Saturday, October 11, 2008

ဘိုးတော် တဲ့

အွန်လိုင်းမှာ ကျနော့်ကို မညှာမတာ ဘိုးတော်လို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူက အမျိုးသမီးဆိုတော့ အမျိုးသမီးမိတ်ဆွေလို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့ဘိုးတော်ခေါ်လဲတော့ သေသေချာချာမသိဘူး။ သူပြောတာကတော့ ကျနော်က အသက်ကြီးနေပြီတဲ့။ အဲဒါ ကျနော့်လို လူပျိုလူလွတ်တစ်ယောက်ကို အကြီးမားဆုံးသောစော်ကားမှုလို့ ခံစားရတယ်ဗျာ။ ဘယ်နှယ်ဗျာ၊ အခုမှ စမယ်ကြံကာရှိသေး။ အသက်ကြီးတယ်ဆိုပြီး သူကဘိုးတော်လို့ခေါ်လိုက်တော့ ကျနော် ရှေ့ဘယ်လိုဆက်ရမှန်းမသိဖြစ်သွားတယ်။ ဖိုပဲထထိုးရတော့မလိုလို၊ နီးရာသုံးချင်းဂိုင်းသွားပြီး မှော်အကျင့်ပဲ သွားကျင့်ရတော့မလိုလို ဖြစ်သွားတယ်။

ကျနော်တို့နိုင်ငံမှာ ဒီဘိုးတော်ဆိုတဲ့စကားကို ကောင်းဘက်မှာရော/အဆိုးဘက်မှာပါ အဓိပ္ပါယ်ရောသုံးနေတာတွေ့ရတယ်။ ကျနော်လဲ ဘိုးတော်တွေပါတွေ တွေ့ဘူးတယ်ဗျာ့။ ဘိုးတော်အစစ်လား၊ အတုလားတော့ မပြောတတ်ဘူး။ ပြောလိုက်တဲ့စကားတွေကတော့ အနားလာတဲ့လူတွေကို အခုချက်ချင်းပဲ သူဌေးဖြစ်အောင် လုပ်ပေးတော့မလိုလို၊ ဘာလိုလိုနဲ့။

ကျနော် ကော့သောင်ကို အလယ်ရောက်ဖူးတုန်းက မြင်ခဲ့၊တွေ့ခဲ့ရတာလေး တစ်ခုမှတ်မိသေးတယ်။ ကော့သောင်ကိုရောက်တော့ လိုက်ပို့တဲ့ သူငယ်ချင်းတွေနဲ့အတူ နီးရာတောင်ပေါ်တွေ လျှောက်တက်ကြ။ ဟိုချောင်ဒီချောင်ဝင်ကြနဲ့။ ကျနော်တို့ လူငယ်သဘာဝ လိုက်စပ်စုကြတာပေါ့။ တောင်ပေါ်တစ်နေရာရောက်တော့ တွေ့ပြီဗျာ။ ပိတ်ဖြူကြီးနဲ့၊ ဘိုးတော် တဲ့။ အဲဒီဘိုးတော်ဆိုတဲ့ ဘိုးတော်ဟာ သူ့အကျင့်တရားတွေက ဘာတွေလဲတော့ မသိဘူး။ နောက်လိုက်နောက်ပါတွေက အတော်များတာကိုးဗျာ့။ အဲဒါကို ကျနော် အပြစ်မမြင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ဗုဒ္ဓဘုရားဟောခဲ့သားပဲမို့လား။ လောကကြီးဟာ အကာဏ်းပဲ ဆိုတာလေ။ လူအတော်များများက အကာဏ်းပါပဲတဲ့။

မေးကြည့်တော့ အဲဒီဘိုးတော်က အဲဒီတောင်ပေါ်မှာ ရှိတဲ့ဘုရားတွေကို ဦးစီးပြီးလိုက်တည်နေဆိုပဲ။ ဒီအထိကျနော် ဒီဘိုးတော်ကို လေးစားပါတယ်ဗျာ။ ပြဿနာက လာပြီ။ အဲဒီဘိုးတော်ဘေးပတ်ပတ်လည်မှာ ဘုန်းကြီး ငါးပါးခြောက်ပါးလောက်ထိုင်နေကြတယ်။ ထိုင်တာက လယ်ဘယ်အညီလဲ မဟုတ်ဘူး။ ဘိုးတော်က ကုလားထိုင်ပေါ်မှာထိုင်တယ်။ ဘုန်းကြီးတွေက ကြမ်းခင်းထားတဲ့အောက်မှာပဲထိုင်ကြတယ်။ ကျနော်ဘုရားသာသနာကို လေးစားကြည်ညိုတဲ့လူတစ်ယောက်အနေနဲ့ ကြည့်ရတာ အတော်အရုပ်ဆိုးတာပဲ လို့ ခံစားရတယ်။

သိတဲ့လူတစ်ယောက်ကို မေးကြည့်တော့ အဲဒီဘုန်းကြီးတွေက ဘိုးတော်ကိုယ်တိုင်ရဟန်းလုပ်ပေးထားတာတဲ့။ ဘုရား ဘုရား၊ သွားရော။ ကျနော်လဲ ဘာပြောရမှန်းမသိတော့ဘူး။ ဒါနဲ့တောင်အောက်ရောက်တော့ ကျနော့်သူငယ်ချင်းကိုးကွယ်တဲ့ ဘုန်းဘုန်းကျောင်းက ဆရာတော်ကြီးသွားမေးတယ်။ ဘိုးတော်ဆိုတဲ့လူက ဘုန်းကြီးလုပ်ပေးလို့ရလား လို့။ ဆရာတော်ကြီးက အများကြီးသေသေချာချာရှင်းပြတယ်။ နောက်ဆုံးတော့ မရဘူးဆိုတာပေါ့လေ။ ရဟန်းဆိုတာ ရဟန်းအစစ်တွေကပဲ လုပ်ပေးလို့ရတဲ့အရာဖြစ်ကြောင်း၊ အင်မတန်အရေးကြီးကြောင်းအမိန့်ရှိတယ်။ ဒါနဲ့ထပ်မေးကြည့်တယ်။ ဟိုတောင်ပေါ်က ဘုန်းကြီးတွေကရော ဆိုတော့ သူတို့က သင်္ကန်းဝတ်ထားတဲ့ လူတွေပဲ တဲ့။ ပြတ်ရော။ အဲလို ပေါက်ကရဘိုးတော်တွေလဲ ရှိသဗျား။

ကျနော်တခြားဟာတွေတော့ သိပ်မပြောချင်ပါဘူးဗျာ။ အကောင်းအဆိုး(cons and pros)ဆိုတာကတော့ ရောနေတတ်တာချည်းပါပဲ။ အတုရှိမှလဲ အစစ်ရဲ့တန်ဖိုးဟာ ပိုတက်တာကိုးဗျာ့။ ဒါကြောင့် အရည်အသွေးကောင်းတဲ့အရာတစ်ခုပေါ်လာတိုင်း အတုဆိုတာပေါ်လာကြရတာမို့လား။ ကျေးဇူးတောင်တင်ရဦးမယ်လေ၊ ပြောကြေးဆိုရင်ပေါ့။ ကျနော်လဲ တစ်ခါတစ်ခါ အွန်လိုင်းက မိတ်ဆွေလေးပြောသလို လိုအပ်ရင် ဘိုးတော်ဂိုက်ဖမ်းလိုက်ရမျိုးလဲ ရှိသေးတယ်။ ဘာလိုလဲ ဆိုတော့ ကျနော်ယူထားတဲ့ဘာသာရပ်ကိုက ဘိုးတော်ဘာသာရပ်၊ ဖီလိုဆိုဖီ ကိုးဗျာ့။

ပါပါး၊ သမီး မေးစရာရှိလို့ တဲ့။ ဂလု။ ပါးစပ်ထဲရှိတဲ့ ရှိစုမဲ့စု တံထွေးတွေ ရောယောင်ပြီး မျိုချလိုက်ရတယ်။ တော်သေးတယ်၊ တံတွေးက အရိုးနွှင်စရာမလိုလို့။ မဟုတ်ရင် နင်နေဦးမယ်။ ဒီကောင်မလေးလဲ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ အမျိုးသမီး မိတ်ဆွေတစ်ယောက်ပါပဲ။ အထက်မှာပြောခဲ့တဲ့ကောင်မလေးက ဘိုးတော်လို့ခေါ်သလို သူကလဲ အားကျမခံ ပါပါး တဲ့။ တကယ်ဆို ဘယ်သူက ဘယ်သူ့ကိုမှ အပြင်မှာ မတွေ့ဖူးကြဘူး။ အင်တာနက်ကောင်းမှုကြောင့် အွန်လိုင်းမှာ မိတ်ဆွေဖြစ်သွားကြရင်း အခန့်မသင့်လို့ ကျနော့်ခမျှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘိုးတော်ဆိုတဲ့နာမယ်နဲ့ ပါပါးဆိုတဲ့ ရာထူး နှစ်ခု အလိုလိုရသွားတာ။

သမီးအလုပ်အကိုင် သိပ်အဆင်မပြေလို့၊ အဲဒါဘာလုပ်ရမလဲဟင် တဲ့။ အမလေးဗျာ။ ကျနော်ဘယ်လိုဖြေရမလဲ။ ကျနော် ကိုယ်တိုင်တောင် အလုပ်မရှိပဲ လန်ဒန်မှာ ယောင်လည်လည်ဖြစ်နေရတဲ့ ဘ၀။ ဒါပေမဲ့ သူတကယ်လိုအပ်နေတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ လိုအပ်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အင်အားတွေ သူ့မှာ လိုအပ်နေတယ်။ အခက်အခဲကို ရင်ဆိုင်ရဲတဲ့စွမ်းအားတွေ လိုအပ်နေတယ်။ အင်အားတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အင်အားဟာ အရေးကြီးဆုံးပဲ မို့လား။ ဗိုလ်ချုပ်ကြီးနယ်လ်ဆင်ပြောတဲ့စကားကို တုပြီးကျနော်စကားတစ်ခွန်းပြောခဲ့ဘူးတယ်။

သင့်ဘ၀မှာ မိဘ၊ ဆွေမျိုး၊ ညီအကို၊ မောင်နှမ၊ စည်းစိပ်ဥစ္စာစတဲ့ အပြင်ပအရာဝတ္ထုဆိုတဲ့ ဆုံးရှုံးမှုများစွာနဲ့တွေ့ကြုံနိုင်တယ်။ ဒါပေမဲ့ အဲဒီဆုံးရှုံးမှုတွေဟာ တကယ့်ဆုံးရှုံးမှုအစစ်မဟုတ်သေးဘူး။ စိတ်ဓာတ်ရေးရာဆုံးရှုံးရင်တော့ တကယ့်ဆုံးရှုံးမှုကြီးပဲ လို့။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့လူကို အားပေးဖို့ သိပ်လိုအပ်တယ်။ ကျနော်လဲ တတ်သရွေ့မှတ်သရွေ့ပြောရတယ်။ ဗုဒ္ဓဘုရားကို လေးစားသူများပီပီ တကယ့်အရေးကြုံတဲ့အခါ ဗုဒ္ဓစကားတော်တွေပဲ အားတက်စရာတွေဖြစ်လာရတယ်။ ဒါကြောင့် ကျနော့်ကို ပါပါးရာထူးအပ်နှင်းထားတဲ့ တစ်ခါမှ မမြင်ဖူးသေးတဲ့ သမီးကို အားပေးရတယ်။ ကိုယ်ရထားတဲ့ ဘုရားစာတွေရှိရင် အဲဒါကို အားစိုက်ပြီးများများရွတ်ဖို့ပေါ့။ မယုံတဲ့လူတွေကတော့ ရယ်ကြမလား မသိဘူး။ ကျနော်ကတော့ ယုံတယ်။ ယုံလောက်တဲ့အဖြစ်အပျက်တွေလဲ အများကြီးရှိခဲ့ဘူးတယ်။ အလျှင်းသင့်တဲ့အခါ တင်ပြသွားပါ့မယ်။

သမီးက ပြောတယ်။ သူ ပရိတ်ကြီး သုံးသုတ်လောက်ရတယ် တဲ့။ မေတ္တာသုတ်ကို တစ်နေ့ကိုးခေါက်လောက်ရွတ်တယ် တဲ့။ ကျနော်တောင် သူ့လောက်မရဘူး။ ကျနော်က ဣတိပိသော နဲ့တင် ဘိုးတော်လုပ်စားနေတာ။ ဒါပေမဲ့ ရွတ်ပုံရွတ်နည်းကို ပြောပြရတယ်။ သာမန်လူတွေ စီရင်ထားတဲ့ ဂါထာမန္တန်တွေတောင် အစွမ်းထက်သေးတယ်ဆိုရင် ဘုရားရှင်တို့လို ပုဂ္ဂိုလ်တွေရဲ့ နှုတ်ကပါဌ်တော်တွေဟာ ပိုစွမ်းထက် မယ်ဆိုတဲ့အကြောင်း။ ဘာကိုပဲရွတ်ရွတ်၊ စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်ရွတ်ဖို့နဲ့ ရလာဒ်ကိုချည်း မဦးတည်ဖို့လိုကြောင်း။ စသဖြင့် စသဖြင့်။ အတော်လေးကြာတော့ သူ့စိတ်ထဲမှာ အင်အားတွေဝင်လာပုံရတယ်။ ပါပါးပြောတာနဲ့ သမီးစိတ်ထဲမှာ ယုံကြည်မှုတွေရှိလာပြီတဲ့။ စိတ်ဓာတ်လဲ အားတက်လာတယ် တဲ့။ ကျနော် ၀မ်းသာလိုက်တာဗျာ။ ကျနော်သူ့စိတ်ထဲကို အင်အားဖြစ်စေမယ့် စကားလုံးတွေထည့်ပေးလိုက်နိုင်ခဲ့ပြီ။ သူ့စိတ်တွေ အခက်အခဲကို ရင်ဆိုင်ဖို့ အားပြည့်သွားပြီ။ အဲဒီကျမှ ကျနော်လဲ ကိုယ့်ကိုယ်ကို စဉ်းစားမိတယ်။ ငါလဲ ဟိုကောင်မလေးပြောသလို ဘိုးတော်ဖြစ်သွားပြီလား လို့။








1 comment:

နတ္ထိ said...

အထက်အမိန့်အရ ဘိုးတော်ထက်ကို လာရောက် အရိုအသေပြုပါ၏။