Sunday, September 6, 2009

အဲဒင်ဘရာတောလား (၆)

အဲဒင်ဘရာ၊ နန်းမြို့ရွာကား၊
သာယာဆန်းပြား၊ ဆောက်ဦးများနှင့်၊
စည်ကားဝါထည်၊ နတ်တို့နယ်သို့၊
အံ့ဖွယ်ဖြစ်ထူး၊ ပြဿာဒ်မှူးသည်၊
ဘီလူးခေါင်းသို့၊ ချွန်ချွန်တည်း။


အဲဒင်ဘရာရဲတိုက်

Borough Hotel ရှိ ညအိပ်မည့်အခန်းအတွင်း ပစ္စည်းများကို အတန်အသင့် သိမ်းဆည်းထားခဲ့ပြီး ကျနော်တို့လေးယောက်သား ကားတစ်စီးဖြင့် အဲဒင်ဘရာရဲတိုက်ရှိရာသို့ ဦးတည်မောင်းနှင်ခဲ့ကြသည်။ ရဲတိုက်သွားရာလမ်းကြောင်းကို ကားဆရာက ဂဂနနမသိသဖြင့် လမ်းဘေးက လူအတော်များများကို မေးခဲ့ရသေးသည်။ ဟွန်းတီးခံရသည်မှာလဲ ခဏခဏပင်။ တစ်လမ်းဝင် တစ်လမ်းထွက်မောင်းနှင်ရင်း၊ တွေ့တဲ့လူတွေကို မေးရင်းက နောက်ဆုံး ရဲတိုက်လမ်းပေါ်ရောက်ခဲ့သည်။ အဲဒင်ဘရာတွင် ပြဿနာတစ်ခုမှာ ခေတ္တခဏကားရပ်ထားစရာ နေရာဖြစ်သည်။ မြို့ခံကားများ၊ ဧည့်သည်ကားများဖြင့် ပြည့်နှက်နေသော မြို့တော် အဲဒင်ဘရာလမ်းကြောင်းများသည် ကျနော်တို့ကားလေး ထိုးရပ်ဖို့အတွက် နေရာတစ်ခုကို တော်တော်နှင့် မပေးခဲ့။ ကားရပ်ဖို့နေရာကိုပင် အတော်ကြာကြာရှာခဲ့ရသေးသည်။ နောက်ဆုံးရပြန်တော့လည်း ရဲတိုက်နှင့် အတော်လှမ်းကွာသော နေရာတွင် ခဲရာခက်ဆစ်ရခဲ့သည်။ အလကားရသည်ကား မဟုတ်သေး။ ရပ်နားခ ပိုက်ဆံပေးရသေးသည်။

မည်သို့ဆိုစေ၊ ကျနော်ရောက်ချင်ခဲ့သော နေရာသို့ ရောက်ခွင့်ရချေပြီ။ ယင်းအတွက် ကျနော့်ရင်ထဲမှာ ကြည်နူးပါသည်။ ကားပေါ်မှ ဆင်းလိုက်သည်။ ဆင်းဆင်းချင်း ကားရပ်နားရာ နေရာ၏ တစ်ဘက်တစ်ချက်ရှိ အဆောက်အဦးကြီးကို ကြည့်မိလိုက်သည်။ လွန်စွာကြီးမားသော ကျောက်တုံးကျောက်သားများဖြင့် တည်ဆောက်ထားပုံကို အတိုင်းသားမြင်ရသည်။ ကျနော့်လက်က အသင့်ပါလာသော ကင်မရာလေးကို ကိုင်မိလျှက်သားဖြစ်သွားသည်။ ဓာတ်ပုံရိုက်ယူလိုက်သည်။ ယင်းပတ်ဝန်းကျင်ရှိ အဆောက်အဦးအများစုသည် ကျောက်တုံးကျောက်သားများကို ခွဲခြမ်းစိပ်ဖြာ၍ ဆောက်ထားဟန်ချည်း ဖြစ်သည်။ အုဌ်ခဲဖြင့် ဆောက်ထားသော အဆောက်အဦးများမှာ နှောင်းခေတ် လူနေအိမ်များသာတည်း။ ရှေးအဆောက်အဦးမှန်သမျှကို ကျောက်တုံးများကို အုဌ်ခဲစီသလို စီပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ အင်္ဂလန်တွင်ပင် ယင်းသို့သော အဆောက်အဦးမျိုး အလွန်တွေ့ရခဲသည်။

ရဲတိုက်ပေါ်သို့ မရောက်ခင် လမ်းတွင်တွေ့သမျှ ဓာတ်ပုံရိုက်သည်။ ကိုယ့်ကိုယ်ကိုလဲ ရိုက်သည်။ သူများကိုလဲ ရိုက်ပေးသည်။ အထူးသဖြင့် လှပသော မြင်ကွင်းများကို ပိုရိုက်ဖြစ်သည်။ ကျနော့်အတွက် နောက်တစ်ခေါက် ဒီနေရာကို ပြန်ရောက်ဖို့ရာ မလွယ်ပါ။ ကျောင်းပြီးတဲ့အခါ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် ရောက်တဲ့အရပ်မှာ ဓာတ်ပုံမှတ်တမ်းများကို စုရိုက်ဖြစ်သည်။ ဓာတ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်နှင့် ညီမျှသည် မဟုတ်ပါလော။ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ရင်း ရဲတိုက်ဝသို့ ရောက်လာခဲ့ကြသည်။ ရဲတိုက်တွင်းသို့ ချက်ချင်း ၀င်ခွင့်မရ၊ လက်မှတ်ဝယ်ရသေးသည်။ ကံအားလျော်စွာ လူနည်းနေသောကြောင့် တန်းစီစရာမလိုပဲ လက်မှတ်ဝယ်ခွင့်ရသွားသည်။ ကားဆရာကိုနေလင်းကပြောပြသည်။ အရင်ခေါက်တုန်းက လက်မှတ်ဝယ်ဖို့ရေး အကြာကြီးတန်းစီခဲ့ရသည် ဟုဆိုသည်။ လက်မှတ်တစ်စောင် (၁၃)ပေါင်။

လက်မှတ်များ အသီးသီးဝယ်ပြီးသောအခါ ရဲတိုက်အတွင်း မ၀င်ခင် ရဲတိုက်ရင်ပြင်ကို ဖြတ်လျှောက်ရသေးသည်။ ယင်းရဲတိုက်ရင်ပြင်သည် (Edinburgh Military Tattoo) ခေါ် အဲဒင်ဘရာစစ်ရေးပြအခန်းအနား နှစ်စဉ်ကျဉ်းပရာ နေရာတစ်ခုဖြစ်သည်။ ကျနော်တို့ရောက်သွားချိန်သည် ယင်းအခန်းအနား ကျင်းပရာသီ ပြီးကာစ အချိန်ဖြစ်သည်။ ထို့ကြောင့် ဆင်ထားသောငြမ်းများကိုပင် မဖြုတ်ရသေး။ ရင်ပြင်ကို ဖြတ်ပြီးနောက် ရဲတိုက်ဂိတ်သို့အ၀င်တွင် လက်မှတ်ပြရသည်။ ရဲတိုက်ဝင်းအတွင်းရောက်သောအခါ ဂိတ်ဝရှိပြန်ကြားရေးတွင် နားကြပ်များကို တောင်းယူနိုင်သည်။ ယင်းနားကြပ်များကို တပ်ထားပါက ရဲတိုက်နှင့်ပတ်သက်၍ သိသင့်သိထိုက်သမျှကို ရှင်းပြပေးသော ကက်စက်အသံကို ကြားရမည်ဖြစ်သည်။ ကျနော်တို့ တစ်ယောက်မှ မယူကြ။ အသံကို နားထောင်နေလျှင် ရှုခင်းကို ခံစားနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။

ရဲတိုက်ပေါ်သို့ ရောက်ချေပြီ။ ရဲတိုက်ဝင်းအတွင်းရှိ အဆောက်အဦးများသည် အပြင်ပက အဆောက်အဦးများနှင့် မတူပဲ ကျောက်ကြမ်းများဖြင့် အလွန်ခိုင်ခပ်စွာ တည်ဆောက်ထားသည်။ ၁၂-ရာစုမှ ၂၁-ရာစုအတွင်း တည်ဆောက်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်တွင် ပုဂံခေတ်ကျန်စစ်သားမင်းလက်ထက် ကတည်းကဖြစ်ကြောင်း နှိုင်းယှဉ်နိုင်သည်။ ယင်းရဲတိုက်ကို အဲဒင်ဘရာမြို့၏ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် (Fortress) စစ်ခံတပ်အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မီးတောင်ကျောက်သားပေါ်တွင် တည်ဆောက်သည်ဟု သိရသည်။ အတည်မပြုနိုင်သော သမိုင်းကြောင်းအရ ယင်းဒေသတွင် ဘီစီ (၉) ရာစုကတည်းက လူနေကြောင်း မှတ်တမ်းပြုထားသည်။ ရဲတိုက်ပေါ်သို့ရောက်သောအခါ တကယ်ကောင်းသော မြင်ကွင်းသည် ရဲတိုက်ကြီးမဟုတ်တော့။ ရဲတိုက်သည် ရှေးဟောင်း အဆောက်အဦး အဟောင်းကြီး တစ်ခုမျှသာဖြစ်သည်။ အသို့ဆိုသော် အဘယ်ကြောင့် အဲဒင်ဘရာသည် ကမ္ဘာကျော်ခရီးသွားရာနေရာဖြစ်နေပါသနည်း? အမှန်အားဖြင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားရာသည် ရဲတိုက်မဟုတ်၊ ရဲတိုက်တောင်ကုန်းပေါ်မှ ကြည့်လျှင် မြင်ရသော အဲဒင်ဘရာမြို့အလှမြင်ကွင်းဖြစ်သည်။

ရဲတိုက်သည် အဲဒင်ဘရာအတွက်သာမက၊ စကော့တလန်အတွက်ပါ အရေးကြီးသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်ကား ငြင်းစရာမရှိ။ ယင်းနေရာမှနေ၍ အင်္ဂလိပ်စစ်အင်အားကို ခုခံကာကွယ်ခဲ့ကြသည်။ ထို့ကြောင့်ရဲတိုက်သည် စကော့သူရဲကောင်းများကို မွေးထုတ်ပေးရာ နေရာတစ်ခုလည်း ဖြစ်နေပြန်သည်။ သို့သော် ယနေ့ခေတ် ကမ္ဘာလှည့်ခရီးသွားများအတွက်မှာမူ ရဲတိုက်၏ ရာဇ၀င်သည် အဓိကမဟုတ်တော့။ ရာဇ၀င်ကို သိချင်ပါက ရဲတိုက်သို့သွားစရာမလို။ အင်တာနက်ပေါ်တွင် အလွယ်တကူ ဖတ်ရှုနိုင်သည်။ သို့သော် ရဲတိုက်သို့လာခြင်းသည် အဲဒင်ဘရာ၏ အလှကို အပေါ်စီးမှ မြင်လို ကြည့်လိုသောကြောင့်သာဖြစ်သည်။ အဲဒင်ဘရာသည် သို့ကလောက်လှပသော မြို့ပါတည်း။

ရဲတိုက်တောင်ကုန်းပေါ်တွင် ကျနော်တို့ကဲ့သို့ လာလည်သူ ဧည့်သည်ပေါင်းမှာ လူပါးသောရာသီတွင်ပင် နှစ်ရာသုံးရာခန့်ရှိကြောင်းတွေ့ရသည်။ တောင်ကုန်း၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်တို့မှနေ၍ ဘယ်ဖက်ကပင်ကြည့်ကြည့်၊ ကြည့်လိုက်သောအခါ အဲဒင်ဘရာသည် တစ်မျိုးစီတစ်မျိုးစီ အလှပိုလျှက်ရှိသည်။ တောင်ကုန်းပေါ်တွင် ခပ်သော့သော့ တိုက်ခတ်လာသော လေညင်းလေးကို တဖြေးဖြေးရှူရှိုင်ရင်း ကြည့်ရှုရသော အဲဒင်ဘရာ၏ အလှသည် ရင်သပ်ရှုမောဘွယ်ကြီး အတိဖြစ်သည်။ ထည်ဝါသော တိုက်တာများ၊ ခန်းနားသော အဆောက်အဦးများ၊ လှပသော ပန်းခြံများနှင့် လမ်းပေါ်တွင် ဥဒဟိုလူးလားခေါက်တုံ့ သွားနေသော ကားရထားများကို ကွင်းကွင်းကွက်ကွင် မြင်နိုင်သည်။ အထူးသဖြင့် အဲဒင်ဘရာ၏ အလှသည် အဲဒင်ဘရာရှိ အဆောက်အဦးများပင်ဖြစ်သည်ဟု ကျနော်ဆိုချင်သည်။ ယင်းအတွက် အဲဒင်ဘရာသားများသည် ဂုဏ်ယူမည်ဆိုက ယူထိုက်လှကြောင်း ကျနော်မှတ်ချက်ပြုမိသည်။

"Old is Gold" ဟု ဆိုရိုးပြုခဲ့ကြသည်။ ယင်းအဆိုသည် အဲဒင်ဘရာအတွက် ကွက်တိမှန်ကြောင်း ရောက်ဖူးသောအခါ သိရသည်။ အဘယ့်ကြောင့်ဆိုသော် အဲဒင်ဘရာ၏ ဟောင်းမြင်းသော အဆောက်အဦးကြီးများသည် အဲဒင်ဘရာကို ရွှေခေတ်သို့ ရောက်စေသောကြောင့်တည်း။ ယင်းအဆောက်အဦးများကို ကြည့်ရှုခွင့်ရဖို့အရေး ကမ္ဘာအရပ်ရပ်မှ ဧည့်သည်မျိုးစုံတို့ ငွေကြေးအမြောက်အများ အကုန်အကျခံလျှက် အဲဒင်ဘရာသို့ လာရောက်လည်ပတ်နေကြသည်။ အဲဒင်ဘရာတွင် ရွှေတုံးကြီးများရှိသည်ဟုဆိုပါလျှင် ယင်းဟောင်းမြင်းသော အဆောက်အဦးကြီးများကို လက်ညှိုးထိုးရပေလိမ့်မည်။ ပုဂံဘုရားများကို ဖူးရသောအခါ ရှေးခေတ်ပုဂံသားတို့၏ ၀ီရိယနှင့် သဒ္ဓါတရားကို သိခွင့်ရသလို အဲဒင်ဘရာအဆောက်အဦးတို့ကလည်း ရှေးခေတ်စကော့လူမျိုးတို့၏ ၀ီရိယနှင့် ဉာဏ်ရည်ဉာဏ်သွေးကို ဖေါ်ညွှန်းလျှက်ရှိပေသတည်း။

1 comment:

သုခုမလေဒီ said...

မောင်လေးက အသေအချာကိုရေးထားတာပဲ။ အမတောင် စိတ်ကူးယဉ်မိတယ်။း)
ရောက်ဖို့ ကတော့ မဖြစ်နိုင်တော့လို့ လေ။
ဘယ်မှာလဲ ကိုယ့်ကိုကိုယ်ရိုက်တယ်ဆိုတဲ့ဓါတ်ပုံ မတင်ပါလား။