Tuesday, November 11, 2008

ပွဲတန်ဆောင်တိုင်

ဝါးလက်ခုတ်အသံတွေ၊ လင်းဂွင်းအသံတွေ၊ ပုလွေအသံတွေ၊ ဗုံတီးသံတွေ ဆူဆူညံညံနဲ့ အိမ်ရှေ့ဖြတ်သွားနေတာ ကြားလိုက်လို့ ဖတ်လက်စစာအုပ်ကို အသာချပြီး ကျနော့် အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ လူတွေ အုပ်စုလိုက်၊ အုပ်စုလိုက် မောင်းမကန်ရွာထိပ်က တောင်ပေါ်လေသာကျောင်းရှိရာသို့ ချီတက်နေကြတာ မြင်တွေ့နေရတယ်။ သူတို့ ခေါင်းပေါ်နဲ့ လက်တွေထဲကြည့်လိုက်ပြန်တော့ အချို့က ပိုက်ဆံပဒေသာပင်တွေ၊ အချို့က ဆံအပြည့်ထည့်ထားတဲ့ လင်ပန်းတွေ၊ အချို့ ဆီသန့်ဗူးတွေ၊ အချို့က ဆွမ်းတော်အုပ်တွေ စသည်စသည် ရွက်ထား၊ ကိုင်ထားတာ တွေ့ရတယ်။

မောင်းမကန်ရွာရဲ့ အပျိုတော်ခေါင်း အပျိုကြီး ဆရာမ ဒေါ်မြင့်သူလဲ ဒီနေ့ကို စောင့်နေရတာ အတော်ကြာပြီထင့်။ တစ်ခါမှ ဆင်တာမတွေ့ရဖူးတဲ့ ပန်းနုရောင်အင်္ကျီနဲ့ ထမီဝမ်းဆက်ကို အချိုးကျကျဝတ်စားပြီးရှေ့ဆုံးက ဆွမ်းတော်အုပ်ကိုင် ချီတက်နေတာ တွေ့လေရဲ့။ ဒီနေ့မှ အပျိုကြီးမမလဲ ခါတိုင်းထက်ကို ထူးထူးခြားခြားပိုလှနေတယ်။ ခေါင်းပေါ်မှာလဲ အဖြူရောင် စံပါယ်ခန့်ပါးပါးလေးတစ်ကုံး ခွေဝိုင်းပြီးပန်ထားသေးတယ်။ ပန်းနုရောင်အဆင်နဲ့လိုက်ဖက်တဲ့ ဆင်စွယ်ရောင်ဖြူနုနုတဘက်လေးတစ်ထည်ကိုလဲ သူ့ပုခုံးနှစ်ဘက်ပေါ် အချိုးညီညီတင်ထားသေးတယ်။ သူ့နောက်မှာတော့ ရွာရဲ့ တန်းဝင်အပျို နှစ်ဆယ်လောက်က ဆွမ်းတော်အုပ်၊ ကွမ်းတော်အုပ် ကိုယ်စီ ကိုယ်စီ ချီမပြီး ဆင်မယဉ်သာချေးလှမ်းနဲ့ ကျောင်းတော်ရှိရာသို့ တရွေ့ရွေ့ ကြွမြန်းနေကြတယ်။

ကာလသားတွေလဲ ဒီလိုနေ့မျိုးချောင်းနေကြတာဆိုတော့ ရှိစုမဲ့စုအ၀တ်အစားတွေ အသကုန်ဆင်ပြီးတော့ ဘုန်းကြီးကျောင်းတစ်ခါမှ မသွားဖူးတဲ့ကောင်တွေတောင် ရှေ့ဆုံးက သူဦးငါရင် ချီတက်ချင်နေကြတယ်။ သူတို့အတွက် ကုသိုလ်ကအရေးမကြီးဘူး။ သူ့ထက်ကဲ လှအောင်ပြင်ထားကြတဲ့ အပျိုတော်တွေကို ၀၀လင်လင် ငန်းရရင်ပဲ ဘုန်းကြီးကျောင်းလိုက်ရကျိုးနပ်နေပြီ။ အဲဒီထဲမှာ အပျော်ဆုံးဖြစ်တဲ့ လူတစ်ယောက်ကတော့ ကာလသားခေါင်း လူပျိုကြီး ကိုစိုးနိုင်ပဲ။ သူ့ခမျှာလဲ ဒေါ်မြင့်သူကို အရိပ်တကြည့်ကြည့်လုပ်နေရတာနဲ့ ဟိုးနောက်က အော်ချင်တာ အော်နေတဲ့ သူ့လူ ဆိုးပေတို့အဖွဲ့ကိုတောင် မထိန်းနိုင်အားဘူး။ သူတို့အော်တာလဲ နားထောင်ကြည့်ပါဦး။

ဟေး----ဟေး----ဟေး-----ကိုယ့်လူတို့။
ဘာလဲ---ဘာလဲ----ဝေး။
ဒီနေ့လေဗျား။
ပြောစမ်းပါဦး။
ဘာနေ့တဲ့လဲ။
တန်ဆောင်မုန်းလပြည့်။
ဘယ်က ဟုတ်ရ၊ မဟုတ်ကဘူး။
ဒါဖြင့်ဘာလဲ၊ ငဆိုးပေရဲ့။
အပျိုတော်နေ့၊ လိုတော်ပြည့်မယ်၊ ခိုးဖို့ပြင်ထား၊ သင့်ပြင်ထားနော်။
အော် အယ် ဟုတ်သား၊ မင်းစကား၊
ပြင်ထားလိုက်မယ်၊ တို့မမှား၊
ဒီညရပြီ၊ တို့မယား၊
ဟေး--လား--မောင်တို့--၀ါး-------။


အတော်ဆိုးတဲ့လူတွေ။ ဘုန်းကြီးကျောင်းသွားပါတယ်ဆို မယားခိုးဖို့ သံချပ်တိုက်နေသေးတယ်။ အဆိုးဆုံးက ဖိုးသာဓု ဆိုတဲ့ကောင်။ နာမည်ကသာ သာဓု။ လူကဖြင့် တစ်စက်မှ မကောင်းဘူး။ ဆွမ်းတော်အုပ်ကိုင်တဲ့ ကောင်မလေးတွေထဲ ရှေ့ဆုံးက ဆရာမဒေါ်မြင့်သူရဲ့နောက်မှာ ကျနော့်အသဲလေး ဝေေ၀ (ခင်နန်းဝေအောင်မွန်)၊ ရွာရဲ့အလှနတ်သမီးလေး ကွမ်းတော်ကိုင်။ ဖိုးသာဓုက ၀ါးလက်ခုတ်ကြီးတကားကားနဲ့ ဝေ့အနားပဲ သွားပြီးတော့ ရင့်သီရင့်သီလုပ်နေတယ်။ အဲလိုလုပ်ရင်းနဲ့ အထက်အတိုင်း ၀ိုင်းအော်နေတယ်။ ကျနော်အိမ်ပေါ်ကနေ လေးခွနဲ့လှမ်းပစ်ချင်လိုက်တာ မပြောနဲ့တော့။ သူ့မမှန်ပဲ သူများမှန်သွားမှာစိုးလို့။ လူကဖြင့် ကြည့်လိုက်ရင် အသားကသပိတ်ရောင်၊ မျက်လုံးကကြောင်တောင်တောင်၊ နဖူးကမောက်မောက်၊ နှာယောင်က ကောက်ကောက်၊ သွားကခေါခေါ၊ ဆိုတဲ့ အမျိုးအစားထဲက။ ဒါပေမဲ့ ချိန်လိုက်မှဖြင့် ကွမ်းတော်ကိုင်တွေချည်းပဲ။ တစ်ယောက်မှလဲ မရရှာဘူး။

ကျနော်လဲ တပျော်တစ်ပါးနဲ့ ချီတက်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး စိတ်ထဲမှာ အလိုလိုပျော်ရွှင်လာမိတယ်။ ကျနော်တို့ရွာရဲ့ နှစ်စဉ်ဓလေ့။ ကျနော်တို့ ဘာသာရဲ့ ချစ်စရာအစဉ်အလာလေးတစ်ခု။ တစ်ခါမှ မစုစည်းဖြစ်တဲ့လူတွေ ဒီပွဲကြောင့် စုဖြစ်သွားတယ်။ တစ်လပြီးတစ်လ ပင်လယ်ထဲပဲ အချိန်ကုန်နေရတဲ့ ရေလုပ်သားတွေလဲ ဒီတန်ဆောင်တိုင်ရာသီမှန်းပြီးတော့ အလုပ်မှ ခေတ္တအနားယူအပန်းဖြေရင်း ကောင်းမှုပြုနိုင်ကြတယ်။ ဒီပွဲမှာပဲ အချို့လဲ မမျှော်လင့်ပဲ ဘ၀ကြင်ဖေါ်တွေကို ရသွားကြတယ်။

ကျနော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတွေရဲ့ ချစ်စရာဓလေ့ကလေးတစ်ခု မြတ်ဘုရားသာသနာတော်နှင့်အတူ အရှည်တည်တန့်စေဖို့ ရင်ထဲက ဆုတောင်းရင်း ကျနော့်ပါးစပ်က ကဗျာလေးတစ်ပုဒ် တီးတိုး ရွတ်ဆိုနေမိတော့တယ်။

တန်ဆောင်တိုင် ရာသိပွဲ၊
ဆင်နွဲလို့ ပျော်ရွှင်ရွှင်၊
တို့ပြည်ရွာ မြို့ဓလေ့၊
ဟိန်းလို့ ညံဆင်။

နှစ် အစဉ်၊
ပျော်ရွှင်သည့် သည်ပွဲ၊
ကထိန်ခေတ် ချိန်ခါကုန်လို့၊
တို့ဘာသာ သာသနာရေးကို၊
အောင့်မေ့ စိတ်စွဲ။

No comments: