Friday, November 21, 2008

ကာလဒေသနှင့် ကံကြမ္မာ သက်ဆိုင်ပါသလား


Never give up, for that is just the place and time that the tide will turn.

Harriet Beecher Stowe (1811-1896)

ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ မူတည်တယ်။
(ဟာရိုက်ဘီချာစတူး)

ကျနော်တို့မြန်မာဘာသာ၊ မြန်မာစကားဟာ စကားလုံးအရဖြစ်စေ၊ အသုံးအနှုံးအရဖြစ်စေ၊ ၀ါကျဖွဲ့စည်းပုံအရဖြစ်စေ၊ စာပေအရဖြစ်စေ အင်မတန်ကြွယ်ဝတဲ့ ဘာသာစကားတစ်ခုဖြစ်တယ်ဆိုတာ မြန်မာစာပေတတ်ကျွမ်းသူတိုင်း နားလည်ကြပါတယ်။ မှတ်သားစရာစကားပုံတွေ၊ ဆိုရိုးစကားတွေနဲ့ပြည့်နှက်နေတဲ့ လူမျိုးကြီးဘာသာစကားတစ်ခုပါ။ စကားပုံတွေဟာ ခေတ်ကာလအလိုက်အဖြစ်အပျက်ကိုဖြစ်စေ၊ ယေဘုယျအမှန်သဘောကိုဖြစ်စေ ဖေါ်ဆောင်ပေးတဲ့ ဆောင်ပုဒ်လေးတွေပါ။

အချို့စကားပုံတွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပါတယ်။ အဲဒီထဲက နှစ်ခုကို ကျနော် ဒီမှာ ဆွေးနွေးချင်ပါတယ်။
တစ်ခုက တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်
နောက်တစ်ခုက သေချင်တဲ့ကျား တောပြောင်း

ပြောင်းရွှေ့ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း သဘောနဲ့ပတ်သက်ပြီးမြင်တဲ့ အမြင်နှစ်မျိုးလို့ အကြမ်းဖျဉ်းဆိုနိုင်ပါတယ်။ ဒီအဆိုနှစ်မျိုးစလုံးဟာ သူ့နည်းသူ့ဟန်နဲ့သူ မှန်ကန်နေတဲ့အတွက် ကျနော်တို့မြန်မာစာပေလောက၊ မြန်မာစကားလောကမှာ ယနေ့ထက်တိုင် ရေးသား သုံးနှုံးပြောဆိုနေကြဆဲပါ။ အခုလို တိုင်းပြည်ဗရုတ်ဗယက်ဖြစ်နေတဲ့အတွက် ကောင်းနိုးရာရာနိုင်ငံ၊ ဒေသတွေကို ရွေးချယ်ပြီး ပြောင်းရွှေ့နေထိုင်နေကြတဲ့ခေတ်ကာလကြီးမှာ ဒီစကားပုံတွေကို ပိုလို့တောင် စကားအရ အသုံးများလာကြပါသေးတယ်။

ပြောင်းရွှေ့မှုကြောင့် အဆင်ပြေသွားတဲ့လူတွေ ရှိသလို၊ နဂိုအနေထက် ဆုတ်ယုတ်ပြီး နောက်ဆုံးအသက်ပါ ပေးဆပ်လိုက်ရတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အဆင်ပြေမှု/မပြေမှုတွေကို ကံကောင်းမှု/ကံဆိုးမှုလို့ ဝေါဟာရအရ ခေါ်ဆိုနိုင်တယ်ဆိုရင် ဟာရိုက်ဘီချာစတူးရဲ့ စကားဟာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကံကောင်းခြင်း/ကံဆိုးခြင်းတွေဟာ အချိန်ကာလ နေရာဒေသနဲ့ ပတ်သက်မှုရှိပါသလော

ဒီမေးခွန်းကို ဘာသာရေးစာပေရှုထောင့်ကဖြစ်စေ၊ လက်တွေ့လူလောကအဖြစ်အပျက်ကို သက်သေပြုပြီးဖြစ်စေ ဖြေဆိုနိုင်ပါတယ်။ သူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို စိတ်မလျှော့နဲ့၊ အားမငယ်နဲ့။ အချိန်တန်ရင် သို့မဟုတ် တခြားနေရာရောက်ရင် ကြီးပွါးလိမ့်မယ် လို့ ပြန်ဆိုနိုင်ပါတယ်။ ဒါဖြင့်ရင် အချိန်ကာလဟာ ကြီးပွါးရေးအတွက် ဘယ်လောက်အရေးပါသလဲ။ နေရာဒေသဟာ တိုးတက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ။ ဒီမေးခွန်းတွေကို ရှေးဦးစွာစာပေ ရှုထောင်နဲ့ ကြည့်ရအောင်ပါ။

ကျနော်တို့ ငယ်စဉ်ဘ၀က စာသင်ကျောင်းမှာ သင်အံကျက်မှတ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ အားလုံးရကြ၊ သိကြမယ်လို့ မျှော်လင့်ပါတယ်။ ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသားသည် စတဲ့ ကဗျာလေးပါ။ မိဘတွေက ကုဋေရှစ်ဆယ်လောက်ချမ်းသာတဲ့ ပုဏ္ဏားမျိုးသူဌေးတွေ။ တစ်ဦးတည်းသောသားလေးမို့ မျက်စိအောက်က အပျောက်မခံနိုင်အောင်ချစ်ရှာလွန်းလို့ ဘယ်မှမသွားခိုင်းဘူး။ ဘယ်တော့မှ မဆင်းရဲနိုင်ဘူးလို့တွေးပြီးတော့လဲ ပင်ပန်းမှာစိုးလို့ဆိုပြီး ပညာမသင်ခိုင်းဘူး။ မိဘနှစ်ပါးကွယ်လွန်တဲ့အခါကျတော့ သူဌေးသားဟာ သောက်စားမူးရစ်ပျော်ပါးရင်း ဥစ္စာပစ္စည်းထိမ်းသိမ်းနည်းပညာမတတ်တဲ့အတွက် ရှိသမျှ အကုန်ပြောင်ပြီး မကြာမီပဲ ခွက်လက်ဆွဲ တောင်းစားရတဲ့ သူတောင်းစားဘ၀ရောက်သွားရရှာတယ်။

အခါတစ်ပါး နေ့လည်စာသုံးဆောင်ပြီးတဲ့ကိုရင်လေးတွေဆီမှာ စားကြွင်းစားကျန်တောင်းနေရရှာတဲ့ သူဌေးသားသူတောင်းစားကို ဘုရားမြတ်စွာက မြင်လို့ပြုံးတော်မူတယ်။ အရှင်အာနန္ဒာက ဘုရားရှင်ဘာကြောင့်ပြုံးသလဲ မေးလျှောက်တော့ ဘုရားမြတ်စွာက အောက်ပါအတိုင်းဖြေတော်မူတယ်။

ချစ်သားအာနန္ဒာ၊ ဟိုးမှာတောင်းစားနေတဲ့ သူတောင်းစားအိုကြီးဟာ ပထမအရွယ်တုန်းက ပစ္စည်းဥစ္စာကို မဖြုန်းတီးပဲ စီးပွါးရေးလုပ်ခဲ့မယ်ဆိုရင် ဒီဗာရာဏသီမြို့မှာတင် ပထမတန်းစားသူဌေးကြီးဖြစ်နိုင်တယ်။ အဲဒီအရွယ်မှာ ရဟန်းပြုခဲ့မယ်ဆိုရင်လဲ ရဟန္တာဖြစ်မှာပဲ။ ဒုတိယအရွယ်၊ တတိယအရွယ်တွေမှာ စီးပွါးရေးလုပ်မယ်ဆိုရင်လဲ ဒုတိယတန်းစား၊ တတိယတန်းစားသူဌေးလောက်တော့ဖြစ်မှာပဲ။ ရဟန်းပြုခဲ့ရင်လဲ အနာဂါမ်၊ သကဒါဂါမ်လောက်တော့ ဖြစ်ဖို့ရှိတယ်။ အခုတော့ ဥစ္စာလဲပြုန်း၊ တရားလဲရှုံးနဲ့ ရေမရှိတဲ့ အင်းထဲမှာ ငါးရှာနေတဲ့ ကြိုးကြာငှက်အိုကြီးလို ဖြစ်နေရှာပြီ။

အထက်ပါ ဘုရားရှင်ရဲ့စကားတော်တွေဟာ လူတစ်ယောက်မှာ ကြီးပွါးနိုင်တဲ့အခွင့်အလမ်းဆိုတာ အချိန်ကာလနဲ့ လုံးဝသက်ဆိုင်နေတယ်ဆိုတာကို တိုက်ရိုက်အားဖြင့် ပြနေပါတယ်။ အချိန်မနှောင်းစေဖို့ သိပ်အရေးကြီးကြောင်း သတိပေးနေပါတယ်။ အချို့သစ်ပင်တွေဟာ ရာသီဆိုတဲ့အချိန်ကို အမှီပြုပြီး သီးကြပွင့်ကြသလို ကျနော်တို့လူသားတွေရဲ့ ကောင်းကံဆိုးကံတွေဟာလဲ အချိန်ကာလအားလျှော်စွာ အကျိုးပေးတတ်ကြောင်း စာပေတွေမှာ နေရာများစွာတွေ့နိုင်ပါတယ်။

နေရာဒေသဟာလဲ လူတစ်ယောက်ကြီးပွါးရေးမှာ အင်မတန်အရေးကြီးပါတယ်။ နေရာမှန်မှာ နေခွင့်ရဖို့အင်မတန်လိုအပ်ပါတယ်။ ကြီးပွါးနိုင်ပါလျှက်နဲ့ နေရာမှန်မရောက်လို မကြီးပွါးရရှာတဲ့လူတွေ အများကြီးပါ။ အဲဒီအတွက် ကာယကံရှင်ကိုယ်တိုင်က လုံးလစိုက်ထုတ်ဖို့တော့ လိုပါတယ်။ အဲဒီနေရာမျိုးကို မရောက်ရောက်အောင်သွားနိုင်တဲ့လုံးလနဲ့ ဉာဏ်စွမ်းရှိဖို့အရေးကြီးပါတယ်။

ကံကိုချည်းသက်သက်ပုံအပ်ထားပြီး ဘာမှအားထုတ်မှုရှိရင်လဲ ရသင့်ရထိုက်တဲ့အခွင့်အလမ်းတွေဟာ ဆုံးရှုံးသွားရတတ်ပါတယ်။ ဒါကြောင့်ရှေးပညာရှိ၊ နီတိဆရာကြီးတွေက--

သီဟမည်ခေါ်၊ ခြင်္သေ့သော်လည်း၊
အိပ်ပျော်၍သာ၊ နေတုံပါမူ၊
ဘယ်မှာစားဘွယ်၊ ခံတွင်းလယ်သို့၊
သားငယ်သမင်၊ လာ၍၀င်အံ့ ။
လို့စပ်ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မဃဒေ၀အလင်္ကာဆရာတော်ဘုရားကလဲ
ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊
ဟောပြသည်မှာ၊ အရင်းသာရှင့်။
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊
သုခပွါးရန်၊ ဤလူ့ထံ၌၊
ဉာဏ်ဝီရိယ၊ ပယောဂတည်း။
လို့ရေးသားစပ်ဆိုတော်မူခဲ့ပါသေးတယ်။

လက်တွေ့ဘ၀နဲ့ကြည့်မယ်ဆိုရင်လဲ နေရာဒေသပြောင်းရွှေ့မှုဟာ ကံကြမ္မာပြောင်းလဲမှုကို အထိုက်အလျှောက်ဖြစ်စေတယ်ဆိုတာတော့ လူတိုင်းနားလည်ကြမှာပါ။ အထူးသဖြင့် ကျနော်တို့လို နိုင်ငံရပ်ခြားရောက်နေကြတဲ့လူတွေက ဒီသဘောကို ပိုမိုသိခွင့်ရကြပါတယ်။ ကိုယ့်တိုင်းပြည်ထဲပဲနေပြီး ဘယ်မှမသွားဖူးမရောက်ဖူးရင်တော့ သူများတိုင်းပြည်တွေရဲ့ကြီးပွါးတိုးတက်နေပုံတွေကို တွေ့မြင်ခွင့်မရတဲ့အတွက် ကိုယ့်ကိုယ်ကိုဘယ်လိုကြီးပွါးအောင် လုပ်ရမယ်ဆိုတဲ့အသိကိုပေးတဲ့ မျက်လုံးဟာ ကန်းသွားနိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရောက်နေတိုင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်နေတိုင်း ကြီးပွါးပါသလား။ အဖြေကတော့ ရှင်းရှင်းလေးပါ။ မကြီးပွါးပါ လို့ပဲဖြေပါရစေ။ ကျနော်ပြောခဲ့တဲ့ ဉာဏ်နဲ့ဝီရိယဆိုတဲ့ အကူမပါရင်တော့ မကြီးပွါးပါဘူး။ ကျနော်မျက်စိနဲ့တွေ့နေမြင်နေရတဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေအကြောင်းတော့ မပြောတော့ပါဘူး။ ကျနော်ကိုယ်တိုင်တိုက်ရိုက်သိနေတဲ့ ကျနော့်အကိုနဲ့ ကျနော့်တူတွေအကြောင်းတော့ နည်းနည်းပါးပါးပြောချင်ပါတယ်။

ကျနော့်အကိုဟာ ရွာမှာနေတုန်းက သူ့လုပ်ငန်းနဲ့သူ အတော်အဆင်ပြေနေပါရက်နဲ့ ထိုင်းနိုင်ငံထွက်သွားခဲ့တယ်။ သူ့ဇနီးကို တစ်ပတ်လောက်ပဲပေါင်းပြီး ရွာမှာပဲပစ်ထားခဲ့တယ်။ ထိုင်းနိုင်ငံရောက်တော့ ငါးဖမ်းသင်္ဘောတစ်စီးမှာ အလုပ်ရတယ်။ အဲဒီမှာ သူအချိန်ဘယ်လောက်ကြာကြာလုပ်သလဲ ကျနော်လဲ မမှတ်မိဘူး။ အတော်ကြာကြာအဆက်ပြတ်သွားခဲ့တယ်။ ပြန်လဲမလာဘူး။ နောက်တော့ ကြားရတယ်။ သူလုပ်တဲ့ ငါးဖမ်းသင်္ဘောက မြန်မာ့ရေပိုင်နက်ထဲ ငါးဝင်ခိုးလို့ အစိုးရစစ်သင်္ဘောက လိုက်ဖမ်းတာမိသွားသတဲ့။ အကုန်လုံးဖမ်းပြီးထောင်ထဲထည့်ထားခံလိုက်ကြရတယ်။ နောက်ဆုံးထောင်ထဲမှာပဲ ဆုံးသွားရရှာတယ်။ သူ့လိုလူမျိုးအတွက်တော့ သေချင်တဲ့ကျား တောပြောင်းလို့ ပဲဆိုရမှာပါ။ ကိုယ့်နေရာမှာ ကိုယ်အဆင်ပြေနေပါရက်နဲ့ သူများဆီအထင်ကြီးသွားလုပ်တာ နောက်ဆုံး အသက်ပါပျောက်သွားရရှာတယ်။ ဒါလဲ ဉာဏ်နဲ့ဝီရိယချို့ယွင်းမှုကြောင့် ကံချို့ယွင်းသွားကြောင်း နားလည်နိုင်ပါတယ်။

နောက်တစ်အုပ်စုကတော့ ကျနော့်တူတွေနဲ့ ကျနော့်ယောက်ဖတွေ။ ရွာမှာနေရင် တစ်နေ့ ကိုယ့်လက်ဖက်ရည်ဖိုးတောင်ရအောင် ကောင်းကောင်းပိုက်ဆံမရှာနိုင်တဲ့ကောင်တွေ အခုမလေးရှားမှာ အလုပ်တွေဘာတွေရပြီး သူတို့အမေတွေ၊ ဇနီးတွေဆီ လစဉ်လိုလို ပိုက်ဆံပြန်ပို့နိုင်ကြတယ်။ အိမ်တွေဘာတွေလဲ ကောင်းသထက်ကောင်းအောင် ပြန်လည်တည်ဆောက်နိုင်ကြတယ်။ နေရာပြောင်းပြီးအလုပ်လုပ်တဲ့အတွက် အခွင့်အလမ်းတွေပိုရလာတဲ့သဘောကိုပြောတာပါ။ သူတို့အတွက်တော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံဟာ သင့်တော်တဲ့ အဆိုတစ်ခုပဲလို့ ဆိုရမှာပါ။ အခွင့်အလမ်းဟာ ဘယ်အချိန်ထိ သာနေဦးမလဲ။ ဉာဏ်၊ ၀ီရိယရဲ့နှိုးဆွမှုကြောင့် ကံကြမ္မာဟာ ဘယ်အချိန်ထိ ကောင်းကျိုးပေးနေဦးမလဲ ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

တစ်ခုသေချာတာကတော့ ဘယ်သူမဆို ကိုယ့်ကိုယ်ကို သုံးသပ်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။ လူတစ်ယောက် တစ်နေရာရောက်လို့ကြီးပွါးနေရင် ငါလဲ သူ့လိုကြီးပွါးအောင် အဲဒီနေရာသွားမယ် ဆိုပြီး မျက်ကန်းရုန်းထွက်လို့မဖြစ်ပါဘူး။ သူဘာကြောင့်ကြီးပွါးသလဲ။ သူ့မှာ ဘာအရည်အချင်းရှိသလဲ။ သူဘာကိုလုပ်သလဲ။ သူနဲ့ငါနဲ့ ကွာဟချက်ဘာရှိသလဲ စတဲ့ သုံးသပ်ချက်တွေကို လုပ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုသုံးသပ်လိုက်တဲ့အခါ သူ့မှာရှိတဲ့ မြင်သာတဲ့ အရည်အချင်းတွေ အားလုံးကိုယ့်မှာလဲ ရှိတယ်ဆိုရင်တောင် သူဟာ ကိုယ့်ထက်အရင်ရောက်နှင့်နေတဲ့အတွက် အချိန်ကာလရဲ့မျက်နှာသာပေးနေတာကို ခံနေရပြီဆိုတာကိုတော့ အမှန်အတိုင်းနားလည်ထားဖို့အရေးကြီးပါတယ်။ အဲလိုနားလည်ပြီးတဲ့အခါ သူ့ထက်ကိုယ်က နှစ်ဆလောက်ပိုကြိုးစားနိုင်မှ အချိန်ကာလတစ်ခုအပြီးမှာ ကိုယ်မျှော်လင့်ထားတဲ့ ကံကြမ္မာဖေးမမှုဆိုတာဖြစ်လာမှာ။ ဒါပေမဲ့ ဉာဏ်နဲ့ ၀ီရိယမရှိပဲ ကံကြမ္မာဟာ ဘယ်တော့မှ မျက်နှာသာမပေးဘူးဆိုတာကို မြဲမြဲမှတ်ထားဖို့ အရေးကြီးပါတယ်။

အထက်ပါ ဖြစ်စဉ်နှစ်ခုကို ကြည့်ရင် နေရာပြောင်းတာချင်းတူပေမဲ့ ဖြစ်စဉ်တစ်ခုက အနှုတ်ဖြစ်ပြီး၊ အခြားဖြစ်စဉ်တစ်ခုက အပေါင်းဖြစ်တယ်။ ဒါကြောင့် နေရာပြောင်းရုံနဲ့ ကံကောင်းခြင်းကို မဖြစ်စေဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် ကြီးပွါးနိုင်တဲ့အချိန်၊ ကြီးပွါးလောက်တဲ့နေရာမှာ ရောက်နေပေမဲ့ လုလ္လအစွမ်း၊ ဉာဏ်အစွမ်းကို အသုံးမပြုရင် ကံဟာ အကျိုးပေးခွင့်မသာနိုင်ဘူးလို့ဆိုလိုပါတယ်။ ဒါကြောင့် ကံအကျိုးပေးခွင့်သာရေးအတွက် သင့်တော်တဲ့အရွယ်မှာ ကောင်းမွန်တဲ့နေရာဒေသရောက်နေပေမဲ့ ဉာဏ်နဲ့ဝီရိယကို အသုံးပြုဖို့အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

1 comment:

ရွှေပြည်သူ (ShwePyiThu) said...

“လူတစ်ယောက်မှာ ကြီးပွါးနိုင်တဲ့အခွင့်အလမ်းဆိုတာ အချိန်ကာလနဲ့ လုံးဝသက်ဆိုင်နေတယ်” တကယ်ကို မှန်ကန် တန်ဖိုးရှိတဲ့အကြောင်းအရာကို ဘာသာရေးရှုထောင့်ဘက်ကပါ ဆွေးနွေးသုံးသပ်ပေးသွားလို့ ဖတ်ရတာ ကျေးဇူးတင်မိပါတယ် ကိုမင်းထက်။ ဟုတ်ပါတယ်။ နေရာဒေသ ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ အဓိက ကတော့ ကိုယ့်ရဲ့ဥာဏ်နဲ့ဝိရိယကသာ စကားပြောတာပါ။ ဒါကြောင့် “ကံအကျိုးပေးခွင့်သာရေးအတွက် သင့်တော်တဲ့အရွယ်မှာ ကောင်းမွန်တဲ့နေရာဒေသ ရောက်နေပေမဲ့ ဉာဏ်နဲ့ဝီရိယကို အသုံးပြုဖို့အရေးကြီးကြောင်း”ကို သေချာ မှတ်သားသွားပါတယ်...