Tuesday, October 14, 2008

သီချင်းဝါသနာအိုးများ သတိ


ဒီနေ့ကျနော် အင်တာနက်မှာ ကျမ်းမာရေးသတင်းအတိုအစတွေ လျှောက်လိုက်ဖတ်ရင်းနဲ့ ဘီဘီစီကျမ်းမာရေးသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ သတင်းကတော့ အဓိကအားဖြင့် ကျနော်တို့လို သီချင်းဝါသနာအိုးတွေကို သတိပေးထားတဲ့ သတင်းပါ။ သတင်းဆိုပေမဲ့ သုတေသီတွေ ကျကျနနလေ့လာစူးစမ်းပြီးမှ ထုတ်ပြန်ထားတဲ့ သတင်းဆိုတော့ ကျနော်တို့ လူငယ်တွေ သတိထားရမယ်ဆိုတဲ့ အသိဝင်လာလို့ ကျနော့် ဘလော့လေးက တစ်ဆင့် သီချင်းနားထောင်တဲ့ ညီ/ညီမငယ်တွေအတွက် ဖြန့်ဖြူးဝေငှလိုက်တာပါ။

နဂိုက ကျနော်တို့တတွေ သီးချင်းနားထောင်တဲ့အခါ ရှိတဲ့ကက်စက် စုတ်လေးကိုဖွင့်၊ သီချင်းတိပ်ခွေထည့်ပြီး သူငယ်ချင်းတွေ ၀ိုင်းစုနားထောင်ကြတာပေါ့။ တစ်ခွေကုန်၊ နောက်တစ်ခွေထည့်ပေါ့။ ဘာမှ ပြဿနာမရှိဘူး အခုနောက်ပိုင်းမှာတော့ ကွန်ပျူတာတွေ၊ ဘာတွေပေါ်လာပြီး သီးချင်းပုဒ်ရေ အများကြီးထည့်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ မနားတမ်း နားထောင်နိုင်တယ်လေ။

အဲ--နောက်ပိုင်းကျပြန်တော့ သွားရင်းလာရင်း အိပ်ထဲထည့် ယူသွားနိုင်တဲ့ MP3/MP4/i Pot Player တွေတစ်ခုပြီးတစ်ခုပေါ်လာယုံတင်မကဘူး GB အများကြီး store လုပ်လို့ရပြီး Blue tooth, MP3, Camera, Radio စတဲ့ IT result တွေပါဝင်တဲ့ Handset လေးတွေပါ ပေါ်လာပြန်တော့ ဘာမှမယူပဲ လက်ထဲဖုန်းကလေးတစ်လုံးကိုင်ထားရုံနဲ့ အကုန်အလုပ်ဖြစ်တဲ့ ခေတ်ကြီးကိုးဗျာ့။

အဲဒီတော့ ဘယ်နားသွားသွား၊ လက်ကိုင်ဖုန်းတစ်လုံးဆောင်ထား၊ ဖုန်းဆက်မလား၊ သီချင်းနားထောင်မလား၊ အီးမေးလ်ချက်မလား၊ ချက်တင်လုပ်မလား။ တစ်ကမ္ဘာလုံး ကိုယ့်လက်ထဲရောက်နေတယ်လို့တောင်ပြောနိုင်တယ် မို့လား။ ကျန်တာတွေကတော့ လူကို အတော်သက်တောင့်သက်သာဖြစ်စေတာ အမှန်ပါပဲ။ သီးချင်းနားထောင်တဲ့အခါကျတော့ လူကြားထဲရောက်နေတဲ့အခါမျိုးတွေ၊ ကားလမ်းဘေးလျှောက်သွားတဲ့အခါမျိုးတွေမှာ ဖုန်းလေးနဲ့ ဒီအတိုင်းနားထောင်ရတာအဆင်မပြေဘူး။

ဒီတော့ နောက်ထပ် IT result တစ်ခုထပ်ရှာရတယ်။ အဲဒါကတော့ အများသိတဲ့ Ear-phone ပေါ့။ ရေဒီယိုပဲ နားထောင်နားထောင်၊ သီချင်းပဲနားထောင် နားထောင် အဲဒါလေး နားဝမှာ တပ်ထား၊ ထိုးထားရင် တစ်လောကလုံးကိုတောင် မေ့ရတဲ့အဖြစ်လေ။ ဘေးကလူခေါ်လဲ ဘာမှ မကြားနိုင်တဲ့ဘ၀ ရောက်သွားပါလေရောမို့လား။ ကျနော်ဆိုရင် တနင်္လာကနေ သောကြာနေ့အထိ တစ်ပတ်မှာ ငါးရက်ကျောင်းတက်တယ်။ ကျနော်နေတဲ့အဆောင်နဲ့ တက်ရတဲ့ကျောင်းက တစ်မိုင်ကျော်ကျော်ပဲ ဝေးတယ်။ မနက်စောစော အဆောင်ကနေ လမ်းလျှောက်ထွက်သွားလိုက်ရင် ကျောင်းရောက်တဲ့အခါ ကိုးနာရီခွဲ၊ အတန်းတက်ချိန်ကွက်တိပဲ။ အဲဒါ မိုးမရွာတဲ့နေ့တိုင်း ကျနော်လုပ်နေ့ကျ။ လျှောက်နေကျ။

အဆောင်ကနေ တက်ရမယ့်ကျောင်းအထိ မိနစ်သုံးဆယ်လောက် လျှောက်ရတာဆိုတော့ လမ်းလျှောက်ရင်းနဲ့ ကျနော် ဘာလုပ်လဲဆိုရင် ရေဒီယိုနားထောင်တယ်။ ကျနော့်လက်ကိုင်ဖုန်းလေးကို Ear-phone လေးတပ်ပြီး နားရွက်မှာ ချိတ်ထားလိုက်ရင် မြို့တော်လန်ဒန်ကထုတ်လွှင့်တဲ့ ဘီဘီစီအပါအ၀င် သတင်းချာနယ်တွေ အများကြီး နားထောင်လို့ရတယ်။ ကျနော်ကတော့ ဘီဘီစီပဲ အားသန်တော့ သူ့ပဲနားထောင်ဖြစ်ပါတယ်။ ကားလမ်းဘေးက လျှောက်သွားရတာဆိုတော့ သိတဲ့အတိုင်းပဲ၊ ဆူညံနေတဲ့ ကားအသံတွေကို ဖုံးသွားအောင် high volume တင်ပြီး သုတ်ရတာကိုး။

လမ်းမှာသွားနေတဲ့ လူတွေအများစုဟာလဲ ကျနော့်လိုပါပဲ။ နားကြပ်လေးတွေ ကိုယ်စီနဲ့၊ ကိုယ့်အာရုံနဲ့ကိုယ်။ ကားစောင့်တဲ့လူကစောင့်။ လမ်းလျှောက်တဲ့လူကလျှောက်ပေါ့။ ကျနော့်အထင်၊ လူဆယ်ရောက်မှာ ငါးယောက်လောက်က အဲလိုပဲ။ ကျနော်တို့ဆီမှာပြောပါတယ်။ တစ်ချို့လဲ Blue Tooth ပါတဲ့ Ear-phone ကို အမြဲတမ်းတပ်ထားကြတာ။ ကျနော်ကတော့ ကြိုးနားကြပ်လေးပါပဲ။ ဒီတော့ တွဲလောင်းတွဲလောင်းပေါ့။ ကြိုးကိုပြောပါတယ်။ အဲလို နေ့စဉ်နားထောင်လာတော့ တစ်ခါတရံ ကျနော့်နားစည်တွေ နည်းနည်း နာကျင်လာသလိုလို ခံစားရတယ်ဗျာ့။ အဲလိုဖြစ်လာရင် ရပ်ထားလိုက်ရတယ်။

အခုကျနော်တင်ပြခဲ့တာဟာ သုတေသီတွေ ထုတ်ပြန်ထားတဲ့ တွေ့ရှိချက်မဟုတ်သေးဘူးနော်။ ကျနော့်အဖြစ်ကို ပြောပြနေတာ။ အဲဒါ ဒီနေ့ ကျမ်းမာရေးသတင်းလိုက်ဖတ်တော့ Ear-phone တပ်ပြီးနားထောင်တဲ့အတွက် အန္တရာယ် အတော်ကြီးတယ်ဆိုတာကို သိလိုက်ရတယ်။ ကျနော်လဲ လန့်သွားတာပဲ။ ကျနော့်အဖြစ်နဲ့ တူနေတာကိုး။

ဥရောပအခြေစိုက်သုတေသနပညာရှင်တွေက သတင်းထဲမှာ ပြောထားတယ်။ MP3 စတဲ့အသေးစား စက်လေးတွေကအစ ကွန်ပျူတာအထိ စက်ကြီးတွေမှာ နားကြပ်တပ်ပြီး သီချင်းစသည် အသံနှုံးမြှင့်တင်ပြီး နားထောင်ကြတဲ့ လူဆယ်ရောက်မှာ တစ်ယောက်ဟာ အမြဲတမ်းနားပင်းသွားနိုင်တဲ့အထိ အန္တရာယ်ရှိတယ် တဲ့။ အဲဒီလို အသံနှုံးမြှင့်ပြီး တစ်နေ့ကို တစ်နာရီထက်ကျော်အောင် နားထောင်ရင် ငါးနှစ်လောက်ရှိတဲ့အခါ လုံးဝနားပင်းသွားတတ်တယ် လို့ သိပံ္ပပညာရှင်တွေက ဆက်ပြောပါတယ်။

ဥရောပတစ်ခွင်ရှိ ကလေး/လူငယ်အများစုအပါအ၀င် လူဆယ်သန်းလောက်ဟာ အဲဒီအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ် ဆိုပဲ။ ဥရောပမှာရှိတဲ့ လူဦးရေအနက် သန်း (၅၀) ကနေ သန်း (၁၀၀) လောက်အထိဟာ နေ့စဉ် ကိုယ်ပိုင်ဖုန်းလေးတွေနဲ့ အဲဒီလို နားထောင်ကြသတဲ့။ ဥရောပကော်မရှင်အဖွဲ့ကတော့ နည်းပညာတိုးတက်မှုက ဒီပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဆက်လက်စုံစမ်းနေပါတယ်။

ဥရောပလုံခြုံရေးစံနှုံးအရ အသံမြှင့်အား ဒဲဆီဘယ်လ် (decibel) တစ်ရာအထိပဲ (နားကြပ်တပ်မထားရင်) ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ အသံကျယ်ကျယ်လောင်လောင်နားထောင်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်းမှုတွေကတော့ တိုးပွါးနေဆဲပါပဲ။ လူအတော်များများကတော့ အထူးသဖြင့် လမ်းသွားလမ်းလာတွေကတော့ ဘေးက ဆူညံမှုတွေကို လွှမ်းသွားအောင် ဒဲဆီဘယ်လ် (၈၉) အထိ (နားကြပ်တပ်ပြီး) ဖွင့်ကြတယ် လို့ဆိုပါတယ်။ ဒီအဆင့်ဟာ အန္တရာယ်ရှိတဲ့ အဆင့်ပါ။ နားစည်ကို ထိခိုက်စေနိုင်တဲ့ အဆင့်ရောက်နေပါပြီ။

ဒါကြောင့် ကျနော့် ညီလေးတွေ/ ညီမလေးတွေကို သတိပေးချင်ပါတယ်။ MP3 စတဲ့စက်ကလေးတွေနဲ့ နားကြပ်တပ်ပြီးနားထောင်တဲ့အခါ
(၁) အသံလှိုင်းမြင့်မြင့်မထားဖို့၊
(၂) တစ်နာရီထက် မကျော်စေဖို့၊
(၃) တုန်ခါမှုများတဲ့ ဟစ်ဟော့တွေကို တတ်နိုင်သမျှ နားကြပ်တပ်ပြီး နားမထောင်ဖို့။
(၄) နားထောင်တာများပြီး နားထဲမှာ နာကျင်မှုတစ်ခုခုဖြစ်လာတဲ့အခါ ချက်ချင်းရပ်ပစ်ပြီး ဆက်နားမထောင်ဖို့၊
(၅) ကိုယ့်အခြေအနေအလိုက် လိုအပ်သလို ဂရုစိုက်ဖို့။

ချစ်လို့ပြောတာနော်။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျနော်တို့ နားတွေက တစ်သက်လုံး အသုံးပြုရမယ် မို့လား။ ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင် တဲ့။ သိတယ် ဟုတ်။
နားချမ်းသာပါစေသော်။
ဒီစာတမ်းလေးကို အောက်ပါ ၀က်ဘ်ဆိုဒ်ကို ကိုးကားပြီးရေးပါသည်။
(http://news.bbc.co.uk/2/hi/uk_news/7666219.stm)

No comments: