Never do anything yourself that others can do for you.
(Agatha Christie)
ကိုယ့်အတွက် သူများလုပ်ပေးနိုင်တဲ့ကိစ္စမျိုးကို ဘယ်တော့မှ ကိုယ်တိုင်မလုပ်နဲ့။
(အဂါသာ ခရစ္စတီ)
ကျနော် လူတွေအများကြီးတွေ့ဖူးတယ်။ ကိုယ်တိုင်လုပ်မှ အားရတယ် ဆိုတဲ့လူတွေပေါ့။ ကိုယ်တိုင်လုပ်မှ အားရတဲ့အတွက် သူတို့ခမျှာ ဘယ်အလုပ်မှာမဆို ၀င်ပါနေရရှာတယ်။ ဒါကို မကောင်းဘက်က ကြည့်ရင်တော့ တစ်ဘက်သားကို မယုံရဲတာလို့ ဆိုနိုင်တယ်။ ကိုယ့်ကိုယ်ကိုပဲ သူများထက်ကောင်းအောင် လုပ်နိုင်တယ်လို့ ထင်တတ်တဲ့ အလေ့ရှိတာလို့ ကျနော်မြင်ပါတယ်။
ခေါင်းဆောင်နေရာမှာ ရှိတဲ့လူဖြစ်စေ၊ လက်အောက်ခံနေရာမှာ ရှိတဲ့လူဖြစ်စေ သူများလုပ်လို့ရတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင် လုပ်နေရရင် အဲဒီလိုလုပ်နေရတဲ့အတွက် ကုန်သွားတဲ့အချိန်တွေဟာ သိပ်နှမျောဖို့ကောင်းပါတယ်။ အထူးသဖြင့် အဂါသာ ခရစ္စတီရဲ့စကားဟာ ခေါင်းဆောင်လုပ်တဲ့ လူတွေကို ရည်ညွှန်းတာလို့ ကျနော်ဆိုချင်ပါတယ်။ ခေါင်းဆောင်ရဲ့အလုပ်ဟာ စနစ်တကျ တာဝန်ခွဲဝေပေးတတ်ပြီး ကောင်း၏/မကောင်း၏ ဆုံးဖြတ်ပေးဖို့ပါ။ အောက်လက်ငယ်သားလုပ်နေတဲ့အလုပ်ကို အားမရလို့ ကိုယ်တိုင်ပါဝင်လုပ်နေရရင် ကိုယ့်အတွက်လဲ အချိန်ကုန်လူပန်းဖြစ်သလို၊ အောက်လက်ငယ်သားအတွက်လဲ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းတက်လာမှာ မဟုတ်ပါဘူး။
ကျနော်ငယ်ငယ်က ရွာမှာ အတော်ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က အလှူလုပ်တယ်။ အဲဒီအလှူမှာ မုန့်ဟင်းခါးကျွေးမလို့ဆိုပြီး တစ်ညလုံး ချက်ကြပြုတ်ကြနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်နေကြတယ်။ အလှူ့ရှင် အမျိုးသမီးကြီးဟာ သူ့ကို ၀ိုင်းကူလုပ်ပေးနေတဲ့သူ့အလုပ်သမားတွေ အများကြီးရှိနေပါရက်နဲ့ မနေနိုင်မထိုင်နိုင် အတော်ကြာကြက်သွန်နီအခွံနွှာနေတဲ့ကောင်မလေးတွေအနားသွားပြီး ကြက်သွန်နွှာနေပြန်ပြီ။ အတော်ကြာ ငါးအရိုးသွားနွှင်နေပြန်ပြီ။ အတော်ကြာ ငှက်ပျောအူသွားလှီးနေပြန်ပြီ။ ဒါတင်မပြီးသေးဘူး။ နောက်ဆုံး နာနံပင်သင်နေတဲ့ အမျိုးသမီးတစ်ယောက်ဆီသွားပြီး ဟဲ့ အဲလိုမသင်ရဘူး။ ဒီလိုသင်ရတယ်နဲ့ သွားအော်နေပြန်ပြီ။ ပြီးတော့ သူကိုယ်တိုင် ၀င်သင်နေလိုက်သေးတယ်။
သူ့ကြည့်ရတာ ဘယ်သူလုပ်တာမှ စိတ်တိုင်းမကျနိုင်ဖြစ်ပြီး အလုပ်အားလုံးကို သူ့တစ်ယောက်တည်းပဲ လိုက်လုပ်နေရရှာတယ်။ ဟိုအလုပ်လဲ သူပါ၊ ဒီအလုပ်လဲ သူပါနဲ့ တစ်ယောက်တည်း ချာချာကိုလည်နေတာပဲ။ တကယ်တော့ သူများလဲ သူလုပ်တတ်သလောက်လုပ်တတ်နေပါရက်နဲ့ ကိုယ်ကိုယ်တိုင်လုပ်တာကိုပဲ အားရတတ်တဲ့ ချွတ်ယွင်းချက်လို့ ကျနော်ကတော့ ဆိုချင်ပါတယ်။ တစ်နည်းပြောရရင်တော့ အဲလိုလူမျိုးဟာ ဘယ်လောက်ပဲ လုပ်ငန်းရှင်ဖြစ်နေပါစေ အလုပ်သမားဘ၀က ဘယ်တော့မှာ ကျွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ခေါင်းဆောင်ဆိုတာ သူများကို ခိုင်းတတ်ဖို့သိပ်အရေးကြီးတယ်လို့ပြောကြတာပေါ့။
နောက်တစ်ဦးကတော့ ကျနော့်ပါမောက္ခ။ ကျနော့်မှာ ဆရာသမားတွေများကြီးရှိတဲ့ အထဲက တစ်ဦးသောဆရာသမား။ သူကျပြန်တော့ ခိုင်းတတ်လွန်းအားကြီးတယ်လို့ ဆိုချင်တယ်။ ဘယ်လောက်ခိုင်းတတ်လဲဆိုရင် လက်အောက်ငယ်သားမလုပ်တတ်တဲ့ အလုပ်ကိုတောင် ရအောင်လုပ်ခိုင်းပြီး လှည့်မကြည့်ပဲ ပစ်ထားနိုင်တယ်။ တစ်ခါတုန်းက အမှတ်ရသေးတယ်။ ကျနော်မလုပ်တတ်တဲ့ အလုပ်ဖြစ်တဲ့ ဖိုတိုရှော့ပ်နဲ့ အသင်းတံဆိပ်တစ်ခုလုပ်ရမယ့် ကိစ္စပေါ်လာတယ်။ အဲဒါ ကျနော့်ကို လုပ်ခိုင်းတယ်။ အဲဒီအသင်းတံဆိပ်ဟာ သာမန်မဟုတ်ဘူး။ တော်တော့်ကို အရေးကြီးတဲ့ တံဆိပ်ပါ။ တကယ် ကျွမ်းကျင်တဲ့လူတွေဆီမှာပဲ အံ့နှံပြီး လုပ်စေသင့်တဲ့ တံဆိပ်မျိုး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတံဆိပ်ဟာ Institute တစ်ခုကို ကိုယ်စားပြုမည့် တံဆိပ်ဖြစ်နေလို့ပါပဲ။
မင်းလုပ်တတ်သလားလို့တော့ ဘယ်တော့မှ မမေးတတ်ဘူး။ အဲဒါ သူ့အကျင့်။ လုပ်စရာပေါ်လာလို့ကတော့ အနားနေတဲ့လူ လုပ်တတ်တတ်/မလုပ်တတ်တတ် ထည့်မတွက်ဘူး။ ခိုင်းပြီးသားပဲ။ လုပ်တတ်တဲ့လူအတွက် အင်မတန်လွယ်ကူတဲ့ အလုပ်ဟာ မလုပ်တတ်တဲ့ ကျနော့်အတွက် အတော်လေးခက်နေတယ်။ မလုပ်တတ်ဘူး ပြောရင်လဲ ဘယ်တော့မှ မကြိုက်ပြန်ဘူး။ အဲဒါနဲ့ ပေပြီးလုပ်နေရတယ်။ အတော်လေးကြာတော့ လာမေးတယ်။ မပြီးသေးဘူးလားတဲ့။ မပြီးသေးဘူးလို့ ပြန်ပြောတော့ မင်းက ဒါလေးကို ဒီလောက်ကြာအောင်လုပ်နေရသလား တဲ့။ ဒါနဲ့ ဖိုတိုရှော့ပ်ကျွမ်းတဲ့ သူငယ်ချင်းဆီဖုန်းဆက်ပြီးလှမ်းအကူအညီတောင်းရတယ်။ နောက်ဆုံးပြီးသွားတယ်။
ကျနော့်ဆရာသမားရဲ့ မူဝါဒက ကျနော်သတိထားမိသလောက်ဆိုရင် ကြောင်ကိုက်လို့ပဲ ကြွက်သေသေ၊ ဒုတ်နဲ့ပစ်လို့ပဲ ကြွက်သေသေ၊ နောက်ဆုံး ကြွက်သေဖို့သာအဓိကဆိုတဲ့ မူဝါဒ။ ဒါလဲ ကျနော့်အထင် သိပ်မကောင်းသေးဘူးလို့ထင်တယ်။ ဒူးနေရာဒူး၊ တစ်တောင်နေရာတစ်တောင်ဆိုသလို သူ့အရည်းအချင်းနဲ့ အံဝင်တဲ့အလုပ်မျိုးပေးတတ်ရင်တော့ ပိုပြီး အချိန်ကုန်လဲသက်သာမယ်။ အပင်ပန်းလဲ သက်သာမယ်။ အလုပ်လဲ ချောချောမောမောရှိမယ်။ တစ်ဦးတည်းနဲ့ ဘက်စုံလုပ်နိုင်တယ်ဆိုတဲ့လူဟာ သိပ်ရှားပါတယ်။ လုပ်နိုင်တယ်ဆိုရင်လဲ ဟိုနည်းနည်း ဒီနည်းနည်းပဲရှိမှာပေါ့။ ထူးချွန်ဖို့တော့ မလွယ်လှဘူး။
ဒါကြောင့် ခေါင်းဆောင်လုပ်တဲ့လူဟာ ကျနော်တို့ရွာက မုန်းဟင်းခါးချက်တဲ့ သူဌေးမကြီးလိုလဲ သူမပါမပြီးထင်ပြီး နေရာတကာဝင်လုပ်နေဖို့မလိုသလို ကျနော့်ပါမောက္ခလိုလဲ တစ်ဖက်သားမလုပ်တတ်တဲ့အလုပ်ကို အတင်းလုပ်ခိုင်းပြီး လှည့်မကြည့်ပဲ ပစ်ထားတာမျိုးမဖြစ်သင့်ဘူး။
(၁) အလုပ်နဲ့သင့်တော်တဲ့ အရည်အချင်းရှိသူကို ရွေးချယ်တတ်ရမယ်။
(၂) အလုပ်ပေးပြီးရင်လဲ စိတ်ချလက်ချ လုပ်ပိုင်ခွင့်ပေးထားနိုင်ရတယ်။
(၃) ကောင်းရင်ကောင်းသလို ချီးကြူးပြီး၊ မကောင်းရင်တော့ ဘယ်နေရာမှာ ဘာလိုကြောင်း မငေါက်ငန်းပဲ ပြောပြနိုင်ရမယ်။
(၄) နေရာတကာ ၀င်ပါနေစရာမလိုဘူး။
(၅) မကျွမ်းကျင်တဲ့လူကို ခိုင်းထားမိရင်တော့ လုံးဝလှည့်မကြည့်ပဲ ပစ်ထားတာမျိုးလဲ မဖြစ်ရဘူး။
အဲဒီအချက်အလက်တွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အချက်အလက်တွေလို့ ကျနော်ယူဆပါတယ်။ ခေါင်းဆောင်ရဲ့တာဝန်ဟာ အောက်ကလူ လုပ်တဲ့အလုပ်ကို လိုက်လုပ်နေဖို့မဟုတ်ပါဘူး။ ကောင်းကောင်းစီမံတတ်ဖို့ပါ။ ပြီးတော့ ခေါင်းဆောင်ဟာ တာဝန်ကြီးပါတယ်။ တခြားလုပ်စရာတွေ အများကြီးရှိနေတတ်ပါတယ်။ သူ့မှာ အချိန်လုံလုံလောက်လောက်ရှိဖို့အရေးကြီးပါတယ်။ စီမံခန့်ခွဲရေးအတွက် အကွက်ချစဉ်းစားရတဲ့အလုပ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်မနေလုပ်ရတဲ့ အလုပ်ပါ။ ဒါကြောင့် အဂါသာ ခရစ္စတီရဲ့စကားနဲ့ပဲ
ကိုယ့်အတွက် သူများလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးကို ဘယ်တော့မှ ကိုယ်တိုင်မလုပ်ပါနဲ့ လို့ တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment