Insane people are always sure that they are fine. It is only the sane people who are willing to admit that they are crazy.
Nora Ephron
အရူးတွေဟာ အမြဲတမ်း သူတို့ကိုယ်သူတို့ ကောင်းတယ်လို့ သိကြတယ်။ အဲ--ကိုယ့်ကိုယ်ကို အရူးလို့ဝန်ခံချင်တဲ့လူတွေကတော့ လူကောင်းတွေပါပဲ။
(နိုရာ အက်ဖ်ရွန်)
ကျနော်ဗျာ ဟောဒီမောင်းမကန်ရွာကြီးကို ဟိမ၀န္တာတောင်ခြေအရောက် ရွှေ့ပစ်လိုက်ချင်တယ်။
အဲဒါကတော့ ကျနော်တို့ရွာမှာရှိတဲ့ အရူးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကိုဖိုးကြည်ပြောတဲ့ စကား။
အေး၊ မဟုတ်တာ ငါ့လာမပြောနဲ့၊ နင်သေရင်ပါယ်လေးပါး နိဗ္ဗာန်ရောက်လိမ့်မယ်။
ဒါကတော့ ဒုတိယအရူးဖြစ်တဲ့ ဒေါ်မေမြင့်ပြောတဲ့ စကား။
ရွာသားတွေနော် သတိထား၊ သူကြီးလာပြီ။
ဒီစကားကိုတော့ ကျနော်တို့ရွာကမဟုတ်ပေမဲ့ ကျနော်တို့ရွာမှာ အနေများတဲ့ မရွှေဆိုတဲ့အရူးမပြောနေကျ။ သူက ပန်းတင်အင်းဆိုတဲ့ ရွာက အရူး။ ကျနော်တို့ရွာက သူ့ကို မရွှေရူး လို့ခေါ်ကြတယ်။
နိုရာ အက်ဖ်ရွန်ပြောတဲ့စကားကို စဉ်းစားရင်း ကျနော်ခန့်ငယ်ငယ်က တွေ့ခဲ့ရတဲ့ အရူးသုံးယောက်ပြောတဲ့ စကားတွေကို ပြည်လည် ကြားယောင်လာမိတယ်။ သူတို့သုံးယောက်စလုံးဟာ ကိုယ့်နီးစပ်ရာ ကျက်စားရာအလိုက် စိတ်ထဲစွဲနေတဲ့အရာတွေကို ပြောတတ်ကြတယ်။ အဲဒီသုံးယောက်ထဲက ကိုဖိုးကြည်နဲ့ ဒေါ်မေမြင့်တို့နှစ်ယောက်ဟာ သွက်သွက်ခါအောင် ရူးတဲ့ အရူးတွေတော့ မဟုတ်ကြဘူး။ ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ အရူးတွေဆိုပါတော့။ ဘာ့ကြောင့် ရူးသလဲဆိုတာကိုတော့ ကျနော် မသိပါဘူး။ ကျနော် သိတတ်တဲ့အရွယ်ရောက်တဲ့အချိန်မှာ သူတို့တွေဟာ ရွာမှာ အရူးစာရင်း ၀င်နေကြပြီ။
တစ်နေ့ကျနော် ရန်ကုန်က အပြန်၊ ရွာဦးကျောင်းဆရာတော်ကို သွားရောက်ကန်တော့ရင်း ဆရာတော်နဲ့အတူ အပြင်ဝရန်တာမှာ မာကြောင်းသာကြောင်းလေးတွေ စကားလက်ဆုံကျနေတုန်း ကိုဖိုးကြည်အရူး နောက်ကရောက်လာပြီးတော့ အရင်းမရှိအဖျားမရှိ အထက်ပါစကားကို ပြောလိုက်တာ ကြားလိုက်ရတယ်။
ဆရာတော်ကမေးတယ်။ ဟဲ့--မောင်ဖိုးကြည်၊ မင်းက ဘာဖြစ်လို့ တို့ရွာကို ဟိမ၀န္တာ ရွှေ့ချင်ရတာလဲကွ--ဆိုတော့ ကိုဖိုးကြည့်ကလျှောက်တယ်။ ဒီရွာက သူကြီးလုပ်တဲ့ ဦးအိုမဲးဆိုတဲ့လူက ရွာသားတွေဆီမှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံတွေ သိပ်လိုက်ကောက်တာပဲဘုရား၊ တပည့်တော်မကြည့်ရက်ဘူး၊ အဲဒါကြောင့် မောင်းမကန်တစ်ရွာလုံးကို ဟိမ၀န္တာရွှေ့မယ်လို့ စိတ်ကူးရတာ၊ တဲ့။ ဟုတ်ပါပြီ၊ မင်းဘယ်လိုရွှေ့မှာလဲ ပြောပါဦး၊ လို့ဆရာတော်က ထပ်မေးလိုက်တော့၊ ကိုဖိုးကြည်ကပြောတယ်။ အထက်ဆရာကြီးတွေ အကူအညီနဲ့ ရွှေ့မှာပေါ့ ဘုရား--တဲ့။ ပြတ်ရော့။ အဲလိုပြောပြီးတော့ သူယူလာတဲ့ ထင်းစီးကောက်ထမ်းပြီး ပြန်ထွက်သွားလေရဲ့။ အဲဒီနေ့စပြီး ကျနော်သူ့ကို နောက်တစ်ခါမှ ထပ်မတွေ့ရတော့ဘူး။ သတိရမိသေးတော့တယ် ကိုဖိုးကြည်ရယ်။
အဲဒီတုန်းက နအဖ အာဏာသိပ်ပြီးကာစပဲရှိသေးတယ်။ ရွာမှာ သူကြီးလုပ်တဲ့ လူတွေကလဲ ရွာထိပ်မှာ ချထားတဲ့ တပ်ရင်း (၁၀၄)က စစ်ဗိုလ်တွေကို ဖားချင်တာနဲ့ အရေးအကြောင်းနည်းနည်းမပေါ်လိုက်နဲ့၊ တစ်အိမ်ဘယ်လောက်ထည့်ရမယ် ဆိုတဲ့ အမိန့်ကို တမ်းထုတ်တာပဲ။ ရွာကလူတွေကလဲ နီးရာဓားကြောက်နေရတော့ ငါးရာဆိုလဲ လျှောကနဲ။ တစ်ထောင်ဆိုလဲ ဝေါကနဲ။ အိပ်ထဲမှာ ပိုက်ဆံကပ်ခွင့်မရရှာကြတဲ့ ဆင်းရဲသားတွေခမျှာ အသက်နဲ့ရင်းပြီး ပင်လယ်ထဲ လှေငယ်တစ်စီးနဲ့ လှိုင်းတွေ လေတွေအကြား ရုန်းကန်လှုပ်ရှားရင်း ရှာဖွေစုဆောင်းလို့ ရသမျှ ငွေကြေးလေးတွေ သူကြီးအမိန့်အောက်မှာပဲ ကွယ်ပျောက်ရရှာတယ်။ ဒါတွေကို မြို့နေလူတမ်းစားတွေတော့ သိပ်သိကြမယ်မထင်ဘူး။
ကျနော်အထက်မှာ ပြောခဲ့တဲ့ ကိုဖိုးကြည်ဆိုတာ တကယ်တော့ ရွာထဲမှာ နေတာမဟုတ်ဘူး။ ရွာထိပ်က ရော်ဘာတောထဲမှာ သူ့ဖာသူတဲလေးထိုးပြီး တစ်ယောက်တည်းနေတာ။ ရွာကအမှုမှန်သမျှ သူနဲ့မဆိုင်ဘူး။ ဒါပေမဲ့ သူရွာထဲရောက်တဲ့အခါ ကြားလိုက်ရတဲ့ စကားသံတွေ အများစုဟာ ရွာသားတွေရဲ့ ညီးသံပါပဲ။ တော်ကြာ ကောက်ပြန်ပြီ တဲ့။ တော်ကြာ ဘာလုပ်ဖို့တဲ့ ဆိုတဲ့ အကောက်သံသရာရဲ့ ရိုက်ခတ်သံတွေဟာ အရူးနားရောက်ပြီး အရူးရင်ကိုတောင် ပူလောင်စေရတဲ့ အထိပါပဲ။ တောထဲမှာ တစ်ယောက်တည်းနေတဲ့ အရူးတောင် မဆီမဆိုင်ရွာကို ဘေးကင်းရာရွှေ့ချင်လောက်အောင် ဖြစ်ရတဲ့ညီးသံတွေကို လူကောင်းလို့ထင်ရတဲ့ အုပ်ချုပ်သူတွေ ဘာကြောင့်များ မကြားနိုင်သလဲ ကျနော် စဉ်းစားလို့မရဘူး။ အော် ကိုဖိုးကြည်ကြီးရယ်--ကျမ်းခန့်သာလို့ မာပါစေဗျာ။ ခင်ဗျား ရင်ထဲမှာ ကျနော်တို့အတွက် သနားကြင်နာမှုအပြည့်ရှိနေတာကို လေးစားမိပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ အရူးကတော့ ဒေါ်မေမြင့်။ ကျနော့်ကို သိပ်ချစ်တဲ့ အရူးမကြီးပေါ့။ ကျနော်က သူ့ကို ကြီးမေ လို့ခေါ်လေ့ရှိတယ်။ သူတို့အိပ်က ရွာမှာ ချမ်းသာတဲ့ စာရင်းထဲပါပါတယ်။ ကျနော်ရွာရောက်လို့ သူနဲ့တွေ့တိုင်း အရင်ဆုံးအမေးခံရလေ့ရှိတာကတော့--ဟဲ့ ငါ့တူမောင် ငါ့အတွက် ဘာလက်ဆောင်ပါသလဲ ဆိုတာပဲ။ ဒါဆိုရင် ကျနော်ကလဲ လက်ထဲအဆင်သင့်ရှိတဲ့ စားစရာတစ်ခုခုပေးလိုက်ပြီး၊ အဲဒါ ကျနော် ကြီးမေအတွက် ရန်ကုန်က တကူးတက၀ယ်လာတာ လို့ပြောလိုက်ရင် ဒါကြောင့် ငါ့တူကြီးကို ချစ်တာဆိုပြီး ရယ်နေတတ်တယ်။ ဘယ်သူ့ဆီက ဘယ်လိုသတင်းရတယ် မပြောတတ်ဘူး။ ကျနော် ရန်ကုန်ကပြန်လာမယ်ဆိုတဲ့ သတင်းကို သူက ကျနော်တို့အိမ်ကလူတွေထက် အရင်သိနေကျ။ သိတိုင်းလဲ ကျနော့်အမဆီ သွားပြောနေကျ။ ဟဲ့ သန်းသန်းမူ နင့်မောင် ပြန်လာမယ် ဆို။ နက်ဖန်ရောက်မယ်ဆိုလားပဲ။ အဲလိုနဲ့ ကျနော့်ကို သိပ်ချစ်တဲ့ ကြီးမေအရူးဟာ ကျနော်တို့အိမ်နဲ့လဲ သိပ်ရင်းနှီးပါတယ်။ ဆွေမျိုးတော့ နည်းနည်းမှ မတော်ဘူးနော်။ အထင်မလွဲနဲ့။
ကျနော်က ကြီးမေကို လေးစားပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘုန်းကြီးကျောင်းသွားတာ မြဲတယ်။ ကျနော်တို့ရွာမှာ ဘုန်းကြီး (၇)ကျောင်းရှိတဲ့အနက် ကံယုံနဲ့ တောင်ပေါ် နှစ်ကျောင်းကိုတော့ အမြဲသွားလေ့ရှိတယ်။ သွားတိုင်းသူ့လက်ထဲမှာ ဘုရားပန်းတစ်စီးအနည်းဆုံးပါတယ်။ သူတို့အိပ်က ပိုက်ဆံအထိုက်အလျှောက်ရှိတော့ ကံယုံကျောင်းမှာ သူတို့ပိုင်ယောဂီကျောင်းဆောင်တစ်ခုဆောက်ထားတယ်။ အဲဒီမှာ သူ့အမေဒေါ်မပို အမြဲတရားထိုင်လေ့ရှိတော့ သူပဲ သူ့အမေဝေယျာဝေစ္စတွေကို မညီးမညူလုပ်ပေးရှာတယ်။ သူ့ပါးစပ်ကို ကြည့်လိုက်ရင်တော့ ရှိသမျှသွားတွေ အကုန်လုံး ကပ်တရာစေးပေနေတဲ့ ထမင်းအိုးဖင်မှင်ရေသုတ်ထားသလားအောင့်မေ့ရတယ်။ ကွမ်းစားလွန်းလို့ သွားတွေလဲ မဲတူးချိတ်နေတာပဲ။
အဲဒါကြောင့်ထင်ပါရဲ့ ကလေးတွေက သူ့မြင်ရင် စလေ့နောက်လေ့ရှိကြတယ်။ မေမြင့်အရူး၊ သွားမဲတူး၊ ဖိုးကြည်ရူးနဲ့ ညားပါစေ တဲ့။ အဲလိုစတိုင်း သူပြန်ပြောတတ်တာက အထက်က စကား။ မင်းတို့လျှောက်မပြောကြနဲ့။ ပါယ်လေးပါး နိဗ္ဗာန်ရောက်မယ့်ဟာတွေ၊ တဲ့။ ကျနော်တစ်ခါက ရွာဦးကျောင်းဆရာတော်ကို မေးကြည့်တယ်။ ဆရာတော် မေမြင့်ပြောတဲ့ ပါယ်လေးပါးနိဗ္ဗာန်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တပည့်တော်တို့ကတော့ ပါယ်လေးပါးက တခြား၊ နိဗ္ဗာန်ကတခြား လို့ မှတ်သားဖူးတာပဲ။ ဆရာတော်က အမိန့်ရှိတယ်။ အ၀ီစိပြောတာနေမှာပေါ့ကွ တဲ့။ သုခတွေထဲမှာ နိဗ္ဗာန်ဟာ အသာဆုံးပဲမို့လား။ ဒုက္ခတွေထဲမှာဆိုရင်တော့ ငရဲဟာ အဆိုးဆုံးပေါ့။ ဒါကြောင့် မေမြင့်က အဆိုးဆုံးဒုက္ခဘုံဖြစ်တဲ့ ငရဲကို နိဗ္ဗာန်နဲ့ တင်စားပြီး ပါယ်လေးပါးနိဗ္ဗာန်လို့ ပြောတာနေမှာပေါ့ကွ တဲ့။
တတိယ အရူးဖြစ်တဲ့ မရွှေကိုတော့ အခါခပ်သိမ်းမြင်တွေ့ရလေ့မရှိဘူး။ သေချာပေါက်တွေ့ရတဲ့ အချိန်တစ်ချိန်တော့ရှိတယ်။ အဲဒါကတော့ ကျနော်တို့မောင်းမကန်မှာ ဇာတ်ပွဲရှိတဲ့အချိန်ပဲ။ ဇာတ်ပွဲကလဲ မကြာမကြာရှိသဗျား။ ဇာတ်ပွဲရှိတိုင်း အရူးမ မရွှေရောက်လာမြဲ။ သူလာရင်ပြောတဲ့ စကားတစ်ခွန်းကတော့ အထက်က အတိုင်းပဲ။ မပါမပြီးဘူး။ ဘာကြောင့်ပြောသလဲတော့ မသိဘူး။ သူက ပန်းတင်အင်းရွာသူဆိုတော့ သူတို့ရွာက သူကြီးလဲ ကျနော်တို့ရွာကလိုပဲ ရွာသားတွေအပေါ် ပိုက်ဆံအတော်ကောက်ပုံရတယ်။ ရွာမှာ ပွဲရှိတိုင်းရောက်လာတတ်တယ်။ သူ့လက်ထဲမှာ ကြံ၊ ဒါမှမဟုတ်ရင် ကောက်ညှင်းကျီတောက် တစ်ချောင်းချောင်းတော့ အမြဲကိုင်ထားတတ်တယ်။
အဲဒီအရူးမက သွက်သွက်ခါအောင်ရူးပေမဲ့ အလစ်သုပ်တာတော့ မြန်တယ်ဗျား။ ကျနော့်မျက်စိရှေ့ပဲ။ တစ်ခါက ရွာမှာ ပွဲကတော့ ထုံးစံအတိုင်း မရွှေရူး ရောက်လာတယ်။ ကျနော်တို့လဲ ကလေးတွေပဲရှိသေးတော့ အုပ်စုလိုက်သွားကြလာကြပေါ့။ တစ်နေရာရောက်တော့ မရွှေရူးကို တွေ့ပါလေရော။ ဆိုင်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတယ်။ ကျနော်လဲ စိတ်ဝင်တစား ကြည့်နေမိတယ်။ ခဏကြာတော့ ဖြတ်ကနဲ့ ဆိုင်ပေါ်က စားစရာတစ်ခုကို နှိုက်ယူပြီး လစ်ထွက်သွားတယ်။ အော်--လက်သွက်လိုက်တဲ့အရူးမ။ ဒါကြောင့်လဲ အရူးသက်တမ်းရှည်ပေတာကိုး။
အထက်ပါ အရူးသုံးယောက်ပြောတဲ့ စကားတွေကို သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် သူတို့စကားတွေအားလုံးဟာ သူတို့ပတ်ဝန်းကျင်က လူတွေရဲ့ နေ့စဉ်ဘ၀ကို တစ်နည်းနည်းနဲ့ ပုံဖေါ်ထင်ဟတ်နေတယ် လို့ ကျနော်မြင်မိတယ်။ တစ်ခုသေချာတာကတော့ သူတို့ဟာ သူတို့ကိုယ်သူတို့ ရူးနေတယ်လို့ ဘယ်တော့မှ မမြင်ကြသလို ဘယ်တော့မှလဲ ငါရူးနေပြီလို့ မပြောတတ်ကြဘူး။ ဘာလို့လဲ ဆိုတော့ သူတို့တွေဟာ ပြည့်စုံတဲ့ ဘ၀ကို ရသွားကြပြီ။ ရူးစရာမလိုတော့ဘူး။ ရူးစရာမလိုတော့တဲ့အတွက် အရူးဆိုတဲ့စကားဟာ သူတို့အတွက် အဓိပ္ပါယ်မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လူကောင်းလို့မှတ်ထင်နေတဲ့ ကျနော်တို့ တတွေကသာ မရှိတာရှိအောင်လုပ်၊ ရှိတာတိုးပွါးအောင်လုပ်ရင်းနဲ့ ဘ၀အမောတွေဆို့နင့်ပြီး ရူးကြောင်ကြောင်ဖြစ်နေကြရရှာတာ။ အရူးဆိုတဲ့စကားဟာ လူကောင်းတွေအတွက်တော့ တော်တော်အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို ပြောတတ်ကြတာပေါ့။ ငါတော့ ရူးနေပြီလားမသိ၊ တဲ့။
Rabindranath Tagore – Gītañjalī 35 (ပါဠိ)
-
Gītañjalī 35Rabindranath Tagoreပါဠိဘာသာပြန် – နတ္ထိ Ref: Tagore,
Rabindranath. (2012). Gitanjali, Song Offerings, A Collection of Prose
Translations. New D...
1 month ago
1 comment:
so interesting.
I hope more than successful.
Post a Comment