Showing posts with label သူတို့အတွေးနှင့် ကျနော့်အမြင်. Show all posts
Showing posts with label သူတို့အတွေးနှင့် ကျနော့်အမြင်. Show all posts

Wednesday, February 2, 2011

ဤဟာဤ ကျွဲဟာကျွဲပါပဲ


Whenever you find yourself on the side of the majority, it is time to pause and reflect.

Mark Twain (1835-1910)

ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါဝင်နေတာကို တွေ့ရတဲ့အခါတိုင်း ခဏတဖြုတ်နားပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။

(မာ့ခ်တွိန်း)

မြန်မာစကာပုံတွေမှာ သူ့ဖက်ကိုယ့်ဖက် လိုရာဆွဲပြီး ပြောနိုင်တဲ့ စကားပုံတွေ အတော်များများ ရှိနေတာကို မြန်မာစာဖတ်သူများ သိကြပြီးဖြစ်ပါတယ်။

ဥပမာ---

“သူတော်သွားလမ်း မိုဃ်းကြီးဖျန်း” ဆိုတဲ့စကားပုံနဲ့ “ကံဆိုးမသွားလေရာ မိုဃ်းလိုက်လို့ရွာ” ဆိုတဲ့ ဆန့်ကျင်ဘက် သဘောရှိတဲ့ စကားပုံတွေမျိုး။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့စကားပုံမျိုး။

နောက်ပြီးတော့ “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတဲ့စကားပုံနဲ့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့” ဆိုတဲ့စကားပုံမျိုးတွေပါ။

ဒီစကားပုံတွေအရ လူတွေဟာ ကိုယ်ဖြစ်စေချင်တဲ့ဘက်ကို ဆွဲယူပြီးပြောရိုးပြုလေ့ရှိခဲ့တာ သိနိုင်တာပေါ့။ ဒီလိုပြောရိုးပြုခဲ့ကြတဲ့အတွက် စကားပုံတစ်ခုဟာ လူတစ်ဦးတစ်ယောက်အတွက် ပုံသေသာဓကတစ်ခုမဟုတ်တော့သလို လူတစ်ဦးတစ်ယောက်ဟာလည်း စကားပုံတစ်ခုရဲ့ နောက်လိုက်ကျေးကျွန် မဟုတ်တော့ဘူးဆိုတာ သိနိုင်ပြီပေါ့။ ဒီလိုပြောလို့ စကားပုံတွေဟာ ဘာမှအသုံးမ၀င်ဘူးလို့တော့ မဆိုလိုပါဘူး။ သူ့နေရာနဲ့သူ အသုံးတည့်နေလို့သာ ယနေ့ခေတ်ကာလအထိ စကားပုံအဖြစ် ဆက်လက်ရှင်သန်နေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ကြီးပါ။

အထက်ပါ စကားပုံတွေအနက် ဒီနေရာမှာ ပြောချင်တာက “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတာလေးပါ။ လူအများအစုက အမှတ်မှားပြီး ဤ-အက္ခရာကို ကျွဲလို့ ဖတ်ရင် ကျန်တဲ့လူတွေကလည်း ဤ-အက္ခရာမှန်း သိသိကြီးနဲ့ ကျွဲလို့ လိုက်ဖတ်ရမယ် ဆိုတဲ့ စကားပါ။ ဒါမျိုးကို ယနေ့ခေတ်မှာ လက်ခံရမည့် ကိစ္စမဟုတ်တော့ပါဘူး။ တကယ်တော့ ယနေ့ခေတ်မှာမှ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းကိုက ပညာရှိတွေ အသိုင်းအ၀ိုင်းမှာ လက်မခံခဲ့တဲ့ ကိစ္စကြီးပါ။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါတုန်းက အနာထပိဏ်သူဌေးဆိုတာ လူတိုင်းသိတဲ့ ဇေတ၀န်ကျောင်းတကာကြီးပေါ့။ ချမ်းသာလိုက်တာလည်း မပြောနဲ့တော့၊ အလွန်ကျယ်ဝန်းတဲ့ ဇေတမင်းသားပိုင် ဥယျာဉ်ကြီးကို အဲဒီဥယျာဉ်အပြည့် ငွေတွေခင်းပြီးတော့ ၀ယ်၊ ကျောင်းဆောက်ပြီး မြတ်စွာဘုရားကို လှူဒါန်းခဲ့တယ်။ နောက်ပြီးတော့လည်း နေ့တိုင်းနေ့တိုင်း ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးတယ်။ ကြာလာတော့ ရှိတဲ့ပစ္စည်းတွေ လုံးပါးပါးပြီး ဆံပြုတ်တောင် အနိုင်နိုင်ဆက်ကပ်ရတဲ့အထိ မွဲသွားရှာတယ်။

ဒါကို အခွင့်ကောင်းယူပြီး သူဌေးခြံတံခါးစောင့်တဲ့ နတ်က “ခင်ဗျား ဒီလို မွဲသွားရတာဟာ ခင်ဗျားကြည်ညိုလှပါတယ်ဆိုတဲ့ ဦးပြည်းတွေကို နေ့တိုင်းထမင်းကျွေးနေလို့ ဖြစ်တာ၊ ဒီအချိန်က စပြီး အဲလို ကျွေးတာမွေးတာတွေ မလုပ်နဲ့တော့” လို့ လာပြောသတဲ့။ သူဌေးကြီးက သောတာပန်ဖြစ်နေပြီဆိုတော့ သူ့စကားကို နားမယောင်ခဲ့တဲ့အပြင် အဲဒီမိစ္ဆာဒိဋ္ဌိနတ်ကိုပဲ သူ့အိမ်က နှင်ထုတ်ပစ်ခဲ့တယ်။ တိုတိုပဲ ဆိုကြပါစို့၊ အဲဒီနောက်ပိုင်းမှာ သူဌေးလည်း ပြန်ပြီး ချမ်းသာလာလို့ အရင်အတိုင်း ဆွမ်းစသည် ပြန်လည် လှူဒါန်းနိုင်ခဲ့တယ်။

တစ်နေ့တော့ ဆွမ်းကပ်အပြီးမှာ သူဌေးကြီးက ဘုရားကို အထက်ပါအဖြစ်အပျက်ကို လျှောက်ပြတယ်။ ဒီနေရာမှာ ဘုရားစကားတော်က တော်တော်မှတ်သားဖို့ကောင်းတယ်။ စာဖတ်သူတွေ ကျက်ချင်ကျက်ထားနိုင်အောင် ပါဠိဂါထာလေးကိုပါ ရှာပြီးရေးပေးလိုက်ပါတယ်။ တကယ်အလုပ်လုပ်တဲ့လူတွေ သူများစကားကြောင့် ကိုယ့်လမ်းကြောင်း မပြောင်းအောင် ဒီဂါထာလေးကို အဓိပ္ပါယ်နဲ့တကွ ဆောင်ထားဖို့ကောင်းတယ်။

န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။

အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကာတာနိ စ။

(ဓမၼပဒ)

သူများတွေရဲ့ မလိုမုန်းထားစကားတွေကိုလည်း အရေးစိုက်ပြီး နားထောင်မနေနဲ့။

သူများတွေ လုပ်တဲ့အလုပ်တွေကိုလည်း ဟုတ်၏ မဟုတ်၏ ပြောမနေနဲ့။

ကိုယ့်ရဲ့ အလုပ်တွေကိုသာ တကယ်ဟုတ်သလား မဟုတ်သလား ဂရုတစိုက်ကြည့်ရှုပါ။

ဒီဘုရားစကားတော်ကို ကြည့်ရင် အလုပ်တကယ်လုပ်နေတဲ့လူတစ်ယောက်မှာ အတိုက်အခိုက်ဆိုတာတွေ ကတော့ အမြဲရှိနေမှာပဲဆိုတာ သိနိုင်တယ်။ ဒါပေမဲ့ ဘုရားက “အဲဒါတွေကို ဂရုမစိုက်နဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်” လို့ မိန့်တော်မူခဲ့တယ်။ တစ်နည်းပြောရရင်တော့ ဘုရားက “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး” တဲ့။

ယနေ့ခေတ်မှာ အင်တာနက်တွေ ဘာတွေပေါ်လာတော့ လူတစ်ယောက်ဟာ သူမကျေနပ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ဖျက်ဆီးပစ်ဖို့ တော်တော့်ကို လွယ်ကူတယ်။ ရေးချင်တာတွေ အကုန်ရေးပြီး ကလစ်လိုက်တာနဲ့ အဲဒီလူရဲ့ သတင်းလွှင့်ချက်ဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတော့တာပဲပေါ့။ အဲလို လုပ်နေတဲ့လူတွေလည်း အများကြီး ရှိနေတာတွေ့နေရတယ်။ သူတို့လုပ်တာ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ ဒါပေမဲ့ ခံရတဲ့လူမှာတော့ တော်တော်လေးကို ဒုက္ခရောက်သွားနိုင်တယ်။ အရေးကြီးဆုံးကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူဘာရည်ရွယ်ချက်နဲ့ ရေးသလဲ? ဆိုတဲ့ သူ့နောက်ကွယ်မှာတကယ်ရှိတဲ့ ရည်ရွယ်ချက်ကို မြင်အောင်ကြည့်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ကိုယ်ကိုယ်တိုင်လည်း ဤကို ကျွဲ ဖတ်တဲ့ လူအုပ်စုထဲ ပါသွားနိုင်တယ်။

တကယ်တော့ အင်တာနက်ပေါ်ရောက်လာတဲ့ သူများအကြောင်း မကောင်းရေးထားတဲ့ စာမှန်သမျှကို ကြည့်ရင် ဘယ်သူဘယ်ဝါက ရေးတယ်လို့ မသိရတာပဲ များပါတယ်။ အဲဒီလိုကိုယ့်နာမည်ကိုတော့ ဖျောက်ထားပြီး သူများနာမည်ကိုကျပြန်တော့ ရစရာမရှိအောင် သွားပုတ်လေလွင့်လုပ်ကတည်းကိုက အဲဒီရေးတဲ့လူဟာ ဘယ်လိုလူစားလည်း ဆိုတာကိုတော့ စာဖတ်သူတိုင်း ရိပ်မိကြပါလိမ့်မယ်။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မသိရှိရရင်တောင်မှ အဲဒီလူရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်ကြမှာပါ။ သတင်းတစ်ပုဒ်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများစုက လက်ခံပြီ ဆိုတာနဲ့ပဲ အတည်ပြုလို့မရသေးပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားနိုင်ဖို့တော့ လိုပါတယ်။

ဒီလို ဝေဘန်ပိုင်းခြားနိုင်ဖို့အတွက် အချိန်အများကြီးပေးနေဖို့ မလိုပါဘူး။ စာရေးဆရာကြီး မာ့ခ်တွိန်းပြောတဲ့အတိုင်း ပြောရရင်---

“ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါနေတာကိုတွေ့ရတဲ့အခါတိုင်း ခဏနားပြီး ပြန်စားကြည့်လိုက်ပါ”။

ဒီလိုဆိုရင် ဤကို ဤလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ ကျွဲကိုလည်း ကျွဲလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ လူညီနေရုံနဲ့ ဤကို ကျွဲ ဖတ်နေရင်တော့ အမှန်တရားနဲ့ ဘယ်သောအခါမှ မနီးစပ်နိုင်ဘူးဆိုတာကို လေးနက်စွာ ပြောချင်ပါတယ်။ စာဖတ်သူများ ဝေဘန်ပိုင်းခြားနိုင်ကြပါစေ။

Wednesday, December 22, 2010

အတတ်ကြူးသူများ


The wise through excess of wisdom is made a fool.

Ralph Waldo Emerson (1803-1882)

“အတတ်ကြူး ဘီလူးဖြစ်”

(ရောဖ် ဝေါဒို အီမာဆန်၊ ၁၈၀၃-၁၈၈၂)



ရောဖ် ဝေါဒို အီမာဆန်ဟာ (၁၉) ရာစုအလယ်လောက်မှာ ပေါ်ထွန်းခဲ့တဲ့ အမေရိကန်လူမျိုး၊ အက်ဆေးဆရာ၊ ကဗျာဆရာနဲ့ စာပေဟောပြောဆရာတစ်ဦးပါ။ အထူးသဖြင့် သူ့ကို (၁၉) ရာစုအလယ်ခေတ်ရဲ့ (စာပေ)ခေတ်ပြောင်းတော်လှန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်သူအဖြစ် အသိများကြတယ်လို့ ဆိုပါတယ်။ အီမာဆန်ကို ပုဂ္ဂလိက၀ါဒရေးရာမှာ ပြိုင်စံရှားသူအဖြစ် ရူမြင်ကြပြီး လူ့အသိုင်းအ၀ိုင်းမှာဖြစ်ပေါ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် ကောင်းကျိုး/ဆိုးပြစ်တွေကို ဖြစ်စေတတ်တဲ့ ဖိအားတွေကို ကြိုတင်မြင်တတ်သူအဖြစ်လည်း နားလည်ထားကြပါတယ်။ ဆရာကြီးဟာ သူ့အတွေးအမြင်တွေကို အက်ဆေးဒါဇင်ပေါင်းများစွာရေးသားထုတ်ခဲ့တဲ့အပြင် အမေရိကန်နိုင်ငံတစ်ဝှမ်း စာပေဟောပြောပွဲပေါင်း (၁၅၀၀) ကျော်ကိုလည်း သူ့တစ်သက် ဆောင်ရွက်ပေးခဲ့ပါတယ်။

အီမာဆန်ရဲ့ ပုဂ္ဂလိက၀ါဒဆိုတာ လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားနဲ့ အတွေးအခေါ်ဒဿနကို ဆိုလိုပါတယ်။ သူ့အဆိုအရ လူတစ်ဦးတစ်ယောက်ဟာ ပညာဘယ်လောက်တတ်တတ် ကိုယ်ကျင့်တရားမဖက်ရင် အရူးနဲ့တူတယ်၊ သို့မဟုတ် မြန်မာလိုတည့်တည့်ပြောရရင် ဘီလူးနဲ့ တူပါတယ် တဲ့။ ဒါကို မြန်မာတွေက “အတတ်ကြူး ဘီလူးဖြစ်”လို့ ဆိုစမှတ်ပြုကြပါတယ်။ ပညာအလွန်တတ်ပြီး ဒေါသကြီးသူတွေ၊ လောဘကြီးသူတွေကို လူ့အသိုင်းအ၀ိုင်းမှာ အများအပြားတွေ့မြင် သိရှိနိုင်ပါတယ်။ သူတို့ကို ပညာတတ်လူဆိုးကြီးတွေလို့လည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပညာဆိုတာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်နဲ့ ပြင်ပလောကမှာ သင်ယူထားတဲ့ အသိတွေကို ဆိုလိုတယ်လို့ ယူဆပါတယ်။

ဒီပညာသဘောက မွေးရာပါ အကျင့်စရိုက်ကို မလွမ်းမိုးနိုင်တဲ့အတွက် မွေးရာပါ ဒေါသစရိုက်ကြီးသူတွေ၊ ရာဂစရိုက်ကြီးသူတွေကို သူတို့တတ်ထား၊ သင်ယူထားတဲ့လောကီပညာရပ်တွေက မထိမ်းချုပ်နိုင်ကြပါဘူး။ ဒီသဘောအရ လောကီပညာနဲ့ စရိုက်ဟာ တစ်သီးတခြားစီ ကွဲပြားလာရပါတယ်။ တကယ်တော့ စရိုက်ကို တိုက်ရိုက်ထိမ်းချုပ်နိုင်တဲ့ပညာဆိုတာ လောကီနယ်လွန်ပညာ၊ သို့မဟုတ် လောကုတ္တရာပညာပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီလောကီနယ်လွန်ပညာကိုတော့ နေ့စဉ်ဘ၀မှာ လှုပ်ရှားရုန်းကန်နေသူတွေအဖို့ ကျင့်သုံးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေမဲ့ အခက်အခဲအများကြီးရှိနိုင်ပါတယ်။ ဒီအတွက် ထွက်ပေါက်တစ်ခုကို ရှာပေးဖို့ လိုပါလိမ့်မယ်။

လောကီပညာ အလွန်တတ်ပြီး စရိုက်ကို မပြုပြင်နိုင်သူတွေဟာ “ကြောင်သူတော်ကြီးများ” အနေနဲ့ပါ ရှုမြင်ခံရတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကျင့်သုံးရမည့် နည်းလမ်းကတော့ ယောနိသော မနသီကာရခေါ် “နှလုံးသွင်းကောင်းမှု” ပါပဲ။ “နှလုံးသွင်းကောင်း”ဆိုတာ နေရာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒေါသဖြစ်စရာရှိတဲ့အခါ “ငါဘာကြောင့်ဒေါသဖြစ်ရသလဲ?” ဆိုတဲ့မေးခွန်းဟာ ပထမဆုံးမေးရမည့် မေးခွန်းတစ်ခုပါ။ မေးခွန်းရဲ့ အဖြေကို ရှာတွေ့သွားတဲ့အခါ အခြေအနေကို နားလည်လာပြီး ဖြစ်ပေါ်နေတဲ့ ဒေါသဟာလည်း အလိုအလျောက်ပျောက်ကွယ်သွားနိုင်ပါတယ်။ အဖြေကို ရှာမတွေ့တဲ့အခါမှာတော့ ပညာတတ်ကြီးတွေဟာ မိမိရဲ့ ဂုဏ်သိက္ခာကို ရှုငဲ့ပြီး ကိုယ့်ဒေါသကို ဖြေဖျောက်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပါများတဲ့အခါ ပညာတတ်ကြီးတွေဟာ ဖြစ်ပေါ်လာတဲ့ စရိုက်ဆိုးတွေကို မမြင်သာအောင် ထိမ်းချုပ်နိုင်စွမ်းပြီး လူ့ပတ်ဝန်းကျင်မှာ အရှက်မကွဲတော့ပါဘူး။ ဒါဟာ နှလုံးသွင်းကောင်းမှုနဲ့ ကိုယ့်ဒေါသကို အလွယ်ကူဆုံး ထိမ်းချုပ်တဲ့နည်းပါပဲ။

ထိုနည်းတူ လောဘဖြစ်စရာရှိလို့ လောဘဖြစ်လာတဲ့အခါမှာလည်း အထက်ပါနည်းဟာ အသုံးတည့်လှပါတယ်။ လောဘဖြစ်တဲ့နေရာမှာတော့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ချို့လောဘဟာ တဏှာအသွင်ဆောင်ပြီးတော့ တစ်ချို့သောလောဘကတော့ ရာဂအသွင်ကို ဆောင်ထားတတ်ပါတယ်။ ဒါ့အပြင် မေတ္တာအသွင်ဆောင်တဲ့ လောဘအမျိုးအစားလည်းရှိပါသေးတယ်။ လောဘက တဏှာအသွင်ဆောင်နေပြီဆိုရင် အဘိဇ္ဈာဆိုတဲ့ “သူတစ်ပါးပစ္စည်းဥစ္စာကိုမတရားသိမ်းပိုက်လိုမှု”တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာဂအသွင်ဆောင်တဲ့အခါမှာတော့ သူတပါးသားမယားကို လိုချင်တပ်မက်မှုတွေ တိုးပွါးနေတတ်ပါတယ်။ တစ်နည်းအားဖြင့် သက်မဲ့အရာဝတ္ထုကို တပ်မက်တာကို တဏှာအသွင်ဆောင်တဲ့လောဘ၊ သက်ရှိအရာဝတ္ထုအပေါ် တပ်မက်မှုကို ရာဂအသွင်ဆောင်တဲ့လောဘ လို့ခွဲခြားနိုင်ပါတယ်။

အဲဒီနှစ်မျိုးထက်ပိုမို သိမ်မွေ့ပြီး အသိရခက်တဲ့လောဘတစ်မျိုးကတော့ မေတ္တာအသွင်ဆောင်တဲ့ လောဘပါပဲ။ ဒီလောဘမျိုးဖြစ်ပေါ်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုတောင် သတိမပြုမိအောင် ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်အပေါ် လောဘနဲ့ငြိတွယ်နေတဲ့ကိစ္စကို မေတ္တာသက်ဝင်နေသယောင် ကိုယ်တိုင်ထင်နေတတ်ပါတယ်။ အဲဒီခါမှာ လောဘမှန်းဘယ်လိုသိနိုင်သလဲဆိုရင် အဲဒီမိမိနှစ်သက်နေသူကို မရနိုင်တဲ့အခါ ပူလောင်မှုတွေ ခံစားလာရတတ်ပါတယ်။ ဒီအခါမှာ မေတ္တာမဟုတ်ဘူး၊ လောဘဖြစ်နေတယ်လို့ လက်ခံရမှာဖြစ်ပါတယ်။ လောကမှာ ဒီလိုဖြစ်စဉ်တွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဆရာနဲ့ တပည့်အကြား၊ လူကြီးနဲ့ လူငယ်၊ အထူးသဖြင့် သွေးသားမတော်စပ်တဲ့ ပတ်ဝန်းကျင်အချင်းချင်း ငြိတွယ်မှုတွေမှာ ဒီမေတ္တာအယောင်ဆောင်ထားတဲ့ လောဘအမျိုးအစားကို အများဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။

အဲဒီလို လောဘ၊ ဒေါသတွေ ပုံစံအမျိုးမျိုးနဲ့ မိမိရင်ထဲနေရာယူလာတဲ့အခါ ပညာတတ်ကြီးဆိုသူတွေဟာ အထက်မှာပြောခဲ့တဲ့ “နှလုံးသွင်းကောင်းမှု”မရှိရင် အထိမ်းအကွပ်မဲ့ပြီး အမှားများစွာ လွန်ကြူးမိတတ်ကြပါတယ်။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ လူသတ်မှုတွေ၊ မုဒိန်းမှုတွေဟာ လောကမှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေကြရတာပဲပေါ့။ ဒီလိုအဖြစ်အပျက်တွေကို မြင်ရတဲ့အခါ သာမန်လူတွေရဲ့ နှလုံးသားမှာ “ပညာတတ်လည်း မထူးပါဘူး၊ မိုက်တဲ့လူကတော့ ဘယ်လိုဖြစ်ဖြစ် မိုက်တာပါပဲ”ဆိုတဲ့ အယူအဆတွေ ဖြစ်ပေါ်တတ်ပါတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ မိုက်တဲ့လူကတော့ မိုက်တာပါပဲ။ အဲဒီလောဘကြောင့်မိုက်ခြင်း၊ ဒေါသကြောင့်မိုက်ခြင်းတွေကို နှလုံးသွင်းကောင်းမှုမပါရင် သာမန်အားဖြင့် မဖယ်ရှားနိုင်ပါဘူး။ ဒီအခါမှာ မိမိတတ်ထားတဲ့ ပညာတွေက ဘာမှ အသုံးမ၀င်တော့ပဲ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့ဝေါဟာရနဲ့ သမုတ်ခံရပါတော့တယ်။

တကယ်တော့ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့စကားကို ပညာအလွန်တတ်ပြီး အမှားကြူးလွန်ဖို့ နည်းလမ်းထွင်နိုင်သူများကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ မိမိလွန်ကြူးတဲ့အမှားကို လူအများမသိရအောင် တတ်ထားတဲ့ပညာကို အသုံးချပြီး နည်းလမ်းထွင်လွန်ကြူးမယ်ဆိုရင် သူ့ပတ်ဝန်းကျင်ဟာ အလွန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးကို ရည်ရွယ်ပြီး အထက်ပါစကားကို ရှေးလူကြီးများက အဆိုပြုခဲ့ကြဟန်တူပါတယ်။ ဒီသဘောကိုပဲ ၁၉ ရာစုနှစ်စာဆိုရှင်ကြီး အီမာဆန်ကတော့ “The wise through excess of wisdom is made a fool.” တဲ့။ သူ့အဓိပ္ပါယ်ကတော့ “အတတ်ကြူး အရူးဖြစ်” တဲ့။ ဒါကို မြန်မာစကားပုံနဲ့ ညီအောင် “အတတ်ကြူး ဘီလူးဖြစ်” လို့ ဘာသာပြန်ဆိုလိုက်ပါတယ်။ ပညာတတ်ကြီးများ နှလုံးသွင်းကောင်းကြပါစေ............။

Friday, June 11, 2010

လူနဲ့ လူ့အသိုင်းအ၀ိုင်း



He who is unable to live in society, or who has no need because he is sufficient for himself, must be either a beast or a god.

Aristotle (384 BC-322 BC)

လူ့အသိုင်းအ၀ိုင်းထဲ မနေနိုင်တဲ့သူ၊ သို့မဟုတ် သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုတာ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ်။

အရစ္စတိုတယ်လ် (ဘီစီ၊ ၃၈၄-၃၂၂)

လွန်ခဲတဲ့ငါးနှစ်လောက်က အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်တက္ကသိုလ်မှာ ပညာသင်ယူနေစဉ်အတွင်း နိုင်ငံရေးဒဿနဘာသာရပ်ကို သင်ကြားပေးတဲ့ အဲဒီတုန်းက ဒဿနိကဗေဒဌာနမှူးဒေါက်တာရာဂျူးက အထက်ပါအရစ္စတိုတယ်လ်ရဲ့စကားကို အတန်းထဲမှာ ပြောခဲ့ဖူးတာ အမှတ်ရနေမိသေးတယ်။ မှတ်မှတ်ရရ "City and State" ဆိုတဲ့ Topic ကို သင်ကြားစဉ်မှာ ပြောခဲ့တာလို့ မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ စာမေးပွဲဖြေတဲ့အခါ သာမန်အမှတ်ရရုံ ဖတ်/မှတ်ခဲ့တာပါပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူလောကထဲ ကျင်လည်နေရစဉ်တစ်လျှောက် “လူဟာ တစ်ယောက်တည်းနေလို့ အဆင်မပြေတဲ့ သတ္တ၀ါတစ်မျိုးပဲ” ဆိုတဲ့အတွေးဟာ တဖြေးဖြေး ခေါင်းထဲဝင်ရောက်လာပါတယ်။ အဲဒီအတွေးကြောင့်ပဲ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်ရဲ့ စကားကို ပြန်ရှာမိတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ထဲပါမှန်းမသိလို့ ရှိစေတော့ဆိုပြီး ပစ်ထားလိုက်တာ ဒီကနေ့အထိပဲ ဆိုပါတော့။

ဒီနေ့တော့ ကံကောင်းထောက်မစွာနဲ့ အလင်းတန်းရဲ့ အဆိုအမိန့်သေတ္တာလေးထဲမှာ ပေါ်နေတာ တွေ့ရလို့ ဒီအတွေးကို ပြန်လည်ကောက်ယူမိတာပါ။ အရင်ပို့စ်တွေထဲမှာ “အတွေးအခေါ်တစ်ခုဟာ အချိန်ကာလတစ်ခုခုကို ကိုယ်စားပြုတာလည်းဖြစ်နိုင်တယ်၊ သို့မဟုတ် အချိန်ကာလအားလုံးကို ကိုယ်စားပြုတာလည်း ဖြစ်နိုင်တယ်” လို့ ကျနော်ရေးခဲ့ဖူးပါတယ်။ အဲဒီနှစ်မျိုးအနက် အရစ္စတိုတယ်လ်ရဲ့အထက်ပါ အတွေးအခေါ်ဟာ ဒုတိယအမျိုးအစားထဲပါတယ်လို့ ဆိုချင်ပါတယ်။ စာဖတ်သူ ကျေနပ်မှလက်ခံပါ။ လူတိုင်းလွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြပါတယ်။ ကျနော့်ကိုယ်ပိုင်ခံယူချက်ကို တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ကမ္ဘာ့ဒဿနလောကကို ယနေ့အထိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ဂရိခ်လူမျိုးတွေရဲ့ အတွေးအခေါ်ဟာ သမိုင်းကြောင်းအရ အရစ္စတိုတယ်မှာ အဆုံးသတ်နေတာ တွေ့ရမှာပါ။ ထေးလိဇ် (Thales, c.624-546 BCE) တို့လက်ထက်ကစပြီး အရစ္စတိုတယ်လ်တို့လက်ထက်အထိ ဘီစီရာစုနှစ် သုံးခုအတွင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိဒဿနဆရာကြီး (၁၄) ယောက်ရှိပါတယ်။ အဲဒီ (၁၄)ဦးသော ဆရာကြီးတို့အနက် ရှေ့ပိုင်းဆရာကြီး (၁၁) ဦးရဲ့ ဒဿနတွေမှာ ပြင်ပသဘာဝတရားကြီးကို ယေဘုယျအခြေခံထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းဆရာ (၃)ဦးဖြစ်တဲ့ ဆော့ခရတ္တိ၊ ပလေတိုနဲ့ အရစ္စတိုတယ်လ်တို့ကတော့ များသောအားဖြင့် လူနဲ့ လူ့အသိုင်းအ၀ိုင်းကို ဗဟိုပြုပြီး တွေးခေါ်ခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီ (၁၄)ယောက်အနက် နောက်ဆုံးဖြစ်တဲ့ အရစ္စတိုတယ်လ်ကတော့ နောက်ဆုံးပိတ် အိပ်နဲ့လွယ်ဆိုသလို ယုတ္တိဗေဒအပါအ၀င်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးစတဲ့ နယ်ပယ်စုံကို ၀င်စားတွေးခေါ်ခဲ့ကြောင်း မှတ်တမ်းအတင်ခံရသူပါ။ အသက်ငယ်ငယ်နဲ့ သူ့ဆရာပလေတိုရဲ့ Academy မှာဆရာဖြစ်လာတဲ့ အရစ္စတိုတယ်လ်ဟာ ဆရာပလေတိုရဲ့ လက်ရုံးကြီးတစ်ဆူဖြစ်သလို ကျောင်းသူကျောင်းသားတွေရဲ့ လေးစားချစ်ခင်ရတဲ့ ဆရာတစ်ဆူလည်းဖြစ်ကြောင်းဆိုပါတယ်။ တကယ်တော့ ဂရိဒဿနသမိုင်းကြောင်းအရ သူ့ကို နောက်ဆုံးထားပေမဲ့ သူ့နောက်မှာ အတွေးအခေါ်ပညာရှင်တွေ မပေါ်ထွန်းခဲ့ဘူးလို့ မယူဆနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပေါ်တဲ့ အတွေးအခေါ်ရှင်တွေဟာ အရစ္စတိုတယ်လ်ရဲ့ အယူအဆတွေကို လွှမ်းမိုးနိုင်လောက်အောင် သြဇာမညောင်းခဲ့ကြလို့သာ သူတို့ကို စာရင်းထဲ မထည့်တာလို့ ကျနော်လက်ခံပါတယ်။

လူသားကို ပဓာနပြုပြီးတွေးတဲ့ အရစ္စတိုတယ်လ်က လူကို မြင်ရာမှာ လူအသိုင်းအ၀ိုင်းထဲက လူကိုပဲ လူလို့သတ်မှတ်ပါတယ်။ ဒါဟာ သူ့ရဲ့ လူ့အဓိပ္ပါယ်ဖွင့်ဆိုချက်လို့လည်း ဆိုနိုင်ပါတယ်။ သူ့အလိုအရ လူဆိုတာ လူ့အသိုင်းအ၀ိုင်းထဲမှာပဲ နေရမယ်။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူမှသာလျှင် လူပီသတယ် လို့ ဆိုလိုချင်ပုံရပါတယ်။ သူ့စကားကို ထောက်ခံနိုင်သလို၊ ငြင်းဆိုခြင်းလည်း ပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၃၀၀)က အတွေးအခေါ်တစ်ခုကို အဖက်ဖက်ကတိုးတက်ဖွံ့ဖြိုးနေပြီးဖြစ်တဲ့ ယနေ့ခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ပြည့်စုံသောအယူအဆတစ်ခုအနေနဲ့ သတ်မှတ်ချင်မှ သတ်မှတ်ကြမှာပါ။

ပြီးခဲ့တဲ့သတင်းပတ် (ဂျွန် ၇ ရက်နေ့) က ထွက်လာတဲ့ Telegraph သတင်းစာရဲ့ အင်တာနက်စာမျက်နှာပါ သတင်းတစ်ပုဒ်က ကမ္ဗောဒီးယားနိုင်ငံမှာ အသက် (၂၉)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တောထဲမှာ တွေ့လို့ခေါ်လာခဲ့ရကြောင်း ဆိုထားပါတယ်။ သူ့ကို Rochom P'ngieng လို့နာမည်ပေးထားပေမဲ့ အများကတော့ Jungle Woman (တောတွင်းသူ) လို့ပဲ ခေါ်ကြပါတယ်။ သူဟာ လူ့အသိုင်းအ၀ိုင်းရဲ့အပြင်ဘက်တောထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရလို့ လူ့သားတစ်ဦးရဲ့အပြူအမူတွေ ပျောက်ဆုံးနေသူပါ။ ကမ္ဗောဒီးယားနိုင်ငံသုံးဘာသာစကားတွေဖြစ်တဲ့ ခမာ(Khmer)နဲ့ ဖနန်း (P'nang) ဘာသာစကားတွေကိုလည်းတစ်ခုမှ မပြောတတ်သလို၊ အသံထွက်သမျှတွေဟာ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အော်ဟစ်သံလိုပါပဲတဲ့။ လမ်းလျှောက်ပြီးမသွားတတ်တဲ့အတွက် တွားသွားနေရတယ်လို့ဆိုပါတယ်။ အ၀တ်အစားတွေဝတ်ပေးရင်လည်း ပြန်ပြန်ချွတ်ပစ်ပြန်သတဲ့။ (ကြည့်ရဲဘူး)။

ဒီအမျိုးသမီးဟာ အရစ္စတိုတယ်လ်စကားအရ လူမပီသသူဖြစ်ပါတယ်။ တစ်နည်းအားဖြစ် တိရစ္ဆာန်သာသာလူသားလို့တောင် ဆိုနိုင်ပါတယ်။ ကမ္ဗောဒီယားသားတွေကလည်း သူ့ကို "Half-animal girl" (တိရစ္ဆာန်တစ်ပိုင်းကညာ) လို့ခေါ်ဆိုကြကြောင်း သတင်းစာကရေးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အပြုအမူတွေအားလုံးဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ အမူအကျင့်တွေချည်းဖြစ်နေလို့ပါတဲ့။ ဒီအမျိုးသမီးရဲ့အဖြစ်အပျက်ဟာ အရစ္စတိုတယ်လ်ရဲ့ စကားကို ထောက်ခံနေသလိုပါပဲ။ ဒါဟာ အလွန်မြင်သာတဲ့ မြင်ကွင်းတစ်ခုပါ။

ဒါပေမဲ့ အရစ္စတိုတယ်လ်စကားရဲ့ အဓိပ္ပါယ်ဟာ ဒီလောက်နဲ့ ရပ်နေမှာမဟုတ်ပါဘူး။ အချို့လူတွေဟာ လူ့အသိုင်းထဲတော့ နေကြပါရဲ့။ ဒါပေမဲ့ လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြတာတွေလည်း တွေဖူးကြမှာပါ။ ဒီလိုအဆက်မလုပ်ချင်ခြင်းရဲ့အကြောင်းကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ လူတွေနဲ့နေရင် အပြစ်မြင်တတ်လွန်းတဲ့အကျင့်ရှိတာလည်းပါနိုင်သလို ကိုယ့်ချို့ယွင်းချက်ကို အများမသိစေချင်တာလည်း အကြောင်းတစ်ခုအနေနဲ့ပါဝင်တယ်။

မနှစ်က ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပြန်မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ သြစ်ထရေးလိယနိုင်ငံမှာ အဖေလုပ်သူက ကိုယ့်သမီးကို ကိုယ်တိုင်ပြန်ယူပြီး အနှစ်(၂၀)လောက် မြေအောက်တိုက်ခန်းထဲထည့်ထားပြီး ပေါင်းသင်းနေထိုင်ခဲ့တယ်။ အဲဒီမှာပဲ သမီးတွေ သားတွေမွေးပါတယ်။ မွေးလာတဲ့ကလေးတွေဟာ အပြင်ပလောကနဲ့ ဘာအဆက်အစပ်မှ မရှိပါဘူး။ သူတို့ရဲ့မျက်စိရှေ့မှာ မြင်ရတဲ့ လူသားဆိုလို့ သူတို့အမေနဲ့ အဖေတဖြစ်လဲ အဘိုးပဲရှိပါတယ်။ သူတို့လေးတွေရော မိဘနှစ်ဦးစလုံးပါ အရစ္စတိုတယ်စကားအရ လူပီသခွင့်မရကြတော့ပါဘူး။ အထူးသဖြင့် ဒီအဖြစ်အပျက်ရဲ့ အဓိကတရားခံဟာ အဖေတဖြစ်လဲ အဘိုးဖြစ်တဲ့အတွက် ဒီလူကြီးဟာ လူဖြစ်ပါလျှက် လူ့စိတ်မရှိ၊ တိရစ္ဆာန်စိတ်ရှိတဲ့သူ လို့ဆိုနိုင်ပါတယ်။ အရစ္စတိုတယ်လ်ရဲ့ စကားအရ ဒီလိုလူမျိုးကို Beast သားရဲတိရစ္ဆာန်လို့ သတ်မှတ်နိုင်ပါတယ်။ လူဟာ လူစိတ်ရှိဖို့ လိုအပ်ပါတယ်။ လူ့စိတ်ဟာ လူရဲ့ တန်းဖိုးပါပဲ။

အချို့ကျတော့လည်း ကိုယ်နေတဲ့ အသိုင်းအ၀ိုင်းဟာ နေချင်စရာမကောင်းလောက်အောင်ဖြစ်လာတဲ့အခါ တစ်ကိုယ်တည်းနေရတာကို ပိုမိုသဘောကျတတ်ကြတာလည်း တွေ့ကြရမှာပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့တရားတော်မြောက်များစွာထဲက ဒီနေရာနဲ့ ဆက်စပ်မှုရှိတဲ့ စကားတော်တစ်ခွန်းရှိပါတယ်။ “ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ (ဓမ္မပဒ)” တဲ့။ “လူမိုက်မှာ ပေါင်းသင်းထိုက်တဲ့ ဂုဏ်မရှိတဲ့အတွက် တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်” လို့ ဘုရားက ဟောခဲ့ပါတယ်။ ကောသမ္ဘီပြည်က ရဟန်းတွေ ၀ိနည်းစည်းကမ်းတစ်ခုအပေါ်ငြင်းကြခုံကြရင်းက နောက်ဆုံး ခိုက်ရန်ဖြစ်တဲ့အထိဖြစ်လာပြီး ဘုရားရှင်ကိုယ်တော်တိုင် ဖျန်ဖြေလို့တောင် မပြေတော့လို့ တစ်ပါးတည်း ပါလိလေယျကတောအုပ်ထဲမှာ တစ်ဝါတွင်းလုံး ကြွရောက်သီတင်းသုံးခဲ့ရကြောင်း ဓမ္မပဒစာအုပ်ထဲ ဖတ်ခဲ့ရဖူးပါတယ်။

အရစ္စတိုတယ်လ်ကတော့ ဒါမျိုးကို “သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုရင်တော့ နတ်ဒေ၀တာပဲဖြစ်ရမယ်” လိုဆိုပါတယ်။ ဟုတ်ပါတယ်။ ဘုရားဟာ နတ်ဒေ၀တာပါပဲ။ ဘယ်လိုနတ်ဒေ၀တာလဲဆိုတော့ “၀ိသုဒ္ဓိနတ်ဒေ၀တာ” ဖြစ်ကြောင်း စာပေက ဆိုထားပါတယ်။ ဘုရားရှင်တို့ရင်ထဲမှာ ဘယ်လို ကိလေသာအညစ်အကျေးမှ မကျန်မရှိ ပကတိသန့်စင်ပြီးသားဖြစ်တဲ့အတွက် ဘုရားရှင်တို့ကို ၀ိသုဒ္ဓိဒေ၀ သို့မဟုတ် အလွန်စင်ကြယ်သောနတ်ဒေ၀တာ လို့ ခေါ်ကြောင်း မှတ်သားရပါတယ်။

ဒါပေမဲ့ အဲဒီလို အစစအရာပြည့်စုံပြီးဖြစ်တဲ့ ဘုရားရှင်တို့တောင်မှ တောထဲ ကြာကြာနေလို့မဖြစ်ပါဘူး။ မဟာလူသားခန္ဓာကိုယ်နဲ့ တည်ဆောက်ထားတဲ့ ဘုရားမြတ်စွာဟာလည်း အချိန်တန်တော့ လူ့အသိုင်းအ၀ိုင်းထဲ ပြန်ဝင်လာရတာပါပဲ။ လူ့အကျိုးကို သည်ပိုးဆောင်ရွက်နိုင်တဲ့လူဟာ လူ့အသိုင်းထဲနေတာ အကောင်းဆုံးပါပဲ။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူသာလျှင် လူ့အကြောင်း ကောင်းကောင်း/ဆိုးဆိုးတွေကို နားလည်ပြီး ကိုယ့်အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူသားဟာ လူအများနဲ့ နေနိုင်သူဖြစ်ရပါ့မယ်။ ဒါဖြင့်ရင် လူအများနဲ့ နေနိုင်သူဖြစ်အောင် ဘာတွေလိုအပ်ပါသလဲ။ ဒီမေးခွန်းဟာ အလွန်ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အတိုဆုံးအဖြေတစ်ခုကို တောင်းဆိုမယ်ဆိုရင်တော့ အဲဒီလိုအပ်ချက်ဟာ “နားလည်မှု”ပါပဲ။

“နားလည်မှု”။ ဟုတ်ပါတယ်။ No man is perfect “ပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး” တဲ့။ သူမပြည့်စုံတာကို မြင်နေဖို့လိုသလို ကိုယ့်မပြည့်စုံတာကို သိနေဖို့လည်း အရေးကြီးလှပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ နေနေသမျှ ဒီလို သူ့လိုအပ်ချက် ကိုယ်လိုအပ်ချက်တွေကို သိရှိပြီးနေတဲ့အခါ ချွတ်ယွင်းချက်ကို တွေ့တိုင်း ခွင့်လွှတ်နိုင်လာပါတယ်။ ဒါကို ကျနော်က “နားလည်မှု” လို့ အမည်ပေးပါတယ်။ အချို့က လူတစ်ယောက်အပေါ် အလွန်အထင်ကြီးမိတတ်တာမျိုးရှိပါတယ်။ အဲဒီကိုယ်အထင်ကြီးတဲ့လူမှာ ချို့ယွင်းချက်တစ်ခုခုတွေ့လာတဲ့အခါ နားလည်မှုမပေးနိုင်ပဲ အဆိုးမြင်မှုတွေ ၀င်လာတတ်ပါတယ်။ ဒါဟာ တစ်ဘက်လူရဲ့ချို့ယွင်းချက်မဟုတ်ပါဘူး။ အထင်ကြီးမိသူရဲ့ ပြစ်ချက်သာဖြစ်ပါတယ်။ သူက အစကတည်းက တစ်ဘက်လူကို လူလို့မြင်မထားတဲ့အတွက် တစ်နည်းအားဖြင့် သူ့လိုအထင်ကြီးစရာကောင်းတဲ့လူမှာလည်း ချို့ယွင်းချက်တစ်ခုခုတော့ ရှိနိုင်တယ်ဆိုတာ လက်ခံမထားမိတဲ့အတွက် ဒီလိုဖြစ်ရတာပါ။

ဒီသဘောကို Give and Take “အပေးအယူ” သဘောလို့လဲ ဆိုနိုင်ပါတယ်။ သူ့လိုအပ်ချက်ကို ကိုယ့်ဖက်က နားလည်ပေးလိုက်တဲ့အခါ ကိုယ့်လိုအပ်ချက်ရှိတဲ့အခါလည်း သူ့ဘက်က နားလည်ပေးလာနိုင်ပါတယ်။ သို့မဟုတ် သူ့ဘက်က နားလည်မပေးနိုင်တာမျိုးကို တွေ့ရင်လည်း ဒါဟာ သူ့ရဲ့ လိုအပ်ချက်တစ်ခုပဲလို့ ကိုယ့်ဖက်က ဆက်ပြီးနားလည်ပေးလိုက်ရင် စိတ်ထဲမှာ အတုံးအခဲတွေဟာ ပြေလျော့သွားနိုင်ပါတယ်။

တကယ်တော့ လူ့အသိုင်းအ၀ိုင်းထဲနေသူမှန်သမျှ အဆင်မပြေမှုဆိုတာ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ တွေ့နေရမှာချည်းပါပဲ။ အဲဒီအခါမှာ အထက်မှာပြောခဲ့သလို နားလည်မှုရှိတဲ့လူဟာ ခွင့်လွှတ်နိုင်တဲ့အစွမ်းသတ္တိတွေရလာပါတယ်။ အမှန်တော့ နားလည်မှုလွဲလို့ ခွင့်မလွှတ်နိုင်ကြတာပါ။ ခွင့်မလွှတ်နိုင်မှုဖြစ်ပေါ်လာလိုက်တာနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ဆန့်ကျင်မှုဆိုတဲ့ ပဋိပက္ခသဘောတွေ ၀င်လာပါတယ်။ အဲဒီပဋိပက္ခတွေဟာ အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်ပြီး ကမ္ဘာ့စစ်ပွဲကြီးတွေဖြစ်ရတဲ့အထိ ကြီးထွားလာနိုင်ပါတယ်။

ဒါကြောင့်အရစ္စတိုတယ်က လူဟာ လူ့အသိုင်းအ၀ိုင်းထဲမှာ ရှိနေရမယ်၊ လူ့အသိုင်းအ၀ိုင်းထဲ ရှိမနေနိုင်ရင်တော့ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ် လို့ဆိုခဲ့ဟန်တူပါတယ်။ လူ့အသိုင်းထဲနေဖို့အတွက် “နားလည်မှု” ရှိရမယ်လို့ ကျနော်အဆိုပြုပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲမနေနိုင်တဲ့အခါ မေးစရာ မေးခွန်းက “ငါဟာ တိရစ္ဆာန်လား ဒါမှမဟုတ် နတ်ဒေ၀တာလား” ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို လူပါလို့ အဖြေပေးရင်တော့ လူ့အသိုင်းအ၀ိုင်းထဲဆက်နေနိုင်အောင် ကျိုးစားရပါလိမ့်မည်။ အဲဒီအတွက် လက်ကိုင်ထားရမှာက ကျနော်အဆိုပြုခဲ့တဲ့ “နားလည်မှု”ပါပဲ။

Saturday, May 22, 2010

လူတန်းစားကွာဟမှုရဲ့ တရားခံ


It is not the possessions but the desires of mankind which require to be equalized.

Aristotle (384 BC-322 BC)

“တန်းတူညီမျှဖြစ်အောင်လုပ်ဖို့လိုအပ်တဲ့အရာကတော့ ပစ္စည်းဥစ္စာတွေမဟုတ်၊ လူသားတွေရဲ့ ဆန္ဒတွေသာ ဖြစ်တယ်”

(အရစ္စ်တိုတယ်)

ယနေ့ခေတ်ကာလမှာရော၊ ဟိုးယခင့်ယခင်ကာလတွေမှာပါ တည်ရှိဆဲ၊ တည်ရှိခဲ့ပြီး နောင်လဲ မပြောင်းမလဲ တည်ရှိနေဦးမည့်အရာတစ်ခုကတော့ လူတန်းစားမညီမျှမှုတွေပါပဲ။ ဒီလူတန်းစားမညီမျှမှုကို ယေဘုယျအားဖြင့် ပစ္စည်းဥစ္စာနဲ့ တိုင်းတာကြပါတယ်။ ချမ်းသာတဲ့ လူတန်းစား၊ ဆင်းရဲတဲ့လူတန်းစား၊ သူဌေးသူကြွယ်၊ လက်လုပ်လက်စား စသည်အားဖြင့် လူတွေရဲ့ မညီမျှမှုကို တွက်ချက်တိုင်းတာရာမှာ ပစ္စည်းဥစ္စာဟာ ယနေ့ခေတ်မှာ ပိုပြီးအခရာကျနေသလိုပါပဲ။ ဒီကွာဟမှုသဘောတရားကို အလွန်ဆင်းရဲတဲ့ မြန်မာလို နိုင်ငံမျိုးမှာတင်မက၊ ဗြိတိသျှနိုင်ငံတွေမှာတောင် အတော်အတန်တွေ့မြင်နိုင်ပါတယ်။

ချမ်းသာပြီးသားလူတွေက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အိမ်ကြီးရာကြီးတွေမှာနေပြီး ဇိမ်ခံကားကြီးတွေ တစ်စီးပြီးတစ်စီး အထည်လဲ စီးနင်းပျော်ရွှင်စွာနဲ့ သွားလာနေကြတဲ့အချိန်မှာ ဆင်းရဲတဲ့လူတွေကျပြန်တော့ နေစရာအိမ်တောင်မရှိရှာတဲ့အတွက် “Homeless”ပါလို့ ကိုယ့်လည်ပင်းမှာ Signboard ချိတ်ပြီး လမ်းသွားလမ်းလာတွေရဲ့ ကရုဏာကြေးမျှကို မျှော်လင့်တောင်းခံနေကြရရှာတဲ့လူတွေကိုလည်း မကြာခဏတွေ့နေရပါတယ်။

ဒီလူတန်းစားမညီမျှမှုကို ကမ္ဘာပေါ်ရှိ ဘာသာရေးအသီးသီးက မိမိတို့ရှုထောင့်အလိုက် အကြောင်းတရားကို ရှာဖွေတင်ပြကြပြီးသားနေမှာပါ။ ဗုဒ္ဓဘာသာတရားတော်ကတော့ ဒီကွာဟချက်ဟာ ကံတရားကြောင့်ဖြစ်ရတယ်လို့ (စူဠကမ္မ၀ိဘင်္ဂသုတ်မှာ) ဆိုပါတယ်။ အတိတ်ဘ၀ါဘ၀က မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကောင်းမှု/မကောင်းမှုကံတွေကြောင့် ယခုဘ၀မှာ လူသားတွေရဲ့ ချမ်းသာ/ဆင်းရဲ ကွဲပြားမှုဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။ ထာဝရဘုရားသခင်ကိုယုံကြည်သူတွေကတော့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ရကြောင်း ပြောကြပါတယ်။

ဒါပေမဲ့ ဒဿနဆရာကြီးတွေကတော့ ဒီသဘောကို ဘာသာရေးရှုထောင့်မှ ခွဲထွက်ပြီး ကိုယ်ပိုင်ခံစားချက်ကို အရင်းခံမြင်ကြပါတယ်။ အဲဒီထဲက ဂရိဒဿနဆရာကြီး အရစ္စ်တိုတယ်ကတော့ လူသားတွေရဲ့ ဆန္ဒမညီမျှမှုကြောင့်လို့ မြင်ပုံရပါတယ်။ ဒါကြောင့် သူက “တကယ်ညီမျှအောင်လုပ်ရမှာက ပစ္စည်းဥစ္စာမဟုတ်၊ လူတွေရဲ့ဆန္ဒသာဖြစ်တယ်”လို့ ထောက်ပြခဲ့ပါတယ်။ ဒီနေရာမှာ သူပြောတဲ့ ဆန္ဒဆိုတာကို အဘိဓမ္မာသဘောနဲ့ မစဉ်းစားပဲ ရိုးရိုးရှင်းရှင်းစဉ်းစားကြည့်ရင် လူသားတွေရဲ့ မတော်လောဘဆိုတာ သိသာနိုင်ပါတယ်။ အဲဒီမတော်လောဘကြောင့် ရှိပြီးသားလူက ထပ်ထပ်ရှိလာအောင် ငါ့ဘို့တစ်ဘို့တည်းကြည့်ပြီး ရသမျှအခွင့်အရေးတွေကို တရားသောနည်း/မတရားသောနည်းမရှောင် အကုန်လုံးအသုံးပြုပြီး တွန်းလုပ်ကြတော့တာပါပဲ။

အဲဒီလို ရှိတဲ့လူတွေက ရှိသလိုလုပ်သွားတဲ့အတွက် မရှိတဲ့လူတွေအဖို့မှာ လုပ်ကွက်ပျောက်ပြီး အချို့ဆို ဘ၀ပျက်သွားရတဲ့ အဆင့်မျိုးတောင် ရှိပါတယ်။ ကိုယ်လည်း ယူသင့်သလောက်ယူပြီးလုပ်၊ သူများတွေကိုလည်း လုပ်ခွင့်ပေးမယ်ဆိုရင် လူတန်းစားညီမျှမှုအဆင့်ကို မရောက်နိုင်ရင်တောင်မှ အထက်နဲ့အောက် အလွန်ခြားနားအကျည်းတန်တဲ့ ကွာဟမှုကြီးဟာ အတိုင်းအတာတစ်ခုအထိတော့ ပြေလည်ကောင်းပြေလည်နိုင်ပါတယ်။

အရစ္စ်တိုတယ်အလိုအရဆိုရင် ဒီဆန္ဒလွန်ကဲမှုကြောင့် ဖြစ်ပေါ်ရတဲ့ လူတန်းစားမညီမျှမှုကြီးဟာ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ စံနစ်မရွေး ရှင်သန်နေမှာပါ။ အဓိကကတော့ လူသားတွေရဲ့ ဆန္ဒပါပဲတဲ့။ ဒါပေမဲ့ ယနေ့ခေတ်မှာကြည့်လိုက်မယ်ဆိုရင် ဒီကွာဟမှုသဘောရဲ့တရားခံဟာ နိုင်ငံနဲ့ လူမျိုးကို ဘေးချိတ်၊ စံနစ်ဆိုးနဲ့ စံနစ်ကောင်းအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။ ဥပမာ၊ ဒီဗြိတိရှနိုင်ငံတွေမှာလည်း ဒီကွာဟမှုကို အထိုက်အလျောက်တွေ့မြင်နေရပေမဲ့ တရားဥပဒေစိုးမိုးရေးက အရာအားလုံးကို လွှမ်းမိုးထားတဲ့အတွက် လူတန်းစားညီမျှမှုကိုလည်း ရာခိုင်းနှုံးအတော်များများ တွေ့မြင်ရပါတယ်။

မြန်မာလို နိုင်ငံမျိုးမှာတော့ တိုင်းပြည်စနစ်မကောင်းတဲ့အပြင် အာဏာရှင်စနစ်ကိုပါ တွဲဖက်ကျင့်သုံးနေတာကြောင့် လက်ရှိ/လက်မဲ့ကွာဟမှုဟာ အလွန်ပဲ သိသာလှပါတယ်။ နောက်တစ်ခါ ဣန္ဒိယနိုင်ငံကျပြန်တော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမဲ့ ဇာတ်ခွဲခြားမှုကို အမြစ်ပြတ်မချေမှုန်းနိုင်သေးတာကြောင့် ယနေ့အထိ ချမ်းသာ/ဆင်းရဲ့ကွာဟမှုဟာ ကြီးထွားနေဆဲပါပဲ။

ဒါတွေအားလုံးကို လက်တွေ့ကျသထက်ကျအောင် ပြန်ညှိယူမယ်ဆိုရင် ဘာသာရေးအရ ကံကြောင့် သို့မဟုတ် ထာဝရဘုရားသခင်ဖန်ဆင်းမှုကြောင့်ဆိုတာထက် လူတွေရဲ့ ဆန္ဒလွန်ကဲမှုကြောင့်ဆိုတာက သာမန်လူတွေကို ပိုမိုနားလည်စေနိုင်သလို၊ ဒီထက်ပိုပြီး နားလည်အောင်ဆိုရင်တော့ စနစ်ကောင်းတစ်ခုကို ရွေးချယ်ကျင့်သုံးနိုင်ခြင်းမရှိတာကြောင့် ဒီကွာဟမှုဖြစ်ပေါ်နေရတယ်လို့ ယူဆနိုင်ပါတယ်။

ကံ သို့မဟုတ် ဘုရားသခင်ဟာ လူတွေမမြင်နိုင်တဲ့ ဝေးသောအကြောင်းတစ်ခုအနေနဲ့ လက်ခံနိုင်ပေမဲ့ လူတစ်ယောက်စီမှာရှိနေတဲ့ ဆန္ဒလွန်ကဲမှုကိုတော့ သူကိုယ်တိုင်သိနိုင်တဲ့အတွက် မညီမျှမှုရဲ့ တရားခံအနေနဲ့ လက်ခံနိုင်မှာပါ။ လက်တွေ့အကျဆုံးကတော့ စနစ်မကောင်းလို့ ချမ်းသာ/ဆင်းရဲကွာဟမှုဖြစ်ရတယ် ဆိုတဲ့အချက်ပါပဲ။ ဒီသဘောကို နားလည်သဘောပေါက်ကြရင် စနစ်ဆိုးအောက်မှာ တင်းကြပ်စွာရှင်သန်နေရတဲ့ တိုင်းသူပြည်သားတွေဟာ ဒီစနစ်ဆိုးကလွတ်မြောက်ဖို့ အစဉ်သဖြင့် တိုက်ပွဲဝင်သင့်လှကြောင်း အသိပေးနှိုးဆော် တင်ပြလိုက်ရပါတယ်။

Tuesday, November 3, 2009

အရွယ်သုံးပါး ခွဲခြားချက်


The old believe everything, the middle-aged suspect everything, the young know everything.

Oscar Wilde (1854-1900)

လူအို လူကြီးတွေက အားလုံးကို ယုံကြည်ကြတယ်၊ လူလတ်ပိုင်းတွေက အားလုံးကို သံသယရှိကြတယ်၊ လူငယ်တွေကတော့ အားလုံးကို သိကြသဗျား။

(အော်စကာဝိုင်း)


“ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ” ဆိုတဲ့ ရွှေမြန်မာတို့ရဲ့ ဆိုရိုးစကားနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ အော်စကာဝိုင်းရဲ့ အထက်ပါစကားဟာ တစ်မျိုးလေးပဲလို့ တွေးစရာပါ။ အတူယူချင်သပဆိုရင် အတူပြုနိုင်သလို ကွဲစေချင်သပဆိုလဲ ခွဲခြားလို့ရတဲ့ အဓိပ္ပါယ်မျိုး ပါဝင်တယ်လို့ တွေးယူနိုင်ပါတယ်။ ဒါပေမဲ့ သူတကယ်ပြောချင်တဲ့ အဓိပ္ပါယ်က ကိုယ်လိုသလို ဆွဲယူနိုင်တဲ့ အဓိပ္ပါယ်မျိုး ဟုတ်ကောဟုတ်ရဲ့လား? သူ့စကားက ခေတ်ကို ကိုယ်စားပြုတဲ့ စကားလား? လူကို ကိုယ်စားပြုတဲ့ စကားလား? အရွယ်ကို ကိုယ်စားပြုတဲ့ စကားလား? စဉ်းစားဖို့ရှိပါတယ်။

တစ်ခု စဉ်းစားမိတဲ့အတိုင်းပြောရရင်တော့ လူငယ်တွေကို သရော်တဲ့ စကား၊ အထူးသဖြင့် လူကြီးစကားနားမထောင်ချင်တဲ့ လူငယ်တွေကို သရော်တဲ့ စကားလို့ ရုတ်တရက် အတွေးပေါက်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပြောခဲ့ဖူးတဲ့ အခြားစကားတစ်ခွန်းက I am not young enough to know everything. “ကျုပ်က အားလုံးကို သိနေရလောက်အောင် ကလေးမဟုတ်ဘူးဗျာ့” တဲ့။ ဒီစကားနဲ့ပတ်သက်ပြီး ကလေးအိုကြီးများ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု ရေးထားခဲ့ဖူးပါတယ်။ ရုတ်တရက်ကြည့်ရင် လူငယ်တွေကို နှိပ်ကွပ်တဲ့စကားတွေလို့ ထင်စရာရှိပေမဲ့ သေသေချာချာ စဉ်းစားကြည့်တော့ သူ့စကားဟာ အတော်အတန်အဓိပ္ပါယ်ရှိတာ တွေ့ကြရမှာပါ။

အထက်မှာပြောခဲ့တဲ့ သူ့စကားတွေကို ပြန်ဆန်းစစ်ကြည့်ရင်--

(၁) အရာရာကို ယုံကြည်တဲ့လူဟာ လူကြီး

(၂) အရာရာကို မယုံကြည်တဲ့လူဟာ လူရွယ်

(၃) အရာရာကို သိတဲ့လူဟာ လူငယ်

ဆိုပြီးတော့ ယုံကြည်မှုစတာတွေကို အရွယ်သုံးပါးနဲ့ တွဲပြောသွားတာကို ရုတ်တရက်မြင်သာပါတယ်။ ဒါပေမဲ့ သူပြောသလို တိုက်ရိုက်ကြီး သွားမှတ်ရင်တော့ ဒီစကားတွေဟာ အဓိပ္ပါယ် တော်တော်မရှိတဲ့ စကားတွေပဲ ဖြစ်သွားမှာပါ။ တကယ်တော့ Everything=အရာရာကို ဆိုတဲ့ စကားဟာ အခရာကျပါတယ်။ ဒီစကားဟာ Sweeping Statement ခေါ် ၀ါးလုံးသိမ်းပြောတဲ့ စကားတစ်မျိုးပါ။ တစ်နည်းတော့လဲ ကမ်းကုန်အောင်ပြောထားတဲ့ စကားပါ။ လောကမှာ-----

အရာရာကို ယုံကြည်တဲ့လူဆိုတာလဲ မရှိပါဘူး၊

အရာရာကို မယုံကြည်တဲ့လူဆိုတာလဲမရှိပါဘူး၊

မရှိဆုံးကတော့ အရာရာကို သိတဲ့လူပါပဲ။

ဒါပေမဲ့ အချို့လူတွေဟာ ကိုယ့်ကိုယ်ကို အရာရာသိတဲ့လူလို့ ထင်တတ်ကြပါတယ်။ အဲဒီအထင်ကြောင့် တွေ့တဲ့လူကို ဆရာလုပ်ပြီး နေရာတကာလူတွင်ကျယ်လုပ်တဲ့ အကျင့်ရှိသူဖြစ်လာရတာပါ၊ ဒီလူတွေဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အဲဒီအကျင့်ဆိုးကြီးကို မဖျောက်နိုင်တဲ့အတွက် လူတိုင်းနဲ့ အဆင်မပြေတတ်ကြပါဘူး။ ဒီလိုလူမျိုးကို မြင်ရင် “ဆရာကြီးလာပြီဟေ”့ ဆိုပြီး ဝေးဝေးကတောင် ရှောင်ဖယ်တတ်ကြပါတယ်။ အရာရာကို မသိပဲနဲ့ သိတယ်ထင်နေတဲ့ အဲဒီလူမျိုးကို အော်စကာဝိုင်းက ကလေးနဲ့ တင်စားခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ အဲလိုလူမျိုးကို “ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ-မသိပဲနဲ့ သိတယ်ထင်တဲ့လူဟာ တကယ့်ကလေးပါပဲ” လို့ မိန့်ကြားတော်မူခဲ့ဖူးပါတယ်။

အချို့ကျပြန်တော့ ဟိုလူပြောလဲ ယုံရခက်ခက်၊ ဒီလူပြောလဲ ယုံရခက်ခက်နဲ့ ဘယ်သူ့မှလဲမယုံတဲ့အပြင် ကြာတော့ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုနည်းပါးလာတတ်ကြပါတယ်။ အမြင်တိုင်းမှာ သံသယတွေဝင်ပြီး လူတိုင်းနဲ့ အဆင်ပြေဖို့ ခဲရင်းလှပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်ပေးရတာတွေ ရှိပါတယ်။ ယုံကြည်ပေးတတ်ဖို့လိုပါတယ်။ “ယုံကြည်ပေးတတ်ဖို့” ဆိုတဲ့ စကားဟာ အဓိပ္ပါယ်ရှိပါတယ်။ တစ်ခါတစ်ခါမှာ ကိုယ်က သံသယရှိနေရင်တောင် ယုံကြည်ပေးလိုက်ရတာမျိုးပါ။ တစ်နည်းပြောရင်တော့ ယုံပြလိုက်ရတယ်လို့ ဆိုချင်ပါတယ်။ ဒီလို ယုံပြလိုက်ရတာဟာ ရိုးသားမှုပေတံနဲ့တိုင်းထွာရင် တိုကောင်းတိုနိုင်ပေမဲ့ ဆက်ဆံရေးလမ်းကြောင်းပေါ်မှာ တစ်ခါတစ်ခါ အလုပ်ဖြစ်သွားတာတွေ အများကြီးရှိပါတယ်။ တစ်ဘက်လူက သူ့အပေါ်တကယ်ယုံကြည်နေတဲ့လူတစ်ယောက်အပေါ်မှာ သာမန်အားဖြင့် မရက်စက်တတ်ပါဘူး။ ဒီတော့ သံသယဆိုတာ ရှိသင့်ပေမဲ့ အရာရာတိုင်းမှာရှိလာရင်တော့ သံသယဟာ အားနည်းချက်ကြီး တစ်ခုဖြစ်လာတတ်ပါတယ်။ ဒီလို သံသယကြီးသူတွေကို လူရွယ်လို့ အော်စကားဝိုင်းက သတ်မှတ်ထားပါတယ်။ အသက်တစ်ရာရှိတဲ့လူဖြစ်စေ၊ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကလေးဖြစ်စေ ဒီသဘောတွေ ပါလာရင်တော့ လူရွယ်စာရင်းထဲ ပါမှာ အမှန်ပါပဲ။

နောက်တစ်ယောက်ကတော့ အရာရာကို ယုံကြည်တဲ့လူပါ။ သူ့ကိုတော့ လူကြီးလို့ ဆိုပါတယ်။ ယုံကြည်မှုနဲ့ လက်ခံမှုကို အတူပြုသတ်မှတ်ရင် ဒီလိုလူမျိုးကို အရာရာကို လက်ခံတဲ့လူလို့လဲ သမုတ်နိုင်မှာပါ။ အရာရာကို လက်ခံတတ်တဲ့အတွက် သူဟာ သူ့ပတ်ဝန်းကျင်မှာ နေရာရလာတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီသဘောဟာ အရေးကြီးပါတယ်။ တစ်ထစ်ချလက်ခံထားရမည့် ပေတံတစ်ချောင်းမဟုတ်ပေမဲ့ အရာရာကို သိသူ၊ သံသယရှိသူတွေနဲ့ စာရင်တော့ သူက နည်းနည်းသာပါသေးတယ်။ အရာရာကို ယုံကြည်လိုက်တဲ့အတွက် ဘယ်သူ့နဲ့မှ အငြင်းအခုံလုပ်စရာ မရှိတော့ပါဘူး။ ပြဿနာနည်းပါးချင်ရင်တော့ လူကြီးဖြစ်အောင် နေတတ်ဖို့ပါပဲ။

ဒါပေမဲ့ အထက်ပါ စကားသုံးမျိုးစလုံးဟာ အလွန့်အကျွံပြောထားတဲ့ စကားတွေချည်းပါ။ ဘယ်သူမဆို၊ ဘယ်အရွယ်မဆို ဒီသဘောသုံးမျိုးနဲ့ လွတ်ကင်းအောင် နေတတ်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ယုံကြည်မှု၊ မယုံကြည်မှု၊ သိမှုတွေကို “အားလုံး” ဆိုတဲ့ ပုဒ်နဲ့တွဲပြီး ပြောလိုက်ရင် တစ်ဖက်သတ်ဖြစ်သွားတတ်ပါတယ်။ အားလုံးကို ယုံကြည်တာလဲ မကောင်းပါဘူး။ ဝေဘန်ပိုင်းခြားမှုရှိရမှာပါ။ အားလုံးကို သံသယဖြစ်နေရင်လဲ ရှေ့ဆက်ရမည့်လမ်းကြောင်းကို စဉ်းစားလို့ မရပဲ ဖြစ်သွားတတ်ပါတယ်။ အားလုံးသိနေရင်တော့ သိပ်အန္တရာယ်ကြီးပါတယ်။ ဒါကိုတော့ သတိပြုကြရမှာပါ။ လူဟာ အားလုံးကို မသိပါဘူး။ ကလေးပဲ သိပါတယ်။ ဒါကြောင့် ကလေးမဖြစ်အောင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အရေးကြီးပါတယ်။ ဒီစကားတွေကို ဆက်လက်တွေးခေါ် စဉ်းစားကြစေလိုပါတယ်။ ကျနော် စဉ်းစားမိသလို ဝေငှလိုက်တာပါ။


Sunday, August 30, 2009

ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ လက်ဆောင်


A friend is a gift you give yourself.

Robert Louis Stevenson (1850-1894)

မိတ်ဆွေဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ လက်ဆောင်တစ်မျိုးပဲ။

(ရောဘတ်လူးစစ်စ် စတီဗင်ဆန်)


“လက်ဆောင်”ဟုပြောသောအခါ ကိုယ်က သူများကိုပေးတဲ့လက်ဆောင်၊ သူများက ကိုယ့်ကိုပေးတဲ့လက်ဆောင်ဟု အများနားလည်ပြီးဖြစ်သည်။ သို့သော် ကိုယ့်ကိုယ်ကို လက်ဆောင်ပြန်ပေးသည်ဟု၎င်း၊ ကိုယ့်ကိုယ်ကို ပြန်ပေးရတဲ့လက်ဆောင်တစ်မျိုးရှိသည်ဟု၎င်း ပြောသောအခါ ရယ်ကောင်းရယ်ကြပေမည်။ ၀တ္ထု၊ ကဗျာ၊ အက်ဆေးနှင့် ခရီးသွားစာပေရေးသားသူ စကော့တလန်နိုင်ငံသား စာရေးဆရာကြီး ရောဘတ်လူးစစ်စ်ကမူ လောကမှာ ကိုယ့်ကိုယ်ပြန်ပေးတဲ့ လက်ဆောင်တစ်မျိုးရှိသည် ဟုဆိုသည်။ ထိုလက်ဆောင်မှာ “မိတ်ဆွေ” ပင်တည်း။ သို့သော် မိတ်ဆွေဟု စကားလုံးအားဖြင့် အလွယ်တကူပြောဆိုနေကြသော်လည်း ၎င်း၏အနက်အဓိပ္ပါယ်မှာ များစွာကျယ်ပြောသလို အလွန်ရဖို့ခဲရင်းသော၊ သို့မဟုတ် ပေးဖို့ခက်ခဲသော လက်ဆောင်တစ်မျိုးလဲဖြစ်သည်။

ကျနော့်ဘ၀မှာ မိတ်ဆွေအမျိုးမျိုးရှိခဲ့ဖူးသည်၊ ရှိလဲရှိနေဆဲ၊ နောင်လဲ ရှိနေပေဦးမည်။ မိတ်ဆွေမရှိ၍ မဖြစ်။ “အမိတ္တဿ ကုတော သုခံ-မိတ်ဆွေမရှိသူအား ချမ်းသာမရှိ” ဟု နီတိဆရာများ မိန့်မှာခဲ့ကြသည်။ လူသည် အသိုင်းအ၀ိုင်းနှင့် နေထိုင်ရှင်သန်ရသော သတ္တ၀ါ တစ်မျိုးဖြစ်သည်။ အသိုင်းအ၀ိုင်းနှင်း ကင်းမဲ့သွားပါက ထိုသူ့ကို နိပ်ကျသော တိရစ္ဆာန်ဟု၎င်း၊ သို့မဟုတ် မြင့်မြတ်သော နတ်ဒေ၀တာဟု၎င်း မှတ်ယူနိုင်ကြောင်း ဂရိဒဿနဆရာကြီး အရစ္စတိုတယ်လ်က ပြောဖူးသည်။ ကျနော်သည် တိရစ္ဆာန်လည်း မဖြစ်လိုပါ၊ ထို့အတူ နတ်ဒေ၀တာလဲ မဖြစ်လိုပါ။ ကျနော်ဖြစ်ချင်သောအရာမှာ လူပီသသော လူတစ်ယောက်ဖြစ်သည်။ ထိုသို့ဖြစ်ဖို့အတွက် မိတ်ဆွေအပေါင်းအသင်းကို ဆက်လက်ရှာဖွေရပေဦးမည်။

လွန်ခဲ့တဲ့ သုံးရက်လောက်က ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က သူ့အခက်ခဲလေးတစ်ခုကို ပြောပြသည်။ သူ့နဲ့အလွန်ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်က အခုတစ်လော သူ့အပေါ်ဆက်ဆံပုံ မူမမှန်ကြောင်း၊ သူ့ကိုယ်သူပဲ တော်တယ်၊ တတ်တယ်၊ လှတယ်လို့ထင်နေကြောင်း ပြောပြသည်။ ကျနော် ကောင်း၏/ဆိုး၏ မှတ်ချက်တစ်စုံတစ်ရာပြန်မပေးလိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ယင်းစကားအားလုံးသည် သူ့တစ်ဦးတည်း၏ ပါးစပ်မှ ထွက်လာသော စကားများသာဖြစ်သည်။ မှန်ချင်လဲမှန်ပေမည်၊ အပိုအလိုတွေလဲ ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ကျနော်မသိရသော ဟိုဘက်လူကိုအပြစ်ဖို့ပြီး ကျနော့်မိတ်ဆွေတိုင်တန်းသော စကားများကို အတည်မယူပါ။ သို့သော် သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။ “ခင်ဗျားက အဲဒီလို ထင်နေတာမျိုးကော မဖြစ်နိုင်ဘူးလား?၊ နောက်ပြီး အဒီလိုပြောရလောက်အောင် ခိုင်လုံတဲ့ အထောက်အထားတွေကော ရှိလို့လား?”။ ထိုမေးခွန်းအတွက် သူပေးသောအဖြေသည် သူ့အထင်သာဖြစ်သည်။

သူက သူ့ရဲ့မိတ်ဆွေအပေါ် “သူတစ်ပါးကို အကောင်းမမြင်တတ်သူ၊ ကိုယ့်ကိုယ်ကိုပဲ အထင်ကြီးသူ၊ မြင်မြင်သမျှကို ကိုယ်နဲ့နှိုင်းယှဉ်တတ်သူ” အဖြစ် မြင်သည်။ လူတစ်ယောက် စရိုက်တစ်မျိုးစီလွှမ်းမိုးခံနေရတဲ့အတွက် သူ့အမြင် မှန်ကောင်းမှန်နိုင်သည်။ သို့သော် ယင်းပြစ်ချက်၊ သို့မဟုတ် စွပ်စွဲချက်အားလုံးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားနေတဲ့အခါ ပိုမိုပေါ်လွင်သယောင်ရှိတတ်သည်။ တစ်ဘက်သား၏ သာမန်အပြုအမူများသည် မိမိက ဂရုတစိုက်ကြည့်နေတဲ့အခါမျိုးမှာ “ငါ့ကိုပဲ စောင်းပြီး လုပ်လေသလား? ပြောလေသလား? စသည်အားဖြင့် “လား?” ပေါင်းများစွာ ခေါင်းထဲဝင်လာပြီး အမြင်မကြည်မလင်ဖြစ်တတ်သည်။ ထို့ကြောင့် ကျနော်သည် ကျနော်မကြိုက်တဲ့သူတွေနဲ့ မတွေ့မိအောင် ကျိုးစားနေသည်။ ထိုသူတို့၏ သာမန်အပြောအဆို အမူအယာများကြောင့် ကျနော် အကုသိုလ်မပွါးလိုပါ။ ကျနော့်မိတ်ဆွေကိုလဲ ယင်းသဘောကို ပြောပြဖြစ်သည်။

အပေါင်းအသင်းဆိုင်ရာ ဘုရားစာပေလာ လမ်းညွှန်ချက်များနှင့် ခေတ်ပညာရှင်တို့ အဆိုအမိန့်တွေ များစွာရှိသော်လဲ ကျနော့်တို့လို သာမန်လူတွေအတွက် တစ်ခါတရံမှာ လိုက်နာဖို့ရာ ခက်ခဲလှသည်။ သို့သော်လဲ အပေါင်းအသင်းဆိုင်ရာ Key တစ်ခုတော့ရှိသည်။ ယင်းမှာ တစ်ဘက်သားအလိုသို့ တတ်နိုင်သမျှ လိုက်လျောခြင်းပင်တည်း။ မိတ်ဆွေအပေါင်းအသင်း တည်မြဲရေးမှာ သူ့အလိုသို့ လိုက်လျောခြင်းသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ကြောင်း သတိထားမိက သိနိုင်သည်။ ကျနော်ရထားသော ရေရှည်/ရေတိုမိတ်ဆွေမြောက်များစွာတို့ကို သတ္တုချကြည့်ပါက “သူ့အလိုသို့လိုက်လျောခြင်း” ကီးကို အခါများစွာ အသုံးပြုခဲ့ကြောင်း ၀န်ခံရပေမည်။ တစ်ရံတစ်ခါ ကိုယ့်ဆန္ဒနည်းနည်းမှ မပါပဲ လိုက်လျောခဲ့ရသော အခါများလဲ များစွာများစွာပင်ရှိခဲ့ဖူးပါသည်။ ယင်းအတွက် ကျနော်ရလိုက်သော ရလာဒ်မှာ ထိုသူများသည် ကျနော့်အတွက် ဘာမဆို လုပ်ပေးဝံ့သော သူများဖြစ်လာခဲ့ကြသည်။ ကျနော်သည် ယင်းကီးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်များစွာ ပေးခဲ့ဖူးသည်၊ အခုလဲ ပေးနေဆဲ၊ နောင်လဲ ပေးနေရဦးမည်သာဖြစ်ပါသတည်း။

အားလုံး ကိုယ့်ကိုယ်ကို လက်ဆောင်ကောင်းတွေ ပေးနိုင်ကြပါစေ----။


Wednesday, June 3, 2009

အလွဲသစ္စာ


A lie told often enough becomes the truth.

(Vladimir Ilyich Lenin)


မုသားတစ်ခုဟာ ပြောဖန်များတဲ့အခါ အမှန်ဖြစ်သွားတတ်တယ်။
(လီနင်)

ကွန်မြူနစ်ဝါဒီနိုင်ငံရေးသမားကြီး ရုရှားတော်လှန်ရေးခေါင်းဆောင် လီနင်ရဲ့ အထက်ပါစကားဟာ အသစ်အဆန်းတော့လဲ မဟုတ်ပါဘူး။ ဒီစကားကို ပြောခဲ့ဖူးရုံတင်မက၊ ဒီစကားမှန်ကန်ကြောင်း သက်သေနဲ့တကွပြခဲ့တဲ့ ပညာရှင်တစ်ယောက် (India) အင်ဒီယ ရာဇ၀င်နဲ့ ဂန္ထ၀င်သမိုင်းမှာ ပေါ်ခဲ့ဖူးပါတယ်။ သူ့ကို စာပေလိုက်စားတဲ့ လူတိုင်းသိကြပါတယ်။ မြန်မာစာပေလိုက်စားတဲ့လူတွေ ဦးပေါ်ဦးကို သိကြသလို ကမ္ဘာ့စာပေနဲ့ ရှေးဟောင်းစာပေလိုက်စားတဲ့လူတွေအားလုံး သူ့ကို သိကြပါတယ်။ သူဟာ “ကာလီဒါသ”လို့ခေါ်တဲ့ ဘုရင့်အပါးတော်မြဲ နန်းတွင်းပညာရှိပရောဟိတ်ကြီးတစ်ယောက်ပါ။ “ဦးပေါ်ဦးလျှောက်ထုံး”ဆိုတဲ့ စာပေမိတ်ဆက်နဲ့ ဦးပေါ်ဦးကို မြန်မာလူငယ်လူကြီးတွေ သိထားကြသလို “ကာလီဒါသလျှောက်ထုံး”ဆိုတဲ့ စာပေမိတ်ဆက်နဲ့ ကာလီဒါသကို သိထားကြပါတယ်။

အမတ်ကြီးဦးပေါ်ဦးနဲ့တွဲပြီး သူ့သခင် ဘိုးတော်ဦးဝိုင်းကို သိရသလို အမတ်ကြီးကာလီဒါသအကြောင်းကို ပြောရင် သူနဲ့တွဲပြီး သူ့သခင် ဘောဇဘုရင်ကိုလဲ ချန်ထားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘိုးတော်ဦးဝိုင်းရဲ့ ကပ်သီးကပ်သတ်မေးခွန်းတွေကြောင့် ဦးပေါ်ဦးခေါင်းထဲက ခဲရာခက်ဆစ်အဖြေတွေပေါ်လာရသလို ဘောဇဘုရင်ရဲ့ ဂွတိဂွကျမေးခွန်းတွေကြောင့် ကာလီဒါသခေါင်းထဲက ကပ်တိကပ်ဖဲ့အဖြေတွေ ထွက်လာရတာကြောင့်ပါ။ ဘောဇဘုရင်နဲ့ ကာလီဒါသတို့ရဲ့ အလွန်စိတ်ဝင်စားစရာကောင်းပြီး များပြားလှတဲ့ အမေးအဖြေတွေထဲက အထက်ပါလီနင့်စကားနဲ့ သက်ဆိုင်တဲ့ ကာလီဒါသရဲ့ လျှောက်ထုံးလေးတစ်ခုကို ပြောပြချင်ပါတယ်။

အခါတစ်ပါး အမတ်ကြီးကာလီဒါသနဲ့ ဘောဇဘုရင်မင်းမြတ်တို့ နန်းမဆောင်အတွင်း နှစ်ဦးသားအတူထိုင်ပြီး တိုင်းရေးပြည်ရေးဆွေးနွေးနေရာက အကြောင်းတိုက်ဆိုင်လာလို့ ကာလီဒါက လျှောက်လိုက်တယ်။
“လူအပါအ၀င် ခပ်သိမ်းသောသတ္တ၀ါတွေရဲ့ အမှတ်သညာဟာ ထပ်ခါတလဲလဲဖြစ်တဲ့အရာပေါ်မှာ အာရုံခံစား စွဲထင်သွားတတ်တဲ့သဘောရှိတယ်၊ မုသားစကားတစ်ခုဟာလဲ ထပ်ခါတလဲလဲ ပြောဖန်များလာရင် သတ္တ၀ါတွေရဲ့ စိတ်ထဲမှာအမှန်လိုလို အထင်ရောက်သွားတတ်တယ်”။
ဘုရင်ကြီးက ကာလီဒါသကို ပညာစမ်းချင်တာနဲ့ အဲဒီအဆိုကို သက်သေမပြနိုင်ရင် မယုံနိုင်ဘူးလို့ အမိန့်ရှိလိုက်တယ်။ ကာလီဒါသကလဲ အချက်အလက်မရှိ၊ သက်သေမထူနိုင်တဲ့စကားမျိုးကို ပြောရိုးထုံးစံမရှိတဲ့ ပညာရှိတစ်ယောက်ပီပီ “မှန်လှပါ၊ ဒီအဆိုမှန်ကန်ကြောင်း ကျနော်မျိုး သက်သေထူနိုင်ကြောင်းပါဘုရား”လို့ ဦးတင်လျှောက်ထားလိုက်တယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဘုရင်နဲ့ အမတ်ကြီးတို့နှစ်ယောက်ဟာ သာမန်အရပ်သားအ၀တ်အစားတွေနဲ့ နန်းတော်ထဲက တိတ်တဆိတ်ထွက်လာပြီး မြို့အတွင်းဝင်လာခဲ့ကြတယ်။ အဲဒီလိုလာခဲ့ကြရာက လမ်းမှာသမင်အသေတစ်ကောင်ပုခုံးပေါ်ထမ်းပြီး တောထဲက ပြန်လာတဲ့ မုဆိုးတစ်ယောက်ကို ကံအားလျှော်စွာတွေခဲ့ကြတယ်။ ကာလီဒါသက ၀မ်းသာအားရနဲ့ “ မြို့ထဲအထိ သွားစရာမလိုတော့ဘူး၊ ဒီနေရာမှာပဲ ကျနော့်စကားအတွက် သက်သေပြလို့ရပြီ” လို့ ဘုရင်ကြီးကိုပြောလိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသလျှောက်ထားချက်ကို စိတ်ဝင်တစားနားထောင်ပြီး ဘယ်လိုများသက်သေပြမလဲဆိုတာကို သိချင်နေတယ်။

သားကောင်ပုခုံးထမ်းလာတဲ့ မုဆိုးအနားသွားပြီး ကာလီဒါသက “ဟေ့လူ၊ ခင်ဗျားဘာဖြစ်လို့ ခွေးအသေကောင်ကြီး ပုခုံးပေါ်ထမ်းလာရတာလဲ” လို့မေးလိုက်တယ်။ မုဆိုးက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး “ဒါ ခွေးအသေကောင်မဟုတ်ဘူးဗျာ့၊ သမင်၊ သမင်၊ အခုမှ တောထဲက ပစ်လာတဲ့ လတ်လတ်ဆတ်ဆတ်သမင်ဗျာ့”လို့ ပြန်အော်လိုက်တယ်။ ကာလီဒါသကလဲ “ကျုပ်မျက်စိကတော့ ခွေးအသေကောင်လို့ မြင်တာပဲဗျာ့” ဆိုပြီး ခပ်တည်တည်နဲ့လှိမ့်လိုက်တယ်။ အဲလိုပြောပြီး ဘုရင်ကြီးနဲ့ ကာလီဒါသတို့ဟာ အဲဒီမုဆိုးအရင် သူသွားမည့်လမ်းကြောင်းအတိုင်းသွားပြီး တစ်နေရာမှာ အ၀တ်အစားတွေပြောင်းလဲဝတ်ဆင်၊ ရုပ်ဖျောက်ပြီး မုန့်ဆိုးကို စောင့်နေကြတယ်။ တွေ့တဲ့အခါကျတော့ ကာလီဒါက “ဟေ့မုဆိုးကြီး၊ ခင်ဗျားက ဘာဖြစ်လို့ ဆိတ်ကို သတ်ပြီးထမ်းလာရတာလဲ၊ အဲဒါ ခင်ဗျားပိုင်တဲ့ဆိတ်ကော ဟုတ်ရဲ့လား၊ သူများဟာဆိုရင် တရားအစွဲခံနေရဦးမယ်နော်” လို့ပြောလိုက်တယ်။ မုဆိုးလဲ စိတ်ဆိုးပြီး “ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ၊ ဒါ ဆိတ်မဟုတ်ဘူးဗျာ့၊ တောထဲက ပစ်လာတဲ့ သမင်၊ သမင်” လို့ပြောလိုက်တယ်။ ကာလီဒါသကလဲ အထက်မှာ သူပြောတဲ့အတိုင်း “ကျုပ်မျက်စိကတော့ ဆိတ်အသေကောင်လို့မြင်တာပဲဗျား” လို့ပြန်ပြောလိုက်ပြန်တယ်။

ဒါပေမဲ့ မုဆိုးစိတ်ထဲမှာတော့ “ခုနားကလမ်းမှာတွေ့ခဲ့တဲ့ လူတစ်ယောက်က ငါထမ်းလာတဲ့ သမင်အသေကို ခွေးအသေကောင်လို့ ပြောတယ်။ အခုဒီလူကျတော့ ဆိတ်အသေလို့ပြောနေပြန်ပြီ၊ ငါထမ်းလာတာ သမင်ကောဟုတ်ရဲ့လား” လို့ သံသယ၀င်သွားတယ်။ ကာလီဒါသနဲ့ ဘုရင်ကြီးလဲ မုဆိုးထက်ဦးအောင် ခပ်သွက်သွက်သွား၊ အ၀တ်အစားလဲ၊ ရုပ်ဖျောက်ပြီး မုဆိုးလာရာလမ်းကြောင်းပေါ်က စောင့်နေလိုက်ကြတယ်။ မုဆိုးကြီးအနားရောက်လာတဲ့အခါကျတော့ မသိယောင်ဆောင်ပြီး “မုဆိုးကြီး၊ ခင်ဗျားပုခုံးပေါ်ထမ်းလာတဲ့ တောဝက်ကြီးက အကြီးကြီးပါလား၊ ပိတ်သာချိန်အတော်များများရမှာပဲနော်” လို့ ပြောလိုက်တယ်။ ဒီတစ်ခါတော့ မုဆိုးကြီးလဲ စိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ကြောက်လာတယ်။ သူထမ်းလာတဲ့ သမင်အသေကောင်ကို လမ်းတွေ့တဲ့လူတိုင်းက တစ်ယောက်တစ်မျိုးစီပြောနေကြတဲ့အပေါ်မှာ ယုံကြည်မူတွေဝင်လာပြီး သူထမ်းလာတဲ့အကောင်ဟာ နာနာဘာဝတစ်ကောင်ကောင်က အမျိုးမျိုးဖန်ဆင်းလိုက်လာတယ်လို့ ထင်သွားတယ်။ အဲဒီလိုထင်လိုက်တာနဲ့ ကြက်သီးမွှေးညင်းတွေ ဘာတွေထပြီး ထမ်းထားတဲ့ သမင်အသေကောင်ကို ပစ်ချပြီး သူ့အိမ်ကို တန်းပြေးတော့တာပါပဲ။

ကာလီဒါသလဲ ဘုရင်ကြီးကိုလှည့်ကြည့်လိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသရဲ့စကားကို ထောက်ခံပြီး “ထပ်ခါတလဲလဲ ပြောဖန်များတဲ့ မုသားစကားတစ်ခွန်းဟာ လူတွေရဲ့စိတ်ထဲမှာ အမှန်လို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါလား” လို့မှတ်ချက်ပြုလိုက်တယ်။

ကာလီဒါသရဲ့ ဒီအဆိုဟာ ယနေ့ခေတ်နိုင်ငံရေးလောကမှာ အလွန်အသုံးဝင်တဲ့ Political Theory တစ်ခုဖြစ်နေပါပြီ။ ဒီသဘောတရားကို ကောင်းစွာနားလည်တဲ့ ရုရှကွန်မြူဝါဒီနိုင်ငံရေးသမားကြီး မစ္စတာလီနင်ကလဲ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ ဒါကို “သညာဝိပ္ပလ္လာသ=အမှတ်သညာဖေါက်ပြန်မှု” သို့မဟုတ် “Illusion=အမှတ်မှားမှု” လို့ခေါ်ပါတယ်။ ယနေ့ လက်ရှိအုပ်ချုပ်နေသူများအပါအ၀င် နိုင်ငံရေးသမား အတော်များများဟာ ဒီသဘောတရားကို ကောင်းကောင်းနားလည်ကြပုံရပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့စစ်ခေါင်းဆောင်ကြီးဟာ Psychology ကို ကောင်းကောင်းကျွမ်းကျင်သူပီပီ သူ့လက်အောက်ကလူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် အမျိုးမျိုးလိမ်ညာလှည့်ဖျားပြီး တိုင်းပြည်ကို မုသားဟင်းလေးအိုးထဲ ထည့်မွှေနေသူတစ်ယောက်ဖြစ်ပါတယ်။ ပညာရှိတဲ့ ပြည်သူလူထုဟာ အဲဒီလူကြီးပြောတာတွေကို မယုံကြပေမဲ့ သူ့စကားနားဝင်နေတဲ့ သူ့လူတွေရဲ့နှိက်စက်ညှင်းပန်းမှုဒဏ်ကို မခံနိုင်လို့ အင်အားမမျှစွာနဲ့ ငြိမ်ခံနေကြရခြင်းဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုဟာ လက်ရှိစစ်ခေါင်းဆောင်ကို မဖြုတ်ချနိုင်ပဲဖြစ်နေကြတာပါ။ တကယ်လို့သာ ပညာရှိတဲ့ ပြည်သူတွေဟာ အဲဒီစစ်ခေါင်းဆောင်ကြီးအနားကလူတွေအပါအ၀င် အောက်လက်ငယ်သားတွေကို သူတို့ခေါင်းဆောင်ကြီးစကား နားမယောင်မိစေဖို့ ပြောပြနိုင်ကြမယ်ဆိုရင်၊ စစ်အင်အားစုတွေလဲ ပြည်သူ့စကားနားထောင်လာကြမယ်ဆိုရင် ကျနော်တို့မြန်မာနိုင်တော်ကြီးဟာ သာယာဝပြောပြီး စိတ်ချမ်းသာစရာကောင်းတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်လာမှာမလွဲကြောင်း တင်ပြလိုက်ရပါတယ်။

Friday, May 29, 2009

အလိုအပ်ဆုံးသော အရာ


It is justice, not charity, that is wanting in the world.

Mary Shelley (1797-1851)

ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့အရာကတော့ တရားမျှတမှုပဲ၊ အလှူအတန်းမဟုတ်ဘူး။

(မေရီရှဲလ်လေး)


မှန်သည်။ တရားမျှတမှုသည် ကမ္ဘာပေါ်မှာလိုအပ်နေသောအရာဖြစ်သည်။ ထို့ထက်ပိုမိုပြောရပါမူ အလိုအပ်ဆုံးသော အရာဖြစ်သည်။ တရားမျှတမှုမရှိသောကြောင့် လူတန်းစားမညီမျှမှုတွေ၊ ချမ်းသာဆင်းရဲကွာဟမှုတွေ၊ နိုင်ရာစားအကျင့်စရိုက်တွေ သိသိသာသာဖြစ်နေရသည်။ တရားမျှတမှုရှိသောတိုင်းပြည်နှင့် တရားမျှတမှုမရှိသောတိုင်းပြည်နှစ်ပြည်ကို နှိုင်းယှဉ်ကြည့်ပါက ယင်းသဘောတရားကို သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။ သိနိုင်သည်။ ထို့ကြောင့် တရားမျှတမှုသည် အလိုအပ်နေသောအရာများအနက် အလိုအပ်ဆုံးသော အရာဖြစ်သည်။

သို့ဆိုသော် ယင်းတရားမျှတမှုဟူသည် အဘယ်က လာသနည်း? တရားရုံးက လာသလော? ဥပဒေစာအုပ်တွေထဲ လာသလော? ထိုမေးခွန်းများအတွက် ကျနော့်အဖြေကား-----

“တရားမျှတမှုဟူသည် တရားရုံးကလည်းမလာပါ၊ ဥပဒေစာအုပ်ပုံတွေကြားထဲကလဲ မလာပါ။ တရားမျှတမှုသည် အင်အားကြီးသူထံမှ လာခြင်းဖြစ်သည်”။

ပြည်သူပြည်သားတွေအင်အားကြီးသော နိုင်ငံများ၌ တရားမျှတမှုသည် ပြည်သူလူထုထံမှလာသည်။ အစိုးရအင်အားကြီးသောနိုင်ငံများ၌မှု တရားမျှတမှုသည် အုပ်ချုပ်သူများထံမှ လာခြင်းဖြစ်သည်။ ပြည်သူလူထုသည် အများစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားမျှတမှုကိုသာလုပ်သည်။ မတရားသည်ကို မလုပ်ကြ။ အစိုးရသည် အနည်းစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုလည်းပြုလုပ်နိုင်သည်၊ မတရားသည်ကိုလည်း ပြုလုပ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထုသည် လက်နက်မဲ့ဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုသာလုပ်သည်။ အစိုးရသည် လက်နက်ရှိသောကြောင့် အင်အားကြီးသောအခါ မတရားသည်ကိုလဲ ပြုလုပ်နိုင်သည်။

တရားမျှတမှုသည် နိုင်ငံတစ်နိုင်ငံတွင်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသက်ဖြစ်သည်။ တရားမျှတမှုမရှိသောနိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဂိုဒေါင်တစ်ခုအတွင်း သိုလှောင်ထားသော စွန့်ပစ်ပစ္စည်းများနှင့်တူသည်။ ဥပဒေထုတ်ဆင့်မှုမှန်သမျှ၏ ပင်မရည်ရွယ်ချက်သည် တရားမျှတမှုသို့သာ ဦးတည်ရသည်။ ဥပဒေသည် တရားမျှတမှုကို မဖြစ်စေပါက စစ်မှန်သော ဥပဒေ၏ အဓိပ္ပါယ်ကို သရုပ်မဖေါ်နိုင်ပေ။ ဥပဒေဟူသော ယင်းစကားလုံးသည် “ဥပဒေသ”ဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “အနီးကပ်သွန်သင်ညွှန်ကြားမှု” ဟု အဓိပ္ပါယ်ရသည်။ အများစုလိုက်နာနိုင်အောင်၊ လိုက်နာလျှင်အကျိုးရှိအောင် ညွှန်ကြားလွှာများထုတ်ဆင့်ခြင်းကို ဥပဒေပြဓာန်းသည်ဟု ခေါ်သည်။ ထို့ကြောင့် ယင်းညွှန်ကြားလွှာသည် တရားမျှတမှုဧကန်ရှိရပေမည်။ တရားမျှတမှုမရှိက ဥပဒေဟုမခေါ်ဆိုနိုင်ချေ။

သို့ဖြစ်လျှင် တရားမျှတမှုရှိအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း? ယင်းအတွက် အဖြေကို အရွယ်ရောက်ပြီးသူ လူတိုင်းလောက်နီးပါး နားလည်နေကြပါပြီ။ အထူးရှင်းပြဘွယ်မလိုချေ။ သို့သော် အရိုးဆုံးနှင့် အရှင်းဆုံးသော အဖြေတစ်ခုရှိသည်။ ၎င်းအဖြေမှာ “မတရားတာမလုပ်နဲ့” ဟူသောအဖြေပင်ဖြစ်သည်။ မတရားမှုပြုလုပ်သည်ဟူရာ၌----

(၁) ဥပဒေစာအုပ်အတွင်းရေးဆွဲပြဓာန်းထားသော စည်းကမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်လည်းရှိမည်။ ယင်းကို
Offence=ဥပဒေကို ကျူးလွန်မှုဟု၎င်း၊ Crime= ရာဇ၀တ်မှုဟု၎င်း အမည်တပ်သည်။

(၂) ဥပဒေတိုက်ရိုက်ပြဓာန်းမှုမရှိသော်လဲ သူတစ်ပါးနစ်နစ်နာအောင် တမင်လုပ်ကြံဖန်တည်းယူသည်လည်း ရှိမည်။ ယင်းကို Charade (ရှရားဒ်)=(သရုပ်ဆောင်) လီဆယ်မှုဟု၎င်း၊ Ploy=ကြံစည်မှုဟု၎င်း၊ Trumped-up Charge=လုပ်ကြံမှုဟု၎င်းခေါ်သည်။

(၃) ဥပဒေပြဓာန်းထားသော်လဲ “၀ိနည်းတတ်၊ ကြက်သတ်”ဟူရာ၌ကဲ့သို့ ဥပဒေကို ကျွမ်းကျင်သောကြောင့် တိုက်ရိုက်ဥပဒေဖြင့် မညိစွန်းစေပဲ ပြစ်မှုကျူးလွန်သည်လည်း ရှိမည်။ ယင်းသို့သောလွန်ကျူးခြင်းမျိုးကို Evasion=ဥပဒေလက်တစ်လုံးခြားလုပ်သည် ခေါ်ဆိုနိုင်သည်။

မည်သို့ဆိုစေ၊ ဥပဒေပြဓာန်းထားသည်ဖြစ်စေ၊ ပြဓာန်းမထားသည်ဖြစ်စေ သူတစ်ပါးအကျိုးနစ်နာအောင် လုပ်ဆောင်မှုမှန်သမျှကို မတရားပြုလုပ်သည်ဟု ယေဘုယျ သတ်မှတ်နိုင်သည်။ မတရားပြုလုပ်မှုမှန်သမျှ၌ တစ်စုံတစ်ယောက်မှာ နစ်နာရစမြဲဖြစ်သည်။ မိမိက အာဏာအားဖြင့်ဖြစ်စေ၊ ရာထူးအားဖြင့်ဖြစ်စေ၊ ဥစ္စာဓနအားဖြင့်ဖြစ် အင်းအားရှိသောကြောင့် သူတစ်ပါးကို နစ်နာအောင်လုပ်လျှင် ယင်းသို့သောပြုလုပ်မှု၌ မတရားမှုသည် အနည်းနှင့်အများ ပါဝင်လာရသည်။ အစိုးရကလုပ်လျှင် ပြည်သူလူထုမှာ နစ်နာရသည်။ လုပ်ငန်းရှင်ကလုပ်လျှင် အလုပ်သမားမှာ နစ်နာရသည်။ အချင်းချင်းလုပ်လျှင် အလုပ်ခံရသူက နစ်နာရသည်။ ထို့ကြောင့် တရားမျှတမှုရှိဖို့အရေး မိမိ၏လုပ်ရပ်ကို ဆန်းစစ်ဖို့လိုသည်။ ယင်းသို့ဆန်းစစ်ရာဝယ် ထားရမည့် Criteria ခေါ်စံမှာ “Honest=ရိုးသားမှု” ပင်ဖြစ်သည်။ ရိုးသားမှုကင်းလေလေ တရားမျှတမှု မရှိလေလေဖြစ်သည်။ ထို့ကြောင့် ရိုးသားမှုသည် တရားမှုတမှု၏ ပင်မအုဌ်မြစ်=Foundation အစစ်တည်း။

Justice=တရားမျှတမှုဟူသော စကားလုံးကိုကြားလျှင် ဥပဒေလမ်းကြောင်းပေါ်က ဝေါဟာရတစ်ခုအဖြစ် လူအများစိတ်ထဲမှာ မြင်ယောင်တတ်သည်။ အမှန်အားဖြင့် ယင်းစကားလုံးသည် အုပ်ချုပ်သူများကိုသာ ရည်ရွယ်ရင်းမဟုတ်။ လူတစ်ယောက်စီ၊ လူတစ်ယောက်စီသည်ပင် ယင်းတရားမျှတမှုဟူသောစကားလုံးနှင့် စပ်ဆိုင်သည်။ ဆိုလိုသည်မှာ လူတိုင်းတရားမျှတမှုရှိရမည်ဖြစ်သည်။ ယင်းသို့တစ်ဦးချင်းစီ တရားမျှမှု ရှိပါက ကျနော်တို့ ကမ္ဘာကြီးသည် အလွန်အေးချမ်းသာယာသော ကမ္ဘာကြီးဖြစ်မည်မှာ မလွဲတည်း။ ထို့ကြောင့် ကျနော့်တို့ကမ္ဘာသူကမ္ဘာသားအများစု တောင့်တနေသော ဆုလာဒ်တစ်ခုသည် တစ်ပါးသူ၏ ပေးကမ်းစွန့်ကျဲခြင်းမျိုးမဟုတ်။ တရားမျှတမှုပင် ဖြစ်ပါသတည်း။


Sunday, April 26, 2009

အီးသုံးလုံးဆုံးမစာ


Past is Experience.. .!
Present is Experiments. ..!
Future is Expectations. ..!
Use your Experience in your experiments for your expectations.

(Unknown Author)

အတိတ်သည် အတွေ့အကြုံ၊
ပစ္စုပ္ပန်သည် စမ်းသပ်မှု၊
အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏။
သင့်မျှော်လင့်ချက်များအတွက် သင်၏အတွေ့အကြုံကို သင့်စမ်းသပ်ခန်းအတွင်း အသုံးပြုကြည့်ပါ။

(အမည်မသိ)

ကျနော့်ဘရားသားတစ်ယောက်ရဲ့ Gtalk Box ထဲက တွေ့ရတဲ့ အဆိုအမိန့်လေးတစ်ခုပါ။ ကျနော်ကြိုက်လို့ သူ့ခွင့်ပြုချက်ယူပြီး ပို့စ်ရေးဖြစ်တာ။ ဘယ်သူပြောခဲ့တဲ့ စကားလဲဆိုတာတော့ ကျနော်ရှာဆဲပါ။ ကျနော်ဘရားသားလဲ သူ့ကိုယ်ပိုင်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ဘယ်သူ့စာလဲတော့ မသိဘူးတဲ့။ သူလဲ ကြိုက်လို့ တင်ထားတာ တဲ့။ ဒါနဲ့ ကျနော်လဲ Yahoo Answers ကို လှမ်းမေးကြည့်တယ်။ အဖြေသုံးခုပေးတယ်။ တစ်ခုမှ ရေရေရာရာမရှိဘူး။ စာဖတ်သူလဲ ဒီအဆိုကို ဘယ်သူပြောခဲ့တယ်ဆိုတာ တိတိကျကျသိရင် ကျနော့် Cbox ထဲမှာ လက်ဆင့်ကမ်းခဲ့ဖို့ အနူးအညွတ်ပန်ကြားပါရစေ။

“အတိတ်သည် အတွေ့အကြုံဖြစ်သည်” ဆိုတာကိုတော့ လူတိုင်းနားလည်သလို ပြောလဲပြောနေကြပါတယ်။ ဒါပေမဲ့ “ပစ္စုပ္ပန်သည် စမ်းသပ်မှု၊ အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏” ဆိုတာကိုတော့ သိပ်ပြောသံ မကြားရပါဘူး။ ကျနော် နားမထောင်တတ်တာလဲ ပါမှာပေါ့လေ။ တိုက်ရိုက်အဓိပ္ပါယ်မဟုတ်တောင် တခြားနည်းနဲ့ပြောကြတာတွေတော့လဲ ရှိမှာပါပဲ။ ဒီအဆိုအမိန့်က ရှင်းပြီးသားမို့ ကျနော် အထူးရှင်းပြနေစရာတော့ မရှိပါဘူး။ ဒါပေမဲ့ “နာဘူးထပ်မံ” ဆိုသလို ကြားဖူးပြီး သိဖူးပြီးစကားတစ်ခွန်းကို ထပ်မံကြားရ၊ သိရခြင်းဟာ နဂိုရှိရင်းစွဲအသိကို ပိုမိုရှင်းလင်းစေတဲ့အတွက် ကျနော်အနည်းငယ်ပြောချင်ပါသေးတယ်။

ကျနော်တို့ လူသားတွေဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလယန္တယားကြီးတစ်ခုထဲမှာ လည်ပတ်နေကြတဲ့ အရုပ်ကလေးတွေမျှသာဖြစ်ကြပါတယ်။ လက်ရှိပစ္စုပ္ပန်မှာ အတိတ်ရဲ့ အရိပ်တွေကို လွှဲဖယ်ဖို့ ကြိုးစားရင် အနာဂတ်ခရီးသို့ ချီတက်နေကြသူတွေချည်းပါပဲ။ မျှော်လင့်ချက်တစ်ခုခုကို ရင်မှာထွေးပိုက်ပြီး အတိတ်ဆိုတဲ့ မြို့ဟောင်းထဲက ဒရောသောပါးထွက်ပြေးလာကြသူတွေလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ အနာဂတ်မြို့သစ်ကို လျှောလျှောလျှူလျှူ သွားနိုင်ဖို့ ပြင်ဆင်ပေးထားတဲ့ Road Map (လမ်းပြမြေပုံ) တစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ ဒီမြေပုံကို မကြည့်တတ်ကြပါဘူး။ ကြည့်တတ်တဲ့လူနဲ့ မကြည့်တတ်တဲ့လူတွေကို နှစ်စုခွဲလိုက်ရင် မကြည့်တတ်တဲ့လူတွေက ပိုများလိမ့်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။

ကျနော်တို့ အနာဂတ်မှာ ဘာကို မျှော်လင့်ကြသလဲ။ ဒီမေးခွန်းအတွက် အဖြေကို အမျိုးမျိုးပေးကြမှာပါ။
(၁) ခေတ်ကာလအလိုက်၊
(၂) အသက်အရွယ်အလိုက်၊
(၃) ပတ်ဝန်းကျင်အလိုက်၊
(၄) ရှိရင်းစွဲအသိဉာဏ်အလိုက်၊
(၅) အားကျရာအလိုက် စသဖြင့် စသဖြင့် မတူကွဲပြား၊ ခြားနားတဲ့အဖြေကို ပေးကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ုခုသေချာတာကတော့ ဘယ်လိုအဖြေမျိုးပဲဖြစ်ဖြစ် အနာဂတ်မှာ လက်ရှိအနေထားထက် ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို မျှော်လင့်မှုအရိပ်အယောင်ပါတဲ့ အဖြေပဲဖြစ်မှာပါ။ မမျှော်လင့်နိုင်တဲ့သူတွေတောင် မျှော်လင့်နေကြသေးရင် မျှော်လင့်နိုင်တဲ့သူတွေအတွက်တော့ အနာဂတ်ကြီးပွါးရေးဆိုတာ ဘယ်တော့မှ မပျက်ပျယ်တဲ့ အိပ်မက်တစ်ခုဖြစ်နေမှာ သေချာပါတယ်။

အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်စေချင်ရင်တော့ လမ်းပြမြေပုံနဲ့တူတဲ့ အတိတ်ကိုပြန်ကြည့်ရပါလိမ့်မယ်။ တစ်ခါဆုံးရှုံးဖူးတဲ့လူတစ်ယောက်အတွက် နောက်တစ်ခါထိုနည်းတူမဆုံးရှုံးဖို့အရေးမှာ သူ့ရဲ့အတွေ့အကြုံက ပြောပြ၊ညွှန်ပြပါလိမ့်မယ်။ ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်ဖြစ်ရပ်ကို သင်္ခန်းစာလို့ မှတ်ယူပြီး အနာဂတ်မျှော်လင့်ချက်တစ်ခု ရှင်သန်ရေးအတွက် လက်ရှိဘ၀မှာ အသိဉာဏ်ရှိရှိနဲ့ ကြိုးစားတတ်မယ်ဆိုရင် အတိတ်ရဲ့ဆုံးရှုံးမှုဟာ အဲဒီလူအတွက် ကြီးမားသောအထောက်အပံ့ကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးမြန်မာကြီးတွေက နောင်လာနောင်သားများအတွက် “တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်”၊ “ခဲမှန်ဖူးသော စာသူငယ်” စသဖြင့် ပုံဆောင်စရာစကားတွေ အမြောက်အများထားခဲ့ကြပါတယ်။ ဒါကြောင့် “အတိတ်ဆိုတာ အတွေ့အကြုံဖြစ်တယ်” ဆိုတဲ့ ဆုံးမစကားဟာ မှန်ကန်တဲ့ စကားအဖြစ် နားလည်အပ်ပါတယ်။

လူရွယ်လူလတ်မှသည် လူကြီးတွေတိုင်သော လူသားများအားလုံးမှာ ကုန်လွန်ပြီးသော အတိတ်ကိုယ်စီရှိကြပြီးဖြစ်တဲ့အတွက် ပစ္စုပ္ပန်ဆိုတဲ့လက်တွေ့ဘ၀မှာ မိမိတို့ရဲ့ အတွေ့အကြုံကို ဘယ်လိုပြန်သုံးချမလဲဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့အတိတ်ဆိုတဲ့ အတွေ့အကြုံကို
(၁) ဆောင်ရန်အတွေ့အကြုံနဲ့
(၂) ရှောင်ရန်အတွေ့အကြုံရယ် လို့ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားပြီး မြင်နိုင်ပါတယ်။
အောင်မြင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ဟာ ထိုအောင်မြင်မှုမျိုးကိုဖြစ်စေ၊ထိုနည်းတူအောင်မြင်မှုမျိုးကိုဖြစ်စေ၊ ရယူလိုပါက သူ့အတွက် လိုက်နာကျင့်သုံးစရာဆိုတာ တခြားရှာစရာမလိုပါဘူး။ သူ့ကိုယ်တိုင်မှာပဲ ရှိနေပြီးသားပါ။ ပြန်လည်အသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။ နဂိုဉာဏ်ရည်ဉာဏ်သွေးမျိုးနဲ့ နဂိုလုလ္လမျိုးရှိ/မရှိ ဆိုတာပဲ အရေးကြီးပါတယ်။ လုလ္လနဲ့ အသိဉာဏ်ဟာ နဂိုအတိုင်းထပ်တူရှိနေသေးရင် နဂိုထက်သာတဲ့ အောင်မြင်မှုမျိုးရယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူရချင်တဲ့အောင်မြင်မှုမျိုးကို ရခဲ့ဖူးတဲ့ အတွေ့အကြုံရှိနှင့်ပြီးဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံမျိုးကိုတော့ ဆောင်ရန်အတွေ့အကြုံလို့ သတ်မှတ်နိုင်ပါတယ်။

ထိုနည်းတူ ဆုံးရှုံးခဲ့ဖူးတဲ့လူဟာလဲ အထက်မှာပြောခဲ့သလို မိမိဆုံးရှုံးခဲ့စဉ်က အသုံးပြုမိတဲ့ နည်းစနစ်မှားတွေကို ရှောင်ပြီး ပြင်တန်ပြင်၊ ပြောင်းတန်ပြောင်းပြီး လိုအပ်တဲ့အောင်မြင်မှုနဲ့ လိုက်လျောညီထွေရှိမည့် နည်းစနစ်မျိုးကို ရှာဖွေကျင့်သုံးတတ်မယ်ဆိုရင် သူလိုချင်တဲ့ အောင်မြင်မှုမျိုးကို ရမှာမလွဲပါဘူး။ အတိတ်မှာ လွဲခဲ့ဖူးတဲ့နည်းစနစ်တွေဆိုတာ ပစ္စုပ္ပန်အတွက် အသုံးမကျတော့တဲ့ ရှောင်ရန်အတွေ့အကြုံတွေပါပဲ။ ဒါကြောင့် မိမိမှာရှိတဲ့ အတိတ်ဆိုတဲ အတွေ့အကြုံတွေထဲက ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ရင်း ပစ္စုပ္ပန်မှာ ကျင့်သုံးတတ်မယ်ဆိုရင် မိမိမျှော်လင့်ထားသော အနာဂတ်ဆိုတဲ့ ပန်းတိုင်ဟာ အဲဒီလူဆီ မကြာခင်သောကာလမှာ ရောက်ရှိလာမှာဖြစ်ကြောင်း တင်ပြရင်း (E) သုံးလုံးဆုံးမစာကို နိဂုံးချုပ်ပါတယ်။

Thursday, April 16, 2009

ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ခြင်း


Talking much about oneself can also be a means to conceal oneself.

Friedrich Nietzsche (1844-1900)

ကိုယ့်အကြောင်း ကိုယ်များများပြောခြင်းဟာ ကိုယ့်ကိုယ်ကို ဖုံးကွယ်တဲ့ပရိယာယ်တစ်မျိုးလဲ ဖြစ်နိုင်တယ်။

(ဖရက်ဒရစ် နီရှေး)


Achilles Heel (အခီလီးစ်ဟီးလ်) လို့ခေါ်တဲ့ အားနည်းချက်တွေဟာ ကျနော်တို့ လူသားတွေရဲ့သန္တာန်မှာ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ရှိနေတတ်ပါတယ်။ အားနည်းချက်နဲ့ လုံးဝရှင်းရှင်းလွတ်ကင်းတဲ့လူဆိုတာ မရှိသလောက်ရှားပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြစ်ချက် တစ်စုံတစ်ရာမရှိဘူးဆိုတဲ့ လူမျိုးမှာတောင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကတော့ ရှိနေမြဲပါပဲ။ အဲဒါဘာကြောင့်ဖြစ်ရသလဲ၊ အကြောင်းကရှင်းပါတယ်။ ကျနော်တို့လူသားတွေအပါအ၀င် သတ္တ၀ါတိုင်းရဲ့ကိုယ်တွင်းမှာ ကိန်းတည်နေတဲ့ Temperament သို့မဟုတ် Disposition လို့ခေါ်တဲ့ စရိုက်တရားတွေ သောင်းကြမ်းကြလို့ပါပဲ။

စိတ်ပိုင်းဆိုင်ရာစရိုက်တရားတွေဖြစ်တဲ့ တပ်မက်မှု (လောဘ)၊ စိတ်ဆိုးမှု (ဒေါသ)၊ တွေဝေမှု (မောဟ)၊ ယုံကြည်မှု (သဒ္ဓါ)၊ တွေးတောမှု (၀ိတက္က) နဲ့ စူးစမ်းမှု (ဗုဒ္ဓိ) ဆိုတဲ့ သဘောတရားတွေဟာ ကျနော်တို့လူသားတိုင်းနဲ့ အခြားအခြားသော မြင်အပ်/မမြင်အပ်သတ္တ၀ါတိုင်းမှာ အနည်းအများဆိုသလို သံသရာအဆက်ဆက်ရှိနေခဲ့ပါတယ်။ သာမန်ပုထုဇဉ်လူသားတွေရဲ့ ကိုယ်တွင်းမှာ အဲဒီတရားတွေအနက် တရားတစ်ခုခုဟာ အာရုံအလိုက်လွန်ကဲနေတတ်ပါတယ်။ တစ်ခါတလေ အပြင်ပက ဘာအာရုံမှမရတဲ့အခါမျိုးတွေမှာတောင် ယခင်ယူဖူး၊ ရဖူးတဲ့ အာရုံတစ်ခုခုကို မြင်ယောင်ကြားယောင်လာပြီး တပ်မက်မှုစတဲ့ သဘောတရားတစ်မျိုးမျိုးဟာ ထကြွသောင်းကြမ်းလွန်ကဲလာတတ်ပါတယ်။

ဒီအထိ လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်လို့ မျက်မြင်အားဖြင့် မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီတရားတွေထဲက တရားတစ်မျိုးမျိုးဟာ သီးခြားအနေနဲ့ လူတစ်ယောက်ရဲ့စိတ်ထဲမှာ အမြဲ သောင်းကြမ်းတည်ရှိနေတယ်ဆိုရင်တော့ အဲဒီလူကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူရယ်-လို့ ဆိုနိုင်ပါပြီ။ ဥပမာ=ကျနော်တို့ဟာ လူတစ်ယောက်ကို “ဒီကောင် တော်တော်လောဘကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော် ဒေါသကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော့်ကို နမူးနထူးနိုင်တဲ့ကောင်ပဲ” စသဖြင့် ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူရဲ့သန္တာန်မှာ စရိုက်တရားတွေရဲ့ သီးခြားဖြစ်တည်မှုကို မြင်ယောင်လာတတ်ပါတယ်။

လူနှစ်ယောက်၊ သို့မဟုတ် လူသုံးယောက်တို့ဟာ လောဘဖြစ်စရာအာရုံကို ရတာချင်း တူပေမဲ့ တစ်ယောက်သောသူက သူများထက်ပိုပြီးတော့ ထိန်းမနိုင်သိမ်းမရ လောဘဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အဲဒီလူကို လောဘကြီးသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ အဲဒီလူဆီမှာရှိတဲ့ သူများထက်အားကြီးတဲ့လောဘဟာ အဲဒီလူရဲ့ အားနည်းချက်ပါပဲ။ ဒေါသ၊ မောဟစတဲ့ သဘောတရားတို့ရဲ့ ဖြစ်တည်မှုကိုလဲ ထိုနည်းတူ နားလည်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဆိုတာ ဒီလိုစရိုက်တွေရဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ပေါ်နေမှုကို ဆိုလိုပါတယ်။

သို့သော်လဲ ကျနော်တို့လူသားတွေမှာ ဒီစရိုက်တွေအပြင် အခြားအခြားသော သဘာဝတရားတွေလဲ ရှိနေပါသေးတယ်။ ဉာဏ် သို့ဟုတ် ပညာဆိုတာလဲ စရိုက်တွေထဲက ဗုဒ္ဓိဆိုတဲ့ သဘောတရားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ လုပ်ဆောင်ပုံ (Function) အနည်းငယ်ကွဲပြားတဲ့အတွက် ပညာကိုပဲ ဗုဒ္ဓိဆိုတဲ့အမည်နဲ့ စရိုက်ထဲထည့်ထားတာပါ။ အဲဒီပညာက ကျနော်တို့လူသားတွေကို အခြားအခြားသော တိရစ္ဆာန်တွေနဲ့ ကွဲပြားခြားနားအောင် ဖန်တီးပေးထားပါတယ်။ ပညာရဲ့သတ္တိကြောင့် လူသားတွေဟာ ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိကြပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အားနည်းချက်ကိုလဲ သိလာကြရပါတယ်။ ကိုယ့်မှာဘာအားနည်းချက်ရှိသလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ဖာသာမေးရင်း ကိုယ့်ဖာသာဖြေနိုင်ကြပါတယ်။

အားနည်းချက်ကို သိလာရတဲ့အခါမှာ လူအတော်များများဟာ ဖုံးကွယ်ဖို့ ကြိုးပန်းကြတတ်ပါတယ်။ ဒါလဲ လူသားတွေရဲ့ သဘာဝတရားတစ်မျိုးပါပဲ။ ဒီသဘောသဘာဝကို မာယာ (မိမိအပြစ်ကို ဖုံးကွယ်ခြင်း)နဲ့ သာဌေယျ (ဟိတ်ဟန်ထုတ်ခြင်း) လို့ ခေါ်ပါတယ်။ မာယာ၊ သာဌေယျဆိုတဲ့ တရားတွေဟာ ကာယုဇုကတာ (စေတသိက်တို့၏ရိုးသားမှု)၊ နဲ့ စိတ္တုဇုကတာ(စိတ်၏ရိုးသားမှု) ဆိုတဲ့ တရားတွေနဲ့ ဖြောက်ဖြောက်ကြီး ဆန့်ကျင်ကြတဲ့အတွက် အားနည်းချက်ကို ဖုံးဖိဖို့ရာ မာယာ၊ သာဌေယျတွေကို သုံးလိုက်တာနဲ့ အဲဒီလူဆီက ရိုးသားမှုဆိုတဲ့ အလွန်လေးစားမြတ်နိုးအပ်တဲ့ ဂုဏ်ပုဒ်ဟာ ချက်ချင်းထွက်ပြေးပျောက်ကွယ်သွားတတ်ပါတယ်။

အားနည်းချက်ကို ဖုံးကွယ်ဖို့အရေး နည်းလမ်းအမျိုးမျိုးသုံးလာရပါတော့တယ်။ အဲဒီထဲမှာ ဂျာမန်ဒဿနဆရာကြီးနီရှေးပြောတဲ့ ကိုယ့်အကြောင်းကို များများပြောဆိုခြင်းဟာလဲ တစ်ခုအပါအ၀င်ပါပဲ။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးကွယ်နေစရာမလိုပါဘူး။ နားလည်မှုရှိတဲ့လူသားတွေဟာ ကိုယ်ကိုယ်တိုင်လဲ အားနည်းချက်တစ်မျိုးမျိုးနဲ့ မကင်းနိုင်တဲ့အတွက် တစ်ဘက်လူရဲ့ အားနည်းချက်ကို တွေ့တဲ့အခါ ခွင့်လွှတ်နိုင်ကြပါတယ်။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးဖိဖို့ကြိုးစားလေလေ ပေါ်လွင်လာလေလေပါပဲ

ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ပတ်သက်ပြီးပြောရရင်တော့ ကျနော်တို့မြန်မာစကားပုံထဲက “ကန်းဆော့၊ ကျိုးမော့”ဆိုတဲ့ စကားကို ယူပြီးပြောရပါလိမ့်မယ်။ မျက်လုံးကန်းနေတဲ့လူဟာ မျက်လုံးကန်းခြင်းဆိုတဲ့ သူ့ရဲ့အားနည်းချက်ကို ဖုံးဖိချင်တဲ့အခါ ငြိမ်ငြိမ်မနေပဲ မျက်လုံးကောင်းတဲ့လူတွေလို လုပ်နိုင်ပါတယ်ဆိုတာကို သိစေချင်တဲ့အတွက် ဟိုဟိုဒီဒီလှုပ်ရှားမှုတွေလုပ်နေတတ်ပြီး ခြေထောက်ကျိုးနေတဲ့လူဟာလဲ သူများနည်းတူ သွားလာနိုင်တယ်ဆိုတာကို ပြချင်တဲ့အတွက် ရောက်တတ်ရာရာသွားလာနေတတ်ပါတယ်။ နားပင်းနေတဲ့လူတွေဆို ပိုပြီးရယ်စရာကောင်းပါသေးတယ်။ သူတို့နားပင်းတာကို ဖုံးဖိချင်တဲ့အတွက် သူများပြောနေတဲ့စကားဝိုင်းထဲ ၀င်လာပြီး သူများရယ်တိုင်းလိုက်ရယ်၊ ပြီးတော့ သူများပြောနေတဲ့စကားနဲ့ အဆက်အစပ်မရှိ၊ အဆီအငေါ်မတည့်တဲ့ စကားတွေကို ပြောမိတတ်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ့်အားနည်းချက်ကို ဖုံးဖိဖို့ကြိုးပန်းတဲ့လုပ်ရပ်တွေချည်းပါပဲ။

ကျနော်အထက်မှာ ပြောခဲ့သလို လူတိုင်းမှာ အနည်းအများဆိုသလို အားနည်းချက်ကိုယ်စီ ရှိနေကြတဲ့အတွက် မာယာ၊ သာဌေယျဆိုတဲ့ တရားဆိုးတွေကို သုံးပြီး မိမိအားနည်းချက်ကို ဖုံးကွယ်ဖို့ကြိုးပန်းရင်း ကိုယ့်ကိုယ်ကို လူဘောင်အလယ်မှာ အရှက်ကွဲအောင် လွဲလွဲမှားမှား မပြုမူမိစေဖို့ အရေးကြီးပါတယ်။ ဘယ်လိုအားနည်းချက်မျိုးပဲ ရှိနေရှိနေ ရိုးရိုးသားသား ကျင့်သုံးနေထိုင်တတ်ရင် ကိုယ်ကိုယ်တိုင်လဲ လွတ်လပ်မှုရှိပြီး စိတ်ချမ်းသာစွာနေနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကလဲ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်ပြီး လိုအပ်တဲ့အခါ အကူအညီများစွာပေးနိုင်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ရိုးသားနိုင်ကြပါစေ---။


Wednesday, April 15, 2009

မှန်ကန်တဲ့ဆုံးဖြတ်ချက်


Good judgment comes from experience, and often experience comes from bad judgment.

(Rita Mae Brown)

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံက ရတတ်ပြီး အဲဒီအတွေ့အကြုံဆိုတာလဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာရတတ်တယ်။

(ရီတာမေဘရောင်း)

ကောင်းလိုက်တဲ့ အိုင်ဒီယာလေးဗျာ။ မှန်လိုက်သည်ဖြစ်ခြင်း လို့ပြောရင်တောင် ရတယ်။ လူတိုင်းရဲ့အဖြစ်သနစ်ကို ထိုးထွင်းသိမြင်ပြီးပြောထားတဲ့စကားတစ်ခွန်းဖြစ်ကြောင်း လူတိုင်းဝန်ခံနိုင်မယ်ထင်ပါရဲ့။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတဲ့ ရလာဒ်ကောင်းတစ်ခုကို အကြောင်း+အကျိုးအဆင့်ဆင့်တွေးပြသွားတယ်။

(၁) မှားယွင်းတဲ့ဆုံးဖြတ်ချက်ဆိုတဲ့ အကြောင်းကြောင့် (အကြောင်း)
(၂) မလိုအပ်တဲ့ အကျိုးဖြစ်ရတတ်ပုံ (အကျိုး)
(၃) ဒီလိုရလာဒ်ဆိုးမျိုးကို အကြောင်းပြု၊ သင်္ခန်းစာယူပြီး (အကြောင်း)
(၄) နောက်တစ်ခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပုံ (အကျိုး) တွေကို အဆင့်ဆင့်တွေးပြသွားခြင်းပါ။

ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ရှင်သန်နေထိုင်နေရသမျှကာလတွေဟာ ကျနော်တို့ကို ဆုံးဖြတ်တစ်ခုခုချဖို့ အမြဲမပြတ် ဆော်သြနေလေ့ရှိတာကို သတိမူကြသူတိုင်း နားလည်ကြမှာပါ။ ပါစက၀မ်းမီးရဲ့စေ့ဆော်မှုကြောင့် မွတ်သိပ်ဆာလောင်မှုဖြစ်တဲ့အခါမျိုးမှာတောင် ကျနော်တို့ဟာ မသိစိတ်ရဲ့ဆုံးဖြတ်မှုကို နာခံနေကြရပါတယ်။ မြန်မာစကားပုံမှာ “အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုပ်” ဆိုတဲ့ စကားတွေဟာ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ရလာတဲ့ အတွေ့အကြုံဆိုးတွေကို မီးမောင်းထိုးပြနေကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒုက္ခဘုံတွင်းက ဒုက္ခကောင်များပီပီ ကျနော်တို့လူသားတွေဟာ ကိုယ်တိုင်ကျကျနန ဒုက္ခမခံရသေးပဲ လူပြောသူပြောစကားလောက်နဲ့ အတွေ့အကြုံမယူချင်ကြပါဘူး။ ဒုက္ခသဘောကို နားမလည်ချင်ကြပါဘူး။ ဒါကြောင့် သိသိကြီးနဲ့ မှားမှားယွင်းယွင်းဆုံးဖြတ်ချက်ချပြီး ခါးသီးတဲ့ အတွေ့အကြုံမျိုးကို ရှာမှီးချင်ကြပါတယ်။ ဒီလမ်းကို သွားရင် သေမယ်ဆိုတာ သိပါလျှက်နဲ့ မသေသေးတဲ့အတွက်ကြောင့်ဖြစ်စေ၊ သေလောက်တဲ့ဒုက္ခမျိုးနဲ့မတွေ့သေးတဲ့တွက်ကြောင့်ဖြစ်စေ အရဲစွန့်သွားဖို့ ဆုံးဖြတ်မိတတ်ပါတယ်။ ဒါဟာ ကျနော်တို့ လူသားတွေရဲ့ ပြုပြင်လို့မရနိုင်တဲ့ ခေါင်းမာမှုတစ်မျိုးဖြစ်တယ်လို့ ကျနော်သတ်မှတ်ချင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ဒီလိုပဲလေ။

ဒါပေမဲ့ ကိုယ့်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ရလာဒ်ဆိုးနဲ့ တကယ့်ကိုနဖူးတွေ့၊ ဒူးတွေ့ တွေ့လာရတဲ့အခါကျတော့ ငါမှားလေခြင်းရယ်လို့ ငိုခြင်းချလဲ နောက်ကျသွားခဲ့ပါပြီ။ အဲဒီဒုက္ခမှ ကံသီလို့လွတ်မြောက်လာတဲ့လူတွေ၊ တွေ့လိုက်ရတဲ့အတွေ့အကြုံကို ကိုယ့်ဘ၀အတွက် တန်ဖိုးရှိတဲ့သင်္ခန်းစာအဖြစ် အသုံးချတတ်တဲ့လူတွေအတွက်တော့ အဲဒီအတွေ့အကြုံဟာ နောင်တစ်ချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ အင်အားကြီးတစ်ခုဖြစ်ကြောင်း နားလည်နိုင်ပါတယ်။

(၁) ပညာရှိသူတို့သည် သူတပါးတို့၏အမှားများမှ သင်္ခန်းစာ ယူတတ်ကြကုန်၏။
(၂) ပညာမရှိသူတို့သည် မိမိတို့၏ အမှားများမှ ရံခါ အနည်းငယ် သင်္ခန်းစာယူတတ်ကြကုန်၏။
(၃) လူမိုက်တို့သည်ကား မိမိတို့၏ အမှားများမှသော်လည်း ဘယ်သောအခါမှ သင်္ခန်းစာမယူတတ်ကြကုန်။

ကျနော်ကြားဖူးတာလေး ရေးလိုက်တာပါ။ ဒီအတိုင်း တစ်ထပ်တည်းဟုတ်ချင်မှ ဟုတ်မယ်။ ဆရာဦးအောင်သင်းပြောဖူးတာလေး နားထောင်ဖူးလို့။ ကျနော် ပညာရှိနဲ့ လူမိုက်အကြားမှာ ပညာမရှိသူကို ထည့်ထားပါတယ်။ ပညာမရှိတဲ့သူကို လူမိုက်လို့ ကျနော်မဆိုရဲလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပညာမရှိသူဟာ သူ့ကိုယ်သူပဲ ဒုက္ခပေးတတ်ပါတယ်။ သူ့ပတ်ဝန်းကြင်ကိုတော့ ဒုက္ခမပေးတတ်ပါဘူး။ လူမိုက်ကတော့ သူ့ကိုယ်သူလဲ ဒုက္ခပေးတတ်ပြီး သူ့ပတ်ဝန်းကြင်ဟာလဲ သူ့ကြောင့် စိတ်သောကရောက်နေရတတ်ပါတယ်။

လူသားတွေအများစုဟာ ပညာရှိနဲ့ လူမိုက်ဆိုတဲ့ အချင်းအရာနှစ်မျိုးကြားက ပညာမရှိသူတွေပဲ များတယ်လို့ ကျနော်မှတ်ယူပါတယ်။ လူတစ်ယောက်ကို ပညာရှိ (သို့မဟုတ်) လူမိုက်လို့ သတ်မှတ်ဖို့အတွက် အတော်ခက်ပါတယ်။ အဲဒီတော့ “ပညာမရှိသူ”လို့ ကြားချပြီး ကျနော်ကတော့ သတ်မှတ်ချင်ပါတယ်။ ကျနော်တို့ဟာ နေ့စဉ်ဘ၀က ပေးတဲ့အတွေ့အကြုံတွေကို ဘ၀သင်္ခန်းစာကောင်းတွေအဖြစ် ရံခါယူလေ့ရှိပြီး ရံခါ မသိကျိုးကျွံ ပြုနေတတ်ကြပါတယ်။ ကိုယ့်စိတ်နဲ့အံဝင်တဲ့ဟာမျိုးကိုတော့ လက်ခံချင်ကြပြီး ကိုယ့်စိတ်နဲ့ မကိုက်တဲ့ဟာမျိုးတွေကိုတော့ ကောင်းမှန်း/အကျိုးရှိမှန်းသိသိတိုင် ဘေးဖယ်ထားချင်ကြပါတယ်။

ဒီလိုသဘောသဘာဝရှိတဲ့ လူတွေဟာ အများစုရယ်ပါ။ ဒီလူတွေအားလုံးကို အဘယ်မှာ ပညာရှိစာရင်း သွင်းကောင်းအံနည်းလို့ ကျနော်ဆိုချင်ပါတယ်။ ကျနော့်ကိုလဲ ပညာမရှိသူစာရင်းမှာပဲ ထည့်ပေးကြပါ။ တကယ်တော့ ကျနော်လဲ ပညာရှိမဖြစ်ချင်သေးပါဘူး။ ပညာရှိမဖြစ်ချင်သလို လူမိုက်စာရင်းလဲ မပေါက်ချင်ပါဘူးဗျာ။ ဒါကြောင့် ကြားထဲမှာပဲ ခိုကပ်နေပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လဲ ရံခါသင်္ခန်းစာယူတတ်ပြီး ရံခါမသိယောင်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။

ရီတာမေဘရောင်းက “အတွေ့အကြုံတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ်” လို့ ဆိုပေမဲ့ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ ဘယ်အရာမဆို ယူတတ်သူတွေသာ ရတတ်ကြပါတယ်။ ကျနော်တို့တတွေအများစုဟာ ယူတတ်သူနည်းပါတယ်။ နေ့စဉ်ဘ၀မှာ ကိုယ့်ပတ်ဝန်းကျင်ကရော ကိုယ်ကိုယ်တိုင်မှာပါ အတွေ့အကြုံတွေရှိနေ၊ ရနေပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချဖို့အရေးမှာကျတော့ စိတ်ဓာတ်ထွေပြား၊ နှေးကွေးသွားပြီး တစ်ပါးသူကို အားကိုးမိတတ်ကြပါတယ်။ ဒါကိုပဲ ကိုယ့်ကိုယ်ကို လူညံ့စာရင်းထဲမထည့်ချင်တဲ့လူတွေကတော “သူများကို အားကိုးတယ်လို့ မသုံးပဲ သူများဆီက အကြံအဉာဏ်ယူတာပါ” လို့ဆိုတတ်ကြပါတယ်။

အတွေ့အကြုံဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ် ဆိုတဲ့ စကားဟာ လူတိုင်းအတွက် မဟုတ်ပေမဲ့ တကယ်မှန်ကန်တဲ့စကားဖြစ်ကြောင်းကိုတော့ ငြင်းစရာမရှိပါဘူး။ ပညာရှိတွေအတွက် မဆိုထားနဲ့၊ ပညာမရှိတဲ့လူတွေအတွက်တောင် ဒီစကားက နားဝင်နိုင်စရာ၊ လက်ခံနိုင်စရာပါ။ ဒါကြောင့် ကျနော်တို့ဟာ အနာဂတ်ကြီးပွါးရေးလမ်းကြောင်းပေါ် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့အရေး နေ့စဉ်ဘ၀ထဲက အတွေ့အကြုံတွေကို မှန်မှန်ကန်ကန်ထုတ်ယူနိုင်အောင် မျက်စိဖွင့်၊ နားစွင့်နေကြရမှာဖြစ်ကြောင်း အာဘော်ထိုး နိုးဆော်လိုက်ပါတယ်။

အာဏာရှင်တွေရဲ့ ရုပ်သေးစင်


Court not the critic's smile nor dread his frown.

Sir Walter Scott (1771-1832)

တရားရုံးဆိုတာ ခြောက်တိုင်းလဲ မကြောက်ဘူး၊ မြှောက်တိုင်းလဲ မမြောက်ဘူး။

(ဆာဝေါလ်တာစကော့တ်)

ဆာဝေါလ်တာကတော့ “တရားရုံးဆိုတာ ခြောက်တိုင်းလဲမကြောက်တဲ့ မြှောက်တိုင်းလဲ မမြောက်တဲ့နေရာပါ” တဲ့။ ဟုတ်မှာပါ။ တရားရှိတဲ့တိုင်းပြည်တွေ၊ နိုင်ငံအုပ်ချုပ်သူတွေရဲ့အာဏာ တရားရုံးအောက်မှာ ရှိတဲ့တိုင်းပြည်တွေအတွက်တော့ သူ့အဆိုဟာ မှန်မှာပါပဲ။ သူ့အဆိုဟာ အစိုးရစနစ်ကြီးတစ်ခုကို ကိုယ်စားပြုတဲ့အဆိုပါ။ အဲဒီစနစ်ကတော့ ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အလိုတော်စနစ်ကြီးပါပဲ။ ဒီမိုကရေစီစနစ်အောက်မှာရှိတဲ့ တရားရုံးတွေကတော့ အုပ်ချုပ်သူတွေရဲ့ အာဏာကို ဂရုစိုက်စရာမလိုပဲ ပြဌာန်းထားတဲ့ တရားဥပဒေစည်းကမ်းအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာတော့ တရားရုံးဆိုတာ ဇာတ်ဆရာအလိုကျ လက်လှုပ်၊ ချေလှုပ် လုပ်ရတဲ့ ရုပ်သေးရုပ်လေးတွေကို ပွဲထုတ်တည်ခင်းရာ ရုပ်သေးစင်ကြီးတစ်ခုပါပဲ။ တရားသူကြီးတွေဟာ မိမိတို့ထမင်းအိုးမကွဲရေးအတွက် အုပ်ချုပ်သူအာဏာရှင်တွေရဲ့အလိုကျ ဆုံးဖြတ်ကြရရှာပါတယ်။ ဒီအတွက်သူတို့ကို အပြစ်ဆိုရင်လဲ ဆိုတဲ့လူမောရုံပဲ ရှိမှာပါ။ ပုထုဇဉ်တွေပဲလေ၊ အကြောက်တရားနဲ့ အသက်ရှင်နေကြရရှာတာမို့လား။ အဲဒီလို အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ပါးစပ်ပေါက်တွေဟာ ပြည်သူလူထုကို ကိုယ်စားမပြုနိုင်ရှာပဲ မင်းလိုလိုက်မင်းကြိုက်လုပ်နေကြရတော့တာပါပဲ။

“သူ့ဆန်စား ရဲမှ” ဆိုတဲ့စကားအတိုင်း အာဏာရှင်ပေးသမျှယူ၊ ကျွေးသမျှစားပြီး သူ့အလိုကျဆုံးဖြတ်ကြရတဲ့ တရားသူကြီးဆိုသူတွေရဲ့ တရားရုံးတွေဟာ ပြည်သူလူထုရဲ့ အားကိုးရာမဖြစ်ကြပဲ လူထုကို ချိန်းခြောက်၊ ဂျောက်ချတဲ့ နေရာကြီးသဘွယ်ဖြစ်နေပါတော့တယ်။ အဲဒီတရားရုံးတွေရဲ့ ဥပဒေစာအုပ်တွေ၊ တရားရေးရာပေလွှာတွေဟာလဲ သက်ဆိုင်ရာအာဏာရှင်တွေရဲ့ အာဘော်ကျရေးသားထားကြရပြီး အာဏာရှင်တွေရဲ့ ရာဇပလ္လင်ဖင်မြဲရေးကို ကျားကန်ပေးထားကြရတာက များပါတယ်။ ဒါကြောင့် ဆာဝေါလ်တာရဲ့ အဆိုဟာ သူတို့အတွက်တော့ ပျက်လုံးတစ်ခုလို ဖြစ်နေမှာပါပဲ။

အာဏာရှင်ဝါဒီအောက်က ခြောက်တိုင်းလဲကြောက်ရတဲ့အပြင် မြှောက်တိုင်းလဲ မြောက်နေကြရတဲ့ တရားသူကြီးတွေဟာ တကယ်တော့ ကိုယ့်ကိုယ်ကို မှန်မကြည့်ဝံ့လောက်အောင် အကျည်းတန်ရုပ်ဆိုးနေမှန်း သူတို့ကိုယ် သူတို့သိကြပါတယ်။ ရှေ့နေဆိုသူတွေဟာလဲ အာဏာရှင်တွေရဲ့ရှေ့ကပဲ နေကြရတော့တာပါပဲ။ အာဏာရှင်တွေရှေ့ကမနေပဲ ပြည်သူ့ဆန္ဒတစ်စုံတရာကို ကိုယ်စားပြုလျှောက်လဲမိလို့ နောက်တန်းရောက်သွားကြရရှာတဲ့ ရှေ့နေတွေရှိပေမဲ့ သူတို့ကိုယ်တိုင်ရဲ့မိသားစုဒုက္ခအ၀၀နဲ့ ကြုံတွေ့လာကြရတဲ့အခါမှာတော့ တရားဆိုတာကို မျက်ကွယ်ပြုပြီး မိသားစုထမင်းအိုးလေး မီးခိုးမစဲဖို့ရာ အရဲစွန့်ကြရပြန်ပါတယ်။

လာဘ်စားမှုဆိုတာနိုင်ငံတိုင်းမှာ အနည်းအများရှိနေပေမဲ့ တရားမဲ့တဲ့အာဏာရှင်နိုင်ငံတွေမှာတော့ တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့၊ ပြောင်ကျကျလုပ်လို့ရတဲ့ စီးပွါးရေးဆိုးကြီးတစ်ခုဖြစ်နေပါပြီ။ တရားသူကြီးဆိုသူတွေဟာ လုပ်ပိုင်ခွင့်လက်ဝယ်ရယူထားတဲ့ အုပ်ချုပ်သူအာဏာရှင်တွေနဲ့ပေါင်း၊ မိမိတို့လုပ်ချင်သမျှကို ပုဒ်မအမျိုးမျိုးတပ်ပြီး ပြည်သူလူထုကို နှိပ်စက်ကြတော့တာပါပဲ။ ဒီအဖြစ်အပျက်တွေဟာ အာဏာရှင်တွေ အုပ်စိုးတဲ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ မသိချင်ဆုံးသိနေရ၊ မကြားချင်ဆုံးကြားနေရတဲ့ သတင်းတွေပါ။

တရားသဖြင့်ပေါ်လာတဲ့မိမိဆန္ဒကို ထုတ်ဖေါ်ပြောကြားမိလို့ လက်ရှိဥပဒေအရအပြစ်ရှိတယ်ပြောပြီး သံတိုင်နောက်အပို့ခံကြရတဲ့ ပြည်သူ့သားကောင်းတွေဟာ ဒိအတွက်သူတို့ကိုယ်တိုင်မမှုကြပေမဲ့ သူတို့ကြောင့်မျက်ရည်အသွယ်သွယ်စီးနေကြရရှာတဲ့ မိခင်၊ ဖခင်နဲ့ ချစ်သူသက်ထား၊ ဇနီးမယား၊ သမီးသားတို့အတွက် ရတက်မအေး ပူဆွေးကြရပါတယ်။ ဒီသားကောင်းတွေအတွက် တရားသူကြီးဆိုသူတွေ၊ ရှေ့နေဆိုသူတွေရဲ့ အခန်းကဏ္ဍက ဘာလဲ။ တရားနည်းလမ်းအတိုင်း လျှောက်လှဲခွင့်မရှိတဲ့ ရှေ့နေတွေနဲ့ ဥပဒေစည်းကမ်းအတိုင်းဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ တရားသူကြီးတွေရဲ့ဘ၀ဟာ တကယ်တော့ သံတိုင်ကြားက နိုင်ငံသားကောင်းတွေရဲ့ ဘ၀ထက်တောင် သနားစရာကောင်းပါသေးတယ်။ သူတို့ဟာ ခြောက်တိုင်းကြောက်ပြီး မြှောက်တိုင်းမြောက်နေကြရရှာတဲ့ ရုပ်သေးရုပ်လေးတွေရယ်လေ။


Saturday, February 7, 2009

ရန်သူတစ်ယောက်နှင့် မိတ်ဆွေဆယ်ယောက်


One enemy can do more hurt than ten friends can do good.

Jonathan Swift (1667-1745)

မိတ်ဆွေဆယ်ယောက် ကောင်းကျိုးပြုနိုင်တာထက် ရန်သူတစ်ယောက်က ပိုပြီးဆိုးကျိုးပြုနိုင်တယ်။
(ဂျိုနသန်ဆွစ်)


မိတ်ဆွေဖြစ်ခြင်း၊ ရန်သူဖြစ်ခြင်းသဘောတရားတွေဟာ လူရယ် သို့မဟုတ် တိရစ္ဆာန်ရယ်လို့ ခွဲခြားမှုမရှိပါ။ ရန်သူဖြစ်ခြင်းဟာ ကြောက်စိတ်၊ မနာလိုစိတ်၊ မုန်းတီးစိတ်စတဲ့ ဒေါသအုပ်စုဝင် သဘောတရားများကို အခြေခံပြီးဖြစ်ရသလို မိတ်ဆွေဖြစ်ခြင်းဟာလဲ အချင်းချင်းအကျိုးပြုချင်တဲ့စိတ်၊ ရင်းနှီးတဲ့စိတ်စတဲ့ မေတ္တာအုပ်စုဝင် သဘောတရားများကို အခြေခံပြီးဖြစ်ကြောင်း ကျနော်တို့လူသားတွေ နားလည်ထားကြပါတယ်။ ဒါကြောင့် ဒေါသစိတ်ရှိတဲ့ သက်ရှိမှန်သမျှ အချင်းချင်း ရန်သူဖြစ်နိုင်ကြသလို မေတ္တာစိတ်ရှိတဲ့ သက်ရှိမှန်သမျှဟာလဲ မိတ်ဆွေဖြစ်နိုင်ကြပါတယ်။

မိတ်ဆွေ/ရန်သူခွဲခြားမှုနဲ့ပတ်သက်ပြီး ကျနော်တို့လူ့လောကရဲ့မှတ်ချက်ကတော့ အကျိုးလိုလားသူကို မိတ်ဆွေ၊ အကျိုးမလိုလားသူကို ရန်သူလို့ ယေဘုယျအားဖြင့် ခွဲခြားနားလည်ထားကြပါတယ်။ ကျနော်တို့လူသားတွေမှာ မေတ္တာနဲ့ ဒေါသဆိုတဲ့ အကျိုးပြုစိတ်/အကျိုးမဲ့ပြုစိတ်နှစ်မျိုးစလုံးရှိကြတဲ့အတွက် မိတ်ဆွေနဲ့ရန်သူဆိုတဲ့ ဆန့်ကျင့်ဘက်နှစ်မျိုးဟာလဲ တစ်ပြိုင်နက်တည်း ရှိနေတတ်ကြပါတယ်။ ထိုနည်းတူ ကိုယ်ကိုယ်တိုင်ဟာလဲ တစ်စုံတစ်ယောက်ရဲ့ မိတ်ဆွေ သို့မဟုတ် ရန်သူဖြစ်နေတတ်ပြန်ပါတယ်။ ဒီသဘောတရားဟာ ပြုပြင်လို့မရစကောင်းတဲ့ လောကနိယာမကြီးတစ်ခုလို့ အများနားလည်ထားကြပြီးသားပါ။

မိတ်ဆွေကောင်းကို လိုလားတဲ့လူတစ်ယောက်ဟာ တစ်ဘက်သားဟာ ကိုယ့်အပေါ်ဘယ်အထိမိတ်ဆွေကောင်းပီသသလဲလို့ တွေးနေမည့်အစား ကိုယ်ဟာ တစ်ဘက်သားအပေါ် ဘယ်အတိုင်းအတာအထိ မိတ်ဆွေကောင်း ပီသနိုင်သလဲ ဆိုတဲ့မေးခွန်းကို အရင်မေးရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူများအပေါ်မိတ်ဆွေကောင်းမဖြစ်နိုင်ပဲနဲ့ မိတ်ဆွေကောင်းရရှိဖို့ မျှော်လင့်နေခြင်းဟာ ထီမထိုးပဲ ထီပေါက်ချင်နေတဲ့လူနဲ့ အတူတူပါပဲ။ ရန်သူဖြစ်ခြင်းသဘောမှာလဲ ဒီအတိုင်းပဲလို့ ကျနော်နားလည်မိပါတယ်။ ကိုယ်က တစ်ဘက်လူအပေါ် အကြောင်းတစ်ခုခုကြောင့် ရန်သူစိတ်မွေးထားရင် တစ်ဘက်သားကလဲ ထပ်တူပြန်လည်တုန့်ပြန်မှာပါပဲ။

အကြီးစားသူတော်ကောင်းကြီးတွေမဟုတ်သေးသမျှတော့ ကျနော်တို့ဟာ မိတ်ဆွေ/ရန်သူဆိုတဲ့ဝေါဟာတွေနဲ့ နေ့စဉ်ဘ၀မှာ လုံးထွေးရှင်သန်နေကြရဦးမှာပါ။ ကျနော်တို့ရဲ့ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဟာ ဘာ့ကြောင့် ကိုယ့်ရဲ့မိတ်ဆွေဖြစ်လာသလဲ/ အဘယ့်ကြောင့် ရန်သူဖြစ်သွားသလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာမှာဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေကို ကျကျနနအဖြေပေးနိုင်တဲ့နေ့မှာ ကိုယ့်ဘ၀မှာ ရန်သူနည်းပါးပြီး မိတ်ဆွေများလာမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ မိတ်ဆွေဖြစ်ပြီးသားလူတွေ ရန်သူဖြစ်မသွားဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ မိတ်ဆွေအဖြစ်က ရန်သူဖြစ်သွားတဲ့လူတစ်ယောက်ဟာ မိတ်ဆွေမဖြစ်ဖူးပဲ ရန်သူဖြစ်နေတဲ့လူထက် ပိုမိုအန္တရယ်ရှိလို့ပါ။ နောက်ပြီးတော့ ရန်သူတစ်ယောက်ဟာ အမြဲတမ်းရန်သူအသွင်ဆောင်နေရင် သိပ်ကြောက်စရာမကောင်းသေးဘူး။ အဲဒီရန်သူဟာ မိတ်ဆွေအသွင်ဆောင်လာပြီဆိုရင်တော့ ရှိသမျှသတိတွေ အကုန်စုပြုံပြီး ထားပေတော့။

ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတဲ့လူတစ်ယောက်ဟာ ကိုယ့်အားနည်းချက်ကို ပိုမိုသိပါတယ်။ တကယ်လို့များ သူက ကိုယ့်အပေါ်အန္တရာယ်တစ်စုံတရာပြုချင်တယ်ဆိုရင် အခြားလူတွေထက်ပိုပြီးတော့ ပြုလို့ရနိုင်တဲ့နည်းလမ်းကိုသိပါတယ်။ ထိုနည်းတူပဲ ရန်သူက မိတ်ဆွေအသွင်ဆောင်လာပြီဆိုကတည်းက ကိုယ့်ကို မုချအန္တရာယ်ပြုတော့မယ်၊ အနီးကပ်ပူးသတ်တော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။ ကမ္ဘာပေါ်မှာ လုပ်ကြံခံခဲ့ကြရတဲ့ ခေါင်းဆောင်ကြီးတွေအများစုနဲ့ သာမန်လူအများစုဟာလဲ မိတ်ဆွေအဖြစ်က ရန်သူဖြစ်သွားတဲ့လူတွေရဲ့လက်ချက်နဲ့ ရန်သူက မိတ်ဆွေအသွင်ဆောင်လာတဲ့ လူတွေရဲ့လက်ချက်က အဓိကနေရာမှာ ပါဝင်ပါတယ်။ ရန်သူဆိုတဲ့ နေရာမှာလဲ ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူထက် ကိုယ့်လောက်အင်အားမရှိတဲ့ ရန်သူဟာ ပိုပြီးတော့ကြောက်စရာကောင်းပါတယ်

ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူဟာ ဒုက္ခပေးချင်ရင် တိုက်ရိုက်ပေးတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်လောက်အင်းအားမရှိတဲ့ရန်သူကတော့ ကိုယ့်ကိုဒုက္ခပေးနိုင်မည့်နည်းလမ်းအမျိုးမျိုးကို စဉ်းစားပြီး သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ၊ အခြားမသမာနည်းနဲ့ဖြစ်စေ အန္တရာယ်ပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ထက်အင်အားနည်းတဲ့ရန်သူကို ပိုမိုသတိထားဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုကျကျနနဒုက္ခပေးနိုင်မည့် ရန်သူတစ်ယောက်ရှိနေပြီဆိုရင် အဲဒီလူရဲ့ဘ၀ဟာ မိတ်ဆွေဆယ်လောက် ကိုယ့်အနားမှာရှိနေလဲ ငြိမ်းချမ်းစွာနေခွင့်မရှိတော့ပါဘူး။ ဘယ်နေ့ဘယ်အချိန်ထပြီး အန္တရာယ်ပြုလာမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်နဲ့ တထိတ်တလန့်နေနေရတတ်ပါတယ်။

ရန်သူတစ်ယောက်တကယ်ဒုက္ခပေးလာပြီဆိုရင် မိတ်ဆွေဆယ်ယောက်လဲ မကယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ သူတို့ကိုယ်တိုင်ဟာလဲ တစ်ဘက်ရန်သူရဲ့ ရန်သူဖြစ်သွားကြလို့ပါပဲ။ သူတို့ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းကို စဉ်းစားရင် ထိတ်လန့်နေကြရတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှတော့ လောကအလယ် ရှင်သန်နေထိုင်ရတဲ့အခိုက်မှာ ရန်သူမရှိပဲ နေနိုင်အောင်နေတတ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။ ဒီထက်ပိုပြီးအရေးကြီးတာကတော့ ဖြစ်ပြီးသား ရှိပြီးသားမိတ်ဆွေတွေ ရန်သူအဖြစ်ရောက်မသွားအောင် ကိုယ်ကိုယ်တိုင် သူတို့အပေါ် မိတ်ဆွေကောင်းပီသနေဖို့ပါပဲ။ ကျနော့်ပို့စ်ကို ဖတ်မိသူအားလုံး ရန်သူနည်းပါး မိတ်ဆွေများပြီး စိတ်လက်ချမ်းသာစွာ နေနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Sunday, January 25, 2009

အနာခံမှ အသာစံ

ကျနော် အင်္ဂလိပ်စာကို ကောင်းကောင်းမသင်ခင် ခပ်ငယ်ငယ်ကတည်းက ကျနော့်ဆရာသမားတစ်ဦးဆီမှ မှတ်သားစရာအင်္ဂလိပ်ဆိုရိုးစကားတစ်ခုကို ကြားခဲ့ရဖူးပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေ အကြားမှာ အတော်များများ ပျံ့နှံ့ထင်ရှားနေပြီဖြစ်တဲ့ စကားတစ်ခွန်းပါပဲ။ အဲဒီစကားကို သုံးခဲ့သူကတော့ ကမ္ဘာကျော်ပုံပြင်ပေါင်းမြောက်များစွာကို (ရေးခဲ့) ပြောခဲ့တဲ့ ဂရိနိုင်ငံသား ပုံပြောဆရာကြီး (Aesop (620-560 BC) အီစွပ်လို့ မှတ်သားရပါတယ်။

အဲဒါကတော့ “No pain, no gain” ဆိုတဲ့ စကားလေးပါ။ အချို့သမိုင်းပညာရှင်များအဆိုအရ အီစွပ်ဆိုတဲ့ ပုံပြောဆရာကြီးဟာ ဂရိနိုင်ငံသမိုင်းမှာ တကယ်မရှိခဲ့ဘူးလို့ သိရပါတယ်။ တကယ်ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ၊ ဒီစကားကတော့ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝကောင်းတဲ့စကားတစ်ခွန်းပါပဲ။ တကယ်လဲ မှတ်သားသင့်တဲ့ စကားတစ်ခွန်းအဖြစ် အများစုမကျင့်သုံးနိုင်ကြသည့်တိုင် ဒီစကားရဲ့မှန်ကန်မှုကိုတော့ လက်ခံကြပါတယ်။ အစဉ်အလာအားဖြင့် ဒီလောက်မှတ်သားဘွယ်ကောင်းတဲ့ စကားကို ပြောခဲ့သူဟာ အီစွပ်လို့ပဲ လက်ခံထားကြပါတယ်။

အင်္ဂလိပ်စာတတ်တဲ့ မြန်မာပညာရှင်တွေက ဒီစကားကို မြန်မာလူမျိုးတွေ ရှင်းရှင်းလင်းလင်းနားလည်အောင် “အနာမခံက အသာမစံရ” ဆိုတဲ့ ပုဒ်စုတွေနဲ့ ဝေါဟာရဖလှယ်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဘာသာပြန်ဆိုခဲ့ကြပါတယ်။ အလွန်နှစ်သက်စရာကောင်းတဲ့ ဝေါဟာရဖလှယ်မှုလို့ ကျနော် မတန်မရာချီးကြူးမိကြောင်းပါ။ ဒီစကားလုံးအကြောင်းကို ကျနော့်ပို့စ်မှာ ရေးဖြစ်စေတဲ့ အကြောင်းလေးတစ်ခု သတင်းကြည့်ရင်းနဲ့ပေါ်လာပါတယ်။

အဲဒါကတော့ 'Scorpion Queen' “ကင်းမီးကောက်ဒေ၀ီ” လို့ခေါ်ရလောက်အောင် ကင်းမီးကောက်အကောင်ပေါင်း (၅၀၀၀) ကျော်နဲ့အတူ ဖန်အိပ်ခန်းတစ်ခုထဲမှာ ရဲ့ဝံစွန့်စားစွာ တစ်လတိတိနေခဲ့တဲ့ ထိုင်းနိုင်ငံသူလေး Kanchana Ketkaew (ကဉ္စနကက္ကီ) ပါပဲ။ သူဟာ အဲဒီလိုစွန့်စားနေထိုင်ခဲ့တဲ့အတွက် ကမ္ဘာစံချိန်တင်မှတ်တမ်းစာအုပ်ထဲမှာ သတ္တိကောင်းတဲ့ အံ့ဘွယ်ထူးဆန်းလူသားတစ်ဦးအဖြစ် ဂုဏ်ပြုဖေါ်ပြခြင်းခံရပါတယ်။

တကယ်တော့ သူဟာ အဆိပ်ပြီးလို့ ဒီလိုနေနိုင်ခဲ့တာမဟုတ်ပါဘူးတဲ့။ သူနေစဉ်အတွင်းမှာ သူ့ကို (၁၃)ကြိမ်တိတိ ကင်းမီးကောက် ကိုက်ခဲ့ကြောင်းပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းထောက်တွေကို သူပြောကြားတဲ့ စကားထဲမှာ အထက်ကကျနော်ပြောခဲ့တဲ့ “No pain no gain” ဆိုတဲ့စကားလေးကိုလဲ သုံးသွားတာ အမှတ်တမဲ့ကြားလိုက်မိပါတယ်။ အဲဒီစကားကို ကြားကြားချင်း ကျနော့်မျက်စိထဲမှာ အောင်မြင်နေတဲ့ လူတွေရဲ့ပုံရိပ်တွေ တစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ နောက်ပြီး တကယ်အောင်မြင်ချင်ရင် တကယ်အနာခံရပါလား ဆိုတဲ့ ယခင်ရှိနှင့်ပြီးတဲ့အသိတစ်ခုဟာလဲ ပိုမိုခိုင်မာ လာတယ်လို့ ခံစားလိုက်ရပါတယ်။

အောင်မြင်နေတယ် ဆိုတဲ့ ကျနော့်စကားကို ရှင်းပြဖို့တော့ လိုမယ်ထင်ပါတယ်။ ကျနော်ပြောတဲ့အထဲမှာ မိဘက ပိုက်ဆံချမ်းသာလို့ အလုပ်လုပ်စရာမလိုပဲ ထိုင်စားနေတဲ့ ရေပေါ်ဆီလို လူတန်းစားတွေ၊ ဘွဲ့ဒီဂရီတွေကို ပိုက်ဆံပေးပြီး ၀ယ်တပ်ထားကြတဲ့ ပညာရေးလောကက အမှိုက်သရိုက်လို လူတွေကို လုံးဝလုံးဝမဆိုလိုပါဘူး။ မိဘဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ အခြေအနေမဲ့သည်ဖြစ်စေ၊ အခြေအနေရှိသည်ဖြစ်စေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပြီး ဘ၀မှာ ထိုက်သင့်တဲ့အောင်မြင်မှုတွေရထားတဲ့ လူတွေကိုသာ ဆိုလိုပါတယ်။

ကျနော်တို့မြန်မာစကားဖြစ်တဲ့ “အနာခံမှ အသာစံရ” ဆိုတဲ့စကားကို ကြည့်မယ်ဆိုရင် အသာစံရဖို့အတွက် ရှေးဦးစွာ အနာခံဖို့လိုပါတယ်။ လောကမှာ အနာမခံပဲ အသာစံနေတဲ့ လူတန်းစားတွေလဲ အမြောက်အများရှိနေတာကို ပစ္စက္ခအမြင်အရ တွေ့ကြမြင်ကြရမှာပါပဲ။ သူတို့ဟာ မွေးကတည်းက အသာစံရလောက်အောင် ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ခံကြရတာကြောင့် သူတို့အတွက် သူတို့လောက်ကံမကောင်းကြသူတွေက ၀င်ပြီးအနာခံပေးနေကြရပါတယ်။

တကယ်တော့ သူတို့ရဲ့အသာစံမှုဟာ ကံကြောင့်သာဖြစ်ပြီး ဉာဏ်နဲ့လုလ္လမပါတဲ့အတွက် သမိုင်းရဲ့ဥပေက္ခာပြုခြင်းကို ခံရသလို မျက်မှောက်ရဲ့ ချီးကျူးမှုကိုလဲ မခံရတတ်ပါဘူး။ အားကျစရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ချီးကျူးစရာမဟုတ်တာတော့ သေချာပါတယ်။ တကယ်တမ်းချီးကျူးစရာ၊ အားကျစရာကောင်းတဲ့ အသာစံမှုမျိုးဆိုတာ အနာခံမှုအများကြီးပါရပါတယ်။ လောကရဲ့သဘာဝကိုက give and take ဆိုတဲ့အပေးအယူသဘောနဲ့ လည်ပတ်နေတာပါ။ ကိုယ်မပေးရင် သူကလဲ ပြန်မပေးတတ်ပါဘူး။ တစ်ခုပေးမှ တစ်ခုရတဲ့ သဘောရှိတဲ့ ဟောဒီလောကကြီးထဲမှာ ဘာမှမပေးပဲ ရနေတယ်ထင်ရင်တော့ အဲဒီလူဟာ မကြာမီပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ မလွဲပါပဲ။ အဲဒီလိုဖြစ်လာရင် သိပ်သတိထားဖို့ လိုအပ်ပါတယ်။

အနာခံမှ အသာစံရတဲ့သာဓကတွေများစွာအနက် ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် အထင်ရှားဆုံးသာဓကတစ်ခုကတော့ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ပါပဲ။ အလောင်းတော်သုမေဓာဘ၀ကတည်းက နိဗ္ဗာန်ကိုယူမယ်ဆိုရင် ရနိုင်လောက်တဲ့အခြေခံပါရမီရှိပါလျှက် မိမိရနိုင်ခွင့်၊ ရပိုင်ခွင့်ကို ပယ်စွန့်ပြီး သတ္တ၀ါအများလွတ်မြောက်ရေးကိုငဲ့ကွက်ခဲ့ပါတယ်။ အဲဒီငဲ့ကွက်မှုနဲ့အတူ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ရှည်လျားလှတဲ့ ကာလတွေမှာ အနစ်နာခံမှုမျိုးစုံနဲ့ အနစ်နာခံခဲ့ရပါတယ်။ အဲဒီအနစ်နာခံမှုကြောင့် နောက်ဆုံးရလာဘ်ကတော့ ဘုရားဖြစ်ခြင်းဆိုတဲ့ အသာစံမှုပါပဲ။

တကယ်တော့ ကျနော်တို့မြတ်စွာဘုရားဟာ အသာစံရတယ်ဆိုပေမဲ့ ဘုရားဖြစ်လာရတဲ့ နောက်ဆုံးဘ၀တိုင်အောင် သူ့ဘ၀တစ်လျှောက်မှာ သက်တောင့်သက်သာနေခဲ့ရတာမဟုတ်ပါဘူး။ ဘုရားဖြစ်ပြီးတော့လဲ နေ့မအားညမအား သတ္တ၀ါတွေကို ဟောပြောသွန်သင်တော်မူခဲ့ရပါတယ်။ တကယ်တော့ သူ့ရဲ့အနာခံမှုဟာ လောကကောင်းစားရေးအတွက် သက်သက်လို့တောင်ဆိုနိုင်ပါတယ်။ အဲဒီလိုအနာခံပြီး အများအတွက်ဆောင်ရွက်ခဲ့လို့လဲ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကနေ ယနေ့တိုင် သူ့ကျေးဇူးကို တသသဖြစ်နေကြရတာပါ။ လောကရဲ့ကျေးဇူးတော်သခင်အဖြစ်သူ့ကို ဦးခိုက်နေကြရတာပါ။

ဒါကတော့ အများသိပြီးသား အထင်ရှားဆုံးဥပမာတစ်ခုကို ပြောပြတာပါ။ သို့သော်လဲ ဟောဒီကမ္ဘာလောကကြီးထဲမှာ အနာပဲခံလိုက်ရပြီး အသာမစံလိုက်ရတဲ့ သူတွေလဲ အများကြီးရှိနေပြန်ပါတယ်။ ဥပမာ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီးလို့ မြန်မာတည်သရွေ့ သို့မဟုတ် ကမ္ဘာတည်သရွေ့ သမိုင်းတည်ရစ်မည့် ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်ကျတော့လဲ သူ့မိန်းမဒေါ်ခင်ကြည်ဆီမှာ ပဲပြုတ်နဲ့ နံပြားလေးတောင်းစားပြီး တိုင်းပြည်ကောင်းစားရေးအတွက်သက်သက်ကိုပဲ လုပ်သွားတာပါ။ အဲဒီအတွက်သူရလိုက်တဲ့ဆုလာဘ်ကတော့ “အမျိုးသားသူရဲကောင်းကြီး” ဆိုတဲ့ သမိုင်းစာမျက်နှာပေါ်က ဘယ်သူမှ ၀င်ဖျက်လို့ မပျက်တော့တဲ့ မော်ကွန်းပါပဲ။ ဒါကိုပဲ အသာစံရတယ်လို့ ဆိုချင်က ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပေးဆပ်မှုနဲ့စာရင်တော့ ရတာနည်းလိုက်တာလို့ ပစ္စက္ခအမြင်အရ ဆိုရမှာဖြစ်ပါတယ်။

တကယ်တော့ အသာစံနေရသူတိုင်းဟာ အနည်းနဲ့အများဆိုသလို ဒီဘ၀မှာဖြစ်စေ၊ ယခင်ဘ၀ကဖြစ်စေ အနာခံကြခဲ့ရသူချည်းပဲလို့ ကျနော့်ကတော့ ယူဆပါတယ်။ များများအသာစံနေရသူတစ်ယောက်ရဲ့အတိတ်ဟာ များများအနာခံခဲ့ရခြင်းပါပဲ။ ဒါဟာ လောက သို့မဟုတ် သဘာဝတရားရဲ့ ဘက်မလိုက် နိယာမကြီးတစ်ခုပါ။ ဒီသဘောကို အမှန်အတိုင်းမြင်တတ်ဖို့ သိတတ်ဖို့အရေးကြီးပါတယ်။ သူကကံကောင်းတယ်၊ ငါက သူ့လောက်ကံမကောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကို အားငယ်နေမည့်အစား မိမိမှာရှိနေတဲ့ ဉာဏ်နဲ့ ၀ီရိယကို အသုံးပြုပြီး ကံကောင်းအောင် တူးဆွရမှာဖြစ်ပါတယ်။

တကယ်တော့ ကံ၊ ဉာဏ်၊ ၀ီရိယလို့ပြောမနေပဲနဲ့ “ငါဘာလိုချင်သလဲ၊ အဲဒီအတွက် ဘယ်လောက်အနာခံရမလဲ” လို့ ကိုယ့်ကိုယ်ကို ရှင်းရှင်းမေးပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ အနာခံမှုဆိုတာ ဉာဏ်နဲ့ ၀ီရိယမပါရင် ကံအဖြစ်သို့မကူးပြောင်းနိုင်ပါဘူး။ ကံအဖြစ်သို့မကူးပြောင်းသေးသမျှ အသာစံမှုဆိုတဲ့ အကျိုးတရားဟာလဲ ပေါ်လာမှာမဟုတ်ပါဘူး။ အဲဒီလို ဉာဏ်မပါ၊ လုလ္လမပါတဲ့ အနာခံမှုမျိုးကို ဆင်ကန်းတောတိုးလုပ်မိသူဟာ သူလုပ်သမျှ ကံမမြောက်လို့ အသာမစံရတဲ့အတွက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်လုပ်ရပ်အပေါ် ယုံကြည်မှုနည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အဲဒီလူရဲ့ဒုက္ခကို ဘယ်ဘုရားမှ လာမကယ်နိုင်တော့ပါဘူး။

ဒီတော့ အသာစံရစေတဲ့ အနာခံမှုမျိုးဖြစ်စေရေး ဉာဏ်နဲ့ ၀ီရိယကို အချိုးညီညီဖြည့်စွက်ပေးဖို့ လိုအပ်လှပါတယ်။ ၀ီရိယနဲ့ ဉာဏ်ဟန်ချက်ညီညီပါဝင်လာပြီဆိုရင် လုပ်သမျှဟာ ကံဖြစ်ပြီးတော့ တစ်နည်းအားဖြင့် စွမ်းအင်သတ္တိဖြစ်ပြီးတော့ အသာစံရမှုဆိုတဲ့ အကျိုးကိုပေးတော့တာပါပဲ။ ဒီသဘောတရားဟာ စာမေးပွဲအောင်အောင်ကြိုးစားနေတဲ့ ကျောင်းသားငယ်လေးတွေကစပြီး သမ္မတအဖြစ်/၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေအထိ အတူတူပါပဲ။

သင်အသာစံနေရသမျှဟာ သင့်အနာခံမှုရဲ့ရလာဘ်” ဖြစ်ကြောင်းသဘောပေါက်ပါ။ ဒါ့ကြောင့် ဒီထက်အသာစံချင်ရင်တော့---။

Tuesday, December 30, 2008

ဘ၀ရဲ့တွန်းအား


Faith is the force of life.
Leo Tolstoy (1828-1910)

ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။
(လီယိုထော်လ်စ်တွိုင်း)

သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြားအကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။

ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီအရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြုပါထားပါတယ်။

ဒါဖြင့်ရင် ကျနော်တို့ရဲ့ ဘ၀မှာကော။ နေ့စဉ်ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ ဘာကို အခြေခံပြီးဖြစ်ပေါ်နေကြပါသလဲ။ ကျနော်တို့ရှေ့ဆက် အသက်ရှင်ရေးအတွက် တွန်းအားတစ်စုံတစ်ရာရှိပါသလား။ ရှိပါတယ် ဆိုတဲ့အဖြေဟာ အလွန်မှန်ကန်တဲ့အဖြေဖြစ်တယ်ဆိုတာ စာဖတ်သူလက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဖြင့်ရင် အဲဒီတွန်းအားဆိုတာ ဘာကိုပြောတာလဲ။ ဒီအတွက်တော့ အဖြေအမျိုးမျိုးပေးကြမယ် ထင်ပါရဲ့။ တစ်ချို့က မျှော်လင့်ချက်သည် ဘ၀ရဲ့တွန်းအား တဲ့။ ဒါကိုလဲ ကျနော်လက်ခံတာပဲ။ ဟုတ်တယ်လေ။ မျှော်လင့်ချက်မရှိပဲနဲ့ ဘာအတွက် ကျနော်တို့အသက်ရှင်နေကြမှာလဲ။ တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ ယုံကြည်ချက်အောက် တစ်ဆင့်နိပ်လျှောတဲ့ တွန်းအားတစ်မျိုးပါပဲ။

သူများတွေရဲ့အသက်ရှင်နေမှုကိုတော့ ကျနော်မဝေဘန်တတ်ပါ။ ကျနော်ကိုယ်တိုင်ရဲ့အသက်ရှင်မှုကတော့ အဲဒီမျှော်လင့်ချက်ဆိုတာကြီးကို မဏ္ဍိုင်ပြုထားတယ်လို့ခံစားရပါတယ်။ ပြောမယ်ဆိုရင် မျှော်လင့်ချက်နဲ့ ကျနော်အသက်ရှင်နေရတယ် ဆိုပါတော့။ ဘာကို ကျနော်မျှော်လင့်သလဲ။ လက်ရှိအခြေအနေထက် ကောင်းတဲ့အခြေအနေတစ်ခုခုလို့ပဲ ယေဘုယျဖြေပါရစေ။ သို့မဟုတ် ကျနော့်အနေနဲ့ တကယ့်ကို ဖြစ်ချင်တဲ့အခြေအနေတစ်ခုခုလို့ ဖြေရင်လဲ မှားမယ်မထင်ဘူး။

ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့အခြေအနေဟာ သူများအမြင်မှာ လက်ရှိအခြေအနေထက်ဆိုးချင်ဆိုးနေတတ်တာမျိုးကိုး။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအခြေအနေကို အိမ်မက်မက်မိနေတတ်ပါတယ်။ ဘ၀မှာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ အဲဒီလိုဖြစ်လာဖို့အတွက်၊ ဖြစ်ချင်တဲ့အတိုင်း တကယ်ဖြစ်လာဖို့အတွက် အရေးတကြီးလိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ချက်ပါပဲ။ ယုံကြည်ချက်ကို အခြေခံပြီးမှ ကျန်တဲ့ စိတ် (စေတသိက်) စွမ်းအားတွေဟာ သူ့နေရာနဲ့သူ အချိုးကျဝင်ရောက်လာတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်းရေးဂန္ထ၀င်ဝတ္ထုကြီးကို ဖန်တီးရေးသားခဲ့သူ လီယိုတော်လ်စ်တွိုင်းက “Faith is the force of life. ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ” လို့ဆိုခဲ့တာပါ။ ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ တွန်းအားတွေ အမြောက်အများရှိတဲ့အနက် ယုံကြည်မှုဆိုတဲ့ တွန်းအားဟာ အရေးကြီးဆုံးလို့ ဆိုရင်တောင် မှားမှာ မဟုတ်ပါဘူး။ စာဖတ်သူသဘောမကျရင် ကွဲလွဲခွင့်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအဆိုကို လက်ခံအတည်ပြုနိုင်ပါတယ်။

ဘာ့ကြောင့်ပါလဲ။ ကျနော်တို့ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလဲ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီးအမြောက်အများ ဟောကြားခဲ့တာရှိပါတယ်။ အဲဒီတရားဒေသနာတွေထဲက ကျနော်မှတ်ထားတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ “သဒ္ဓါယ တရတိ သြဃာ၊ ဟောဒီအစမထင်သံသရာဆိုတဲ့ ၀ဲသြဃကြီးကို ယုံကြည်မှုနဲ့ ကျော်ဖြတ်ရတယ်” လို့ အတည်အလင်းဟောကြားတော်မူခဲ့ပါတယ်။

ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင် ယုံကြည်မူဆိုတာ သံသရာမှာကျင်လည်နေရစဉ်အတွင်း (မျက်မှောက်)ဘ၀ရဲ့တွန်းအားသာမဟုတ်၊ သံသရာမှလွတ်မြောက်ဖို့ရာ ကြိုးပမ်းတဲ့လူတွေအတွက်ပါ တွန်းအားကြီးတစ်ခုဖြစ်ကြောင်း ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဘ၀ကို ရှင်သန်မှုလို့ ဖွင့်ဆိုချင်တဲ့လူတွေအတွက် ကိုယ့်ဘ၀ကို စွမ်းအင်ပြည့်ရှင်သန်စေချင်တယ်ဆိုရင် ကိုယ့်နှလုံးသားထဲမှာ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။

ယုံကြည်မှုဆိုတဲ့တွန်းအားခိုင်မာလာပြီဆိုရင် အဲဒီယုံကြည်မှုအတိုင်းလိုက်လုပ်တတ်တဲ့ ကြိုးစားမှုဆိုတဲ့တွန်းအားဟာလဲ အရှိန်ရလာတတ်ပါတယ်။ ကြိုးစားမှုတွန်းအား အရှိန်ရလာပြီဆိုရင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဟာ သူ့အလိုလို ကိုယ့်အနားရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုဆိုတဲ့ တွန်းအားနှစ်မျိုးကို ဒီအတိုင်းလွှတ်ထားလို့တော့ မရပါဘူး။ သူတို့နှစ်မျိုးစလုံးဟာ အောင်မြင်မှုဆီရှေးရှုနေကြတာမှန်ပေမဲ့ သတိနဲ့ပညာဆိုတဲ့ အထိန်းဂီယာနှစ်မျိုးတော့ လိုအပ်ပါသေးတယ်။

နောက်တစ်မျိးလိုအပ်ချက်ကတော့ ပန်းတိုင်ကိုတည့်တည့်စူးစိုက်ထားတဲ့ သမာဓိပါပဲ။ သူကတော့ လက်ကိုင် သို့မဟုတ် တက်မနဲ့တူပါတယ်။ ယုံကြည်မှု၊ ကြိုးစားမှု၊ သတိရှိမှု၊ စူးစမ်းမှုတွေနဲ့ ပြည့်စုံနေပေမဲ့ စူးစိုက်မှုမပါရင် ဒါမှမဟုတ် စူးစိုက်မှု အားနည်းနေရင် လမ်းကြောင်းလွဲသွားတတ်ပါတယ်။ အဲဒီဂီယာနှစ်မျိုးနဲ့ လက်ကိုင်မပါရင်တော့ တွန်းအားတွေအရှိန်လွန်ပြီး ပန်းတိုင်ကျော်သွားတတ်ပါတယ်။ သို့မဟုတ် ချော်သွားတတ်ပါတယ်။

ဒါကြောင့်--
(၁) Faith ဆိုတဲ့ သဒ္ဓါ သို့မဟုတ် ယုံကြည်မှုစွမ်းအား
(၂) Energy ဆိုတဲ့ ၀ီရိယ သို့မဟုတ် ကြိုးစားမှုစွမ်းအား
(၃) Carefulness ဆိုတဲ့ သတိ သို့မဟုတ် ဂရုစိုက်မှုစွမ်းအား
(၄) Concentration ဆိုတဲ့ သမာဓိ သို့မဟုတ် စူးစိုက်မှုစွမ်းအား
(၅) Knowledge ဆိုတဲ့ ပညာ သို့မဟုတ် ဂဂနနသိမှုစွမ်းအား

ဒီအားငါးမျိုးကို အချိုးကျထည့်ပြီးတော့ ကိုယ့်ဘ၀ကို ရှင်သန်စေနိုင်မယ်ဆိုရင် ဘ၀မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရကြမှာသေချာပါတယ်။ ငါးမျိုးစလုံးကို တစ်ပြိုင်နက်တည်း မထည့်နိုင်သေးဘူးဆိုရင်လဲ ပထမဆုံးတွန်းအားဖြစ်တဲ့ ယုံကြည်မှုကို အထပ်ထပ်အခါခါ မွေးမြူဖို့ အလွန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတဲ့ တွန်းအားကို မရမချင်း ကျန်တဲ့တွန်းအားတွေဟာ အလုပ်မလုပ်တတ်လို့ပါပဲ။ ယုံကြည်မှုနဲ့တွန်းကန်လိုက်ပြီးမှသာ ကြိုးစားမှုဟာ အရှိန်ရလာတတ်ပါတယ်။ ဒါကြောင့်လဲ ဆရာကြီးတော်လ်စ်တွိုင်းက ယုံကြည်မှုတစ်ခုတည်းကိုပဲ “ဘ၀ရဲ့တွန်းအား” လို့ဆိုခဲ့ဟန်တူပါတယ်။

ဒါဖြင့်ရင် ယုံကြည်မှုကို ဘယ်လို ထူထောင်မလဲ။ ယုံကြည်မှုကို ထူထောင်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါ့မယ်။ ကိုယ့်အရည်အချင်းကိုလဲ အမှန်အတိုင်းနားလည်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်ကို စိတ်ထဲမြင်အောင်ကြည့်တတ်ရပါ့မယ်။ အရေးကြီးဆုံးက ကိုယ်လိုချင်တဲ့ ပန်းတိုင်ဟာ ကိုယ့်အရည်အချင်းနဲ့ လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်မျိုးမဖြစ်စေရပါဘူး။ ကိုယ့်အရည်အချင်းနဲ့လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်ကို ရဖို့ကြိုးစားတဲ့လူဟာ ပင်ပန်းရကျိုးမနပ်တဲ့အပြင် တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုအားနည်းလာတတ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာပြီဆိုရင် ကျန်တဲ့တွန်းအားတွေလဲ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါကြောင့် တကယ်ယုံကြည်မှုကို ထူထောင်ချင်တဲ့လူဟာ ကိုယ်လက်လှမ်းမီတဲ့ ကိုယ်နဲ့နီးစပ်တဲ့ ပန်းတိုင်မျိုးကို အရင်ရအောင်ကြိုးပမ်းကြည့်ရပါတယ်။ အဲဒီကမှ တစ်ဆင့်တက်ပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေကို တက်လှမ်းဖို့ကြိုးစားရပါတယ်။ ဒီလိုဆိုရင် အဲဒီလူရဲ့ယုံကြည်မှုဟာ တဖြေးဖြေးနဲ့ ခိုင်မာသထက် ခိုင်မာလာပြီး ဘ၀မှာ ဘာမဆိုလောက်နီးပါး ရအောင်ကြိုးပမ်းနိုင်တဲ့ ယုံကြည်မှုမျိုးကို ရသွားတတ်ပါတယ်။ ဒါကြောင့် “ယုံကြည်မှုဟာ ဘ၀ရဲ့တွန်းအား” ဆိုတဲ့အဆိုဟာ အလွန်မှန်ကန်ကြောင်း ကောင်းစွာနားလည်နိုင်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် ခိုင်မာတဲ့ ယုံကြည်မှုမျိုးကို ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုလျှက်----။






Sunday, November 23, 2008

ကုရာနတ္ထိ ဆေးမရှိ


Selfishness must always be forgiven you know, because there is no hope of a cure.

Jane Austen (1775-1817)

အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့ ကုရာနတ္ထိ ဆေးမရှိဘူးလေ။

(ဂျိန်းအော်စတင်)


လူတစ်ယောက်ကို အတ္တဆန်တယ်လို့ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူနဲ့ပတ်သက်ပြီး ကြိုတင်တွေးထား၊ မြင်ထားတာတွေရှိပါတယ်။ ကြိုတင်တွေးတောထားခြင်းမရှိပဲ ဘယ်သောအခါမှ တစ်ဘက်သားကို အတ္တဆန်တယ်လို့ မပြောကြပါဘူး။ အဲဒါက ဘာလဲဆိုရင်--ဒီလူဟာ ကိုယ်ကျိုးအတွက်ပဲ အလုပ်လုပ်တယ်။ ကိုယ်ကျိုးသမား။ သူများကို မငဲ့ကွက်တဲ့လူ။ သူ့ကိုယ်ကျိုးအတွက်ဆိုရင် ဘနဖူးပင် သိုက်တူးဖို့ ၀န်မလေးသူ၊ စသည်စသည်အားဖြင့် ကျနော်တို့ ကြိုတင်တွေးထားတတ်ကြပါတယ်။

ကျနော့်အထင်ပြောရရင်တော့ အတ္တဆန်တယ်လို့ အပြောမခံရတဲ့လူရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လူတိုင်းဟာ အနည်းနဲ့အများဆိုသလို အတ္တဆန်နေတတ်ကြလို့ပါပဲ။ အတ္တမဆန်တဲ့လူ တစ်စုံတစ်ယောက်ကို စာဖတ်သူတွေ့ဖူးပါသလား။ စာဖတ်သူကိုယ်တိုင်ရော အတ္တမဆန်တဲ့လူဖြစ်ကြောင်း ၀န်ခံရဲပါသလား။ ခက်မယ်ထင်ပါတယ်။ ကျနော်ကတော့ ၀န်ခံပါတယ်ဗျာ။ ကျနော်ဟာ အတ္တဆန်ပေ့ဆိုတဲ့ လူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

ဒီလို လူတိုင်းလောက်နီးပါး အတ္တဆန်နေကြပါလျှက်နဲ့ ဘာ့ကြောင့်များ ကျနော်တို့ဟာ တစ်ဘက်သားကို အတ္တဆန်တယ်လို့ ပြောချင်ဆိုချင်ကြပါသလဲ။ ဘယ်လိုလူမျိုးတွေဟာ အဓိကအားဖြင့် အတ္တဆန်ကြပါသလဲ။ အတ္တဆန်တဲ့ရောဂါဟာ တကယ့်ကို ကုရာနတ္ထိ ဆေးမရှိ ဆိုရလောက်တဲ့ရောဂါကြီးဖြစ်ပါသလား။ ကျနော်တို့ ဒီပြဿနာတွေကို ခန့်ကျဉ်းကျဉ်းဆွေးနွေးကြရအောင်ပါ။

Self-Priority လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ လူတွေမှာရော၊ တိရစ္ဆာန်တွေမှာပါ အတူတူပါပဲ။ ဘာဖြစ်လို့တူရသလဲ ဆိုရင် ဒါဟာ သဘာဝတရားတစ်ခုဖြစ်နေလို့ပါ။ သဘာဝတရားဖြစ်တဲ့အတွက် လူမှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုနဲ့ တိရစ္ဆာန်မှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ အများကြီးကွာခြားတယ်လို့ဆိုရင် မှားပါတယ်။ လူဟာ တိရစ္ဆာန်ထက် အသိဉာဏ်သာပါတယ်။ အဲဒီအသိဉာဏ်ကြောင့် ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ ထင်းရှားမလာတာပါ။ အသိဉာဏ်ပျောက်သွားတဲ့အခါမှာတော့ အလိုလိုပေါ်လာတတ်ပါတယ်။ တိရစ္ဆာန်တွေမှာလဲ ကိုယ့်ကိုယ်ကို ဦးစားပေးမှုကို ကာကွယ်စေတဲ့သဘာဝတရားတစ်မျိုးရှိပါတယ်။ အဲဒါကတော့ မိခင်မေတ္တာပါပဲ။ တိရစ္ဆာန်ဟာ လူတွေလို အသိဉာဏ်မရှိပေမဲ့ အဲဒီမေတ္တာကြောင့် ကိုယ့်အသက်စွန့်ပြီး သူ့ကလေးတွေကို ကာကွယ်တတ်ပါတယ်။

ဒါပေမဲ့ အမြဲတမ်းတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့မြန်မာစကားမှာ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း ဆိုတဲ့စကားပုံကြားဖူးကြမှာပါ။ ဒီစကားပုံဟာ ကိုယ့်ကိုယ်ကိုဦးစားပေးမှုရဲ့အဆုံးစွန့်ပြယုဂ်တစ်ခုကို ဖေါ်ပြနေပါတယ်။ ကမ္ဘာပျက်ခါနီး မြေပြင်ကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေတဲ့အချိန် လက်ထဲကလေးငယ်ချီပြီး ဟိုပြေးဒီပြေးလုပ်နေရတဲ့ မိခင်တစ်ယောက်ဟာ မြေကြီးပေါ်မရပ်တည်နိုင်လောက်အောင်ကို ပူလွန်းလို့ လူသားရဲ့အသိဉာဏ်နဲ့ မိခင်ရဲ့မေတ္တာပါပျောက်ပြီး နောက်ဆုံးတော့ လက်ထဲချီထားတဲ့ ရင်သွေးငယ်ကို မြေချပြီး အပူသက်သာလိုသက်သာငြား တက်နင်းရတဲ့ အဖြစ်ကို ပုံဆောင်ထားပါတယ်။

စာပေမှာလာတဲ့ သာဓကလေးတစ်ခုကိုလဲ ပြောပြချင်ပါတယ်။ ရှေးအခါက လင်မယားနှစ်ယောက်ဟာ မွေးကင်းစကလေးငယ်တစ်ယောက်ကို ချီပြီး တခြားတိုင်းပြည်တစ်ပြည်သွားဖို့ ခရီးရှည်ထွက်လာခဲ့ကြတယ်။ ခရီးက ကန္တာရကြီးတစ်ခုကို ဖြတ်ကျော်သွားရမယ့် ခရီးဖြစ်လေတော့ ရေအပါအ၀င် လမ်းစာရိက္ခာတွေလဲ နိုင်သလောက်သယ်ယူခဲ့ကြတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မရောက်ခင်မှာပဲ စားစရာနဲ့ ရေတွေဟာ ကုန်သွားပါတယ်။ ပါလာတဲ့ကလေးငယ်ကို အမေတစ်ခါ၊ အဖေတစ်လှည့်ချီပိုးရင်း အားတင်းပြီး ဆာဆာနဲ့ ခရီးဆက်ခဲ့ကြတယ်။

မရှိတာကိုမှ ပိုတောင်းတတတ်၊ ပိုတန်ဖိုးထားတတ်တဲ့ လူသားတွေရဲ့စိတ်သဘောအရ အစာရေစာကုန်သွားကတည်းက နောက်ထပ်မရနိုင်တော့လို့ ပူပင်နေရတဲ့သူတို့စိတ်ဟာ ပင်ပန်းမှု၊ ဆာလောင်မွတ်သိပ်မှုဒဏ်တွေကြောင့် ချိနဲ့သထက် ချိနဲ့လာပါတယ်။ နောက်ထပ်အစားအစာတစ်ခုခုမှ မရရင် ဒီကန္တာရထဲမှာပဲ အားလုံးအသက်ဆုံးရှုံးကြတော့မယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ လူ့သားအရည်အချင်းတွေဟာ အလိုလိုပျောက်သွားပါတယ်။ ဒီလိုနဲ့ ပါလာတဲ့ ကလေးငယ်ကို လင်မယားနှစ်ယောက် နှစ်ချမ်းခွဲပြီး မိမိတို့အသက်ရှင်ရေးအတွက် ရင်ဆို့ဆို့နဲ့ စားပစ်လိုက်ရတယ်။

နောက် ဇာတ်လမ်းတစ်ခုကတော့ ရှေးခေတ်က မဟာဘာရတနိုင်ငံတော်ကြီးဖြစ်ခဲ့ဖူးတဲ့ အခုအင်ဒိယပြည်ကြီးမှာပါ။ ဘောဇဘုရင်မင်းမြတ်လက်ထက်တော်အခါ။ အခါတပါး ဘုရင်မင်းကြီးဟာ မွေးကင်းစသားတော်လေးကို ရင်ခွင်ထဲထည့်ပြီး ညီလာခံကျင်းပနေတယ်။ ညီလာခံကျင်းပပြီးတော့ ဘုရင်ကြီးက ပညာရှိအမတ်အမင်း ကာလီဒါသကို လှမ်းပြောလိုက်တယ်။

“အမတ်မင်း ကာလီဒါသ၊ ဟောဒီငါကိုယ်တော့်ရင်ခွင်ထဲရောက်နေတဲ့ သားတော်လေးထက်ပိုပြီး ချစ်ရမယ့်သူရယ်လို့ မရှိတော့ဘူး ကွဲ့” တဲ့။

ကာလီဒါသကလဲ “မှန်လှပါ၊ ရှိသေးကြောင်းပါဘုရား” လို့ပြန်လည်လျှောက်ထားလိုက်တယ်။ မင်းကြီးကလဲ “ဒါဆိုမောင်မင်း သက်သေပြနိုင်လား။ အဲဒါဘယ်သူလဲ” လို့ထပ်မေးလိုက်တယ်။ အမတ်ကြီးကလဲ “သက်သေပြနိုင်ပါတယ်။ အဲဒါ မင်းကြီးကိုယ်တိုင်ပါပဲ၊ မင်းကြီးဟာ မင်းကြီးကိုယ်တိုင်ထက် သားတော်လေးကို ပိုမချစ်နိုင်ကြောင်းပါ” လို့လျှောက်ထားလိုက်တယ်။ မင်းကြီးက “ဘယ်လိုသက်သေပြမလဲ” မေးတော့၊ ကာလီဒါသကလဲ ဒါဆိုမင်းဥယျာဉ်ထဲသွားပြီး သက်သေပြမည်ဖြစ်ကြောင်း ပြန်လျှောက်ထားတယ်။

ဥယျာဉ်ထဲရောက်တော့ အမတ်ကြီးကာလီဒါသက ရေကန်တော်ထဲက ရေတွေကို အကုန်ထုတ်ပစ်ခိုင်းလိုက်ပြီး ကလေးရှိတဲ့ မျောက်မတစ်ကောင်ကိုဖမ်းပြီး ရေကန်အလယ်ခေါင်မှာ ချထားစေလိုက်တယ်။ ပြီးတော့မှ ရေတွေကို ပြန်သွင်းစေတယ်။ ဘုရင်မင်းကြီးနှင့် မင်းပရိတ်သတ်လဲ ကာလီဒါသလုပ်တာကို စိတ်ဝင်တစားကြည့်ရှုနေကြတယ်။ ရေကန်အလယ်က မျောက်မလဲ ရေတွေဝင်လာတော့ အောက်ချထားတဲ့ သူ့ကလေးငယ်ကို ရေမစိုအောင် ကောက်ချီလိုက်တယ်။ ကြည့်နေတဲ့ မင်းပရိတ်သတ်လဲ မိခင်မေတ္တာကြီးမားကြောင်း ချီးကြူးလိုက်ကြတယ်။

ရေတွေဟာ ခြေသလုံးမှ ဒူးဆစ်၊ ပေါင်၊ ခါး၊ ရင် အထိ တဖြေးဖြေး မြင့်မြင့်တက်လာတော့ မျောက်မကြီးလဲ သူ့ကလေးငယ် ရေမထိအောင်ခေါင်းပေါ်မြှောက်ချီထားလိုက်တယ်။ ကြည့်ရှုနေတဲ့ ပရိတ်သတ်လဲ မိခင်မေတ္တာတရား အလွန်ကြီးကြောင်း ကောင်းချီးပေးလိုက်ကြပြန်တယ်။ ကာလီဒါသကလဲ ဆက်လက်ရှုစားကြရန် မေတ္တာရပ်ခံလိုက်တယ်။ ၀င်လာတဲ့ရေတွေဟာ ရင်မှ မေးဖျား၊ ပါးစပ် အထိတက်လာတယ်။ နှာခေါင်းအနားရောက်တဲ့အခါကျတော့ မျောက်မကြီးဟာ သူ့အသက်ရှင်ရေးအတွက် စတင်ကြိုးပန်းလိုက်တယ်။ ခုန်ဆွခုန်ဆွလုပ်ပြီး အသက်ရှူနေတယ်။ ခဏကြာတော့ ရေတွေဟာ သူ့နှာခေါင်းပေါ်ကျော်တက်လာတဲ့အတွက် ဘယ်လိုမှ အသက်ရှူလို့မရနိုင်တော့ဘူး။ ဒီအချိန်မှာ ဘာလုပ်လိုက်လဲဆိုတော့ ခေါင်းပေါ်မြှောက်ချီထားတဲ့ ကလေးငယ်ကို ရုတ်တရက်ရေအောက် နှစ်ပစ်လိုက်တယ်။ ပြီးမှ အဲဒီကလေးအပေါ်မှာ တက်နင်းပြီး အသက်ရှူလိုက်တယ်။

ဘုရင်ကြီးနဲ့ မင်းပရိတ်သတ်လဲ ဒီအခါမှာ ကောင်းချီးမပေးနိုင်ကြတော့ပဲ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။ သူတို့ကို ကာလီဒါသ အမတ်ကြီးက ပြောလိုက်တယ်။ သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးစားပေးတတ်တဲ့ သဘောရှိကြောင်း၊ တကယ့်တကယ်ဒုက္ခနဲ့ မရင်ဆိုင်ရခင်မှာသာ တစ်ဦးပေါ်တစ်ဦး ကြင်နာနိုင်ကြောင်း တရားနဲ့စပ်ယှဉ်တဲ့  သတိပြုဘွယ်တွေကို ပြောပြတယ်။ ကာလီဒါသရဲ့ သက်သေပြကွက်ကို ကြည့်ပြီး ဘုရင်ကြီးလဲ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဖြစ်ကြောင်း ၀န်ခံလိုက်တယ်။

ဒီဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့လူသားတွေရော၊ တိရစ္ဆာန်တွေပါ နောက်ဆုံးသေရေးရှင်ရေးနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးတတ်ကြောင်း နားလည်နိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲ ဆိုရင် အတ္တဆန်မှုဆိုတဲ့သဘောတရားဟာ ကျနော်တို့ရင်ထဲမှာ ဘ၀သံသရာအဆက်ဆက်က တည်ရှိခဲ့လို့ပါပဲ။ အဲဒီသဘောတရားဟာ အသိဉာဏ်နဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဆေးကောင်းဝါးကောင်း နှစ်မျိုးကို မသောက်သုံးမိတဲ့အခါ ပိုမိုထင်ရှားလာတတ်ပါတယ်။ အဲဒီလိုထင်ရှားလာပြီဆိုရင် သတိလက်လွတ်ဖြစ်ပြီး လုပ်ချင်တာလုပ်မိတတ်တဲ့အတွက် အတ္တဆန်တတ်တဲ့လူသားအချင်းချင်းကနေ အတ္တဆန်တဲ့လူရယ်လို့ သမုတ်တာကို ခံရတတ်ပါတယ်။ ဒါကြောင့် အတ္တဆန်တဲ့ လူသားအချင်းချင်း အတ္တဆန်တဲ့လူလို့ အခေါ်အဝေါ်၊ အပြောအဆိုမခံရလေအောင် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ ဆေးကို များများသောက်သုံးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။