Thursday, April 29, 2010

အသောက်မတော် တစ်ဂွတ်


မနေ့က ကျောင်းပြန်ဖွင့်လို့ မနက်စာစားပြီးတာနဲ့ ကျောင်းကို လစ်ခဲ့ရတယ်။ အကြောင်းသုံးချက်နဲ့ပေါ့။ အတန်းတက်ဖို့၊ ရေးပြီးသားအက်ဆေးတင်ဖို့နဲ့ စာကြည့်တိုက်မှာ နောက်တင်မည့်အက်ဆေးအတွက် သက်ဆိုင်ရာစာအုပ်တွေ ရှာဖွေငှါးရမ်းဖို့။ အဲဒါတွေအားလုံးပြီးတဲ့အခါ အဆောင်ပြန်လာတော့ မောကမော၊ အိုက်ကအိုက်၊ ဆာကဆာနဲ့ဆိုတော့ ရေခဲသေတ္တာထဲ အဆင်သင့်ရှိနေတဲ့ အချိုရည်တစ်ဗူး ဖေါက်သောက်လိုက်တယ်။ အား-----မောသမျှတွေ ပြေလို့ လန်းဆန်းသွားတယ်လို့ ခံစားလိုက်ရတယ်။

အင်္ဂလိပ်နွေလောက်ကတော့ ရွှေမြန်မာတို့ ပျင်းတောင် ပျင်းသေးတယ်လို့ ပြောကြမှာပေါ့။ ပြောလောက်စရာပေပဲကိုး။ ရန်ကုန် မန္တလေးကလူတွေ အိုးကင်းပူထဲရောက်နေချိန်မှာ ဒီမှာတော့ အေးဆေးပါပဲ။ အပူချိန် ၁၆-၁၇ ၀န်းကျင်လောက်ပုံမှန်ရှိတတ်တဲ့ လန်ဒန်ရဲ့ နွေရာသီဟာ ပန်းပွင့်လေးတွေ လန်းဆန်းဖို့အတွက်နဲ့ ဆောင်းပုန်းရွက်လေးတွေ ဝေစီဖို့အတွက်သာမက လန်ဒန်သူလန်ဒန်သားတွေကိုပါ များစွာပွင့်လင်းလာစေပါတယ်။ ဆောင်းတွင်းတစ်တွင်းလုံး ဖုံးဖိဝတ်ထားရသမျှ အခုလို ပွင့်လင်းရာသီရောက်လာတော့ ခြေသလုံးလေးတွေကအစ ဖေါ်လို့ရသမျှ ဖေါ်လာကြတော့တာပါပဲ။ အဲဒီမှာ မျက်စိအစာကျွေးချင်တဲ့ လူတွေအတွက်တော့ အကွက်ပေါ့။ မြန်မာပြည်မှာလောက် အပူချိန်မမြင့်ပေမဲ့ သွားလာလှုပ်ရှားနေရသူတွေအတွက်တော့ ချွေးမထွက်ရုံတမယ် အိုက်စပ်ပူလောင်ကြတာပါပဲ။ ဒိအတွက် တောင်းတတတ်ကြတာကတော့ အချိုရည် အေးအေးလေး တစ်ဗူးလောက်များ သောက်လိုက်ရရင်ဖြင့်-----။

အခုအချိန်ဟာ မြန်မာပြည်မာဆို ပူလွန်း၊ အိုက်လွန်းလို့ အိမ်ထဲကနေ အိပ်အပြင်ဘက်တောင် မထွက်ရဲလောက်အောင်ဖြစ်နေကြပြီထင်ပါရဲ့။ ဒါပေမဲ့ မထွက်မဖြစ်ထွက်လာရရှာတဲ့လူတွေမှာတော့ နဖူးက ကျလာတဲ့ ချွေးစက်တွေကိုသုပ်ရင်း ပူနေတဲ့ရင်ကို အေးစေဖို့ ရေခဲရေအေးအေးတစ်ခွက်လောက် အာမထိလျှာမထိ မျိုချင်ကြမှာချည်းပါပဲ။ ဒိအတွက် ရေခဲရေရောင်းတဲ့သူတွေ စီးပွါးဖြစ်တဲ့ရာသီဖြစ်သလို တတ်နိုင်တဲ့လူတွေကတော့ ကုတ်အေးအေးလေးတစ်ဗူးလောက်ဆွဲ၊ စီးကရက်တစ်လိပ်လက်ကြားညှပ်ပြီး ပင်ရိပ်ငြိမ်အောက်မှာ ခိုလိုက်ရရင် အပူစင်လို့ အအေးဝင်မည့် ဇိမ်ပေါ့။ ဒီလိုဆိုပြန်တော့ အအေးဆိုင်တွေ အလုပ်ဖြစ်တဲ့ နွေလည်း ဟုတ်သပေါ့ဗျား။

အင်္ဂလန်မှာတော့ အခုလို ပွင့်လင်းရာသီရောက်တဲ့အခါ နေ့ခင်းနေ့လည် လမ်းသွားလမ်းလာတွေကို ကြည့်လိုက်ရင် လက်ထဲမှာ အချိုရည်ဗူးလေးတွေကိုယ်စီကိုယ်စီ မော့မော့သွားနေတတ်ကြတယ်။ ပူရှာပေသကိုး။ ဒါပေမဲ့ သတင်းစာကတော့ သတိပေးထားလေရဲ့ အချိုရည်များများ သောက်ခြင်းသည်--------------------။

မနေ့က ဧပြီ ၂၈ ရက်စွဲနဲ့ ထုတ်တဲ့ Daily Mail သတင်းစာကြီးမှာ ဆောင်းပါးတစ်ပုဒ်ပါလာတာ ဖတ်လိုက်ရတယ်။ သိပံ္ပသတင်းထောက် Flona MacRae ရေးတဲ့ဆောင်းပါးပါ။ စာလုံးမဲမဲကြီးနဲ့ ရေးထားတဲ့ ခေါင်းစဉ်က "Drinking too much pop can speed up the ageing process" တဲ့။ “Pop လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များတဲ့ ရေနဲ့ အချိုရည်တွေကို လွန်လွန်ကဲကဲ သောက်သုံးခြင်းသည် အိုမင်းရင့်ယော်မှုကို မြန်ဆန်စေသည်” ဆိုပဲ။ အကြောင်းကြောင်းကြောင့် ဒီလိုသတင်းစာမျိုးတွေ ဖတ်ခွင့်မရသူတွေအတွက်ရည်စူးပြီး ကျနော့်ရဲ့အလင်းတန်းလေးမှာ ပြန်လည်ဝေငှပေးပါရစေ။

ဓာတုဗေဒဝေါဟာရတစ်ခုဖြစ်တဲ့ Phosphate ခေါ် မီးစုန်းအက်ဆစ်ဓာတ်ဆားရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချို့စားသုံးကုန်တွေနဲ့ သစ်ပင်ပန်းမာလ်တွေ ရှင်သန်ကြီးထွားရေးမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ထုတ်တဲ့ Coke, Diet Coke, Pepsi, Diet Pepsi, Pepsi Max နဲ့ အလားတူ အချိုရည်အမျိုးမျိုးထဲမှာလည်း ဒီအက်ဆစ်ဓာတ်ဆားကို ထည့်သွင်းရောစပ်ပြီး အသုံးပြုလာကြပါတယ်။ ဒီဓာတ်ဆားကို ထည့်လိုက်တဲ့အတွက် သာမန်ချိုတဲ့အရသာကနေ tangy taste ခေါ် ရှတတ အရသာတစ်မျိုးကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် သောက်သုံးတဲ့လူတွေကို ပိုမိုဆွဲဆောင်မှုရှိလာပါတယ်။ ဒါပေမဲ့ သိပံ္ပပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်က ဘာလဲဆိုရင် အဲဒီ ဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ လူကို မြန်မြန်ဆန်ဆန် အိုစေပါ သတဲ့ဗျား။

ဒါ့အပြင် Mineral (အင်္ဂလိပ်) လို့ခေါ်တဲ့ Soda (အမေရိကန်) ဟာလည်း လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်တစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ဒီဆိုဒါကို အသားနူးအောင်ချက်တဲ့အခါတို့၊ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်တဲ့အခါတို့မှာ ထည့်သွင်းအသုံးပြုကြတဲ့အတွက် အဲဒီအရာတွေကို စားသုံးခြင်းဖြင့် နှလုံးနဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တယ်လို့ သတိပေးထားပြန်ပါတယ်။ သုတေသနတွေ့ရှိချက်တွေကို ရေးသားဖေါ်ပြပေးတဲ့ FASEB ခေါ် သုတေသနဂျာနယ်မှာ ဆောင်းပါးရှင် Gerald Weissmann က “ဆိုဒါဟာ ကမ္ဘာ့တစ်ဝှန်း လူသန်းပေါင်းများစွာ ရွေးချယ်အသုံးပြုနေတဲ့ ကဖေးဓာတ်သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးပါ၊ ဒါပေမဲ့ သူနဲ့တွဲဖက်ပါလာတဲ့ ခရီးသည်ကတော့ Phosphorous ခေါ် မီးစုန်းပါပဲ” လို့ ရေးသားထားပါတယ်။ သူက ဆက်ပြီးတော့ “အဲဒီလို မီးစုန်းဓာတ်တွေ ပါဝင်နေတဲ့အတွက် အိုမင်းရင့်ယော်မှုကို မြန်မြန်ဆန်ဆန်ဖြစ်စေတတ်တာကြောင့် ဆိုဒါကို မသုံးသင့်ပါဘူး” လို့ အကြံပြုထားပါတယ်။

နေ့စဉ် သန်းပေါင်းထောင်ချီတဲ့လူတွေ သောက်သုံးနေကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပါကိုလာနဲ့ အချိုရည်တွေရဲ့ စိတ်မချရတဲ့ပြဿနာကို သတိပေးနှိုးဆော်ခဲ့တာ ဟိုးစောစောကတည်းပါပဲ။ ဒီလိုအချိုရည်တွေကို အမြောက်အများ သောက်သုံးခြင်းကြောင့် အိုမင်းရင့်ယော်မှုကိုသာ မြန်ဆန်စေတာမဟုတ်ပါဘူး။ Brittle bones အရိုးကြွပ်ဆပ် တဲ့ရောဂါ၊ Pancreatic cancer အကျိတ်ကင်ဆာ၊ Muscle weakness ကြွက်သားအားနည်းတဲ့ရောဂါနဲ့ Paralysis ခေါ် လေဖြတ်တဲ့ရောဂါတွေကိုပါ ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။

Harvard တက္ကသိုလ်က သွားဘက်ဆိုင်ရာဆရာဝန် Dr Shawkat Razzaque က မကြာသေးခင်ကမှ မီးစုန်းအက်ဆစ်ဓာတ်ရဲ့ အာနိသင်ကို အုပ်စုသုံးခုခွဲပြီး ကြွက်တွေမှာ စမ်းသပ်ခဲ့ပါတယ်။ ပထမအုပ်စုထဲပါတဲ့ ကြွက်တွေကို Klotho လို့ခေါ်တဲ့ မျိုးဥတစ်ခုကို ဗီဇနည်းအရ ဖန်တီးထည့်သွင်းပေးထားပါတယ်။ အဲဒီမျိုးဥကြောင့် ကြွက်တွေမှာရှိတဲ့ မီးစုန်းအက်ဆစ်ဓာတ်ဟာ သာမန်ထက် မြင့်မားလာတဲ့အတွက် အချိန်မတန်ခင်အိုမင်းလာပြီး သတင်းပတ် ၈ ပတ်ကနေ ၁၅ ပတ်အတွင်းပဲ အသက်ရှင်ကြရရှာပါသတဲ့။

ဒုတိယအုပ်စုထဲ ပါတဲ့ ကြွက်တွေကိုတော့ Klotho မျိုးဥမပါပဲ မီးစုန်းအက်ဆစ် level ကို ပုံမှန်ကြွက်တွေမှာရှိသလောက်နီးပါး လျှော့ချပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီအုပ်စုထဲက ဖိုးရွှေကြွက်တွေကတော့ သတင်းပတ် ၂၀ အထိ အသက်ရှည်ကြတယ် လို့ဆိုပါတယ်။ တတိယအုပ်စုထဲပါတဲ့ ကြွက်တွေကိုတော့ မီးစုန်းအက်ဆစ် level မြင့်တဲ့ အစာတွေကျွေးပြီး ဒုတိယအုပ်စုက ကြွက်တွေနည်းတူ မွေးမြူထားပါတယ်။ ဒီအုပ်စုက ကြွက်တွေအားလုံး ၁၅ ပတ်ပဲ အသက်ရှင်ကြတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိချက်ကို အခြေခံပြီးတော့ သိပံ္ပပညာရှင်တွေက “Phosphate Diet ခေါ် မီးစုန်းအက်ဆစ် ပါတဲ့ အစားအသောက်တွေထဲမှာ Toxic Effects အဆိပ်အာနိသင်တွေ ပါဝင်နေတယ်” လို့ကောက်ချက်ချကြပါတယ်။ ဒါကြောင့်မို့ ဆိုဒါများများသောက်ခြင်းဟာ အရေနဲ့ ကြွက်သားတွေကို ရင့်ယော်စေတဲ့အပြင် ကျောက်ကပ်နဲ နှလုံးပြဿနာတွေကိုပါ ပိုမိုဆိုးဝါးစေတယ်လို့ သတိပေးထားပါတယ်။ ဒီနှစ်ဦးပိုင်းက အမေရိကန်က လေ့လာချက်တစ်ခုက “သတင်းတစ်ပတ်အတွင်း ဒီလိုအချိုရည် အမျိုးအစားတွေကို နှစ်ဗူး၊ နှစ်ဗူးထက်ပိုသောက်တတ်တဲ့ လူတွေမှာ အကျိတ်ကင်ဆာဖြစ်နိုင်ချေ နှစ်ဆပိုရှိတယ်” ဆိုတာ တွေ့ခဲ့ကြပါသေးသတဲ့။ ဒါတွေကို ကြည့်ပြီးတော့ ဆေးဘက်ဆိုင်ရာ သိပံ္ပပညာရှင်တွေက အသက်ရှည်ရှည်နေချင်သပဆိုရင် မီးစုန်းအဆိပ်ပါတဲ့ အစားအသောက်တွေကို ရှောင်ရှားကြဖို့ပါ ထပ်မံနှိုးဆော်ထားကြောင်းပါ။

အဟဲ ဒီလိုပြောလို့ သိပ်တော့လဲ ကြောက်မသွားပါနဲ့ဦး။ တော်ကြာ အချိုရည်မှန်သမျှ မသောက်ရဲပဲ ရေပဲ လှိမ့်သောက်နေရဦးမယ်။ ဒီနောက်ဆုံးတွေ့ရှိချက်ထွက်လာတော့ အချိုရည်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေခမျာ အတော်လေး လှုပ်လှုပ်သဲသဲ ဖြစ်သွားကြရတယ်။ မနေ့ညတုန်းကတော့ အချိုရည်လုပ်ငန်းရှင်တစ်ချို့ ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ သူတို့က ဒါကို အချို့ရည်လုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်ပုံမရဘူးလို့ ယူဆကြပါတယ်။ ဗြိတိသျှအချိုရည်လုပ်ငန်းက Richard Laming ကတော့ အချို့ရည်တွေထဲပါတဲ့ မီးစုန်းအက်ဆစ်က ၃% လောက်ပဲရှိတယ် လို့ ပြောပါတယ်။ ဒါကြောင့် အချို့ရည်တွေကို ယခင်အတိုင်း စိတ်ချလက်ချ ဆက်လက်သောက်သုံးနိုင်ပါတယ် တဲ့။ ဒါပေမဲ့ သားသားတို့ မြန်မာပြည်ဖြစ် အချိုရည်တွေမှာတော့ မီးစုန်းအက်ဆစ်တွေ ဘယ်လောက်ပါဝင်နေတယ်မသိဘူး။ ကြည့်သောက်ကြဗျို့။ တော်ကြာနေ “အသောက်မတော် တစ်ဂွတ်” ဖြစ်နေဦးမယ်။

Thursday, April 15, 2010

ရွှေသမင်ဘယ်ကထွက်


နင်လားဟဲ့ အာဖဂန်
ဘာ ပါကစ္စတန်တုန်း
ဗုန်းကလေးတစ်လုံးလောက်ဖေါက်
လူကလေးတစ်ယောက်နှစ်ယောက် သေပြရုံနဲ့
သတင်းလောကကို ချုပ်ကိုင်
လွှမ်းမိုးနိုင်မယ်များ ထင်သလား?

ဒို့မြန်မာလည်း မခေပါဘူး
သေမထူး နေမထူးတွေပါပဲ
သူဖေါက်သူသေ၊ ကိုယ်ဖေါက်သူသေ
အသက်တွေပေးလှူလို့
အားကျမခံ မိုးသို့ညံအောင်
ဗုန်းပေါက်သံတွေ ကြားနေရသလို
ကမ္ဘာ့သတင်းလောကမှာ
မြန်မာ့ဗုန်းသတင်း ရေပန်းစားလို့
လူကြိုက်များ အဲလေ လူသိများနေပါပြီဗျာ့။

သောက်သူက နင်းကန်သောက်ပြီး
မှောက်သူက မှောက်နေတဲ့သင်္ကြံမှာ
ဖေါက်သူကလည်း ဖောက်ပေသမို့
သုန်းချင်းကိုင်းတောင်မှ
ရောက်သူက ရောက်နေပေပေါ့။

ဒါပေမဲ့ အာဖဂန်ဗုန်း
ပါကစ်ဗုန်းပေါက်မှုတွေမှာ
တရားခံရှာရတာမခက်
တာလီဘန်က သူတို့လက်ချက် ဆိုကိုးဗျာ့။

မြန်မာဗုန်းမှာတော့ဖြင့်
လက်သည်ကို မတွေ့မူ
မသမာသူကို ယိုးစွပ်
ထိုးညွတ်တဲ့ လက်ချောင်း
ဟိုအဖွဲ့လေလား ၀ါးတားတား
ဒီအဖွဲ့လိုလို ဟိုတိုတိုနဲ့
အရင်းစစ်တော့ အမြစ်မြေကဆိုသလို
နောက်ဆုံးတော့
“ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်” တာပါပဲ။

ဘယ်သောအခါမှ မဖေါ်နိုင်ခဲ့တဲ့ ဗုန်းပေါက်မှုတွေ
အကြောင်းရှာတော့ ခေါင်းမှာချာချာလည်
တစ်ခုပဲ သိတယ်
ဒို့မြန်မာပြည်မှာလေ
နိုင်ငံရေး တလှုပ်လှုပ်ဖြစ်တိုင်း
ပြည်သူကို အာရုံပြောင်းစေဖို့
ဒီလူကို အာဏာညောင်းစေဖို့
ဘယ်သူသေသေ၊ ငတေမာရင် ပြီးစတမ်း
ခရီးလမ်းမှာ လာမရှုပ်လေနဲ့
နောက်ကွယ်က ကြိုးကိုင်လို့
မရိုးနိုင်တဲ့ ဒီအာဏာအတွက်
ဖေါက်မယ်ကွဲ့ ဗုန်း
“၀ုန်း---၀ုန်း---၀ုန်း----”


Tuesday, April 13, 2010

နှစ်သစ်ဆုတောင်း


သင်္ကြံရောက်ရာ၊ ခုအခါဝယ်၊
သူငါအများ၊ ပျော်ကာပါးလည်း၊
ငါကားမပျော်၊ အက်ဆေးတော်ကြောင့်၊
ခေါင်းပေါ်မွှေးညစ်၊ အဖြူဖြစ်ပြီ၊
တွေးဆင့်ကြံဆ ရေးနေလို့။

ငါမပျော်နိုင်၊ တွေးကာမှိုင်လည်း၊
ပျော်နိုင်သူများ၊ ပျော်ကြပါးစေ၊
စိတ်ထားမြတ်မွန်၊ ချစ်အလွန်ဖြင့်၊
ငါသော် ခုနေ၊ တောင်းဆုချွေသည်၊
မြန်ပြေတစ်ဝှန်း အေးစေဖို့။

အေးချမ်းသာယာ၊ ပြည်မြန်မာဝယ်၊
အာဏာလက်ကိုင်၊ မင်းစိုးပိုင်တို့၊
အနိုင်မကျင့်၊ တရားချစ်စေ၊
နှစ်သစ်ဆုတောင်း၊ ရေချမ်းလောင်းသည်
မကောင်းကျင့်တွေ ဝေးစေဖို့။





Monday, April 12, 2010

ရန်ကုန်လေဆိပ်ထဲက ဓားပြများ


သိပြီးသားအကြောင်းအရာတစ်ခုကို ထပ်ပြီးပြောပြနေရတာတွေ၊ လုပ်ပြနေရတာတွေဟာ တကယ်တော့ ကျုပ်စိတ်ကို မနှစ်မြို့စေတာ အမှန်ပါ။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လာလို့၊ ဒီထက်ပိုမို တိကျအောင် ပြောရရင်တော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်လာလို့ ပြောပြရပါဦးမယ်။ အများသိပြီးသားဖြစ်တဲ့၊ အထူးသဖြင့် နိုင်ငံခြားကို ကိစ္စတစ်ခုခုရှိလို့ ထွက်ကြရတဲ့ သာမန်အရပ်သူအရပ်သား ကိုရွှေမြန်မာတို့ကြုံဖူးဆုံဖူးကြပြီး ဖြစ်တဲ့ ကိစ္စလေးတစ်ခုကို ကြားရတဲ့အတိုင်း ရင်ဖွင့်မလို့ပါဗျာ့။ မထူးဆန်းတော့ပေမဲ့ ထပ်တလဲလဲကြုံနေ ကြားနေရတော့ အရုပ်ဆိုးလွန်း အကျည်းတန်လွန်းတယ်လို့ ကိုယ်ကိုယ်တိုင်ကြုံစဉ်က ခံစားရသလို ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေလည်း ကိုယ့်လိုပဲကြုံလာလို့ ပြောပြတဲ့အခါ အရင်ကရှိနှင့်ပြီးသား ခံစားချက်တွေဟာ ရေစီးကမ်းပြိုဖြစ်ပြီး အောင့်အီးမရ အံထွက်လာရပါတော့တယ်။

ကျမ်းမာရေးမကောင်းလို့နိုင်ငံခြားသွားပြီး ဆေးကုသမှုခံယူနေရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဒီမနက်မှာပဲ အွန်လိုင်းမှာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆေးစစ်ဖို့ ထွက်လာတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အတူစား၊ အတူသွား၊ နိုင်ငံခြားရောက်ပြန်တော့လည်း အချိန်အတန်ကြာသည်အထိ အတူနေမို့ ကိုယ်နဲ့ သူက အမွှာပူးလိုကို တွဲမိနေတာပါ။ ဒါပေမဲ့ သူက အလွန့်အလွန်အလုပ်များရတဲ့အထဲ ကျမ်းမာရေးချူချာသူမို့၊ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ နှစ်ရှည်လများ ခံစားနေရတာကြောင့် ဆေးရုံဆေးခန်းတွေနဲ့ ဖက်လက်တကင်းနေပြီး အသက်ရှင်နေရတဲ့ လူတစ်ယောက်ဆိုပါတော့။ အခုလည်း မြန်မာပြည်ထဲမှာ ဆေးရုံအစုံ၊ ဆေးခန်းအကုန်သွားပြခဲ့ပြီးဖြစ်ပေမဲ့ ခံစားနေရတဲ့ ဝေဒနာ မသက်သာတာကြောင့် ဘန်ကောက်ထွက်လာရခြင်း ဖြစ်ပါတယ်။

ဘန်ကောက်ထွက်မည့်မနက်၊ ရန်ကုန်လေဆိပ်မှာ သူကြုံခဲ့ရတာကို သူပြောပြတဲ့အတိုင်း ဖေါက်သည်ချပါ့မယ်။ သူနဲ့အတူ၊ သူ့အဒေါ်ရယ်၊ ညီမလေးရယ်၊ တူလေးရယ် စုစုပေါင်းလေးယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ နိုင်ငံခြားယူဆောင်သွားမည့် ပစ္စည်းတွေ ဘာတွေကို သက်ဆိုင်ရာတာဝန်ကျ ၀န်ထမ်းတွေက စစ်ဆေးအခါ သူ့အဒေါ်အိပ်ထဲမှာ ပိုက်ဆံတွေ အများကြီးတွေ့လို့ ဆိုပြီး ရစ်ပါသတဲ့။ ရစ်တဲ့လူတွေ ဘယ်သူတွေလဲ လို့မေးကြည့်တော့ ရဲလေးယောက်လို့ သူငယ်ချင်းကပြောပါတယ်။ ရဲဆိုတာနဲ့ပဲ ကိုယ့်စိတ်ထဲမှာတော့ တော်တော်လေးကို အချဉ်ပေါက်နေပါပြီ။ ရစ်ပုံကတော့ အော့ကြောလံပါပဲ။ ဒီလောက်ပိုက်ဆံတွေ အများကြီး ဘာဖြစ်လို့ ယူသွားရတာလဲ၊ ဘယ်ကရတာလဲ စတဲ့ သူတို့နဲ့ ဘာမှ မပတ်သက်တဲ့ မေးခွန်းတွေ မေးပြီး ရစ်နေတာ။ သူငယ်ချင်းက ဆေးစစ်သွားမလို့ပါ လို့ပြောပေမဲ့ နားမ၀င်ပဲ ရစ်မြဲရစ်နေတာနဲ့ စိတ်ဆိုးပြီးတော့ “ဒီလိုဖြစ်တာ ခင်ဗျားတို့ သောက်သုံးမကျလို့ ဖြစ်ရတာ၊ ခင်ဗျားတို့ အသုံးကျရင် ကျုပ်တို့ တပင်တပန်းရှာထား၊ ဖွေထားရတဲ့ ပိုက်ဆံတွေ သူများနိုင်ငံသွားပြီး အကုန်ခံနေစရာတောင်မလိုဘူး၊ အခုဒီလောက်ပိုက်ဆံတွေ ယူသွားတယ်ဆိုတာလည်း ဟိုမှာအခြေအနေက နာရီနဲ့အမျှ ပိုက်ဆံပေးပြီး ရက်ရှည်နေရမှာ၊ ဘယ်သူမှ ကျုပ်တို့လေးယောက်လုံးကို အလကားဆေးကုပေးမှာ မဟုတ်သလို၊ ဘယ်သူမှလည်း အိမ်ပေါ်အလကားတင်ကျွေးထားမှာ မဟုတ်ဘူး၊ အခုယူသွားတဲ့ ပိုက်ဆံတွေက တကယ်ဆို နည်းတောင်နည်းသေးတယ်၊ ဘာမှဆက်မေးမနေနဲ့တော့” လို့ သူငယ်ချင်းက ပြောခဲ့ရပါသတဲ့။

အဲလိုလည်းပြောလိုက်ရော အဲဒီရစ်နေတဲ့ ရဲဝတ်နဲ့ ဒမြလေးကောင်ထဲက တစ်ကောင်က ဘာပြောလည်းဆိုတော့ “ဒါဆိုလည်း ပြီးတာပါပဲ၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးခဲ့ကြပါဦး”လို့ ပြောပြန်ရောဗျား။ ဘယ်လောက်များ စက်ဆုတ်စရာ၊ ရှက်စရာကောင်းလဲ အရပ်ကတို့။ သူငယ်ချင်းကလည်း အေးရာအေးကြောင်းဖြစ်အောင် ဒေါ်လာ (၂၀) ထုတ်ပေးလိုက်ရသေးတယ်။ သူငယ်ချင်းတို့အဖွဲ့ရဲ့ရှေ့က လူကိုလည်း အဲလိုပဲ ရစ်ပြီး ပိုက်ဆံတောင်းနေလို့ မြန်မာငွေငါးထောင်ထုတ်ပေးတော့ “ဒီပိုက်ဆံ နည်းနည်းလေးနဲ့ ဘာလုပ်လို့ ရမှာလဲ” လို့ ပြောသေးဆိုပဲ။ အဲဒီတော့ အဲဒီမှာတာဝန်ကျတဲ့ ရဲတွေဟာ ဘာကောင်တွေတုန်းဗျား။ သူတို့စိတ်ထဲမှာ သူတို့ကို ဒီနေရာမှာထားတာဟာ နိုင်ငံခြားထွက်မည့်လူတွေကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်ပြီး ငွေညှစ်ဖို့ ထားတယ်လို့များ တရားဝင်အောင့်မေ့နေလေရော့သလားမသိဘူး။

ဒီလိုအကျင့်ပျက်၊ ခြစားတဲ့ ၀န်ထမ်းတွေဟာ ကျုပ်တို့နိုင်ငံအနှံ့အပြား ထက်လံအောက်လျော ရှိနေတာတော့ နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ။ အားလုံးမကောင်းဘူးလို့ ၀ါးလုံးသိမ်းမပြောလိုပါဘူး။ ဒါပေမဲ့ စစ်ဝတ်စစ်စားနဲ့လူတွေ၊ ရဲဝတ်ရဲစားနဲ့လူတွေကတော့ ရာခိုင်နှုန်းအတော်များများကို ပျက်စီးနေတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့ကို ပြည်သူတွေက ကြောက်ရွံ့ကြတယ် လို့ အခြေခံအယူအဆရှိနေလို့လို့ ကျုပ်ကတော့ ပြောချင်တယ်။ ဒီလိုရှိအောင်လည်း ဆရာ့ဆရာကြီးတွေက လုပ်ခွင့်ပေးထား ပေတာကိုး။ အထက်အရာရှိအဆင့်ဆင့်တွေဟာ အောက်ကလူတွေ ဒီလိုလုပ်တာ သိကြပေမဲ့၊ သူတို့ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို လျှောက်ခဲ့ရတာရယ်၊ အောက်ကလူတွေက ပြည်သူတွေဆီမှ တောင်းလို့တိုက်လို့လုလို့ရသမျှတွေထဲက နှုတ်ပိတ်ခကန်တော့တာတွေရယ်ကြောင့် မသိကျိုးကျွံပြုနေကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ မဖြစ်မနေအရေးယူရတဲ့ အဆင့်ရောက်လာတဲ့ ချစားမှုတွေ ရှိပေမဲ့ အဲဒါတွေကလည်း ဘယ်လိုမှကို ဖုံးလို့ဖိလို့မရလောက်အောင် လူထုနား ပေါက်ကြားသွားရတဲ့အမှုတွေက များပါတယ်။

မြန်မာပြည်မှာ လက်ရှိစစ်တပ်အုပ်ချုပ်နေစဉ်ကာလမှာရော၊ နောင်တစ်ချိန် တိုင်းပြည်ကံမကောင်းလို့ စစ်တပ်လက်ထဲ အာဏာရှိနေတဲ့အခါမျိုးမှာပါ (ဖွဟဲ့ လွဲပါစေ၊ ပယ်ပါစေဗျား) ဒီအကျည်းတန်ခြစား၊ သရုပ်ပျက်လှတဲ့ အကျင့်ဆိုးကြီးဟာ ပျောက်ဖို့ လမ်းမရှိပါဘူး။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီဆိတ်သိုးခြင်းရဲ့ ပုံရိပ်တွေလို့ ဆိုချင်ပါတယ်။

အင်္ဂလန်မှာ ကျုပ်နဲ့ အတူနေတဲ့ မိတ်ဆွေတစ်ယောက် ရောက်စမှာ အိမ်နေရာလျှောက်ထားရေးတွေ ဘာတွေနဲ့ အလုပ်များပြီး ရုံးတွေဘာတွေ သွားရတဲ့အထိ ကြုံခဲ့ရတာလေးတစ်ခုကိုလည်း အထက်က အဖြစ်အပျက်နဲ့ နိုင်းယှဉ်ပြီး ပြောပြပါရစေဦး။ သူ့ခမျာ အင်္ဂလိပ်စာလည်းမဖတ်တတ်၊ စကားလည်းမပြောတတ်တော့ တရားရုံးမှာ ပြောဖို့ မြန်မာစကားပြန်ကောင်လေးတွေကို သက်ဆိုင်ရာက ရှာပေးထားတယ်။ အဲဒီကောင်လေးတွေ အကူအညီနဲ့ပဲ သူ့ကိစ္စတွေ အကုန်လုံးလောက်နီးပါး အေးအေးဆေးဆေးပြီးသွားတယ်။ အခုတော့ ပိုက်ဆံတစ်ပြားမှမပေးရပဲ အစိုးရကအလကား ချပေးထားတဲ့ အိပ်မှာ ဇိမ်ကျနေလေရဲ့။ ( ဒါပေမဲ့ လောလောဆယ် ရန်ကုန်က မိန်းမကိုခေါ်ထားတာ ရောက်မလာသေးလို့ အိပ်ယာထဲ ပုတီးပဲ လှိမ့်စိပ်နေရရှာတယ်၊ ရှလွတ်----။) ပြောချင်တာက သူဇိမ်ကျ/မကျမဟုတ်ပါဘူး။ သူ့ကို အကူအညီအများကြီးပေးတဲ့ မြန်မာကောင်လေးတွေကို မြန်မာပီပီ ကျေးဇူးတင်လွန်းလို့ဆိုပြီး သူ့ရှိတဲ့ပိုက်ဆံတွေကို ထုတ်ပေးတော့ ကောင်လေးတွေက ဘာပြောမှတ်လဲ။ “မပေးပါနဲ့ အကိုရာ၊ ပေးဖို့မလိုပါဘူး၊ ကျနော်တို့အလုပ်က ဒီလို အမှုသည်တွေကို အကူအညီပေးဖို့ သက်သက်ပါပဲ၊ ဒီအတွက် သက်ဆိုင်ရာက ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ၊ အခုအကို့အတွက် အကူညီပေးလိုက်ရလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ကျနော့်အတွက်လည်း ဒီလုပ်ငန်းမှာဆက်ပြီး အလားအလာကောင်းဖို့ရှိပါတယ်၊ ဒီမှာတော့ ဘယ်ဝန်ထမ်းမှ ပေးဖို့မလိုပါဘူး၊ ဒီက ၀န်ထမ်းတွေကတော့ ကာစတမ်မာတွေကို ကူညီဖို့ သက်သက်ပါပဲ” တဲ့။ ကဲကြည့်စမ်း၊ ဘယ်လောက် ကွာခြားလဲ၊ ကျုပ်တို့ဆီကနဲ့။ အဲဒါ ဒီမိုကရေစီရဲ့ ပုံရိပ်ပေါ့ဗျာ့။

မြန်မာလူမျိုးဖြစ်တာချင်း တူပေမဲ့ တစ်ယောက်က အာဏာရှင်အုပ်ချုပ်တဲ့တိုင်းပြည်ထဲနေရလို့ စိတ်ဓာတ်တွေ အောက်တန်းနောက်တန်း ကျပြီး အတော့်ကို ကျက်သရေယုတ်တယ်။ တစ်ယောက်ကတော့ ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ နိုင်ငံထဲနေရလို့ စိတ်ဓာတ်တွေလဲ အလိုလိုကို အထက်တန်းကျနေတယ်။ ဒီလိုပြောလို့ ဒီမိုကရေစီနိုင်ငံသားတွေမှန်သမျှ ဒီလိုချည်းပဲလို့တော့ ဆိုလိုလိမ့်မည် မထင်လိုက်နဲ့။ မကောင်းတဲ့လူတွေလည်း ရှိနေမှာပါပဲ။ ဘယ်လူသားစစ်စစ်ကမှ စင်းလုံးချော အမှားကင်းကြမယ်မထင်ပါဘူး။ ဒါပေမဲ့ သိပ်နည်းတယ်။ သိပ်နည်းဆို ကျုပ်နေတဲ့နှစ်အတွင်းတော့ မရှိသလောက်ကို နည်းတာပါ။ ကျုပ် အင်္ဂလန်မှာနေတာ သုံးနှစ်ထဲရောက်ပြီ။ အဲလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးသလို၊ ကြားလည်း မကြားဖူးဘူး။ ဒီလောက်မီဒီယာထွန်းကားတဲ့ တိုင်းပြည်မှာ အဲလိုဟာမျိုးတစ်ခါလောက်တွေ့လိုက်လို့ကတော့ သတင်းစာတွေ၊ တီဗွီတွေက ပြောလို့ရေးလို့ကို ဆုံးမှာမဟုတ်ဘူး။ ဒီမှာက မီဒီယာကို အကြောက်ရဆုံးပဲ။ မီဒီယာကလွတ်လပ်တဲ့အတွက် ဘယ်ခြစားမှုမျိုးကိုမဆို မညှာမတာ ဖေါ်ပြကြတယ်။ ဒီကရဲတွေလည်း မကောင်းအပြောခံရတာတွေ ရှိတော့ရှိတာပါပဲ။ ဒါပေမဲ့ ခြစားတဲ့ကိစ္စတွေကြောင့်အပြောခံရတာမျိုး တစ်ခါမှ မကြားဖူးဘူး။ သူတို့အပြောခံရတာက လမ်းပေါ် တ၀ီဝီနဲ့ အရေးပေါ်မီးဖွင့်ပြီး အတင်းမောင်းနေလို့ ကားသမားအချင်းချင်း အမြင်ကပ်တာပဲ ရှိတာ။ အဲဒါလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်ရှိလို့ ပြေးလွှားနေရတာမို့ လူထုအများစုကတော့ ဘယ်သူမှ မကောင်းမမြင်ကြပါဘူး။ ကျုပ်တို့ မြန်မာပြည်က ရဲတွေကတော့ဗျာ-----------------------သယ်----ပြောလိုက်ရ။

Monday, April 5, 2010

ရွေးကောက်ပွဲ


ပြည်မြန်မာ ကောင်းစားရေး
ဇောင်းပေးလို့ အတွေးကျယ်
ခေါင်းမွေးပဲ ဆွေးတယ်
လမ်းစ ဘယ်မတွေ့
စနစ်ပျက် ခေတ်ပျက်ပုံနှယ်
စစ်မက်ဇုန် ဖြစ်ရသလေ့။

၈၈ အရေးတော်ပုံ
ကြွေးကျော်ဟုန် မြန်တပြေ့
ဘေးချော်ပုံ ကံဓလေ့ရယ်က
လူထုဘက် မရပ်တည်
စစ်တပ်လက် အာဏာလှူ
ပါဝါသူ နှင်းအပ်ခဲ့ပြီ။

လာပြန်ငဲ့ ခုတစ်ခါ
လူ့ငချာ ဗိုလ်ရူးတို့
ရာထူးအတွက် တွေးကြောက်ဆဲတွင်
ရွေးကောက်ပွဲထွင်
ဘေးရောက်ဆဲ ဒီအာဏာကို
မဲလိမ်ကာ ယူဦးမှာဗျာ့လေး။


မြန်မာပြည် ကောင်းစားဖို့




ပြည်မြန်မာ လူဖြစ်ရ
မလွယ်ဗျာ့ မလွယ်
ဘယ်ဘ၀ ၀ဋ်ကံနှယ်
လည်လေတယ် မသိ
နှုတ်ပိတ်လို့ အနေကြပ်တယ်
လေဖြတ်ဘွယ် ကြောက်ရလေဘိ။

ကုန်ဈေးနှုံး မိုးသို့ထောင်
ဆုံးဖို့ရောင် မရှိ
သုံးလို့တောင် မပြည့်တဲ့
လစာကြေး ဖြတ်ယူ
ကြွေးတောင်းသူ လာချည်ရဲ့
နေမထိ တွေးရလို့ပူ။

ဒီစံနစ် ဒီဖြစ်အင်
ဖန်တီးရှင် သေရွှမ်းကွဲ့
ပေသန်းလို့ လတ်ဖြေစေ
ရမ်းနှူးလို့သေ
ကမ်းကူးမည့် တိုင်းမြန်မာငယ်
ကမ္ဘာဝယ် ကောင်းစားဖို့လေး။