“မခေါ်ပဲရောက်လာ၊ မမြင်ပဲ ခင်ခဲ့၊ အွန်လိုင်းဆိုတဲ့ Chat အတွင်းက ရုပ်လဲမမြင်၊ အသံလဲမကြား၊ လေလှိုင်းကြားမှ သူငယ်ချင်း ခင်မင်မှုဆိုတာ ရိုးသားပွင့်လင်းမှသာလျှင် ရေရှည်တည်တန့်နိုင်ပါ၏”
လို့ G-talk မှာ ကြေညာထားသူလေးကတော့ ညီမလေး မြတ်သီရိပါ။ ဒီပို့စ်လေးကို ညီမလေးရဲ့ ကြေညာနဲ့ပဲ စလိုက်ပါပြီဗျာ။ အင်း---ညီမလေးရဲ့ ကြေညာစာတမ်းကို ဖတ်မိတော့ သူတစ်ခါတုန်းက မေးဖူးတဲ့ စကားတစ်ခွန်း ပြေးသတိရမိတယ်။ “အကိုကြီး (အမယ် သူက ကျနော့်ကို အကိုကြီးတဲ့၊ အသက်က မတိမ်းမယိမ်းကို၊ အကိုဆို တော်ရော့ပေါ့)၊ ညီမလေးကို ဗေဒင်တွက်ပေးပါဦး” တဲ့။ ဟိုက်ရှားပါး။ ကျနော့်ကို ဗေဒင်ဆရာများမှတ်နေလား သိဘူးဗျို့။ ဒါပေမဲ့ ကျနော်ကလဲ ဟိုစပ်စပ် ဒီစပ်စပ်ကောင်ဆိုတော့ (
ဘဲကြီး ပို့စ်ကို ဖတ်ပါလေ) မဟာဘုတ်တို့၊ တားရော့တို့လောက်တော့ ဖြစ်သေးသဗျာ။ ဒါနဲ့ မေးလိုက်မိတယ်၊ ဘာကိစ္စအတွက် တွက်ပေးရမှာလဲ ညီမလေးရ-လို့။ “ဟို--ညီမလေးအခု ချစ်သူနဲ့ အိမ်ထောင်ကျကိန်းရှိလား” တဲ့။ ဗျာ---။ ခက်ဘူးလား။
“ဟ---နေစမ်းပါဦး၊ အခုချစ်သူက ဘယ်လိုပုံစံမျိုးနဲ့ ရထားတဲ့ ချစ်သူလဲ၊ ငယ်ချစ်လား? ဘာလား?” မေးတော့ ဘာပြောမှတ်လဲ? အွန်လိုင်းမှာတွေ့တာ-တဲ့။ ဂလု။ ခက်ရချည့်ဗျာ။ ဒါနဲ့ ကျနော်ကလဲ ဆက်ပြောလိုက်တယ်၊ “ဒါဆို ငါ့ညီမလေး ဗေဒင်မေးမနေနဲ့၊ လုံးဝမညားဘူး” လို့။ သူက လက်မလျှော့ဘူး။ ညားချင်တာကိုး။ (မိန်းကလေးများ ညားချင်ပီဆို ဇွတ်။) တွက်သာတွက်ပေးစမ်းပါ ကိုကြီးရာ တဲ့၊ ပူဆာသဗျား။ ကျနော်လဲ ပြေရာပြေကြောင်း သူ့မွေးသက္ကရာဇ်တွေ ဘာတွေမေးပြီး ခပ်တည်တည်နဲ့ ဟိုခြစ် ဒီခြစ် ခြစ်တွက်လိုက်တော့ အမယ်---ညားကိန်းမမြင်ဘူးဗျား။ ဒါနဲ့ ပြောရသေးတယ်။ ညီမလေးရေ့ ဗေဒင်အရတော့ ညားကိန်းမမြင်ပါဘူးကွယ်-လို့။ ဒါပေမဲ့ ညီမလေးရာ၊ စိတ်မလျှော့ပါနဲ့၊ ဆက်ကျိုးစားပါ-လို့ အားပေးလိုက်ရသေးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တွေ့တော့ ဘာပြောမှတ်လဲ? “အနားရှိလို့ကတော့ ကိုကြီးကို ထိုင်ကန်တော့တယ် သိလား” တဲ့။ ဟ---ဘာဖြစ်လို့တုန်း၊ အရင်းမရှိ၊ အဖျားမရှိ ကန်တော့ ချင်ရတာလဲ? ဆိုတော့ “ဟိုလူ---သူ့ကောင်မလေးနဲ့ လက်ထပ်သွားပြီ၊ ကိုကြီးပြောတာ မှန်လိုက်တာ” ဆိုပဲ။ ကျနော် ရမ်းတုတ်လိုက်တာ မှန်သွားတယ်။ အဲဒီလိုနဲ့ သူလဲ အွန်လိုင်းပေါ်မှာ ခဏခဏအညာခံရတော့ သူ့ရင်ထဲက ခံစားချက်လေးကို သူများသိစေချင်လို့ထင်ပါရဲ့၊ အထက်ပါအတိုင်း သူ့G-talk ထဲ ကြေညာထားလေရဲ့ဗျား။
နောက်တစ်ယောက်လာပြီ။ သူကလဲ သီရိနဲ့ အတူတူနေတာ။ သူ့နာမည်လေးက မင်းထက်ငယ်-တဲ့။ ကျနော့်ညီမလေးပါပဲ။ ကျနော်က မင်းထက်ကြီးဆိုတော့ သူက မင်းထက်ငယ်ပေါ့။ သူ့ကို သူ့သူငယ်ချင်းတွေရော၊ သူ့မိသားစုဝင်တွေရော အားလုံးက ချစ်စနိုးနဲ့ ငယ်လေး ငယ်လေး-လို့ပဲ ခေါ်ကြတာ။ ကျနော်နဲ့တွေ့မှ မင်းထက်ငယ်ဖြစ်သွားတာ။ ဟုတ်တယ်လေ။ ငယ်ဆိုတဲ့ ကောင်မလေးက မင်းထက်နဲ့ တွေ့တော့ မင်းထက်ငယ် ဖြစ်သွားတာပေါ့။ မဆန်းပါဘူး နော်။ ဒါပေမဲ့ နာမည်ကသာ ငယ် တာ။ သူ့ကိုယ်လုံးကတော့ဖြင့် ကျနော့် နှစ်ကိုယ်စာလောက်ကြီး ရှိသဗျား။ အိပ်လိုက်ရင်လဲ တုံးကနဲ၊ စားလိုက်ရင်လဲ ၀ုန်းကနဲ ဆိုသလို စားလို့ဝင် အိပ်လို့ပျော်တတ်တဲ့အပြင် တဟီးဟီးတဟားဟားနဲ့ အမြဲပျော်ပျော်နေတတ်တဲ့ အကျင့်ကလဲ ရှိသေးတယ်။ မ၀ပဲ ခံနိုင်ရိုးလား။ စိတ်ချမ်းသာအောင် သိပ်နေတတ်တဲ့ ညီမလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ အထင်မသေးနဲ့၊ သူလဲ အချစ်နဲ့ပတ်သက်လို့တော့ ခံစားချက်ပြင်းသဗျာ့။ သူရေးထားတာလေးလဲ ကြည့်ဦး။
“ချစ်သူတို့၏ အခန်းနားဆုံးသောအရာသည် မြတ်နိုးဂုဏ်ယူဘွယ်ကောင်းသော သစ္စာသာလျှင်ဖြစ်သည်” တဲ့။
မကောင်းဘူးလား၊ သူ့ရင်ထဲက စကားလား၊ သူများဆီက ရထားတာလားတော့ ကျနော်လဲ မပြောတတ်ဘူး။ သေချာတာကတော့ အချစ်နဲ့ ပတ်သက်ပြီး တန်ဖိုးထားတတ်တာ အမှန်ပဲ။ သူ့ချစ်သူက သူနဲ့ ကျောင်းနေဖက်။ အခုဆို ချစ်လာကြတာ ကျနော်သိရသလောက် ခြောက်နှစ်ကျော်ကျော်လောက်တောင် ရှိပြီ။ အမြဲပြောတယ်၊ သူမှ သူဆိုပဲ။ အဲဒီလို သူ့ရင်ထဲမှာ အချစ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ခံယူချက်လေးရှိနေတာကြောင့် အထက်ပါ စာတမ်းလေးကို သူ့ G-talk မှာ ဘယ်တော့မှ မဖြုတ်ပဲ အမြဲလိုလို တင်ထားတတ်တယ်။ ကျနော်လဲ အဲဒီစာမြင်တိုင်း ၀တုတ်တုတ်ကောင်မလေး တစ်ယောက်နဲ့ ပိန်ပိန်သွယ်သွယ်ကောင်လေးတစ်ယောက် မန္တလေးက မဟာမြတ်မုနိစောင်းတမ်းမှာ လက်တွဲလမ်းလျှောက်နေတာကို မနောမျက်လုံးထဲ မြင်ယောင်လာမိသေးချေတော့ဗျား။ ဘာလို့လဲ ဆိုတော့ သူ့ကောင်လေးက မန္တလေးက။ ဒါကြောင့် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ သူ့မြို့ကနေ မန္တလေးကို ခဏခဏကူးချည် သန်းချည်လုပ်နေတာ။ မေးလိုက်တိုင်း ဘာပြောမှတ်လဲ? အဒေါ်နေမကောင်းလို့ ဆေးခန်းသွားပြတာ-တဲ့။ သူပြောပုံအရဆို သူ့အဒေါ် နာတာရှည်ရောဂါ ရနေတဲ့ ပုံပဲ။
နောက်တစ်ယောက်ကတော့ ညီမလေး ၀ါဝါ။ ည သန်းခေါင်သလွဲ မအိပ်မနေ အသက်ရှည်၊ ဟုတ်ပါဘူး၊ မှားလို့၊ ချက်တင်ထိုင်တဲ့ ကောင်မလေးပေါ့။ ဟေ့ ၀ါလေး မအိပ်သေးဘူးလားလို့ မေးလိုက်တိုင်း “ကိုကြီး ညီမလေး သူနဲ့စကားပြောနေတယ်၊ ပြီးရင် အိပ်တော့မယ်” လို့ ပြန်ဖြေလေ့ရှိတယ်။ သူ့ဘဲဘဲကလဲ သူနဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့ တခြားနိုင်ငံမှာ သွားနေနေရတဲ့ လူတစ်ယောက်။ ညီမလေး သီရိလိုပဲ၊ အွန်လိုင်းမှာ စွံတဲ့ အတွဲလေးပေါ့ဗျား။ ဒါပေမဲ့ ညီမလေး သီရိအတွက်တော့ ကံကုန်ပြီထင့်။ သူမှန်းထားတဲ့ ပစ္စည်းလေး သူများလက်ထဲပါသွားလို့ အပျိုကြီးပဲ လုပ်တော့မယ်ဆိုပဲ။ အားလျော့တတ်ရန်ကော ညီမလေးရယ်။ ဒါပေမဲ့ ၀ါလေးတော့ အခုထိ ဆက်နေတုန်းပဲဗျို့။ ကျနော်လဲ တွေ့တိုင်း အားပေးနေရတယ်။ ၀ါလေး အိုကေလား-လို့။ အိုကေတယ် ကိုကြီး-ဆိုမှ ကျနော်လဲ လုပ်စရာရှိတာ ဆက်လုပ်ရသကိုးဗျာ့။ မဟုတ်ရင် သိပ်နားပူနားဆာနိုင်တဲ့ အမျိုးလေးတွေ မို့လား။ သူ့အခြေအနေက သူ့အမ သီရိနဲ့ မတူပဲ အိုကေ စိုပြေနေပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ဝေးကွာနေရတဲ့အခါကျတော့ သူလဲ သူ့ခံစားချက်တွေ လူမြင်ကွင်း တင်ထားလေရဲ့။
“သံယောဇဉ်-တဲ့၊ စကားလေးက သုံးလုံးတည်းရယ်၊ ဘယ်လောက်ထူတဲ့ တံတိုင်းဖြစ်ဖြစ်၊ ဘယ်လောက်ဝေးတဲ့ မိုင်ဖြစ်ဖြစ်၊ သူရစ်ပတ်ချင်ရင် ရှင်သန်ခြင်းရဲ့ အခြားတစ်ဘက်အထိ ခိုင်မြဲလွန်းပါတယ်”သီချင်းစာသား ဘာလား? ကျနော်လဲ သိဘူးဗျို့။ တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာ ကြူရင်း အူရင်းနဲ့ ကြာတော့လဲ သူပြောသလို သံယောဇဉ်ဖြစ် ဆိုကိုးဗျာ့။ ဒေါ်မာမာအေးရဲ့ သံယောဇဉ် သီချင်းစာသားလေးနဲ့တော့ ခပ်ဆင်ဆင်တူသဗျား။ ဒါပေမဲ့ သူတို့အနေအထားက မခိုင်ဆိုတဲ့ သီချင်းထဲကလို မိုင်ပေါင်း--ကုဋေ ဖြစ်နေရှာသေးတယ်။ သူကတော့ သူ့အမအဖြစ်ကို ကြည့်ပြီး အခုထိ ကျနော့်ဆီမှာ ဗေဒင်မမေးရဲသေးဘူး။ သူမေးရင်လဲ ကျနော်ကတော့ ခပ်တည်တည်နဲ့ ရွှီးရဦးမှာပဲ။ တခြားကိစ္စအတွက်တော့ မကြာခဏမေးလေ့ရှိတယ်။ စာမေးပွဲ အောင်မှာလား၊ အလုပ်အကိုင် အဆင်ပြေမှာလား၊ စသည် စသည်။ အရင်တုန်းကပေါ့။ သူ့အမ မစွံတာကြည့်ပြီးနောက်ပိုင်း မေးတာ မတွေ့တော့ဘူး။ လွဲသွားမှာ စိုးလို့ထင်ပါရဲ့။ ကျနော်ကလဲ တစ်မျိုး။ “အားငယ်သူ အားပေးပါ” ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတော့ သူတို့အတွက်ဆို ကူညီဖို့ အဆင်သင့်။ သွားမပြောနဲ့နော်။ တော်ကြာ---ကိုကြီး တွက်ပေးဦး-လုပ်နေဦးမယ်။
(ဗေဒင်မေးခြင်း သည်းခံပါ)
ကိုင်း ဒီပို့စ်လေးတော့ ညီမလေး သုံးယောက်တို့ရဲ့ ရင်ဖွင့်သံနဲ့ပဲ ပြီးဆုံးသွားပါပြီ။ နောက်ပို့စ်တွေအတွက် ဆက်လက်မျှဝေဖို့ရှိပါသေးတယ်။ ခံစားကြဦးစို့၊ ဘယ်သူတွေ ဘာပြောသေးလဲ ကြည့်ကြရအောင်ဗျာ။
1 comment:
ဒို့အကြောင်းလည်း ပါဘူး။
Post a Comment