Sunday, November 30, 2008

မြန်မာပြည်နတ်ကိုးကွယ်မှုနှင့် ဘာသာရေးပြဿနာ


နိုဝင်ဘာလ (၂၆)ရက်နေ့က ကျနော့်ကို အင်တာဗျူးတဲ့ ဘီအေ ပထမနှစ်ကျောင်းသားကျောင်းသူ (၅)ယောက်ထဲက Sara ဆိုတဲ့ကျောင်းသူလေးရဲ့ ဆေးမှင်ကြောင်ထိုးခြင်းကိစ္စနဲ့ပတ်သက်တဲ့ ပြဿနာကို ကျနော်ရေးခဲ့ပြီးပါပြီ။ အခု ကျနော်ဒုတိယအကြိမ် ဆက်လက်တင်ပြချင်တဲ့ နောက်ပြဿနာတစ်ခုကတော့ Jenny ဆိုတဲ့ကျောင်းသူလေးရဲ့ပြဿနာ။

သူက ကျနော့်ကို မေးခွန်းတစ်ခုမေးတယ်။ “ရှင်တို့မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာနဲ့ ဘယ်လို ပတ်သက်ပါသလဲ”တဲ့။ အချိန် (၁၅)မိနစ်အတွင်း မေးခွန်း ငါးခု၊ ခြောက်ခုလောက်ကို ဖြေရမှာမို့ မေးခွန်းတစ်ခုအတွက် အချိန်အများကြီးမပေးနိုင်လို့ တိုကျဉ်းလိုရင်းလောက်ပဲ ဖြေခဲ့ရပါတယ်။ တကယ်တော့ ဒီမေးခွန်းကို အချိန်အတော်ယူပြီးဖြေမှ ပြည့်စုံမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ရှုပ်ထွေးလှလွန်းလို့ပါပဲ။

အခုလက်ရှိမြန်မာပြည်မှာ ကိုးကွယ်နေတဲ့ နတ်တွေကို ကြည့်လိုက်ရင် မူးရစ်ရမ်းကားပြီး အစိမ်းသေသေတဲ့ နတ်စိမ်းတွေက ခပ်များများ။ အိမ်နတ်အုန်းသီးလုပ်ပြီး အကိုးကွယ်ခံရတဲ့ ပန်းပဲမောင်တင့်တယ် တစ်ယောက်ပဲ နတ်ကျက်။ သူကတော့ ကျက်သလားမမေးနဲ့၊ တရုတ်စကားပင်မှာ ကြိုးတုတ်ပြီး မီးရှို့အသတ်ခံရတာ။ ဒါကြောင့်သူက တရုတ်စကားပွင့်နဲ့ မီးကို မုန်းသတဲ့။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ကို သုံးကြိမ်သုံးခါဆိုပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတစ်ယောက်ဟာ အရိယာဂိုဏ်းဝင်မဟုတ်တဲ့ နတ်တွေကို ရှိခိုးလိုက်တာနဲ့ သရဏဂုံပျက်သွားပါတယ်။ သရဏဂုံပျက်တယ်ဆိုတာ အဲဒီအမျိုးသား သို့မဟုတ် အမျိုးသမီးဟာ နောက်ထပ် သရဏဂုံမဆောက်တည်သရွေ့ ဗုဒ္ဓဘာသာဝင် မဟုတ်တော့ပါဘူး လို့ဆိုလိုပါတယ်။ ဒါကို အင်မတန်သတိထားရပါတယ်။

တကယ်တော့ ကျနော်တို့မြန်မာပြည်က (၃၇)မင်းဝင်နတ်တွေဟာ ဘယ်သူကစပြီး နတ်ဖြစ်အောင်လုပ်လိုက်လို့ နတ်ဖြစ်လာတယ်တော့ မသိပါဘူး။ သူတို့သေပုံသေနည်း လိုက်ကြည့်ရင် နတ်ဖြစ်စရာအကြောင်း နည်းနည်းမှကို မတွေ့ရပါဘူး။ ဖြစ်ကောင်းဖြစ်ရင် ငရဲသွားစရာရှိတယ်၊ အစိမ်းသရဲဖြစ်စရာရှိတယ်၊ ပြိတ္တာဖြစ်စရာရှိတယ်။ တိရစ္ဆာန်လဲ ဖြစ်သွားနိုင်တယ်။ ဘာ့ကြောင့် ဒီလိုပြောနိုင်သလဲ ဆိုတော့ ကျနော်တို့ ဘုရားမြတ်စွာဟောခဲ့တဲ့စကားတော်တွေ ရှိပါတယ်။ ကျနော် သေချာအောင် ဘုရားစာပါဠိတွေကို သက်ဆိုင်ရာစာအုပ်က ကူးယူပြီး မြန်မာပြန်နှင့်တကွ ဖေါ်ပြပေးပ့ါမယ်။

“ဣဓာဟံ ဘိက္ခဝေ ဧကစံ္စ ပုဂ္ဂလံ ပဒုဋ္ဌစိတံ္တ ဧ၀ံ စေတသာ စေတော ပရိစ္စ ဇာနာမိ၊ ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ၊ ယထာဘတံ နိက္ခိတ္တော ဧ၀ံ နိရယေ”။ “ချစ်သား ချစ်သမီးတို့၊ ဟောဒီလောကကြီးထဲ ဘယ်သူဘယ်ဝါတွေရဲ့ စိတ်ဟာ ရာဂစသည်ကြောင့် ပျက်စီးနေရတယ် ဆိုတာကို ငါဘုရားရဲ့စိတ်နဲ့ ဂဂနန သိတော်မူပါတယ်။ အဲလို စိတ်ဓာတ်ရေးရာပျက်ပြားနေတဲ့အခိုက်မှာ သေဆုံးသွားခဲ့မယ်ဆိုရင် အဲဒီသတ္တ၀ါဟာ ငရဲရောက်ရရှာမှာပဲ”။
(ပိုဒ်ရေ (၄၃)၊ အမှတ် (၅) ပဏီဟိတအစ္ဆ၀ဂ္ဂ၊ ဒုကနိပါတ၊ အင်္ဂုတ္တရနိကာယ)။

ဒီဘုရားစကားတော်အရ (၃ရ) မင်းဝင်နတ်တွေရဲ့ သေပုံသေနည်းကို လေ့လာလိုက်ရင် ကုသိုလ်စိတ်ဖြစ်ပြီး သေခွင့်မရပဲ၊ အကုသိုလ်စိတ် အတုံးလိုက် အတစ်လိုက်ဝင်ပြီး သေကြမှာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ နတ်ဖြစ်ဘွယ်လမ်းမမြင်ကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ဒီနတ်ဆိုတဲ့ အစိမ်းသရဲတွေကို ကိုးကွယ်သင့် မကိုးကွယ်သင့် စာဖတ်သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

အသက် (၉၅)နှစ်အရွယ်ရောက်မှ ကွယ်လွန်သွားတဲ့ ကျနော့် ဘေးကြီးက သူမသေခင်တုန်းက သတင်းကျွတ်ကာလ၊ ဆွေမျိုးတွေ စုပေါင်းကန်တော့တဲ့ ပွဲတစ်ခုမှာ ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းကို အခုထိ ကျနော့်နားထဲ စွဲနေသေးတယ်။ “ငါတို့အမျိုးထဲမှာ ဘယ်သူမှ နတ်ကို မကိုးကွယ်ကြဘူး၊ ဒီဖေသန်း ဆိုတဲ့ကောင်ရောက်လာမှ သူနဲ့အတူ အိမ်ပေါ် အုန်းသီးပါရောက်လာတာ၊ ငါ့အသက် အခု (၉၀)နားနီးပြီ။ တစ်ခါမှ နတ်ကို မကိုးကွယ်ဖူးဘူး၊ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလကို လုံအောင်စောင့်ထိမ်းနိုင်ရင် ဘာအန္တရာယ်မှ မကျရောက်နိုင်ဘူး၊ မင်းတို့လဲ မြဲမြဲမှတ်ထားကြ”။ ကျနော်ဘေးကြီးရဲ့စကားပါ။

အခုထိကျနော်ပြောခဲ့တဲ့အကြောင်းအရာတွေကို သုံးသပ်လိုက်ရင် မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာနဲ့ လားလားမျှ မသက်ဆိုင်ကြောင်း နားလည်နိုင်ပါပြီ။ ဒါဖြင့်ရင် ဘုရားဟောကျမ်းစာတွေထဲမှာရော နတ်ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး ဘာမှပြောထား၊ ဟောထားတာ မရှိဘူးလား။ ကျနော်ဖတ်ထားဖူးတဲ့ ဘုရားစာတွေထဲက အကြောင်းအရာလေးတစ်ခုကို ထုတ်ပြချင်ပါတယ်။

ကျနော်တို့မြန်မာစကားမှာ “သမင်မွေးဘိ၊ ကျားစား၏သို့” ဆိုပြီး စကားပုံထားခဲ့တာရှိပါတယ်။ အဲဒီစကားပုံဟာ ကာဠယက္ခိနီလို့ခေါ်တဲ့ ဘီလူးမ မညိုရဲ့ ဇာတ်လမ်းကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။ မညိုဘီလူးမဟာ အရင်ဘ၀တွေမှာ သူ့ရဲ့ရန်သူအမျိုးသမီးတစ်ယောက်အပေါ် အခဲမကျေဖြစ်ပြီး ဆုတောင်းမှားခဲ့ရာကနေ သူက ကြက်ဖြစ်လိုက်၊ ကိုယ်ကကြောင်ဖြစ်လိုက်၊ စားလိုက်။ ကိုယ်က သမင်ဖြစ်လိုက်၊ သူကကျားဖြစ်လိုက်၊ အစားခံလိုက်၊ နောက်ဆုံးဘုရားရှင်လက်ထက်မှာ သူက လူလာဖြစ်၊ ကိုယ်က ဘီးလူဖြစ်တော့ သူ့ကလေးတွေကို လိုက်စားရာကနေ ဘုရားရှင်နဲ့တွေ့၊ တရားနာပြီး သောတာပန်တည်သွားတဲ့ သူတစ်ယောက်ပါ။ ပြောမယ်ဆိုရင် အရိယာသံဃာဂိုဏ်းဝင်ဖြစ်သွားပါတယ်။

သောတာပန်အရိယာတစ်ယောက်ဖြစ်သွားတဲ့ မညိုဟာ သူများအသက်သတ်စားမှ အသက်ရှင်ရတဲ့ ဘီလူးဘ၀မှာ ဆက်လက်ရပ်တည်ဖို့ခက်သွားပါတယ်။ ဒါကြောင့် ဘုရားရှင်ရှေ့တော်မှောက်မှာပဲ မျက်ရည်ကလေးဝဲနေတာကို မြတ်ဘုရားက မြင်တော်မူလို့ မေးတော့ သူ့အသက်ရှင်ရေးအတွက် စဉ်းစားပြီး အဖြေမတွေ့လို့ ငိုမိကြောင်း လျှောက်ထားရှာတယ်။ ဘုရားမြတ်စွာကလဲ စိတ်မပူဖို့ပြောပြီး သူ့ရန်သူဟောင်း အမျိုးသမီးကို မညိုအတွက် အိမ်မှာ တစ်နေရာပေးပြီး ထမင်းစသည်ကျွေးမွေးဖို့ မှာကြားအမိန့်ရှိလိုက်တယ်။ အမျိုးသမီးလဲ သောတာပန်ဖြစ်သွားတဲ့ ဘီလူးမကို မကြောက်တော့ပဲ ဘုရားရှင်ပြောတဲ့အတိုင်း အိမ်ပေါ်တင်ကျွေးထားတယ်။ ဒါပေမဲ့ ကလေးတွေဆူလို့ မနေနိုင်တာနဲ့ ဟိုပြောင်းဒီပြောင်းလုပ်ရင်းက နောက်ဆုံးရွာ့အပြင်ဘက် ဆိပ်ငြိမ်တဲ့နေရာတစ်ခုမှာ နတ်ကွန်းငယ်လေးဆောက်ပြီး ထားလိုက်တယ်။

ထမင်းစသည်ကိုလဲ နေ့တိုင်းနေ့တိုင်း သွားပို့ပေးတယ်။ ဘီလူးမလဲ အရိယာပီပီ ကျေးဇူးသိတတ်တဲ့အတွက် သူ့အပေါ်ပြုစုနေတဲ့ အမျိုးသမီးကို ကျေးဇူးဆပ်ဖို့ စဉ်းစားတယ်။ ဒီလိုနဲ့ ဘယ်နှစ်တွေမှာ မိုးကောင်းမယ်၊ ကုန်းမြင့်ဒေသတွေမှာ စပါးစိုက်၊ ဘယ်နှစ်တွေမှာ မိုးခေါင်မယ်၊ နိပ်ရာအရပ်တွေမှာ စပါးစိုက် စသည် အကြံအဉာဏ်တွေ ပေးတယ်။ အမျိုးသမီးလဲ မညိုပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်တော့ သူများလယ်ယာတွေထက် စပါးထွက်အားကောင်းတယ်။ ဒီလိုနဲ့ သူများတွေကမေးလို့ အကြောင်းမှန်ကို ပြောပြလိုက်ရာကနေ အဲဒီနယ်ကလူတွေဟာလဲ မညိုဘီလူးမကို ထမင်းစသည် ဆက်သပူဇော်လာကြတယ်။ အဲဒီအစဉ်အလာကနေ စပါးစိုက်ရာသီတွေရောက်ရင် အချို့အရပ်တွေမှာ ပုန်းမကြည်နတ် သို့မဟုတ် ပုတ်မကျီနတ် (စကားချပ်။ ပုတ်မကျီ၊ အညာဒေသမှာ စပါးထည့်တဲ့ ကျီကို ပုတ်မလို့ခေါ်ကြောင်း မှတ်သားရပါတယ်။ စပါးထည့်တဲ့ ကျီကို စောင့်တဲ့နတ်လို့ ယုံကြည်ကြဟန်တူပါတယ်။) ပူဇော်ပွဲဆိုပြီး လုပ်ကြတာတွေ့ရတယ်။
(ကာဠယက္ခိနီဝတ္ထု၊ ယမက၀ဂ္ဂ၊ ဓမ္မပဒအဋ္ဌကထာ)

ဒါကတော့ ကျနော်လက်လှမ်းမီသလောက် ဘုရားစာပေထဲက အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကြည့်ရင် ဘုရားရှင်က သောတာပန်ဖြစ်နေတဲ့ အရိယာပုဂ္ဂိုလ်ဘီလူးမကိုတောင် ကိုးကွယ်ဖို့ပြောခဲ့တာမဟုတ်ဘူး၊ အစားအသောက်ဆင်းရဲရှာလို့ အိမ်ပေါ်တင်ကျွေးထားလိုက်လို့ပဲ မှာကြားတော်မူခဲ့တာ။ နောက်ပိုင်း လူတွေက မိမိတို့လယ်မှာ စပါးအထွက်ကောင်းဖို့ အလုအယက်ပူဇော်ကြရင်းနဲ့ မညိုခမျှာလဲ ပုန်းမကြည်နတ် ဖြစ်သွားရရှာတာ။

နောက်တစ်ခုက ဘိုးတော်သိကြား။ ဘိုးတော်သိကြားရုပ်တုဆိုပြီး ဘုရားစေတီတိုင်းလိုလိုမှာ တွေ့ရတတ်တယ်။ အဲဒီသိကြားလဲ သောတာပန်ပုဂ္ဂိုလ်ကြီးပဲ။ ဒါပေမဲ့ သူ့ကိုလူတွေက ရှိခိုးပူဇော်လို့ သူကပြန်မစလိုက်တယ်ရယ်လို့ ကျနော်လက်လှမ်းမီသလောက် ဘယ်စာထဲမှာမှ မတွေ့ရပါဘူး။ သူကပဲ လူတွေကို ရှိခိုးတဲ့အကြောင်း ဖတ်ရဖူးတယ်။ ဘိုးတော်သိကြားမင်းကြီးဟာ သူ့ဥယျာဉ်တော်ထဲထွက်ဖို့ သူနေတဲ့ ဝေဇယန္တာနန်းပြဿာဒ်ကြီးပေါ်က ဆင်းခါနီးတိုင်း အရပ်ဆယ်မျက်နှာကို လက်အုပ်ချီပြီး ရှိခိုးလေ့ရှိသတဲ့။ တစ်ခါမှာတော့ သိကြားမင်းကြီးဟာ နတ်ပြည်ကတွက်ရင် အောက်အရပ်ဖြစ်တဲ့ ကျနော်တို့ လူ့ပြည့်လူ့ရွာဘက် လက်အုပ်ချီမိုး ရှိခိုးနေတာကို သူ့ဒရိုင်ဘာ မာတလိနတ်သားကမြင်လို့ မေးတယ်။ ဒီလောက်တန်းခိုးထွားတဲ့ သိကြားမင်းလိုပုဂ္ဂိုလ်မျိုးက ရှိခိုးရတဲ့ လူရယ်လို့ ရှိသေးလား ဆိုပြီးတော့။ သိကြားမင်းက သူ့ဒရိုင်ဘာမောင်မာတလိကို အောက်ပါ အင်မတန်မှတ်သားစရာကောင်းတဲ့ စကားကို မိန့်ကြားလိုက်ပါတယ်။

ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။
မာတလိရေ၊ ငါကတော့ လူ့ပြည်လူ့ရွာက ကောင်းမှုပြုတဲ့လူတွေ၊ သီလရှိတဲ့လူတွေ၊ ရတနာသုံးပါးလေးစားတဲ့လူတွေ၊ ကိုယ့်ဇနီးမယားကို တရားသဖြင့် ပြုစုလုပ်ကျွေးတဲ့လူတွေဆို ရှိခိုးတာပါပဲ”။
(ဂဟဋ္ဌ၀န္ဒနာသုတ္တ၊ ဒုတိယ၀ဂ္ဂ၊ သက္ကသံယုတ္တ၊ သဂါထာဝဂ္ဂပါဠိ)

နတ်ပြည်နှစ်ပြည်ကို အစိုးရတဲ့ နတ်ဘုရင်ဖြစ်ရုံတင်မကဘူး၊ သောတာပန်အရိယာပုဂ္ဂိုလ်ပါဖြစ်နေတဲ့ သိကြားလို နတ်မင်းကတောင် ရှိခိုးရတဲ့လူတွေရဲ့အဆင့်အတန်းမျိုးနဲ့ ဘာမှမဟုတ်တဲ့ သေခါနီး အကုသိုလ် အတုံးလိုက်အတစ်လိုက်ဝင်ပြီး ငရဲဖြစ်မှန်းမသိ၊ အစိမ်းသရဲဖြစ်မှန်းမသိ ဖြစ်နေတဲ့ ဒီ (၃၇)မင်းဆိုတဲ့ နတ်တွေကို ရှိခိုးဦးတိုက် ပူဇော်ပသတယ်ဆိုတာ အလွန်အကျီးတန်တယ်လို့ ကျနော်ဆိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ (၃၇)မင်းအုပ်စုဝင် နတ်တွေကို ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာတရားတော်နဲ့ နည်းနည်းလေးမှကို မသက်ဆိုင်ကြောင်း တင်ပြရင်း Jenny ဆိုတဲ့ ကောင်မလေးမေးတဲ့ မွေးခွန်းအဖြေကို အဆုံးသတ်လိုက်ပါတယ်။

အောက်ပါ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ (၃၇) မင်းစာအုပ်ကို ဆက်လက်ဖတ်ရှုပါကုန်။

37 Spirits in Burma by U Phoe Kyar

No comments: