Tuesday, November 18, 2008

ဖြစ်သမျှအကြောင်း အကောင်းချည်း


ရှေးအခါက တိုင်းပြည်တစ်ပြည်ရဲ့ နန်းတွင်းမှာ ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲလို့ ပြောလေ့ရှိတဲ့ ပညာရှိအမတ်ကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့မှာ ကွမ်းစားဖို့ ကွမ်းသီးညှပ်ရင်းနဲ့ ဘုရင်ကြီးရဲ့လက်သန်းထိပ်ကလေးဟာ ပြတ်ထွက်သွားတယ်။ ဘုရင်ကြီးလဲ လက်နာလွန်းလို့ ညီးညီးညူညူလုပ်နေရရှာတယ်။ အဲဒါကိုတွေ့တော့ အမတ်ကြီးက သူ့ထုံးစံအတိုင်း ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ မင်းကြီး လို့လျှောက်လိုက်တယ်။ ဘုရင်ကြီးလဲ လက်သန်းထိပ်ပြတ်သွားတာတောင် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့ပြောရကောင်းလားဆိုပြီး စိတ်ဆိုးလွန်းလို့ အမတ်ကြီးကို ချက်ချင်း ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အမတ်ကြီးလဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့လျှောက်ပြီး နန်းတော်ထဲက အေးအေးဆေးဆေးပဲ ထွက်သွားတယ်။

နောက်တစ်လလောက်ကြာတော့ ဘုရင်ကြီးလက်နာပျောက်လို့ တောကစားထွက်ချင်စိတ်ပေါက်လာတယ်။ နောက်ပါ အခြံအရံအနည်းငယ်နဲ့ လေးမြှားတွေယူပြီး တောပစ်ထွက် လာခဲ့တယ်။ တစ်နေရာရောက်တော့ သမင်တစ်ကောင်ကို တွေ့ပြီး နောက်ကလိုက်ပစ်ရင်းနဲ့ သူ့လူတွေနဲ့ အုပ်စုကွဲသွားတယ်။ လိုက်ရင်းလိုက်ရင်းနဲ့ တောနက်ကြီးထဲရောက်သွားခဲ့တယ်။ သူလိုက်နေတဲ့ သမင်ကိုလဲ မျက်ခြေပြတ်သွားတယ်။ အဲဒီမှာတင် တောနက်ထဲနေတဲ့ လူရိုင်းတွေက တွေ့သွားပြီး ဘုရင်ကြီးကို ဖမ်းသွားတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ဟာ လူရိုင်းတွေ ယဇ်ပူဇော်တဲ့နေ့ဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ယဇ်ပူဇော်တဲ့အခါ လူကို သတ်ပြီးမှ ပူဇော်လေ့ရှိကြတယ်။

ဘုရင်ကြီးလဲ လှုပ်မရ၊ ရုန်းမရနဲ့ လူရိုင်းတွေ ခေါ်ရာနောက်လိုက်သွားရတယ်။ တောနက်တစ်နေရာရောက်တော့ ကွင်းပြင်ကြီး တစ်ခုတွေ့တယ်။ အဲဒီကွင်းပြင်ဟာ လူရိုင်းတွေ ယဇ်နတ်ပူဇော်တဲ့နေရာဖြစ်နေတယ်။ ကွင်းပြင်အလယ်မှာ ကားတိုင်ကြီးတစ်ခုစိုက်ထောင်ထားတယ်။ ဘုရင်ကြီးလဲ သူ့ကို သတ်တော့မယ် ဆိုတာ သိလိုက်တယ်။ အဲဒီအချိန်မှာပဲ အမတ်ကြီးကို သတိရလိုက်တယ်။ ဒီလိုအချိန်မျိုးမှာဆိုရင်တော့ အမတ်ကြီးငါ့ကို ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ ပြောမှာမဟုတ်တော့ ဘူးလို့လဲ တွေးလိုက်မိတယ်။ လူရိုင်းတွေလဲ ဘုရင်ကြီးကို ကားတိုင်မှာ လက်နှစ်ဘက်ကို ကြိုးတွေနဲ့ တုတ်ချည်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ ကြိုးချည်တဲ့လူရိုင်းက ဘုရင်ကြီး ရဲ့လက်သန်းလေးတစ်ချောင်း ထိပ်ပြတ်နေတာကို သတိထားလိုက်မိတယ်။

လူရိုင်းတွေဟာ ယဇ်ပူဇော်တဲ့အခါ ကိုယ်အင်္ဂါပြည့်စုံတဲ့လူကိုပဲ သတ်ပြီးပူဇော်လေ့ရှိကြတယ်။ အခုဘုရင်ကြီးက လက်သန်းကလေးပြတ်နေတော့ ပူဇော်ဖို့ ခက်သွားတယ်။ အဲဒါကြောင့် ကြိုးချည်တဲ့လူရိုင်းက လူရိုင်းခေါင်းဆောင်ကို အခုအဖမ်းခံထားရတဲ့လူဟာ ကိုယ်အင်္ဂါမပြည့်စုံတဲ့လူဖြစ်ကြောင်း ပြောလိုက်တယ်။ လူရိုင်းခေါင်းဆောင်လဲ ကိုယ်အင်္ဂါမပြည့်စုံတဲ့လူကို ယဇ်ပူဇော်ရင် သူတို့ကိုးကွယ်တဲ့နတ်ကြီး စိတ်ဆိုးမှာစိုးလို့ ဘုရင်ကြီးကို ကြိုးဖြေပေးပြီး လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်တယ်။ ဘုရင်ကြီးလဲ ၀မ်းသာအားရနဲ့ သူ့လူတွေ စောင့်နေတဲ့နေရာဆီ ပြန်လာခဲ့တယ်။ သူ့လူတွေနဲ့ တွေ့တဲ့အခါကျတော့ သူ့လူတွေက စိတ်ပူကြောင်းလျှောက်ထားကြတဲ့အခါမှာ ဘုရင်ကြီးပြောလိုက်တယ်။ မင်းတို့ငါ့အတွက် စိတ်မပူကြနဲ့။ အခုငါသိသွားပြီ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့။ နောက်ပါအမတ်တွေလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။ ပြီးကျမှ ပါးစပ်က ပြိုင်တူရေရွတ်လိုက်ကြတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ။

နန်းတော်ထဲပြန်ရောက်တဲ့အခါကျတော့ ဘုရင်ကြီးလဲ ပြည်နှင်ဒဏ်အပေးခံထားရတဲ့ ပညာရှိအမတ်ကြီးကို ပြန်ခေါ်စေလိုက်တယ်။ အမတ်ကြီးရောက်တဲ့အခါကျတော့ဘုရင်ကြီးက သူမှားသွားကြောင်း တောင်းပန်ပြီး အမတ်ကြီးကို နဂိုရာထူးထက် အဆင့်မြင့်တဲ့ အမတ်မင်းရာထူးမှာ ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို ပြည်နှင်ဒဏ်ခံရတာနဲ့ အခု နန်းတွင်းမှာ ပြန်ပြီး အမတ်မင်းရာထူးချီးမြှင့်ခြင်းခံရတာ ဘယ်လိုကွာသလဲ လို့မေးလိုက်တယ်။ အမတ်ကြီးလဲ ကျွန်တော်မျိုးအတွက်တော့ ဘာမှမထူးပါဘူး မင်းကြီး၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့ပြန်လည်လျှောက်တင်လိုက်တယ်။ ဒီတစ်ခါတော့ ဘုရင်ကြီးလဲ စိတ်မဆိုးတော့ပဲ အိမ်း အမတ်မင်းပြောတာ ဟုတ်ပေတယ်ကွဲ့ လို့ အမိန့်တော်ရှိလိုက်သော ဟူသတတ်။

ကျတော်ငယ်စဉ်က အိပ်ယာဝင်တဲ့အခါ ဖွါးဖွါးပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ကျနော်တို့နေ့စဉ်ဘ၀မှာ မကောင်းဘူးလို့ထင်ရတဲ့အရာတွေဟာ တစ်ခါတစ်ရံကျတော့ မထင်မှတ်ပဲ ကောင်းနေတတ်တာကို တွေ့ရတတ်တယ်။ ဒီနေ့သတင်းဖတ်ရင်းနဲ့ Sky News ထဲမှာ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ပြောရမယ့် သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ကနေဒါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Quebec ပြည်နယ် ထဲက Montreal ဆိုတဲ့မြို့မှာဖြစ်ခဲ့တာပါ။

အပေါင်းအသင်းတွေက Big Kike မိုက်ကြီးလို့ခေါ်တဲ့ Michel Lapointe ကို မူးယဇ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ လျှို့ကြံစည်မှု၊ ရာဇ၀တ်ဂိုဏ်းနဲ့ပတ်သက်မှုတွေနဲ့ ထောင် (၂၅) လတိတိ အကျခံစေဖို့ တရားရုံးက အမိန့်ချထားလိုက်တယ်။ ဒါပေမဲ့ လွတ်ရက်မစေ့မီ သုံးလအလိုမှာ သူ့ကို ပြန်လွှတ်ပေးလိုက်တယ်။ လွှတ်လိုက်ရခြင်းအကြောင်းကတော့ မိုက်ကြီးဟာ ၀လွန်းတဲ့အတွက်ကြောင့်တဲ့။ သူ့ခမျှာ ထောင်ထဲမှာ သူများတွေလို ရေလဲကောင်းကောင်းမချိုနိုင်ရှာဘူး။ ထမင်းစားပွဲမှာလဲ ထိုင်လို့မရဘူး။ သူအိပ်ရတဲ့နေရာကလဲ သူ့ခန္ဓာကိုယ်နဲ့ဆို လှုပ်မရ၊ လှည့်မရလောက်အောင် ငယ်လွန်းနေလို့ သူ့ခမျှာကောင်းကောင်းလဲ မအိပ်ရရှာဘူးဆိုပဲ။

အဲဒါနဲ့ ထောင်အာဏာပိုင်တွေက မိုက်ကြီးကို ဒီအတိုင်းဆက်ထားရင် ထောင်ထဲမှာပဲ ကျမ်းမာရေးပျက်ပြီး သေသွားမှာစိုးလို့ထင်ပါရဲ့။ လွတ်ရက်မတိုင်ခင် သုံးလအလိုမှာ ၀လွန်းတဲ့အတွက်ကြောင့်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ၀တဲ့လူတွေနဲ့တွေ့တိုင်း ညီးသံကြားရတယ်။ ပိန်ချင်လိုက်တာ၊ ပိန်ချင်လိုက်တာဆိုပြီးတော့။ ၀တဲ့အတွက် စိတ်ညစ်နေကြရရှာတယ်။ အခု သတင်းထဲမှာ မိုက်ကြီးကတော့ ၀တဲ့အတွက် စောစောစီးစီး ထောင်ကလွတ်ပြီး ၀မ်းသာနေလေရဲ့။ ဒါလဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ ဆိုရမလားပဲ။ တစ်ခုတော့ရှိတယ်နော်။ ၀လွန်းရင် ကျမ်းမာရေးအတွက် စိုးရိမ်ရတယ်။ သိပ်မ၀ကြစေနဲ့။

ကျနော်တို့လူသားတွေရဲ့ဘ၀မှာ နေ့စဉ်တွေ့ရ ကြုံရတာတွေဟာ လူအတော်များများအတွက် လိုချင်တာထက်၊ မလိုချင်တာက ခန့်များများလို့ဆိုနိုင်ပါတယ်။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တိုင်း စိတ်ညစ်နေရရင် စိတ်ညစ်လို့ကို ဆုံးမှာမဟုတ်တော့ဘူး။ ဘယ်တော့မှလဲ စိတ်ချမ်းသာမှုဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ဒီတော့ ကောင်းတာနဲ့ပဲ ကြုံရ ကြုံရ၊ မကောင်းတာ၊ မလိုချင်တာနဲ့ပဲ ကြုံရ ကြုံရ၊ ပုံပြင်ထဲက အမတ်ကြီးပြောသလို ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့စိတ်ထားနိုင်ရင် ဘ၀မှာ ဖြေဆည်ရာတစ်ခုခုတော့ ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ဘ၀ရဲ့လောကဓံလှိုင်းတွေကို ကြံကြံခံနိုင်တဲ့ ခွန်အားတွေ ရကြပါစေ။
(http://uk.news.yahoo.com/5/20081113/twl-prisoner-freed-for-being-too-fat-3fd0ae9.html) ကို ကိုးကားရေးပါသည်။

No comments: