Saturday, October 11, 2008

ခေတ်နဲ့ အတွေးအခေါ် ချိန်ခွင်ညှိခြင်း


However beautiful the strategy, you should occasionally look at the results.

(Winston Churchill)


နည်းဗျူဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ရလာဒ်ကိုတော့ သတိမူသင့်တယ်။
(၀င်စတန်ချာချီ)

အတွေးအခေါ်အယူအဆတွေဟာ ခေတ်ကာလအလိုက်ပေါ်လာတတ်ကြသလို၊ အဖြစ်အပျက်အလိုက်လဲ ထွက်လာတတ်ကြတယ်။ အချို့အတွေးအခေါ်တွေဟာ အမြဲတမ်းမှန်နေတတ်ပေမဲ့၊ အချို့ကျတော့ အဲဒီအတွေးအခေါ်ကို စတင်ဖြစ်ပေါ်စေတဲ့ကာလကြီးတစ်ခု ကုန်ဆုံးသွားတဲ့အခါ မှားယွင်းသွားတတ်တယ်။ ကမ္ဘာပေါ်မှာ အတွေးအခေါ်ပညာရှင်ကြီးတွေ မြောက်များစွာထွက်ပေါ်ခဲ့ကြတယ်။ သူတို့တွေးခဲ့တာတွေကို သေသေချာချာ ပြန်စစ်ဆေးကြည့်တဲ့အခါ အတော်များများကို လက်ခံဘွယ်အဖြစ်ဆက်လက်ရှင်သန်စေနိုင်ပေမဲ့ အချို့အယူအဆတွေကတော့ နှောင်းခေတ်မှာ သြဇာကျဆင်းလာတာကို တွေ့ရမယ်။

အတွေးအခေါ်တစ်ခုဟာ--
(၁) ခေတ်ကာလ၊
(၂) အဖြစ်အပျက်၊ ဆိုတဲ့ အချင်းအရာနှစ်မျိုးကို ယေဘုယျအခြေခံပြီးတော့ ထွက်ပေါ်လာတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒါကြောင့် အတွေးအခေါ်တွေကို အောက်ပါအတိုင်း လေးမျိုးလေးစားခွဲခြားတယ်။
(၁) ခေတ်နဲ့ညီ၊ အဖြစ်အပျက်နဲ့မကိုက်၊
(၂) ခေတ်နဲ့မညီ၊ အဖြစ်အပျက်နဲ့ကိုက်၊
(၃) ခေတ်နဲ့လဲမညီ၊ အဖြစ်အပျက်နဲ့လဲမကိုက်၊
(၄) ခေတ်နဲ့လဲညီ၊ အဖြစ်အပျက်နဲ့လည်းကိုက်။

ဆိုကြပါစို့။ ကျနော်တို့ စာပေအရ လက်လှမ်းမီနိုင်တဲ့ ဗုဒ္ဓခေတ်ကို ပြန်ကြည်ရအောင်။ ဘီစီ ခြောက်ရာစုအကုန်၊ ငါးရာစုအ၀င်မှာ ဘုရားပွင့်ခဲ့တယ် လို့ စာပေမှတ်တမ်းများအရသိရတယ်။ ဗုဒ္ဓခေတ်မတိုင်မီ အတွေးအခေါ်တွေဟာ အတ္တ၀ါဒကို အခြေခံတဲ့အတွေးအခေါ်အယူအဆတွေပဲများတယ်။ ဘယ်သူပဲတွေးတွေး အဖြစ်အပျက်ကွဲပြားမှုကို အကြောင်းပြုပြီး တွေးပုံအချင်းအရာကွဲပြားကြပေမဲ့ ခေတ်ကာလတူညီမှုကြောင့် အတ္တ၀ါဒမှာပဲ အခြေခံနေတာတွေ့ရတယ်။

အဲလိုတွေးတဲ့အခါမှာ မိမိတို့အားသန်ရာစရိုက်အလိုက် အစွန်းတစ်ခုခု ထွက်ပြီးတွေးကြပြန်ရော။ လိုချင်မှုဆိုတဲ့စရိုက် (Temperament of Passion)၊ ရက်ရောမှုဆိုတဲ့စရိုက် (Temperament of Generosity) နဲ့ တွေဝေမှုဆိုတဲ့ စရိုက် ((Temperament of Delusion) အားကြီးတဲ့လူတွေကတော့ မရ-ရသကချိုင်၊ ရမယ်ဆိုရင် ဘနဖူးသိုက်တူး ဆိုတဲ့စိတ်မျိုးတွေနဲ့ ကာမဂုဏ်တွေကို အစွန်းရောက်အောင် ခံစားဖို့တွေးကြတယ်။ ခံစားကြတယ်။ တစ်ခါ စိတ်ဆိုးမှုစရိုက် (Temperament of Aversion)၊ စူးစမ်းမှုစရိုက် (Temperament of contemplation) နဲ့ တွေးတောမှုစရိုက် (Temperament of thought) ရှိတဲ့လူတွေကျပြန်တော့ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်ပြီး အကျင့်တရားတွေကို အစွန်းရောက်အောင် ကျင့်ဖို့တွေးကြတယ်။ တွေးတဲ့အတိုင်းလဲ လိုက်ကျင့်ကြတယ်။

သူတို့တွေးတောမှုတွေဟာ ဘယ်လိုအစွန်းမျိုးပဲထွက်ထွက် ငါဆိုတဲ့ အတ္တကိုအခြေခံနေတာကိုပဲ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အတ္တ၀ါဒထွန်းကားတဲ့ ခေတ်ကာလကို အခြေခံပြီးတွေးတောလို့ပဲလို့ ကျနော်ကတော့ ယူဆတယ်။ အဲဒီအတ္တ၀ါဒကို တွန်းလှန်တိုက်ခိုက်ပြီးပွင့်ပေါ်လာတဲ့ ဗုဒ္ဓခေတ်ကို ရောက်တဲ့အခါကျတော့ ဗုဒ္ဓတရားကို နာကြားခွင့်ရလိုက်ကြတဲ့ သတ္တ၀ါတွေရဲ့စိတ်ထဲမှာ ဘယ်လိုအဖြစ်အပျက်မျိုးနဲ့ပဲတွေ့တွေ့ အဖြစ်အပျက်အလိုက် တွေးတောပုံအချင်းအရာ အနည်းငယ်ကွဲပြားကြပေမဲ့ အခြေခံအားဖြင့် တစ်မျိုးတည်းပဲတွေးကြပြန်တယ်။ အဲဒါကတော့ အနတ္တ ဆိုတဲ့အတွေး။ အရာရာတိုင်းဟာ အစိုးမရဘူး၊ အနှစ်သာရမရှိဘူး ဆိုတဲ့ အတွေးမျိုးကို လက်ခံလာကြတယ်။ ဒါပေမဲ့ အတ္တ၀ါဒရဲ့လွှမ်းမိုးမှုက ယနေ့ခေတ်အထိ ကြီးမားနေဆဲပါပဲ။

ကျနော်ဒီအကြောင်းကို ဘာကြောင့်ဆွေးနွေးနေလဲ ဆိုရင် အထက်မှာ ပြောခဲ့တဲ့ ၀င်စတန်ချာချီရဲ့စကားကြောင့်ပါ။ သူပြောခဲ့တဲ့စကားဟာ သိပ်ကောင်းပါတယ်။ သိပ်ကောင်းလို့လဲ ကမ္ဘာသမိုင်းစာမျက်နှာထဲက အကိုးအကားပြုစရာအဖြစ် ဆက်လက်ရှင်သန်နေတာပေါ့။ ဒါပေမဲ့ အဲဒီစကားဟာ အဖြစ်အပျက်အတိုင်းအတွက် မှန်သလား။ ဒီလိုမေးခွန်းအတွက် ဖြေဖို့အတော်ခက်ပါတယ်။ သူ့ခေတ်သူ့ခါကို ပြန်ကြည့်လိုက်ရင် ဒုတိယကမ္ဘာစစ်ကြီး မီးဟုန်းဟုန်းတောက်လောင်ကျွမ်းနေတဲ့အချိန်။ ကမ္ဘာ့စစ်ဘုရင်တွေ နိုင်လိုမင်းထက်ပြုမူတိုက်ခိုက်ပြီး အောင်မြင်မှုအတွက် ယစ်မူးနေတဲ့အချိန်။ သူတို့စိတ်ထဲမှာ အဓိကရည်မှန်းချက်ဟာ အနိုင်ရမှုပဲ။ ကြောင်ကိုက်လို့ပဲ ကြွက်သသေသေ၊ ဒုတ်ပစ်လို့ပဲကြွက်သေသေ၊ အဓိကကတော့ ကြွက်သေဖို့ ဆိုတဲ့အတွေးမျိုး။ စစ်ကာလကြီးပေကိုး။

အဲလိုကာလမျိုးမှာ ဘယ်သူမဆို စစ်ပွဲဝင်နေတဲ့ စစ်သားအငယ်စားလေးတွေမှသည် ၀င်စတန်ချာချီတို့လို နိုင်ငံ့ခေါင်းဆောင်တွေအထိ ရည်မှန်းချက်ဟာ စစ်အောင်နိုင်ရေးပါပဲ။ ဒါကြောင့် အကြောင်းဘယ်လောက်ကောင်းကောင်း အကျိုးမရရင် အလကားပဲ ဆိုတဲ့အဓိပ္ပါယ်နဲ့ အထက်ကစကားကို ဆိုခဲ့တာပါ။ ဒီလိုစစ်ဖြစ်နေတဲ့ကာလကြီးမှာ စစ်သားတစ်ယောက်ရဲ့အတွေးဟာ ရန်သူကို အနိုင်ရမယ့် နည်းလမ်းကို ရှာတဲ့အတွေးအနေမျိုးနဲ့ အခြေခံအားဖြင့် တူညီကြမှာပါပဲ။

တစ်ခါတစ်လေ ရလာတဲ့အကျိုးကတော့ မြတ်နိုးစရာကောင်းပေမဲ့ အဲဒီအကျိုးအတွက် အရင်းအနှီးပြုလိုက်ရတဲ့အကြောင်းကတော့ အတော့်ကို မိုက်ရိုင်းတာတွေ့ရမှာပါ။ ဥပမာ၊ အများသိကြတဲ့အတိုင်း အဇာတသတ်ဘုရင်ဆိုပါစို့။ သူဘုရင်ဖြစ်ဖို့ဘာလုပ်ခဲ့လဲ။ အဖေအရင်းခေါက်ခေါက်ကို သတ်ခဲ့တယ်။ အဲလိုအဖြစ်အပျက်မျိုးတွေဟာ ရာဇ၀င်မှာ အမြောက်အများတွေ့ကြရမှာပါ။ ဒါကြောင့်မှန်ကန်သော အတွေးလို့မယူဆနိုင်ပါဘူး။

ကျနော့်အယူအဆကတော့ အတွေးအခေါ်တစ်ခုဟာ အချိန်ကာလအရရော အဖြစ်အပျက်အရရော ကိုက်ညီမှုရှိမှ အမှန်လို့လက်ခံပါတယ်။ ဒီအကြောင်းအရာတွေဟာ စာအုပ်တစ်အုပ်ရေးရမယ့် အကြောင်းအရာတွေပါ။ ဒီနေရာမှာတော့ ကျနော် ဒီလောက်ပဲ တင်ပြချင်ပါတယ်။ ခေတ်ကို ကိုယ်စားပြုတဲ့အဖြစ်နဲ့ကိုက်ညီတဲ့ အတွေးမျိုးတွေးတတ်ကြပါစေ။ တကယ်လို့ ကျနော့်အယူအဆဟာ လက်ခံနိုင်စရာမကောင်းဘူးဆိုရင် အောက်ပါ comment မှာ စာဖတ်သူရဲ့သဘောထားကို ရေးထားစေချင်ပါတယ်။ ကျနော် သေသေချာချာဖတ်ပြီး ဆွေးနွေးချင်လို့ပါ။

No comments: