Monday, October 6, 2008

သင် စိတ်ညစ်တဲ့အခါ ဘာလုပ်သလဲ

ဒီနေ့ ကျနော် အတော်စိတ်ညစ်တယ်ဗျာ။ စိတ်ညစ်တယ်ဆိုတာထက် စိတ်ဆိုးတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ဘယ်သူ့ကိုမှလဲ အတိအကျ ရည်ညွှန်းပြီး စိတ်ဆိုးတာတော့ မဟုတ်ဘူး။ ဒါဖြင့်ရင် ကိုယ့်ကိုယ်ကို စိတ်ဆိုးတာလား ဆိုတော့၊ အဲဒီမေးခွန်းကို ဖြေဖို့အတော်ခက်တယ်ဗျာ့။ ဘာလို့လဲဆိုတော့ ကျနော် တစ်ခါမှ ကိုယ့်ကိုယ်ကို စိတ်မဆိုးဖူးဘူး။ ကျနော်က အတော်ချစ်ဖို့ကောင်းတဲ့ကောင်ကိုးဗျာ့။

အကြောင်းမဲ့စိတ်ဆိုးတာတော့ မဟုတ်ဘူးဗျာ့။ နောက်ပြီး ဘာကြောင့်ဆိုတဲ့တိကျတဲ့အကြောင်းလဲ ရှာလို့မရဘူး။ အတော်ဂွကျတဲ့ စိတ်ဆိုးမှုကြီးလို့ဆိုရမယ်ထင်တယ်။ ကျနော်စဉ်းစားကြည့်တယ်။ မေးခွန်းတွေလဲ မေးကြည့်တယ်။
(၁) ငါဘာဖြစ်လို့စိတ်ဆိုးနေတာလဲ၊
(၂) ဘယ်သူ့ကို စိတ်ဆိုးနေတာလဲ၊
(၃) စိတ်ဆိုးဖို့ လုံလောက်တဲ့အကြောင်းကော ရှိရဲ့လား၊ ဆိုပြီးတော့လေ။
ကျနော်စိတ်ညစ်ညစ်နဲ့ရေးတဲ့စာဖတ်ပြီး ရယ်မနေနဲ့နော်။ တကယ်ပြောတာ။ အခုရေးနေတဲ့အချိန်မှာတောင် စိတ်ဆိုးနေတုန်းပဲ။ ဒါပေမဲ့ ကျနော် အဲဒီရှာလို့မရတာကို ရအောင်ကြိုးစားပြီးရှာကြည့်လိုက်တော့---။

ပြဿနာက ဒီလိုဗျာ့။ မနေ့ညက ညတစ်နာရီကျော်လောက်မှ အိပ်ယာဝင်တယ်။ အင်္ဂလန်ဆောင်းရဲ့ကြိုဆိုမှုက သိတဲ့အတိုင်းပဲလေ။ ရေခဲနှင်းဖျန်း၊ ထမင်းချမ်းသို့ ဆိုသလိုပဲ။ အေးချက်ကတော့ ချွေးထွက်ဖို့တောင် မေ့နေရတဲ့အဖြစ်။ တစ်ခါတစ်လေ ပူတဲ့အိုက်တဲ့အခါ ချွေးလေးနဲနဲပါးပါးထွက်လာရင် ပျော်သလား မမေးနဲ့။ ကျနော်က ကျမ်းမာရေးလဲ လိုက်စားတဲ့ကောင်ကိုး။ အဲဒီလို အေးစက်စက်ရာသီမှာ နာရီပြန်တစ်ချက်လောက်မှ အိပ်ယာဝင်တော့ နောက်ကျတယ်ပေါ့ဗျာ။ ခါတိုင်းလဲ အဲလောက်မှ အိပ်တာပါ။ ဒါပေမဲ့ဗျာ၊ မနေ့ညကတော့ တော်တော်နဲ့ကို အိပ်မပျော်နိုင်ဘူး။ စိတ်ထဲမှာ အိပ်မပျော်တာကို အကြောင်းပြုပြီး ဆူးတစ်ချောင်းဝင်သွားတယ်။

ဘယ်အချိန်အိပ်မောကျသွားတယ်တော့ မသိလိုက်ဘူး။ နားရွက်ယားကျိယားကျိဖြစ်လို့ မီးဖွင့်လိုက်တော့ မနက်ခြောက်နာရီ လောက်ရှိနေပြီ။ ကျနော်က ခုနှစ်နာရီလောက်မှ ပုံမှန်ထလေ့ရှိတာ။ နားရွက်ယားတာလဲ မပြောနဲ့တော့၊ အနားမှာ အဆင်သင့်ရှိနေတဲ့ ဂွမ်းလိပ်ကလေးနဲ့ကြပ်ကြည့်တယ်။ မပျောက်ဘူး ဆရာရေ့။ ဘေးမှာလဲ သူများတွေ အိပ်နေကြတုန်း။ ကျနော်နေတဲ့အခန်းကျဉ်းကျဉ်းလေးထဲမှာ ကျနော်အပါအ၀င် သုံးယောက်နေကြတာ။ ကျနောက်က သရဲကြောက်တတ်လို့ အလယ်မှာအိပ်တယ်။ ဟိုတယ်မှာတည်းတဲ့လူကြီးတွေ သရဲကြောက်လို့ အဖေါ်ခေါ်အိပ်တာမျိုးတော့ မဟုတ်ပါဘူးဗျာ။

ဆက်ပြောရဦးမယ်။ ကျနော့်နားရွက်ကလဲဗျာ ယားလို့မပြီးနိုင်ဘူး။ ၀ါဂွမ်းလိပ်နဲ့ကလိလို့လဲမပျောက်၊ ဖြစ်ရပုံ။ ဒါနဲ့ကြံရာမရဖြစ်ပြီး နှုတ်ခမ်းခြောက်တဲ့အခါလိမ်းရတဲ့ Lip care လို့ခေါ်တဲ့ အဆီကို ဂွမ်းလိပ်နဲ့တို့ပြီး ကြပ်ကြည့်ပြန်တယ်။ ဒါလဲ မရပြန်ဘူး။ ကျနော်ဘေးမှာ အိပ်နေတဲ့လူတွေလဲ လှုပ်စိလှုပ်စိဖြစ်လာကြပြီ၊ ဒီကောင်ဘာဖြစ်နေတာလဲပေါ့။ ကျနော်လဲ သူတို့ကို အားနာတာနဲ့ ခန်းအပြင်ဘက်ထွက်ပြီး အားရပါးရကြပ်တော့တာကိုး။ ကြပ်လို့ကောင်းတုန်း ကျနော်တို့အခန်းနဲ့ကပ်လျက်အခန်းက အဘိုးကြီးထွက်လာတယ်။ မနက်စောစောအိပ်ယာထလေ့မရှိတဲ့ ကျနော့်ကို အထူးအဆန်းကြည့်ပြီး မင်းဘာဖြစ်နေတာလဲ တဲ့။

ယားလို့ပါ အဘရာ လို့ဖြေရတယ်။ နောက်ကျမှ နားရွက်ယားတဲ့အကြောင်းပြောတော့၊ ဟ တဲ့။ ဒါဆို နှမ်းဆီစစ်စစ်ရှိတယ်လေ။ မီးဖိုချောင်ထဲသွားယူလိုက်၊ အဲဒါကို ဂွမ်းလိပ်နဲ့တို့ပြီးကြပ်ပေတော့ ဆိုတော့မှ ကျနော်လဲ ဒီလိုအချိန်မျိုးမှာ ဘယ်သူဆေးနည်းပေးပေး လုပ်မယ့်ကောင်ဆိုတော့ ချက်ချင်းသွားယူပြီး သူပြောသလို လုပ်ကြည့်တယ်။ ခဏနေတော့ ကျနော့်ခမျှာ နားရွက်ယားတဲ့အဖြစ်က လွတ်မြောက်ပါရော့ဗျို့။ ဒန္တီမှာဆား၊ ၀မ်းမှာခါး၊ မျက်စီမှာရည်၊ နားမှာဆီ၊ ရယ်လို့ ရှေးမြန်မာလူကြီးတွေ ပြောခဲ့တာ သတိရမိသေးတော့တယ်။ ကျနော့်ကို ပြောတဲ့အဘိုးကြီးလဲ ရှေးလူကြီးပဲဗျာ့။ အသက်က (၈၃)နှစ်တောင်ရှိနေပြီ။ မာတုန်း သာတုန်း။ နားမှာဆီဆိုပေမဲ့ ကျနော်သိထားတာက နားရွက်ယားတဲ့အခါ အုန်းဆီစစ်စစ်ကို ဂွမ်းတို့ကြပ်တာပဲ။ အခုတော့ နှမ်းဆီစစ်စစ်နဲ့လဲ အယားပျောက်သဗျား။ ဒါပေမဲ့ ကျနော်ပြန်အိပ်လို့ မပျော်တော့ဘူး။ အိပ်ရေးလဲ မ၀သေးဘူး။ အဲဒီအိပ်ရေးမ၀တာကို အကြောင်းပြုပြီး နောက်ထပ်ဆူးတစ်ချောင်းထပ်စူးပြန်ပါရော။

ရင်ဝမှာ ဆူးနှစ်ချောင်းနဲ့ မိုးလင်းခဲ့ရတဲ့ကျနော်ဟာ မနက်စာကော်ဖီနဲ့ ပေါင်မုန့်မီးကင်နှစ်ချပ်ကို စတော်ဘက်ရီယိုနဲ့မာဂျရင်းရောသုတ်ပြီး မနင်အောင် အတော်မျိုချလိုက်ရတယ်။ ကိုးနာရီခွဲတော့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဘာကလေဘဏ်ကို ဘဏ်စာရင်းထုတ်ဖို့ ထွက်ခဲ့ကြတယ်။ လမ်းလျှောက်ရင်းပေါ့။ အပြင်ရောက်တော့ လေကောင်းလေသန့်လေးတွေ ရှူရှိုက်ခွင့်ရလို့ စူးနေတဲ့ဆူးတွေတောင် ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ အင်္ဂလန်ရဲ့ယာသီဥတုက အေးပေမဲ့ တစ်ခါတစ်လေတော့လဲ ချစ်ဖို့ကောင်းပါတယ်။ ဘဏ်ရောက်တော့ ကူပွန်လေးတွေ ကိုယ်စီယူပြီး အလှည့်ကျစောင့်ဆိုင်းနေရသေးတယ်။

ကျနော့်အလှည့်ရောက်တော့ ကျနော့်ကိုခေါ်တဲ့ကောင်တာက ကျနော်သွားချင်တဲ့ကောင်တာမဟုတ်ဘူး။ အဲဒီဘဏ်မှာ ကျနော်နဲ့သိတဲ့ ၀န်ထမ်းတစ်ယောက်ရှိတယ်။ သူ့ဆီပဲသွားနေကျ ဆိုတော့ တခြားလူဆီသွားရတာ အဆင်မပြေဘူး။ မျက်နှာမတန်းမိသေးရင် အမေးအမြန်း အတော်ထူတာကိုးဗျာ့။ သိသွားရင်လဲ ဘာမှမမေးတော့ဘူး။ အဲဒီကောင်တာမှာ အသက် ၄၀လောက်ရှိတဲ့ အင်္ဂလိပ်အမျိုးသမီးတစ်ယောက်ထိုင်နေတာ။ ဘဏ်ဝန်ထမ်းတွေ ထုံးစံအတိုင်း ကာစတမ်မာတွေအပေါ်မှာ ဖေါ်ဖေါ်ရွေရွေပါပဲ။ လာရင်းကိစ္စကို လိုရင်းရောက်အောင်အတော်ပြောယူရတယ်။ မေးလိုက်တာလဲ မပြောနဲ့တော့။ သူကကျနော့်ကိုမှ မသိတာကိုး။

ခဏနေတော့ ကျနော့်ကိုသိတဲ့ တစ်ဘက်ကောင်တာက မန်ဘီယာလို့ခေါ်တဲ့ကောင်လေးက (ကျနော်ကသူ့ကို မန်းဘီယာ ဆိုပြီးမှတ်ထားလိုက်တယ်။ ကိုယ်ကြိုက်တဲ့အရာနဲ့တွဲမှတ်တော့ မမေ့တော့ဘူးပေါ့။) အဲဒီမိန်းမကြီးထိုင်တဲ့အနားလာပြီး ပရင့်လာထုတ်တာ။ ပရင်တာက အဖွါးကြီးအနားရှိတာကိုး။ ဒါနဲ့ ကျနော်လဲ ဟိုင်း ဟောင်း အာ ယူး ဘာညာနဲ့ ထလုပ်တော့ အဖွါးကြီးက မေးတယ်။ နင်တို့သိကြသလား တဲ့။ အဲဒီကောင်လေးက သိတယ်ဆိုတော့မှ၊ အမယ်--အဖွါးကြီး သူမေးမယ်ကြံထားတဲ့ မေးခွန်းတွေတစ်ခုမှ မမေးတော့ဘူး။ အားလုံး အိုကေ တဲ့။ ပြီးမှ ကျနော့်ကို လိုအပ်တဲ့ ဘဏ်စာရင်းတွေ အကုန်ထုတ်ပေးလိုက်တယ်။ ကျနော် တစ်ခုနားလည်လိုက်တယ်၊ အော် ဘယ်နေရာရောက်ရောက် အသိမိတ်ဆွေ ရှိဖို့အတော်လေး အရေးကြီးပါလား လို့။

ဘဏ်စာရင်းတွေယူပြီးတော့ ပိုက်ဆံတစ်ပြားမှမရှိပဲ ဟောင်းလောင်းဖြစ်နေတာ ကြာပြီဖြစ်တဲ့ ကျနော့်ပိုက်ဆံအိပ်ကလေးကို ဖြည့်ဖို့ ဘဏ့်အပြင်ဘက်မှာရှိတဲ့ (Cash Machine) ငွေထုတ်စက်ဆီသွားပြီး ငွေထုတ်တာ။ ပြောရမှာတောင်ရှက်တယ်ဗျာ။ ဒါပေမဲ့ ပြောရဦးမယ်။ ကျနော့်ရဲ့ Visa Card ကလေး စက်ထဲဝင်သွားလိုက်တာ ပြန်ထွက်မလာတော့ဘူး။ စူဠလိပ် ရေထဲလွှတ်လိုက်တာမှ တစ်ခါတစ်လေ ပေါ်လာနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မှာ အဲဒီစက်မှာ ငွေထုတ်တဲ့အတွေ့အကြုံမျိုး တစ်ခါမှမရှိဖူးဘူး။ အဲဒါကြောင့် ဟိုနှိပ်ဒီနှိပ်လျှောက်နှိပ်တာ စက်ကအမြင်ကပ်ပြီး ကျနော့်ကဒ်ကို ရဲဖမ်းသလို သိမ်းလိုက်ပါလေရော။

ရော၊ ခက်ရချည့်။ ပိုက်ဆံတစ်ပြားမှ မရှိလို့ သွားထုတ်ပါတယ်ဆိုမှ ကဒ်ပါအသိမ်းခံလိုက်ရပြီ။ ဘဲနာလုပ်ရပါ့။ ဒါနဲ့ကောင်တာမှာထိုင်နေတဲ့ ခုနကအဖွါးကြီးပဲသွားပြောရတယ်။ သူက ငွေသွင်း/ထုတ်ကောင်တာမှာသွားပြောချေဆိုလို့ ကိုယ့်အလှည့်ရောက်အောင် ခဏစောင့်ပြီး သွားပြောတော့၊ တော်သေးတယ်။ လျှောလျှောရှူရှူ ရှိပေလို့။ ဒါတောင် လက်မှတ်တစ်ချက် ထိုးလိုက်ရသေးတယ်။ ကောင်တာက ကောင်မလေး ကျနော့်မျက်နှာကို ကြည့်တဲ့အကြည့် အခုထိမှတ်မှိနေသေးတယ်။ ငိုမှာလိုလို၊ ပြုံးမှာလိုလိုနဲ့။ နင်ဒီလောက်တောင် အ-ရသလားပေါ့။ အော် အတွေ့အကြုံ၊ အတွေ့အကြုံ။ အတော်လိုအပ်တဲ့အရာပါလားဆိုတဲ့ သိပြီးသားအသိတစ်ခု ထပ်ဆင့်ရလိုက်သဗျား။ စိတ်ထဲမှာတော့ ညကအိပ်မရတာရယ်၊ မနက်ကျ အိပ်ရေးမ၀တာရယ်တွေနဲ့ အခုဘဏ်မှာဖြစ်တဲ့ ကသိကအောင့်တွေရောပြီး တတိယမြောက်ဆူးလေးတစ်ချောင်း ထပ်မံစူးနင့်သွားပြန်ရော။

ကိစ္စ၀ိစ္စတွေပြီးလို့ အဆောင်ပြန်ရောက်တော့ နေ့လည်စာစားချိန်နီးနေပြီ။ ဒါပေမဲ့ စိတ်ထဲမှာအစာမကြေဖြစ်နေလို့ စားချင်စိတ်မရှိပဲနဲ့ သူများစားတဲ့အချိန်မို့ ကျနော်လဲ ၀င်စားလိုက်ရတယ်။ စားပြီးတော့ အိပ်ရေးဝအောင်ခဏလှဲမယ်ကြံကာမှ မနက်ဖန်ဗီဇာတိုးရတော့မယ်ဆိုတဲ့ အသိစိတ်က အိပ်ခွင့်မပေးပြန်ဘူး။ အဆောင်ပိုင်ရှင် အဖိုးကြီးဆီက သူ့အဆောင်မှာနေကြောင်းထောက်ခံစာရေးခိုင်းတာကို စောင့်နေရတယ်။ ခဏနေတော့ သူလာပေးတယ်။ လက်ရေးမူနဲ့။ သူကဆရာဝန်လေ။ သိတဲ့အတိုင်းပဲ ဆရာဝန်လက်ရေး ပဲတီပင်ပေါက်တွေလို ဖတ်ဖို့အတော်ခက်တာ။ အဲဒါကို မရမက ပြူးပြဲမှန်းဖတ်ပြီးတော့ ကွန်ပျူတာထဲရိုက်ထည့်ရတယ်။ အချို့စကားလုံးတွေကို ဖတ်ရတာအဆင်မပြေဘူး။ အဲဒီမှာတင် စူးနေတဲ့ဆူးတွေက ထပ်ထိုးပြန်ရောဗျို့။ ဖြစ်ချင်တာဖြစ်ကွာ ဆိုပြီး အဘိုးကြီးရေးထားတဲ့ စာရွက်ကို လုံးချေပစ်လိုက်တယ်။ ခဏနေတော့ သူငယ်ချင်းတစ်ယောက်ရောက်လာပြီး လုံးချေပစ်ထားတဲ့စာရွက်ကို အသာလေးပြန်ဖြန့်ခင်းပြီး စိတ်အေးအေးနဲ့ လုပ်ပေးလို့အဆင်ပြေသွားတယ်။

ရင်ထဲမှာတော့ ဟိုနဲနဲ ဒီနဲနဲ ကသိကအောင့်လေးတွေစုပြီး ကြီးထွားနေတာ။ ပြန်စဉ်းစားကြည့်ရင် ဘယ်သူမှလဲ စိတ်တိုစရာမကောင်းဘူး။ ကျနော်ကိုယ်တိုင်ပဲ ကိုယ့်စိတ်ကို ကိုယ်မနိုင်မနင်းဖြစ်နေတာ။ ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျို့။ အချောရေးထားတဲ့စာရွက်တွေကို အဘိုးကြီးလက်မှတ်ထိုးပြီ်း သူ့ဆေးခန်းသွားပြီး မိတ္တူကူးရမယ်တဲ့။ သူ့ဆေးခန်းက အဝေးကြီးမှာ။ ဒုက္ခ။ ဒီမှာက တအားနားချင်နေပြီ။ အဲဒါကို သူငယ်ချင်းက ဇွတ်ခေါ်နေတယ်။ သွားကူးရအောင်တဲ့။ ဟာဗျာ။ ဒီကြားထဲ အိမ်သာလဲ တက်ချင်လိုက်သေးတယ်။ (ကန်တော့နော်)။ ဒါနဲ့ သူငယ်ချင်းကိုပြောရတယ်။ ကိုယ့်လူပဲ သွားလိုက်ပါလို့။ ကိုယ်တော့ နားချင်နေပြီလို့။ အကြောင်းစုံတော့ သူ့ကို ရှင်းမပြလိုက်ပါဘူး။ သူကတော့ထင်မှာပဲ အတော်နုတဲ့ကောင်လို့။ သိပ်တော့ မနုပါဘူးဗျာ။ ကျနော့်ကိုယ် ကျနော်သိပါတယ်။ လိုအပ်ရင်တော့ ကြမ်းပါတယ်။

ဒီလိုနဲ့ ကျနော်ဟာ ကိုယ့်စိတ်နဲ့ကိုယ် အဆင်မပြေဖြစ်နေတာ တစ်နေကုန်လောက်နီးပါပဲဗျာ။ အဲဒါကို ကိုယ့်ကိုယ်ကို ဒေါသထွက်တယ်လို့ ပြောကြတယ်။ ဟုတ်မယ်ထင်တယ်။ သူတို့ပြောသလိုဆို ကျနော်လဲ ကိုယ့်ကိုယ်ကို ဒေါသဖြစ်နေတော့တာပေါ့။ ဒါကြောင့် ပြေလိုပြေညား ကျနော်ကြိုက်တဲ့ သီချင်းအေးအေးလေးတွေ ရွေးပြီး ကိုယ့်ကုတင်ပေါ်တက် နားထောင်နေလိုက်တယ်။ ပြီးတော့ အသက်ကို ၀အောင်ရှူတယ်။ သီချင်းစာသားလေးတွေရဲ့ အဓိပ္ပါယ်ကို လျှောက်လိုက်စဉ်းစားနေလိုက်တယ်။ အတော်လေးကြာတော့ ရင်ထဲက ဆူးလေးတွေ တဖြေးဖြေးချင်း၊ တစ်ချောင်းချင်းဆီ ထွက်သွားကြတယ်လို့ ခံစားလိုက်ရတယ်။

ကျနော့်ရင်ထဲက ဆူးလေးတွေ အဲလိုနည်းနဲ့ ယာယီထွက်သွားကြပြီ။ ဘ၀မှာနောက်ထပ် ဘယ်လိုဆူးမျိုးတွေ အစူးခံရဦးမယ်မသိဘူး။ မိတ်ဆွေရဲ့ဘ၀မှာ ကျနော့်ရင်မှာစူးတဲ့ ဆူးပျော့လေးတွေမျိုး စူးဖူးသလား။ ဆူးအမာတော့ လူတိုင်းလောက်နီးပါး စူးနေကြတာပါ။ ဘာမှမဟုတ်တာကို ပြဿနာလုပ်ပြီး အကျယ်ချဲ့တော့ ရှင်းရခက်သွားတယ်။ ဒီလိုပဲဗျာ၊ တစ်ခါတစ်လေတော့လဲ။ ကျနော်တို့က ဘာတဲ့--ပုထုဇဉ်--ဆိုကိုးဗျာ့။ ဒီတော့လဲ ဒီလောက်တော့ရှိမှာပေါ့။ ပုထုဇဉ်-တဲ့။ ပုထုဇဉ်ဖြစ်နေသမျှတော့ ဒီလိုဆူးမျိုးတွေနဲ့ အမြဲတွေ့ရမှာပဲ။ စူးတဲ့အခါ နွှင်ဖို့ အပ်သာ အဆင်သင့်ဆောင်ထားပေတော့။

No comments: