Wednesday, November 5, 2008

သူငယ်ချင်းသို့ (၉)

ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာတောင် အတော်ကြာနေပြီ။ ကျမ်းမာလို့ ချမ်းသာပါစ။ ဘယ့်နှယ်လဲ အိမ်သူနဲ့ အဆင်ပြေရဲ့မို့လား။ ကိုယ့်လူအိမ်သူနဲ့အဆင်ပြေရင်တော့ ကျန်တာတွေလဲ အကုန်အဆင်ပြေမယ်ဆိုတာ ယုံပြီးသားပါဗျာ။ အဓိကဟာ အဓိကပဲလေ။ ကိုယ်ကတော့ အခုထိ ပညာရေးလောကထဲက မထွက်မြောက်နိုင်သေးဘူး။ တစ်ကိုယ်တည်း လူပျိုလုပ်နေရာတာ ပျင်းတောင်လာပေါ့ ကိုယ့်လူရယ်။ ဟိုက ဒီက ကမ်းလှမ်းတာလေးတွေလဲ စိတ်ကူးယဉ်မိရဲ့။ သို့သော်----သို့သော်----။

အင်း---ကိုယ်စိတ်ကူးယဉ်တဲ့အကြောင်းတွေတော့ သိပ်မပြောချင်ပါဘူးကိုယ့်လူရာ။ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲရှိပါစေတော့။ အခု ကိုယ့်လူကို ပြောပြစရာလေး နည်းနည်းရှိလို့ ဒီစာကို ရေးဖြစ်တာ။ ဒီနေ့ (၀၅/၁၁/၀၈) ကိုယ် သူငယ်ချင်းတစ်ယောက်နဲ့ လန်ဒန်တက္ကသိုလ်ကိုရောက်ခဲ့တယ်။ ရောက်ခဲ့တယ် ဆိုတာ တမင်သွားလို့ရောက်တာပါ။ အလည်သက်သက်တော့ မဟုတ်ပါဘူး။ ချိန်းထားလို့။ ဟဲ ဟဲ။ တက္ကသိုလ်က ကောင်မလေးတစ်ယောက်ယောက်နဲ့ ချိန်းတယ်လို့တော့ မအောင့်မေ့လိုက်ပါနဲ့ ကိုယ့်လူရယ်။ ကိုယ့်မှာလဲ နဂိုအကျင့်တွေ မပျောက်သေးပေမဲ့ တော်တော်တော့ ပါးနေပါပြီ။

ကိုယ့်လူ သိတယ်မို့လား။ ကိုယ်ဒီကိုလာတာ အတော်ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့။ အင်္ဂလန်မှာ ကျောင်းတက်ဖို့။ ဒီထက်မကဘူး။ ဘွဲ့တစ်ခုခုယူဖို့။ ဒီထက်ပိုသေးတယ်။ ဒေါက်တာဘွဲ့ယူဖို့။ ရအောင်ယူဖို့။ မရရင် မပြန်ခဲ့နဲ့။ မှာလိုက်တဲ့ ဆရာစကား။ သူတို့စကား။ ဟုတ်တယ်။ ကိုယ်လဲ မပြန်ချင်တော့ဘူး။ မရရင်မပြန်ခဲ့နဲ့ တဲ့။ မရအောင်နေပြီး မပြန်ပဲနေရင်ကောင်းမလားလို့ စဉ်းစားမိတယ်။ အထက်က ပြောသလိုပဲ၊ အော် သို့သော်--သို့သော်--သို့သော်၊ အော်-------သို့သော်--------။

ကိုယ်မိုက်လို့ မဖြစ်ပါဘူး။ ကိုယ့်တိုင်းပြည်ပြန်ရမယ်။ ကိုယ်သင်ခဲ့တာတွေကို ပြန်လည် ဖြန့်ဖြူးရမယ်။ အုဌ်တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်အနေနဲ့ ကိုယ်တို့တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ ပညာရေးအဆောက်အဦးကို တည့်မတ်ပေးရမယ်။ အဲဒါ ကိုယ့်ရဲ့အဓိက ရည်ရွယ်ချက်ပေါ့။ ကိုယ့်လူလဲ ဒေါက်တာတစ်ယောက်ဖြစ်နေတာပဲလေ။ ကိုယ်ပြောတာ နားလည်မှာပါ။ ခက်တာက ကိုယ့်ကို နားမလည်နိုင်တဲ့ လူတွေရှိနေဆဲပဲ။ ကိစ္စ မရှိဘူး။ ကိုယ့်အပေါ် တစ်ယောက်တည်းပဲ နားလည်ပေးမည့်လူ ရှိတယ်ဆိုရင် အဲဒီလူဟာ ကိုယ့်လူပဲဆိုတာ ယုံတယ်။ အဲလိုယုံတဲ့အတွက်လဲ ဘာပဲဖြစ်ဖြစ် ပြောပြချင်တယ်။

ကိုယ် ဒီရောက်တာ အခုဆို တစ်နှစ်တောင် ကျော်သွားပြီ။ ဘာမှမဖြစ်သေးဘူး။ အင်္ဂလိပ်ကျောင်းလေး ချောက်ချိချောက်ချက် သွားတက်လိုက်၊ စားလိုက်၊သောက်လိုက်၊ အဆောင်ပြန်အိပ်လိုက်နဲ့။ သက်သက်အချိန်နဲ့ ငွေဖြုန်းတီးနေတယ်လို့ ခံစားမိတယ်။ အဲဒီခံစားချက်ဟာ ရောက်ပြီး ခြောက်လ ခုနှစ်လလောက်အကြာမှ ဖြစ်သွားတာ။ အခုထိပဲဆိုပါတော့။ အဲဒါကြောင့် ပြီးခဲ့တဲ့ သုံးလလောက်က။ ပြောမယ်ဆိုရင် ကိုယ် IELTS လက်မှတ်ရပြီးကာစပေါ့။ ရတဲ့လက်မှတ်နဲ့ တက္ကသိုလ်တစ်ခုခုကို လျှောက်ထားမယ်စိတ်ကူးတယ်။ အကြောင်းကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့ဘူး ဆိုပါတော့။

ဒါပေမဲ့ စိတ်ကတော့ မလျှော့ပါဘူး။ နီးစပ်ရာမှာ ကိုယ့်ဖာသာကိုယ်ပဲ စုံစမ်းနေရတာ။ ကံအားလျှော်စွာလို့ ပြောရမယ် ထင်တယ်။ လန်ဒန်တက္ကသိုလ်မှာရှိတဲ့ SOAS လို့အတိုကောက်ခေါ်တဲ့ အရှေ့တိုင်းနဲ့ အာရှဒေသဆိုင်ရာဌာနကြီးက ဆရာမတစ်ယောက်နဲ့ ချိတ်မိတယ်။ အွန်လိုင်းမှာ ချိတ်မိတယ် ဆိုပါတော့။ သူလဲ ကိုယ့်ရဲ့ Subject ကို စိတ်ဝင်စားလေတော့ ကိုယ်ရမ်းသန်းပြီး ပို့လိုက်တဲ့ အီးမေးလ်ကို ချက်ချင်းပဲ ပြန်တယ်။ အဲဒီနေ့ကဆို တကယ်ပြောတာ။ ထီပေါက်သလိုကို ခံစားရတယ်။ ပျော်လိုက်တာ မပြောနဲ့တော့။ တက္ကသိုလ်တက်မယ်။ ဘွဲ့ယူမယ်။ အိမ်ပြန်မယ်။ အဲလို ခန့်မြန်မြန်လေး တွေးမိလိုက်တာကိုး။ စိတ်ကူးက အဲဒီလို။

အဲဒီအချိန်ကစပြီး ဆရာမနဲ့ ကိုယ်အွန်လိုင်းမှာ အဆက်အသွယ်ရှိခဲ့တယ်။ ဆရာမက Ph.D ကျောင်းသားပေါင်းများစွာကို လမ်းညွှန်ပေးနေတဲ့ဆရာမပါ။ ကိုယ့်အတွက်လဲ သင့်တော်မယ့်သူရယ်လို့ ယုံကြည့်တဲ့အတွက် ရွေးချယ်ခဲ့တယ်။ ကိုယ့်ဘ၀တစ်လျှောက်လုံး ဆရာသမားကောင်းနဲ့ တွေ့ရမယ့်ကံပါလာတယ် ထင်ပါရဲ့ အခုဆရာမလဲ သိပ်ကောင်းတယ် လို့ယုံကြည်နေမိတယ်။ အခုအချိန်ထိဆိုပါတော့။ ဆရာမနဲ့ နှစ်လသုံးလလောက် အွန်လိုင်းမှာပဲ အဆက်အသွယ်ဖြစ်ပြီး ဒီနေ့တော့ သူနဲ့သွားတွေ့လိုက်တယ်။ ဒီနေ့လာတွေ့ပါလို့ သူက ချိန်းထားခဲ့တာလေ။

ပြောရဦးမယ်။ သူ့ဆီ သွားတာ သူငယ်ချင်းတစ်ယောက်လဲ ပါတယ်။ ဆရာမရဲ့ Ph.D ကျောင်းသားပေါ့။ ဘူတာရောက်လို့ ဓာတ်လှေကားအထွက်မှာ ကိုယ့်သူငယ်ချင်းက အမျိုးသမီးတစ်ယောက်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတယ်။ အဲဒီအမျိုးသမီးကလဲ အတော့်ကို ရင်းရင်းနှီးနှီးရှိတာတွေ့ရတယ်။ ခဏနေတော့ ကိုယ့်လူရေ အဲဒါမင်းဆရာမဖြစ်မည့် အမျိုးသမီးပဲ တဲ့။ အော် တိုက်တိုက် ဆိုင်ဆိုင် ဘူတာမှာပဲ တွေ့ရပြီ။ ကျနော့်စူပါဗိုက်ဆာနဲ့။

ဆရာမနာမည်က Dr.Kate Crosby တဲ့။ အောက်စဖိုလ်တက္ကသိုလ်က D.Phil (Ph.D)ကို ရထားတာ။ ကျနော့်မျက်စိထဲမှာတော့ ဆရာမကို ခန့်ငယ်ငယ်ပဲ အောင့်မေ့မိတယ်။ အသက်လေးဆယ်ကျော်လောက်ပဲ ထင်ရတယ်။ သူငယ်ချင်းကို မေးကြည့်တော့ ငါးဆယ်နီးနီးရှိပြီတဲ့။ ကိုယ်လုံးကိုယ်ပေါက် အတော်ဝတယ် ပြောရမယ်။ ရုတ်တရက်ကြည့်ရင် စာသမားလို့ မထင်ရဘူး။ ဒါပေမဲ့ သူရေးထားတဲ့ စာတွေ ဖတ်ကြည့်တော့ အတွေးအခေါ်တွေက ကြောက်စရာကောင်းတယ်။ အရှေ့တိုင်းဘာသာရပ်တွေကို အတော်နှံ့စပ်နိုင်နင်းတယ်လို့ သိရတယ်။

ဘူတာက ထွက်တာနဲ့ ဆရာမရယ်၊ သူငယ်ချင်းရယ်၊ ကိုယ်ရယ် သုံးရောက်သား တက္ကသိုလ်ထဲမှာ ရှိတဲ့ ကန်တင်း သွားပြီး လက္ဘက်ရည်သောက်ကြတယ်။ အဲဒီမှာထိုင်ပြီး ဟိုအကြောင်း ဒီအကြောင်း ခဏပြောတယ်။ ကိုယ်ကတော့ သူစိမ်းဆိုတော့ သိပ်မပြောဖြစ်ပါဘူး။ သူငယ်ချင်းပဲ သူ့ဆရာမနဲ့ စကားတပြောပြောလုပ်နေတယ်။ သူတို့နှစ်ယောက်ကလဲ အမြဲတွေ့နေတာတောင် မတွေ့ရတာ ကြာနေတဲ့ လူတွေလိုပဲ ပြောလိုက်တဲ့ စကားတွေ။ တော်တော်နဲ့မပြီးနိုင်ဘူး။ ကိုယ့်မှာလဲ ၀တ်လာတဲ့ အင်္ကျီကပါး၊ ထိုင်နေရတာက ကန်တင်းအပြင်ဘက်။ နိုဝင်ဘာလရဲ့ ဆောင်း၊ နေကမရှိ၊ ညနေစောင်းလုလု၊ လေက တဖြူးဖြူးနဲ့။ ချမ်းလိုက်တာ မပြောနဲ့တော့။

ခဏကြာတော့ သောက်လက်စ လက္ဘက်ရည်လဲ ကုန်လုပြီ။ ချမ်းချမ်းစီးစီးနဲ့ထိုင်နေရတာလဲ တစ်နာရီလောက်ရှိသွားပြီ။ အဲဒီကျမှ ဆရာမက ကိုယ့်ကို သတိထားမိပုံရတယ်။ မင်းကြည့်ရတာ အတော်ချမ်းနေတဲ့ ပုံပဲ တဲ့။ အော် အသိနောက်ကျလိုက်လေ ဆရာမရယ် လို့ စိတ်ထဲအောင့်မေ့မိတယ်။ ဟုတ်ကဲ့ပါ ခင်ဗျား လို့ အားနာနာနဲ့ အမှန်တိုင်းပြောလိုက်ရတယ်။ ဒါဆို သူ့အခန်းသွားဆွေးနွေးကြတာပေါ့ ဆိုတာနဲ့ ကိုယ်လဲ ၀မ်းသာသွားတယ်။ ကန်တင်းက ထလာပြီးတော့ သူ့အခန်းရောက်ဖို့အရေး ပန်းခြံလေးတစ်ခု ဖြတ်လျှောက်ခဲ့ရတယ်။ ဆောင်းဒဏ်မခံနိုင်လို့ ကြွေရရှာတဲ့ ရွက်ယော်လေးတွေအပေါ် နင်းရင်းပေါ့။

သူ့အခန်းရောက်တော့ ခဏနော်ဆိုပြီး ရှင်းစရာရှိတာ သွားရှင်းနေလိုက်သေးတယ်။ ပြီးကျမှ အခန်းထဲပြန်ဝင်လာတယ်။ ကိုယ်လဲ အဆင်သင့်ယူလာတဲ့ ကိုယ့်ရဲ့ CV Form နဲ့ ကိုယ် ၂၀၀၆ ခုနှစ်က မဂ္ဂဇင်းတစ်ခုမှာ ရေးထားခဲ့တဲ့ Essay တစ်ပုဒ်ကိုပေးလိုက်တယ်။ ကိုယ့်စီဗွီကို ကြည့်လိုက်တယ်။ ပြီးတော့ ကိုယ်ရေးထားတဲ့ အက်ဆေးကို ဖတ်နေလိုက်တယ်။ ကိုယ်ရင်ထဲမှာတော့ သူမကြိုက်တာတွေ့သွားရင် ဒုက္ခဆိုပြီး ဘုရားတနေရသေးတယ်။ ကိုယ့်စာဖတ်ရင်းနဲ့ တစ်ချက်တစ်ချက်ပြုံးပြုံးသွားတယ်။ ကိုယ့်စိတ်ထဲမှာလဲ သွားပြီထင်တယ် လို့တွေးနေမိတာပေါ့။

ဖတ်လဲပြီးရော၊ မင်းရဲ့အယူအဆရော၊ အင်္ဂလိပ်အရေးအသားရောက အတော်ကောင်းတာပဲ တဲ့။ ဟာ--စိတ်ထဲ ၀မ်းသာလိုက်တာဗျာ။ သူကဆက်ပြောတယ်။ ဒါပေမဲ့ တဲ့။ အမလေး---ဘုရား--ဘုရား။ ဒါပေမဲ့ ဆိုတဲ့စကားက အတော်ကြောက်စရာ။ ဒီဆောင်းပါးကို မင်းပြန်ရေးစေချင်တယ်။ ထည့်သင့်တယ်ထင်တဲ့ အယူအဆတွေလဲ ပြန်ထည့်ပေါ့။ အင်္ဂလိပ်စာကိုလဲ ဒီထက်ပိုကောင်းအောင်လုပ်ပြီး ရေးခဲ့ပါ တဲ့။ မင်းက ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်ကရေးထားတာဆိုတော့ မင်းအင်္ဂလိပ်ကအခု ဒီထက်ပိုကောင်းနေတယ်ဆိုတာ ငါယုံပါတယ် တဲ့။ မြှောက်ပြောတာလားတော့ မသိဘူး။ ဒါပေမဲ့ စူပါဗိုက်ဆာတွေဟာ သူတို့တာဝန်ယူမည့် ကျောင်းသားကို မြှောက်ပြောလေ့မရှိဘူး လို့တော့ ကြားဖူးတယ်။

အဲဒီနောက်တော့ မင်း ဘယ်ခေါင်းစဉ်နဲ့ Research လုပ်မှာလဲ တဲ့။ ကိုယ်လဲ ကြိုတင်စဉ်းစားထားတဲ့ ခေါင်းစဉ်ကို ပြောလိုက်တယ်။ သူကမေးတယ်။
(၁) ဘာ့ကြောင့် လုပ်မှာလဲ၊
(၂) ဘယ်ရှုထောင့်က လုပ်မှာလဲ၊
(၃) Source ကို ဘယ်က ယူမှာလဲ၊
(၄) ခေတ်အယူအဆတွေကို ဘယ်လိုသုံးသပ်မှာလဲ ၊ တဲ့။

ကိုယ်လဲ သူမေးတာတွေကို တစ်ခုချင်း စီကာပတ်ကုံးဖြေလိုက်တယ်။ တကယ်တော့ ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်ဟာ သူကျွမ်းကျင်တဲ့ ဘာသာရပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူကျွမ်းကျင်နဲ့ ဘာသာရပ်နဲ့ ဂွင်မ၀င် ၀င်အောင် ချိတ်ဆက်မိမိပြောလိုက်တော့ အဲဒီခေါင်းစဉ်ကို သူအတော့်ကို သဘောကျသွားတယ်။ ဟုတ်ပြီ၊ ခေါင်းစဉ်ကို လုံးဝသဘောကျတယ်။ မပြောင်းနဲ့တော့ တဲ့။ မင်းအင်္ဂလိပ်စာ ဒီထက်တိုးတက်အောင်တော့ လုပ်ရမယ်။ ဇန္န၀ါရီလသင်မယ့် တန်းတွေမှာ ပြင်ပကျောင်းသားတစ်ယောက်အနေနဲ့ လာတက်ပါ။ အဲဒီကျရင် အက်ဆေးတွေ အများကြီး ရေးရဖို့ရှိတယ် လို့ ဆက်ပြောတယ်။

ဘာပဲပြောပြော။ နှုတ်သဘောနဲ့တော့ သူ ကိုယ့်ကိုလက်ခံလိုက်ပြီလို့ မှတ်ယူလိုက်တယ်။ ကျန်တဲ့အဆင့်တွေကိုတော့ ရုံးလုပ်ထုံးလုပ်နည်းအရကျော်ဖြတ်ရဦးမယ်။ Ph.D လုပ်ချင်တဲ့ကျောင်းသားတစ်ယောက်အတွက် သက်ဆိုင်ရာ စူပါဗိုက်ဆာက လက်ခံလိုက်ပြီဆိုတာနဲ့ အဲဒီကျောင်းသားဟာ Ph.D တစ်ဝက်ပြီးသွားသလောက်နီးပါး ၀မ်းသာတတ်ကြတာ ထုံးစံပဲ။ ကိုယ်လဲ ဒီနေ့ ဆရာမနဲ့တွေ့ပြီးတော့ သိပ်ဝမ်းသာတယ်။ ရှေ့ဆက်ဖို့လမ်းကြောင်းရှိသွားပြီ။ ရပ်နေရတာမျိုးကို မကြိုက်ဘူး။ ရှေ့တိုးနေချင်တယ်။ အခုတော့ ရှေ့တိုးဖို့ လမ်းတွေ့သွားပြီ။ လမ်းပြလဲရှိနေပြီ။ ကိုယ့်လူရေ ကိုယ်လိုတဲ့ ငွေကြေးတွေ တောင်းတဲ့အခါ ပို့ဖို့သာအဆင်သင့်လုပ်ထားပေတော့။ ဒိရှေ့ ကုန်တော့မယ်နော်။ ပိုက်ဆံ။

1 comment:

Anonymous said...

Congratulation!!!!!!!!!!!!!!!!!!!
Cheers ....