Saturday, November 1, 2008

ဘဲကြီး


Jack of all trades is master of none.
(E-proverb)

ဘက်စုံတော်တဲ့လူဆိုတာ ဘာကိုမှ ပေါက်ပေါက်မြောက်မြောက်မကျွမ်းကျင်တဲ့လူကိုခေါ်တယ်။
(အင်္ဂလိပ်စကားပုံ)


ကျနော့်ကို ကျနော့်သူငယ်ချင်းအချို့က ပြောကြတယ်။ မင်းကတော့ ဘက်စုံတော်တဲ့ကောင်ပဲ တဲ့။ ကျနော့်စိတ်ထဲ သိသိသာသာမြောက်သွားတယ်ဗျား။ တကယ်ပြောတာပါ။ မှန်တာပြောရင် ထီဆုကြီးကြီးပေါက်ရပါစေ့ရဲ့။ သူတို့ဘာကို ရည်ရွယ်ပြီး ပြောတယ်ဆိုတာကိုတော့ ရိပ်စားမိပါရဲ့။ ဒါပေမဲ့ ကျနော်က အဲဒီလို အပြောခံရတာကို သိပ်သဘောကျတဲ့ကောင်ကိုး။

ကျနော်လဲ သူတို့ပြောတဲ့ စကားကို သဘောကျလို့ စိတ်ထဲမှတ်ထားလိုက်တယ်။ ဘက်စုံတော်တဲ့ကောင်။ အင်း ငါသူတို့ပြောသလိုများ ဟုတ်နေလား မသိဘူး။ တစ်ခါတစ်ခါ အဲလိုများ တွေးမိချေသေးရဲ့ဗျား။ ဟိုဟာဆိုလဲ သိလိုက်ပြန်ပြီ။ ဒီဟာဆိုလဲ တီးမိခေါက်မိရှိသား။ နိုင်ငံရေးအကြောင်းပြောမလား ရတယ်။ ဘာသာရေးအကြောင်းလား ဆရာကြီးပဲ။ လူမူရေးဘက်မှာကော၊ မလစ်ဟင်းစေရဘူး။ သမိုင်းအကြောင်းလား၊ မြန်မာ့သမိုင်း၊ကမ္ဘာ့သမိုင်း အပိုင်းပိုင်းအစစလောက်တော့ အသာလေး။ ဒဿနအကြောင်းလား၊ လာမပြောနဲ့၊ ဘာ့ကြောင့် ဆော့ခရတ္တိတောထဲသွားမနေသလဲ ဆိုတာကစ သိတယ်။

ကွန်ပျူတာတွေ ဘာတွေနဲ့ ပတ်သက်ရင်ကော ကွန်ပျူတာတစ်ခါမှ မမြင်ဖူးတဲ့လူတွေကို ကီးဘုတ်နဲ့ လက်နှိပ်စက်၊ မော်နီတာနဲ့ တီဗွီ မတူဘူးဆိုတာလောက်တော့ အသာလေးပြောတတ်ပါ့။ ဒါတင်လား၊ ဘယ်ကဦးမလဲ။ ဣတ္ထိသျှတ္တရ၊ ကာမသျှတ္တရ၊ လာမစမ်းနဲ့။ ကြားဖူးနားဝရှိထားပြီးသား။ အဲသလို ဘက်စုံအောင် တတ်နေသိနေတဲ့ ကျနော့်လိုကောင်ကို ကျနော့်သူငယ်ချင်းတွေက ချီးကြူးတာ ဆန်းသလားဗျာ။ ကျနော်ကလဲ ဟဲဟဲနဲ့ သဘောတွေဘာတွေ ခွေ့လို့ပေါ့။ အဲဒါဟိုတုန်းက ပါ။ အခုတော့ အဲလိုအပြောခံရရင် ကိုယ့်ကိုယ်ကို ရှက်မိတယ်။ ပြောတဲ့လူကိုလဲ လည်ပင်းညှစ်ပစ်ချင်တယ်။ ပြောစရာစကားရှားလို့၊ ဒီစကားမှ ရွေးပြောရသလား ဆိုပြီးတော့လေ။

တစ်ခါတုန်းက ကျနော်လဲ ကျနော်ထက်အသက်လေးငါးနှစ်လောက်ကြီးတဲ့ အကိုကြီးတစ်ယောက်ကို အဲဒီအတိုင်းပြောခဲ့ဘူးတယ်။ အကိုကတော့ တကယ့်ဘက်စုံပဲနော် ဆိုပြီးတော့။ သူက ဘာပြန်ပြောလဲဆိုတော့ ကိုယ့်လူရာ၊ ပြောမနေစမ်းပါနဲ့။ ငါက ဘဲကြီးပါကွာ တဲ့။ ကျနော်လဲ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို သိချင်တာနဲ့ လင်းစမ်းပါဦး အကိုရာ လို့ အဘိယာစက ပြုလိုက်တယ်။ အတော်မှတ်သားစရာကောင်းတဲ့ ဘဲသီဝရီလေး ပြောပါလေရော့ဗျို့။

မင်းလဲ သိပါတယ်ကွာ။ ဘဲဆိုတဲ့ တိရစ္ဆာန်လေ။ ရေထဲလဲ ကူးတတ်တယ်။ ဒါပေမဲ့ ငါးတွေနဲ့တော့ မပြိုင်နိုင်ဘူး။ ကုန်းပေါ်လဲ ပြေးတတ်တယ်။ ဒါပေမဲ့ ခွေးတွေ ကြောင်တွေလိုတော့ မသွက်ဘူး။ မိုးပေါ်လဲ ပျံနိုင်တာပဲ၊ ဒါပေမဲ့ ငှက်တွေလောက်တော့ အဝေးကြီး မပျံနိုင်ရှာဘူး။ အဲဒီတော့ မင်းစဉ်းစားကြည့်ပေါ့၊ ဒီဘဲဆိုတဲ့အကောင်ဟာ ကုန်းရေလေ ဘက်စုံပဲ။ ဒါပေမဲ့ တစ်ခုမှ မစွံဘူး။ ဟိုစပ်စပ် ဒီစပ်စပ်လောက်တော့ ရတယ်။ ငါလဲ အဲဒီဘဲလိုကောင်ပဲကွ။ ဘယ်နေရာမှာမှကို ပေါက်ပေါက်မြောက်မြောက်မရှိဘူး။ မသိဘူးလားဆိုတော့ အဲလိုလဲ မဟုတ်ပြန်ဘူး။ အနူတောမှာ လူချောလုပ်နိုင်လောက်အောင်တော့ ရှိသား။ ဒါပေမဲ့ ငါ့ကို အဲဒီဘက်စုံဆိုတဲ့ စကားလုံးကြီးနဲ့တော့ မနှိပ်စက်ပါနဲ့ကွာ တဲ့။

ကျနော်လဲ သူပြောတာ သဘောကျလွန်းလို့ တဟားဟားနဲ့ ရယ်လိုက်မိသေးတော့တယ်။ အင်း ဟုတ်တာပေါ့။ ဘက်စုံတော်တယ်ဆိုတဲ့ လူတွေ တကယ်ရှိဖို့တော့ မလွယ်ဘူးထင်တယ်။ ဘက်စုံတော်တာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဘက်စုံချွန်ဖို့တော့ အတော်မလွယ်တဲ့ ကိစ္စပဲ။ တကယ်တော့ လူတစ်ယောက်ဟာ တစ်ခုခုမှာ ကျွမ်းကျင်သွားတယ် ဆိုရင်ပဲ အဲဒီကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်စေ၊ အခြားအလုပ်ဖြစ်စေ လုပ်နိုင်သွားပြီ။ အားလုံးကို လိုက်သိနေဖို့ မလိုဘူး။ အားလုံးကို လိုက်သိနေရလောက်အောင်လဲ ကျနော်တို့မှာ အချိန်နဲ့ ဉာဏ်ရည်ဉာဏ်သွေး မရှိကြဘူး

အဲဒီတော့ တစ်ဘက်ဘက်မှာ ဆရာတစ်ဆူဆိုလောက်တဲ့ ကျွမ်းကျင်မှုမျိုးနဲ့ ကျွမ်းကျင်သွားပြီး ဆိုရင်ပဲ ကျနော်တို့အတွက် ပြည့်စုံလုံလောက်တဲ့ ကျွမ်းကျင်မှုမျိုးဖြစ်သွားပြီလို့ ဆိုနိုင်ပါတယ်။ ကျနော်စာအုပ်တစ်အုပ်ထဲဖတ်ဘူးတာလေး တစ်ခုရှိတယ်။ ဆရာကြီးတစ်ယောက်ပြောတဲ့စကား။ အရာရာတိုင်းကို နည်းနည်းစီတော့ သိအောင်လုပ်ပါ။ တစ်ခုခုကိုတော့ ကျွမ်းကျင်အောင်လုပ်ပါ တဲ့။ ဘယ်သူပြောခဲ့သလဲ ကျနော်မမှတ်မိတော့ဘူး။ တကယ်လို့များ စာဖတ်သူသိတယ်ဆိုရင် ကျနော့် ဧည့်မှတ်တမ်းလေးထဲ ကျေးဇူးပြုပြီး ရေးပေးခဲ့ဖို့ တောင်းဆိုပါရစေ။ အဲဒီစကားကိုတော့ ကျနော် သိပ်သဘောကျပါတယ်။ ဒါကြောင့် ပြောတဲ့လူကို သိချင်တာပါ။

ကျနော်တို့ မြန်မာပြည် ဗုဒ္ဓဘာသာ သမိုင်းမှာတော့ မကာရလောပ အကျော် ခင်ကြီးပျော် လို့နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ထွန်းကားခဲ့ဖူးတယ်။ မကာရ+လောပ ဆိုတာ မအက္ခရာ+ကျေတယ် လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာကတော့ မသိတာ မရှိပေါ့။ အဲဒါကြောင့် ဆရာတော်ကြီးကို မ-တစ်လုံးကျေတယ် လို့ အသိအမှတ်ပြုကြတယ်။ တကယ်လဲ အဲဒီဆရာတော်ကြီးဟာ မသိတာမရှိဆိုရလောက်အောင် အရာရာမှာ နှံ့စပ်ကျွမ်းကျင်တော်မူလွန်းလို့ ရှင်ဘုရင်ကိုယ်တိုင်ကတောင် လက်မြှောက်ရတဲ့ အထိပါပဲ တဲ့။

အဲဒါနဲ့ ပတ်သက်ပြီး ကျနော့်ဘကြီးရဲ့ သူငယ်ချင်းပြောတာကိုလဲ သွားသတိရလိုက်မိသေးတယ်။ တစ်ခါတုန်းက ကျနော်တို့အိမ်ကို ကျနော့်ဘကြီးရဲ့ သူငယ်ချင်း ဦးဘိုးစံကြီး အလည်လာတယ်။ သူတို့လူကြီးအချင်းချင်းတွေ့ကြတော့ ထုံးစံအတိုင်းပေါ့။ ရှေးဟောင်းနှောင်းဖြစ်၊ စုံစီနှဖါ အစ ဘာသာရေးအကြောင်းအဆုံး ပြောကြတော့တာကိုး။ အဲလိုပြောရင်းနဲ့ အထက်မှာ ကျနော်ပြောခဲ့တဲ့ ဆရာတော်ကြီးအကြောင်းရောက်သွားကြတယ်။ သူတို့ဖတ်ဖူးထား၊ ကြားဖူးထားတဲ့အတိုင်း ဆရာတော်ကြီးကို ချီးကြူးလိုက်ကြတာ တအားပဲ။ ကျနော်လဲ ကိုယ်မကြားဖူးတဲ့အကြောင်းဆိုတော့ ကလေးပီပီ စိတ်ဝင်တစား နားထောင်နေမိတယ်။

စကားတွေ ဘာတွေပြောပြီးလို့ ပြန်ခါနီးကျတော့ ဘကြီးသူငယ်ချင်းက လှမ်းပြောလိုက်တယ်။ ကိုတင်းရာ တဲ့။ ကျုပ်ကလဲ မ-ကျေပါတယ်ဗျာ့။ ဆရာတော်ကြီးက တစ်လုံးတည်းကျေတာပါ။ ကျုပ်က မ-သုံးလုံးတောင် ကျေတာဗျာ့ တဲ့။ ကျနော့်ဘကြီးကလဲ ပြန်မေးတယ်။ ဟာ့ ဖိုးစံကြီး မင်းစကားကလဲ အဆန်းပါလား။ ဘာလဲ မိန်းမနဲ့ မတည့်ဘူးလို့ ပြောချင်တာလား။ လင်းစမ်းပါဦး၊ ဆိုတော့ အဲဒီဦးကြီးက စပ်ဖြဲဖြဲနဲ့ပြောတယ်။ ဘယ်ကလာ၊ မိန်းမနဲ့ မတည့်ရမှာလဲ။ တည့်လွန်းလို့ ဟိုဘက်တောင်လွန်နေသေးတယ်။ ကျုပ်ပြောချင်တာက ကျုပ် မသိတာ မေးရင် မကြိုက်ဘူး ဗျာ့ တဲ့။ အဲလိုပြောပြီးတော့ ငိုက်စိုက်ငိုက်စိုက်နဲ့ ဆေးပျင်းလိပ်ကြီးဖွါပြီး သူ့အိမ်ဘက်ပြန်ထွက်သွားလေရဲ့။

No comments: