Showing posts with label ဦးရှင်/ဦးတင် ဆွေးနွေးခန်း. Show all posts
Showing posts with label ဦးရှင်/ဦးတင် ဆွေးနွေးခန်း. Show all posts

Wednesday, February 9, 2011

ရှောင်ရန် ဆောင်ရန် သမီးများ


ဒီကနေ့ အလန်းတန်းရွာက ကျောင်းဆရာလေးမောင်သောကြာတစ်ယောက် ပျင်းပျင်းရှိသည်နှင့် အဖိုးနှစ်ဖေါ်ရှိရာ ရွာဦးကျောင်းတောင်ပေါ်ဘုရားသို့ ရောက်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း အဖိုးနှစ်ယောက်မှာ လောကရေး ဓမ္မရေး ဆွေးနွေးငြင်းခုံရင်း သူတို့၏လက်ကျန်ဘ၀သက်တမ်းကို ဘုရားရိပ်တရားရိပ်မှာပင် ကုန်လွန်စေနေကြသည်။ အဖိုးနှစ်ဦးနှင့်စကားပြောရသောအခါမှာဖြစ်စေ၊ ယင်းတို့ဆွေးနွေးသည်ကို နားထောင်ရသောအခါမှာဖြစ်စေ ကျောင်းဆရာလေး မောင်သောကြာအတွက် ဗဟုဿုတရဖွယ်အလီလီပင် ဖြစ်နေတော့ရကား အိမ်မှုကိစ္စ၊ ကျောင်းကိစ္စတွေပစ်ပယ်ကာ အဘိုးတို့နှင့်သာ အတူလာနေလိုက်ချင်တော့သည်ဟု မောင်သောကြာမကြာခဏအတွေးပေါက်နေမိသည်။

သို့သော်လည်း ငယ်ရွယ်သေးသော ကျောင်းဆရာလေးခမျာမှာ လူငယ်တို့ဘာသာဘာဝ ဖြစ်ပေါ်တတ်သော လောကီသားတို့၏ ယိုးတိုးရွတစိတ်ကိုလည်း ထိမ်းသိမ်းနိုင်စွမ်းနည်းပါးနေသေးလေရာ စိတ်နောက်ကိုယ်ပါ ပျိုကညာထိုထို၏ အပိုအလိုမရှိ အလှတွေကိုမူးရစ်မိသဖြင့် စိတ်ညစ်ညစ်နှင့် တောင်ပေါ်ဘုရားသို့ ရောက်လာရပေတော့သည်။ ဘုရားရိပ်တရားရိပ်ကို နင်းမိလင့်ကစား အရင်းထိနေတဲ့ချစ်စိတ်ကို မတွန်းလှန်နိုင်သဖြင့် ငိုင်တိုင်တိုင်အပူရုပ်ကို အမူလုပ်ဟန်ဆောင်ကာသွားပေမင့် သမုဒယကုန်သဖြင့် သုတစုံဝင့်ထည်နေတဲ့ အဖိုးနှစ်ယောက်တို့ရှေ့ ရောက်သောအခါ အကင်းပါးလှသော အဖိုးတို့၏အကဲခတ်မှုကိုမူ မကျော်လွှားနိုင်ခဲ့တော့ချေ။

ဦးတင်။ ဟေး မောင်သောကြာ မင်းလည်းမလာတာ အတော်ကြာနေပေါ့လကွာ၊ ဘယ်နှယ်လည်း ကိစ္စ၀ိစ္စတွေ တော်တော်များနေတယ်ပေါ့ ဟုတ်လား။ နို့ ဒါနဲ့ မင်းကြည့်ရတာ ငိုင်တိုင်တိုင်နဲ့ ဧကန္တတော့ မင်းထိနေပြီထင်တယ်နော်။

ဦးရှင်။ အေးဟေ့ ငါလည်း မင်းမြင်ကတည်းက သတိထားမိတယ်။ ရွှင်ရွှင်ပြပြမရှိလှတဲ့မင်းရုပ်က ဧကန္တတော့ ကြင်ကြင်နှမနဲ့ လွဲလွဲနေတာများလား ငါ့မြေးရ။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဘမျိုး ဘိုးမတူဖြစ်တဲ့ ကျနော့်ကိုယ် ကျနော်ပဲ အပြစ်တင်ရတော့မှာပေါ့ အဘိုးတို့ရာ၊ ချိန်လိုက်ရင်း လွဲရင်း လွဲရင်းနဲ့ ကျနော်လည်း ကြာတော့တွတ်ပီသေနတ်လို ဖြစ်နေပြီဗျာ့။

ဦးတင်။ ဟားဟားဟား...........ထင်တော့ထင်သား၊ ငါ့မြေးတော့ တစ်ခုခုတော့ ဖြစ်နေပြီလို့။ နို့ နေစမ်းပါဦး၊ မင်းအဖြစ်အပျက်လေးလည်း ပြောပါဦးကွာ့။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဇာတ်လမ်းကရှည်ပါတယ် အဘိုးရာ၊ တိုတိုပြောရရင်တော့ ကျနော်ကြိုက်တဲ့ကောင်မလေးက သိပ်မရှင်းချင်ဘူး။

ဦးရှင်။ မင်းကလုပ်ပြီ၊ ဘယ်လိုမရှင်းတာလဲ၊ ရှင်းစမ်းပါဦး။

သောကြာ။ မရှင်းတာကို ရှင်းရရင်တော့ ပြီးမှာမဟုတ်ပါဘူး အဘိုးရာ၊ သူက ရှုပ်တယ်ဗျာ့။

ဦးတင်။ ဟာ့ ငါ့မြေးရ...မရှင်းဘူးဆိုမှတော့ ရှုပ်တယ်ဆိုတာ ငါ့တို့လည်း သိပါတယ်ကွာ့။ မင်းစကားကလည်း ပြောလေ ရှုပ်လေပါလား။

ဦးရှင်။ ရှုပ်လို့မရှင်းတာပေါ့ မောင်တင်ရ၊ ကဲ မောင်သောကြာ မင်းစကားက လိုရင်းမရောက်ဘူး။ အဲဒီမရှင်းပဲ ရှုပ်တဲ့ မင်းကောင်မလေးအကြောင်း ပြောစမ်းပါဦး။

သောကြာ။ ဒီလိုပါအဘိုး၊ သူက ကျနော့်ကိုလည်း လက်မလွှတ်ချင်ဘူး၊ ပြီးတော့ တခြားတစ်ယောက်နဲ့လည်း မကင်းမကင်း လုပ်နေတယ်။ အဲဒါကို ကျနော်စိတ်ပျက်တာပါ။

ဦးတင်။ ဟားဟားဟား...........ဖြစ်ရမယ်၊ ဖြစ်ရမယ်။ မင်းက ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေကို ကြိုတင်မှ သိမထားပဲကိုးကွာ့။ မင်းကောင်မလေးက ရှောင်ရမည့်သမီး အမျိုးအစားထဲ ပါနေတာဖြစ်မှာပေါ့ ကောင်လေးရ။

ဦးရှင်။ ဒီနေရာမှာတော့ မောင်တင်ပြောတာကို ငါလည်း မသိဘူးဟေ့။ လင်းစမ်းပါဦး၊ ဘယ်လိုသမီးကို ရှောင်လို့ ဘယ်လိုသမီးကို ဆောင်ရမလဲ ဆိုတာလေး။

သောကြာ။ ကျနော့်အနေနဲ့ပြောရရင်တော့ သူကကျောင်းမှာကျနော်နဲ့အတူတူ လုပ်ဖေါ်ကိုင်ဖက်မို့ သံယောဇဉ်ဖြစ်သွားတာပါ။ နောက်ဆုံး သူ့ကို ယူဖို့အထိ ကျနော်စိတ်ထဲ ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ဇဝေဇ၀ါတွေ ဖြစ်ကုန်ပြီ။

ဦးတင်။ ဖြစ်စရာရှိတော့လည်း ဖြစ်ရမှာပဲပေါ့။ ဒီလိုကွာ့။ ငါတို့လူ့လောကဆိုတာ အစကတည်းက ရှုပ်ပြီးသားပါ။ ကတယ်တော့လည်း လောကက မရှုပ်ပါဘူး။ လောကမှာ ကျင်လည်နေတဲ့ လူတွေကသာ ရှုပ်နေတာပါ။ သူတို့ရှုပ်တာနဲ့ လောကကိုပဲ အပြစ်တင်ပြီး လောကက ရှုပ်တယ်လို့ ပြောနေကြတာ။

ဦးရှင်။ ကဲပါလေ၊ မင်းကလည်းတစ်မျိုး၊ ပြောရမည့်ဟာကို ဒဲ့မပြောချင်ဘူး။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးဆိုတာ ဘယ်ဟာတွေကို ပြောတာလဲ၊ အဲဒါ ပြောလေကွာ။

ဦးတင်။ ပြောမှာပေါ့ အကိုကြီးရာ။ စကားပြောတဲ့အခါ နိဒါန်းမပါရင် ခေါင်းမပါတဲ့လူလို ဘယ်ကြည့်ကောင်းပါ့မလဲ၊ နိဒါန်းလေးတော့ ပျိုးပါရစေဗျာ။

ဦးရှင်။ ဟုတ်ပါပြီ၊ အခု မင်း နိဒါန်းပျိုးပြီးပြီမို့လား။ စာကိုယ်လုပ်တော့လေကွာ။

သောကြာ။ အဘိုးနိဒါန်းကလည်း နေ၀င်တော့မယ်။ အဆုံးသတ်ဖို့ ကောင်းပါပြီ။

ဦးတင်။ ဒီလိုကွာ့၊ မောင်သောကြာရ။ လောကမှာ ရှောင်ရမည့်သမီးက (၃) မျိုးရှိတယ်။ ဆောင်ရမည်သမီးကတော့ (၁) တစ်မျိုးတည်းပဲ။ ရှောင်ရမည့် သမီးကို ဆောင်ပြီး ဆောင်ရမည့် သမီးကို ရှောင်ရင်တော့ မင်းဘ၀ ကံခေပြီသာ မှတ်တော့။

ဦးရှင်။ လိုရင်းလုပ်ပါ ငါ့ညီရာ၊ မင်းမလည်း ဝေ့လည်ကြောင်ပတ်နဲ့။ သိချင်တဲ့လူကို စိတ်ဒုက္ခတော်တော်ပေးတာပဲ။

ဦးတင်။ အကိုကြီးကလည်း ခက်လိုက်ပါဘိ၊ ဆွေးနွေးတယ်ဆိုတာ ပြောသင့်တာတွေ အကုန်ပြောရမှာပေါ့။ ခေါင်းစဉ်တစ်ခုတပ်ထားရင် အဲဒီခေါင်းစဉ်ထဲမှာ အဓိပ္ပါယ်တွေ အလိုလိုပါဝင်နေပြီးသားပဲလေ။ ဘာရှင်းပြနေစရာလိုတော့မလဲ။ ဒါပေမဲ့ စပ်ရာစပ်ရာ နွယ်ရာနွယ်ရာတွေကို ထည့်မပြောရင် ရေချည်းသက်သက်နဲ့ ဟင်းချက်သလို ဖြစ်သွားမှာပေါ့။ ရေချည်းသက်သက် ဟင်းချက်ရင် ရေနွေးပဲဖြစ်မှာပေါ့။ ဘယ်လိုလုပ်ပြီး ဟင်းလို့ ခေါ်နိုင်မတုန်း။

ဦးရှင်။ ကဲပါကွာ၊ အခုမင်းဘာဟင်းချက်မလဲ ပြော၊ ငါပဲ ဟင်းမယ်တွေ ရှာပေးမယ်။ ဟင်းဖြစ်အောင်သာ မြန်မြန်ချက်တော့၊ ဆာတဲ့လူက ဆာနေပြီ။

ဦးတင်။ မောင်သောကြာရေ့ အဲဒါပဲ ကြည့်တော့ကွာ့၊ မင်းအဘိုးက စိတ်မရှည်ဘူး။ ဒါကြောင့်လည်း သူ့တစ်သက်မိန်းမမရခဲ့တာ။ မိန်းမရဖို့လုပ်ရတဲ့ အရည်အချင်းတွေထဲမှာ စိတ်ရှည်တာလည်း ပါတယ်နော်။ အဲဒါတော့ မင်းမှတ်ထားဖို့မမေ့နဲ့ဦး။

သောကြာ။ ဟုတ်ကဲ့ ကျနော် မှတ်ထားလိုက်ပါပြီ အဘိုးလေ။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေက ဘာတွေလဲ ဆိုတာကိုသာ အမြန်ပြောပါတော့။

ဦးတင်။ ဟားဟားဟား.........ဒီနေရာမှာတော့ မင်းလည်း ဘမျိုးဘိုးတူဖြစ်နေပြီ။ ငါနဲ့တော့ မတူဘူး၊ အကိုကြီးနဲ့တူတာ၊ မင်း ဒီလိုသာ စိတ်မရှည်ရင် မိန်းမယူဖို့ စိတ်ကူး မထည့်နဲ့။ မိန်းမဆိုတာ စိတ်ရှည်တဲ့ ယောက်ျားမှ ကြိုက်တာကွာ့။ ဘာဖြစ်လို့လည်း သိလား၊ သူတို့ကိုယ်တိုင်က စိတ်မရှည်တတ်ကြလို့ပဲ။ မိန်းမနဲ့ ကြာကြာပေါင်းချင်ရင် ဥပဒေ များများ မရှိဘူး၊ နှစ်ခုပဲ။ တစ် စိတ်ရှည်ရမယ်၊ နှစ် မသိယောင်ဆောင်နိုင်ရမည်၊ ဒါပဲ။

ဦးရှင်။ မင်းဆိုတဲ့ကောင်က စာတတ်ပေတတ်တော့ ပီသပါတယ်။ လေရှည်တာတစ်ခုကိုတော့ ငါသည်းမခံနိုင်တာအမှန်ပဲဟေ့။ မင်း ဒီနေ့ မပြောတော့ဘူးဆိုရင်လည်း ငါတို့ အိမ်ပဲ ပြန်ကြစို့ကွာ။ နေ၀င်လို့ မှောင်တောင် မှောင်နေပြီ။

ဦးတင်။ အကိုကြီးကလည်း စကားပြောတာပဲဟာ၊ အလင်းအမှောင် မလိုပါဘူး။ လင်မယားဖြစ်ရင် အမှောင်ထဲပြောတာ ပိုတောင်ကောင်းသေးတယ်။ အကိုကြီးက လူပျိုကြီးဆိုတော့ ဒီသဘောတရားကို ပြောလည်း နားလည်မယ်မထင်ပါဘူးဗျာ။ ကျနော်ဆို အိမ်ကအဖွါးကြီး စိတ်ဆိုးတဲ့အခါတိုင်း လင်းနေတဲ့ မီးတွေ အကုန်ပိတ်ပြီးမှ ချော့ရတာ။ ခဏပဲ။ အဲဒီအထာကို ကျနော်သိနေတော့ အဖွါးကြီးက သူအရင်ဦးအောင် မီးပိတ်တာကလား။

သောကြာ။ အဘိုးကလည်းဗျာ၊ ပြောရင်းပြောရင်း ကုတင်ပေါ်ရောက်သွားပြန်ပြီ။ အဲဒါနောက်ကြုံမှပဲ ပြောပါဗျာ။ လောလောဆယ် ကျနော်ရှောင်ရမည့်၊ ဆောင်ရမည့် သမီးစာရင်းပဲ ပြောပါတော့။

ဦးတင်။ ဒီလိုကွာ့ မောင်သောကြာရ၊ ငါတို့ယောက်ျားတွေအတွက် လောကမှာ ရှိတဲ့ သမီးတွေကို အုပ်စုခွဲပြီး စစ်တမ်းကောက်လိုက်ရင် ရှောင်ရမည့် သမီးနဲ့ ဆောင်ရမည့်သမီးဆိုပြီး (၂)မျိုးပဲ ရှိတာပေါ့။ ရှောင်ရမည့် သမီးတွေကတော့...
(၁) နှပ်သမီး၊
(၂) နန့်သမီး၊
(၃) နပ်သမီး၊
အဲဒီသမီးသုံးပါးတော့ ရှောင်ပေတော့၊ မရှောင်နိုင်ရင်တော့ မင်းဘ၀ ဒီတစ်ပတ် သောကြာကနေ နောက်တစ်ပတ်သောကြာရောက်လည်း ကောင်းစားဖို့ မရှိဘူး။

ဦးရှင်။ ဟားဟားဟား.........ငါလည်း ဒီအရွယ်အထိရှိနေပြီ။ မင်းပြောတဲ့သမီးသုံးပါးတော့ မကြားဖူးပေါင်ဗျာ။ ဘယ်ကျမ်း ဘယ်စာပေကလာလို့ ဒီသမီးစာရင်းကို မင်းက တင်ပြနေရတာလဲ၊ လင်းစမ်းပါဦး။

ဦးတင်။ အကိုကြီးက မိန်းမအကြောင်း မသိလို့ ဒီစကားပြောတာပါ။ အကိုကြီး လူပျိုကြီးဖြစ်နေတာကိုက ဒီသဘောတွေကို နားမလည်ခဲ့တာကြောင့်ပဲ။ စာပေကျမ်းဂန်တွေဆိုတာ အတွေ့အကြုံရှိတဲ့လူတွေက ရေးခဲ့တာချည်းပဲ မဟုတ်လား။ တကယ်လို့ အခုကျနော်ပြောတာတွေကို စာပေကျမ်းဂန်ထဲ မပါလို့ လက်မခံနိုင်ရင်တော့ အကိုကြီး မှားသွားပြီသာမှတ်တော့။ ရှေးကစာအုပ်စာပေထဲ မပါတဲ့အကြောင်းအရာကို အမှန်လို့ မယူဆနိုင်တဲ့လူဟာ ယနေ့ခေတ်မှာ တိုးတက်ထွန်းကားနေတဲ့ အခြေအနေတွေကို ဘယ်ပုံဘယ်နည်းနဲ့ လက်ခံမလဲ။ ဒါပေမဲ့ လက်မခံလို့မှ မရပဲ။ အကိုကြီးမျက်မြင်ပဲလေ။ ကျနော်ပြောတာတွေက ကျနော့်ဘ၀နဲ့ ကြုံရတာတွေကို ပြောပြနေတာပါဗျာ့။ လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ရှေးစာပေဆိုတဲ့ ပေတံနဲ့ လာမတိုင်းပါနဲ့။

ဦးရှင်။ ကဲပါကွာ၊ မင်းက ငါ့ထက်စာတတ်တာကို လက်ခံပါတယ်။ မင်းပြောစရာရှိတာသာ ဆက်ပြောပါ။ နေပါဦး၊ မင်းပြောတဲ့ နှပ်သမီး၊ နန့်သမီး၊ နပ်သမီး ဆိုတာတွေက ဘာတွေတုန်း။ ငါတော့ နတ်သမီးပဲ ကြားဖူးတယ်။ မင်းပြောတာတွေတော့ အခုမှပဲ အသစ်အဆန်းလုပ်ပြီး မှတ်ရတော့မှာပဲ။

ဦးတင်။ ဟဲဟဲ.......ဒီနေရာမှာတော့ “အသက်ကြီး တစ်နည်းသာ” ဆိုတဲ့ဆိုရိုးစကား မှားသွားပြီ။ အကိုကြီးက ကျနော့်ထက် အသက်ကြီးပေမဲ့ ဒါတွေကို အခုမှ သိရတော့မယ် မဟုတ်လား။ အဲဒါပြောတာပေါ့၊ အတွေ့အကြုံပါလို့။ အသက်ဘယ်လောက်ကြီးကြီး၊ အတွေ့အကြုံ နုရင် ကလေးသာသာပဲ အကိုကြီးရ။ ကျနော်ပြောတာ စာပေအတိုင်းပြောတာနော်။

ဦးရှင်။ အဲဒါတော့ မင်းလိုရာဆွဲပြောတာ ငါသိပါတယ်ငတင်ရာ။ ဟိုးအင်္ဂုတ္တရာနိကာယ်၊ ဒုကနိပါတ်ထဲက အရှင်နုရုဒ္ဓါနဲ့ ပုဏ္ဏားကြီးတစ်ယောက် ပြောတဲ့စကားကို ယူပြောတာ မဟုတ်လား။

ဦးတင်။ လိုရာဆွဲပြောတာ မဟုတ်ဘူး၊ လက်တွေ့အသုံးချလိုက်တာပါ။ ထားလိုက်ပါတော့။ ကျနော်ပြောတဲ့ သမီးတွေအနက်.......နှပ်သမီးဆိုတာက ကိုယ့်အသက်နဲ့စာရင် အလွန်ငယ်ရွယ်တဲ့ မိန်းမတွေကို ဆိုလိုတယ်။ ဒါက တင်စားပြောတာပါ။ နှပ်သမီးဆိုတာ ကိုယ့်နှာခေါင်းကထွက်ကျလာတဲ့ နှပ်ကိုတောင် နိုင်နိုင်နင်းနင်း မသုပ်နိုင်သေးတဲ့ အရွယ်ပေါ့။ ယောက်ျားတစ်ယောက်ဟာ သူ့ထက် အသက်အများကြီးငယ်တဲ့၊ ဥပမာဗျာ...၁၅ နှစ်၊ နှစ် ၂၀၊ ၃၀ လောက်ငယ်တဲ့မိန်းမကို ယူတယ်ဆိုပါစို့။ တစ်ချိန်လုံး စိတ်ပူပင်နေရတယ်။ တကယ်တော့ အဲလိုသက်ကျားအိုကို ယူတဲ့မိန်းမအနေနဲ့လည်း မလွှဲသာလို့ ယူရတာပဲ များပါတယ်။ တကယ့်တကယ်ကို ချစ်တဲ့စိတ်ရိုးရိုးနဲ့ယူတာ ခန့်ရှားရှားပဲလေ။ အဲဒီတော့ ယူမိတဲ့ ယောက်ျားဖက်မှာ စိတ်မချနိုင်မှုစတဲ့ သောကတွေများရသလို၊ မိန်းမဖက်မှာလည်း ဒီအဖိုးကြီးဘယ်တော့သေပြီး သူ့အမွေတွေကို ငါပိုင်ဆိုင်ပြီး နောက်လင်ငယ်ငယ်နဲ့ နေရမလဲ ဆိုတာတွေပဲ တွေးနေတာ။ အဲဒါကြောင့် ကျနော်က နှပ်သမီးကိုလည်း ရှောင်ရမယ်လို့ ပြောတာပါ။ ခင်ဗျားအတွက်မဟုတ်ပါဘူး။ မောင်သောကြာအတွက် ပြောတာပါ အကိုကြီးရာ။

သောကြာ။ ကျနော်ချစ်တဲ့ ကောင်မလေးက ကျနော်နဲ့ အသက်သိပ်မကွာပါဘူး အဘိုးရာ။ ကွာလှပါ။ ၃ ၄ နှစ်ပါပဲ။

ဦးတင်။ အဲဒါဆိုရင်တော့ နှပ်သမီးထဲတော့ မပါဘူးပေါ့။ ဒါပေမဲ့ နောက်နှစ်မျိုးဖြစ်တဲ့ နန့်သမီးတွေ၊ နပ်သမီးတွေဖြစ်နေရင်ကောကွာ။

သောကြာ။ အဲဒီအဓိပ္ပါယ်ကို ကျနော်မှ မသိသေးတာ၊ ရှင်းပြဦးလေ။

ဦးတင်။ နန့်သမီးဆိုတာက အရွယ်ရောက်ပေမဲ့၊ ဥပမာ......၁၈ ၁၉ စတဲ့အရွယ်တွေပေါ့ ငါ့မြေးရ။ ယောက်ျားအတွေ့အကြုံမရှိသေးပဲ အဖိုမြင်သမျှ လှုပ်လှုပ်ရွရွဖြစ်တတ်တဲ့ အရွယ်ပေါ့။ ပြောရရင်တော့ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ငါ့ကို စိတ်ဝင်စားတဲ့ ယောက်ျားတွေများလားလို့ လှည့်ကြည့်တတ်တဲ့ နန့်တန့်တန့် ပျန့်တန့်တန့် အရွယ်လေးတွေပေါ့။ သူတို့ရင်ထဲ နှလုံးသားထဲမှာ တစ်ယောက်ယောက်ကို ချစ်မယ်၊ ကြိုက်မယ်လို့ တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးကွာ့။ အဲဒီတော့ ဦးရာလူစနစ်ပဲ။ ကိုယ်ဦးရင် ကိုယ့်ကိုချစ်မယ်၊ သူဦးရင် သူ့ကို ချစ်မယ်ဆိုတဲ့ ဟာမျိုးလေးတွေပေါ့။ အဲဒါမျိုးကို ယူမိရင်လည်း ဒုက္ခပဲ ငါ့မြေးရေ့။ ဘာလို့လည်းဆိုတော့ သူတို့ရင်ထဲမှာ စမ်းသပ်ချင်တာပဲ ရှိတယ်၊ တကယ်ချစ်တဲ့စိတ်ဆိုတာ အဲဒီအချိန်မရှိသေးဘူး။ ကိုယ်နဲ့ ညားပြီးတဲ့အခါကျမှ ကိုယ့်ထက်သူ့အပေါ် ပြုစုနိုင်မယ်လို့ သူတို့စိတ်ထဲထင်မိတဲ့ယောက်ျားမျိုးကို တွေ့ရင် အဲဒီနောက် ကောက်ကောက်ပါသွားတတ်တယ်။ အဒါလည်း မင်းသတိပြုရမယ်။

ဦးရှင်။ မင်းပြောတာတွေ နားထောင်ပြီး ငါငယ်ငယ်က မိန်းမမယူခဲ့တာကိုတောင် ပြန်ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ဒါနဲ့ နောက်တစ်မျိုးကရောကွာ။

ဦးတင်။ လာမှာပေါ့ ကိုကြီးရ။ နောက်ဆုံးတစ်မျိုးကတော့ နပ်သမီးပေါ့။ ယောက်ျားအတွေ့အကြုံများပြီး တွေ့သမျှယောက်ျားတွေကို အချဉ်လိုသဘောထားတတ်တဲ့ မိန်းမတွေပေါ့။ သူတို့က ယောက်ျားကျမ်းကျေသလို ယောက်ျားအထာလည်း နပ်နေကြပြီလေ။ ဘယ်လို သဘောရှိတဲ့ယောက်ျားကို ဘယ်နည်းနဲ့ ဖမ်းရမလဲ ဆိုတာ သူတို့ သိနေပြီ။ အချဉ်ကြိုက်တဲ့ ယောက်ျားကို အချဉ်ကျွေးဖို့ ၀န်မလေးသလို အချိုကြိုက်တဲ့ယောက်ျားကိုလည်း အချိုကျွေးလိုက်မှာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ယောက်ျားတစ်ယောက်ကို အချဉ် သို့မဟုတ် အချိုလို့ပဲ သဘောထားတာဆိုတော့ တကယ်မေတ္တာအစစ်၊ မေတ္တာမှန်ဆိုတာ အတော်ရှားသားကလား။ သူတို့ဘ၀အတွက် အဆင်ပြေမယ်ထင်ရတဲ့ ယောက်ျားတစ်ယောက်ကိုတွေ့ရင် အဲဒီလူအကြိုက်လိုက်ပြီး ပေါင်းလိုက်မှာပဲ။ ပြောရရင်တော့ သူ့ဘ၀ကောင်းစားရေးအတွက် ကိုယ့်ကိုအသုံးချလိုက်တာပဲပေါ့။ အဒီရည်ရွယ်ချက်အရင်းခံနေတဲ့အတွက်ကြောင့် နောက်ဆုံးတစ်နေ့ ကိုယ်ဟာ သူ့အတွက် အသုံးမ၀င်တော့ဘူးလို့ ယူဆတဲ့အခါ ကိုယ့်ကို စွန့်ပစ်သွားဖို့လည်း သူတို့က ၀န်မလေးတော့ဘူး။ အဲလိုဖြစ်တဲ့အခါမှာ တကယ့်မေတ္တာအစစ်နဲ့ ချစ်မိ ပေါင်းသင်းမိတဲ့ယောက်ျားအတွက်တော့ အသည်းကွဲကိန်းပေါ့ ငါ့မြေးရ။ အဲဒီတော့ ဒီလို နပ်တဲ့မိန်းမမျိုးကိုလည်း မင်းကြပ်ကြပ်သတိထားပြီး ရှောင်ပေတော့ဟေ့။

ဦးရှင်။ မင်းပြောတာနဲ့ ငါ့မြေးလေး ဒီတစ်သက် ယူစရာမိန်းမရှာမတွေ့ပဲ ဖြစ်နေပါဦးမယ်ကွာ၊ ကြည့်လည်း လုပ်ပါဦး ပညာရှိကြီးရယ်။ မင်းက အင်ဒိယနိုင်ငံ မဟာဘာရတခေတ်က ပညာရှိကြီး ကာလီဒါသထက်တောင် မိန်းမကျမ်းကြေနေပါရောလား။

ဦးတင်။ ဟားဟားဟား........အဲဒီ ကာလီဒါသဆိုတဲ့ ပညာရှင်ကြီးက ဘယ်မှာမိန်းမကျမ်းကြေလို့တုန်း။ မိန်းမကျမ်းမကြေလို့ပဲ ရေကန်ထဲက ကြာဖူးလှုပ်တဲ့ ပြဿနာကို သူ့မိန်းမကို ပြောမိလို့ အသတ်ခံလိုက်ရတာ မဟုတ်လား။ သူက နပ်တဲ့ မိန်းမနဲ့တွေ့ခဲ့တဲ့လူလေ အကိုကြီးရ။ သူ့မိန်းမက သူ့ကို အသုံးချပြီး အိမ်ရှေ့မင်းရဲ့ မိဖုရားရာထူးရလိုက်တာ မဟုတ်လား။ ကာလီဒါသ ပညာရှိတာ ကျနော်လက်ခံပါတယ်။ မိန်းမကျမ်းနဲ့ ပတ်သက်လို့ကတော့ ကျနော့်ဆီက သင်ယူရလိမ့်ဦးမယ်။

သောကြာ။ အင်း.......အဘိုးလေးပြောပုံအရဆိုရင်တော့ ကျနော့်ကောင်မလေးက အဲဒီသုံးမျိုးထဲက နောက်ဆုံးဖြစ်တဲ့ နပ်တဲ့အထဲတော့ ပါချင်ချင်ပဲဗျာ့။ ဒီအတိုင်းဆို ကျနော် သူ့ကို ရှောင်ရတော့မလို ဖြစ်နေပြီ။

ဦးရှင်။ မင်းအဘိုးပြောတဲ့အတိုင်းသာ ရှောင်နေရင်တော့ ဒီလောကမှာ ယူစရာမိန်းမတောင် ရှိတော့မယ် မထင်ဘူး။ တစ်ချို့မိန်းမတွေဟာ သူပြောသလို နန့်ချင်လည်း နန့်မယ်၊ နပ်ချင်လည်း နပ်မယ်ပေါ့ကွာ။ ဒါပေမဲ့ ကိုယ်နဲ့ ညားပြီးတဲ့အခါ ကိုယ်လိမ်မာရင် လိမ်မာသလို သူ့ကို ပြုပြင်သွားရင်လည်း ကိုယ်လိုချင်တဲ့ အမျိုးသမီးကောင်းတစ်ယောက် ဖြစ်လာနိုင်တာပဲလေကွာ။ အရာရာတိုင်းဟာ နုရာက ရင့်လာရတာချည်းပဲလေ။ လူတစ်ယောက်ကို ပုံသေတွက်လို့ ဘယ်ရမလဲ။ ဒီအရွယ် ဒီအခြေအနေမှာ သူဒီလိုဖြစ်နေပေမဲ့ နောင်တစ်ချိန်မှာ ပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။ မင့် အဘိုးလေးပြောတာ ခေါင်းထဲ ထည့်မနေနဲ့။

ဦးတင်။ အကိုကြီးပြောတာ မှန်ပါတယ်။ အရာရာတိုင်းဟာ နုရာက ရင့်လာတာပါပဲ။ ရင့်ယုံမကဘူး မှည့်တောင်လာပါသေးတယ်။ သရက်သီးဟာ နုရာက ရင့်လာတယ်။ နောက်ဆုံးမှည့်လာတယ်။ ဒါပေမဲ့ နုတုန်းကလည်း သရက်သီးပဲခေါ်သလို ရင့်လာ မှည့်လာပြန်တော့လည်း သရက်သီးလို့ပဲ ခေါ်တာမဟုတ်လား။ နုတုန်းက နာမည်တစ်မျိုး ရင့်တော့ တစ်မျိုး၊ မှည့်တော့ တစ်မျိုး နာမည်ရတဲ့ အသီးဆိုတာ ဒီလောကမှာ မရှိပါဘူး။ ဒါဟာ ဗီဇနိယာမသဘောပဲလေ။ လူဟာလည်း ဒီဗီဇနိယာမသဘောထဲ ပါတယ်လို့ ကျတော်ယူဆတယ်။ ဒီသဘောအရ နန့်တဲ့သဘောရှိတဲ့သူဟာ အရွယ်ရလာလည်း နန့်မှာပဲ။ နပ်တဲ့သူလည်း အတူတူပဲ။ ချွင်းချက်အနေနဲ့ ပြုပြင်ပြောင်းလဲ သွားနိုင်တဲ့သူဆိုတာ ရှိကောင်းရှိမှာပါ။ မရှိဘူး မဆိုလိုပါဘူး။ ဒါပေမဲ့ သိပ်ရှားတယ် အကိုကြီး။ ရွာနောက်က မတင်သိန်းကို ကြည့်ပါလား။ အကိုကြီးတို့ ကျနော်တို့ လူပျိုဘ၀ကတည်းက နန့်ကျောဆွဲတာ အခုထိ ပျောက်လို့လား။

ဦးရှင်။ အဲဒါကတော့ကွာ နည်းနည်းပါးပါးရှိမှာပေါ့။ အရာရာကို ပုံသေတွက်မရဘူးဆိုတာတော့ ငါ့ဒဿနပဲ။ မင်းပြောသလို ချွင်းချက်တော့ ရှိတယ်ဆိုရင် အဲဒီချွင်းချက်ဆိုတာလည်း လူကပဲ လုပ်ယူရတာ မဟုတ်လား။ လူဆိုတာ ပြုပြင်ပြောင်းလဲတဲ့ သဘာဝလောကကြီးထဲမှာ စံပြပဲလေ။ သက်ရှိလူသားကို သက်မဲ့အရာဝတ္ထုနဲ့ ခိုင်းနှိုင်းတာကိုတော့ မှန်ကန်တဲ့ ခိုင်းနှိုင်းမှုလို့ ငါတော့ တကယ်မယူဆနိုင်ဘူး။ ဒါနဲ့ မင်း မောင်သောကြာ အသက်ရှုချောင်အောင်တော့ လုပ်ပေးလိုက်ဦး။ အခုရှောင်ရမည့်သမီးတွေကိုတော့ သိရပြီ။ ဆောင်ရမည့်သမီးကကော ဘာတဲ့တုန်းကွာ။

ဦးတင်။ နတ်သမီးပေါ့ အကိုကြီးရ။ နတ်သမီးကို ဆောင်ရမှာပေါ့။

ဦးရှင်။ မင်း မဖြစ်နိုင်တာ မပြောနဲ့။ လူလူချင်းတောင် ဆောင်ဖို့ ဒီလောက်ခက်နေရတဲ့အထဲ၊ ဘယ်ကလာ နတ်သမီးကို ဆောင်လို့ရမှာတုန်း။

သောကြာ။ ဟုတ်ပါ့ အဘိုးရာ၊ ကျနော့်အနေနဲ့ နပ်တဲ့သမီးကိုတောင် မရမက လိုက်နေရတာ နတ်သမီးဆိုရင်တော့ ဝေလာဝေးရော့ပေါ့။ အဘိုးပြောလိုက်မှ စိတ်ဓာတ်တောင် ကျမိတယ်ဗျာ။ ကျနော်လည်း ဒီပုံအတိုင်းဆိုရင်တော့ အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မယ်ထင်ပါရဲ့။

ဦးတင်။ ဟေ့ကောင် မောင်သောကြာရ၊ ငါက ဘုရားဟောတဲ့အတိုင်းပြောနေတာကွာ့။ မင်းအဘိုးကြီးဦးရှင်က ဘုရားစာထဲပါမှ လက်ခံတဲ့လူမဟုတ်လား။ ငါ့အတွေ့အကြုံတွေချည်းပြောရင် သူက သိပ်လက်မခံချင်ဘူး။ ဘုရားက ဟောထားပြီးသာလေ။ နတ်သမီးဆိုတာ ဟိုးလက်လှမ်းမမီနိုင်တဲ့၊ ရှိမှန်း မရှိမှန်း မသေချာတဲ့ တာဝတိံသာတို့ ယာမာတို့လို နတ်ရွာက ဟာတွေ မဟုတ်ဘူး။ အဲဒါတွေတော့ မင်းသေမှပဲ ကောင်းမှုကုသိုလ်ပါရင် ရနိုင်မယ်။ ဒီအတိုင်းတော့ မင်းမစဉ်းစားနဲ့။ နန္ဒမင်းသားတောင် ဘုရားခေါ်သွားလို့ နတ်သမီးမြင်ဖူးတာ။ ဒါလည်း စာကပြောလို့ သိရတာလေ။ ငါတို့ မြန်မာရာဇ၀င်မှာတော့ တရားဖျားမင်းဟာ အောင်ပင်လယ်မှာ နတ်သမီးကို မြင်ပြီး အရူးအမူးဖြစ်သွားတယ်ဆိုပဲ။ ငါ့အထင်တော့ နတ်သမီး မဟုတ်လောက်ပါဘူး။ အတော်အတန်လှပတဲ့ ကျေးတောသူတစ်ယောက်ဖြစ်မှာပါ။ အဲဒီဘုရင်က တောလိုက်ရင်း မောမောပန်းပန်းနဲ့ ကယောင်ကတန်းဖြစ်ပြီး ကျေးတောသူကို မြင်ပြီး တပ်မက်စိတ်ကြောင့် ရူးကြောင်ကြောင်ဖြစ်သွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့နန်းတွင်းက မူးမတ်တွေနဲ့ တွေ့တဲ့အခါ အထင်သေးမှာစိုးလို့ နတ်သမီးကို မြင်ပြီး ဒီလိုဖြစ်သွားတာလို့ အကြောင်းပြတာ ဖြစ်မှာပေါ့။ ရာဇ၀င်ဆိုတိုင်း၊ စာအုပ်ထဲ ရေးထားတိုင်း အမှန်လို့ မှတ်မနေနဲ့။ မင်းတို့လို ကျောင်းဆရာလုပ်တဲ့လူတွေ အဲဒီလို မမှတ်ယူဖို့ ပိုအရေးကြီးတယ်။ မဟုတ်ရင် နောင်လာနောင်သားတွေ အသိမှား အမှတ်မှားတွေ ဖြစ်သွားနိုင်တယ်။

ဦးရှင်။ ဒါဖြစ်ရင် မင်းပြောချင်တဲ့ နတ်သမီးဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ၊ လင်းပါဦး ငတင်ရယ်။ မင်းစကားနားထောင်ရတာလည်း မှောင်ကမှောင်၊ ခြင်ကကိုက်နဲ့၊ ဆာနေတဲ့ဗိုက်တောင် ဘယ်ပျောက်နေပြီးလည်း မသိတော့ဘူး။

ဦးတင်။ နတ်သမီးဆိုတာ ကိုယ့်အပေါ်သစ္စာရှိရှိပေါင်းသင်းနိုင်မည့် မိန်းမကို ပြောတာပေါ့ အကိုကြီးရ။ ကိုယ်နဲ့ စိတ်သဘောထားချင်တူတဲ့ မိန်းမမျိုး။ စိတ်သဘောထားချင်း မတူရင်တောင် ကိုယ့်ကို နားလည်ပေးနိုင်ပြီး ကိုယ့်သဘောနဲ့ အနီးစပ်ဆုံး နေထိုင်တတ်တဲ့ မိန်းမပေါ့။ စာထဲပါတဲ့အတိုင်းပြောရင်တော့ သဒ္ဓါ ဆိုတဲ့ ယုံကြည်မှုချင်းလည်းတူ၊ သီလ ဆိုတဲ့ ကိုယ်ကျင့်တရားချင်းလည်းတူ၊ စာဂ ဆိုတဲ့ လှူရေးတန်းရေးမှာလည်းသဘောတူ၊ ပညာဆိုတဲ့ ဝေဘန်ပိုင်းခြားမှုမှာလည်း သဘောတူရင် အဲဒီမိန်းမကို ဘုရားက နတ်သမီးလို့ ပြောခဲ့တာမဟုတ်လား။ အကိုကြီး ဒီလောက်ဘုရားစာတွေ ဖတ်နေတာ သိမှာပေါ့။ စာထဲပါတဲ့အတိုင်း အဲဒီလေးမျိုးလုံး မတူရင်တောင်မှ ကျနော်ကတော့ ကိုယ့်အပေါ် သစ္စာရှိရှိပေါင်းသင်းနိုင်တဲ့မိန်းမမျိုးကို နတ်သမီးလို့ ခေါ်မယ်ဗျာ။ ကဲ မောင်သောကြာရေ.......မင်းအဲဒီမိန်းမမျိုးကို တွေ့ရင်တော့ ရအောင်ကျိုးစားပြီး ယူပေတော့။ ခုလည်းကောင်း၊ နောင်သံသရာရှိရင်လည်း ကောင်းစားမည့် ဘ၀လက်တွဲဖေါ်၊ သံသရာလက်တွဲဖေါ်ပေါ့ကွာ။

သောကြာ။ ရှာလို့တွေ့ရင်တော့ ဟုတ်တာပေါ့ အဘိုးရာ။ မတွေ့ရင် အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မှာလား။

ဦးတင်။ မင်းအဘိုးကြီးကို အားကျမနေနဲ့။ သူက ရှာမတွေ့လို့ မရတာမဟုတ်ဘူး။ မစွံလို့ မရတာ။ ညံ့လို့မရတာ။ ငါပြောမယ်။ မင်းချစ်တဲ့ ကောင်မလေးကို နတ်သမီးဖြစ်စေချင်ရင်လေ.....မှတ်ထား။ စိတ်ရှည်နိုင်ရမယ်၊ မသိယောင်ဆောင်နိုင်ရမယ်။ လူတိုင်းလူတိုင်းမှာ သူ့ချို့ယွင်းချက်နဲ့ သူရှိတယ်။ အဲဒီချို့ယွင်းချက်ကို ဘယ်တော့မှ၊ အထူးသဖြင့် လူရှေ့သူရှေ့မှာ မပြောမိအောင် စောင့်ထိမ်းနိုင်ရမယ်။ ဒီလိုနေပြလိုက်ရင် မင်းအပေါ် သူနားလည်ပေးလာလိမ့်မယ်။ နောက်ဆုံးရလာဒ်ကတော့ မင်းလောက်ကောင်းတဲ့၊ ကောင်းနိုင်တဲ့ယောက်ျားကို သူ့စိတ်ထဲ၊ သူ့မျက်စိထဲ ရှာမတွေ့နိုင်တော့ဘူး။ ဒါဆို မင်းအပေါ်သူသစ္စာရှိဖို့ ရာခိုင်နှုံးများသွားပြီး။ အဲဒီတော့ မင်းကောင်မလေးက မင်းအတွက် နတ်သမီးဖြစ်ပြီသာမှတ်လိုက်တော့။

ယင်းနောက် အလင်းတန်းရွာနောက်ဘက်ကမ်းခြေရှိ နေနီဝန်းကြီးလည်း အနောက်ဂေါယာသို့ ယွန်းလေပြီဖြစ်ရာ အဘိုးနှစ်ယောက်နဲ့ မောင်သောကြာတို့ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။ မောင်သောကြာ၏ရင်ထဲမှာမူ နပ်သမီးဖြစ်သော သူ့ကောင်မလေးကို အဘိုးပြောတဲ့အတိုင်း နတ်သမီးဖြစ်အောင် ပြောင်းလဲပေးဖို့နည်းလမ်းကို စဉ်းစားရင်း စိတ်မရှည်တတ်သော ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ အရင်တွေးတောမိသဖြင့် သက်ပြင်းအခါခါချနေရပေတော့သတည်း။

Monday, March 1, 2010

မြန်မာပြည် ဘုရားကြွခဲ့သလား?


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် ရွာဦးကျောင်းထိပ်ရှိ ဘုရားကုန်းတော်ပေါ်သို့ ရောက်သွားချိန်မှာ ညနေ လေးနာရီထိုးပြီးခါစဖြစ်သည်။ အရှေ့ကျွန်းမှ ထွက်လာသော နေမင်းသည်ပင် တစ်နေ့တာ တာဝန်ပြီးလုပြီမို့ အနောက်ဂေါယာသို့ ယွန်းလုလုအချိန်။ သို့သော်လည်း နေ့တာရှည်ယာသီစက်မို့ နေရောင်မှာ တောင်ပကောင်းတုန်းပင်ရှိသေးသည်။ ကုန်းတော်ပေါ်သို့ရောက်သွားချိန်တွင် အဘိုးနှစ်ယောက် စကားတပြောပြောနှင့် တံမျက်လှည်းရင်း ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေး လုပ်နေကြသည်ကို ကြည်နူးဖွယ် တွေ့လိုက်ရသည်။ ကိုသောကြာ ၀မ်းသာသွားသည်။

သောကြာ။ ။အဘိုးတို့ နေကောင်းကြလား?

ဦးရှင်။ ။ကောင်းတာပေါ့ မြေးလေးရ၊ ကောင်းလို့ပဲ ဒီလာပြီး ဘုရားဝေယာဝေစ္စတွေ လုပ်နေနိုင်တာပေါ့။

ဦးတင်။ ။ဒါနဲ့ မောင်သောကြာရေ၊ မနေ့က မင်းအမေ အညာဘုရားဖူးရာက ပြန်လာဆိုကွာ့၊ အဘိုးတို့အတွက် ပုန်းရည်ကြီးလေး ပဲလှော်လေးများ ပါဘူးလားကွာ့?

သောကြာ။ ။ပါ ပါပြီကော အဘိုးရာ၊ အဲဒါလာပို့ရင်း အခုလာခဲ့တာပဲလေ။ ဆရာတော်ကျောင်းအတွက်လည်း လှူခိုင်းလိုက်တယ်။ အမေကတောင် မှာလိုက်သေးတယ်။ အမေပြုခဲ့တဲ့ ကောင်းမှုမှန်သမျှ အဘိုးတို့ကိုလည်း ပေးဝေကြောင်း ပြောလိုက်ပါတဲ့။

ဦးရှင်။ ။သာဓုပါဗျာ၊ သာဓုပါ သာဓုပါ။ ကောင်းမှုကုသိုလ်ဆိုတာ ကိုယ်တိုင်ပြုပြီးရင် သူများကိုလည်း ပေးဝေရတယ်ကွဲ့၊ အဲဒါမှ ပိုပြီး အကျိုးကြီးတာကလား။

ဦးတင်။ ။နေပါဦးမောင်သောကြာရဲ့၊ မောင်ရင့်အမေက အညာတစ်ခွင် ဘယ်ဘုရားတွေများဖူးခဲ့တာလဲ၊ ပြောစမ်းပါဦး။

သောကြာ။ ။အစုံပေါ့၊ အဘိုးရ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ ဟိုးမကွေးက ရွှေစက်တော်တောင် ပါသေးတယ်။

ဦးရှင်။ ။ဟာ့ ရွှေစက်တော်ဆိုလို၊ ငါ့စိတ်ထဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်နေတာလေးတွေရှိတယ်ကွာ့၊ မောင်တင်ရ အဲဒီရွှေစက်တော်အကြောင်း မင်းသိသလောက် ပြောစမ်းပါဦး။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း၊ ရွှေစက်တော်အကြောင်း ကျုပ်က ဘာများသူများထက် ပိုသိနေရဦးမှာတုန်း၊ အများသူငါ မှတ်ထားသလို ခရစ်မပေါ်မီ ဘီစီ ခြောက်ရာစုလောက်က မြန်မာပြည်ကို ဘုရားကြွလာတယ်၊ နောက်ပါ ရဟန္တာငါးရာနဲ့အတူ ကျောင်းတော်ရာမှာ သီတင်းသုံးတယ်၊ အဲဒီနောက် နမ္မဒါမြစ်ထဲက နဂါးတောင်းပန်လို့ မြစ်ကမ်းပါးမှာ အောက်ခြေတော်ရာနဲ့၊ တောင်ထိပ်က သစ္စဗန္ဓရဟန်းတော်တောင်းပန်လို့ အထက်ခြေတော်ရာဆိုပြီး ခြေတော်ရာနှစ်ဆူ ချန်ရစ်ခဲ့တယ်။ အဲဒါပဲသိတာပေါ့ဗျာ့။

ဦးရှင်။ ။အဲဒါတော့ ငါလည်း သိပြီးပါပေါ့ ညီမောင်ရ။ ငါသိချင်တာက ဘုရားတကယ်ကြွလာလို့လား? ဘုရားတကယ်ကြွလာတယ်ဆိုတဲ့အကြောင်း စာပေအထောက်အထား ရှိလို့လား? အဲဒါသိချင်တာ။

ဦးတင်။ ။အဲဒါတော့ ကျုပ်လည်း သိဘူးဗျို့။ ဒါပေမဲ့ စာပေမှတ်တမ်းတွေအရပြောရရင်တော့၊ နှစ်ခုစလုံးဖြစ်နိုင်နေတာပဲ။

ဦးရှင်။ ။အဲလိုတော့ ၀ါးမချနဲ့လေ။ ကြွရင်ကြွတယ်၊ မကြွရင် မကြွဘူးပေါ့။ ဘာဖြစ်လို့ နှစ်ခုစလုံးဖြစ်နိုင်ရမှာတုန်း။

ဦးတင်။ ။အော်---ဖြစ်နိုင်တယ်ဆိုတာ ကြွတယ်၊ မကြွဘူးဆိုတာကို ပြောတာမဟုတ်ဘူးလေ။ ကြွတဲ့ဘက်မှာလည်း ပါးစပ်ရာဇ၀င်တွေ အထောက်အထားတွေ ရှိသလို၊ မကြွတဲ့ဘက်မှာလည်း အကြောင်းပြချက်တွေ ရှိနေတာပဲ။ သေချာတာကတော့ ဘယ်သူမှ တိတိကျကျမသိဘူး။ ကြည်ညိုတဲ့စိတ်နဲ့၊ ဒါမှမဟုတ် ဝေဘန်လိုတဲ့စိတ်နဲ့ အငြင်းအခုံဖြစ်နေကြတာ မဟုတ်လား?

ဦးရှင်။ ။အငြင်းအခုံလို့ ပြောချင်လည်း ပြောပေါ့လေ၊ ဒါနဲ့ စာပေအထောက်အထားတွေ ပါးစပ်ရာဇ၀င်တွေဆိုတာတွေက ဘာတွေတဲ့တုန်း၊ ပြောစမ်းပါဦး။


ဦးတင်။ ။ပါးစပ်ရာဇင်တွေကတော့ မြန်မာမှာတင်မဟုတ်၊ ကျုပ်တို့ ထေရ၀ါဒနိုင်ငံတွေမှာရော၊ ဟိုး မဟာယာနနိုင်ငံတွေမှာပါ ရှိနေတာပဲ။ကျုပ်အထင်ပြောရရင် ထေရ၀ါဒဖြစ်ဖြစ်၊ မဟာယာနဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ သူတို့နိုင်ငံကို ဘုရားကြွခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတော့ အနည်းဆုံးရှိနေတာပဲ။ ဘုရားက ကျုပ်တို့တိုင်းပြည်တင်မကဘူး၊ တိဘက်ရော၊ ထိုင်းရော၊ လာအိုရော၊ သီရိလင်္ကာရော အကုန်ရောက်တယ်ဗျား။ သီရိလင်္ကာဆို သုံးခေါက်တောင် ကြွတယ်လို့ သူတို့သမိုင်းတွေက ရေးထားသေးဗျား။

ဦးရှင်။ ။ဟုတ်လား? ကျုပ်မှတ်ထားဖူးတာတော့ ဘုရားက ယူဇနာ (၉၀၀) ရာအတွင်းပဲ ကြွတယ်၊ အဲဒီအပြင်ဘက် မထွက်ဘူးလို့ မှတ်ထားဖူးတယ်။ မင်းပြောတဲ့ ဒဏ္ဍာရီတွေ အရဆိုရင် ယူဇနာကိုးရာအတွင်း ဘယ်ကမလဲ။

ဦးတင်။ ။အဲဒီယူဇနာကိုးရာပြဿနာကတော့ တော်တော်ကြီးတယ်ဗျို့၊ ကြီးပုံကြီးနည်းက ကျုပ်သိသလောက် ပြောရရင် နှစ်မျိုးရှိတယ်။ တစ်က အတိုင်းအတာအရလည်း ပြဿနာဖြစ်နေသလို၊ နှစ်က ဘုရားရှင်ရဲ့ မဟာကရုဏာတော်အရလည်း ပြဿနာပဲ။

ဦးရှင်။ ။မင်းပြောတော့ စိတ်ဝင်စားစရာပါလားဟာ့၊ ဘာတဲ့တုန်း လင်းစမ်းပါဦး။

ဦးတင်။ ။ ဒီလိုလေ အကိုကြီးရ၊ ယူဇနာဆိုတဲ့ အသုံးအနှုံးရဲ့ အတိုင်းအတာပေါ့။ ၀ါဒတွေ အနည်းဆုံး သုံးမျိုးလောက် ကွဲလွဲနေတယ်။ တစ်ယူဇနာရဲ့ အတိုင်းအတာကို အချို့က ၁၂-မိုင်၊ အချို့က ၈-မိုင်၊ အချို့က ၇-မိုင် တဲ့။ အဲဒါမခက်ဘူးလား?၊ အနောက်တိုင်းက ဗုဒ္ဓစာပေဆိုင်ရာ ပါရဂူကြီးတွေကတော့ တစ်ယူဇနာကို ၇-မိုင်နဲ့ လက်ခံထားကြတယ်။

ဦးရှင်။ ။အင်း၊ အဲဒါတော့ ငါလည်း ဘ၀င်မကျတဲ့ ကိစ္စပဲ။ ဒါပေမဲ့ ဟိုးနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်မှာ သုံးခဲ့တဲ့ အတိုင်းအတာဆိုင်ရာ အသုံးအနူံးတစ်ခုကို ဒီခေတ်အမြင်နဲ့ တွက်ကြည့်ရင်တော့ ကွဲလွဲချက်က အနည်းအများဆိုသလို ရှိနေမှာပါပဲ။ တစ်ယူဇနာကို ၁၂-မိုင်နှုံးနဲ့ တွက်ရင်တောင် ယူဇနာကိုးရာဆိုတော့ မိုင်ပေါင်း တစ်သောင်းရှစ်ရာပဲရှိသေးတယ်။ ဘုရားရှင်က အဲဒီအတွင်းပဲ နေတယ် လို့ဆိုလိုရာ ရောက်နေတာပေါ့။

ဦးတင်။ ။ဒါပေါ့ အကိုကြီးရ၊ ကျုပ်ကတော့ အဲဒီကိစ္စကို နည်းနည်းမှ ဘ၀င်မကျဘူး။ ကြည့်လေဗျာ “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” သတ္တ၀ါ အားလုံး ကောင်းစားဖို့ ဘုရားပွင့်လာတာ ဖြစ်တယ် လို့လည်း ဆိုသေးရဲ့။ ဒီယူဇနာကိုးရာအတွင်းပဲ ဘုရားနေတယ်၊ အပြင်ဘက်မထွက်ဘူးဆိုတော့ အဓိပ္ပါယ်က ယူဇနာကိုးရာ အပြင်ဘက်က သက်ရှိတွေကို သတ္တ၀ါစာရင်း မသွင်းတဲ့ သဘော မသက်ရောက်ဘူးလား၊ ဒီထက် ပိုပြောရရင် လူရာမသွင်းတဲ့ ကိစ္စပေါ့ဗျာ့။ ဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အခိုက်မှာ တရားသိနိုင်တဲ့လူတွေ မြန်မာပြည်မှာ မရှိလို့ဆိုတဲ့ အကြောင်းမျိုးတော့ လာမပြနဲ့၊ သမိုင်းကြောင်းအရ ဘုရားရှင်မရှိတဲ့နောက် သာသနာရောက်လာပြီးနောက်ပိုင်းမှာကိုပဲ တရားကျင့်လို့ ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အထောက်အထားတွေ မြန်မာစာပေမှာ အများကြီးရှိနေတာပဲ။

ဦးရှင်။ ။အင်း ဟုတ်တယ်ကွာ့၊ အဲဒီလိုတွေးကြည့်တော့လည်း ရှေ့နောက် တော်တော်မညီတဲ့ ကိစ္စပဲ။ ဒါနဲ့ မင့်သဘောက ဘယ်လို ရှိလဲ၊ ပြောပါဦး?

ဦးတင်။ ။ယူဇနာကိုးရာအတွင်း ဘာညာဆိုတဲ့ စကားတွေက ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်လောက်ကြာမှ ပေါ်လာတဲ့ စကားတွေဗျာ့၊ အဲဒီအဆိုမျိုးတွေ အဖွင့်ကျမ်းတွေကို ကြည့်ရင် နေရာတော်တော်များများမှာ တွေ့နိုင်တယ်။ အဖွင့်ကျမ်းတွေကို ဝေဘန်ရလောက်အောင် ကျုပ် ဉာဏ်မမီပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ လက်မခံနိုင်တာ အမှန်ပဲ။ ဒါ နောက်ပေါ် အင်ဒိယသားတွေက ဘုရားကို သူတို့ပိုင် မနိုပိုလီ လုပ်ချင်တဲ့ သဘောပဲလို့ ကျုပ်ယူဆတယ်။ ဒီထက်ပိုပြောရရင် သူတို့နိုင်ငံအပြင်ဘက်က လူတွေကို လူရာမသွင်းချင်တဲ့ သဘောလို့ ကျုပ်တော့ မြင်တယ်ဗျား။

ဦးရှင်။ ။ဟာ့ ပြင်းထန်လှပါလား၊ နည်းနည်း လျှော့ပါဦး ညီလေးရ၊ တော်ကြာ ရွာဦးကျောင်းဆရာတော်ရဲ့ လေးခွစာမိနေပါဦးမယ်။

ဦးတင်။ ။လျှော့လို့မရဘူး အကိုကြီး၊ ဒီကိစ္စတော့ ဘယ်သူနဲ့ ပြောရပြောရ ကျုပ်ကတော့ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ဘက်က ရပ်တည်ရမှာပဲ။

ဦးရှင်။ ။ဘယ်လိုရပ်တည်မှာတုန်း ပြောစမ်းပါဦး၊ ငါတော့ ဒီကိစ္စ အခုမှလေးနက်မှန်း သဘောပေါက်တယ်။ မင့်မှာလည်း အထောက်အထားတော့ ရှိပုံရတယ်။

ဦးတင်။ ။အထောက်အထားရယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ဒါပေမဲ့ ယုတ္တိကို စဉ်းစားကြည့်ရတာပေါ့။ သတ္တ၀ါများကောင်းစားဖို့ ဘုရားပွင့်လာတာကို လက်ခံရင် ဘုရားကို ယူဇနာကိုးရာအတွင်း သိမ်းထားလို့ ဘယ်ဖြစ်ပါ့မလဲ၊ အပြင်ပေးထွက်ရမှာပေါ့။ အဲဒီကုလားဆိုတဲ့ လူမျိုးက အတ္တအဆန်ပြိုင်ရင် ဘယ်သူနဲ့ ပြိုင်ပြိုင် အနိုင်ပြိုင်မည့် လူစားမျိုးတွေ၊ စာပေတွေက သူတို့ဆီက ဖြစ်လာတာဆိုတော့ သူတို့ရေးချင်သလို ရေးတာလည်း မနည်းဘူးနေမှာ။

ဦးရှင်။ ။ဟာ့ ဟာ့၊ မင့်ပြောတာ နည်းနည်းတော့ ပြင်းထန်နေတယ်ကွာ့၊ တော်ကြာ ဂိုဏ်းခိုက်နေပါဦးမယ် ညီလေးရ။

ဦးတင်။ ။ခိုက်စရာမရှိပါဘူးဗျာ၊ ကျုပ်က အမှန်ကို ပြောနေတာပဲဟာ၊ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ယူဇနာကိုးရာ အပြင်မထွက်ဘူးဆိုရင် ဘာဖြစ်လို့ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကျတော့ ကြွတယ်လို့ ဆိုသလဲ? အဲဒါတွေက ယူဇနာ ကိုးရာအတွင်း မို့လို့လား? အဲဒီရှေ့နောက် မညီတဲ့ စကားတွေကြောင့် ခေတ်ပညာရှင်တွေ၊ အထူးသဖြင့် အနောက်တိုင်းက လူတွေရဲ့ ဝေဘန်အပြစ်တင်စရာဖြစ်နေတာ။

ဦးရှင်။ ။ခေတ်ကာလ ဒီလောက်ကြာလာတော့လည်း ချို့ယွင်းချက်တွေက ရှိကောင်း ရှိနေမှာပေါ့လေ၊ မင်းပြောတာတွေလည်း ယုတ္တိသဘောအရ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီယူဇနာကိုးရာပြဿနာကိုလည်း အဖွင့်ကျမ်းရေးတဲ့ ဆရာတွေက အလွတ်ရေးတာတော့ မဟုတ်လောက်ပါဘူး၊ အထောက်အထားနဲ့ ရေးတာနေမှာပေါ့ မောင်ရင်ရ။

ဦးတင်။ ။အဲဒီအထောက်အထားတွေကိုက ရှေ့နောက် မညီတာ အကိုကြီးရေ့၊ ဘုရားစာတွေကို ဖတ်လိုက်၊ အထူးသဖြင့် သုတ္တန်တွေကို ဖတ်ကြည့်ရင် ဘာနဲ့ စလည်း၊ “ဧ၀ံ မေ သုတံ” နဲ့ စတာပဲ မဟုတ်လား၊ အဲဒီစကားကို အရှင်အာနန္ဒာက ပထမသင်္ဂါယနာတင်ချိန်မှာ ဘုရားရှင်ဆီက သူဒီလို မှတ်သားခဲ့ဖူးပါတယ် လို့ ဆိုလိုတာမဟုတ်လား။

ဦးရှင်။ ။ ဟုတ်တယ်လေ၊ သူက ဘုရားရှင်ရဲ့ အနီးနေအလုပ်အကျွေးတစ်ပါးပဲ။ နောက်ပြီး ဘုရားဟောသမျှတွေကို အကုန်မှတ်မိနိုင်တဲ့ ဉာဏ်မျိုးလည်း သူ့မှာရှိတယ်လို့ ဆိုတယ်မဟုတ်လား။

ဦးတင်။ ။ အဲဒါတော့ ကျုပ်မငြင်းပါဘူး၊ ဒါပေမဲ့ သူဘယ်အချိန်မှာ ဘုရားရှင်ရဲ့ အမြဲနေအလုပ်အကျွေးဖြစ်လာသလဲ ကြည့်လိုက်၊ ဘုရားရှင်ဝါတော်နှစ်ဆယ်ရောက်မှ ဖြစ်လာတာ မဟုတ်လား၊ ဒီတော့ ၀ါတော် နှစ်ဆယ်ရဲ့အရင်တုန်းက ဟောထားခဲ့တဲ့တရားတွေကို ဘုရားရှင်က အကုန်လုံး မချွင်းမချန် သူ့ကို ပြန်ဟောခဲ့တယ်လို့ ဘယ်ဆိုနိုင်မလဲ၊ နောက်ပြီး အရှင်အာနန္ဒာတောင်းတဲ့ ပယ်ဆုလေးမျိုးနဲ့ ယူဆုလေးမျိုးကို ကြည့်လိုက်မယ်ဆိုရင်လည်း ယူဆုလေးမျိုးထဲမှာ အရှင်အာနန္ဒာက “သူမပါပဲ တစ်နေရာရာမှာ တရားဟောရင် အဲဒီတရားကို သူ့ကို ပြန်ဟောပေးရမယ်”လို့ပဲ ပါတယ်။ အဲဒီစကားကိုလည်း အနာဂတ်ကာလနဲ့ လျှောက်ခဲ့တာပဲ၊ အရင်က ဟာတွေ မပါဘူး။ အရင်တုန်းက ဟောခဲ့တဲ့တရားတွေ အကုန်လုံးသူ့ကို ပြန်ဟောရပေးရမယ်လို့ မပါဘူး။ ဒီတော့ ၀ါတော်နှစ်ဆယ်အရင်တုန်းကနဲ့ ဘုရားဖြစ်စမှာ ဟိုဟိုဒီဒီကြွခဲ့တာတွေ အမြောက်အများရှိနိုင်ပေမဲ့ မှတ်တမ်းမကျန်တာတွေ၊ သစ္စာလေးပါးကို သိဖို့ကိစ္စမှာ အရေးမကြီးလှတာတွေကြောင့် ပြန်မပြောပဲ ထားတာလည်း အများကြီးရှိမှာပေါ့ဗျား။

ဦးရှင်။ ။အေးကွာ၊ မင်းပြောမှ ငါလည်း တရေးရေး သဘောပေါက်လာတယ်၊ ဒါဆို ငါတို့တိုင်းပြည်ကို ဘုရားကြွတယ်လို့ လက်ခံရတော့မှာပေါ့နော်။

ဦးတင်။ ။လက်ခံဖို့ ပြောနေတာမဟုတ်ပါဘူး။ လက်ခံဖို့ လက်မခံဖို့က အရေးမကြီးပါဘူး။ အရေးကြီးတာက ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ သနားစိတ်ကြီးတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျှက်နဲ့ နောက်ပေါ်အဖွင့်ကျမ်းတွေက သူတို့ အင်ဒိယပြည်ရဲ့အပြင်မထွက်ဘူးဆိုပြီးရေးထားတာကို မကြိုက်တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပဲ မဟာပရိနိဗ္ဗာန်မပြုခင်မှာ အရှင်အာနန္ဒာကို ဟောခဲ့သေးတာပဲ။ ပရိသတ် (၈)မျိုးကို ဟောရင်းနဲ့ပေါ့။ ဘာတဲ့ “မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ စတုမဟာရာဇ်၊ တာဝတိံသာ၊ မာနတ် နဲ့ ဗြဟ္မာပရိသတ်အမျိုးမျိုးတို့ဆီ အကြိမ်ကြိမ်ကြွပြီးတော့ သူတို့နဲ့ တရားစကားဆွေးနွေးခဲ့ဘူးတယ်” တဲ့၊ နောက်ပြီး “အဲဒီပရိသတ်တွေက ဘုရားကို ဘုရားမှန်းဘယ်သူမှ မသိကြဘူး” တဲ့။ အဲဒီစကားတွေကိုထောက်ရင် ဘုရားယူဇနာကိုးရာအတွင်းပဲ နေတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ ဒါ့အပြင် အဖွင့်ကျမ်းမှာလည်း ရေးထားသေးတယ်။ အဲဒီပရိသတ်ဆိုတာ တစ်ခြားစကြာဝဠာက ဟာတွေကိုပါ ပြောတာ တဲ့။ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ တစ်ခြားစကြာဝဠာကိုတော့ ကြွပြီးတော့ အနီးအပါးက မြန်မာပြည်လောက်ကို မကြွဘူးဆိုတဲ့ စကားက ယုတ္တိမဲ့ရာ မကျလွန်းဘူးလား။ ဒီခေတ်မှာဆို မြန်မာပြည်ကနေ အင်ဒိယကို ခြေကျင်တောင် သွားနေကြတာ၊ ဘုရားလိုတန်းခိုးကြီးတဲ့ ပုဂ္ဂိုလ်မျိုးက ဒီလောက်အနာဂတ်မှာ သာသနာထွန်းကားမည့် တိုင်းပြည်ကို မကြွဘူးဆိုတာ ဘယ်နည်းနဲ့မှာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျုပ်တော့ အဲဒီယူဇနာကိုးရာကိစ္စကို နည်းနည်းမှ လက်မခံနိုင်ဘူး။

ဦးရှင်။ ။အေးကွာ၊ မင်းပြောတော့ ငါလည်း ကြွတဲ့ဘက်က ရပ်တည်ရတော့မပေါ့။ ဒါဆို ရွှေစက်တော်က ခြေတော်ရာတွေဆိုတာ အစစ်အမှန်တွေလို့ လက်ခံရမှာပေါ့။ နောက်ပြီး ကျောင်းတော်ရာနေရာလည်း အစစ်လို့မှတ်လိုက်မယ်။ ခက်နေတာက ခြေတော်ရာ အတိုင်းအတာပဲ။ ခြေတော်ရာက တော်တော်ကြီးတယ်ကွာ့။ ပကတိလူ့သားတွေရဲ့ ခြေရာထက် အဆပေါင်းများစွာကြီးတယ်လို့ ငါထင်တယ်။ အဲဒါမင်း ဘယ်လိုမြင်လဲ?

ဦးတင်။ ။အဲဒါတော့ နောက်တစ်ခါ ကြုံမှ ဆွေးနွေးရအောင်ဗျာ၊ အခုဗိုက်ဆာပြီ။ အိမ်ပြန်ကြစို့၊ မောင်သောကြာယူလာတဲ့ ပုဂံက ပုံးရည်ကြီးကို ပုဇွန်ခြောက်များများ၊ ကြက်သွန်ဖြူနိုင်နိုင်၊ ဆီအိုင်အိုင်ဆန်းပြီး ညစာထမင်း ကောင်းကောင်းသွားလွှေးလိုက်ဦးမယ်။

Wednesday, February 17, 2010

ပူပူကို ပိန်အောင်ပြုလေသော်


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် အဘိုးညီအကိုတို့ဆီ မရောက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။ ကျောင်းကိစ္စတွေ လုံးပန်းရင်း ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်း တစ်ပတ်လုံးလုံး နားရသည်မရှိခဲ့။ သည်နေ့တော့ အားလပ်ရက်ရသည်နှင့် အဘိုးငယ်ဦးတင်အိမ်သို့ ထွက်လာခဲ့သည်။ “အဘိုးတို့နေမှ ကောင်းပါစ” လမ်းလျှောက်ရင်း တစ်ယောက်တည်း တွေးနေမိသည်။ အဘိုးနှင့်တွေ့တဲ့အခါ မေးခွန်းတစ်ခု မေးဖို့ စဉ်းစားထားသည်။ ပြီးခဲ့တဲ့ သတင်းပတ်က သူ့အိမ်မှာမွေးထားတဲ့ ကြောက်မလေး မမဲတူမှ ကြောင်ကလေး ငါးကောင်မွေးရာ နှစ်ကောင်ကို မမဲတူ စားပစ်လိုက်သည်။ ယင်းကိစ္စအတွက် သူ့ရင်ထဲ မကျေမနပ်ဖြစ်နေသည်။ ကြောင်ကို အကြောင်းပြုပြီး သူ့ခေါင်းထဲတွင် အချို့အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို မေးချင်နေသည်။ ယင်းသို့ ပြုမူခြင်းသည် ဘာသာရေးရှုထောင့်နှင့်ကြည့်လျှင် သင့်တော်ပါ၏လော။

အဘိုးငယ်အိမ်ပေါက်ဝသို့ ရောက်သောအခါ အပြင်ဝရံတာတွင် အဘိုးငယ်ရော အဘိုးကြီး ဦးရှင်ပါ ထိုင်ပြီး ရေနွေးကြမ်းသောက်နေကြသည်ကို မြင်သဖြင့် ၀မ်းသာသွားသည်။ လှေခါးထစ်သို့ မတက်သေးခင်ပင် အဘိုးတို့ နေကောင်းလား ဟု အော်မေးလိုက်သည်။ ကောင်းကြောင်း မာကြောင်း ပြန်ကြားသည့် အသံကို နားထောင်ရင်း အိမ်အပေါ်သို့ အသော့ကလေး ပြေးတက်လိုက်သည်။

ဦးတင်။ အတော်ပဲ ငါ့မြေးရ၊ ငါတို့လည်း မင်းကို မျှော်နေတာကွာ့။ မတွေ့တာ ကြာလို့ နေမှ ကောင်းရဲ့လားလို့ အခုပဲ ပြောနေရသေးတယ်။

သောကြာ။ နေကောင်းပါတယ် အဘိုးရ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မလာဖြစ်တာပါ။ ကျွန်တော်လည်း အရမ်းကို လာချင်တာပဲ။ အဘိုးတို့ ဆွေးနွေးတာတွေ နားမထောင်ရတာလည်း ကြာပြီလေ။ နောက်ပြီး ကျွန်တော် မရှင်းတာလေးတွေလည်း မေးရင်းပေါ့။

ဦးရှင်။ ဘာများလည်း ငါ့မြေးလေးရ၊ မဟုတ်မှ လွဲရော မင့်ကျောင်းက ဆရာမလေး မြင့်ဇူကိစ္စပဲ ဖြစ်မယ်။

သောကြာ။ အာ မဟုတ်ပါဘူး၊ အဘိုးရာ။ သူနဲ့ကျွန်တော် အဆင်ပါတယ်။ ကျွန်တော်မေးမှာက ပြီးခဲ့အပတ်က အိမ်မှာ မမဲတူလေး ကလေးငါးကောင်မွေးပြီး နှစ်ကောင်ကို စားပစ်လိုက်တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး အချို့အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စကို မေးချင်တာပါ။ သူနဲ့ မပတ်သက်ပါဘူး အဘိုးရ။

ဦးရှင်။ အင်း၊ ဒါဆိုရင် မင့်အဘိုးလေးပဲ မေးတော့ဟေ့။ သူက မင်းသိတဲ့ အတိုင်း ပိဋကတ်ဟင်းလေးအိုးကြီးမဟုတ်လား။ ငါလည်း မေးစရာရှိ သူ့ပဲ အားကိုးရတာ။

ဦးတင်။ မဖြေချင်တိုင်း လွှဲမချပါနဲ့ အကိုကြီးရာ။ ကျွန်တော်ကလည်း အကိုကြီး ပြောသလို ပိဋကတ်ဟင်းလေးအိုးကြီး မဟုတ်ပါဘူး။ အိုးဖြစ်ရင်တော့ အိမ်က မေလှိုင်သိပ်ထားတဲ့ ငါးပိအိုးကြီးပဲ ဖြစ်ဖို့ရှိတယ်၊ ဟား ဟား ဟား။

သောကြာ။ အဘိုးတို့နှစ်ယောက်စလုံး ဘယ်သူဖြေဖြေပါ။ ကျွန်တော့်အတွက်တော့ ဗဟုဿုတ ရစရာတွေချည်းပါပဲ။ အဲဒါ အဘိုးတို့ ဘယ်လို မြင်လဲ ဆိုတာလေး အမိန့်ရှိပါဦး။

ဦးတင်။ ဘယ်လိုမြင်ရမလဲကွာ့။ မသင့်တော်ဘူးပေါ့။ အထူးသဖြင့် ငါ့တို့ ဗုဒ္ဓဘာသာတရားတော်နဲ့တော့ နည်းနည်းမှ ညှိလို့ရဘူး ငါ့မြေးရ။

သောကြာ။ ထပ်ရှင်းပါဦး အဘိုး၊ ဘယ်လို ညှိမရတာလဲ ဆိုတာ။

ဦးတင်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် အခြေခံအနေနဲ့ (၁) သရဏဂုံ သုံးပါးမြဲရမယ်။ (၂) ငါးပါးသီလလုံရမယ်။ ဒီလိုဆိုတယ် မဟုတ်လား။ ကိုယ်ဝန်ဖျက်ချတော့ မင်းပဲ စဉ်းစားကြည့်လေ။ ဘယ်သီလ ကျိုးသွားသလဲ ပြောပါဦး။

သောကြာ။ ပြောဆိုရင်တော့ သူ့အသက်သတ်ခြင်းဆိုတဲ့ ပထမဆုံးသီလပဲ ရှိမှာပေါ့ အဘိုး။ ဒါပေမဲ့ ကျွန်တော် တစ်ခု စဉ်းစားကြည့်တယ်။ ကိုယ်ဝန်ဖျက်တယ် ဆိုတဲ့ နေရာမှာ တည်ကာစမှာဆိုရင် သူ့အသက် သတ်တဲ့ အပြစ် မရနိုင်ဘူးလား လို့ပေါ့။

ဦးတင်။ ဘာဖြစ်လို့ မင်း အဲဒီလို ထင်တာလ၊ဲ ရှင်းစမ်းပါဦး။

သောကြာ။ ကျွန်တော် မှတ်ထားဖူးတာက လူကို သတ်တယ်ဆိုတဲ့ နေရာမှာ အင်္ဂါငါးချက် ပြည့်စုံမှ သတ်ရာရောက်တယ်တဲ့။ အဲဒါတွေကတော့ (၁) လူသားစစ်စစ်ဖြစ်ရမယ်၊ (၂) သတ္တ၀ါဆိုတဲ့ အသိရှိရမယ်၊ (၃) သတ်လိုတဲ့စိတ်စေတနာရှိရမယ်၊ (၄) အားထုတ်လုပ်ဆောင်မှုရှိရမယ်၊ (၅) အဲဒီအားထုတ်မှုကြောင့် သေရမယ် ဆိုတာတွေပေါ့။ အဲဒီငါးချက်ထဲက ကိုယ်ဝန်တည်ကာစမှာ သတ္တ၀ါ ဖြစ်ပြီ သို့မဟုတ် လူဖြစ်ပြီ လို့ ဆိုနိုင်လို့လား အဘိုးရ?

ဦးတင်။ သိပ်ဆိုနိုင်တာပေါ့ မောင်သောကြာရဲ့။ ဗုဒ္ဓစာပေက သိပ်တိကျပါတယ်။ သတ္တ၀ါ ဆိုတာကို၊ ဒါမှ မဟုတ် လူဆိုတာကို ဘယ်အချိန်က စပြီး သတ်မှတ်လဲ ဆိုရင် အဲဒီကိုယ်ဝန်တည်ကာစ အချိန်က စပြီး သတ်မှတ်တယ်။ မင်းကြားဖူးတယ်မဟုတ်လား၊ ၀မ်းတွင်းအသက်နဲ့ အသက် (၂၀) ပြည့်အောင် ရေတွက်ပြီး ရဟန်းခံတယ်ဆိုတာ။ ဆိုလိုတာက လူ့အသက်ကို စပြီးကိုယ်ဝန် တည်တဲ့နေ့က စတင်ရေတွက်တယ် လို့ ဆိုလိုတယ်။ ဒါပေမဲ့ ငါ့တို့ လူ့လောကမှာတော့ မွေးတဲ့နေ့ကစ ရေတွက်တာပေါ့လေ။

သောကြာ။ ဟုတ်တယ် အဘိုး။ ကျွန်တော် မနှစ်က ရွာဦးကျောင်းမှာ ပဇင်းတက်မယ်လုပ်တော့ ဘုန်းဘုန်းကက မေးတယ်၊ မင်းအသက် ဘယ်လောက်ရှိပြီလဲ တဲ့။ ၁၉ နှစ်နဲ့ သုံးလ လို့လျှောက်တော့ ဆရာတော်က ဒါဆို ရပြီလို့ အမိန့်ရှိဖူးတယ်။ ဗိုက်ထဲမှာနေခဲ့တဲ့ လတွေနဲ့ တွေနဲ့ ပေါင်းပြီး အသက် (၂၀) ပြည့်အောင် ရေတွက်လိုက်တဲ့ သဘောပေါ့ ဟုတ်လား။

ဦးတင်။ ဟုတ်တာပေါ့ မြေးလေးရ၊ အဲဒါဟာ လူငယ်တွေ ပဇင်းတက်တဲ့အခါ လုပ်နေကျပဲ။ အဲဒီတော့ ဗုဒ္ဓဘာသာမှာ လူကို ဘယ်လောက်ထိ တန်ဖိုးထားသလဲ ဆိုတဲ့ အဓိပ္ပါယ်က ထင်ထင်ရှားရှားကြီးကို ပေါ်လွင်လာတာပေါ့။ ပဇင်းတက်ခွင့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလကွယ်။ ဒါကြောင့် ရခဲတဲ့ တရားငါးပါးထဲမှာ ထည့်ပြီး ဟောထားခဲ့တာပေါ့။ လူ့ဘ၀ဆိုတာ ရဖို့ခဲရင်းသလို လူဖြစ်လာတော့လည်း ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းနေပြန်ရော မဟုတ်လား။ ဒါကြောင့်မို့ ဒီလောက်ခဲရင်းတဲ့အခွင့်အရေးတွေကို ရပိုင်ခွင့်ပေးထားတဲ့ ဟောဒီလူ့ဘ၀ကို စတင်ရေတွက်တဲ့နေရာမှာ ကိုယ်ဝန်စယူတဲ့နေ့ကစလို့ ရေတွက်ရတာပဲ မောင်သောကြာရဲ့။

ဦးရှင်။ နေပါဦး မောင်တင်ရ၊ ဗုဒ္ဓဘာသာက အဲဒီလို တိတိကျကျ ဟောထားတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လူ့ဘ၀ဆိုတာ ဒုက္ခပေါင်းစုံနဲ့ တွေ့ကြုံနေရတာပဲ မဟုတ်လား။ ဒီတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာလည်း အကြောင်း အမျိုးမျိုးတော့ ရှိနိုင်တာပေါ့။ မလွှဲမရှောင်သာတဲ့ အကြောင်းတွေပေါ့ကွာ။ ဥပမာ ရွေးချယ်ရတော့မည့် အခါမျိုးဆိုပါစို့၊ မိခင်ရဲ့ အသက်ကို ယူမလား၊ ကလေးရဲ့ အသက်ကို ယူမလား ဆိုတာမျိုးပေါ့။ နောက်ပြီး သိပ်ဆင်းရဲ့ နွမ်းပါးလွန်းတဲ့ မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေကို မကျွေးနိုင် မမွေးနိုင်ဖြစ်နေတာတွေလည်း တပုံတပင်ကြီးပဲ။ အဲဒီတော့ကာ အဲဒီလို အခြေအနေမျိုးတွေမှာ ကလေးမွေးဖို့ ကျိုးစားတာဟာ မွေးဖွါးလာတဲ့ ကလေးကို ဒုက္ခပေးရာရောက်သလို ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ပိုမို ကြပ်တည်းအောင် လုပ်တာနဲ့ အတူတူပဲပေါ့။ အဲဒီလို အခါမျိုးဆိုရင်ကောကွာ?

သောကြာ။ ကျွန်တော်လည်း အဘိုးမေးသလို မေးချင်နေတာပဲ။ အနောက်နိုင်ငံတွေမှာ အဲဒီကိစ္စကို တော်တော်ဆွေးနွေးကြတယ်လို့ ကြားဖူးတယ်။ ခုနက အဘိုးဦးရှင်မေးတဲ့ မေးခွန်းတွေကို မေးပြီးတော့ပေါ့။

ဦးတင်။ ဘာမေးခွန်းပဲ မေးမေး။ သတ္တုချလိုက်တော့ “ဒီလို ကိုယ်ဝန်ဖျက်ချတဲ့ နေရာမှာ ဗုဒ္ဓစာပေအရ ချွင်းချက်ရှိ/မရှိ” ဒါပဲ မဟုတ်လား?

သောကြာ။ ဟုတ်ပါတယ် အဘိုး။ ချွင်းချက်ရှိ/မရှိ သိချင်ပါတယ်။

ဦးတင်။ ချွင်းချက်ဆိုတာလည်း သူ့အသက်ကို ဘယ်လို ဆိုရင်တော့ သတ်လို့ရပါတယ် ဆိုတဲ့ ချွင်းချက်မျိုးပေါ့။ ငါသိသလောက် ပြောရရင်တော့ သူများအသက်ကို သတ်တဲ့ နေရာမှာ တကယ့်ကို သေစေလိုတဲ့စိတ်စေတနာဟာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်။ သေစေလိုတဲ့ စေတနာမပါရင် အကုသိုလ်မဖြစ်ဘူးလို့ ဆိုလိုတာပေါ့။ အရင်တစ်ခေါက် ငါတို့ဆွေးနွေးတုန်းက စေတနာပါမှ ကံမြောက်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ဘုရားဟောခဲ့တာနော်။ ဒါသည်ပင် ချွင်းချက်လို့ ယူဆလိုက ယူဆနိုင်တာပေါ့။ ဥပမာ ကိုယ့်ကို သတ်ဖို့လာတဲ့ လူကို ပြန်လည်ခုခံရင်းနဲ့ သတ်မိတာမျိုးပေါ့။ အဲဒီလိုအနေအထားမှာ အစိုးရကပြဌာန်းထဲ ဥပဒေတွေမှာတောင် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လေ။ လူသတ်မှုမဖြစ်ဘူးလို့ ဆိုလိုတာပေါ့။

ဦးရှင်။ ဒါတော့ ဟုတ်ပါပြီ။ ကိုယ်ဝန်ချတဲ့ ကိစ္စမှာ ဘယ်လိုပြောမလဲ? အထက်မှာပြောခဲ့တဲ့ အကြောင်းတွေမျိုးနဲ့ ကြုံနေရင်ပေါ့။

ဦးတင်။ ဒီနေရာမှာတော့ မိခင်လုပ်တဲ့ သူရဲ့ စိတ်သဘောထားကို ဆွေးနွေးရလိမ့်မယ်။ မိခင်မေတ္တာ ဆိုတာကလည်း မိခင်အားလုံးမှာ တစ်သဘောတည်းပဲလို့ ဆုံးဖြတ်လို့ မရနိုင်ဘူး။ “ကမ္ဘာမီးလောင် သားကောင်ချနင်း” လို့ ဆိုတယ် မဟုတ်လား။ လူတစ်ဦးချင်းစီရဲ့ စရိုက်နဲ့ သက်ဆိုင်တယ်။ စရိုက်ကြမ်းတဲ့သူတွေ ရှိသလို စရိုက်နုတဲ့ သူတွေလည်း ရှိတာပေါ့။ မောင်သောကြာရဲ့ အိမ်က ကြောင်မလေး မမဲတူလိုပေါ့။ သူ့ကလေး သူပြန်စားတယ်ဆိုတာ စရိုက်ကြမ်းတဲ့ သဘောပေါ့။ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ အချို့မိခင်တွေမှာ ပင်ကိုယ်အားဖြင့် ကြမ်းတမ်းတဲ့ စရိုက်ရှိမယ်၊ အချို့တော့ နူးညံ့သိမ်မွေ့မယ်။ ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ မိခင်မျိုးဆိုရင် အထက်မှာပါတဲ့ အခက်အခက်မျိုးနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ရွေးချယ်မှာ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်မှုကြောင့် ကျုပ်အမြင်ပြောရရင်တော့ အပြစ်သိပ်ပြီး ကြီးမယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စရိုက်ကြမ်းပေမဲ့ မိခင်မေတ္တာက ရှိနေသေးတော့ တကယ့်ကို သေစေလိုတဲ့ စိတ်ဆိုတာက ရှိချင်မှ ရှိမှာကိုး။ တစ်ထစ်ချကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပေါ့။

သောကြာ။ အဘိုးပြောတာ ကျွန်တော်လည်း သဘောကျတယ်။ ဒါပေမဲ့ အဲဒီလို ကိုယ့်အသက်ကို ဦးစားပေးရွေးချယ်လိုက်တော့ ပါဏာတိပါတကံ မဖြစ်ဘူးလား အဘိုးလေးရ?

ဦးတင်။ ပြောခဲ့ပြီးပြီလေ၊ ကံဖြစ်ဖို့/မဖြစ်ဖို့ ဆိုတာ တကဲ့ကို သတ်လိုတဲ့စိတ်ရှိမှု/မရှိမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ်လို့။ အဲဒါက ဘေးကလူ ၀င်ဆုံးဖြတ်ပေးလို့ မရနိုင်ဘူး။ ဘေးကလူက သူ့စိတ်ကို ဘယ်သိနိုင်မလဲ။ သူကိုယ်တိုင်ပဲ သိမှာပေါ့။ နောက်တစ်ခုက ဒီကိစ္စမှာ ကလေးရဲ့ ကံကလည်း စကားပြောသေးတယ်။ လူ့ဘ၀ရောကက်လောက်အောင် ကံပါလာရင်တော့ အဲဒီလို စရိုက်ကြမ်းတဲ့ မိခင်တွေဗိုက်ထဲ ကိုယ်ဝန်တည်မှာ မဟုတ်ဘူး။ လူဖြစ်မည့်ကံပါတဲ့ သူကတော့ လူမဖြစ်ပဲနဲ့ သေကို မသေနိုင်ဘူး။ အဲဒီတော့ မိခင်ဘက်က ချည်းကြည့်ပြီး ပြောနေလို့မရဘူး။ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်စဉ်းစားဖို့ လိုလိမ့်မယ်။

ဦးရှင်။ အင်း၊ ဒီအချက်ကတော့ စိတ်ဝင်စားစရာပဲကွာ့။ ဒါပေမဲ့ ငါတစ်ခု တွေးမိတာက နဂိုကတည်းက လူဖြစ်ဖို့ ကံမပါရင် ဘာဖြစ်လို့ လူ့သားဗိုက်ထဲ ၀င်လာရတာလဲ ဆိုတာပဲ။ အဲဒါ မင်း ဘယ်လိုမြင်တုန်း?

ဦးတင်။ ဒါဆို အကိုကြီးကို မေးခွန်းတစ်ခု မေးမယ်ဗျာ။ အကိုကြီးသရက်ခြံထဲက သရက်သီးတွေ ဘယ်ပုံစံနဲ့ ဖြစ်ပွါးလာကြတာလဲ? ဘွားကနဲ အလုံးလိုက် ပေါ်လာကြတာပဲလား?

ဦးရှင်။ မင်းကလည်း ကလေးကလား၊ လူတိုင်းသိနေတာပဲဟာကို။ အရင်ဆုံး အဖူးထွက်မယ်၊ ပွင့်မယ်၊ သီးမယ်။ ဒါပဲပေါ့ကွာ့။ ဒါများ။

ဦးတင်။ အဲဒါ ကျွန်တော်လိုချင်တာပဲလေ အကိုကြီးရ။ သီးမယ်ဆိုတဲ့ နေရာရောက်အောင်၊ အရင်ဆုံး ဖူးရမယ်၊ ပွင့်ရမယ် မဟုတ်လား။ သရက်ပင်မို့ သရက်ဖူးတွေ ဖူးတာတော့ ဟုတ်ပါပြီ။ ဖူးပြီး ပွင့်လာတဲ့အခါမှာ ပြောစရာက ပွင့်သမျှ အကုန်လုံး အသီးဖြစ်ကြသလား ဆိုတာပဲ။ ကဲ ပြောပါဦး။

ဦးရှင်။ ဘယ်ဖြစ်မလဲကွာ့။ ပွင့်သမျှ အကုန် အသီးဖြစ်ရင် ရင့်တဲ့ မှည့်တဲ့အချိန်ထိတောင် ရောက်နိုင်ဖို့ မလွယ်ဘူး။ အသီးတွေနဲ့ ပြွတ်ခဲပြီး သရက်ကိုင်းတွေ အကုန်ကျိုးမှာပဲ။ အဲဒီလို အပွင့်ဖြစ်လာတဲ့အခါ ငါ့အထင်ပြောရရင်တော့ အသီးဖြစ်လောက်အောင် အားရှိတဲ့ အပွင့်/ အားမရှိတဲ့ အပွင့်ဆိုပြီး ကွဲပြားမှုရှိနိုင်တယ်။ အားမရှိတဲ့ အပွင့်တွေက အားရှိတဲ့ အပွင့်တွေကို နေရာဖယ်ပေးတဲ့ အနေနဲ့ ကြွေပေးကြရမှာပေါ့။ နောက်ပြီး သရက်ပွင့်တွေ ကြွေနိုင်တဲ့ အကြောင်းတွေလည်း အများကြီးပဲလေ၊ လေတိုက်လို့၊ မိုးရွာလို့၊ ပိုးကျလို့၊ ကလေးတွေ လေးခွနဲ့ထုလို့။ အဲလိုဆိုရင် အားရှိတဲ့ အပွင့်ရော၊ အားမရှိတဲ့ အပွင့်ရော အကုန်နီးပါးကြွေတဲ့အပြင်၊ အခန့်မသင့်ရင် အဖူးဖူးနေတဲ့ အကိုင်းတစ်ခုလုံးတောင် ကျိုးသေးဗျာ။ ဒါပေမဲ့ အဲဒါနဲ့ အခု မင်းပြောမှာနဲ့ ဘာဆိုင်လဲကွာ့။ သရက်ပွင့်တွေက ကံနဲ့မှ မဆိုင်တာ။

ဦးတင်။ ဆိုင်ပါသော်ကော အကိုကြီးရာ၊ အကိုကြီးပြောသလို ပြောရရင် သရက်သီးမဖြစ်နိုင်ရင် ဘာလို့ သရက်ပွင့်လာဖြစ်သေးလဲ။ သရက်ပွင့်မှာလည်း သူ့အကြောင်း သူ့အကျိုးရှိ သလို၊ လူမှာလည်း လူ့အကြောင်းနဲ့ လူ့အကျိုးဆိုတာ ရှိတာပေါ့ဗျာ့။ အစမထင်တဲ့ သံသရာဆိုတာ အကိုကြီး သိတာပဲ မဟုတ်လား။ သတ္တ၀ါဆိုတာလည်း ဘယ်လောက်ရှိပါတယ်လို့ ဘယ်သူမှ မသိနိုင်ဘူး။ လူ့အရေအတွက်ကိုတောင် ဘီလီယံပေါင်း ဘယ်လောက်ရှိပါတယ်လို့ ခန့်မှန်းပြောနေတာပဲ ရှိတာ။ အဲဒီသံသရာတစ်လျှောက်မှာ သတ္တ၀ါမျိုးစုံက ကံမျိုးစုံကို ပြုခဲ့ကြမယ်။ အချို့ကံတွေက လူဘ၀ရောက်စေနိုင်လောက်အောင် အားရှိမယ်၊ အချို့တော့ အဲလောက်အားမရှိဘူး ဆိုပါတော့။ နောက်ပြီး မိခင်ဗိုက်ထဲဝင်ဖို့ တာစူနေကြတဲ့ သန္ဓေသားအလောင်းတွေဆိုတာလည်း ဘယ်လောက်ရှိမယ်လို့ မပြောနိုင်ဘူး။ တခြားမကြည့်နဲ့ အကိုကြီးတို့ သိပ္ပံပညာရှင်တွေပဲ စမ်းသပ်တွေ့ရှိပြီး မဟုတ်လား။ ဟိုကိစ္စလုပ်ပြီးပြီးချင်း ဖခင်လောင်းရဲ့သိန်းသန်းချီတဲ့ သုက်ပိုးတွေဟာ မိခင်လောင်းရဲ့ သားအိမ်ထဲ သူဦးငါရင် ပြေးကြတဲ့အခါ အရင်ဆုံးရောက်သွားတဲ့ အကောင်ပဲ မျိုးအောင်တယ် ဆိုတာလေ။ ကျန်တဲ့အကောင်တွေ အကုန်သေပေါ့ ဒါဆို။

ဦးရှင်။ ငါကလူပျိုကြီးကွာ့။ အဲဒါတွေ မင်း ပိုသိမှာပေါ့။

ဦးတင်။ အဟဲ အကိုကြီးကလည်း ကြွားနေပြန်ပြီ လူပျိုကြီးဖြစ်ကြောင်း။ ဆက်ပြောမယ်ဗျာ။ အဲဒီလို အရင်ဆုံးရောက်သွားတဲ့ သုက်ပိုးတိုင်းကော လူတကယ်ဖြစ်မှာလား။ ဖြစ်ဖို့ ခက်ရင်းတယ် အကိုကြီး။ ဘာလို့လဲဆိုတော့ တခြား သူ့ထက် လူဖြစ်လောက်အောင်ကံအင်အားကြီးမားတဲ့ မျိုးစေ့တစ်ခုခုက အဲဒီသားအိမ်ဆီပဲ ဦးတည်ပြီးရောက်လာတဲ့အခါ အရင်ရောက်နှင့်ပြီးသားမျိုးစေ့ဟာ သေပေးရမှာပဲ။ အဲ တခြားအားကြီးတဲ့ မျိုးစေ့တစ်ခုခု ရောက်မလာဘူးဆိုရင်တော့ လူ့ဘ၀ရောက်ချင်ရောက်သွားမှာပေါ့လေ။ ဒါ့အပြင် အကိုကြီးပြောသလို သန္ဓေသားဖြစ်နေတုန်းမှာလည်း အခြားပျက်စီးစေနိုင်တဲ့ အကြောင်းတွေ အမျိုးမျိုးရှိနိုင်တာပဲလေ။ ရလာတဲ့ ကိုယ်ဝန်မပျက်စီးစေချင်ရင် မိခင်လောင်းတွေက အနေအထိုင်အများကြီး ဆင်ခြင်ကြရတော့တာ မဟုတ်လား။ လူ့ဘ၀ရောက်ရင်လည်း သရက်သီးဖြစ်လောက်အောင် အားမရှိတဲ့ အပွင့်တွေက သူပွင့်တဲ့အဖူးမှာ တခြားအားကြီးတဲ့ ပြိုင်ဘက်အဖူးတွေ မရှိလို့ ညောင်နာနာနဲ့ အသီးဖြစ်လာရသလို အဲဒီကလေးလည်း ညောင်နာနာနဲ့ လူ့ဘ၀ရောက်လာမှာ သေချာတယ်။

သောကြာ။ အဘိုးလေးပြောတာ ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိလာပြီ။ ဒါဆို ဒီကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စမှာ မိခင်လောင်းရဲ့လုပ်ရပ်တွေကိုချည်း ပြောမနေပဲ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်ရမယ်ဆိုတဲ့သဘောပေါ့။

ဦးတင်။ ဒါပေါ့၊ ငါ့မြေးရ။ ဒါပေမဲ့ အပြစ်ဖြစ်/မဖြစ်ဆုံးဖြတ်တဲ့နေရာမှာတော့ မိခင်ဘက်ကိုပဲ ကြည့်ရမှာပေါ့။ “သူကံမကောင်းလို့ ငါက သတ်ရပါတယ်” ဆိုတဲ့ ဆင်ခြေမျိုးပေးလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ အဲလိုဆိုရင်တော့ ဘယ်သူမှတောင် အပြစ်ရှိမှာ မဟုတ်တော့ဘူး။ လူသတ်သမားတိုင်း တစ်ဘက်လူကံကုန်လို့၊ သို့မဟုတ် ကံမကောင်းလို့ သတ်လိုက်ရတယ်ချည်း ပြောကြမှာပဲ။ အဲဒီလိုဖြစ်ရင် သီလစောင့်ထိမ်းဖို့ဆိုတာလည်း ဘယ်လိုတော့မလဲ။ နောက်ပြီး လူ့လောကမှာ ကိုယ်ကျင့်တရားဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲဒီလို အယူအဆမျိုးကို ရှေးကံကိုသာယုံစားတဲ့ မိစ္ဆာဒိဋ္ဌိလို့ ဆွေးနွေးခဲ့ဖူးတယ် မဟုတ်လား။ နောက်ဆုံး ခြုံပြောရရင်တော့ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စမှာ ဘာအကြောင်းပဲ ရှိရှိ၊ ဖျက်ချတဲ့ အမျိုးသမီးရဲ့ ရိုးသားမှုပေါ်အခြေခံပြီး အပြစ်ရှိ၏/မရှိ၏ ဆုံးဖြတ်ရမယ် လို့ ကျုပ်သဘောကျတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တာဝန်မယူချင်တိုင်း ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကို ကာကွယ်နေရင်တော့ ဒီကိစ္စ ဆွေးနွေးလို့ကို ပြီးမှာ မဟုတ်ဘူး။

ဦးရှင်/သောကြာ။ ဟုတ်တာပေါ့၊ မှန်တာပေါ့။

Friday, February 5, 2010

လုပ်သမျှ ကောင်းဖို့


ဦးရှင်တို့ ညီအကို ရုတ်တရက် ယာယီခရီးထွက်သွားကြသဖြင့် အလင်းတန်းရွာလေး သွေ့ချောက်သယောင် ဖြစ်ကျန်ရစ်ခဲ့သည်မှာ တစ်ပတ်ပင် ကျော်လေပြီ။ ဆွေးနွေးပွဲကို နားမထောင်ရသည်မှာ ကြာပြီဖြစ်သဖြင့် အလင်းတန်းရွာက မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက်လည်း အဘိုးညီအကိုတို့ အပြန်ကို လည်တစ်မျှော်မျှော် ဖြစ်နေရှာတော့သည်။ ဒီတစ်ခါ အဘိုးနှစ်ယောက် ခရီးထွက်သည်မှာ ကြာပါဘိခြင်း။ ညနေဘက် လမ်းလျှောက်ရင်း အဘိုးတို့ ဆွေးနွေးနေကျ ဘုရားကုန်းပေါ်သို့ ခြေဦးလှည့်လာမိသည်။

အဘိုးနှစ်ယောက်ကို မျှော်ရင်း ပြီးခဲ့တဲ့ ဥပုသ်နေ့ညနေက ရွာဦးကျောင်းဆရာတော်ကြီး အမိန့်ရှိလိုက်သော စကားတစ်ခွန်းကို ပြန်လည်ကြားယောင်နေမိသည်။ “ကောင်းသမျှ လုပ်ဖို့ထက်၊ လုပ်သမျှ ကောင်းဖို့ လိုတယ်” ဟူ၏။ အလွန်ရှင်းသော စကားပေသည့် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ ဘုရားကုန်းပေါ်မှ အလင်းတန်းကမ်းခြေရှိရာသို့ လှမ်းမျှော်ကြည့်ရင်း ဆရာတော်ကြီး၏ ဆိုလိုချက်ကို အဓိပ္ပါယ်အမျိုးမျိုး ကောက်နေမိသည်။

တကယ်တော့ ကောင်းသမျှလိုက်လုပ်ဖို့ မဖြစ်နိုင်သလို ကိုယ်လုပ်သမျှ ကောင်းဖို့ဆိုတာလည်း အလွန်မလွယ်ကူသောကိစ္စကြီးပင်။ အကောင်းအဆိုးဟူသည်မှာ အစဉ်တွဲလျှက် ခွဲမရသောနိယာမတစ်ခုဖြစ်ကြောင်း ကိုသောကြာနားလည်နေသည်။ “ကောင်းသမျှ” ဟူသောစကားစုတွင် “ကောင်း”ဟူသည်မှာ ကောင်းသော အကျိုးရှိသော တန်ဖိုးရှိသော ပညာရှိတို့ ကဲ့ရဲ့ဘွယ်မဖြစ်သော-ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုအပ်သည်-ဟု မူလတန်းကျောင်းဆရာပေါက်စက မှတ်ယူထားသည်။ “သမျှ”ဟူသည်မှာကား အားလုံး သို့မဟုတ် တစ်ခုမကျန် သို့တည်းမဟုတ် အကြွင်းမရှိ-ဟု နားလည်ပြန်ရကား ကောင်းသမျှဟူသော စကားသည် ကိုသောကြာအတွက် အတွေးနယ်ချဲ့စရာတစ်ခု ဖြစ်နေတော့သည်။

သို့သော်လည်း မိမိနည်းလည်ထားသော အဓိပ္ပါယ်သည် သူတစ်ပါးတို့ လက်ခံလောက်သော အဓိပ္ပါယ် ဟုတ်၏/မဟုတ်၏ကိုကား ကိုသောကြာ မတွေးမိခဲ့သေးချေ။ ထို့ပြင် နောက်ထပ် စကားတစ်ခွန်းမှာ “လုပ်သမျှ” ဟူ၍ဖြစ်သည်။ “လုပ်”ဟူရာဝယ် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ် အားလုံးပါဝင်နိုင်ကြောင်းကို အဘိုးလေးဦးတင်ဆီက မှတ်သားနာယူခဲ့ဖူးသည့်အလျောက် အမှန်အတိုင်းပင်ဖြစ်ကြောင်း နားလည်ပြန်သည်။ ယင်းနားလည်မှုအရ ထပ်မံစဉ်းစားပြန်သောအခါ “လုပ်သမျှ ကောင်းဖို့” ဟူရာ၌ ကောင်းခြင်းသဘောကို မည်သူက သတ်မှတ်မည်နည်း? အဘယ်သူတို့၏ သတ်မှတ်ချက်သည် စံဖြစ်နိုင်သနည်း? မိမိကိုယ်တိုင်လုပ်သော အလုပ်ကို မိမိတစ်ဦးတည်းက အကောင်းဟု သတ်မှတ်နိုင်ပါသလော? ယင်းသို့ ဆက်လက်တွေးသောအခါ တိကျသေချာသော အဖြေကို သူကိုယ်တိုင် မတွေ့ပဲ ဖြစ်နေတော့သည်။

ရှေ့နောက်စကားနှစ်ရပ်ဝယ် “ကောင်းသမျှလုပ်ဖို့” ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သေချာစွာ နားလည်နိုင်သော်ငြား “လုပ်သမျှကောင်းဖို့” ဆိုသည့်နောက်စကားမှာမူ လွယ်မယောင်နဲ့ခက် ဆိုသလို တွေးစရာတွေ များစွာများစွာ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် လူတစ်ဦးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်မျိုးဖြစ်နိုင်သော ယင်းစကားကို ကျောင်းဆရာလေးက “မိမိလုပ်သော အလုပ်မှန်သမျှသည် မိမိအတွက်လည်း ကောင်း၊ သူတစ်ပါးအတွက်လည်း ကောင်းဖို့ လိုသည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။

သို့သော်လည်း အပြောလွယ်သလောက် တကယ်လုပ်ကြည့်သောအခါ များစွာအခက်အခဲ ရှိနိုင်ကြောင်းကို စဉ်းစားမိပြန်သည်။ တစ်ခါတလေ ကိုယ်က ကောင်းတာလုပ်သော်တည့် တစ်ဘက်သားက အကောင်းမထင်တတ်သည့်အခါမျိုးနှင့် ကြုံရသောအခါ ယင်းအတွက် မည်သို့ စိတ်ထားရမည်နည်း? ကိုယ့်အလုပ်ကို အပြင်ရမည်လော? အကောင်းမမြင်နိုင်သူကိုပင် အပြစ်ဖို့ရတော့မည်လော? သို့တည်းမဟုတ် အမှတ်တမဲ့ပင် နေလိုက်ရတော့မည်လော? တွေးတောနေမိသည်။ တစ်ခါ မည်သူတွေ မည်သို့ထင်ပါစေ ကိုယ်ကကောင်းတာလုပ်ပါလျှက် အကောင်းမထင်နိုင်သူများကို ဂရုစိုက်စရာမလိုဟူ၍ကော ယူဆနိုင်ပါ၏လော? ယင်းသို့ယူဆပါက မိမိလုပ်ရပ်သည် အဘယ်မှာ အကောင်းသော အလုပ်ဖြစ်တော့မည်နည်း? ဟု ဆက်လက်တွေးနေသည်။

မည်သို့ဆိုစေ “ကောင်းသမျှလုပ်ဖို့ထက်၊ လုပ်သမျှ ကောင်းဖို့ လိုတယ်” ဟူသော စကားမှာ လိုက်နာစရာ၊ ကျင့်ကြံစရာ အများကြီး ပါဝင်ကြောင်းကိုကား ကိုသောကြာအတွက် ဘူးခံစရာမရှိ။ ကောင်းသမျှလုပ်ဖို့ မဖြစ်နိုင်သလို လုပ်သမျှကောင်းဖို့ဆိုသည်မှာလည်း အလွန်မလွယ်ကူလင့်ကစား တတ်နိုင်သမျှတော့ မိမိလုပ်သမျှသည် (၁) မိမိကိုယ်တိုင်အတွက် ကျေနပ်စရာဖြစ်လျှင်၊ (၂) မိမိပတ်ဝန်းကြင်ကို အထိအခိုက်မရှိစေလျှင် အကောင်းဟူ၍ သတ်မှတ်နိုင်ကြောင်း စဉ်းစားရင်း ဘုရားကုန်းပေါ်မှ ဆင်းလာခဲ့တော့သည်။

ရွာထဲသို့ရောက်သောအခါ ကလေးများ စုရုံးစုရုံးဖြစ်နေသဖြင့် မေးကြည့်ရာ အဘိုးညီအကိုတို့ ခရီးကပြန်ရောက်ခါစ ပါလာသော သကြားလုံးများကို ကလေးငယ်တို့အား ပေးဝေနေကြောင်း သိရသဖြင့် ကိုသောကြာလည်း ၀မ်းသာအားရဖြင့် အဘိုးတို့ရှိရာသို့ အလျှင်အမြန်ပြေးသွားကာ ပါလာသော သကြားလုံးများမကုန်ခင် ကလေးများနောက်မှ အသာဝင်ရောက်ကာ တန်းစီလိုက်တော့သတည်း။ လုပ်သမျှကောင်းဖို့ လိုသည်မဟုတ်တုံလော?

Thursday, January 21, 2010

ကံနှင့် လူသား


ဘာ့ကြောင့် သဘာဝအန္တရာယ်ကြီးတွေ ဖြစ်ပေါ်ပြီး လူတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးကြရသလဲ? ဒီလိုဖြစ်အောင် ဘယ်သူက ဖန်တီးနေသလဲ? ကမ္မ၀ါဒကို လက်ခံသူများအတွက် ဖန်ဆင်းရှင်က မလုပ်ဘူးဆိုရင် ဘယ်သူက လုပ်သလဲ? ဦးရှင်တစ်ယောက် နဖူးပေါ်လက်တင် စဉ်းစားရင်း တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ အရုဏ်ကျင်း အလင်းရောက်လုမှ မှေးကနဲ့ အိပ်ပျော်သွားတော့သည်။ နိုးလာလို့ နာရီကြည့်လိုက်တော့ မနက် (၉) နာရီပင် ခွဲတော့မည်။ သို့သော်လည်း ချက်ချင်း မထနိုင်သေး။ အဖြေမရသေးသော ပုစ္ဆာများက သူ့ကို ဒုက္ခပေးလျှက် ရှိကြဆဲ။ ဒါ ဘယ်သူ့လက်ချက်လဲ? ဆက်လက်စဉ်းစားနေသည်။ ဒီနေ့ညနေ ဘုရားကုန်းပေါ်ရောက်တဲ့အခါ သူ့ညီဆီက တစ်စုံတစ်ခုသော အဖြေကို ကြားရလိမ့်နိုး မျှော်လင့်နေသည်။ ဒီနေ့တော့ ဝေ့လည်ကြောင်ပတ် မောင်တင် အဖြေပေးတန်ကောင်းရဲ့။

အိပ်ယာထဲ ဆက်လက်မကွေးချင်တော့။ မျက်နှာထသစ်ပြီး ဘုရားဝတ်ပြုလိုက်သည်။ မနက်စာကို အဆာပြေရုံစားကာ အလင်းတန်းရွာလေးရဲ့နောက်ဘက်ရှိ ကမ်းခြေတန်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းဘေးဝဲယာတွင် အစီအရီပေါက်ရောက်နေသော သစ်ပင်အကြီးအငယ်များက သူ့ကို အဖြေတစ်စုံတစ်ရာ ပေးလိမ့်နိုး ဝေ့၀ဲကြည့်မိသည်။ ရွက်ဟောင်းများနေရာတွင် အစားထိုးဝင်ရောက်လာသော ရွက်နုများ၊ လေအဝေ့မှာ မြေပေါ်ကြွေကျနေသော ရွက်ယော်အိုများနှင့် ကာလကြာမြင့်သဖြင့် မြေဆွေးဘ၀သို့ပင် ကူးပြောင်းနေပြီဖြစ်သော ရွက်ဆွေးများကို သတိပြုမိသည်။ ရှေ့သို့ဆက်လက်လျှောက်သွားသောအခါ ခြေမခိုင်သဖြင့် လဲပြိုနေသော သပြေပင်ကြီးတစ်ပင်နှင့် သပြေပင်ပိသဖြင့် ကျိုးကြေနေသော သစ်ပင်လေးများကိုလည်း တွေ့ခဲ့ရသည်။ သို့သော် မြင်နေကျမြင်ကွင်းသည် သူ့ကို အဖြေတစ်စုံတစ်ရာမပေးလိုက်နိုင်ခဲ့။ သို့တည်းမဟုတ်၊ ယင်းမြင်ကွင်းမှ တစ်စုံတစ်ရာသော အဖြေကို သူထုတ်မယူနိုင်ခဲ့။ ကမ်းခြေသို့ ဆက်လက်ထွက်ခွါခဲ့သည်။

ကမ်းခြေသို့ရောက်သောအခါ တစ်နေ့ဝင် တစ်နေ့ထွက် ငါးဖမ်းလှေကလေးများ ကမ်းစပ်တွင် အသီးသီးဝင်ကပ်ကာ ဖမ်းမိသော ငါးများကို အကြီးအသေးရွေးပြီး ရောင်းချဖို့ ပြင်ဆင်နေကြသည်။ ရွာထဲမှ အမျိုးသမီး အကြီးအငယ်များ ဈေးချိုချိုဖြင့် ငါးများကို လာရောက်ဝယ်ယူနေကြသည်။ အချို့မှာ ၀ယ်စရာပိုက်ဆံမရှိသဖြင့် အလကားတောင်းနေသူများကိုလည်း တွေ့ရသည်။ အလကားတောင်းသူများမှာ ကြိုက်ရာကို ရွေးယူခွင့်မရှိ၊ လှေသားများပေးသည်ကိုသာ ယူကြရသည်။ သို့သော်လည်း ယင်းငါးများမှာ တစ်နပ်စာမက မိသားစုတစ်စု ၀၀လင်လင်စားနိုင်လောက်ပေသည်။ ဦးရှင် အတွေးတစ်ခု ၀င်လာသည်။ သတ္တ၀ါတစ်စု အသက်ရှင်ဖို့အရေးမှာ အခြားသတ္တ၀ါတစ်စုက သေပေးရသည်မှာ တရားပါ၏လော? သူ့မေးခွန်းအတွက် သူကိုယ်တိုင်လက်ခံနိုင်လောက်သောအဖြေ သူ့မှာမရှိ။ သူ့ညီစာသမားဦးတင်ကော ဖြေနိုင်ပါ့မည်လော? တွေးမိသည်။ ဖြေနိုင်မည် မထင်ပါ။ ဖြေသည်ထားဘိဦး၊ လက်ခံနိုင်လောက်မှာတဲ့လော?

ကမ်းခြေမှာ တစ်နေကုန် လေညင်းခံရင်း နေ့လည်စာကို ဆိုင်တစ်ဆိုင်တွင် ၀ယ်စားလိုက်မည်ဟု စဉ်းစားကာ ခပ်လှမ်းလှမ်းရှိ စိမ်းပြာရိပ်စားသောက်ဆိုင်သို့ ၀င်လိုက်ရာ မထင်မှတ်ပဲ ဦးတင်တစ်ယောက် စားပွဲတစ်ခုတွင် ထိုင်နေသည်ကို တွေ့ရသည်။ ချိန်းမထားသော်ငြား တွေ့ချင်နေသော လူကိုတွေ့လိုက်ရသဖြင့် ဦးရှင်တစ်ယောက်ပျော်သွားသည်။

ဦးရှင်။ ။အတော်ပဲ ညီမောင်ရေ့၊ ငါ့မှာ မေးစရာတွေ တစ်ပုံကြီးရှိနေပြီကွာ့။

ဦးတင်။ ။တော်ပါဗျာ၊ ထမင်းကောင်းကောင်းစားစမ်းပါရစေ၊ မနေ့က မေးခွန်းကိုတောင် ဖြေလို့မပြီးသေးဘူးလေ၊ အဲဒါပြီးမှပဲ နောက်တစ်ခု မေးဗျာ။ အကိုကြီးကလည်း မေးမည်ဆိုတာချည်းပဲ။

ဦးရှင်။ ။ အေးပါကွာ၊ ငါကလည်း စားပြီးသောက်ပြီးမှပဲ မေးမှာပါ။ ဒါနဲ့ ဒီနေ့ဘုန်းကြီးကျောင်း သွားကြဦးမလားဟေ့။

ဦးတင်။ ။ရွာဦးကျောင်းဆရာတော် မြို့တက်သွားတယ်လို့ ကြားတယ်ဗျာ့၊ သူ့ကျောင်းက ဆွမ်းချိုက်လာဆွဲတဲ့ ကျောင်းသားလေးပြောတာပဲ။ ညကျိန်းမယ်ဆိုလားပဲ။ ဒါကြောင့် ဒီနေ့ ကမ်းခြေ အေးအေးဆေးဆေးလှည့်လာတာ၊ အကိုကြီးနဲ့တွေ့တော့ မနေ့က မပြီးသေးတဲ့ ကိစ္စ ဒီမှာပဲ ရှင်းကြတာပေါ့။

ဦးရှင်။ ။ငါလည်း အဲဒါပဲ မျှော်လင့်နေတာဟေ့၊ မနေ့ညကွာ စဉ်းစားရင်း တစ်ညလုံးအိပ်လို့တောင် မပျော်နိုင်ဘူး။ မနက်လင်းလုလင်းခင်ကျမှ မှေးကနဲပျော်သွားတာ။ ဒါကြောင့် လန်းလန်းဆန်းဆန်းရှိအောင်လို့ ဒီဘက်ထွက်လာရင်း မင်းနဲ့တွေ့တာပဲကွာ့။ အတော်ပဲ၊ ထမင်းစားကြတာပေါ့။ မှာကွာ၊ ငါရှင်းမယ်။ ပိုက်ဆံလည်း လုံလောက်အောင်ထည့်ခဲ့ပါတယ်ဟ။ တရားဟောမည့်လူဆိုတော့ အလှူဖြစ်တာပေါ့ကွာ။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း ကျွေးမယ်ဆိုလည်း အေးအေးကျွေးပါဗျာ၊ အလကားနေရင်း မျိုမကျအောင် မပြောစမ်းပါနဲ့၊ နောက်ပြီး ငရဲလည်း ကြီးနေပါဦးမယ်။

ဦးရှင်။ ။ဟ၊ လှူတာပဲ ငရဲကြီးစရာလားကွာ့၊ ဘယ်သူ့လှူလှူ၊ ကုသိုလ်ရတယ်ဆို မဟုတ်လား?

ဦးတင်။ ။ဟုတ်တော့ဟုတ်တာပေါ့ဗျာ့၊ ကျနော်က အကိုကြီးကို တရားမဟောပါဘူး၊ ဆွေးနွေးတာပါ။ ဒါကြောင့်ပြောတာ။

ဦးရှင်။ ။အေးပါကွာ၊ ငါသိပါတယ်။ ကဲ ကြာတယ်ကွာ။ မှာလိုက်တော့။ ငါ့အတွက်တော့ ပုဇွင်ကင်တစ်ပွဲနဲ့ ယိုးဒယားဟင်းချိုတစ်ပွဲမှာပေးကွာ၊ ကျန်တာတော့ မင်းသဘောပဲ။

သို့နှင့် ညီအကိုနှစ်ယောက် အလင်းတန်းကမ်းခြေရှိ စိမ်းပြာရိပ်စားသောက်ဆိုင်ကလေးတွင် ပင်လယ်အစားအစာများကို မှာယူကာ ထမင်းမိန်မိန်စားသောက်လိုက်ကြသည်။ ထမင်းစားပြီးနောက် လင်လယ်ကဗွီးပင်တန်းများအကြား အပန်းဖြေအလည်လာသူများ အနားယူရန်ဆောက်ပေးထားသော အုန်းလက်မိုး နောက်မှီ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုက်လိုက်ကြသည်။ ထို့နောက်---

ဦးရှင်။ ။မနေ့ကမင်းပြောခဲ့တာတွေ ငါပြန်စဉ်းစားကြည့်တယ် မောင်တင်ရ၊ ရှင်းတာလည်းရှိ၊ မရှင်းတာလည်း ရှိဆိုပါတော့ကွာ။

ဦးတင်။ ။ဘာမရှင်းတာလည်း အကိုကြီးက---

ဦးရှင်။ ။ကံပေါ့ကွာ့၊ ကံအကြောင်း စဉ်းစားရင် ခေါင်းမူးလွန်းလို့ဟေ့။

ဦးတင်။ ။မရှင်းတာပဲ ကောင်းပါတယ်ဗျာ။ မရှင်းချင်စမ်းပါနဲ့။ ကျုပ်တို့အဆင့်နဲ့ ကံအကြောင်းသွားစဉ်းစားလို့ကတော့ မရှင်းတဲ့အပြင် ရူးမသွားတာ တော်ဦးမယ်။ ကျုပ်ရှင်းပြတယ်ဆိုတာကလည်း ကျုပ်သိသလောက်ကို လက်တွေ့နဲ့ နိုင်းယှဉ်ပြီး ပြောပြတာပါပဲ။ တကယ်တော့ ဒီအတိုင်းပဲဖြစ်ပါတယ် လို့ ကျုပ်လည်း အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့အဖြေမတွေ့မချင်းတော့ ဒါကိုပဲ ကျုပ်တော့ လက်ခံထားတယ်။

ဦးရှင်။ ။မင်းပြောတာ ငါလည်း လက်ခံပါတယ်။ ဒါနဲ့ ဆက်ပါဦး၊ မင်း မနေ့ကပြောတော့ ကံတွေက လူတွေကို ဘယ်လိုစုပေးလိုက်တယ်ဆိုလား ဘာဆိုလား?

ဦးတင်။ ။ပြီးခဲ့တဲ့သဘာဝဘေးဆိုးကြီးတွေ ကမ္ဘာမှာရော မြန်မာမှာပါ ဖြစ်ခဲ့တာတွေ ကြည့်ပြီး လေ့လာသူတွေက မေးခွန်းအမျိုးမျိုးထုတ်နေကြတယ် မဟုတ်လား။ ဘယ်တော့မှ အဖြေမတွေ့မည့် မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေကို ဒီလိုဘေးဆိုးကြီးတွေ ပေါ်ပေါက်တိုင်းမေးခဲ့ကြတာပဲ။ ဘယ်သူက ဟုတ္တိပတ္တိ အဖြေပေးနိုင်ခဲ့လို့လဲ? ကျုပ်တို့ဆီက လူတွေလိုပဲနေမှာ၊ ဟိုလူကတစ်မျိုး၊ ဒီလူကတစ်မျိုး။

ဦးရှင်။ ။ကျုပ်တို့ဆီကလူတွေက ဘာဖြစ်နေလို့လဲ မောင်တင်ရ---

ဦးတင်။ ။ဘာဖြစ်ရမှာလဲ အကိုကြီးရ၊ လူတိုင်းတော့လည်း မဟုတ်ပါဘူး၊ ပညာဗဟုသုတနည်းပါးတဲ့ လူတွေကို ဆိုလိုတာပါ။ ဥပမာ၊ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဆေးသောက်ရမည့်အစား၊ ဆရာဝန်ဆီသွားရမည့်အစား၊ ဗေဒင်မေးလို့မေး၊ နတ်ကတော်မေးလို့မေး၊ ဘုန်းကြီးဆီ ရေမန်းတောင်းသောက်လို့ တောင်းသောက်နဲ့ ဘယ်လောက် သဘာဝမကျလဲ။ ဆိုလိုတာက အကျိုးအပြစ်တစ်ခုပေါ်လာရင် အဲဒါနဲ့ ဆီလျော်တဲ့ အကြောင်းကို မရှာ မလုပ်ပဲနဲ့ မဆီမဆိုင်တွေ ထထလုပ်ကြလို့ ကဲ့ရဲ့စရာတွေ ဖြစ်ကုန်တာပေါ့ဗျား။

ဦးရှင်။ ။ဒါတော့ ဟုတ်တယ်ဟေ့၊ ငါတို့ဆီလည်း အဲဒါမျိုးတွေ မကြာခဏကြားကြားနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မင်းကြည့်ပါလား၊ မပုသမီးလေး ဗိုက်နာတာကွာ၊ အဲဒါ အမေလုပ်တဲ့ မပုက သူ့သမီးကို ဆေးခန်းခေါ်မသွားပဲ ဗေဒင်သွားမေးတာ၊ စိတ်ကောင်းရှိတဲ့ ဗေဒင်ဆရာနဲ့တွေ့လို့သာ တော်တော့တယ်၊ နို့မို့ရင် ဆင်းရဲရတဲ့အထဲ ဗေဒင်ဟောခအတွက်ပါ ကုန်နေဦးမှာ။ ဗေဒင်ဆရာက ရိုးရိုးသားသား ပြောလိုက်သတဲ့၊ ဒီကိစ္စက ဗေဒင်နဲ့ ဘာမှ မဆိုင်ဘူး။ ဆေးခန်းသွားပြပြီး သူတို့ပေးတဲ့ဆေး သောက်ရင် သက်သာသွားလိမ့်မယ် လို့။ အဲဒီကျမှ မရွှေပုကြီးခမျာ နေမကောင်းဖြစ်တယ်ဆိုတာ ဗေဒင်ဆရာနဲ့ ဘာမှ မပတ်သက်မှန်း သိတော့သဗျား။ ဆရာတော်ကတောင် မပုကို ဆူလိုက်သေးသတဲ့၊ ညီးဒီလောက် တုန်းရသလားလို့။

ဦးတင်။ ။ကြားပါ့ဗျား။ မပုမို့သာ တော်တော့တယ်။ မရှည်ဆိုရင်တော့ ဒီကိစ္စ ဒီလောက် တိုတိုနဲ့ပြီးမည့်ပုံမရှိဘူး။ ကဲ အကိုကြီးရာ လိုရင်းပြောကြစို့ဗျာ။ ကမ္မ၀ါဒီတို့အလိုအရတော့ ကျုပ်တို့လူသားတွေ အပါအ၀င် သတ္တ၀ါတွေကို အဓိက ချယ်လှယ်နေတဲ့အရာကတော့ သူတို့ကိုယ်တိုင်ပြုထားတဲ့ ကောင်းကံ/မကောင်းကံတွေ ဖြစ်တယ်ဆိုတာ ယေဘုယျ လက်ခံထားပြီးသားနော်။ အစုလိုက် အပြုံလိုက်သေတဲ့ ကိစ္စမှာ ဒီသဘောကို ထည့်တွက်ရမယ်။ သံသရာဆိုတာကို အစမထင် ဆိုတဲ့ စကားလုံးနဲ့ အထူးပြုပြောဆိုကြတယ် မဟုတ်လား၊ အစမထင်သော သံသရာ ဆိုတာလေ။ အဲဒီအစမထင်တဲ့အကြောင်းကိုလည်း အစမထင်ဘူးဆိုတာကို သိတဲ့ ဉာဏ်မျိုးရှိမှ သိတာကလား။ သာမန်ပုဂ္ဂိုလ်တွေတော့ ဘယ်သိပါ့လဲ၊ ရဟန္တာတွေတောင် မသိနိုင်ဘူး လို့မှတ်ဘူးတယ်။ သံသရာအစမထင်ဘူးဆိုတာကို ဘုရားရှင်တို့ကိုယ်တိုင်ပဲ သိနိုင်သတဲ့။

ဦးရှင်။ ။ဟုတ်တယ်ကွာ့၊ မရှိတာကို မရှိဘူးလို့ သိတဲ့ဉာဏ်ဟာ တခြားဉာဏ်တွေထက်သာတယ်လို့ ငါတော့ ပြောရဲတယ်။ မရှိတာကို အရှိထင်ပြီးပြောဟောနေကြလို့ လူတွေ ဒုက္ခရောက်နေကြတာပေါ့ ညီမောင်ရ။

ဦးတင်။ ။အဲဒီတော့ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ဒီအစမထင်တဲ့ သံသရာဆိုတာကြီးထဲ ကျုပ်တို့တစ်တွေ ဘယ်ဘ၀က ဘာကံတွေ ပြုလုပ်ခဲ့ကြမှန်း ဘယ်သိနိုင်မလဲ? ကောင်းတာတွေရော မကောင်းတာတွေရော စုံလို့နေမှာပဲ။ အဲဒီကံတွေဟာ သံသရာမှာ လည်နေသေးသမျှတော့ တစ်ဘ၀မဟုတ် တစ်ဘ၀မှာ သွားအကျိုးပေးမှာ ဧကန်ပဲဗျာ့။ ဥပမာဗျာ---အကိုနဲ့ ကျနော်ပဲ ဆိုပါတော့။ ဒီဘ၀မှာ အတူလာဖြစ်ဖို့ အရင်ဘ၀က မချိန်းခဲ့တာတော့ သေချာတယ်။

ဦးရှင်။ ။ဘယ်ပြောလို့ ရမလဲကွာ့၊ ချိန်းရင် ချိန်းခဲ့မှာပေါ့။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း အရေးထဲ နောက်နေပြန်ပြီ။ အရှိန်မဖျက်စမ်းပါနဲ့။ အသာနားထောင်ပါဗျာ့။ အဲလိုမချိန်းခဲ့ပေမဲ့ ဒီဘ၀ရောက်စေလောက်တဲ့ အစွမ်းသတ္တိရှိတဲ့ ကံမျိုးကို အကိုကြီးရော ကျနော်ရော ပြုခဲ့ကြတယ်လို့ ခန့်မှန်းနိုင်တယ်။ အဲဒီလိုပြုတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အတူပြုတာလည်းဖြစ်နိုင်တယ်၊ တစ်ကွဲတစ်ပြားစီလည်းဖြစ်နိုင်တယ်။ တစ်ကွဲတစ်ပြားဆီဆိုတဲ့နေရာမှာ တစ်ဘ၀တည်းမှာတင် တစ်နေရာဆီ၊ တစ်မျိုးနွယ်ဆီဖြစ်ပြီး ပြုခဲ့တာလည်း ဖြစ်နိုင်သလို၊ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားတဲ့ဘ၀တွေမှာ ဖြစ်ပြီး ပြုခဲ့ကြတာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ပြုတဲ့အကြောင်းက တူနေတဲ့အတွက် အကျိုးပေးလာပြန်တော့လည်း ဘ၀တစ်ခုတည်းမှာ အတူတူဖြစ်ဖို့ ဖြစ်လာတယ်။ နို့ပေမဲ့ အတူတူသေမယ်/ မသေဘူးတော့ မပြောနိုင်သေးဘူး။ အကြောင်းဆိုတာကို ကံလို့ ပြောကြတာပဲ မဟုတ်လား? မြန်မာတွေက “အကြောင်းကံ” ဆိုပြီး တွဲတောင် သုံးနေကြသေးတာပဲ။

ဦးရှင်။ ။ဟုတ်တယ်။ အကြောင်းဟာ ကံပဲ။ “အကြောင်းကံ မကောင်းတော့လည်း မေရယ်၊ ပေါင်းရန်ခဲခက်ပေမဲ့ကွယ်၊ နောင်ဘ၀မှာကွယ်၊ ပေါင်းရစေသားလို့ ဆုပန်မယ်” ဆိုတဲ့ သီချင်းရှိသေးတယ်လေကွာ။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း ဘေးကလူတွေကြားရင် ပြောနေပါဦးမယ်၊ အကိုကြီးကို လူပျိုကြီးမှန်း တစ်ရွာလုံးက သိပါတယ်ဗျာ့။ ဒီရှေ့လည်း ရဖို့အကြောင်းမရှိတော့ပါဘူး။ အကိုကြီးရဲ့ ငယ်ချစ်ကြီး ဒေါ်မြမြသင်းတောင် အခုလောက်ဆို တွင်းထဲမှာ အရိုးဆွေးနေလောက်ပြီပဲ၊ လွမ်းပြမနေစမ်းပါနဲ့။

ဦးရှင်။ ။ငတင်၊ ငတင်၊ ပြောစရာရှိ ဆက်ပြောပါမောင်။ ငါ့ ငယ်ကျိုးငယ်နာတွေတော့ လာမဖေါ်နဲ့။ ငါက မင်းပြောလို့ အကြောင်းဆိုတာ ကံပဲ ဆိုတဲ့ သာဓကကို ထုတ်ပြတာ။ သိပြီလား။ အင်း မြမြ---မြမြ---လွဲရလေတယ် မြရယ်---

ဦးတင်။ ။ဟားဟားဟား---အကိုကြီးက ဒေါ်မြမြပါလာတာနဲ့ ဆွေးသွားပြီလား။ အဲဒါလည်း အကြောင်းကံမပါလို့ မပေါင်းရတာပေါ့ဗျာ့။ ကျနော်ကတော့ အခုထိ အိမ်ကဟာကြီးနဲ့ ကောင်းတုန်းပဲ။ ဆက်ပြောမယ်ဗျာ၊ တော်ကြာ နေ၀င်သွားဦးမယ်။ ပြုခဲ့တဲ့ ကံတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြလေတော့ ကံအကျိုးပေးပုံဟာ လေးမျိုးလေးစားကွဲပြားသွားတယ် အကိုကြီးရ--

ဦးရှင်။ ။ဆိုစမ်းပါဦးဟ၊ ငါတော့ တစ်ခါမှာ မကြားဖူးသေးဘူး။ ဘယ်လိုလေးမျိုးလေးစားကွဲသွားတာလဲဆိုတာ သိရအောင်။

ဦးတင်။ ။ဒီလိုလေ အကိုကြီး၊ ဘ၀များစွာသံသရာမှာ သတ္တ၀ါအမျိုးမျိုးဖြစ်ရပြီး ကံတွေအမျိုးမျိုးကို ပြုခဲ့ကြတဲ့နေရာမှာ---
(၁) လူသာဖြစ်စေပြီး အတူမဖြစ်စေတဲ့ကံ
(၂) အတူသာဖြစ်စေပြီး လူမဖြစ်စေတဲ့ကံ
(၃) လူလည်းဖြစ်စေ အတူလည်းဖြစ်စေတဲ့ကံ
(၄) လူလည်းမဖြစ်စေ အတူလည်းမဖြစ်စေတဲ့ကံ ဆိုပြီးလေးမျိုးရှိတယ်ဗျာ့။

ဦးရှင်။ ။မင်းဟာက စိတ်ဝင်စားစရာပါလား။ လင်းစမ်းပါဦး အဲဒါတွေကို။

ဦးတင်။ ။အကိုကြီးနဲ့ ဒေါ်မြမြသင်းတို့ နှစ်ယောက်က အရင့်အရင်ဘ၀တွေက အတော်အတန်ကောင်းမှုရှိခဲ့ကြလို့ ဒီဘ၀မှာ လူတော့ လာဖြစ်ကြပါရဲ့၊ ဒါပေမဲ့ အတူမဖြစ်ကြရရှာဘူး မဟုတ်လား။ အဲဒါမျိုးကံပေါ့၊ ကျနော့်အထင်ပြောရရင်တော့ အတူဖြစ်ဖို့ဆိုတာ ကောင်းမှုပြုတဲ့အခါ ဆုတောင်းမှုတော့လိုလိမ့်မယ်ထင်တယ်။ ဆိုလိုတာက ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတော့ ရမှာပဲ။ ဒါပေမဲ့ ဦးတည်ချက်တော့ ထားသင့်တယ်။ အချို့ကျတော့ အတူဖြစ်ပေမဲ့ လူမဖြစ်ဘူး။ အကိုကြီးအိမ်မှာ မွေးထားတဲ့ ခွေးမ ဘုတ်ဘုတ်နဲ့ အကိုကြီးလိုပေါ့။ အကိုကြီးကလူဖြစ်ပြီး သူ့ခမျာ ခွေးမဘ၀နဲ့ပဲ အကိုကြီးမျက်နှာကို ငမ်းနေရရှာတယ်။

ဦးရှင်။ ။ဟေ့ကောင်၊ တခြားဥပမာပေးကွာ။ မင်းက မိန်းမရှိတယ်ဆိုပြီး ငါ့ကို နှိမ်နေတာလား။ ငါက မြမြကို ချစ်လွန်းလို့ ဒီအတိုင်းနေခဲ့တာကွာ့။ ငါယူမယ်ဆို ဟောဒီအလင်းတန်းက ကောင်မတွေ တစ်ယောက်မှတောင် လွတ်မှာမဟုတ်ဘူး။

ဦးတင်။ ။ဟားဟားဟာ အကိုကြီးကလည်း ပွက်နေပြန်ပြီ။ ဥပမာပေးတာများ စိတ်တိုနေရသေးဗျာ။ အကိုကြီးနဲ့ အနီးဆုံးဥပမာပေးမှ အကိုကြီးနားထဲ ဒိုင်းကနဲ ၀င်မှာပေါ့ဗျာ့။ ဒီတစ်ခါ ကျုပ်ကိုယ်ကျုပ်ပဲ ပေးတော့မယ်ဗျား။ တတိယအမျိုးအစားကတော့ ကျုပ်နဲ့ အိမ်က လှိုင်မေလိုပေါ့။ လူလည်းဖြစ်ကြ၊ အတူလည်းဖြစ်ကြ၊ ဘယ်လောက်ကောင်းလဲ။ အဲဒါ အရင်ဘ၀တုန်းက ကောင်းမှုပြုပြီး ဆုလေးဘာလေး တောင်းခဲ့လို့ဗျာ့ သိလား။ နောက်တစ်ခါ ကောင်းမှုပြုရင် ဆုတောင်းဖို့လည်း မမေ့နဲ့ဦး။ လူလည်းမဖြစ် အတူလည်းမဖြစ်တွေကတော့ ကျန်တာတွေပေါ့ဗျာ။ ဟိုဘက်အိမ်ကအောင်နက်ကြီးနဲ့ ကိုကြီးအိမ်က ဘုတ်ဘုတ်တို့လိုပေါ့။ ဒါပေမဲ့ တော်သလင်းရာသီရောက်ရင်တော့ ဘုတ်ဘုတ် ဒီဘက်မှာ အမြီးနပ်နေတာတွေ့ရင် အောင်နက်ကြီးခမျာ ခြံပေါက်တိုးရတာ အမော၊ ဟားဟားဟားဟား----------။

ဦးရှင်။ ။မင်းဆိုတဲ့ကောင်က ပြောတာနည်းနည်း၊ ရယ်တာများများ။ ငါ့လည်းမထိနဲ့၊ ဘုတ်ဘုတ်လည်း မထိနဲ့။ ကျန်တာ ကြိုက်သလောက်ပြောကွာ။

ဦးတင်။ ။အကိုကြီးကတော့ လုပ်ပြီ၊ ခွေးမထိတောင် မခံဘူး၊ လူမဆိုရင်တော့ ဘယ်နှယ်နေမယ်မသိဘူး။ ကောင်းပြီ၊ လူဖြစ်လာပြန်ကြတော့ကော? သေရတဲ့ပုံတွေက တစ်ယောက်နဲ့ တစ်ယောက်မတူကြပြန်ဘူး။ အသက်တမ်းကုန်လို့၊ ကံကုန်လို့၊ နှစ်မျိုးလုံးကုန်လို့၊ နောက်ဆုံး အသက်တမ်းနဲ့ကံတွေ မကုန်သေးပေမဲ့ ဘ၀တစ်ခုခုမှာ ပြုခဲ့ဖူးတဲ့ သူတစ်ပါးကို သတ်မှုဖြတ်မှုတွေလိုကံတွေက ရုတ်တစ်ရက်အကျိုးဝင်ပေးလာတဲ့အခါ သေကြရတာတွေလည်း တစ်ပုံကြီးပဲ။ ပြီးခဲ့တဲ့ နာဂစ်၊ ဆူနာမီ၊ တရုတ်၊ ဟီန်တီငလျင်တွေမှာ သေလိုက်ကြတာ နည်းလား။ အဲဒါတွေဟာ အခုနောက်ဆုံးပြောခဲ့တဲ့ ကံမျိုးကြောင့်သေရတယ်လို့ ကျနော်တော့ ယူဆတယ်။

ဦးရှင်။ ။ယူဆတာတော့ ဟုတ်ပါပြီ။ ဒီလောက်လူအများကြီးကို ဘယ်လိုလုပ် စုဖြစ်အောင် လုပ်ပေးလိုက်တာတုန်း။

ဦးတင်။ ။အကိုကြီးခြံထဲမှာ ဘာသရက်မျိုးတွေ ရှိသလဲ?

ဦးရှင်။ ။အစုံပေါ့ဟ၊ မချစ်စု၊ ရင်ကွဲ၊ အောင်ဒင်၊ သုံးလုံးတစ်တောင် အများကြီးပါပဲ။

ဦးတင်။ ။တကယ်လို့ အကိုကြီးရာ၊ သရက်ခြံထဲ သရက်ပင်အကြီးအငယ်တွေ ပန်းပွင့်တွေ တစ်လှိုင်လှိုင်ပွင့်နေတဲ့အချိန်မှာ မိုးလေ၀သဌာနကနေပြီးတော့ တစ်ပတ်အတွင်း မိုးရွာနိုင်တယ်လို့ကျေညာရင် အကိုကြီးဘာလုပ်လဲ?

ဦးရှင်။ ။သရက်ပန်းတွေ မိုးခါးထိပြီး ပိုးမကျအောင် ဆေးဖျန်းတာပေါ့၊ ဒါပေမဲ့ သရက်ခြံကကျယ်၊ အပင်တွေက များတော့ မချစ်စုတို့လို အမျိုးကောင်းတဲ့ အပင်တွေကို အရင်ကုန်အောင် ဖျန်းပြီးမှပဲ ကျန်တဲ့အပင်တွေကို ဖျန်းရတာ။ အကုန်တော့ မဖျန်းနိုင်ပါဘူး။ ဦးစားပေးစနစ်ပေါ့။

ဦးတင်။ ။အဲလိုဆေးဖျန်းတော့ရော လုံးဝပိုးမကျတော့ဘူးတဲ့လား? ဒါမဟုတ် ဆေးအဖျန်းမခံရတဲ့အပင်တွေအပေါ်က သရက်ပန်းမှန်သမျှကရော အကုန်ပျက်စီးရတာပဲလာ?

ဦးရှင်။ ။အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အနည်းနဲ့များ ဆိုသလိုပေါ့။ ဆေးဖျန်းပေမဲ့ အချို့အသီးတွေမှာ ပိုးလိုက်နေတာတွေ အများကြီးတွေ့ရတယ်။ နောက်ပြီး ဆေးမဖျန်းပေမဲ့ မိုးခါးမထိတဲ့ အဖူးတွေဆိုလည်း အသီးတင်တာပဲလေ။

ဦးတင်။ ။ဒီအတိုင်းပဲ အကိုကြီးရ၊ ရုတ်တရက်သေဖို့ကံပါတဲ့လူတွေမှာလည်း တစ်ယောက်ချင်းသေဖို့နဲ့ အုပ်စုလိုက်သေဖို့်ဆိုပြီး သေပုံချင်းရာကွဲသေးတယ်။ အဲဒီလို ကွဲပြားမှုဟာလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး။ တူရာတူရာစုပြီးဖြစ်ပေါ်လာကြတာပဲ။ ဥပမာ--ပန်းခူး၊ သစ်သီးခူးတဲ့လူတွေဆိုပါတော့၊ ခြံထဲရှိတဲ့ပန်းတွေ သစ်သီးတွေကို ခြင်းကြီးတစ်လုံးထဲ အကုန်ရောထည့်ပြီး အိမ်ပြန်ရောက်တော့မှ တူရာတူရာ ရွေးပြီးခွဲထုတ်သလို ပြုခဲ့တဲ့ ကံတွေဟာလည်း အဲဒီကံပြုထားတဲ့လူတွေကို ဖြစ်ရာဘ၀မှာ တူရာတူရာစုပေးလိုက်ပြီး ကောင်းတဲ့ကံရှိတဲ့လူတွေကို ကောင်းတဲ့နေရာကို ပို့ပေးလိုက်တယ်၊ မကောင်းတဲ့ကံရှိတဲ့လူတွေကို မကောင်းတဲ့နေရာပို့ပေးလိုက်တာပေါ့ အကိုကြီးရ။

ဦးရှင်။ ။နေဦးကွာ့၊ ဟို ဘုရားလက်ထက်က အဲလို အစုလိုက်အပြုံလိုက် သေတာတွေ ရှိခဲ့ဖူးလား?

ဦးတင်။ ။သိပ်ရှိခဲ့တာပေါ့ဗျာ၊ ၀ိဍဍူဘဘုရင်အကြောင်း ကြားဖူးတယ်မဟုတ်လား? ကျွန်မနဲ့ရတဲ့သားလို့ အပြောခံရတာရှက်ပြီး ကပိလ၀တ်နန်းတော်ထဲကလူတွေ အကုန်သတ်ပစ်လိုက်တာ၊ နောက် အဲဒီကပြန်တော့ သူတို့စစ်တပ်စတည်းချတဲ့ နေရာကို ညဘက် စစ်သားတွေအိပ်မောကျနေတဲ့အချိန် ရုတ်တရက် မြစ်ရေကြီးလာပြီး အကုန်မျောပစ်လိုက်တာ။ အားလုံးသေကုန်တာပဲတဲ့။ အဲဒါမျိုးတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ အုပ်စုတစ်ခုက ရှေးကံကြောင့် သေရပြီး နောက်အုပ်စုတစ်ခုက အခုဘ၀မှာတင် ကြူးလွန်တဲ့ကံကြောင့် သေရတယ်လို့ မှတ်သားဖူးတယ်။ အဲဒီတော့ အတိတ်ကံချည်းသက်သက်ကြောင့်မဟုတ်ပဲနဲ့ ဒီဘ၀မှာ လုပ်တဲ့မကောင်းမှုကလည်း အင်အားသိပ်ကောင်းရင် ချက်ချင်း မကောင်းကျိုးပေးနိုင်တာပဲလေ။

ဦးရှင်။ ။ကျေးဇူးပဲ မောင်တင်ရာ၊ နေလုံးရေထဲ တစ်ဝက်မြုတ်နေပြီဟေ့၊ ပြန်ရအောင်ကွာ။ ဒါပေမဲ့ ငါ့ခေါင်းထဲ ကောင်းကောင်းတော့ မရှင်းသေးဘူး။ နောက်နေ့တွေ ထပ်ဆွေးနွေးကြသေးတာပေါ့။ အခုတစ်လော သတင်းတွေမှာ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ရှိသေးတယ်။ Mercy killing ဆိုတာ။ အဲဒါလဲ ဆွေးနွေးရဦးမယ်၊ ငါတို့ ကမ္မ၀ါဒရှုထောင့်က ဘယ်လိုမြင်လဲ? ဆိုတာပေါ့။

ဦးတင်။ ။အဲဒီပြဿနာကတော့ တော်ကြီးမားတဲ့ ပြဿနာမျိုးပဲ အကိုကြီးရေ့။ ဘာသာရေးစာပေတွေကို စိန်ခေါ်တဲ့ ပြဿနာကြီးပေါ့ဗျာ။ ကဲ နောက်တော့ ဆွေးနွေးတာပေါ့လေ။

Wednesday, January 20, 2010

အယူမှားမှု သုံးမျိုး


ဦးရှင်/ဦးတင် ညီအကိုနှစ်ယောက်တို့ ရွာဦးကျောင်းက အပြန် ထုံးစံအတိုင်း ဘုရားကုန်းတော်ပေါ်သို့ တက်လာခဲ့ကြရာ အဘိုးကြီးနှစ်ယောက်တို့၏ မပြတ်သေးသော ဆွေးနွေးပွဲကို ဆက်လက်နားထောင်မှတ်သားရန် အားခဲထားသော ကျနော့်ခမျာ နောက်မှ အသာကပ်လိုက်ပါသွားခဲ့တော့သည်။ ကုန်းတော်ပေါ် ရောက်ရောက်ချင်း ညီဖြစ်သူ ဦးတင်က “အကိုကြီး အမေးကောင်းတာနဲ့ မနေ့ညနေက ငတ်တော့မလို့ဗျို့”။

ဦးရှင်။ ထမင်းလား?

ဦးတင်။ အာ၊ အကိုကြီးကလည်း ထမင်းမဟုတ်လို့ ဘာဖြစ်ရဦးမှာတုန်း။

ဦးရှင်။ သိဘူးလေကွာ၊ ငါလည်း ထမင်းအောက်မေ့လို့ မေးတာပါပဲ၊ ကဲ ဒါနဲ့ ဆက်စမ်းပါဦး မနေ့ကအကြောင်းလေး။ ဒုက္ခဖြစ်ပေါ်ရတဲ့ အကြောင်းလေးပေါ့။

ဦးတင်။ ဆက်ရမယ်ဆိုရင်တော့ ဒီလိုဗျာ့၊ မနေ့က ဒါနဲ့ပတ်သက်ပြီး အပိုင်းသုံးပိုင်းခွဲထားခဲ့တာ မှတ်မိတယ်နော်။

ဦးရှင်။ မှတ်မိပဲလားဗျာ၊ ဘ၀ရယ်၊ ကံရယ်၊ သံသရာရယ် ဆိုတာမဟုတ်လား။

ဦးတင်။ ဟုတ်လိုက်လေ အကိုကြီးရာ၊ ကျုပ်တပည့်တွေထဲတော့ အကိုကြီးက အတော်ဆုံးပဲဗျာ့။

ဦးရှင်။ ဟေ့ကောင် ပေါက်ကရပြောမနေနဲ့၊ မင်းဆီ တပည့်ခံနေတာမဟုတ်ဘူး၊ ဆွေးနွေးနေတာကွာ့။

ဦးတင်။ ဟားဟားဟား---အကိုကြီးကလည်း စိတ်ထွက်နေပြန်ပြီ။ စတာပါဗျာ့။ နားထောင်နေတဲ့ ကောင်လေးတွေ ပျင်းနေတာမှာ စိုးလို့။ ဆက်ကြဦးစို့၊ အဲဒီသုံးပိုင်းထဲမှာ ဘ၀ဆိုတဲ့ အပိုင်းနဲ့ သံသရာဆိုတဲ့အပိုင်းကို အကြမ်းဖျဉ်းပြောခဲ့ပြီးပြီနော်။ ဒီဆွေးနွေးပွဲမှာတော့ မလိုအပ်ရင် ထပ်မပြောတော့ဘူး။ အဓိကကျတဲ့ ကံပိုင်းကိုပဲ ပြောကြရအောင်။ ကားမောင်းတဲ့လူနဲ့တူတဲ့ ကံပေါ့ အကိုကြီးရ။

ဦးရှင်။ နေဦးကွာ၊ ဖြတ်ပြောရဦးမယ်။ ကံဆိုတာ ငါသိသလောက်တော့ အတိတ်ကံပဲ။ အတိတ်ဘ၀က ပြုခဲ့ဖူးတဲ့ ကောင်းမှု/မကောင်းမှုတွေပေါ့။ ငါတို့ဗုဒ္ဓဘာသာဝင်တွေ အများစုကတော့ အတိတ်ကံကို လက်ခံယုံကြည်ကြတယ်ကွာ့။

ဦးတင်။ အဲဒါ ခက်နေတာပေါ့ အကိုကြီးရ၊ ကံလိုပြောရင် လူတွေက အတိတ်ကံပဲ မှတ်နေကြတာ။ အဲဒါမျိုးကို အယူမှားတဲ့သူ လို့ ဘုရားစာထဲ ဖတ်ဖူးပါ့ဗျား။

ဦးရှင်။ ဟုတ်မှလဲ လုပ်ပါ ညီမောင်ရာ။ ဘယ်နှယ် အတိတ်ကံကို ယုံတဲ့လူတွေကို အယူမှားတဲ့သူတွေလို့ ပြောရတာလဲ။ ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကရပ်တည်ချက်က ဒီကံကို ယုံကြည်မှုအပေါ်ပဲ မဟုတ်လား?

ဦးတင်။ ကျုပ်ပြောတာ ရှင်းရှင်းလေးပါ အကိုကြီးရာ။ အတိတ်ကံကို ယုံတဲ့လူကို အယူမှားသူလို့ မဆိုလိုပါဘူး။ အတိတ်ကံကိုပဲ ယုံတဲ့လူကိုသာ ပြောတာပါဗျာ့။

ဦးရှင်။ မင်းဟာကလည်း နှစ်လုံးတည်းနဲ့ ကပ်ရှုပ် ဆိုသလိုဖြစ်နေပေါ့လား၊ လင်းစမ်းပါဦးဟ။

ဦးတင်။ ကျုပ်မှတ်မိသလောက် အယူမှားတဲ့သူတွေကို ခွဲလိုက်ရင် သုံးမျိုး သုံးစား ရှိသဗျား။ တစ်က အတိတ်ကံချည်းသက်သက် ယုံတဲ့သူ၊ အဲဒီလူမျိုးက သူ့ဘ၀မှာ ဘာပဲ ဖြစ်လာဖြစ်လာ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အတိတ်ကံကြောင့်ချည်းပဲလို့ လက်ခံထားတယ်။ အဲဒီလို ယုံတဲ့အတွက် သူက အမှားကျူးလွန်ရင်လဲ အတိတ်ကံကြောင့်၊ သူများက သူ့အပေါ်အမှားလုပ်မိရင်လဲ အတိတ်ကံကြောင့်၊ အဲဒီလိုကို ဖြစ်နေတော့တာ။ အဲလို လူမျိုးကို ဘုရားဟောစာပေတွေက မိစ္ဆာဒိဋ္ဌိ စာရင်းထဲ သွင်းထားတယ် အကိုကြီးရ။

ဦးရှင်။ အေးဗျာ၊ မင်းပြောမှ ငါနည်းနည်း သတိထားမိလာတယ်။ အဲဒီလို လူတွေ အတော်များများ တွေ့ဖူးတယ်။ တစ်ခါတစ်လေ ငါကိုယ်တိုင်တောင် အခုမင်းပြောတဲ့ အမျိုးအစားနဲ့ သိပ်မလွတ်ချင်ဘူး။ နောက် လူအတော်များများလည်း ဒီထဲပါနေကြတာပဲ။ ဒါပေမဲ့ အဲလို အတိတ်ကံကိုချည်း မယုံရင် ဘာကို ယုံရမှာလဲကွာ?

ဦးတင်။ အကိုကြီးက မန်လည်ဆရာတော်ကြီးရေးတဲ့ ကဗျာကျမ်းကြီး မဖတ်ဖူးဘူးနဲ့ တူတယ်။

ဦးရှင်။ ဖတ်ဖူးပါပကော မောင်ရာ။ ဟို မဃဒေ၀ အလင်္ကာကျမ်းကြီးပြောတာ မဟုတ်လား။ ငါတို့ဆီက လူကြီးလူငယ် အတော်များများ ဖတ်ဖူးကြတာချည်းပါပဲကွာ့။

ဦးတင်။ ဟုတ်မှာပါဗျာ့၊ ဒါပေမဲ့ ဖတ်ဖူးရုံသက်သက်တော့ အလုပ်မဖြစ်ဘူးလေ။ မှတ်ဖူးမှ ဖြစ်မှာပေါ့။ ဖတ်လည်း ဖတ်၊ မှတ်လည်း မှတ်ဆို ပိုကောင်းတာပေါ့။ အဲဒီကျမ်းထဲမှာ ဆရာတော်ကြီးက ကံနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေ အများကြီးပဲ။ ကျုပ်မှတ်မိတာလေးပဲ ရွတ်ပြမယ်ဗျား “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွါးရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း” တဲ့။ အဓိပ္ပါယ်နားလည်ရ မခက်ပါဘူး အကိုကြီးရ၊ ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာက အရင်းခံအကြောင်းတရားမို့ ပြောတာပါတဲ့၊ လူ့လောကမှာ ကြီးပွါးချမ်းသာဖို့၊ အသက်ရှည်ဖို့ဆိုရင်တော့ ကံနဲ့တင်မလုံလောက်ဘူး၊ ဉာဏ်ရော၊ ကျိုးစားမှုရော၊ နောက်ပြီး ပယောဂ လို့ ခေါ်တဲ့ ကာလဒေသအလိုက် ပြုမူနေထိုင်တတ်မှုတွေရော အရေးကြီးကြောင်း ပြောထားပြီးသားပါဗျာ့။

ဦးရှင်။ အေးကွာ၊ မင်းပြောတော့လည်း ဟုတ်နေတာပဲ။ ဒါဖြင့်ရင် ကံဆိုတာ ယုံတော့ယုံ၊ ပုံတော့မအပ်လိုက်နဲ့လို့ ဆိုလိုတာပေါ့ ဟုတ်လား?

ဦးတင်။ သိပ်ဟုတ်တာပေါ့။ အကိုကြီးက ဒီလိုကျတော့လည်း တော်သားပါဗျာ့။ ကျုပ်တို့မြန်မာစာပေမှာလည်း ကံနဲ့ ပတ်သက်ပြီး ဆိုရိုးတွေ စကားပုံတွေ ရှိနှင့်ပြီးသားပဲ မဟုတ်လား “ကံယုံ ဆူးပုံမနင်းရာ” တို့၊ “ကျားရဲရာ ကြမ္မာမယိုးသာ”တို့ ဆိုတာတွေဟာ ကံကိုချည်းယုံပြီး မိုက်ရူးရဲမလုပ်မိစေဖို့ ဆုံးမထားတာတွေပေါ့ဗျာ့။
နောက်ပြီး ဒီနေရာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ စာပိုဒ်တစ်ပိုဒ်ရှိသေးတယ် “မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မယိုးရာဘူး” တဲ့ဗျာ့။ သိပ်ကောင်းတဲ့ အဆိုအမိန့်ပဲ။ အဲဒီမကောင်းလည်းကံ၊ ကောင်းလည်းကံလို့ ယိုးမယ်ဖွဲ့တဲ့လူတွေကို အယူမှားသူတွေလို့ပြောတာပေါ့။

ဦးရှင်။ လင်းပါ့ဗျား။ ရွာနောက်က မကောက် နောက်မီးလင်းတာထက်တောင် လင်းသေးတယ်။ ဟုတ်တာပေါ့၊ ကံဆိုတာ မြင်နိုင်တဲ့အရာမှ မဟုတ်တာ၊ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ကံထမ်းလာတာ မမြင်နိုင်ဘူး၊ လှံထမ်းလာတာကိုသာ မြင်နိုင်တယ်” လို့ ဆိုရိုးပြုခဲ့ကြပေတာပဲ။ ဒါကြောင့် ကံကိုချည်း မယုံပဲ ဉာဏ်၊ ၀ီရိယနဲ့ ပယောဂဆိုတာတွေ လိုအပ်တာပေါ့။

ဦးတင်။ သိပ်လိုအပ်တာပေါ့၊ ကံဆိုတာ မျိုးစေ့လိုပဲ အကိုကြီးရ၊ ဥပမာ၊ သရက်သီးမှည့်စေ့တစ်စေ့ဆိုပါတော့။ သူ့မှာ အပင်ပေါက်နိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ဒီအတိုင်းနေပူလေပူထဲပစ်ထားပြီး သရက်ပင်ပေါက်မည့်နေ့ကို ထိုင်စောင့်နေလို့ကတော့ အမျိုးပဲ ကန်းသွားမယ်၊ အပင်ပေါက်လာမှာ မဟုတ်ဘူး။ ဒီတော့ အပင်လိုချင်တဲ့လူက ဘာလုပ်ရလဲ၊ အဲဒီအစေ့ကိုယူ၊ အပင်ပေါက်လောက်တဲ့မြေနေရာမှာ သင့်တော်ရုံအတွင်းလေးတူး၊ လိုအပ်တဲ့မြေဆွေးတွေဘာတွေထည့်၊ လိုအပ်သလောက် ရေလောင်းပေး၊ အလင်းရောင်လဲ ရအောင်ထား။ ဒါဆို အပင်ပေါက်နိုင်တဲ့ အလားအလာများတာပေါ့။ အကိုကြီးက သရက်ခြံပိုင်ရှင်ပဲ၊ ပိုသိမှာပေါ့။ ဒီလိုပဲလေ၊ လူတိုင်းဟာ ကံနဲ့မွေးလာတာချည်းပဲကို၊ ဒါပေမဲ့ ဉာဏ်ကနည်းရတဲ့အထဲ၊ ပျင်းကပျင်းသေး၊ နေတော့လည်း ဘာမှ အတုယူစရာ အားကျစရာမရှိတဲ့နေရာမျိုးမှာနေ၊ ဒါဆိုသေချာပြီ။ အဲဒီလိုလူမျိုး ဘယ်လောက်ကံရှိရှိ၊ ဘယ်တော့မှ လူမွေးမပြောင်ဘူး၊ ကျုပ်ပြောရဲတယ်။ ဟိုနေပူထဲပစ်ထားတဲ့ သရက်စေ့လိုပဲ ကြီးပွါးနိုင်တဲ့ကံတွေ ခမ်းခြောက်ပြီး အမျိုးတုံးသွားရုံပဲ ရှိမယ်။

ဦးရှင်။ ကံနဲ့ပတ်သက်လို့တော့ အတော်အတန်နားလည်ပါပြီကွာ့၊ နောက်တစ်မျိုး အယူမှားတာက ဘာတဲ့လဲ?

ဦးတင်။ အဲဒါကတော့ ကမ္ဘာ့လူဦးရေအများစု လက်ခံထားတဲ့ ဖန်ဆင်းရှင်ဝါဒပဲဗျို့။ ကျုပ်တော့ ဘိုလိုမမှုတ်တတ်လို့ မှတ်ထားဖူးတဲ့ စကားလုံးပဲ သုံးပါရစေ။ အဲဒါကို “ဣဿရနိမ္မာနဟေတုဝါဒ” လို့ခေါ်တယ်ဗျား။ ဒီလိုဖန်ဆင်းရှင်ကို ယုံကြည်တဲ့လူတွေကလည်း ဘာပဲဖြစ်လာဖြစ်လာ ဖန်ဆင်းလိုဖြစ်လာတာဆိုပြီး ဇွတ်မှိတ်ယုံကြည်တော့တာပဲ။ အဲဒီတော့ မွေးတော့လည်း ဘုရားသခင်အလိုကျ၊ နေတော့လည်း ဘုရားသခင်အလိုကျ၊ သေတော့လည်း ဘုရားသခင်အလိုကျ ဖြစ်ရပြန်ရော။ နောက်ဆုံး ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ထမင်းကို စားတဲ့အခါတောင် ဘာမှမလုပ်ပေးနိုင်တဲ့ ဘုရားသခင်ဆိုတာကြီးကို လှမ်းပြီး ကျေးဇူးတင်လိုက်သေးတယ်။ ဟိုဟာဖြစ်တဲ့အခါတောင် ဘုရားသခင်အလိုကျ လို့ ပြောကြသေးလား မသိဘူး။ အခု အကိုကြီးပြောတဲ့ ဟိန်တီနိုင်ငံမှာ ငလျင်ကြောင့် လူတွေ ထောင်သောင်းချီသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာပြောကြသေးလဲ? ဘုရားသခင်အလိုကျပဲလား?

ဦးရှင်။ အဲလိုကြီး ဒဲ့တော့ မပြောဘူးပေါ့ ညီမောင်ရ၊ ဟို New York မြို့က John Sentamu ဆိုတဲ့ ဘစ်ရှော့ကြီးကတော့ ဒီလိုပြောလေရဲ့“I have nothing to say that makes sense of this horror - all I know is that the message of the death and resurrection of Jesus is that he is with us” တဲ့။

ဦးတင်။ မှုတ်ပြီ၊ မြန်မာလို လုပ်ပါဗျာ၊ နားမလည်ရတဲ့ အထဲ၊ တံထွေးက စင်သေးတယ်။

ဦးရှင်။ ပြောမှာပါကွာ့၊ မြန်မာလိုချည်းသက်သက်ဆို လုပ်ကြံပြောတယ်ထင်မှာ စိုးလို့ သူ့စကားအတိုင်း ၏/သည်/တယ် မလွဲ မှုတ်လိုက်တာ။ ဒီလိုတဲ့ “ဒီကြောက်မက်ဖွယ်အဖြစ်ဆိုးကြီးကို အဓိပ္ပါယ်ပေါက်အောင် ပြောစရာစကား ကျုပ်မှာမရှိပါဘူး၊ ကျုပ်သိတာကတော့ ဂျီးဇက်ရဲ့ သေဆုံးခြင်း/ရှင်သန်ထမြောက်ခြင်းဆိုတဲ့တရားတော်ဟာ သူကျုပ်တို့နဲ့ အတူရှိနေတယ်ဆိုတာပါပဲ”။ ကဲ မှတ်ပလား။

ဦးတင်။ မှတ်ပါပြီဗျား။ ဘာမှန်းတောင် နားမလည်လိုက်ဘူး။ အကိုကြီးဘာသာပြန်တာ မကောင်းလို့နဲ့တူတယ်။

ဦးရှင်။ လုပ်တော့မယ်။ မင်းဆိုတဲ့ကောင်ကတော့ ငါ့ဆို ဘယ်တော့မှ အထင်ကြီးမည့်လူစားမဟုတ်ဘူး။ ဒါတောင် ညီအကိုချင်းမို့သာ တော်တော့တယ်။ ဘုရားသခင်အလိုကျဖြစ်ပါတယ် လို့ ဖြေရင် ထမင်းငတ်သွားမှာပေါ့ကွာ့။ လူတွေဒီလောက်သေကြေပြီး ၀မ်းနည်းပက်လက်ဖြစ်နေရတဲ့ ကိစ္စမှာ ဒီအတိုင်းဒဲ့တိုးကြီး သွားဖြေလို့ ဘယ်ဖြစ်ပါ့မလဲ?

ဦးတင်။ သဘောပေါက်ပါပြီ အကိုကြီးရာ၊ မငေါက်ပါနဲ့။ နောက်တစ်ခုကျန်သေးတယ်ဗျာ၊ ဆက်ပြောမယ်။ အဲဒါကတော့ ဘာပဲဖြစ်လာဖြစ်လာ၊ ဖြစ်လာသမျှ သို့မဟုတ် ပျက်သွားသမျှတွေဟာ ဘာအကြောင်းမှ မရှိပဲ သူ့ဟာသူဖြစ်လာပြီး သူ့ဟာသူပဲပြန်ပျက်သွားတယ် ဆိုတဲ့ အယူမှားမှုမျိုး။ တိုအောင်ပြောရရင်တော့ အကြောင်းမဲ့ဝါဒပေါ့ အကိုကြီးရ။ ဒီဝါဒမျိုးကတော့ တော်တော့်ကို အန္တရာယ်ကြီးတယ်ဗျို့။ ဒီဝါဒသာ လူအတော်များများမှာရှိနေရင် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်တဲ့လူတွေ တော်တော် ခေါင်းခြောက်မည့်ကိစ္စ။

ဦးရှင်။ အခုလည်း ဘာထူးလဲ? ဟိုနား ၀ုန်း၊ ဒီနား ဒိုင်းနဲ့။ ဘယ်သူက ငြိမ်းချမ်းရေး လုပ်နိုင်လို့လဲ? ကုလသမဂ္ဂကြီးလဲ ခေါင်းခဲနေတာပဲ မဟုတ်လား?

ဦးတင်။ အကိုကြီးက အဲလို ၀ုန်း/ဒိုင်းကြဲနေတဲ့လူတွေကို အကြောင်းမဲ့ဝါဒီတွေလို့ ပြောချင်တာလား?

ဦးရှင်။ မဟုတ်ပါဘူးကွာ့။ အခုမင်းပြောတဲ့ အကြောင်းမဲ့ဝါဒီတွေနဲ့ တူတာကို ပြောတာပါ။ ဒီလူတွေ ဘယ်သူတွေဆိုတာ တစ်ကမ္ဘာလုံးက သိနေတာပဲဟာ။ သူတို့တွေလဲ ဖန်းဆင်းရှင်လက်ဝေခံတွေပဲလေကွာ။ ဒါပေမဲ့ အစွန်းရောက်ပြီး လုပ်သမျှ ဖန်ဆင်းရှင်အလိုကျ ဆိုပြီး အော်နေကြတာ။ ဒုတိယအမျိုးအစားထဲကပါပဲ။ ဒါနဲ့ အခု မင်းပြောတဲ့ တတိယ အမျိုးအစားက ယနေ့ကမ္ဘာမှာ ရှိသေးလို့လားကွာ့?

ဦးတင်။ သိပ်ရှိတာပေါ့ အကိုကြီးရ။ ကွန်မြူနစ်တွေဟာ ဒီသဘောသိပ်ရှိတယ်။ ဒါပေမဲ့ ယနေ့ကမ္ဘာမှာ ကုလသမဂ္ဂနဲ့ ဘာနဲ့ အဖွဲ့အစည်းကြီးတွေက ထိမ်းထိမ်းသိမ်းသိမ်းလုပ်ထားနိုင်လို့သာ ပရမ်းပတာ မလုပ်ရဲကြတာ။ ကြည့်ပါလားဗျား၊ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘောဒီးယားနိုင်မှာ ခမာနီကွန်မြူနစ်တွေ ဘယ်လောက်သောင်းကြမ်းခဲ့လဲ? တရုတ်လည်း သိပ်မထူးဘူး၊ နောက်ပြီး လက်ရှိ မြောက်ကိုရီးယား။ ဗိယက်နမ်ကတော့ အမေရိကန်ဆော်တာနဲ့ ပိုးကျိုးသွားလို့ ထားတော့။ နောက်ရှိသေးတယ်။ ရုရှား။ အဲဒီနိုင်ငံအစိုးရတွေဟာ ကုလသမဂ္ဂဆိုတာသာ မရှိရင် သူတို့ပြည်သူတွေလည်း မချမ်းသာသလို ပြင်ပနိုင်ငံတွေလည်း စိတ်အေးလက်အေးနေနိုင်မှာ မဟုတ်ဘူး။ ဖြစ်ပျက်သမျှ အကြောင်းမရှိဘူးလို့ လက်ခံလိုက်တော့ ပြီးပြီပေါ့၊ ဘာကြောက်စရာလိုသေးလဲ၊ လုပ်ချင်လုပ်ကြတော့တာပေါ့။ ဒါကြောင့် သိပ်ကြောက်စရာကောင်းတယ်လို့ပြောတာ။

ဦးရှင်။ အေးကွာ၊ တွေးကြည့်တော့ တရေးရေးမြင်ယောင် ဆိုသလိုပဲ။ မင်းပြောမှ ငါလည်း သဘောပေါက်တော့တယ်။ အစိုးရတစ်ခုခုမှာ အဲလို အယူမျိုးသာလွှမ်းမိုးနေလို့ကတော့ တိုင်းသူပြည်သားတွေ တော်တော် ထိခိုက်ဖို့ရှိတယ်။ ဒါနဲ့ ငါတို့စကား ဘေးထွက်သွားလိုက်တာ ဒုက္ခဖြစ်ရခြင်းအကြောင်းတောင် မရောက်တော့ဘူး။ ဒီနေ့ဆက်ပြောဦးမှာလား?

ဦးတင်။ ဘယ်ကလာ ဘေးထွက်ရမှာလဲ အကိုကြီးရ၊ အယူဝါဒသုံးမျိုးကို ပြီးအောင်ပြောနေတာနဲ့ အချိန်ကုန်သွားတာပါဗျာ့။ ဒီသုံးမျိုးကို အချုပ်မှတ်ထားချင်ရင်တော့၊ (၁) အတိတ်ကံသက်သက်ဝါဒ၊ (၂) ဖန်ဆင်းရှင်ဝါဒ နဲ့ (၃) အကြောင်းမဲ့ဝါဒ ဆိုပြီး မှတ်ထားနိုင်တယ်။ အဲဒီထဲမှာ ပထမဆုံးဖြစ်တဲ့ အတိတ်ကံသက်သက်ကို ယုံကြည်တဲ့ဝါဒသမားတွေက ကျန်လူတွေနဲ့ စာရင် နည်းနည်းတော်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကောင်းမှုမကောင်းမှုတွေရဲ့ အကျိုးရလာဒ်ကို ယုံကြည့်ကြတဲ့အတွက် သူများကို ဒုက္ခမပေးနိုင်ဘူး။ သူတို့ကိုယ်တိုင်အတွက်သာ အဆင်မပြေတာ။ နောက်နှစ်ခုကတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ အန္တရာယ်ရှိတဲ့ ယုံကြည်မှုမျိုးတွေပဲ။ တကယ်တော့ အဲဒီအယူဝါဒသုံးမျိုးလုံးဟာလဲ ဒုက္ခဖြစ်ရခြင်းရဲ့ အကြောင်းတွေချည်းပါပဲ။ဒါပေမဲ့ ကျနော်ပြောချင်တာက အဲဒါတွေမဟုတ်သေးဘူး။ အဲဒီထဲက တစ်ခုဆိုရင်တော့ မှန်မယ်။ ကျနော်တကယ်ပြောမှာက ကံတွေက သတ္တ၀ါတွေကို ဘယ်လိုစုပေးလိုက်သလဲ ဆိုတာကို ဆွေးနွေးချင်တာ။ အချိန်ယူပြောမှ ဖြစ်မှာမို့ ဒီနေ့တော့ ဒီမှာတင် တော်ရအောင် အကိုကြီးရာ။ နောက်ကျရင် သိတယ်မို့လား၊ ကျနော့် ကျေးဇူးရှင်အကြောင်း?

ဦးရှင်။ မောင်တင်ရာ--အိမ်ပြန်ချင်တိုင်း လျှောက်ပြောမနေစမ်းပါနဲ့၊ မင်းကျေးဇူးရှင်အကြောင်းလည်း သိတယ်၊ မင်းအကြောင်းလည်း သိတယ်၊ မိန်းမကြောက်တတ်မှန်း၊ တယ်---ငါပြောလိုက်ရ----။

Tuesday, January 19, 2010

ဒုက္ခ ဘယ်ကလာ?


ကျနော်နေထိုင်ကျက်စားရာ အလင်းတန်းရွာလေးတွင် ဦးရှင်နှင့် ဦးတင်ဆိုသော အဘိုးညီအကို နှစ်ယောက်ရှိရာ နှစ်ယောက်လုံးမှာ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ကြသော ရှေးခေတ်ဘုန်းကြီးကျောင်းသား ဟောင်းကြီးများပင် ဖြစ်ကြသည်။ ဘုန်းကြီးကျောင်းသားကြီးများပီပီ စကားပြောသောအခါ ဘုရားစာတရားစာလေသံများ ရောနှောကာ အာဘောင်အာရင်း သန်သန်ဖြင့် ငြင်းကြခုံကြလေ့ရှိသည်။ အကြီးဖြစ်သော အဘိုးဦးရှင်သည် ဘုန်းကြီးကျောင်းသားဆိုသော်ငြား ခေတ်ပညာကိုလည်း အတန်အသင့်လေ့လာဆည်းပူးခဲ့လေရာ စကားပြောရာတွင် ရံတစ်ခါ ဘိုသံညှပ်ရုံမက အနောက်တိုင်း ဒဿနများကိုပါ ထည့်သွင်းပြောကြားလေ့ရှိသဖြင့် များစွာ စိတ်ဝင်စားဘွယ် ကောင်းတော့သည်။

အဘိုးငယ်ဦးတင်မှာမူ ခေတ်ပညာကို သူ့အကိုကြီးလောက်မလိုက်စားသော်လည်း ဘုရားစာပေဘက်တွင် အတော်အတန် နှံ့နှံ့စပ်စပ်ရှိသဖြင့် စကားပြောသောအခါ တစ်ဘက်သားနားဝင်အောင် အချက်ကျကျ ပြောလေ့ရှိသူဖြစ်ရကား အကိုဖြစ်သူဦးရှင်၏ ပေါက်ကရလေးဆယ်မေးခွန်းများကို အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုရလောက်အောင် ဖြေဆိုနိုင်သူဖြစ်သည်။ ဘာသာရေးစိတ်ဝင်စားသော အလင်းတန်းရွာသားများသည် အဘိုးကြီးနှစ်ယောက် စကားပြောဟောဆွေးနွေးလေ့ရှိရာ ရွာထိပ်ဘုရားကုန်းပေါ်သို့ တကူးတက လာရောက် နားထောင်ကာ မှတ်သားနာယူလေ့ရှိကြသည်။

ယနေ့တွင်လည်း အဘိုးကြီးနှစ်ယောက်တို့မှာ ထုံးစံအတိုင်း ရွာဦးဘုန်းတော်ကြီးကျောင်းတွင် တရားနာရာက အပြန် အိမ်သို့ တန်းမသွားကြသေးပဲ အနီးရှိဘုရားကုန်းပေါ်သို့တက်သွားကြသည်ကို မြင်ရသဖြင့် စိတ်ဝင်စားသူ ရွာသားတစ်ချို့ နောက်မှ တကောက်ကောက်လိုက်ကာ ကုန်းတော်ပေါ်သို့ တက်သွားကြပြီး အဘိုးကြီးနှစ်ယောက်တို့၏ ဆွေးနွေးပွဲကို နားထောင်ရန် စိတ်ဝင်တစား စောင့်စားနေကြသည်။ ကျနော်လည်း စိတ်ဝင်စားသူများအနက် တစ်ယောက်ဖြစ်လေရာ လူကြီးသူမတို့ ပြောဆိုသည်များကို မှတ်သားတတ်သော အကျင့်ရှိသည့်အလျောက် အသင့်ပါလာသော ဗလာစာအုပ်လေးနှင့် ဘောလ်ပင်ထုတ်ကာ လိုက်မှတ်ရန် အသင့်ပြင်ထားလေတော့သည်။ အကိုဖြစ်သူ ဦးရှင်က စကားဝိုင်းကို အောက်ပါအတိုင်း စတင်လိုက်သည်။

ဦးရှင်။ အခုတစ်လော ဟိန်တီနိုင်ငံ မြေငလျင်ကြောင့် လူတွေ ထောင်သောင်းချီသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာသာရေးလောကသားတွေ အမျိုးမျိုးပြောဆိုနေကြပါလား မောင်တင်ရ။

ဦးတင်။ ပြောစရာရှိတော့လည်း ပြောကြမှာပေါ့ဗျာ့၊ ဒါက သတင်းပေပဲကိုး၊ အကိုကြီးက ဘာများကြားခဲ့လို့တုန်း။

ဦးရှင်။ ထုံးစံအတိုင်းပေါ့ညီရ၊ ဒီလိုဖြစ်ရတာ ထာဝရဘုရားသခင်လက်ချက်ကြောင့်လား ဘာလားပေါ့။ စကော့တလန်နိုင်၊ ဂလာစကိုတက္ကသိုလ် ဒဿနိကဗေဒဌာနက ဆရာတစ်ယောက်ဆို ဒဿနဆရာကြီး David Hume (1776) ရဲ့ အဆိုတွေကိုတောင် ကိုးကားပြီး မေးခွန်းထုတ်ထားသေးပါလား။

ဦးတင်။ ဘာတဲ့လဲဗျား၊ လင်းစမ်းပါဦး။

ဦးရှင်။ ဒီလို မောင်တင်ရ၊ ဒေးဗစ်ဟူးက မေးခဲ့ဖူးသတဲ့။ ဘုရားသခင်ဟာ မကောင်းမှုတွေကို တားဆီးချင်စိတ်ရှိရက်သားနဲ့ မတားဆီးနိုင်တာလား? ဒီလိုဆိုရင် ဘုရားသခင်ဆိုတာ အစွမ်းအစမရှိတဲ့ ပုဂ္ဂိုလ်တစ်မျိုးပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် တားဆီးနိုင်ရက်သားနဲ့ မတားဆီးချင်တာလား? ဒါဆိုရင် မကောင်းမှုအားပေးတဲ့သူပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် တားလည်းတားဆီးနိုင်တယ်၊ တားဆီးချင်စိတ်လည်း ရှိသူဖြစ်သလား? ဒီလိုဆိုပြန်တော့ မကောင်းမှုဒုက္ခဆိုတာ ဘယ်က ရောက်လာတာလဲ? တဲ့။ အဲဒီလို မေးခဲ့ဖူးသဗျား။

ဦးတင်။ ဟားဟားဟားဟား၊ အကိုကြီးက လုပ်ရော့မယ်။ အဲဒါ ဘုရားသခင်ကို ယုံတဲ့လူတွေရဲ့ ပြဿနာကိုးဗျာ့။ ကျုပ်က ဖန်ဆင်းရှင်ဆိုတဲ့ ထာဝရဘုရားဆိုတာကို လက်မှ မခံတာ။ အဲဒါ ကျုပ်အတွက်တော့ ဆွေးနွေးစရာကိုး မဟုတ်ဘူး။ လူတွေက ခက်တယ်ဗျာ့၊ မရှိတာကြီးကို အတင်းလက်ခံပြီး ပြဿနာပေါ်လာတော့ အဲဒီသူတို့လက်ခံထားတဲ့အရာက ထပ်ပြီး ပြဿနာဖြစ်နေပြန်ရော့။ အဲဒါ ပြဿနာပေါ် ပြဿနာဆင့်ပြီး ထွက်ပေါက်ပိတ်နေတဲ့ လူတွေပေါ့ အကိုကြီးရ။

ဦးရှင်။ ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲလေ၊ ကမ္ဘာ့လူဦးရေ သန်းပေါင်းခြောက်ထောင်ကျော်ကျော်ရှိတဲ့အနက် အဲဒီဖန်ဆင်းရှင်ကို လက်ခံတဲ့လူတွေက သန်းပေါင်း လေးထောင်လောက်တောင် ရှိတယ်မဟုတ်လား။ သူတို့လက်ခံတာကိုလည်း မှားတယ်လို့ ကိုယ့်အမြင်သက်သက်နဲ့ ဘယ်ပြောလို့ ဖြစ်မလဲဗျာ့။ ကိုယ်က ငြင်းချက်ထုတ်ချင်ရင် ခိုင်လုံတဲ့ အထောက်အထားတော့ ပြနိုင်ရမှာပေါ့။ အများစုလက်ခံယုံကြည်နေတာ ထောက်ရင် တန်ဖိုးမရှိဘူးလို့ ဘယ်ဆိုနိုင်မလဲ။

ဦးတင်။ ကျုပ်ကလည်း တန်ဖိုးမရှိဘူးလို့ ပြောပါဘူးဗျာ။ သူ့တန်ဖိုးနဲ့ သူတော့ ရှိမှာပါပဲလေ။ ဒါပေမဲ့ ကျုပ်အမြင်တော့ လောကမှာ တန်ဖိုးကြီးတဲ့ အရာတွေကို လိုက်ကြည့်လိုက်မယ်ဆိုရင် ရှားပါးတဲ့ အရာတွေ၊ အသုံးကျတဲ့ အရာတွေ၊ တာရှည်ခံတဲ့အရာတွေပဲ များတယ်။ စိန်တွေ ပတ္တမြားတွေသာ လမ်းခင်းကျောက်လောက်ပေါရင် ဘယ်တန်ဖိုးရှိတော့မလဲ အကိုကြီးရ၊ ဒီတော့ ပေါများတိုင်း တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ မရပါဘူး။

ဦးရှင်။ ကဲပါလေ ထားပါတော့။ အရာရာတိုင်းမှာ သူ့ဘက် ကိုယ့်ဘက်အမြင်ဆိုတာတော့ ရှိစမြဲပါပဲ။ အမှန်အမှားဆိုတာလဲ လူအများစုက လက်ခံရင်မှန်တယ်၊ လက်မခံရင် မှားတယ် ဆိုပြီး ယေဘုယျသဘောရှိတယ်မဟုတ်လား။

ဦးတင်။ အဲဒါတော့ ကျုပ်လုံးဝကို လက်မခံနိုင်ဘူးဗျို့။ အများစုလက်ခံတာကို အမှန်ယူပြီး လက်မခံတာကို အမှားလို့ပြောရင် အတန်းထဲ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေ ဘယ်နှယ်လုပ်ကြမလဲ? ပေးထားတဲ့ သင်္ချာပုစ္ဆာတစ်ခုကို မှန်မှန်ကန်ကန် အဖြေပေးနိုင်တဲ့ကျောင်းသားက တစ်ယောက်တည်းရှိပြီး ကျန်ကျောင်းသူ/သား ကိုးယောက်လောက်က မဖြေနိုင်ဘူးဆိုရင် ဆရာက အဖြေမှန်တဲ့ ကျောင်းသားရဲ့အဖြေကို အမှားခြစ်ရမည့်ကိန်းပါလား။

ဦးရှင်။ ထားပါတော့လေ၊ ကိုယ့်ညီက ဘုရားသခင်ကို လက်မခံတဲ့လူမို့ ဒေးဗစ်ဟူးမေးတဲ့ မေးခွန်းသုံးခုထဲက ပထမ ဒုတိယမေးခွန်းတွေကိုတော့ မမေးတော့ပါဘူး။ နောက်ဆုံးမေးခွန်းကိုတော့ ကျုပ်လဲ ပြန်မေးချင်တယ်ဗျား။ မကောင်းမှုဒုက္ခဆိုတာ ဘယ်ကလာသလဲ? ဆိုတာပေါ့။

ဦးတင်။ အကိုကြီးကလည်း ဒါများ ကလေးကလား။ ကျုပ်တို့ရွာသားတွေ ဘယ်သူ့မေးမေးဖြေနိုင်တယ် ဒီမေးခွန်းမျိုး။ ကျုပ်တို့က ကံကိုယုံကြည်တဲ့လူတွေကပဲ။ ဒီတော့ ကိုယ်ပြုတဲ့ ကံကလာတာပေါ့ဗျာ့။ နောက်ပြီး အကိုကြီးမေးခွန်းက ရောနေသေးတယ်။ မကောင်းမှုဒုက္ခ မဟုတ်ပါဘူး အကိုကြီးရ၊ မကောင်းမှုက တစ်ခြား၊ ဒုက္ခက တစ်ခြားပါ။ မကောင်းမှုဒုက္ခဆိုတာ အကိုကြီးပြောမှပဲ ကြားဖူးတယ်။ တကယ်တော့ မကောင်းမှုလုပ်လို့ ဒုက္ခဖြစ်တာပါဗျာ့။ အကြောင်းနဲ့ အကျိုးတွေပါ။

ဦးရှင်။ အေးပါကွာ၊ ငါက မင်းလောက် ဘုရားစာမနှံ့လို့ပါ။ အဲဒီဒုက္ခဘယ်ကလာသလဲ? ဆိုတာ သိချင်တာကွာ့။ ဆိုလိုတာက အခုကမ္ဘာမှာ ဖြစ်နေတဲ့ နာဂစ်တို့၊ ဆူနာမီတို့၊ ငလျင်တို့လို သဘာဝဘေးဒဏ်ကြီးတွေကြောင့် လူပေါင်းထောင်သောင်းချီ သေဆုံးနေရတဲ့ ကိစ္စမှာ ဘာသာရေးခေါင်းဆောင်တွေအတွက် ခေါင်းခြောက်စရာကောင်းတယ်ကွာ့။ သူတို့ကို မေးရင်လဲ ကန့်သီးကန့်သတ်မေးတယ်ဆိုပြီး အပြောခံရသေးတယ်။ အဲဒီတော့ မင်းကိုပဲ မေးမယ် ညီလေးရာ၊ ဒီသဘာဝဘေးဒဏ်ကြီးတွေကြောင့် လူကြီးလူငယ် အရွယ်ရောက်သူရော၊ မရောက်သူရော၊ ဗိုက်ထဲကကလေးတွေရော အကုန်သေကြေကြရတာပဲ မဟုတ်လား၊ အဲဒီဒုက္ခရဲ့ အကြောင်းရင်းကို မေးတဲ့အခါ ဟိုလိုလို ဒီလိုလို ဖြေနေကြတာချည်းပဲ၊ မောင်တင်ရဲ့ အမြင်လေး ပြောစမ်းပါဦး။

ဦးတင်။ အကိုကြီးက ကံကို မယုံဘူးလား?

ဦးရှင်။ ဟ၊ မင်းကလဲ? ဗုဒ္ဓဘာသာဝင်ပဲဟာ၊ ယုံတာပေါ့။ ဒါပေမဲ့ အဲလို မေးခွန်းတွေ မေးလာရင် ငါတော့ မဖြေတတ်ဘူး ညီလေးရ။ ဒါကြောင့် မင်းဖြေတာ နားထောင်ပြီး သူများကို ပြန်ဆရာလုပ်မလို့ပါကွာ့ ဟားဟား။

ဦးတင်။ ဒါဆို ကျုပ်လဲ ဆရာ့ဆရာဖြစ်ပြီပေါ့။ ဖြေမယ်ဗျာ။ ဒီလို အကိုကြီးရ၊ ဒီကိစ္စမှာ အပိုင်းသုံးပိုင်းခွဲပြီး ပြောရင် ကောင်းမယ်။ ပထမက ဘ၀ဆိုတဲ့ အပိုင်း၊ ဒုတိယက ကံဆိုတဲ့ အပိုင်း။ နောက်ဆုံးကတော့ သံသရာဆိုတဲ့ အပိုင်းပေါ့။ အဲဒီအပိုင်းတွေဟာ ပြောရရင် မော်တော်ကားမောင်းသူရယ်၊ မော်တော်ကားရယ်၊ လမ်းရယ်၊ အဲဒါတွေနဲ့ တူတယ်ဗျာ့။ ကံဆိုတာ မော်တော်ကားမောင်းသူနဲ့ တူပြီး ဘ၀ဆိုတာ မော်တော်ကားနဲ့ တူတယ်။ အဲ--သံသရာဆိုတာကတော့ မော်တော်ကားလမ်းပေါ့ဗျာ။ ကားမောင်းသူကြောင့် လမ်းပေါ်မှာ ကားသွားနေရသလို ကံကြောင့် ဘ၀ဆိုတာလည်း သံသရာမှာလည်နေရတာပေါ့ အကိုကြီးရ။

ဦးရှင်။ မင်းဥပမာက တယ်ဟုတ်ပါလား။ ဒါပေမဲ့ သိပ်တော့ မရှင်းသေးဘူး။ ငါက အဲလို တိုတိုတုတ်တုတ် ပြောရုံနဲ့ သိပ်နားလည်တာမဟုတ်ဘူး။ အကျယ်ပြောဗျာ။

ဦးတင်။ ပြောမှာပါ အကိုကြီးရ။ ကြားဖြတ်အစိုးရမလုပ်ပါနဲ့။ ရွေးကောက်ပွဲက လိုပါသေးတယ်။

ဦးရှင်။ ပြောမှာသာ ပြောစမ်းပါကွာ၊ ဘယ်က နိုင်ငံရေးတွေ ပါလာရပြန်တာတုန်း။ တော်ကြာ ဘုန်းကြီးကျောင်းတောင် ပုံမှန်မသွားရပဲ ဖြစ်နေပါဦးမယ်။

ဦးတင်။ ပြောတာပေါ့ဗျာ့၊ ဒီလိုရှိတယ်လေ၊ ဘ၀ဆိုတာကို အခုဘ၀ကိုသာ မမြင်ပဲ အရင်ဘ၀၊ အခုဘ၀၊ နောင်ဘ၀လို့ သုံးခုမြင်ထားမှ ဖြစ်မယ်။ ကံဆိုတာကတော့ အမျိုးမျိုး အစားစားရှိတာပေါ့။ စုစုပေါင်း (၁၂) မျိုးတောင်ရှိတယ်လို့ မှတ်သားဖူးတယ်။ နောက်ဆုံး သံသရာဆိုတာ နားလည်အောင်ပြောရရင် ဘ၀တစ်ခုတည်းမှာတင်ပဲ ရုပ်နာမ်သဘောတွေ မနားတမ်းဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ။ ကျုပ်တို့ဗုဒ္ဓဘာသာဝင် အတော်များများက သေလိုက်မွေးလိုက်ဖြစ်တာကိုပဲ သံသရာလို့ ထင်နေကြတယ်။ တကယ်တော့ ရှေ့က ပျက်ပျက်သွားတဲ့ ရုပ်နာမ်တွေနေရာမှာ နောက်ကမနားတမ်း အစားထိုးဝင်လာတဲ့ ရုပ်နာမ်တွေရဲ့ အစဉ်အတန်းကြီးပါပဲ။ ဥပမာပေးရရင်တော့ မြစ်ထဲ ဒလဟော စီးဆင်းနေတဲ့ ရေတွေလိုပဲတဲ့။

ဦးရှင်။ မင်းပြောတာ ဘဘာဝကျတယ်ကွာ့။ ဘီစီ (၅၀၀) စုလောက်မှာပေါ်ထွန်းခဲ့တဲ့ ဂရိခ်ဒဿနဆရာကြီး ဟီရာကလစ်တပ်စ်ကလည်း ပြောဖူးတယ်၊ “အရာရာတိုင်းဟာ အစဉ်မပြတ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်တန်းကြီးပဲ” တဲ့။ ဒါနဲ့ ဆက်ပါဦး၊ ခုနပြောခဲ့တဲ့ ဒုက္ခနဲ့ ဘယ်လို ဆက်စပ်မှုရှိလဲ? ဆိုတာ။ စိတ်ဝင်စားလာပြီ။

ဦးတင်။ ဆက်ရမှာပေါ့ အကိုကြီးရ၊ ဆက်ချင်လို့ ဘုရားကုန်းပေါ်တက်လာခဲ့တာပဲဟာ။ သိပ်တော့ မလောနဲ့လေ။ ဒါမျိုးက တဖြေးဖြေးချင်း ရှင်းမှ ဖြစ်မည့်ကိစ္စ မဟုတ်လား။ ဆက်ဆို နောက်နေ့မှ ဆက်ရအောင်ဗျား။ အခု မှောင်လာပြီ၊ ဗိုက်လဲ ဆာလာပြီ။ အိပ်ပြန်ကြဦးစို့။ တော်ကြာ အကို့ခယ်မက ကျုပ်ကို အိမ်အပြန်နောက်ကျလို့ ထမင်းမကျွေးပဲ ပစ်ထားမှာ စိုးရသေးတယ်။

ဦးရှင်။ မင်းလဲ မိန်းမကြောက်တဲ့ ကောင်ပဲ။ ပြောစရာရှိတာ အပြတ်ပြောတာ မဟုတ်ဘူး။ ငါ့ကို ဆန့်တငန့်ငန့်လုပ်ထားတယ်။ မင်း ၀ဋ်လိုက်ဦးမယ်။ မင့်အဖွါးကြီးကို မြှောက်ကို ပေးဦးမှာ။ ကြည့်နေ။

ဦးတင်။ အဲလိုကြီးတော့ မလုပ်ပါနဲ့ အကိုကြီးရာ။ ဒါလေးတော့ ချမ်းသာပေးပါ။ အရေးအကြောင်းဆို သူမှ တတ်နိုင်တာဗျာ့၊ ဟားဟားဟားဟား------။