of salient historical features of the King Anuruddhar is that after the school of the devil cult was totally uprooted, the fresh religion was adapted. This religion is no doubt but "Buddhism". Since then, the Burma, now Myanmar, and its subjects have grown up in the cradle of the Buddha's teaching the 'Dhamma' by name. He is, therefore, recorded as the King who built the first Kingdom of Myanmar.

Then, his mysterious son, Kyan Sit Thar, was enthroned after the King Anuruddhar passed away under the same dynasty. Kyan Sit Thar was historically as well as mysteriously inscribed as the greatest warrior of Burma. The power of the King Anuruddha could be commented that it became stronger due to the fact that the great warrior fought against all enemies in the Kingdom for his King. He was courageous, brave, unselfish and loyal to the King. After the King Anawyathar, the stability of the country was well preserved. The King Kyan Sit Thar like his father loved his nation and subjects and several types of the welfare of majority was established as much as he could. Burmese reputation and history were enriched by the great warrior. He is the second national hero who won the enormous love, admiration and esteem of the whole country.

The King Bayint Naung and the King Alaungphayar are the patriots who re-established the second and the third King of Myanmar receptively. At the time of them, there were diverse wars civil as well as international including the World War First (WWI). They both at the each of their time tried to make the country united as established and preserved by the previous monarchs. They both were also great warriors like Kyan Sit Thar. The territory of Myanmar at the time of them was hugely extended even beyond the border of Burma. Burmese people are ever proud to have such heroes recorded in the history of the country. They are also the true winners of the national love and respect.

Apart from those mentioned Kings, there was one hero who had a mad love to his country. He knew nothing but loved his nation and his people. The Burmese history will ever proudly inscribe his name in its pages. He is Gen. Aung Sann, the father of Daw Aung Sann Su Kyi who is the leader of the National League for Democracy (NLD) Party. Mr Aung Sann, whose life was growing up at the time of the World Word Second (WWII), since he had been a student at Yangon University, had fought against the country's multicolored enemies including Japan Fascists and British Colonists. He, on the one hand, along with other young fellows who are called later the "Thirty Comrades", went to Japan to have the the military training so that they could fight against the British colonists. On the other hand, he tried to be getting on with the English in order that the Japanese Army was expelled from the country.

The military strategy used by the young Aung Sann, though seemingly very simple, could persuade the minds of the majority in the country. The dream of winning "independence" was relied on Mr. Aung Sann. As a reaction, his mind had been obsessed by the dream of independence. He was fighting against Japan as well as English who had been manipulating the country for numerous decades or even centuries. However, he could not see when his nation won the independence from the British Government in January 4th, 1948. He and his six members during the meeting were brutally assassinated by the rival political group masterminded by Galon U Saw. It was today, the 19th of July, 1947.

Even though the event has been left behind for over six decades, whenever the 19th of July comes, the nightmare is ever renewed. The aftermath ever reminds our mind. Some people might be probably still shocked by that tragic assassination. We enormously love him. He is even regarded as the "Father of Burmese Independence". He is a true and historical martyr of the Burma. Therefore, he together with his political comrades assassinated then and there were greatly honoured and respected. Though there were historically many national heroes in the country, by the "Martyrs Day" in Myanmar is meant "the day when Gen. Aung Sann and his political members were gunned down.


Aung San Zarni

Born on February 13 was he
Born in 1915 to Lawyer U Pa Tha
In the City Of Blessed Meguay
Mother's name was Daw Su
The year 1947 died he,
On July 19th everyone weeped.
He is the cause of our Independence.
He is the father of this nation.
The blessings he had given us, the words he had uttered.....
How can we ever take those out of our minds......

(This poem is wholly copied from Wikipedia Website)


Tuesday, May 19, 2009

နားယောင်ခြင်းနှင့် နားထောင်ခြင်း


ယနေ့ သတင်းလောက သတင်းစာမျက်နှာတွေမှာ ကြည့်လိုက်ရင် အများဆုံး တွေ့နေ မြင်နေရတဲ့ အကြောင်းအရာတွေဟာ---
(၁) သီရိလင်္ကာကျားသူပုန်များကို (၂၆)နှစ်ကြာပြည်တွင်းစစ်ဖြစ်ပွါးပြီးနောက် အစိုးရက အနိုင်ရလိုက်တဲ့သတင်း
(၂) အင်ဒိယနိုင်ငံလက်ရှိအာဏာရပါတီကြီးတစ်ခုဖြစ်တဲ့ Congress party က ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရလိုက်တဲ့သတင်း
(၃) ဗြိတိရှအောက်လွှတ်တော်ပါလီမန်အမတ်များ ခွင့်ပြုချက်ငွေကျေးသုံးစွဲမှုနဲ့ပတ်သက်တဲ့ အရှုပ်တော်ပုံသတင်း
(၄) အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်ပြီး ထောင်ထဲထည့်ဖို့ တရားဝင်လုပ်ကြံနေတဲ့သတင်း စသည်စသည်တွေပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျနော့်အတွက်တော့ အခြားအခြားသော သတင်းတွေက သိပ်စိတ်ဝင်စားစရာမကောင်းလှပေမဲ့ ဒီမိုကရေစီမိခင်ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့ပတ်သက်လို့ကတော့ အမြဲတန်းလဲ နားစွင့်နေကျဖြစ်တဲ့အတွက် အလွန်ပဲစိတ်ဝင်စားမိသလို အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ ဗြိတိန်နဲ့ နိုင်ငံတကာသတင်းတွေကလဲ ဒီသတင်းကို စိတ်ဝင်တစား ဦးစားပေးဖေါ်ပြနေကြပါပြီ။ မီဒီယာလောကရဲ့ အင်အားကို မသိကျိုးကျွံလုပ် မျက်ကွယ်ပြုပြီး လုပ်ချင်ရာလုပ်နေတဲ့ စစ်တပ်ဟာ သူတို့ထုံးစံအတိုင်း ဒေါ်စုကို (trumped-up charge) မတရားအမှုဆင်ပြီး ထောင်သွင်းအကျဉ်းချဖို့အထိ ကြိုးပန်းနေကြကြောင်း သတင်းတွေက ဆိုပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံသမိုင်းကို ၁၉၈၈-ကစပြီး ပြန်ကြည့်လိုက်မယ်ဆိုရင်--
(၁) ၁၉၈၈-ခုမှာ အများသိကြတဲ့အတိုင်း (၈) လေးလုံးအရေးတော်ပုံကြီး နိုင်ငံအနှံ့အပြား ဖြစ်ပွါးခဲ့ပါတယ်။
(၂) ၁၉၈၉-ခုနှစ်မှာတော့ စစ်တပ်က အာဏာသိမ်း၊ Marshal Law အမိန့်ထုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်နဲ့ စတင်ထားပါတယ်။
(၃) ၁၉၉၀-ခုနှစ်ရောက်တဲ့အခါကျတော့ ပြည်သူ့ဆန္ဒကို လိုက်လျောဟန်ပြပြီး အထွေထွေရွေးကောက်ပွဲကြီးကို စစ်တပ်ကဦးစီးကျင်းပပေးခဲ့ပါတယ်။ ဒါပေမဲ့ ရလာဒ်က သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ရွေးကောက်ပွဲရလာဒ်ကို ပယ်ချခဲ့ပြန်ပါတယ်။
(၄) ၁၉၉၅-ခုနှစ်မှာ ဒေါ်စုကို နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးပြီး ကပ်သပ်ချက်တွေနဲ့ လှုပ်ရှားခွင့်ပြုခဲ့ပါသေးတယ်။
(၅) ၂၀၀၀-ခုနှစ်ကျတော့ ဒေါ်စုက သူ့မ၏ ကန့်သက်ချက်တွေနဲ့ခရီးသွားလာရခြင်းအပေါ်ငြင်းဆိုတဲ့အတွက် စစ်တပ်က ဒေါ်စုကို နေအိမ်အကျယ်ချုပ်နဲ့ ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
(၆) ၂၀၀၂-ခုနှစ်မှာ စစ်တပ်က ဒေါ်စုကို လွတ်လွတ်ကျွတ်ကျွတ်လွှတ်ပေးလိုက်ပြန်ပါတယ်။
(၇) ၂၀၀၃-ခုနှစ်မှာတော့ စစ်တပ်အင်အားစုတွေနဲ့ ဒီချုပ်အဖွဲ့ဝင်တွေအကြား အဓိကရုဏ်းအကြီးအကျယ်ဖြစ်ပွါးပြီး ဒေါ်စုကို ထပ်မံထိန်းသိမ်းလိုက်ပြန်ပါတယ်။
(၈) အဲဒီ ၂၀၀၃-ခုကတည်းက ယနေ့အထိ စစ်တပ်ဟာ နှစ်စဉ်နှစ်စဉ်အကြောင်းအမျိုးမျိုးပြပြီး ဒေါ်စုကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
(၉) ၂၀၀၇၊ စက်တင်ဘာမှာ Saffron Revolution ခေါ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကြီးပေါ်ပေါက်တဲ့အခါ စစ်တပ်က သံဃာတော်များအပြားကို သတ်ဖြတ်ဖမ်းဆီး၊ အကျဉ်းချနှိပ်ကွတ်ခဲ့ပါတယ်။
(၁၀) ၂၀၀၈၊ မေလမှာတော့ ဧရာဝတီကို မျက်ရည်ရောစေတဲ့ နာဂစ်မုန်ဒိုင်းကြီးနှိပ်စက်ခံရလို့ ပြည်သူအများ ဒုက္ခပွါးနေတဲ့ကာလမှာ ပြည်သူ့ဆန္ဒခံယူပွဲကို တစ်ဘက်သတ်ကျင်းပပြုလုပ်ပြီး ထောက်ခံမဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရှက်မရှိ ကမ္ဘာသိအောင် ကျေညာခဲ့ပါတယ်။
(၁၁) ၂၀၀၉-ခုဖြစ်တဲ့ ဒီနှစ်မှာတော့ အကျဉ်းစံခေါင်းဆောင်ရဲ့ လွတ်ရက်ဖြစ်တဲ့ လာမည့် မေလ (၂၇) မရောက်ခင် အကြောင်းမရှိ၊ အကြောင်းရှာ၊ လုပ်ဇာတ်ခင်း(ploy)ပြီး လူထုခေါင်းဆောင်ကို ဖမ်းဆီးအကျဉ်းချဖို့ အထိ လုပ်လာကြပြန်ပါပြီ။

ကဲ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ? ဒီလောက်ကြာညောင်းလာတဲ့ နှစ်ကာလတွေအတွင်း ကျနော်တို့ပြည်သူအများတောင်းတလာတဲ့ ဒီမိုကရေစီ ဘယ်မလဲ? မတရားဖိနှိပ်ချုပ်ချယ်မှုတွေရဲ့အောက်မှာ နိုင်ငံရေးသမား ဟုတ်သူရော မဟုတ်သူပါ ရောယောင်ပြီး မတရားဖမ်းဆီးနှိပ်စက်ခံကြရ၊ ဘ၀ပျက်ကြရ၊ သေကျေပျက်စီးကြရဖြစ်နေရတဲ့အချိန် တစ်ဖက်မှာတော့ စစ်တပ်မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စစ်တပ်နဲ့ နံသင့်အောင်ပေါင်းတတ်တဲ့လူတွေက အဓမ္မစီးပွါးရှာပြီး ချမ်းသာကြီးပွါးနေကြလေပြီ။

တိုင်းပြည်အုပ်ချုပ်သူဆိုတာ ပြည်သူတွေရဲ့ဘ၀ကို ရွေးချယ်ပေးရတဲ့သူပါ။ ဒါပေမဲ့ သူတို့တတွေဟာ ပြည်သူတွေရဲ့ဘ၀ကို မရွေးချယ်ကြဘဲ သူတို့ဘ၀နဲ့ သူတို့ဆိုင်ရာ မိသားစုဝင်တွေရဲ့ဘ၀ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ဘ၀မှာ ရွေးချယ်ပေးမည့်သူမရှိတော့ပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ ဒီအတွက်ကျနော်တို့ ဆက်လက်နားယောင်နေလို့ မဖြစ်တော့ပါဘူး။ နားထောင်မှကို ဖြစ်ပါတော့မယ်။ ပြည်သူတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေ နားယောင်ဖို့အချိန်မဟုတ်တော့ပါဘူး၊ နားထောင်ဖို့အချိန်ရောက်နေပါပြီ။ မတရားတဲ့အမိန့်ကို လိုက်နာခြင်းဟာ နားယောင်ခြင်းဖြစ်ပြီး တရားတဲ့အမိန့်ကို လိုက်နာခြင်းဟာ နားထောင်ခြင်းဖြစ်ပါတယ်။ ကျနော်တို့၊ ခင်ဗျားတို့ ဆက်ပြီး နားယောင်ကြမလား၊ ဒါမှမဟုတ် နားထောင်ကြမလား ဆိုတာ စဉ်းစာကြပါ။ ကိုယ့်ဘ၀အတွက် ကိုယ့်ဖာသာရွေးချယ်ကြရပါတော့မယ်။ အားလုံးလွတ်မြောက်ရေးသို့ ရှေးရှူကြစို့-----

Friday, May 1, 2009

ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား



ဒီမနက် စောစောစီးစီး အိပ်ယာကနိုးပြီး ထုံးစံအတိုင်း မနက်စာပေါင်မုန့်မီးကင် နှစ်ချပ်နဲ့ ကော်ဖီပြင်းပြင်းတစ်ခွက် မော့လိုက်တယ်။
အဲဒီနောက် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက အရိုးကြေကြေ အရေခန်းခန်း၊ ကောင်းတူဆိုးဘက် ကျနော့်အပါးတော်မြဲ လက်ပတော့ပ်အစုတ်ကလေး (တစ်ခုတည်းသော ကျနော်ပိုင်ဆိုင်မှုပါဗျား၊ ဆင်းရဲမှန်းသိအောင် ကြိုတင်ပြောထားမှ။) ကို ဖွင့်ပြီး စိတ်ကောက်မှ လိပ်လောက်သွားတဲ့ အင်တာနက်ပေါ်တက်လိုက်ပါတယ်။

ထုံးစံအတိုင်း ကျနော်သွားလည်နေကျ ဘလော့ဂ်တွေထဲက စာအရေးအသားကောင်းတဲ့ ကိုမြစ်ကျိုးအင်း (သူ့နာမည်အရင်းကို မသိပါ) နဲ့ အမေရိကမှာ သတင်းသုံးတော်မူတဲ့ ဆရာတော် မနက်ဖန် တို့ရဲ့ အသစ်တင်ထားတာတဲ့ ပို့စ်လေးတွေကို ဖတ်ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီး ကျနော့်ရင်ကို ဒိုင်းကနဲ လာမှန်တဲ့ ကိုမြစ်ကျိုးအင်းရဲ့စကားလုံးတွေနဲ့ မနက်ဖန်ရဲ့ ရသမြောက်တဲ့ ထောက်ကွက်လေးတွေကို ဖတ်မိပြီး ကျနော်အသိတစ်ခု ခိုင်ခိုင်မာမာ ရလာခဲ့တယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား” တို့ရဲ့ ခြားနားချက်။

ဒီနေ့ မေလ (၁) ရက်။ ကျနော်တို့တိုင်းပြည်ကို သမိုင်းစာမျက်နှာအသစ်တစ်ခုဖွင့်ပေးခဲ့တဲ့ အကြိုရက်တစ်ရက်။ နောင်လာနောင်သားတွေ ယုံကောင်းမှယုံကြည်နိုင်မည့် အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပေါ်ဖို့ တာထွက်လာတဲ့ နေ့တစ်နေ့။ မနက်ဖန်၊ သန်ဘက်ခါ နဲ့ ဖင့်နွဲ့ခါ ဆိုတဲ့ ရက်တွေကို ဧရာဝတီစာမျက်နှာမှာ အကျီးတန်အရုပ်ဆိုးစေတဲ့ ပုံရိပ်တွေအဖြစ် ဖန်တီးပေးခဲ့တဲ့ အဖွင့်နိဒါန်း။ ပြီးခဲ့တဲ့ အဖြစ်ဆိုးတွေကို ပြန်ပြောရတာဟာ ကျနော့်စိတ်ထဲမှာ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခုကို ပြန်မက်မိသလိုပါပဲ။ ပြန်မပြောချင်တော့ပါ။ ဖြစ်နိုင်ရင် မေ့ပစ်လိုက်ချင်ပါပြီ။

ဒါပေမဲ့ သမိုင်းကို သစ္စာဖေါက်သူအဖြစ်တော့ စာအတင်မခံနိုင်ပါ။ အသိအမှတ်အပြုမခံရရင်တောင် လူသူမသိတဲ့ အညတြဘ၀နဲ့ အဖြစ်မှန်ကို အမှန်တိုင်းသိပြီး ကိုယ့်သမိုင်းအပေါ်သစ္စာရှိသူတစ်ယောက်အဖြစ်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာလုံချင်ပါတယ်။ ဒါကြောင့် ကျနော် ဒီစာကို ရေးဖို့စိတ်ကူးခဲ့တာပါ။ ရင်ထဲပေါ်လာတဲ့ခံစားချက်ကို အများမဖတ်မိတောင်မှ ကျနော့်အတွက်သီးခြားမှတ်တမ်းလေးတစ်ခုအဖြစ် ကျနော့်ဒိုင်ယာရီထဲ မှင်တို့ထားခဲ့ချင်ပါတယ်။ ဒီအတွက် ကျနော်ရမည့်ရလာဘ်ဟာ ဆုလား၊ ဒဏ်လား၊ ကျနော်မတွေး။

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်၊ ကျနော်တို့သိတတ်စအရွယ်လောက်ကတည်းက တိုင်းပြည်တစ်ခုလုံးက အဖွဲ့ချုပ်အပေါ် အပ်နှင်းထားတဲ့အာဏာကို မတရားသိပ်ပိုက်ယူငင်ပြီး တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနဲ့ မလုံခြုံဆုံးနိုင်ငံတွေစာရင်းထဲ သွပ်သွင်းခဲ့တဲ့ လက်ရှိစစ်တပ်ကို ကျနော်နာမည်တစ်ခုတပ်ချင်ပါတယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမား” လို့။ မြန်မာပြည်က တစ်ဘက်သတ်ထုတ်ဝေတဲ့ ရုပ်သေးသတင်းစာ တွေရဲ့ စာမျက်နှာတွေပေါ်မှာ ဘုရားသွားကျောင်းတက်၊ တံတားဖွင့်ဆိုတဲ့အလုပ်မျိုးတွေကို ဟန်ပြလုပ် ဖေါ်ပြရတာလောက်ကိုပဲ အဟုတ်ထင်ပြီး တကယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေကိုတော့ သူတို့နဲ့မဆိုင်သည့်အလား ဥပေက္ခာပြုထားနိုင်လောက်အောင် ရဲဝံ့စွန့်စားကြသူတွေလို့ ကျနော်ပြောချင်ပါတယ်။

နာဂစ်ဆိုတဲ့ စကားလုံးအသစ်တစ်လုံး မြန်မာပြည်သူတွေနားထဲ ချင်းနင်းဝင်ရောက်လာတာနဲ့ တစ်ပြိုင်နဲ့ သူ့နောက်ကကပ်ပါလာတဲ့ အန္တရာယ်ဆိုးကြီးကို ကာကွယ်ဖို့ သိပ်နောက်ကျခဲ့သွားပါပြီ။ ကြိုတင် အကြောင်းမကြားပဲ ရောက်လာတဲ့ ဧည့်သည်ဆိုးဟာ ကျနော်တို့လူမျိုးတွေရဲ့ ရင်တွင်းခံစားချက်ကို ကြောက်လန့်တကြား ခါးသီးစေခဲ့ပါတယ်။ သားသမီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်း ရင်းနှီးသူတွေ ကိုယ့်မျက်စိရှေ့မှာ နာဂစ်ဝါးမျိုးသွားတာကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီး ရင့်နစ်ခါးသီးဖြစ်နေရတဲ့အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့စွာ ဥပေက္ခာပြု လျှစ်လျှူရှုခြင်းကိုပါ ခံလိုက်ရပြန်တော့ ခါးသီးမှုဟာ နာကျည်းမှုအသွင်ဆောင်လာခဲ့ရပါတော့တယ်။

ကလေးငယ်များစွာ မိဘမဲ့ဖြစ်လို့ဖြစ်၊ မိဘများစွာ သားသေရင်ကျိုးအဖြစ်ဆိုးနဲ့ ကြုံလို့ကြုံ၊ မိန်းမများစွာတို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုမုဆိုးမဘ၀ရောက်လို့ ရောက်မှန်းမသိဖြစ်နေရတဲ့အချိန်မှာ မုန်တိုင်းဒဏ်မခံလိုက်ရတဲ့ တတ်နိုင်သူပြည်သူတွေရဲ့ ကရုဏာတရားဟာ အမြင့်မားဆုံးအဆင့်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီထောက်ပံ့ရင်း ဒုက္ခရောက်သူတွေရဲ့ မစဲနိုင်တဲ့မျက်ရည်စက်တွေကို နည်းပါးစေခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တာဝန်ရှိသူတွေဟာ ဒီအချိန်မှာ အရေးမပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကြီးကို မစားရ၀ခမန်း အဓမ္မလုံးပန်းရင်း နာဂစ်ထောက်ပံ့ကူညီရေးအဖွဲ့တွေနဲ့ အဖွဲ့သားတွေ အမြောက်အများကို တားဆီးပိတ်ပင်နှောက်ယှက်ခဲ့ကြပါတယ်။ သူတို့ ဘာကိုကြောက်ကြတာလဲ။

အာဏာယူ စတက်လာပြီးကတည်းက ပြုလုပ်ခဲ့သမျှ အပြောင်းအလဲတွေဆိုတာလဲ သူတို့သက်ဆိုင်ရာမိသားစုဝင်တွေ ချမ်းသာကြီးပွါးရေးကို ရှေးရှုခဲ့ကြတာချည်းပဲ ဖြစ်ပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေကို တန်းလုံးကျွတ်အောင်မြင်ရေး ဆိုတဲ့ကျွေးကြော်သံနဲ့ အကြီးအကျယ်ဖိအားပေးခဲ့တယ်။ သက်ဆိုင်ရာကျောင်းအသီးသီးက ဆရာ/ဆရာမတွေဟာ ကိုယ့်အတန်းက ကျောင်းသူ/ကျောင်းသားတစ်ယောက်ယောက် အရည်အချင်းမမီလို့ ကျရှုံးတာရှိရင် သက်ဆိုင်ရာက စစ်လားဆေးလားလုပ်လွန်းလို့ ခေါင်းအရှုပ်မခံကြတော့ပဲ တန်းလုံးကျွတ်အောင်ပေးလိုက်ကြရတယ်။ ဒီမှာတင် သူတို့ပြုပြင်ထားတယ်ဆိုတဲ့ ပညာရေးစနစ်ကြီးဟာ ပျက်စီးခြင်းမက ပျက်စီးရတော့တာပါပဲ။ စာမကျက်လဲ အောင်မှာပဲလို့ အတွေးဝင်သွားကြတဲ့ ကျောင်းသားငယ်လေးတွေရဲ့ အနာဂတ်ကို သူတို့ပြောင်းလဲထားတဲ့ ပညာရေးစနစ်ဆိုးကြီးက ဖျက်ဆီးပစ်လိုက်ပါပြီ။

စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး ဦးပိုင်စနစ်ထူထောင်၊ စီးပွါးရေးအကြောင်းဘာမှနားမလည်တဲ့ လူတွေက အထက်မှာနေရာယူပြီး လက်ဝါးကြီးအုပ်ထားလို့ အောက်ကလူတွေ အသက်ရှုကြပ်ပြီး အရင်းပြုတ်ခဲ့ကြရတယ်။ ကုန်ဈေးနှုံးတွေအဆမတန်တက်လာပြီး တစ်နိုင်ငံလုံးရှိ သာမန်ပြည်သူအများစုနဲ့ လက်လုပ်လက်စားတွေဟာ ထမင်းနပ်မှန်ဖို့အရေး ရရာအလုပ်ကို အရဲစွန့်လုပ်ကိုင်နေကြရရှာတယ်။ သူတို့နဲ့ ပုလင်းတူဗူးဆို့ပေါင်းသင်းနိုင်တဲ့ လူတွေကတော့ ကားတစ်စီးမှ နှစ်စီး၊ တိုက်တစ်လုံးမှ နှစ်လုံး စသည် ကြီးပွါးလာပြီး လမ်းပေါ်လျှောက်နေကြတဲ့ သာမန်ပြည်သူတွေကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်နေနိုင်ကြတယ်။ “မင်းတို့ မပေါင်းတတ်လို့ ငတ်နေတာ” ဆိုတဲ့ အပြောမျိုးတွေလဲ တိုင်းချစ်ပြည်ချစ်လူထုရဲ့နားထဲမှာ မကြားချင်ဆုံးကြားနေကြရရှာတယ်။ နောက်ဆုံးတော့ ငါ့ဝမ်းပူဆာမနေသာအဖြစ်မျိုးနဲ့ ကြုံလာရတဲ့အခါ မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို ရှေ့မျက်နှာနောက်ထားပြီး ပေါင်းကြ သင်းကြရတော့တယ်။ ဒီမှာတင် တိုင်းပြည်ရဲ့စီးပွါးရေးဟာ အဖတ်ဆယ်မရအောင် ထိုးကျလာရပြီး ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမူတွေဟာ ကြီးထွားသထက် ကြီးထွားလာရတာပါပဲ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကိုတော့ အများသိကြတဲ့အတိုင်း သူတို့ဖင်မြဲရေးရှေးရှုတဲ့ စည်းကမ်းဥပဒေတွေကိုပဲ ထုတ်ပြန်ခဲ့ကြတယ်။ ထမင်းငတ်မှာကြောက်ကြတဲ့ ဥပဒေပညာရှင်တွေကို သေနတ်ပြောင်းဝမှာ ဘောလ်ပင်တပ်ရေးခိုင်းပြီး ပြည်သူချစ်ခင်လေးစားတဲ့ အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချလုပ်ရင်း လုံးဝအာဏာရှင်ဆန်တဲ့ စနစ်ကို မွေးမြူခဲ့ကြတယ်။ ကြပ်ဖွံ့နဲ့ စွမ်းအားရှင်ဆိုတဲ့ ပြည်သူ့နှိမ်နှင်းရေး အဖွဲ့ကြီးနှစ်ဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံရေးလမ်းကြောင်းပေါ်က ပြည်သူ့ဘက်တော်သားတွေနဲ့ ရဟန်းသံဃာတော်များကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့ကြတယ်။ ပြည်ပနဲ့ တတ်နိုင်သမျှ အဆက်အသွယ်ဖြတ်ပြီး သူတို့ကို အားပေးထောက်ခံလောက်တဲ့ တရုတ်တို့လိုအာဏာရှင်နိုင်ငံတွေနဲ့ပဲ အပေါင်းအသင်းလုပ်ရင်း တိုင်းပြည်တစ်ခုလုံးကို ကမ္ဘာ့အလယ်မှာ အထီးကျန်ဆန်၊ အောက်တန်းကျအောင် ဖန်းတီးခဲ့ကြတယ်။

လူမှုရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဗိုလ်ကတော်တွေစုပြီး အမျိုးသမီးရေးရာအဖွဲ့ကို တစ်နိုင်ငံလုံးဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က တိုင်းပြည်အတွက်ဘာလုပ်ပေးခဲ့သလဲ။ အမျိုးသမီးတွေရဲ့ ဘ၀အထွေထွေကို ဘယ်အထိမြှင့်တင်ပေးနိုင်ခဲ့သလဲ။ ငါ့ယောက်ျားကဘာရာထူး၊ နင့်ယောက်ျားကဘာရာထူးစသဖြင့် သူတို့ယောက်ျားတွေရဲ့ ရာထူးအာဏာကို လူသိရှင်ကြားလုပ်ဖို့ အစည်းအဝေးတွေထိုင်၊ အတင်းပြောဖို့လောက်ပဲ တတ်နိုင်ကြတဲ့အဖွဲ့လို့ ဆိုချင်တယ်။ သူတို့လက်ထက်မှာ မြန်မာပြည်တစ်ဝှန်း စားစရာမရှိလို့၊ ကျောင်းစရိပ်မတတ်နိုင်လို့ ကိုယ့်ကိုယ်ကို ရရာဈေးနဲ့ ရောင်းစားလိုက်ရတဲ့ အမျိုးကောင်းသမီးလေးတွေနဲ့ ကျောင်းသူလေးတွေရဲ့ အရေအတွက် ဘယ်လောက်တိုးလာတယ်ဆိုတာ သူတို့သိကြပါရဲ့လား။ ဘားခန်းတွေ၊ အနှိပ်ခန်းတွေ၊ နိုက်ကလပ်တွေနဲ့ ဟိုတယ်တွေမှာ သူတို့ယောက်ျားတွေရဲ့ ခြေတော်အတင်ခံခဲ့ကြရရှာတဲ့ အမျိုးသမီးပျိုလေးတွေ ဘယ်လောက်ထိ များနေတယ်ဆိုတာကိုရော အဲဒီအမျိုးသမီးရေးရာအဖွဲ့ဝင် ဗိုလ်ကတော်တို့ သိကြပါရဲ့လား။ အဲဒီအမျိုးသမီးလေးတွေရဲ့ ဘ၀အခြေအနေတွေကို အမျိုးသမီးရေးရာအဖွဲ့ကြီးက ဘာလုပ်ပေးခဲ့သလဲ။

စစ်အာဏာရှင်တွေက ဗားမားဆိုတဲ့ ပြုပြင်ပြောင်းလဲဖို့အလွန့်ကို လိုအပ်နေတဲ့ မြန်မာပြည်ကြီးကို အိုနေဟောင်းနေတဲ့ဘ၀ထဲက မလွတ်မြောက်အောင် အထက်ပါအရေးအမျိုးမျိုးနဲ့ ထိမ်းချုပ်နှိပ်ကွတ်ရင်း အိုဗားမားဇာတ်သွင်းနေချိန်မှာ “ပြုပြင်ပြောင်းလဲမှု လုပ်စရာမရှိလောက်အောင်ကို တိုးတက်နေတဲ့ အမေရိကနိုင်ငံ” မှာ “ပြုပြင်ပြောင်းလဲရေး” ကြွေးကြော်သံနဲ့ အောင်ပွဲခံပြီး သမ္မတဖြစ်လာသူကတော့ အိုဗားမားပါပဲ။ အများသိပြီးကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ရက်တစ်ရာပြည့် သမ္မတသက်တမ်းတောက်လျှောက် သူ့တိုင်းပြည်နဲ့ သူ့လူမျိုးတွေအတွက် သူဆောင်ရွက်ခဲ့တာတွေကို သတင်းစာအသီးသီးက စိတ်ဝင်တစား ရေးသားတင်ပြလာခဲ့ကြပါတယ်။

သတင်းသမားအချို့အမြင်အရ “အားရလောက်တဲ့အခြေအနေမဟုတ်သေးဘူး” လို့ ဝေဖန်တဲ့သူတွေက ဝေဖန်ခဲ့ကြပေမဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာ စီးပွါးရေးကပ်ဆိုက်ပြီး ထမင်းငတ်လုလုဖြစ်နေတဲ့ သူ့ပြည်သူပြည်သားတွေရဲ့ အိုးအိမ်စည်းစိမ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ပါပဲ။ ပြည်သူလူထုတွေ ဒုက္ခနဲ့ရင်ဆိုင်ရတော့မည့်အချိန်မှာ မင်းဖြစ်လာတဲ့အိုဗားမားဟာ တခြားသမ္မတတွေထက် ပိုပြီး ရုန်းကန်နေရတယ်ဆိုတာတော့ သေချာပါတယ်။ အခုလောလောဆယ်ဖြစ်နေတဲ့ Swine Flu ဘေးရန်ကို ကာကွယ်တားဆီးဖို့အရေးလဲ သူကိုယ်တိုင်အားသွန်ခွန်စိုက်ပါဝင် ကြိုးပန်းနေတာ တွေ့မြင်နိုင်ပါတယ်။ ဒါတောင် သူတို့နိုင်ငံမှာ ဘာမှဖြစ်သေးတာမဟုတ်ပါဘူး။ အသေအပျောက်တောင် တစ်ယောက်စ၊ နှစ်ယောက်စပဲရှိပါသေးတယ်။ လူသိန်းချီသေဆုံးခဲ့ရတဲ့ မြန်မာပြည်က နာဂစ်ဘေးအပေါ် စစ်အာဏာရှင်တွေ တုန့်ပြန်ပုံမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် အသည်းရှိသူတိုင်း နာကျင်စရာကြီးပါ။

နာဂစ်မွှေတဲ့ မေလထဲရောက်လာလို့ သွားလေသူတွေကို သတိရတမ်းတမိရင်း ထိခိုက်လာတဲ့နာကျင်မှုကို မခံစားနိုင်တဲ့အတွက် ကျနော်ရေးလိုက်တာ နိုင်ငံရေးဆန်ဆန်တောင်ဖြစ်သွားပြီလား မသိတော့ပါဘူး။ ဖြစ်သွားရင်လဲ စာဖတ်သူက ဒီစာကို နိုင်ငံရေးစာလို့ပဲ အောင့်မေ့ပါတော့ဗျာ။ တကယ်တော့ ကျနော်တို့အားလုံးဟာ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်စကားနဲ့ပြောရရင် “နိုင်ငံရေးသတ္တ၀ါတွေချည်းပါပဲ” 'Man is a political animal" လို့ သူပြောခဲ့တာရှိပါတယ်။ အပြောင်းအလဲကို လိုလားကြတဲ့ ကျနော်တို့ဟာ အပြောင်းအလဲမဖြစ်သေးလို့ အားမလိုအားမရနဲ့ အပြောင်းအလဲဖြစ်ဖို့အရေး မျှော်တွေးရင်း ဒီစာကို ကျနော်ရေးကြောင်းပါ။ နောင်လဲ အလျှင်းသင့်သလို ရေးနေရဦးမှာပါပဲ။ ကျနော်တို့တတွေအားလုံးဟာ ပြောင်းလဲချင်ကြပြီလေ။

http://news.bbc.co.uk/1/hi/world/asia-pacific/8026834.stm

Monday, April 20, 2009

ဗြိတိရှတို့ရဲ့ အတိုက်အခံနဲ့ အာဏာရပါတီခေါင်းဆောင်တို့ ဆွေးနွေးပွဲ (၄)

၁၉၉၇-မှ စတင် ၀န်ကြီးချုပ်ဖြစ်လာသော Labour Party ခေါင်းဆောင် Gordon Brown နဲ့ အတိုက်အခံ Conservative Party ခေါင်းဆောင် David Camron တို့ဆွေးနွေးပွဲ။ နားဆင်ကြည့်ပါ။

ဗြိတိရှတို့ရဲ့ အတိုက်အခံနဲ့ အာဏာရပါတီခေါင်းဆောင်တို့ ဆွေးနွေးပွဲ (၃)

၁၉၉၀-မှ ၁၉၉၇ အထိ အာဏာရ Conservative Party ခေါင်းဆောင် John Jajor နဲ့ အတိုက်အခံ Labour Party ခေါင်းဆောင် Tony Blair တို့ရဲ့ ဆွေးနွေးခန်း။ နားဆင်ကြည့်ပါ။

ဗြိတိရှတို့ရဲ့ အတိုက်အခံနဲ့ အာဏာရပါတီခေါင်းဆောင်တို့ ဆွေးနွေးပွဲ (၂)

၁၉၇၉-မှ ၁၉၉၀ အထိ အာဏာရ Conservative Party ခေါင်းဆောင် အမျိုးသမီးဝန်ကြီးချုပ် Margaret Thatcher နှင့် ပါလီမန်အမတ်များ ဆွေးနွေးခန်း။ နားဆင်ကြည့်ပါ။

ဗြိတိရှတို့ရဲ့ အတိုက်အခံနဲ့ အာဏာရပါတီခေါင်းဆောင်တို့ ဆွေးနွေးပွဲ (၁)

အတိုက်အခံ Conservative Party ခေါင်းဆောင် David Camron နဲ့ Labour Party ခေါင်းဆောင် ၀န်ကြီးချုပ် (၁၉၉၇-၂၀၀၇) Tony Blair တို့ရဲ့ ဆွေးနွေးခန်းနှင့် ၀န်ကြီးချုပ်ရဲ့ နှုတ်ဆက်မိန့်ခွန်းများ။ နားဆင်ကြည့်ပါ။