Saturday, November 29, 2008

ဆေးမှင်ကြောင်ထိုးခြင်း


အိမ်ထောင်မှု၊ ဘုရားတည်၊
ဆေးမှင်ရည် စုတ်ထိုး၊
ဤသုံးခု ချက်မပိုင်လျှင်၊
နောင်ပြင်ရန် ခက်သည့် အမျိုး။

ကျနော်တို့ ရှေးဗမာလူမျိုးတွေ အလေးအနက်ထား၊ သေသေချာချာစီစဉ်ပြီးမှ လုပ်ရမယ်လို့ ယူဆထားတဲ့ အရာသုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့---
(၁) အိမ်ထောင်ပြုခြင်း၊
(၂) ဘုရားတည်ခြင်း၊
(၃) ဆေးမှင်ကြောင်ထိုးခြင်း တွေပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးထဲက အင်္ဂလိပ်လို့ Tattoo လို့ခေါ်တဲ့ အောက်ဆုံးက ဆေးမှင်ကြောင်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အနည်းငယ်ဆွေးနွေးမလို့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေးခံခဲ့ရလို့ပါပဲ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆)ရက်နေ့တုန်းက ကျနော့်စူပါဗိုက်ဆာ အကူအညီတောင်းထားတဲ့ ကိစ္စတစ်ခုကို သွားလုပ်ပေးရပါတယ်။ အဲဒါကတော့ သူတာဝန်ယူပြီး သင်နေရတဲ့ ဘီအေ၊ ပထမနှစ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားတွေက မြန်မာပြည် ဘာသာရေးနဲ့ပတ်သက်ပြီး အင်တာဗျူးချင်တဲ့ကိစ္စပါ။ ဆရာမလဲ လူရှာမတွေ့တာနဲ့ ကျနော့်ကိုပဲ အဗျူးခံခိုင်းပါတယ်။ ကျနော်လဲ အဗျူးခံချင်နေတာဆိုတော့ အတော်ဖြစ်သွားတယ်။ အင်္ဂလိပ်လူမျိုးကျောင်းသူနှစ်ယောက်၊ ကျောင်းသားနှစ်ယောက်နဲ့ စပိန်သူတစ်ယောက်ပါ။ စုစုပေါင်း ငါးယောက်တည်းပါ။ တစ်ယောက်ကို ၁၅ မိနစ်စီ ဗျူးချိန်ပေးထားပါတယ်။

အဲဒီငါးယောက်ထဲက ပထမဆုံးကျနော့်ကို ဗျူးတဲ့ကျောင်းသူကတော့ Sara တဲ့။ အသက် ၁၉ နှစ်လောက်ပဲရှိသေးတဲ့ အင်္ဂလိမ်မချောချောလေးတစ်ယောက်ပါ။ သူက ကျနော့်ကို မေးခွန်းတစ်ခုမေးတယ်။ ဆေးမှင်ကြောင်ထိုးတဲ့ကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ ဘယ်လိုပတ်သက်ပါသလဲ တဲ့။ ဂလု။ ရုတ်တရက် ကျနော် ဘယ်လိုဖြေရမှန်းမသိဘူး။ ဒါပေမဲ့ သိပ်စဉ်းစားမနေပဲနဲ့ ကျနော်အဖြေပေးလိုက်တယ်။ ဘာမှ မပတ်သက်ပါဘူး လို့။ ပြီးတော့ ကျနော့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာလဲ သိပ်မရှိတော့ ကိုယ့်ရှိတာနဲ့ ကိုယ်သိထားတာလေးတွေကို သူနားလည်အောင် ရှင်းပြလိုက်တယ်။ လူလိုချင်တဲ့အဖြေမျိုး ဖြစ်ကောင်းမှ ဖြစ်ပေမဲ့ သူ့မေးခွန်းဟာ ပြေလည်စွာပြီးဆုံးသွားပါတယ်။

ကျနော်က ဒဿနိကဘေဒကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဘာသာရေးကိုလဲ စိတ်ဝင်စားတတ်တဲ့အလျှောက် ကိုယ့်ဗုဒ္ဓဘာသာစာပေကိုလဲ လက်လှမ်းမီနိုင်သလောက် ဖတ်ရှုကျက်မှတ်ထားတာတွေလဲ မနည်းပါဘူး။ သူ့ကို ပြောရတယ်။ ကျုပ်သိသလောက်ဆိုရင်တော့ ဗုဒ္ဓစာပေထဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဟောထားတာမျိုးဘယ်မှ မရှိပါဘူး လို့။ ခန့်တည်တည်နဲ့ပေါ့။ ဘာသာရေးနဲ့ တိုက်ရိုက်မဆိုင်ပေမဲ့ ကျနော်တို့မြန်မာလူမျိုးတွေ ဒီအပေါ်မှာ ဘယ်လို သဘောထားတယ်၊ အချို့လူတွေ ဘာကြောင့်ထိုးကြတယ် ဆိုတာကို အနည်းအကျဉ်းရှင်းပြရတယ်။

ဥပမာ၊ ကျနော့်ညာလက်မှာ ကြယ်စင်လေးတစ်လုံး ထိုးထားတာရှိတယ်။ ပြီးတော့ ဘယ်/ညာလက်ကောက်ဝတ်တွေမှာလဲ အစက်အပြောက် တစ်ဘက်သုံးခုစီရှိတယ်။ အဲဒါကို ပြလိုက်တယ်။ ဟောဒီကြယ်ကိုတော့ အသက် ၁၁ နှစ်သားအရွယ်တုန်းက ဘုရားပွဲမှာ အလှထိုးခဲ့တာပဲ။ ဘာရည်ရွယ်ချက်မှ ထူးထူးခြားခြားမရှိဘူး။ သူများတွေထိုးတာမြင်လို့ ကျုပ်လဲ ၀င်ထိုးခဲ့တာပဲ၊ လို့။ ဟောဒီ လက်ကောက်ဝတ်မှာရှိတဲ့ အမည်းစက်လေးသုံးခုကတော့ ရည်ရွယ်ချက်ရှိတယ်။ ကျုပ်ငယ်ငယ်တုန်းက ရွာဦးကျောင်းဆရာတော်က အဆိပ်နိုင်တယ်ဆိုပြီး ထိုးပေးခဲ့တာပဲလို့။ ဘာသာရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဖြေလိုက်တယ်။ သူလဲ ဒီလောက်နဲ့ပဲ ကျေနပ်သွားတယ်။

ကျနော်တို့ ဗမာလူမျိုးတွေမှာ အထူးသဖြင့် ရှေးကျတဲ့ လူကြီးတွေမှာ အဲဒီဆေးမှင်ကြောင်ထိုးတာတွေ တွေ့ရတာများတယ်။ ကျနော့်ဘေးရဲ့ ပေါင်နှစ်ဘက်မှာဆို အကွင်းလိုက်၊ အကွင်းလိုက်ထိုးထားတာတွေ့ရတာ။ သူ့သားသုံးယောက်ဖြစ်တဲ့ ကျနော့်ဘိုးလေး ဦးစောဟန်၊ အဘိုးလတ် ရှင်ရှင်၊ အဘိုးအရင်း ဦးတင်း တို့ပေါင်တွေမှာလဲ ထိုးကွင်းတွေနဲ့ချည်းပဲ။ ကျနော့်ဘေးက အသက် (၉၅) နှစ်မှာ ဆုံးသွားတယ်။ ကျနော့်အဘိုး ညီအကိုသုံးယောက်ကတော့ အခုတိုင် သက်ရှိထင်ရှားရှိတုန်း၊ အသက်ရှစ်ဆယ်ကျော်တွေချည်းပဲ။ ကျနော်တို့အမျိုး အသက်ရှည်ကြောင်းလဲ ကြုံလို့ကြွားလိုက်ရသေးတယ်။

သူတို့ခေတ်သူတို့အခါက ယောက်ျားတွေဟာ ပေါင်တံတစ်ခုလုံး ထိုးကွင်းမရှိရင် မိန်းမတောင်မရနိုင်ဘူး တဲ့။ ထိုးကွင်းအပြည့်ထိုး၊ တင်ပါးနှစ်ဖက်ပြူးနေအောင်ခါးတောင်းကျိုက်ပြီး ရွာထဲလျှောက်လည်ရင် အပျိုချောတွေ ကြည့်မှကြည့်ဆိုပဲ။ ကျနော်လဲ ဘမျိုးဘိုးတူဖြစ်အောင်လို့ လက်မှာ ကြယ်သေးသေးလေးတစ်လုံး ထိုးထားရသေးတယ်။ အဲဒါကြောင့်လားတော့ မသိဘူး။ တစ်ခါက ကျနော့်လက်မောင်းမှာထိုးထားတဲ့ ကြယ်ကိုမြင်ပြီး ပြင်သစ်သူတစ်ယောက်က မေးတယ်။ မင်း ထောင်ကျဖူးလား တဲ့။ ကျောချမ်းတယ်ဗျာ။ မနည်းရှင်းပြလိုက်ရတယ်။ မဟုတ်ကြောင်း။

ဒီ Tattoo လို့ခေါ်တဲ့ ဆေးမှင်ကြောင်ထိုးတဲ့ ဓလေ့ဟာ သမိုင်းကျောင်းအရ ဟောဒီကမ္ဘာမြေပေါ် ယနေ့ခေတ်သိနေတဲ့ ဘာသာတရားတွေ မထွန်းကားခင်ကတည်းက ရှိနှင့်ပြီးသားပါ။ Eurasian သို့မဟုတ် Euroasian သို့မဟုတ် Euro-Asian လို့ စာမှာသုံးတဲ့ ဥရောပ အာရှသားတွေရဲ့ ဓလေ့တစ်မျိုးလို့ ဆေးမှင်ကြောင်သမိုင်းပညာရှင်တွေက ဆိုပါတယ်။ လွန်ခဲ့တဲ့ ဘီစီနှစ် ငါးထောင်ခန့် Neolithic လို့ခေါ်တဲ့ ကျောက်ခေတ်သစ် (New Stone Age) ကတည်းက ရှိနေပါပြီတဲ့။ ဒါပေမဲ့ သက်သေအဖြစ် တကယ်တွေ့ရတာကတော့ AlPs တောင်တန်း၊ Ötz ချိုက်ဝှန်းထဲက ရတဲ့ Ötzi the Iceman လို့ခေါ်တဲ့ မမ်မီရုပ်ကြွင်းမှာပါ။ အဲဒီမမ်မီရုပ်သက်တမ်းကို ဘီစီ လေးထောင်နဲ့ ငါးထောင်အကြားလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

အဲဒီရုပ်လောင်းရဲ့ ညာဘက်ခြေမျက်စိ၊ ဘယ်ဘက်ဒူးခေါင်းနဲ့ ကျောကုန်းအောက်ပိုင်းတွေမှာ ဆေးမှင်စက်တွေနဲ့ မျဉ်းကောက်လိုင်းတွေ စုစုပေါင် (၅၇) ခုလောက်တွေ့ရှိရတယ် လို့ဆိုပါတယ်။ ဘီစီနှစ်ထောင်ခန့် Amunet လို့ခေါ်တဲ့ အီဂျစ်မမ်မီရုပ်နဲ့ ဆိုက်ဗေးရီးယားနိုင်ငံ၊ အနောက်တောင်ပိုင်း၊ Ukok လွင်ပြင်မှာနေထိုင်ကြတဲ့ Pazyryk လို့ခေါ်တဲ့ နော်မန်လူမျိုးရုပ်ကြွင်းတွေမှာလဲ ထပ်တွေ့ရတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ဘီစီနှစ်ပေါင်း တစ်သောင်းခန့် Paleolithic လို့ခေါ်တဲ့ ကျောက်ခေတ်ဟောင်း (Old Stone Age) ကတည်းက ဆေးမှင်ကြောင်ထိုးတဲ့အလေ့ရှိတယ်လို့ သမိုင်းပညာရှင်တွေကဆိုပါတယ်။
အနောက်တိုင်းတွေမှာတော့ ဒီဓလေ့ဟာ Polynesia လို့ခေါ်တဲ့ ကျွန်းစုနေလူမျိုးတွေဆီက ကူးစက်လာတယ်လို့ မှတ်တမ်းပြုထားပါတယ်။

မှတ်တမ်းများအရပြောရရင်တော့ ဆေးမှင်ကြောင်ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိုးကြတာပါပဲ။ အချို့က အလှဆင်ဖို့၊ အချို့က ကိုယ့်ကိုယ်ကို အကာအကွယ်ပြုဖို့၊ အချို့က ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာပြဖို့ စသည်စသည် ရည်ရွယ်ချက်တွေနဲ့ ထိုးကြတာပါ။ အဲဒီရည်ရွယ်ချက်မြောက်များစွာထဲမှာ ဗုဒ္ဓဘာသာနဲ့ဆက်စပ်ပြီးရေးထားတဲ့ အကြောင်းအရာရယ်လို့ တစ်ခုမှ မတွေ့ရပါဘူး။ ဒါကြောင့် အထက်မှာ ကျနော် ဆာရာလို့ခေါ်တဲ့ အင်္ဂလိပ်မလေးမေးတဲ့ မေးခွန်းကို ခန့်တည်တည်နဲ့ ဖြေခဲ့တာ မမှားပါဘူးဆိုတာ သိရပါတယ်။ ထိုးပြီးရင် ဖျက်ဖို့အတော်ခက်တဲ့အတွက် မထိုးရင်တော့ အကောင်းဆုံးပါပဲ။
ထိုးကြဦးမလားဗျို့-- မှင်ကြောင်----။
(http://en.wikipedia.org/wiki/Tattoo#Cosmetic) ကိုအခြေပြု တင်ပြပါသည်။

No comments: