Friday, October 3, 2008

တိရစ္ဆာန်ရုံသွားသူများ ကလေးပါရင် သတိထား


အဖြစ်ကတော့ ရယ်ရမလိုလို၊ ငိုရမလိုလိုနဲ့ ဘယ်သူက ဘယ်သူ့ကို အပြစ်တင်ရမှန်းကို မသိရအောင်ဖြစ်ရတဲ့အဖြစ်ပါ။ သြဇီ (သြစ်ထရေးလီယား)တိရစ္ဆာန်ရုံထဲမှာဖြစ်ခဲ့တဲ့ အဖြစ်လေးပေါ့။ အားလပ်တဲ့အချိန်လေးတွေမှာ အပန်းဖြေအနားယူဖို့ထွက်လာတဲ့ မိသားစုတစ်ခုထဲက အသက် (၇)နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးလေးတစ်ယောက်ဟာ မိုးတိုးမတ်တတ်နဲ့ မိဘတွေနောက်ကလိုက်ရင်း တစ်နေရာရောက်တော့ ချန်ရစ်ခဲ့သတဲ့။ သူချန်ခဲ့တဲ့နေရာက ရှားပါးတွားသွားကောင်လေးတွေဖြစ်တဲ့ အဆူးပါပုတ်သင်ညိုတို့လို အကောင်လေးတွေကို ထားတဲ့နေရာ။ သူက အဲဒီထဲဝင်ပြီး (go on the rampage) သောင်းကြမ်းနေခဲ့တာ ဆိုပဲ။

အဲဒီကောင်လေးသောင်းကြမ်းနေပုံကို CCTV နဲ့ဝင်မိနေလို့သာ တရားခံမိသွားနိုင်တာ။ မဟုတ်ရင် ဘယ်သူ့လက်ချက်မှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ သူဝင်သောင်းကြမ်းတာနဲ့ လိပ်တစ်ကောင်၊ လျှာအပြာရောင်ရှိတဲ့အနောက်တိုင်းပုတ်သင်လေးကောင်၊ မုတ်ဆိတ်နဂါးလေးနှစ်ကောင်၊ ဆူးပါတဲ့အကျီးတန်ပုတ်သင်နှစ်ကောင်နဲ့ တိရစ္တာန်ရုံထဲမှာတင် သက်တမ်း(၂၀)လောက်ရှိနေပြီဖြစ်တဲ့ သက်တော်ရှည်ဖွတ်အဖွါးကြီးတစ်ကောင်ပါ သေသွားပါလေရော။ အဲဒီအကောင်တွေကို ကျောက်ခဲနဲ့ (bludgeon)ထုသတ်ခဲ့တာပါ။ ဒါပေမဲ့ သူသောင်းကြမ်းတဲ့အချိန်ဟာ သိပ်အကြာကြီးမဟုတ်ဘူးတဲ့။ သတင်းအတိုင်းပြောရရင် (during his 30-minutes spree) မိနစ်သုံးဆယ်လောက်ရှိတဲ့ အချိန်တိုလေးအတွင်းမှာ အဲဒီကောင်လေးတွေကို သတ်ခဲ့တာပါ။

သူက အဲဒီတိရစ္ဆာန်လေးတွေကို သတ်ရုံသတ်တာမဟုတ်ဘဲ တစ်ဖက်ခြံထဲမှာနေတဲ့ ရေငံပိုင်းမိကျောင်းတစ်ကောင်ဆီ သူသတ်ထားတဲ့ အကောင်သေလေးတွေကို လှမ်းပစ်ကြွေးနေသေးသတဲ့။ မိကျောင်းအစာငယ်မှာတော့ စိတ်ပူပုံရတယ်။ နောက်ပြီး အဲဒီမိကျောင်းထားတဲ့ဘက်ကူးဖို့ လုံခြုံရေးခြံကို တွယ်တက်နေသေးဆိုပဲ။ မတော်လို့ဟိုဘက်များရောက်သွားရင် မိကျောင်းစာဖြစ်ပြီ။ မိကျောင်းက (၁၁)ပေကျော်ကျော်လောက်ရှည်ပြီး အတော်ကြီးနေပြီဆိုတော့ အဲဒီကောင်လေးကိုသာစားလိုက်ရရင် အတော်ပျော်သွားလောက်တယ်။ ပုလိပ်တွေနဲ့ အတွေ့မြန်လို့သာတော်ပေတော့တယ်။

တိရစ္ဆာန်ရုံစောင့်တဲ့ တာဝန်ကျပုလိပ်အရာရှိကတော့ ဒီအဖြစ်အပျက်ဟာ (unbelievable)မယုံကြည်နိုင်စရာပါပဲ တဲ့။ ခက်နေတာက အဲဒီကောင်လေးသတ်ခဲ့အကောင်ဘလောင်လေးတွေဟာ ရှားပါးပစ္စည်းတွေဖြစ်နေလို့ အစားထိုးဖို့ကလဲ မလွယ်ဘူးဖြစ်နေတယ်။ ဒါကြောင့် ဒီကောင်လေးကို ဘယ်လို့အပြစ်ပေးရမလဲ စဉ်းစားနေကြရပြီ။ ဒါပေမဲ့ ကောင်လေးရဲ့အသက်က တရားစွဲအပြစ်ပေးလို့မဖြစ်နိုင်လောက်အောင် နုနယ်ငယ်ရွယ်နေသေးတော့ ကောင်လေးရဲ့မိဘတွေကိုပဲ တရားစွဲဖို့ စဉ်းစားနေကြလေရဲ့။

အဲဒီတော့ လူကြီးမိဘတွေက အဲလိုခရီးမှာ ကလေးတွေပါလာပြီဆိုရင် အတော်သတိထားဖို့လိုတာပေါ့ဗျာ။ ကလေးမိကျောင်းပါးစပ်ထဲပါသွားရင်လဲ သက်ဆိုင်ရာမိဘတွေ ရင်ကြိုးရမယ့်ကိန်း၊ အခုကလေးကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အပြစ်ခံယူလို့မရသေးတဲ့ ကလေးငယ်အတွက် တာဝန်ရှိတဲ့မိဘတွေက တရားအစွဲခံရမယ့်ကိန်းဆိုက်နေပြီ။ ကျနော်တစ်ခုတော့ မေးချင်တယ်ဗျာ။
(၁)ဒီကိစ္စမှာ ဘယ်သူ့ကို ဘယ်လို အပြစ်ပေးသင့်ပါသလဲ၊
(၂)ကလေးအစားမိဘတွေကို အပြစ်ပေးမယ်ဆိုရင် တရားပါ့မလား၊

မိတ်ဆွေရဲ့အမြင်ကိုလဲ သိချင်ပါတယ်ဗျား၊ ဒီဝက်ဘ်ဆိုက်မှာ ပါဝင်ဆွေးနွေးနိုင်မယ်ဆိုရင် ကျနော်အထူးကျေးဇူးတင်ပါတယ်။

မင်းထက်

No comments: