ပေါတဲ့လူများကျတော့ ပိုက်ဆံထားစရာနေရာမရှိဘူးထင်ပါရဲ့။ ဟိုလေလံပွဲဝင်ဆွဲလိုက်၊ ဒီလေလံပွဲဝင်ဆွဲလိုက်နဲ့၊ ဟုတ်နေကြတာ။ ဒါသည်ပင် သူတို့ရဲ့ အပျော်တမ်းလုပ်တဲ့ စီးပွါးရေးတစ်မျိုးထင်ပါရဲ့။ ကျနော်တို့များကျတော့လဲ မွဲလိုက်တာမပြောနဲ့တော့။ အင်္ဂလန်ရောက်ပြီး ကျောင်းတက်ဖို့စရိတ်တောင် အနိုင်နိုင်။ တစ်ခါတလေစဉ်းစားမိတယ်။ ငါဘာဖြစ်လို့များ အဲဒီလူတွေနဲ့ ဆွေမျိုးမတော်မိတာပါလိမ့်လို့။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ပဲ ဖြေသိမ့်ရတယ်။ ငါ့ကံပေါ့ ဆိုပြီးတော့လေ။
ဒီနေ့အင်တာနက် သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ AFP (Agence Frence-Presse) လို့ခေါ်တဲ့ ပြင်သစ်သတင်းဌာနကလာတဲ့ သတင်းပါ။ ဒေါ်လာ (၇၁၀၀၀၀) ခုနှစ်သိန်း၊ တစ်သောင်းနဲ့ လေလံပွဲမှာ အဆွဲခံလိုက်ရတဲ့ ပစ္စည်းလေးတစ်ခုအကြောင်း။ သံတိုသံစလေးတစ်ခု။ (၂.၇) မီတာ၊ (၉)ပေလောက်ပဲရှိတဲ့ သံချောင်းလေးတစ်ခုပါ။ ကျနော့်ကိုပေးရင်တော့ အလကားတောင် မယူနိုင်ဘူး။ တကယ်ပြောတာပါဗျာ။ တန်ဖိုးမသိဘူးပြောလဲ ခံမှာပဲ။ ကျနော်က အဲဒီ ကိုးပေလောက်ရှိတဲ့ သံချောင်းအဟောင်းကြီးကို ဘာလုပ်ရမှာလဲဗျာ။
ဒါပေမဲ့ ရှေးဟောင်းပစ္စည်းကိုမြတ်နိုးတတ်တာလား၊ ပိုက်ဆံပေါလွန်းလို့ ထားစရာနေရာမရှိတာလား၊ မပြောတတ်ဘူး။ အမေရိကန် သူဌေးတစ်ယောက်ကတော့ အဲဒီသံတိုသံစ အဟောင်းအမြင်းလေးကို ဒေါ်လာခုနှစ်သိန်းကျော်ပေးပြီး ၀ယ်သွားလေရဲ့။ စီးပွါးရေးသမားဆိုတော့လဲ နောင်ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိချင်သိမှာပေါ့လေ။ ကျနော့်ပေးရင်တော့ မျောက်အုန်းသီးရသလိုနေမှာပဲ။ အဲဒီသံချောင်းလေးဟာ ကျနော်တို့မြန်မာတွေအသံထွက်နဲ့ (Eiffel Tower) အီဖဲလို့ခေါ်တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မျှော်စဉ်ကြီးတစ်ခုက မူရင်းအပိုင်းအစလေးတစ်ခုလို့ဆိုပါတယ်။ (အင်္ဂလိပ်က အိုင်ဖဲလ်၊ ပြင်သစ်က အဲဖဲလ် လို့ အသံထွက်ပါတယ်။ စကားချပ်။)
အီဖဲမျှော်စဉ်ကြီးကို ၁၈၈၇-၈၉ခုနှစ်တွေမှာ အပြီးတည်ဆောက်ခဲ့ပါတယ်။ မျှော်စဉ်ပုံစံကို အင်ဂျင်နီယာကြီး Gustave Eiffel (ဂုစတက် အီဖဲ) က ဆွဲခဲ့တာပါ။ ပြီးတော့ သူကိုယ်တိုင်ပဲ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ မျှော်စဉ်ကြီးရဲ့အမြင့်ဟာ (၃၂၄)မီတာ၊ ပေအားဖြင့် (၁၀၆၃) တိတိရှိပါတယ်။ တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါတယ်။ တစ်ခုက မြို့တော်ပါရီရဲ့ အလှအပကို ကြည့်ရှုခံစားဖို့၊ နောက်တစ်ခုကတော့ ရေဒီယိုအသံလှိုင်းတွေထုတ်လွှင့်ပေးဖို့ပါ။
မျှော်စဉ်ကြီးကို တည်ဆောက်ပြီးတဲ့အခါမှာ မြို့တော်ပါရီရဲ့အလှအပဟာ ပိုမိုထင်ရှားလာတဲ့အတွက် အီဖဲမျှော်စဉ်ကြီးဟာ ပါရီရဲ့သင်္ကေတသာမက၊ ပြင်သစ်နိုင်ငံရဲ့ အမှတ်အသားပါ ဖြစ်လာခဲ့ပါတယ်။ ပါရီမြို့ကို အလည်သွားကြတဲ့ နိုင်ငံခြားသားတွေအတွက် အီဖဲမျှော်စဉ်ကို နောက်ခံထားပြီး ဓာတ်ပုံမှ မရိုက်ခဲ့ရရင် မဖြစ်နိုင်လောက်အောင်ကို မျှော်စဉ်ကြီးဟာ အရှိန်ကြီးလှပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်းမှာ အီဖဲမျှော်စဉ်ဟာ The Seven Forgotten Modern Wonders of the World လို့ခေါ်တဲ့ ခေတ်သစ်ကမ္ဘာ့အံ့ဘွယ် ခုနှစ်ပါးထဲမှာ အပါအ၀င်ဖြစ်ခဲ့ပါတယ်။
အဲဒီလို ပါရီရဲ့ အလှ၊ ပြင်သစ်ရဲ့ သင်္ကေတ သာမကပဲ ခေတ်သစ်ကမ္ဘာ့အံ့ဘွယ်တစ်ပါးလဲဖြစ်တဲ့ အီဖဲမျှော်စဉ်ကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်လာသည်နှင့်အမျှ ဇရာထောင်းတဲ့ ဒဏ်ကို အများနည်းတူခံနေရပါပြီ။ ဟိုနေရာပြုတ်ကျလိုက်၊ အသစ်နဲ့အစားထိုးလိုက်၊ ဒီနေရာက ပြိုကျလိုက် ပြန်ပြင်ဆောက်လိုက်နဲ့ မူရင်းပုံစံမပျက်အောင် ကျိုးစားပန်းစားထိမ်းသိမ်းနေကြရပါပြီ။ နှစ်ပေါင်းတရာကျော်ခဲ့ပြီပဲ။ ဒါပေမဲ့ Old is Gold တဲ့။ ဟောင်းလေ ကောင်းလေ လို့ဆိုကြတယ်မို့လား။ ထူးဆန်းတယ်လေ။
ထူးဆန်းတဲ့ အရာတွေထဲမှာ အထူးဆန်းဆုံးအရာကတော့ ကျနော်တို့လူသားတွေရဲ့စိတ်ပါပဲ။ လူတွေရဲ့စိတ်ဟာ အင်မတန်ကို ထူးဆန်းပါတယ်။ ပြိုင်ဆိုလိုခြင်း၊ ကြွားဝါလိုခြင်း၊ သူများကျောတာမခံနိုင်ခြင်း ဆိုတဲ့ သဘောတရားတွေဟာ ထူးဆန်းတဲ့စိတ်ရဲ့ အခက်အလက်လေးတွေပေါ့။ တကယ်တော့ အီဖဲမျှော်စင်ရဲ့ အစအနလေးမပြောနဲ့ အီဖဲမျှော်စင်ကြီးတစ်ခုလုံးသည်ပင် မထူးဆန်းပါဘူး။ ထူးဆန်းတဲ့လူတွေရဲ့စိတ်ကြောင့် မထူးဆန်းတဲ့ သံတိုသံစလေးဟာ တန်ဖိုးကြီးသွားပြီးတော့ ဒေါ်လာ ခုနှစ်သိန်းကျော်နဲ့ အရောင်းထွက်သွားတာ။ ဒါကြောင့် ဒီသတင်းဟာ ထူးဆန်းသလိုလိုဖြစ်သွားတယ်။
ပစ္စည်းတစ်ခုအရောင်းထွက်အောင် လုပ်တဲ့နေရာမှာ ပွဲစားပါးစပ်ဟာလဲ အတော်အရေးပါတယ်။ ကြော်ငြာလဲ ကောင်းဖို့လိုတယ်။ အဲဒီလေလံပွဲကိုကျင်းပတဲ့ Sotheby's Paris အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Mr. Cecile Verdier ကဘာပြောလဲဆိုတော့ ကျနော်တို့ရောင်းနေတာဟာ ကြီးကျယ်ခန်းနားတဲ့ အမှတ်အသားတစ်ခု၊ သင်္ကေတ တစ်ခုပါ၊ သာမန်မထင်မရှား ပစ္စည်းလေးတစ်ခုမဟုတ်ပါဘူး။ ပါရီမြို့တော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုကို ရောင်းနေခြင်းပဲ ဖြစ်ပါတယ်၊ တဲ့။ အဲလိုနဲ့ အီဖဲရဲ့ အပဲ့အစလေးဟာ ဒေါ်လာခုနှစ်သိန်းကျော်တန်သွားလေတော့ သတည်း ပေါ့။ ပေါလိုက်ပါဘိတော့၊ ပိုက်ဆံရယ်။
(http://uk.news.yahoo.com/18/20081126/tod-eiffel-tower-staircase-fragment-fetc-f62056d.html) ကို အခြေခံရေးသားတင်ပြပါသည်။
1 comment:
တစ်ယောက်တစ်မျိုး (အနည်းဆုံးတော့) ယဉ်ယဉ်လေး ရူးနေကြတဲ့ လောကကြီးမှာ ဖြစ်တတ်တဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။ ဒီလောက်များတဲ့ ပိုက်ဆံတွေကို ကမ္ဘာကြီးရဲ့ (အစိတ်အပိုင်း) တစ်နေရာရာ လိုအပ်နေတဲ့ ကွက်လပ်လေး ဖြည့်လိုက်ပါလားဆိုရင် ကျနော့်ကို သမိုင်းတန်ဖိုးကို မသိတဲ့သူ လက်ဝဲယိမ်းတယ် ပြောကြဦးမယ်။ နောက်ဆုံးတော့ အရောင်းအ၀ယ်ဖြစ်အောင်လုပ်ပေးတဲ့ ပွဲစားရယ် (လေလံကုမ္ပဏီ)၊ စာချုပ်စာတန်း လုပ်ပေးတဲ့ ရှေ့နေရယ် ပဲ အမြတ်ထွက်သွားတာပါ။
Post a Comment