Saturday, September 5, 2009

အဲဒင်ဘရာတောလား (၃)

တစ်မြို့ထွက်/၀င်၊ ခရီးစဉ်ဝယ်၊
အမြင်ဆန်းဆန်း၊ ရှုခင်းတန်းနှင့်၊
တိုက်နန်းဆောက်အုံ၊ တံတားစုံတို့၊
နတ်ဘုံနယ်ထူး၊ ရှုမမူးသည်၊
ဘီလူးခေါင်းသို့၊ ဆန်းဆန်းတည်း။

စန္ဒားလန်းမှ နယူးကာဆယ်လ်သို့ သွားရာလမ်းပေါ်ဝယ် ရာထောင်ချီသော ကားများအနက် ကျနော်တို့ကားလဲ တစ်စီးအပါအ၀င်ဖြစ်သည်။ မြို့တစ်မြို့မှ အခြားတစ်မြို့သို့ သွားရာလမ်းကြောင်းပေါ်ရှိ မြင်ကွင်းမှန်သမျှသည် လွန်စွာမထူးခြားလှ။ မြင်နေကျမြင်ကွင်းများဖြစ်သော လယ်ကွင်းကျယ်များ၊ မျက်ခင်းစိမ်းစိမ်းများ၊ တိုက်တန်းလျားများနှင့် မိုးပျံတံတားကြီးများပင် ဖြစ်သည်။ သို့သော် နယူးကာဆယ်လ်မြို့တွင်းသို့ ၀င်သောအခါ မြင်ကွင်းများ ပြောင်းလဲသလာသလို ခံစားမိသည်။ စန္ဒားလန်းသည် သန့်ရှင်းသန့်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်သော မြို့ငယ်လေးတစ်မြို့ဖြစ်သလောက် နယူးကာဆယ်လ်သည် တိုက်တာအဆောက်အဦးနှင့် လူနေမှုထူထပ်ကာ မိုးပျံတံတားကြီးများလဲ ပိုမိုများပြားကြောင်း သတိထားမိသည်။

စန္ဒားလန်းနည်းတူ နယူးကာဆယ်လ်သည်လည်း မြစ်ကမ်းနဖူးပေါ်က မြို့တစ်မြို့သည်။ စန္ဒားလန်းက Wear မြစ်ဝပေါ်မှာတည်ရှိပြီး နယူးကာဆယ်လ်က Tyne မြစ်၏ မြောက်ဘက်ကမ်းပေါ်မှာ တည်ရှိသည်။ Tyne နှင့် Wear မြစ်နှစ်ခုသည် မြန်မာပြည်ရှိ မေခနှင့် မလိခကဲ့သို့ မြစ်မွှာမြစ်ပွါးများဖြစ်ကြသည်။ နယူးကာဆယ်လ်မြို့တွင်းသို့ Tyne မြစ်လက်တက်လေးတစ်ခု စီးဝင်နေသောကြောင့် နယူးဆယ်ကို အရှည်အားဖြင့် “Newcastle upon Tyne” “တိုင်မြစ်ပေါ်က ရဲတိုက်ကြီး” ဟု ခေါ်ရိုးပြုခဲ့ကြသည်။ သို့သော်လဲ အခုခေတ်တွင် နယူးကာဆယ်လ်ဟုသာ အတိုကောက်အားဖြင့် ခေါ်ကြသည်။ လူဦးရေ သုံးသိန်းနီးပါးရှိပြီး စတုရမ်းမိုင်ပေါင်း ၄၃ ဒသမ ၆ မိုင် ၀န်းကျင်ရှိသည်။

Thames River ခေါ် သိမ်းမြစ်သည် လန်ဒန်မြို့ကြီးကို ဖြတ်သန်းစီးဆင်းနေသောကြောင့် ဟိုဘက်/ဒီဘက်ကမ်းကူးဖို့ ထိုးထားသော မိုးပျံတံတားပေါင်းများစွာတို့ဖြင့် လန်ဒန်မြို့ကြီး လှပနေသလို မြို့တွင်းသို့ စီးဝင်နေသော Tyne မြစ်ကို ဖြတ်ဆောက်ထားသော မိုးပျံတံတားများကြောင့် နယူးကာဆယ်လ်မြို့ကြီးလဲ လွန်စွာလှပလျှက်ရှိသည်။ ကျနော်တို့ကားဆရာကိုနေလင်းသည် ယင်းတံတားများရှိရာသို့ ကျနော်တို့ကို ခေါ်ဆောင်လာခဲ့သည်။ သို့သော် ချက်ချင်းမရောက်နိုင်ခဲ့။ သူ့ကို လမ်းညွှန်ပေးတဲ့ တုံတုံခေါ် Navigator လေး၏ ယောင်နနနိုင်မှုကြောင့် သွားပြီးသားလမ်းကို သုံးခါလောက်ပတ်မောင်းရင်း ကားရပ်ဖို့ နေရာရှာခဲ့ရသေးသည်။

ပိုက်ဆံပေးစရာမလိုသော Car Parking မှာ ကားထိုးရပ်ပြီး တံတားကြီးများ တည်ဆောက်ထားရာ Tyne မြစ်ကမ်းနဘေးသို့ ကျနော်တို့လေးယောက် လမ်းလျှောက်ဆင်းခဲ့ကြသည်။ လမ်းမှာ ခရီးသွားလူရွယ်တစ်ယောက်နှင့် တွေ့ပြီး ကျနော်တို့သွားချင်တဲ့နေရာကို မေးရင်း သူနဲ့အတူ တံတားရှိရာသို့ သွားခဲ့ကြသည်။ ကျနော်တို့ သွားချင်တဲ့ တံတားမှာ Gateshead Millennium Bridge ခေါ် ကြိုးတံတားလေးဖြစ်သည်။

ခရစ်နှစ် (၂၀၀၀) ပြည့်တွင် တံတားကြီးကို Gatesheat အရပ်မှ တောင်ဘက်သို့ကူးဖို့ရာ တိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ်သည်။ အလျား (၁၂၆)၊ အနံ (၈) မီတာရှိပြီး လူနှင့် စက်ဘီးများကူးဖို့သက်သက်ဖြစ်သည်။ ရိုးရာပုံစံနှင့်ကွဲပြားကာ လခြမ်းသဏ္ဌာန် ကွေ့ဝိုက်ပြီး တည်ဆောက်ထားသည်။ ကောင်မချောချောလေးတစ်ယောက် မျက်စပ်ပစ်ပြဟန်ပုံပေါက်နေသဖြင့် ယင်းတံတားလေးကို 'Winking Eye Bridge' “မျက်စပ်ပစ်တံတား” ဟုလဲ တင်စားခေါ်ဝေါ်ကြောင်း မှတ်သားခဲ့ရသည်။ ကုန်ကျငွေ စတာလင်ပေါင် (၂၂) သန်းရှိရှိပြီး ၂၀၀၁-ခု၊ စက်တင်ဘာ၊ (၁၇) ရက်တွင် ဖွင့်လှစ်ကြောင်း သိရသည်။ “ဂိတ်ရှက်ထောင်ပြည့်နှစ်တံတား”လေးကို လိုအပ်ပါက ပုံပါအတိုင်း ခေါက်သိမ်းထားနိုင်သည်။ မျက်လုံးအဖွင့်/အပိတ်ကဲ့သို့ အဖွင့်အပိတ်လုပ်နိုင်သည်။ တံတားပုံစံဆန်းကျယ်မှု၊ ခိုင်ခံမှုနှင့် လိုအပ်သလို သိမ်းနိုင်ခေါက်နိုင်မှုစတဲ့ စက်မှုနည်းပညာတွေကြောင့် ဒီဇိုင်းနှင့် ဆောက်လုပ်ရေးအင်ဂျီနီယာများ ဆုချီးမြင့်ခြင်းခံကြရသည်။

နယူးကာဆယ်လ်သို့ အလည်ရောက်သူတိုင်း ဂိတ်ရှက်ကြိုးတံတားလေးက နွေးထွေးစွာ ကြိုဆိုလျှက်ရှိသည်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ နံနက် (၁၁)နာရီဝန်းကျင်ဖြစ်သည်။ တံတားလေးမှာ အလည်လာသူ ရွှေဧည့်သည်များ၊ နယ်ခံများနှင့် စည်ကားလျှက်ရှိသည်။ ဓာတ်ပုံရိုက်သူက ရိုက်၊ လေညင်းခံသူကခံ၊ တံတာပေါ်ထိုင်ကာ တိုင်မြစ်ဝှမ်းကို ငေးပြီး လွမ်းသူကလွမ်းနှင့် အလွမ်းဓာတ်ခံရှိသူအတွက် လွမ်းစရာကောင်းသလို အလွမ်းဓာတ်ခံမရှိသူအတွက် ပျော်စရာလဲဖြစ်သည်။ ကျနော်လဲ တံတားပေါ်မှာ ခေတ္တရပ်ကာ တစ်စုံတစ်ယောက်ကိုလွမ်းရင်း မြစ်ရေပြင်ကို ငေးကြည့်မိခဲ့ပါသေးသည်။

အလွမ်းသင့်ရာမှာ
အလွမ်းဆင့်ကာ လာသမို့
လွမ်းလို့လဲငေးမိတယ်
အလွမ်းစာလဲ ရေးမိ
တွေးကြည့်တော့ အလွမ်းသယ်
လွမ်းရတယ် ခင်ရယ်။

1 comment:

သုခုမလေဒီ said...

မောင်လေးခရီးစဉ်လေးကိုဖတ်ရတာနဲ့ အမတောင် ကြည်နူးနေမိတယ်။ ပျော်စရာကောင်းမယ်နော်။ မောင်လေး ရိုက်ထားတဲ့ဓါတ်ပုံတွေကြည့်ရတာနဲ့ ကို စိတ်ကူးထဲမှာရောက်နေသလိုပဲ။